← Chapters

လူပေါ်ကြော့ မိစ္ဆာမဟာမိတ်ပေါင်းစု

Vol. 42 Ch. 577

လူပေါ်ကြော့ မိစ္ဆာမဟာမိတ်ပေါင်းစု

Vol. 42 Ch. 577

အချိန်များ လျှပ်တပြက် ကုန်ဆုံးသွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ရက်ကျော် သွားခဲ့လေပြီ။ စတုတ္ထတောင်ထိပ် ဂိုဏ်းသားများမှာ နံပါတ်တစ်လူပေါ်ကြော့ဖြစ်သူ သူတို့၏ခေါင်းဆောင်လေးတစ်ယောက် ယခုတလော စိတ်‌နေစိတ်ထားပြောင်းလဲနေခဲ့ကြောင်း တဖြေးဖြေး သတိထားမိလာကြသည်။ ‌မထင်ထားစရာကောင်းသည်က သူသည် သည်ရက်ပိုင်း စတုတ္ထတောင်ထိပ်မှ ခြေတစ်ဖဝါးမှ မခွာခဲ့ခြင်းဖြစ်သည်။

သူသည် တစ်ချိန်လုံး တာအိုမှော်ကျင့်စဉ်နှင့်ပတ်သက်ပြီး ဉာဏ်အလင်းရှာလျှင်ရှာ၊ မဟုတ်လျှင် မြေအောက်ကမ္ဘာဂူတွင် အပြင်အားကိုယ်ကျင့်လျှင် ကျင့်နေတတ်သည်။ ၎င်းက အလွန်မူမမှန်သဖြင့် စတုတ္ထတောင်ထပ်ဂိုဏ်းသားများကို ရင်တထိတ်ထိတ် ဖြစ်နေစေတော့သည်။ ခဲယွင်ဟိုင်ပင် ယုံရခက်နေ၏။ ခဲကျုံစစ်ကို ထပ်တလဲလဲ စောင့်ကြည့်ပြီးနောက်တွင်မှ ‌အားရကျေနပ်နေသော အပြုံးတစ်ခု ခဲယွင်ဟိုင်၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းလာ‌တော့သည်။

မန်ဟိုသည် ကျင့်ကြံအားထုတ်ရာတွင် စိတ်ရောကိုယ်ပါ နစ်မြုပ်လျက်ရှိ၏။ သူကား အပြင်ကိစ္စအားလုံးကိုသာမက ကျန်တောင်ကောင်းကင်ဂြိုဟ်ကျင့်ကြံသူများ နိုးထလာသည်ကိုပင် ဂရုမစိုက်ပေ။

အပြင်အားကိုယ်ကျင့်ခြင်းက သူ့ကို တစ်ရက်ကုန်ဆုံးသွားတိုင်း များစွာ သန်မာလာစေသည်။ လောလောဆယ်တွင် သူသည် ပထမဝိညာဉ်ခန္ဓာအဆင့်သာ ဖြစ်သော်လည်း အပြင်အားကိုယ်ခွန်အားမှာတော့ ဒုတိယဝိညာဉ်ခန္ဓာနှင့် ညီမျှနေလေပြီ။

ထိုသို့တိုးတက်မှုမျိုးက သူ၏လမ်းကြောင်းမှာ မည်သည့်ဦးတည်ချက်တွင် ရှိနေကြောင်း မန်ဟို့အား သဘောပေါက်သွားစေသည်။

"ပထမဝိညာဉ်ခန္ဓာအဆင့်မှာရှိတဲ့ ငါ့အပြင်အားကိုယ်က သတ္တမဝိညာဉ်ခန္ဓာလောက် သန်မာသွားရင်တော့ ကျင့်ကြံအဆင့် မပြောင်းလဲရင်တောင်မှ အပြင်အားကိုယ်ကတော့ … စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ရောက်သွားလောက်တယ်" သူ၏ရင်ခုန်သံများ မြန်လာ၏။ ဤအခိုက်အတန့်တွင် သူသည် ဒုတိယပြင်ညီတွင် အပြင်အားကိုယ်ကျင့်ကြံခြင်းမှာ ကျင့်စဉ်ပညာရပ်များ တတ်မြောက်ခြင်းနည်းတူ အရေးပါကြောင်း အမှန်တကယ် ခံစားလိုက်ရလေပြီ။

၎င်းသည် သူတစ်ယောက်သာ ရယူနိုင်သော အံ့ဖွယ်အခွင့်အရေးကြီးတစ်ခု ဖြစ်၏။ အတိတ်မှာတုန်းက ယခုလို ကံကြမ္မာကောင်းမျိုးကို ဒုတိယပြင်ညီ၌ ရယူနိုင်ခဲ့သော ကျင့်ကြံသူဟူ၍ မရှိခဲ့ဖူးပေ။

မန်ဟိုက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး စူးရှတောက်ပသော အလင်းရောင်တစ်ခု သူ၏မျက်ဝန်းများတွင် ပေါ်လာတော့သည်။

ယခုတလော သူနှင့် ရှုချင်သည် တာအိုမှော်ကျင့်စဉ် (၃၀၀) နှင့်ပတ်သက်၍ ဉာဏ်အလင်းရှာဖွေရင်းနှင့်သာ အချိန်ကုန်ဆုံးနေခဲ့၏။ မှန်သည်၊ သူတို့နှစ်ယောက် အဓိကအာရုံစိုက်သော တာအိုကျင့်စဉ်အမျိုးအစားများမှာတော့ မတူပေ။ မန်ဟိုက တစ်ခုနှင့်ပတ်သက်ပြီး ဉာဏ်အလင်းမရလျှင် နောက်တစ်ခု ချက်ချင်း ပြောင်းမည်ဖြစ်သည်။

ဆယ်ရက်အတွင်း သူသည် သုံးရာလုံးကို ခြုံကြည့်လိုက်နိုင်၏။ အဆုံးသတ်တွင်တော့ သူ ပထမဦးစွာ အာရုံစိုက်ရန် ရွေးချယ်လိုက်သော ကျင့်စဉ်သုံးခုရှိသည်။ တစ်ခုက တောင်ဝါးမြိုမန္တန်၊ နောက်တစ်ခုက နတ်မိစ္ဆာအသွင်ပြောင်းခြင်းဖြစ်ပြီး နောက်ဆုံးတစ်ခုမှာတော့

ခဲကျုံစစ်၏ ဝိညာဉ်ခွဲဖြာမန္တန်ပင်။

"တောင်ဝါးမြိုမန္တန်က အတွင်းရော၊ အပြင်ရော ကျင့်ကြံရတဲ့ ကျင့်စဉ်တစ်ခုဆိုပေမဲ့ အဓိက,ကတော့ အပြင်အားကိုယ်ပဲ။ ဒီကျင့်စဉ်ကို အထွတ်အထိပ်အထိ ကျင့်ကြံပြီးရင် မသေနိုင်တဲ့လူသား ဖြစ်လာနိုင်ပြီ

"‌နတ်မိစ္ဆာအသွင်ပြောင်းခြင်းကတော့ နံပါတ် (၉၆) မှာ ရှိတယ် ..... ဒီကျင့်စဉ်က မိစ္ဆာဝိညာဉ်တစ်ခု လိုအပ်တဲ့ ကြောက်စရာမှော်ပညာတစ်ခုပဲ။ မိစ္ဆာဝိညာဉ်ကို ခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်စေလိုက်ရင် မိစ္ဆာအယောင်ဖန်ဆင်းနိုင်ပြီ။ အဆင့်က (၁၉) ဆင့်ရှိတယ်။ တစ်ဆင့်ဆီက မတူကွဲပြားတဲ့ မိစ္ဆာတစ်ကောင်ကို ဖန်ဆင်းပေးနိုင်တယ်

"ဝိညာဉ်ခွဲဖြာမန္တန်ကတော့ ... ထာဝရတာအိုပဲ" မန်ဟို၏မျက်လုံးများမှာ ထူးဆန်းသောအလင်းရောင်ဖြင့် လင်းလက်သွား၏။ ဤတာအိုမှော်ကျင့်စဉ်သုံးခုအနက် ဝိညာဉ်ခွဲဖြာမန္တန်မှာ အဆန်းကြယ်ဆုံးပင်။ ၎င်းက တကယ်တမ်း မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ တာအိုမှော်ကျင့်စဉ်သုံးထောင်အထဲမှ မဟုတ်ပေ။ ခဲယွင်ဟိုင် ကံတိုက်ဆိုင်ပြီး ရရှိခဲ့သော အရာဖြစ်၏။ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အသိအမြင်အရ ၎င်းအား အဖိုးထိုက်ရတနာတစ်ပါးအဖြစ် သတ်မှတ်ရနိုင်ကြောင်း သူ သိခဲ့သည်။ သို့ပင်ငြား သူ့အတွက် ကျင့်စဉ်အရ မကိုက်ညီသဖြင့် ခဲကျုံစစ်ကို ပေးခဲ့ခြင်းဖြစ်လေသည်။

ဝိညာဉ်ခွဲဖြာမန္တန်က မသေနိုင်သော ထာဝရဝိညာဉ်တစ်ခုကို ကျင့်ကြံရခြင်းဖြစ်ပေသည်။ ကောင်းကင်နှင့်မြေကြီး၏ ဘဝသံသရာလည်ခြင်းမှာ ထိုသို့သောဝိညာဉ်မျိုးကို မဖျက်စီးနိုင်ပေ။ သေသွားသည့်နောက်တွင်ပင် အချိန်အတိုင်းအတာတစ်ခုကြာလျှင် အပြင်အားကိုယ်မှာ ပြန်လည်မွေးဖွားလာမည်ဖြစ်သည်။

ဤပညာရပ်ကား..... ကောင်းကင်ဘုံကို အာခံဖီဆန်နေချေသည်။

မန်ဟိုသည် ဤအမျိုးမျိုးသော ကျင့်စဉ်များကို နားလည်လေလေ၊ မိစ္ဆာအင်မိုတယ်ဂိုဏ်း မည်မျှလက်‌ဖျားခါလောက်အောင် အံ့ဖွယ်ကောင်းသည်လဲ သဘောပေါက်လာလေလေ ဖြစ်သည်။ ကုန်လွန်သွားခဲ့သော ဆယ်ရက်အတောအတွင်း သူသည် အချိန်တချို့ပေး၍ မိစ္ဆာအင်မိုတယ်ဂိုဏ်းသားများ ကျင့်ကြံနေသည်ကို ‌ စောင့်ကြည့်လေ့လာခဲ့၏။ ထိုကာလအတွင်း အရုပ်အရှိန်အဝါတစ်ခုကိုလည်း သူ ခံစားရခဲ့သည်။

အမှန်တွင် သူသည် ပို၍ သေသေချာချာ စစ်ဆေးကြည့်ရှုကြည့်သောအခါ ကျင့်စဥ်အဆင့်တစ်ခုသို့‌ရောက်လျှင် အရုပ်ဆေးမင်ကြောင်များ လိုအပ်လာသော တာအိုမှော်ကျင့်စဉ်တချို့အား တွေ့လိုက်ရ၏။

ဤတွေ့ရှိမှုက လွန်ခဲ့သောနှစ်ပေါင်းများစွာက မန်ဟို၏ခန့်မှန်းချက်တချို့နှင့် ကိုက်ညီကြောင်း သက်သေပြသွားသည်။ အ‌နောက်ပိုင်းသဲကန္တာရ၏ အရုပ်ကမ္ဘာသစ်မိစ္ဆာများမှာ တစ်နည်းနည်းဖြင့် မိစ္ဆာအင်မိုတယ်ဂိုဏ်းမှ အစပြုခဲ့ပုံရ၏။

မိစ္ဆာအင်မိုတယ်ဂိုဏ်းအကြောင်း ပို၍သိလာသည်နှင့်အမျှ မန်ဟို၏ အံ့ဩတုန်လှုပ်မှုမှာ ဆက်လက်သာ ကြီးထွားလာတော့သည်။ သူသည် တောင်ဝါးမြိုမန္တန်နှင့် နတ်မိစ္ဆာအသွင်ပြောင်းခြင်းကျင့်ကြံရာတွင် အာရုံအပြည့်အဝစိုက်ထားသော်လည်း ပထမတစ်ခုကိုတော့ ပိုအဓိကထား,ထား၏။ နတ်မိစ္ဆာအသွင်ပြောင်းခြင်းနှင့်ပတ်သက်၍မူ ၎င်းနှင့် သူ၏ခု‌နစ်ထွေဝိညာဉ်ခန္ဓာပြောင်းလဲခြင်းအကြားရှိ တူညီမှုအနည်းငယ်အား သတိထားမိခဲ့သော်လည်း ဉာဏ်အလင်း နှံ့နှံ့စပ်စပ် ရအောင် မရည်ရွယ်ထားပေ။

ဝိညာဉ်ခွဲဖြာမန္တန်ကတော့ အံ့ဖွယ်ပညာရပ်တစ်ခုဖြစ်ပါသော်လည်း သူ့အနေဖြင့် ဉာဏ်အလင်းရနိုင်မည်လား မသေချာ။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွား၏။ မကြာမီ မန်ဟို ဒုတိယပြင်ညီတွင် ရှိနေခဲ့သည်မှာ တစ်လတိုင်ခဲ့လေပြီ။ ထိုအတောအတွင်း ရှုချင်ကား ကျင့်ကြံခြင်းဂူအပြင်သို့ မထွက်။ သူမသည် တာအိုမှော်ကျင့်စဉ်များအား ဉာဏ်အလင်းရအောင် စိတ်ရောကိုယ်ပါ နစ်မြှုပ်ထား၏။ နောက်ဆုံးတွင် မန်ဟိုသည် ဝိညာဉ်ခွဲဖြာမန္တန်နှင့် နတ်မိစ္ဆာအသွင်ပြောင်းခြင်းအပေါ် လုံးဝလက်လျှော့လိုက်ပြီး တောင်ဝါးမြိုမန္တန် ကျင့်ကြံရာတွင်သာ အာရုံအပြည့်အဝစိုက်ထားတော့သည်။

သူက မြေအောက်ကမ္ဘာဂူဆီလည်း သွားပြီး သူ၏အပြင်အားကိုယ်အား ဆက်လက်လေ့ကျင့်ပေးတတ်သည်။ ယခု သူသည် မြေအောက်ကမ္ဘာဂူထဲ၌ အသက်အရှိုက်သုံးဆယ်တိတိ နေနိုင်နေပြီဖြစ်၏။ သူ၏အပြင်အားကိုယ်ခွန်အားမှာလည်း အတော်လေး သိသာလာခဲ့သည်။

မန်ဟိုနှင့်အတူ အပြစ်ခံယူခဲ့သော အခြားလူပေါ်ကြော့များ စတုတ္ထတောင်ထိပ်ရှိ သူ့ထံ အလည်အပတ်လာကြသောအခါ ပြီးခဲ့သည့်လအတွင်း ဖြစ်ပွားခဲ့သော သူ၏ပြောင်းလဲမှုကြီးကြောင့် အံ့ဩကုန်ကြလေသည်။

"ဒဏ်ခတ်ခံရပြီးတဲ့နောက်ပိုင်း ငါ တစ်ခုတွေးမိတယ်" မန်ဟိုက ပြောသည်။ "ငါ့အပြင်အားကိုယ်သာ သန်မာသင့်သလောက်သန်မာရင် အဲ့ဒီပြစ်ဒဏ်ကြောင့် သိပ်နာရတော့မှာ မဟုတ်ဘူးလို့" အခြားလူပေါ်ကြော့များ၏မျက်နှာများအပေါ်ရှိ ထူးဆန်းသောအမူအရာများကို မြင်သောအခါ သူက ချောင်းဟန့်ပြီးနောက် ရိုးရိုးသားသား ဆက်ပြောလိုက်၏။ "ဒီလိုပါကွာ တစ်နေ့နေ့ကျရင် ကြာပွတ်စာ ငါးချက်မကဘဲ ခြောက်‌ချက် ဒါမှမဟုတ် ခြောက်ချက်ကျော်လောက် ခံရလိမ့်မယ်လို့ ခံစားနေရလို့ပါ။ အဲ့ဒီမတိုင် အပြင်အားကိုယ်ကို ကြိုမကျင့်ထားလို့ကတော့ ကြာပွတ်ဒဏ်နဲ့ အသက်ထွက်သွားလိမ့်မယ်" ဤစကားကို ကြားသော် လူပေါ်ကြော့များ တွေးကုန်ကြသည်။ သူတို့အတွက် မန်ဟို့စကားမှာ ယုတ္တိရှိသယောင်ပင်။

အတန်ကြာသော် မန်ဟိုက ရှုချင်ကို ခေါ်လိုက်၏။ သူတို့သည် တခြားလူပေါ်ကြော့များနှင့်အတူ ‌တစ်လအတွင်း ပထမဆုံးအကြိမ် စတုတ္ထတောင်ထိပ်မှ ထွက်လာကြလေသည်။ သူတို့ အပြင်၌ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဂျိန်းခနဲ အဖြူရောင်ကြာပွင့်ကြီး လေထဲတွင် ပေါ်လာတော့၏။

တောင်ထိပ်အသီးသီးရှိ ဂိုဏ်းသားများ ကြာပွင့်ကို မြင်သောအခါ အလန့်တကြား ခေါင်းငုံ့သွားကြသည်။ ပြီးခဲ့သည့်တစ်လလုံး ခြေငြိမ်နေခဲ့သော လူရမ်းကားများ နောက်တစ်ဖန် ခေါင်းထောင်လာတော့မည်ဖြစ်ကြောင်း သူတို့အားလုံး သိလိုက်လေသည်။

မန်ဟိုက လူအုပ်ကြီး၏ အရှေ့တွင် ရပ်ရင်း ချဉ်းကပ်လာ‌ကြသော မိတ်ဆွေအပေါင်းအသင်းမျိုးစုံနှင့် နှုတ်ဆက်စကား အပြန်အလှန်ပြောနေသည်။ လူတစ်ရာကျော် သူ့ကို ဝိုင်းသွားရန် သိပ်မကြာလိုက်ပေ။ သူတို့အားလုံး မိစ္ဆာအင်မိုတယ်ဂိုဏ်းတစ်လျှောက် ဝုန်းဒိုင်းကြဲ ပျံသွားကြစဉ် သူတို့၏စကားသံများ ၊ ရယ်သံများက လေနှင့်အတူ မျောလွင့်လာတော့သည်။ ရှုချင် မန်ဟိုနှင့်အတူ ရှိသည်ကို မြင်သောအခါ သူတို့သည် နားလည်သောအပြုံးများကို ဖလှယ်ပြီး သူမကို အထူးအရေးပေးဆက်ဆံကြလေသည်။

မကြာမီ အဖွဲ့သည် ‌မိစ္ဆာအင်မိုတယ်ဂိုဏ်း၊ သတ္တမတောင်ထိပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော တောင်ပုလေးတစ်လုံးနှင့် နီးကပ်လာ၏။ ဤတောင်မှာ ဂိုဏ်းအတွင်း၌ တရားမဝင် တားမြစ်နယ်မြေတစ်ခု ဖြစ်ပေသည်။

၎င်းကား တရားဝင်သတ်မှတ်ထားသော တားမြစ်နယ်မြေမဟုတ်။ ဂိုဏ်း‌လူပေါ်ကြော့များမှာ သူတို့၏ဌာနချုပ်အဖြစ် ထားရန် ဤနေရာကို လက်ဝါးကြီးအုပ် သိမ်းပိုက်သွားခဲ့၏။ ထို့နောက် ၎င်းမှာ မိစ္ဆာအင်မိုတယ်ဂိုဏ်းသားများအတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်လာခဲ့လေသည်။

တောင်ပုလေး၏ထိပ်တွင် တခမ်းတနား တန်ဆာဆင်ထားသော ဘုရားကျောင်းတစ်ကျောင်းရှိသည်။ မန်ဟိုက လူအုပ်ကြီးဖြင့် ပတ်ပတ်လည် ဝိုင်းရံလျက် ခေါင်ရှိ ထိုင်ခုံတွင် ထိုင်လိုက်သည်။ တချို့က သူတို့မျိုးနွယ်စု ဘိုးဘေးကြီးများ၏ ရာထူးအဆင့်အတန်းအတိုင်း နေရာယူလိုက်လေသည်။ မကြာမီ လူခုနစ်ဆယ်၊ ရှစ်ဆယ်ကျော်ခန့် ထိုင်နေကြလေပြီ။ သူတို့ကား ဂိုဏ်းအတွင်း အတင်းများတုပ်လိုက်၊ အပြင်ရှိ စိတ်ဝင်စားစရာအတွေ့အကြုံများကို ဖောက်သည်ချလိုက်နှင့် ရယ်မောရင်း စကားလက်ဆုံကျနေကြတော့သည်။

မန်ဟို၏ဘေးတွင် ရှက်ပြုံးပြုံးနေသော ဂိုဏ်းသူတစ်ယောက်ကို ဖက်လျက် ‌အနက်ရောင်တောင်ပံတစ်စုံဖြင့် ခပ်ချောချောလူငယ်တစ်ယောက်ရှိ၏။ "ကျုံစစ်" သူက ပြောသည်။ "ငါ့ညီက ငါတို့ မိစ္ဆာမဟာမိတ်‌ပေါင်းစုထဲ ဝင်ချင်နေတဲ့ အတွင်းစည်းဂိုဏ်းသား နည်းနည်းပါးပါး သိတယ်တဲ့။ အဲ့ဒါနဲ့ ငါလည်း ကြည့်ရအောင် ဒီနေ့ ခေါ်လာခိုင်းလိုက်တယ်။ ပြဿနာမရှိရင် သူတို့ကိုလည်း ဝင်ခွင့်ပြုလိုက်ကြတာပေါ့"

မန်ဟိုသည် မိစ္ဆာမဟာမိတ်အဖွဲ့နှင့် မရင်းနှီးဘဲ မနေပေ။ ခဲကျုံစစ်၏မှတ်ဉာဏ်များအရ ၎င်းမှာ လူပေါ်ကြော့များဖွဲ့စည်းသော မဟာမိတ်ပေါင်းစုဖြစ်၏။ ဝင်ရောက်လာသော အဖွဲ့ဝင်တိုင်း ကျန်လူပေါ်ကြော့များ၏ ကာကွယ်စောင့်ရှောက်ပေးခြင်း ခံရပေမည်။

မှန်သည်၊ ထိုသို့သော လုပ်ဆောင်ချက်မျိုးအား လူပေါ်ကြော့များမှ သီးသန့်ဆောင်ရွက်ပေးသည်ကို ထည့်တွက်လျှင် တန်ရာတန်ကြေးတစ်ခုတော့ ပေးရန် လိုအပ်၏။

မိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ ထိုကိစ္စကို မသိချင်ယောင်ဆောင်ထားပြီး ရုတ်ရုတ်ရုတ်ရုတ် မဖြစ်မချင်း လျစ်လျူရှုထားပေးမည်ဖြစ်သည်။ ဤမိစ္ဆာမဟာမိတ်ပေါင်းစု၏ အကြီးအကဲများမှာ ဂိုဏ်းအတွင်း၌ မွေးဖွားလာခဲ့သော လူပေါ်ကြော့များပင် မဟုတ်ပါလော။ သူတို့သည် ရမ်းကားတတ်သော်လည်း သစ္စာရှိမှုနှင့်ပတ်သက်လျှင် သာမန်ဂိုဏ်းသားများထက် များစွာ သာလွန်လေသည်။

မန်ဟိုက လူငယ်၏စကားကို ခေါင်းညိတ်လက်ခံလိုက်၏။ သူက ‌အရက်တစ်ခွက်မြှောက်ပြီး တစ်ကျိုက် မော့လိုက်သည်။ သူ့ဘေးတွင် လူအုပ်ကြီးကို စပ်စပ်စုစု ကြည့်နေသော ရှုချင် ထိုင်နေ၏။ သူမမှာ မန်ဟို ရရှိထားသော ဘဝကို မယုံနိုင်သေးသယောင်ပင်။

များမကြာမီ မိစ္ဆာမဟာမိတ်ပေါင်းစုအထဲ ဝင်ရောက်လိုသော ဂိုဏ်းသားများ ရောက်လာကြသည်။ သူတို့က တုန်တုန်ရီရီဖြင့် ဘုရားကျောင်းထဲ ဝင်လာကြပြီး သူတို့ပတ်ပတ်လည်ရှိ လူပေါ်ကြော့များကို စိတ်လှုပ်တရှား ကြည့်လိုက်ကြသည်။ သယ်လာ‌သည့် လက်ဆောင်များအား အလျင်အမြန် ဆက်သပြီးနောက်တွင် သူတို့က လူတိုင်းကို လက်ယှက်ပြီး အရိုအသေပေးလိုက်ကြ၏။

တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဝင်ရောက်လာသည်။ အတန်ကြာသော် မန်ဟိုသည် ယောက်ျားနှစ်ယောက် ၊ မိန်းမတစ်ယောက်ရှိသော ကျင့်ကြံသူသုံးယောက်အဖွဲ့ကို လှမ်းမြင်လိုက်၏။ သူတို့အားလုံးမှာ စိတ်လှုပ်ရှားနေပုံရသော်လည်း ဟန်ဆောင်နေခြင်းသာ ဖြစ်ကြောင် မန်ဟို ပြောနိုင်သည်။ သူတို့မျက်လုံးများ၏ အနက်ရှိုင်းဆုံးထဲတွင် သူတို့ကို ကြည့်နေသူတိုင်းအား စက်ဆုပ်ရွံရှာနေပုံရပြီး ထိုအခြင်းအရာကို မန်ဟို မြင်လိုက်ရ၏။

သူတို့ကို မြင်မြင်ချင်း မန်ဟိုက ထရယ်သည်။ ဤအခိုက်အတန့်တွင် ထိုသုံးယောက်မှာ လူပေါ်‌ကြော့များအကြား အာဏာအရှိဆုံးထိုင်ခုံတွင် ထိုင်နေသူမှာ မန်ဟိုအပြင် မဟုတ်ကြောင်း မြင်သွားလေသည်။

အတွင်းစည်းဂိုဏ်းသားသုံးယောက်မှာ သူ့ကို မြင်သောအခါ တဆတ်ဆတ် တုန်လာပြီး မယုံနိုင်ဖြစ်သွားတော့၏။

သူတို့ မန်ဟိုကို မှတ်မိသလို၊ မန်ဟိုကလည်း သူတို့၏ဝိညာဉ်အရှိန်အဝါများကို မှတ်မိလေသည်။

သုံးယောက်အဖွဲ့ရှိ အမျိုးသမီးမှာ ကျီရှောင်ရှောင်မှတစ်ပါး အခြားမဟုတ်။ နောက်တစ်ယောက်က မန်ဟို့အတွက် စိမ်းသော်လည်း ကျီမင်ဖုန်းနည်းတူ ခံစားချက်မျိုးရလိုက်သည်။ ဤလူမှာ ကျီမျိုးနွယ်ဝင်တစ်ဦးဖြစ်ကြောင်း မန်ဟို သေချာသွားသည်။

နောက်ဆုံးတစ်ယောက်ကို မြင်ရာတွင်တော့ မန်ဟို အတန်ငယ် အံ့ဩမိသွား၏... စုန့်ယွင်ရှု ….။

သူသည် တောင်ပိုင်းဒေသ ၊ စုန့်မျိုးနွယ်စု၏ တာအိုကလေးမှတစ်ပါး တခြားမဟုတ်ပေ။ စုန့်မျိုးနွယ်စု သမက်လောင်းရှာဖွေခဲ့စဉ်က မန်ဟိုသည် ပထမနေရာရခဲ့ပြီး တကယ်တမ်းဆိုရလျှင် စုန့်မျိုးနွယ်စု၏ ချစ်ရသောသမီးပျို စုန့်ကျား၏ ခင်ပွန်းဖြစ်လာခဲ့သင့်လေသည်။ သူသည် ထိုကိစ္စအကြောင်း ခေါင်းထဲ မထည့်ခဲ့သော်လည်း ယနေ့ ဤနေရာတွင် စုန့်ယွင်ရှုကို မြင်သောအခါ ထိုသူ ဘယ်သူလဲ မှတ်မိသွား၏။

"စိတ်ဝင်စားစရာပဲ" မန်ဟိုက မျက်လုံးများ အေးစက်စွာ တောက်ပနေလျက် ပြောသည်။ "မင်းတို့ သုံးယောက်နဲ့ ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ဘယ်သူထင်ထားမလဲ"

မန်ဟို့ဘေးတွင် ရှုချင်က သုံးယောက်အဖွဲ့ကို ကြည့်ကာ ပြုံးလိုက်၏။

ဤသုံးယောက်မှာလည်း မန်ဟိုနှင့် ဤနေရာတွင် ပက်ပင်းတိုးရလိမ့်မည်ဟု မည်သို့ထင်ထားခဲ့မည်နည်း။ သူတို့မှာ မျက်စိမျက်နှာ ပျက်သွားကြတော့၏။ မန်ဟို ယခုထိုင်နေသော နေရာတွင် ထိုင်နေခြင်းက မည်သည်ကို ဆိုလိုသလဲ သူတို့ ကောင်းကောင်း သိကြလေသည်။

သို့သော် သူတို့မှာ အံ့ဩလေလေ ၊ မယုံနိုင်လေလေ ဖြစ်နေ၏။ မန်ဟို့ပုံပန်းသွင်ပြင် မပြောင်းလဲသွားသည်ကိုလည်း သတိထားမိလိုက်သဖြင့် လုံးလုံးလျားလျား မှင်သက်သွားကြလေသည်။

"သူက ... သူက လက်ရွေးစင်တပည့်တစ်ဦးရဲ့ ဘဝကို ရခဲ့တာပဲ" ကျီရှောင်ရှောင်က မျက်လုံးဝိုင်းစက်ပြူးကျယ်နေလျက် တွေးလိုက်သည်။ "ခဲကျုံစစ်။ ခဲကျုံစစ်ကို .... လက်ခံခန္ဓာအနေနဲ့ ရဖို့ ဆိုတာ ... မဖြစ်နိုင်ဘူး။ လက်ရွေးစင်တပည့်တဲ့လား။ အဲ့ဒါ ဒဏ္ဍာရီတွေထဲမှာပဲ တည်ရှိတဲ့ လက်ခံခန္ဓာမျိုးလေ" သူမမှာ အသက်ရှူသံများ မြန်လာပြီး ဘာဆိုဘာမှ မစဉ်းစားနိုင်တော့ပေ။

သူမဘေးတွင် ကျီမျိုးနွယ်ဝင်နောက်တစ်ယောက်ရှိသည်။ သူသည် မန်ဟိုကို မသိသော်လည်း ထိုနေရာတွင် ထိုင်နေသူမှာ ဂိုဏ်း၏ ဒဏ္ဍာရီလာ နံပါတ်တစ် ဗိုလ်ကျကောင် ခဲကျုံစစ်ဖြစ်ကြောင်းကိုတော့ သိလေသည်။ မန်ဟိုမှာ သူ့နည်းတူ အပြင်လူတစ်ယောက်ဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် ရင်တဒိန်းဒိန်း ခုန်လာတော့၏။

ထိုအခြင်းအရာကပင် သူ့ကို အလွန်အမင်း အံ့ဩသွားစေရန် လုံလောက်နေလေပြီ။ သို့သော် ပို၍ပင် တုန်လှုပ်စရာကောင်းသည်မှာ ပြီးခဲ့သောလပိုင်းတုန်းက ပထမတောင်ထိပ်တွင် သီးသန့်ဂိုဏ်းသားတစ်ဦးအား ခဲကျုံစစ် သတ်ခဲ့သည်ကို ရုတ်တရက် သတိရလိုက်၏။

ချက်ချင်း သူသည် အပိုင်းအစများအား ဆက်စပ်စဉ်းစားကြည့်လိုက်တော့သည်...

"သူက ကျီမင်ဖုန်းကို သတ်ခဲ့တာပဲ" သူက စိတ်ထဲတွင် အော်ဟစ်လိုက်သည်။ "မကောင်းတော့ဘူး။ ငါသိတယ်ဆိုတာ သူသိရင် နှုတ်ပိတ်ဖို့ ငါ့ကို သတ်လိမ့်မယ်" ကျီမျိုးနွယ်ဝင်မှာ ဟန်မဆောင်နိုင်လောက်အောင် မျက်စိမျက်နှာပျက်နေ၏။ တကယ်တော့ သူသည် သူတကာထက်ပို၍ ကျီမင်ဖုန်းကို သေစေချင်ခဲ့သော်လည်း ဘယ်သူမှ ထိုအကြောင်း မသိကြပေ။

စုန့်ယွင်ရှုသည် ကျောက်ရုပ်ကြီးသဖွယ် ရပ်နေ၏။ မန်ဟို့ပုံပန်းသွင်ပြင်က ပြောင်းလဲမသွားသော်လည်း သူ့မှာ အမှန်ကို မြင်နေရသည်လားပင် သံသယဝင်လာတော့သည်။ သို့သော် မန်ဟိုက ရယ်လိုက်၏။ ထိုအပြူအမူက စုန့်ယွင်ရှုကို ထိုနှစ်တုန်းက သူ၏ယောက်ဖဖြစ်လာခဲ့သော မန်ဟို့ပုံရိပ်အား ပြန်မြင်ယောင်မိသွားစေသည်။

"လက်ရွေးစင်ပညာသင်... သူက တကယ် လက်ရွေးစင်ပညာသင်တစ်ယောက်ပဲ"

***

All Chapters