အဖေ...
Vol. 42 Ch. 578
တောင်ပံနက်တစ်စုံနှင့် လူငယ်က ယွီချင်းလောင်ဟု အမည်ရ၏။ သူသည် သုံးယောက်အဖွဲ့ကို တခဏ လေးလေးနက်နက် ကြည့်နေပြီးနောက် မန်ဟို့ဘက်လှည့်ကာ "ကျုံစစ် သူတို့ကို သိလို့လား"
ပတ်ဝန်းကျင်ရှိ လူပေါ်ကြော့များမှာ တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ထူးဆန်းသောမြင်ကွင်းကို လှမ်းကြည့်လာကြသည်။ သူတို့ကား စကားပြောမနေတော့ပေ။
ချက်ချင်းဆိုသလို ဘုရားကျောင်းတစ်ကျောင်းလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ တိတ်ဆိတ်မှုအတွင်းတွင် ကျီရှောင်ရှောင်နှင့် ကျန်ရှိသူများမှာ ပြင်းထန်သော ဖိအားကြီးအား ခံစားလိုက်ရသဖြင့် စိုးရိမ်ပူပန်စိတ်တို့ ဖြစ်ပေါ်လာတော့သည်။
"လူလိမ်" ကျီရှောင်ရှောင်က တွေးသည်။ "သူက လူလိမ်ပဲ ။ မဟုတ်ရင် ဘယ်လိုလုပ်ပြီး လက်ရွေးစင်ပညာသင်ဖြစ်လာနိုင်မှာလဲ။ ကျန်တဲ့သူတွေအနေနဲ့ ဘယ်လိုလုပ် ဒီနေရာမှာ အမွေအနှစ်တွေ ရှာနိုင်တော့မလဲ။ ဘယ်လိုလုပ် အသက်ရှုင်နိုင်တော့မလဲ" သူမမျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေပြီး နဖူးတစ်လျှောက် ချွေးများစီးကျလာ၏။ သူမမှာ ငိုတော့မည့်အလား နောက်ဆုတ်သွားလေသည်။ ပတ်ဝန်းကျင်ရှိ လူပေါ်ကြော့များ ကြည့်နေသော အကြည့်ကြောင့် သူမမှာ သေလူသဖွယ် ခံစားနေရပြီး ရင်ထဲရှိ အန္တရာယ်အာရုံမှ အထွတ်အထိပ်သို့ မြင်တက်လာခဲ့လေပြီ။
ကျီမျိုးနွယ်ဝင်အမျိုးသားမှာ လေပေါ် မြောက်တက်တော့မတတ် မာန်တက်နေခဲ့သော်လည်း လောလောဆယ်တွင်တော့ သူ့မာနများမှာ အစအနပင် ရှာမရတော့ပေ။ "မတရားဘူး" သူက တွေးသည်။ "ဘယ်လိုလုပ်ပြီး အဲ့ဒီလိုဘဝမျိုး ရသွားတာလဲ... ကျန်တဲ့သူတွေ ဘယ်လိုလုပ်ပြီး ကံကြမ္မာကောင်းတွေ ရရှိနိုင်တော့မလဲ။ သူစိတ်တိုလာလို့ စကားတစ်ခွန်း ပြောလိုက်တာနဲ့ ငါတို့အကုန် သေရလိမ့်မယ်။ ငါတို့ဝိညာဉ်တွေ ဒီနေရာမှာ သေသွားရင် အပြင်မှာလည်း တကယ်သေသွားမှာ"
"အေး ငါ သူတို့ကို သိတယ်" မန်ဟိုက ခပ်ပြုံးပြုံးဖြင့် ထရပ်ပြီး ပြောသည်။ "တံခါးတွေ ပိတ်လိုက်"
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဘုရားကျောင်း၏ ပင်မတံခါးချပ်များ ဂျိန်းခနဲ ပိတ်သွားသည်။ တလက်လက်တောက်ပနေသော အလင်းရောင်များက တံခါးများကို လွှမ်းခြုံသွားပြီး တစ်ချိန်တည်းမှာပင် ခန်းမထဲရှိ လူပေါ်ကြော့အားလုံးနီးပါး ထရပ်လိုက်ကြသည်။
ဤသည်မှာ သူတို့၏ ဌာနချုပ်၊ မိစ္ဆာမဟာမိတ်ပေါင်းစုဖြစ်၏။ ဤနေရာတွင် လူသတ်လျှင် ဂယယ်ရိုက်မည်မဟုတ်သည့်အပြင် အပြစ်ဒဏ်များကိုလည်း သေချာပေါက် မျှခံရမည်ဖြစ်သည်။ သို့သော် သူတို့တွင် ထိုပြစ်ဒဏ်များကို ရှောင်လွှဲနိုင်သော အကြောင်းပြချက်များစွာ ရှိ၏။ သူတို့သာ စိတ်ရှိလျှင် ဤသုံးယောက်ကို ရပ်နေသည့်နေရာတွင်မှာပင် အရိုးတစ်ခြား၊ အသားတစ်ခြား ဖြစ်သွားစေနိုင်သည်။
မန်ဟိုက ပြုံးပြီး ပြောလိုက်၏။ "တတိယတောင်ထိပ်မှာ ဝိညာဉ်မီးဟပ်ဂူရှိတယ် ကြားတယ်။ ဒီသုံးယောက်ကြည့်ရတာ ရေစက်ပုံပါပဲ။ ဒါမျိုးက တွေ့ရခဲတယ်မဟုတ်လား။ ဒါကြောင့် ငါ မင်းတို့ကို တစ်လလေ့ကျင့်ဖို့ ဝိညာဉ်မီးဟပ်ဂူကို ပို့မယ်
"မင်းတို့ အောင်မြင်ရင် မိစ္ဆာမဟာမိတ်ပေါင်းစုထဲ ဝင်ရောက်နိုင်ပြီ။ မအောင်မြင်ရင်တော့ မင်းတို့ သေတာ မသေတာက ငါတို့နဲ့ မပတ်သက်ဘူး" သူ့အသံ ခန်းမတစ်လျှောက် ပဲ့တင်ထပ်လာစဉ် ကျန်လူပေါ်ကြော့များက တဟားဟား အော်ရယ်ကြတော့သည်။
တောင်ကောင်းကင်ကျင့်ကြံသူသုံးယောက်၏မျက်နှာမှာ သွေးမရှိတော့ပေ။ စုန့်ယွင်ရှုက မဝံ့မရဲ မေးသည်။ "ကျွန်တော်တို့ ... စဉ်းစားလို့ရလား"
"စဉ်းစားမယ်ဟုတ်လား၊ မိစ္ဆာမဟာမိတ်ပေါင်းစုဘုရားကျောင်းကို ဝင်လာတာက မင်းတို့ရည်ရွယ်ချက်တွေကို သက်သေပြလိုက်တာပဲလေ။ မင်းတို့ အခု ထွက်သွားမယ်ဆိုရင် မိစ္ဆာမဟာမိတ်ပေါင်းစုကို တိုက်ရိုက်စော်ကားလိုက်တာပဲ။ မင်းတို့ မိစ္ဆာမဟာမိတ်ပေါင်းစုကို စော်ကားရဲတယ်လား။ မင်းတို့ ငါတို့ကို စော်ကားရဲတယ်လား" မန်ဟို့အသံက ပြောရင်းပြောရင်း ကျယ်သထက် ကျယ်လာသည်။ ကျန်လူပေါ်ကြော့များ၏မျက်လုံးများထဲတွင်လည်း မနှစ်မြို့သော အရိပ်အယောင်များ ပေါ်လာလေပြီ။
"တတိယတောင်ထိပ်မှ ညီအစ်ကိုတို့ ၊ ကျေးဇူးပြုပြီ အဲ့ဒီနှစ်ယောက်ကို ခေါ်သွားပေးပါ။ ဒီတစ်ယောက်ကတော့ ..." သူ့မျက်လုံးများက စုန့်ယွင်ရှုအပေါ် ကျရောက်လာပြီး သေပြီးသားလူတစ်ယောက်ကို ကြည့်နေသည့်အလား ထင်ရလေသည်
"သူတော့ ထားလိုက်"
စုန့်ယွင်ရှုမှာ ဟင်းခနဲ သက်ပြင်းချမိလိုက်တော့သည်။ တခဏသာ ကြာခဲ့သော်လည်း သူ့တစ်ကိုယ်လုံး ချွေးတို့နစ်နေလေပြီ။
ရယ်သံများနှင့်အတူ တတိယတောင်ထိပ်မှ လူပေါ်ကြော့တစ်ဒါဇင်ကျော် ပျံထွက်လာသည်။ သူတို့က ကျီရှောင်ရှောင်နှင့် ကျန်တစ်ယောက်ကို ဆွဲပြီး ထွက်သွားရန် ပြင်လိုက်သည်။ ဤသေရေးရှင်ရေးအခိုက်အတန့်တွင် ကျီရှောင်ရှောင်က အံတင်းတင်းကြိတ်ပြီး စိုးရိမ်တကြီး အော်ပြောသည်။ "ကျီမင်ဖုန်းအလောင်း ဘယ်မှာလဲ ငါ သိတယ်။ သူ့မှာ ရတနာတွေတစ်ပုံကြီးပါတဲ့ သိုလှောင်အိတ်တစ်လုံးရှိတယ်။ ငါ နင့်ကို အဲ့ဒီနေရာဆီ ခေါ်သွားပေးပါ့မယ်"
ကျန်ကျီမျိုးနွယ်ကျင့်ကြံသူလည်း မျက်နှာပျက်သွားပြီး အော်ပြောသည်။ "ကျီမင်ဖုန်းက ကံမကောင်းတာပါ။ အချိန်မှားရွေးမိလိုက်လို့ ဒီနေရာမရောက်ခင် သေသွားတာ။ ဘယ်သူမှ သူ့မသတ်ဘူး။ သူ့ဘာသူ သေတာ။ ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့တပ်အပ်မြင်ခဲ့ပါတယ်။ ကျွန်တော် အဲ့ဒီမှာ ရှိနေခဲ့တာမလို့ မမှားနိုင်ဘူး"
သူတို့နှစ်ယောက်၏ စကားမှာ အဓိပ္ပာယ်တူတူပင်ဖြစ်သည်။ သူတို့မှာ ဤအဖွဲ့တွင် ခိုလှုံခွင့်ရရန် ခယတောင်းဆိုနေကြလေသည်။
မန်ဟို၏ မျက်လုံးများ လင်းလက်သွားပြီး သူက ကျီမျိုးနွယ်ကျင့်ကြံသူအမျိုးသားကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ခေါ်သွား"
ကျီမျိုးနွယ်ဝင်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး ထပ်မံရှင်းပြတော့မည့်အချိန် တတိယတောင်ထိပ် လူပေါ်ကြော့တစ်ဒါဇင်ကျော်က ချက်ချင်း လှုပ်ရှားပြီး သူဘာမှပင်မလုပ်နိုင်ခင် ဆွဲခေါ်သွားကြတော့သည်။
စုန့်ယွင်ရှုမှာ မျက်နှာဖြူဆုပ်နေပြီး ချာချာလည် မူးဝေနေ၏။
ကျီရှောင်ရှောင်မှာတော့ အသက်မနည်းရှူရင်း လက်ကို နဖူးအပေါ် ဖိချလိုက်ရာ ဝိညာဉ်မျှင်တစ်မျှင်သည် မန်ဟို့ဆီ ပျံသန်းသွားလေ၏။ မန်ဟိုက တောက်ပစွာ ပြုံးရင်း သူမကို ကြည့်လိုက်ပြီးနောက် ဝိညာဉ်မျှင်ကို လက်ခံလိုက်သည်။
"မိစ္ဆာမဟာမိတ်ပေါင်းစုမှ ကြိုဆိုပါတယ်" မန်ဟိုက အပြုံးလေးတစ်ခုဖြင့် ပြောလေသည်။ ဘုရားကျောင်း၏တံခါးများ ဖြေးညင်းစွာ ပြန်ပွင့်လာ၏။ စောင့်ကြည့်နေသော လူပေါ်ကြော့များမှာ ဖြစ်ကြောင်းကုန်စင် နားမလည်သော်လည်း ခဲကျုံစစ်က သူတို့လူဖြစ်ပြီး တခြားသူမှာ အပြင်လူတစ်ယောက်သာ ဖြစ်လေသည်။
ကျီရှောင်ရှောင်က အားတင်းပြုံးပြီးနောက် လက်နှစ်ဖက်ယှဉ်၍ အရိုအသေပေးလိုက်သည်။ စိတ်ထဲတွင် သူမက သက်ပြင်းခိုးချလိုက်၏။ သူမအနေဖြင့် ယခုကစပြီး ကျီမျိုးနွယ်ဝင်များကို ကျီမင်းဖုန်းသေဆုံးသွားခဲ့သည်မှာ အချိန်အပိုင်းအခြား မှားရွေးချယ်မိခြင်းကြောင့် ပေါ်လာလျှင်ချင်း သေဆုံးသွားခဲ့သည်ဟု ယုံကြည်သွားအောင် ကြိုးစားရတော့မည်ဖြစ်ကြောင်း နားလည်လိုက်လေသည်။
ဘယ်သူမှ သူမကို မယုံကြည်လျှင် မန်ဟို ပြဿနာတစ်ခုခုနှင့်ရင်ဆိုင်ရပါက သူမလည်း ဒုက္ခရောက်လိမ့်မည်။ ဤသို့ ကောက်ချက်ချပြီးသော် သူမမျက်ဝန်းများထဲ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ ဖြစ်ပေါ်လာသည်။ တချို့က မန်ဟို့ကို ဦးတည်ပြီး တချို့က သူမ၏မျိုးနွယ်ဝင်များကြောင့်ဖြစ်သည်။
အပြင်တွင် နေမင်းသူရိန်ကား တောင်စွယ်၌ မေးတင်ကာ ကျိန်းစက်ပေတော့မည်။ လူတိုင်း အလျှိုလျှို ထွက်သွားနေကြစဉ် မန်ဟိုသည် သတိလက်လွတ်ဖြစ်နေသော စုန့်ယွင်ရှုကို ကြည့်ရင်း ကျီရှောင်ရှောင်၏ရက်စက်တတ်ပုံအရဆိုလျှင် သည်စုန့်မျိုးနွယ်စုတာအိုကလေးတော့ ကံဆိုးမိုးမှောင်ကျတော့မည်ဖြစ်ကြောင်း ချက်ချင်း သိလိုက်၏။
မန်ဟိုသည် ခေါင်းကို ခါရမ်းပြီးနောက် ထိုကိစ္စကို အာရုံမစိုက်တော့ဘဲ ရှုချင်နှင့်အတူ စတုတ္ထတောင်ထိပ်သို့ ပြန်လာခဲ့လေသည်။
အချိန်များ ကုန်လွန်သွားသည်။
အရာအားလုံးမှာ အေးအေးချမ်းချမ်းပင်။ မိုးသောက်ချိန်ရောက်တိုင်း မန်ဟိုသည် တောင်ဝါးမြိုမန္တန်နှင့်ပတ်သက်၍ ဉာဏ်အလင်းရရန် စတုတ္ထတောင်ထိပ်ကို သွားလေ့လာမည်ဖြစ်၏။ တခြားအချိန်များတွင် မြေအောက်ကမ္ဘာဂူကို သွားကာ အပြင်အားကိုယ်ကျင့်တတ်သည်။
နောက်တစ်လ ကုန်ဆုံးသွားသည်။ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီ၏ အချိန်စီးဆင်းမှုအား အပြင်လောကနှင့် မည်သို့ယှဉ်ရမည်လဲ မန်ဟို မသိပေ။ မည်သို့ဆိုစေ ထိုနှစ်လအတွင်း သူ အတော်လေး အကျိုးအမြတ်ရခဲ့၏။
တောင်ဝါးမြိုမန္တန်သည် ယခုတွင် သူ့ကိုယ်တွင်းဝယ် ဖြစ်တည်စအဆင့်ပုံစံအဖြစ် ရှိနေလေပြီ။ ထိုပုံစံအား မပျောက်ပျက်အောင် သူ၏စိတ်အပေါ်တွင် တံဆိပ်ခတ်နိုင်ခဲ့၏။ ထိုမျှသာမက သူ၏အပြင်အားကိုယ်ကျင့်ခြင်းမှာလည်း အတော်လေး အောင်မြင်ခဲ့သည်။ ယခုတွင် သူ၏ပုံမှန်ခန္ဓာကိုယ်သည် တတိယဝိညာဉ်ခန္ဓာနည်းတူ သန်မာမာကြောနေပြီဖြစ်၏။
"ဝိညာဉ်ခွဲဖြာမန္တန်က ... သာမန်ကျင့်စဉ်တစ်ခုလို့ထင်ရပေမယ့် တကယ့်တကယ် အထူးပတ်ဝန်းကျင်တစ်ခု လိုအပ်နေတာဆိုးတာပဲ" မန်ဟိုမှာ လွန်စွာနှမြောတသ ဖြစ်နေတော့သည်။ သူသည် ကျင့်စဉ်ကို တတ်မြောက်လျှင် မိစ္ဆာအင်မိုတယ်ဂိုဏ်း၌ အံ့ဖွယ်အကျိုးအမြတ်များ ရယူနိုင်လိမ့်မည်ဟု ခံစားလာရလေသည်။
သူသည် ခဲကျုံစစ် ပထမပြင်ညီတွင် အသက်ရှင်နေသေးသည့် အကြောင်းအရင်းက ဝိညာဉ်ခွဲဖြာမန္တန်ကြောင့်ဖြစ်နိုင်သည်ဟုပင် သံသယဝင်စပြုလာလေပြီ။
"ဒီပညာရပ်ရဲ့ ကျင့်စဉ်က လျှို့ဝှက်နက်နဲမှုတွေနဲ့ ပြည့်နှက်နေတယ် ... ထာဝရဝိညာဉ်တဲ့လား..... "
ရှုချင်မှာမူ တာအိုမှော်ကျင့်စဉ်သုံးရာထဲတွင် အာရုံအပြည့်အဝစူးစိုက်နေ၏။ မန်ဟို သူမကို မနှောင့်ယှက်ပေ။ ထိုသို့တာအိုမှော်ကျင့်စဉ်မျိုးနှင့်ပတ်သက်၍ ဉာဏ်အလင်းရရန်မှာ သူမနှင့် အခြားသူများအတွက် အရေးအကြီးဆုံး မဟုတ်ပါလော။
ရှုချင်တွင် တာအိုမှော်ကျင့်စဉ်များ၏ ဉာဏ်အလင်းကို ရှာဖွေနိုင်သည့် သာမန်မဟုတ်သော အရည်အချင်းရှိကြောင်း မန်ဟို ပြောနိုင်သည်။ ၎င်း၏တစ်စိတ်တစ်ပိုင်းမှာ သူမဝိညာဉ်၏ ပင်ကိုယ်စွမ်းရည်နှင့် ပတ်သက်ပြီး ကျန်တစ်စိတ်တစ်ပိုင်းက သူမလက်ခံခန္ဓာနှင့် သက်ဆိုင်လေသည်။
ရက်အနည်းငယ်ကြာသော် မန်ဟိုတစ်ယောက် စတုတ္ထတောင်ထိပ်ကို လေ့လာရင်း လေလယ်တွင် တင်ပျဉ်ခွေထိုင်လျက် လွင့်မျောနေ၏။ ရုတ်တရက် ခဲယွင်ဟိုင်၏အသံအား သူ့နားထဲမှ ကြားလိုက်ရသည်။
"အဖေ့ကို လာတွေ့ဦး" အသံကား တိုးတိုးလေးသာ။ မန်ဟို့မျက်လုံးများ ဖျတ်ခနဲ ပွင့်လာ၏။
တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲ ခဲယွင်ဟိုင်၏ ကျင့်ကြံခြင်းဂူဆီ ထွက်သွားတော့သည်။ သူ့အတွက် ရောက်ရန် သိပ်မကြာလိုက်ပေ။ သူ အထဲဝင်ပြီး ခဲယွင်ဟိုင်ကို မြင်သောအခါ မျက်နှာပျက်သွား၏။
ခဲယွင်ဟိုင်မှာ ယခုတွင် ပြီးခဲ့သော နှစ်လတုန်းကကဲ့သို့ သက်လတ်ပိုင်းအရွယ်နှင့် မတူတော့ပေ။ သူ့မှာ အများကြီးအိုမင်းလာပြီး တစ်ခေါင်းလုံးလည်း ဖွေးဆွတ်နေလေပြီ။
သူက ထုံးစံအတိုင်း ကျောက်ဖျာပေါ်တွင် ပျဉ်ခွေထိုင်နေ၏။ သို့သော် သူ့ဘေးရှိ ဆီမီးအိမ်မှာ ယခင်နှင့်စာလျှင် များစွာ မှေးမှိန်နေပြီဖြစ်၏။
မန်ဟို့မျက်နှာထားကို မြင်သောအခါ ခဲယွင်ဟိုင်က ပြောသည်။ "စိတ်မပူနဲ့ မင်းအဖေ အခုထိ မသေသေးပါဘူး" သူက ပြုံးလိုက်သည်။ သူ၏မျက်လုံးများမှာ နွေးထွေးကြင်နာမှုနှင့် မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေပြီး ထို့ထက်ပင်ပိုသည်ကား မခွဲခွာချင်သောစိတ်ပင်။
မန်ဟိုမှာ သူဘာကြောင့် ယခုလို ခံစားနေရသည်လဲ မသိပေ။ ဤသို့ ဖြစ်လာလိမ့်မည်ဟု သူ သိထားခဲ့ပြီးဖြစ်သော်လည်း သူ၏မျက်စိရှေ့မှောက်မှာတင် ခဲယွင်ဟိုင် ဆံဖြူအဘိုးကြီးတစ်ဦးပုံစံပြောင်းလာသည်ကို မြင်ရခြင်း၊ သူ့ပတ်ပတ်လည်ရှိ သေခြင်းအခိုးအငွေ့များ ပိုပို၍အားကောင်းလာသည်ကိုတွေ့ရခြင်းက ... သူ့နှလုံးသားအား ဟာတာသွားစေသည်။
အချိန်သိပ်ပင် မကြာသေးသော်လည်း ခဲယွင်ဟိုင်ထံမှ ဖခင်ပီသသော ချစ်ခြင်းမေတ္တာများကြောင့် မန်ဟိုမှာ သူ့အား အဖေအရင်းသဖွယ် မှတ်ယူထားမိနေလေပြီ။ လောလောဆယ်တွင် သူလုပ်နိုင်သမျှမှာ တိတ်ဆိတ်စွာ ရပ်နေရုံသာ ရှိ၏။
"သား အခုတလော အပိုးကျိုးနေတယ်" ခဲယွင်ဟိုင်က ပြောသည်။ " အဖေ့ အတွက် ခေါင်းခဲစရာတွေလည်း သယ်မလာတော့ဘူး။ သားက အပြင်အားကိုယ်ကျင့်တာမှာ အာရုံစိုက်ထားတယ်ဆိုတော့ ဒီတာအိုမှော်ကျင့်စဉ်သုံးထောင်ထဲက သားအတွက် အသုံးတည့်မယ့်ဟာတစ်ခု ပြောပြပေးမယ်။ အဲ့ဒါကို ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်လို့ ခေါ်တယ်။ သူက မှော်ပစ္စည်းတွေကို အပြင်အားကိုယ်နဲ့ တစ်သားတည်းဖြစ်စေပြီး အပြင်အားကိုယ်ကို ရတနာအသွင်ပြောင်းလိုက်တာပဲ။ သူနဲ့ တောင်ဝါးမြိုမန္တန်ကို ပေါင်းစည်းလိုက်ရင် သားရဲ့ခန္ဓာကိုယ်ကို တောင်တစ်လုံးလို ဖြစ်အောင် လုပ်နိုင်သွားပြီ
"တာအိုမှော်ကျင့်စဉ်သုံးထောင်ထဲမှာ သူက နံပါတ်(၉)လိုက်တယ်" စကားပြောပြီးသည့်နောက်တွင် သူ့အသံမှာ အလွန်တည်ကြည်လေးနက်နေလေသည်။
"အသွေးအသားသိဒ္ဓိတင်ဆိုတဲ့ ကျင့်စဉ်တစ်ခုလည်း ရှိတယ်။ အဲ့ဒါက အတိုင်းထက်အလွန် သာမန်ထက်ထူးခြားတယ်။ ကျင့်စဉ်အစား လျှို့ဝှက်ပညာရပ်လို့ ခေါ်တာတောင် ပိုမှန်မယ်။ သား အဲဒီပညာရပ်ကို တတ်မြောက်ရင် အပြင်အားကိုယ်က မျက်စိတစ်မှိတ်အတွင်း အဆပေါင်းများစွာ အစွမ်းထက်သွားပြီး ထာဝရ အဲ့အတိုင်းပဲ ဖြစ်နေလိမ့်မယ်
"အဲ့ဒီလိုလျှို့ဝှက်ဆန်းကြယ်ပညာရပ်တစ်ခုက ရှားမှရှားတယ်။ အဖေ့တစ်ဘဝလုံးမှာတောင် အဲ့ဒီလိုပညာရပ်နှစ်ခုအကြောင်းပဲ ကြားခဲ့ဖူးတာ။ ဘယ်လိုပုံစံနဲ့ သားခန္ဓာကိုယ်ကို တောင့်တင်းခိုင်မာစေနိုင်လဲတော့ အဖေ အသေးစိတ်မသိဘူး။ အဖေသိတာက တာအိုမှော်ကျင့်စဉ်သုံးထောင်အကြားမှာ... နံပါတ်(၇)ဆိုတာပဲ
"ကျန်တဲ့ ထိပ်ဆုံးတစ်ဆယ်ဝင် တာအိုမှော်ကျင့်စဉ်တွေကိုတော့ အဖေလည်း ဘယ်လိုရယူမလဲမသိသလို၊ ဂိုဏ်းအတွက် တာဝန်တွေ ထပ်ထမ်းဆောင်ပေးရင်တောင်မှ မသိနိုင်ဘူး။ သခင်လီက ထိပ်ဆုံးတစ်ဆယ်နဲ့ပတ်သက်ပြီး စည်းမျဉ်းတွေ ထုတ်ခဲ့တယ်လေ။ တောင်နဲ့ပင်လယ်ကျမ်းစာအမွေကလွဲပြီး ကျန်တာတွေအကုန်လုံးကို မိစ္ဆာအင်မိုတယ်စေတီထဲ ဝင်ရောက်မှ ရယူနိုင်လိမ့်မယ်
"စေတီကို ဖွင့်ဖို့က မလွယ်ကူဘူး ။ အဲ့ဒီလိုလုပ်ဖို့ ပါရာဂွန်ခုနစ်ယောက်လုံး ဝင်ပါပေးမှ ဖြစ်တာ။ စေတီမှာ (၉၉) ထပ်ရှိတယ်။ ဆယ်ထပ်ရောက်တိုင်း တာအိုမှော်ကျင့်စဉ်တစ်ခု ရယူခွင့်ရှိတယ်
"အဖေ သားအတွက် စေတီကို နှစ်ကြိမ် ဖွင့်ပေးဖို့ ကျန်တဲ့ ပါရာဂွန်ခြောက်ဦး လက်ခံလာအောင် တော်တော်လေး ပေးဆပ်ထားရတယ်။ သား အဲ့ဒီအခွင့်အရေးနှစ်ခုကို အမိအရဖမ်းဆုပ်ပြီး သား လိုအပ်တဲ့ တာအိုမှော်ပညာရပ်အတွက် တိုက်ခိုက်ဖို့ လိုအပ်လိမ့်မယ်" ခဲယွင်ဟိုင်မှာ ပုံမှန်အတိုင်း ပြောသွားခြင်းဖြစ်သော်လည်း သူ၏အိုမင်းနေသော မျက်နှာအပေါ်ရှိ အခိုးအငွေ့များအရ လေသံက သိပ်အလေးအနက်မထားပုံပေါ်သည့်တိုင် သူ့မှာ အမှန်တကယ် မယုံကြည်နိုင်ဖွယ်တန်ကြေးတစ်ခု ပေးခဲ့ရကြောင်း မန်ဟို ခန့်မှန်းနိုင်လေသည်။
မဟုတ်လျှင် ကျန်ပါရာဂွန်ခြောက်ဦးအနေဖြင့် မိစ္ဆာအင်မိုတယ်စေတီ ဖွင့်ပေးရန် ဘယ်တော့မှ သဘောတူမည်မဟုတ်ပေ။
"ဒါ့အပြင်" ခဲယွင်ဟိုင်က ဆက်ပြောသည်။ "မိစ္ဆာအင်မိုတယ်စေတီဖွင့်ပေးတာက အထူးသဖြင့် သားအတွက်ဆိုပေမဲ့ အတင်းစကားတွေ ထွက်မလာအောင် သူများတွေကိုလည်း ဝင်ခွင့်ပြုလိမ့်မယ်
"စိတ်ပူစရာတော့ မလိုပါဘူး။ စေတီရဲ့ ခက်ခဲမှုအဆင့်က လွန်ကဲပေမယ့် အဖေ သားအတွက် မှော်ပစ္စည်းနည်းနည်းပါးပါး ပြင်ထားတယ်။ သား အထူးခန္ဓာတာအိုမှော်ကျင့်စဉ်တွေရအောင် အဖေ အစွမ်းကုန် ပံ့ပိုးပေးမှာပါ" စကားပြောနေစဉ် ခဲယွင်ဟိုင်မျက်နှာ နီမြန်းလာ၏။ အရောင်မှာ သာမန်မဟုတ်သည့်အပြင် နေမဝင်ခင် နောက်ဆုံးတောက်ပသွားသော အလင်းရောင်အလားပင်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သားရေအိတ်တစ်လုံး မန်ဟို့အရှေ့သို့ ပျံသန်းလာသည်။
"အထဲမှာ မှော်ပစ္စည်းငါးထောင်၊ မိစ္ဆာလက်နက် သုံးသောင်း၊ အဆောင်စက္ကူ တစ်သိန်းခွဲနဲ့ မိစ္ဆာကျောက်တုံးတစ်သန်း တွေ့ရလိမ့်မယ်။ ယူသွား အဲ့ဒါတွေ။ သား မသွားချင်ဘူးဆိုရင်တောင်မှ သွားလိုက်ပါ။ ဒီအဖေအတွက် ထိပ်ဆုံးရောက်အောင် လုပ်ပေး။ သားလိုအပ်တဲ့ အဲ့ဒီတာအိုမှော်ကျင့်စဉ်တွေ ယူလာခဲ့" သူ မန်ဟို့ကို ကြည့်နေပုံ၊ စကား ပြောနေပုံအရ သူ့သားသူ မည်မျှချစ်ကြောင်း ပေါ်လွင်လေသည်။ မန်ဟို့နှလုံးသားမှာ သားရေအိတ်ကို ကြည့်ရင်း တုန်ရီလှုပ်ရှားသွား၏။ သူသည် ၎င်းကို ကိုင်ပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်သည်။ သူ့တစ်ကိုယ်လုံး တုန်ရီသွားလေပြီ။
အထဲရှိ ပစ္စည်းအကုန်လုံးနီးပါးမှာ လတ်ဆတ်သော အရှိန်အဝါတစ်ခု ထုတ်လွှတ်နေ၏။ ထိုအရှိန်အဝါထဲတွင် ခဲယွင်ဟိုင်၏အရှိန်အဝါအနည်းငယ်ကို ခံစားရနိုင်လေသည်။
အံ့ဩကောင်းစွာနှင့် ဤပစ္စည်းအကုန်လုံးမှာ ... ပြီးခဲ့သည့်နှစ်လအတွင်း ခဲယွင်ဟိုင်ကိုယ်တိုင် ထုလုပ်ဖန်တီးခဲ့သောအရာများဖြစ်လေသည်။
ခဲယွင်ဟိုင်မှာ သက်တမ်းကုန်လွန်ခါနီးနေပြီဖြစ်သည့်တိုင် သူ့သားအတွက် ဤပစ္စည်းအကုန်လုံးကို သန့်စင်ရန် အစွမ်းကုန် ကြိုးစားပေးခဲ့သေး၏။ ဤအထဲတွင် မြှုပ်နှံထားသည်မှာ ဖခင်တစ်ဦး၏ သားအပေါ် ချစ်ခြင်းမေတ္တာများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤပစ္စည်းအားလုံးကို သူ၏အသက်စွမ်းအားဖြင့် သန့်စင်ပေးထားခဲ့သည်မဟုတ်ပါလော။
မန်ဟို စကားပြောလိုက်သောအခါ သူ၏အသံမှာ ယခင်ကကဲ့သို့ ဂရုတစိုက် ထိန်းချုပ်ထားသလို မဟုတ်တော့ပေ။ ယခုအခိုက်အတန့်တွင် သူကား ခဲကျုံစစ်အကြောင်း မေ့သွားခဲ့လေပြီ။ ဤတစ်ကြိမ်တွင် ... စကားလုံးများက သူ၏နှလုံးသားအနက်ရှိုင်းဆုံးထဲမှ လာ၏။ သူ့မှာ ခဲယွင်ဟိုင်ကြောင့် အလွန်စိတ်နှလုံးလှုပ်ရှားသွားပြီး သည်ဘဝကို အလွန်အားကျလွန်းသဖြင့် ရှုပ်ထွေးနေသော ခံစားချက်များ ပြည့်နှက်သွားတော့သည်။ သူလုပ်နိုင်သမျှမှာ ခေါင်းမော့ပြီး နူးညံ့ပျော့ပျောင်းစွာ ရေရွတ်လိုက်ရုံသာ .... "အဖေ...."
***