တောင်နဲ့ပင်လယ်ကျမ်းစာကို ရယူဖို့ မိစ္ဆာအင်မိုတယ်ခန္ဓာရှိမှ ဖြစ်မယ်
Vol. 42 Ch. 579
"ကလေးလို လုပ်မနေနဲ့တော့" ခဲယွင်ဟိုင်မျက်လုံးအထဲရှိ ချစ်ခြင်းမေတ္တာတို့မှာ ပို၍ပင် နက်ရှိုင်းလာသည်။ "ကျင့်ကြံခြင်းအပေါ်မှာ စိတ်ရောကိုယ်ပါ နှစ်ထား။ သိပ်ကောင်းတယ်... သားသာ ဒီထက်နည်းနည်းလေးပိုပြီး ဒီလိုပြုမူခဲ့ရင် ပိုကောင်းမှာ
"ကဲ သွားတော့ သွားတော့။ မိစ္ဆာအင်မိုတယ်စေတီက သုံးရက်အတွင်း ပွင့်လာမှာ။ သား လိုချင်တာရရင်တော့ သားအတွက် အဖေဖွင့်ပေးခိုင်းရတာ အလကား မဖြစ်တော့ဘူးပေါ့" သူက မန်ဟို့ကို လေးလေးနက်နက် တစ်ချက်ကြည့်လိုက်သည်။
မန်ဟိုက ခေါင်းငုံ့ပြီးနောက် လက်ယှက်အရိုအသေပေးလိုက်၏ ။ သူသည် သားရေအိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ရှုပ်ထွေးသောခံစားချက်များအပြည့်ဖြင့် ငိုင်တိုင်တိုင် ထွက်လာခဲ့သည်။
မန်ဟိုထွက်သွားသည်ကို ကြည့်ရင်း ခဲယွင်ဟိုင်၏မျက်နှာမှာ နီမြန်းမနေတော့ဘဲ သွေးဆုပ်ဖြူလျော်သွားလေပြီ။ ပါးရေများ ပိုတွန့်လာပြီး သူ၏ပတ်ပတ်လည်ရှိ သေခြင်းအခိုးအငွေ့များမှာ ပို၍အားကောင်းလာလေသည်။ သူ၏အသက်မီးတောက်မှာ အချိန်မရွေး ငြိမ်းသေတော့မည့်အလားပင်။
"ကျုံစစ်၊ အဖေက သားနဲ့ အမြဲ အတူရှိပေးနေနိုင်မှာ မဟုတ်ဘူး။ မကြာခင် ... သား ကိုယ့်ခြေထောက်အပေါ် ကိုယ် ရပ်တည်ရတော့မယ်.... သား သည့်ထက်ပိုပြီး စဉ်းစားတတ်လာမယ်လို့ အဖေ မျှော်လင့်ပါတယ်..." ခဲယွင်ဟိုင်မှာ အသက်ဆက်ကြီးလာသည်။ မူလက သူ့တွင် အကန့်အသတ်မရှိသော သက်တမ်းရှိခဲ့၏။ သို့သော် သခင်လီက ကောင်းကင်ဘုံဥပဒေ ကို ထုတ်ပြန်ကြားခဲ့လေသည်။ ခဲယွင်ဟိုင်မှာမူ ဟိုးရှေးပဝေဏသီကတည်းက တည်ရှိခဲ့ခြင်းဖြစ်သည်။ လောလောဆယ်တွင် သူ့မှာ ဆက်လက်ရပ်တည်ရန် စွမ်းအင်ကုန်ခမ်းနေလေပြီ။
တကယ်တော့ သူ့မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ခြောက်ကပ်သေဆုံးခဲ့သင့်၏။ သို့သော် ခဲကျုံစစ်ကို စိတ်မချသဖြင့် သည်းခံထားခဲ့သော်လည်း နောက်ဆုံးတွင် သူ မည်မျှ အသက်ဆက်ရှင်ချင်စေကာမူ သည့်ထက်ပိုပြီး ခံနိုင်တော့မည်မဟုတ်ပေ။ ပင်ပန်းနွမ်းနယ်နေမှုကိုလည်း မြင်နိုင်သည်သာမက မငြိမ်းသေခင် နောက်ဆုံးလင်းလက်သွားသော အလင်းပမာ တောက်ပနေသော အလင်းရောင်ကိုလည်း မြင်နိုင်လေသည်။
"အခုက ငါ မျက်စိပိတ်ရမယ့် အချိန်မဟုတ်သေးဘူး။ ဖုန်ဘဝမရောက်သွားခင် ကျုံစစ်အတွက် အသက်ကယ်ရတနာကို အချောသတ်သန့်စင်ဖို့ လိုသေးတယ်။ ငါ အဲ့ဒီပစ္စည်းကို ဖန်တီးနေခဲ့တာ နှစ်တွေနဲ့ချီပြီမလို့ လုပ်စရာနည်းနည်းပဲ ကျန်တော့တယ်... ပြီးတာနဲ့ သူ ဝိညာဉ်ခွဲဖြာမန္တန်ကို အောင်အောင်မြင်မြင် မကျင့်ကြံနိုင်ခဲ့ရင်တောင်မှ ပြစ်ဒဏ်ကိုးခုအနေနဲ့ သူ့ကို သတ်နိုင်မှာ မဟုတ်တော့ဘူး။ အမှန်ဆို အဲ့ဒါက သူ့ကို ဝိညာဉ်ခွဲဖြာမန္တန်ပြီးဆုံးအောင် ကျင့်ကြံနိုင်ဖို့ ကူညီပေးရင် ပေးနိုင်မှာ"
မန်ဟိုသည် သူ၏ကျင့်ကြံခြင်းဂူဆီ ပြန်လာပြီးနောက် ရှုချင် ဉာဏ်အလင်းရှာဖွေရင်း တရားထိုင်လျက် ရှိနေသေးသည်ကို မြင်လိုက်ရ၏။ သူက တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံခြင်းဂူနံရံအပေါ်ရှိ ခမ်းနားတင့်တယ်စွာ တန်ဆာဆင်ထားသော အပြောက်အမွန်းများကို မျက်လုံးဝေ့ကြည့်လိုက်သည်။
အချိန်အတော်ကြာသော် သူသည် သားရေအိတ်ကို ငုံ့ကြည့်လိုက်၏။ ၎င်းမှာ တကယ်တမ်း သိပ်မလေးသော်လည်း အကြောင်းတစ်ခုခုကြောင့် မန်ဟို့လက်ထဲတွင် အတော်လေး လေးနေလေသည်။ အိတ်ထဲတွင် အမှန်တကယ် ပြည့်နေသည်မှာ မှော်ပစ္စည်းများမဟုတ်ဘဲ ဖခင်တစ်ဦး၏ သားအပေါ် ထားရှိသည့် ချစ်ခြင်းမေတ္တာများ ဖြစ်လေသည်။
၎င်းတွင် အဖေဖြစ်သူ၏ အသက်၊ အဖေဖြစ်သူ၏ အစစ်အမှန်ဆုံးသော ခံစားချက်များ ပါရှိနေသည်။
နောက်ဆုံးတွင် မန်ဟို သက်ပြင်းချလိုက်၏။ သူသည် မျက်လုံးများ ပိတ်၍ သူ၏အဖေနှင့်အမေအကြောင်း ၊ သူ့မှတ်ဉာဏ်များထဲရှိ ဝိုးတိုးဝါးတားပုံရိပ်များအကြောင်း နောက်တစ်ကြိမ် ပြန်တွေးမိလိုက်လေသည်။
အချိန်များ ကုန်လွန်သွားသည်။ မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြာသွားလေပြီ။
တချွင်ချွင်မြည်နေသော ခေါင်းလောင်းသံများအား မိစ္ဆာအင်မိုတယ်ဂိုဏ်းအနှံ့အပြားမှ ကြားလိုက်ရ၏။ မရေမတွက်နိုင်သော ဂိုဏ်းသားများသည် အိပ်နေရာမှ နိုးလာပြီး နေအိမ်များထဲမှ ပျံထွက်လာကြသည်။ သူတို့အားလုံး အံ့အားသင့်နေကြပြီး ဘာဖြစ်နေသည်လဲ သိချင်လာကြလေသည်။ သူတို့ တွေ့လိုက်ရသည်မှာ မိစ္ဆာအင်မိုတယ်ဂိုဏ်းအပေါ်ရှိ လေအလယ်တွင် ရောင်စုံအလင်းရောင်များ ရုတ်တရက် ကွန့်မြူးလာသည်ကိုပင်။
ရောင်စဉ်တန်းများက အရပ်မျက်နှာတစ်ခွင် ဖြာထွက်ရင်း ကောင်းကင်ပြင်ကြီးကို ဖုံးလွှမ်းလာသည်။ အကုန်လုံးမှာ စိတ်ထဲတွင် တုန်လှုပ်နေကြတော့၏။ အသက်ကြီးကြီးဂိုဏ်းသားတချို့မှာ တစ်စုံတစ်ခုကို မှတ်မိလိုက်ကြသည့်အလား မျက်နှာအမူအရာများ တဖြေးဖြေး ပြောင်းလဲစပြုလာသည်။ သူတို့၏မျက်လုံးများမှာ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။
ရောင်စဉ်များ ကွန့်မြူးနေသည်မှာ တစ်နာရီ၏ လေးပုံတစ်ပုံ ကြာလိုက်သည်။ ထို့နောက် ရောင်စဉ်များ၏အလယ်တွင် ဧရာမအက်ကြောင်းကြီးတစ်ကြောင်း ပေါ်လာ၏။ ၎င်းမှာ အဆုံးအစမရှိသော ဧရာမပါးစပ်ပေါက်ကြီးနှင့် တူလေသည်။ ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ကြောက်ခမန်းလိလိ ထစ်ချုန်းသံကြီးတစ်သံ ပဲ့တင်ထပ်လာပြီး အက်ကြောင်းအတွင်းမှ တလက်လက်တောက်ပနေသော ကြေးစေတီတစ်ဆူ ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေသည်။
စေတီ၏ အထပ်တစ်ထပ်စီတွင် လေထဲသို့ ဆန့်တန်းနေသော သံကြိုးလေးကြိုးရှိလေသည်။ အထပ်က ၉၉ ထပ် ရှိသောကြောင့် သံကြိုးများမှာ လေးရာနီးပါးပင်။ ထိုသို့သော အံ့မခန်းဖွယ်မြင်ကွင်းမျိုးကို မြင်လိုက်ရသည့်မည်သူမဆို သေချာပေါက် အံ့ဩမှင်သက်သွားရမည် ဖြစ်ပေသည်။
မျက်စိတစ်မှိတ်အတွင်း ဧရာမစေတီကြီး ပေါ်လာခဲ့လေပြီ။ တဂျိန်းဂျိန်း တဂျုန်းဂျုန်း ထစ်ချုန်းနေပြီး မြေငလျင်တို့ လှုပ်ခတ်လာ၏။ ကြေးစေတီကြီးမှာ ကြီးသထက်ကြီးလာရင်း ကောင်းကင်မှ အောက်သို့ တဖြေးဖြေး နိမ့်ဆင်းလာသည်။ ၎င်းသည် နောက်ဆုံးတွင် ကောင်းကင်ကြီးကိုပင် ပိတ်ဖုံးကွယ်သွားလေပြီ။ မနက်အစောပိုင်းသာ ရှိနေသေးသည့်တိုင် ညဉ့်နက်နေသည့်အလား မှောင်မိုက်သွား၏။
ဧရာမစေတီကြီးသည် စတုတ္ထတောင်ထိပ်နှင့် တတိယတောင်ထိပ်အကြား တစ်နေရာသို့ သက်ဆင်းလာသည် ... ထိုနေရာကား ဒဏ္ဍာရီများအရ တစ်ဂိုဏ်းလုံးကို ကာကွယ်စောင့်ရှောက်ပေးသော မိစ္ဆာနတ်မင်းစံမြန်းရာ ကျင်းနက်ကြီး၏အပေါ်တည့်တည့် ဖြစ်လေသည်။
၎င်းက မြေကြီးကို မထိဘဲ အပေါ်တွင် ပျံဝဲနေသည်။ ဧရာမအရိပ်ကြီးတစ်ခုမှာ မိစ္ဆာအင်မိုတယ်ဂိုဏ်းအပေါ်ထက် ကောင်းကင်တွင် ဖုံးလွှမ်းနေတော့သည်။ စေတီကြီးသည် ကျင်းနက်ကြီး၏အပေါ်တည့်တည့်တွင် ရှိသယောင်ထင်ရသော်လည်း တကယ်တမ်း ၎င်းမှာ ဗဟိုနေရာသာ ဖြစ်သည်။ အဝေးမှကြည့်လျှင် စေတီကြီးမှာ မိစ္ဆာအင်မိုတယ်ဂိုဏ်းတစ်ဂိုဏ်းလုံးအား အုပ်မိုးထားပုံရလေ၏။
စေတီကြီး၏အရိပ်အောက်မှာ ကျင်းနက်ကြီးသာမဟုတ်၊ တောင်ထိပ်ခုနစ်ခုလုံးနှင့် ပတ်ဝန်းကျင်ရှိ နယ်မြေများအကုန်လုံး ရှိလေသည်။
မိစ္ဆာအင်မိုတယ်ဂိုဏ်းသားအားလုံးမှာ ကြောင်တောင်တောင်ကြီး စိုက်ကြည့်လျက် အသက်ရှူသံများ မြန်နေကြတော့သည် ။
အံ့ဩဖွယ်ကောင်းစွာနှင့် စေတီ၏ပထမအထပ်တွင် မရေမတွက်နိုင်သော မင်္ဂလာသားရဲများဖြင့် ထုဆစ်ပုံဖော်ထားသည့် ကြေးတံခါးကြီးတစ်ချပ်ရှိ၏။ ၎င်းမှ ရှေးဆန်သော ကမ္ဘာဦးစိတ်ဆန္ဒတစ်ခုကို ထုတ်လွှတ်နေလေသည်။
ဧရာမစေတီကြီးမှာ အဆုံးအစွန်အထိ အံ့ဩမှင်သက်ဖွယ်ကောင်းလှပေသည်။ ၎င်း၏အလွန်ကြီးမားသော အရွယ်အစားနှင့်ယှဉ်လျှင် အောက်ရှိကျင့်ကြံသူများမှာ ပုရွက်ဆိတ်များထက် မပိုပေ။ တောင်ခုနစ်လုံးပင်လျှင် ကလေးပေါက်စများအရွယ်သာရှိ၏။
ဤအခိုက်အတန့်တွင် တောင်ထိပ်ခုနစ်ခုစီမှ အရောင်တစ်မျိုးစီရှိသော နေခုနစ်စင်း ပျံထွက်လာသည်။ ၎င်းတို့ လေထဲသို့ ဖြေးညင်းစွာ ပျံတက်သွားစဉ် မိစ္ဆာအင်မိုတယ်ဂိုဏ်းရှိ ဂိုဏ်းသားအားလုံး ဒူးထောက်အရိုအသေပေးလိုက်ကြ၏။
ဤနေခုနစ်စင်းထဲတွင် တင်ပျဉ်ခွေထိုင်လျက်ရှိသော ပုံရိပ်ခုနစ်ခုရှိသည်။ သူတို့ကား တောင်ထိပ်ခုနစ်လုံး၏ ပါရာဂွန်ခုနစ်ဦးဖြစ်ချေသည်။
လေးစင်းမြောက်နေအထဲက လူမှာတော့ ခဲယွင်ဟိုင်မှတစ်ပါး အခြားမဟုတ်။
ပါရာဂွန်ခုနစ်ဦး ကောင်းကင်ထက်သို့ ပျံတက်လာစဉ် တစ်ယောက်စီတိုင်းက လက်ကို မြှောက်၍ ကြေးစေတီဆီသို့ လက်ညှိုးထိုးလိုက်ကြသည်။ ချက်ချင်းပင် ပထမအထပ်ရှိ ဧရာမကြေးတံခါးကြီးက ဂျိန်းခနဲ မဆိုစလောက် ပွင့်လာခဲ့လေပြီ။
တံခါးသည် ဟရုံလေးသာ ဟနေသော်လည်း ဤစေတီမှာ ဧရာမကြီးဖြစ်သည်မဟုတ်လော။ ထိုသေးငယ်သောအဟလေးက မီတာသုံးရာကျယ်၏။
သတ္တမတောင်ထိပ် ပါရာဂွန်၏ ခပ်ဩဩအသံကြီး ရုတ်တရက် ဟိန်းထွက်လာသည်။ "မိစ္ဆာအင်မိုတယ်စေတီ ပွင့်လာခဲ့ပြီ။ စုစုပေါင်း (၉၉)ထပ် ရှိတယ်။ အထပ်တိုင်းမှာ တာအိုမှော်ပညာရပ်တစ်ခု ရယူနိုင်မယ့် အခွင့်အရေးရှိလိမ့်မယ်။ ဆယ်ထပ်တိုင်း ဆယ်ထပ်တိုင်းမှာ ထိပ်ဆုံး (၁၀၀)ဝင်တဲ့ ကျင့်စဉ်ကို ရယူနိုင်တယ်။ အထပ်ပိုမြင့်ရင် ထိပ်ဆုံး(၁၀)ဝင် တာအိုမှော်ကျင့်စဉ်တစ်ခုကိုတောင် ရယူနိုင်လိမ့်မယ်။ အထပ်(၇၀)၊ အထပ်(၈၀)နဲ့ ထပ်(၉၀)မှာ အဲ့ဒီအခွင့်အရေးရှိတယ်
"မင်းတို့ (၉၉)ထပ်မြောက်အထပ်ကို အောင်မြင်သွားရင်တော့ တောင်နဲ့ပင်လယ်ကျမ်းစာကလွဲပြီး ထိပ်ဆုံး(၁၀)ဝင် ဘယ်တာအိုမှော်ကျင့်စဉ်ကိုမဆို ရွေးချယ်နိုင်ပြီ
"စေတီ တစ်ကြိမ်ဖွင့်တိုင်း ဂိုဏ်းအတွက် အကုန်အကျအရမ်းများတယ်။ ဒီနေ့တော့ မင်းတို့အားလုံး အခွင့်အရေးရပြီ။ ကံကောင်းရင် ကံကြမ္မာကောင်းတွေကို မင်းတို့ ရယူနိုင်လိမ့်မယ်" အသံက မိစ္ဆာအင်မိုတယ်ဂိုဏ်းတစ်လျှောက်လုံး ပဲ့တင်ထပ်သွား၏။ ၎င်း တဖြေးဖြေး တိုးဝင်သွားသောအခါ မိစ္ဆာအင်မိုတယ်ဂိုဏ်း၏သန်းပေါင်းများစွာသော ဂိုဏ်းသားများအကြားတွင် သုဿန်တစပြင်ပမာ တိတ်ဆိတ်လျက် ကျန်ခဲ့လေသည် ။
သို့ရာတွင် ဆူညံပွက်လောရိုက်သွားရန် သိပ်မကြာလိုက်ပေ။
"မိစ္ဆာအင်မိုတယ်စေတီ... အဲ့ဒါက မိစ္ဆာအင်မိုတယ်စေတီတဲ့လား.... အကြီးမှ အကြီးကြီးပဲ"
"အဲ့ဒါက မိစ္ဆာအင်မိုတယ်ဂိုဏ်းရဲ့ ပထမအထပ်ကောင်းကင်ဘုံမှာ အရေးအပါဆုံးစေတီလေ။ တောင်နဲ့ပင်လယ်ကျမ်းစာနဲ့ တစ်ဆင့်တည်းဖြစ်တဲ့ အဖိုးထိုက်ရတနာ"
စကားသံများ ဆူညံပွက်လောရိုက်နေစဉ် ပဉ္စမတောင်ထိပ်အပေါ်၌ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လျက် ရပ်နေသော ကျင့်ကြံသူအမျိုးသမီးတစ်ယောက်ရှိ၏။ သူမကား ဖန်ယုမှတစ်ပါး အခြားမဟုတ်ပေ။ သူမမျက်ဝန်းလေးများသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒ၊ ပြင်းပြသော ပျော်ရွှင်မှုအဟုန်တို့ဖြင့် တဖျပ်ဖျပ် တောက်ပနေချေသည်။
"ဒီအချိန်အပိုင်းအခြားမှာ ဒီလိုကံကြမ္မာကောင်းမျိုးနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး" သူမက တွေးလိုက်သည်။ "မိစ္ဆာအင်မိုတယ်စေတီက ဒီအချိန်မှာ တကယ်ကြီး ပေါ်လာတာပဲ" သူ၏မျက်လုံးများသည် အလျှော့မပေးလိုသောခေါင်းမာမှုဖြင့် တောက်ပနေ၏။
တစ်ချိန်တည်းမှာပင် သတ္တမတောင်ခြေတွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ရပ်နေသည်။ သူက အပြင်စည်းဂိုဏ်းသားများကို တာဝန်ယူရသည့် အတွင်းစည်းဂိုဏ်းသားအဆင့် အစောင့်တစ်ဦးဖြစ်၏။ သူသည် ကျောနောက် လက်ပစ်လျက် ထူးဆန်းသောအလင်းရောင်တောက်နေသော မျက်လုံးများဖြင့် ဧရာမမိစ္ဆာအင်မိုတယ်စေတီကြီးကို မော့ကြည့်ရင်း ရပ်နေလေသည်။
"ငါ့ရဲ့ ကံကြမ္မာကောင်းက သတ္တမတောင်မှာပဲ ရှိပြီးတော့ အဲ့ဒါကို ရရှိဖို့ အင်မတန် ခက်ခဲလိမ့်မယ်လို့ ထင်ထားခဲ့တယ်။ ဒါပေမဲ့ အခုတော့ မိစ္ဆာအင်မိုတယ်ပြင်ညီ ပေါ်လာခဲ့ပြီဆိုတော့ ငါ့အခွင့်အလမ်းတွေဟာ တော်တော်လေး များပြားသွားပြီပဲ" ဤသက်လတ်ပိုင်းလူကား မန်ဟိုရှာဖွေနေခဲ့သော ... ခေါင်းဆောင်ကြီးဟုရန်ပင်။
မိစ္ဆာအင်မိုတယ်ဂိုဏ်းတစ်ဝှမ်းလုံးရှိ ဝမ်လီဟိုင်၊ ဟန်ပေ့ နှင့် ကျန်တောင်ကောင်းကင်ကျင့်ကြံသူအားလုံး တုန်လှုပ်နေကြလေသည်။ အရှေ့ဘက်နယ်မြေမှဖြစ်စေ၊ မြောက်ပိုင်းသဲကန္တာရမှဖြစ်စေ၊ တောင်ပိုင်းဒေသ သို့မဟုတ် အနက်ရောင်နယ်မြေမှဖြစ်စေ ... အကုန်လုံး မှင်သက်နေကြလေပြီ။
သူတို့အနက်မှ တစ်ယောက်က တတိယတောင်ထိပ် အတွင်းစည်းဂိုဏ်းသားဖြစ်၏။ သူသည် ယနေ့ထက်ထိတိုင်အောင် ဘေးပတ်ဝန်းကျင်ရှိ လူများအား ခေါင်းငုံ့အရိုအသေပေးရင်းသာ နေခဲ့သော လူငယ်လေးတစ်ဦးဖြစ်သည်။ သို့သော် မျက်စိတစ်မှိတ်အတွင်း သူက ခါးကို မတ်လိုက်လေပြီ။ သူ၏မျက်လုံးများမှာ တလက်လက် တောက်ပနေပြီး ဘုရင်တစ်ပါး၏မာန်ပါသောအရှိန်အဝါတစ်ခုက သူ၏ခန္ဓာကိုယ်မှ ဖြာထွက်လာလေသည်။
ဤလူငယ်သည် အနောက်ပိုင်းသဲကန္တာရမှဖြစ်ပြီး အင်ပါယာသွေးဆက်မျိုးနွယ်ဝင်တစ်ယောက်ပင်။
သူတစ်ယောက်သာ မိစ္ဆာအင်မိုတယ်ဂိုဏ်းထဲတွင် အသျှံတညီးညီးတောက်ပနေသော နေတစ်စင်းမဟုတ်။ မာန်ပါပါ ခေါင်းထောင်လာကြသည့် တခြားသူများ ရှိသေးလေသည်။
တစ်ယောက်က ဆဋ္ဌမတောင်ထိပ်အပေါ်တွင် ဖြစ်သည်။ ၎င်းသည် အံ့ဩဖွယ်ကောင်းစွာနှင့် သီးသန့်ဂိုဏ်းသားအဝတ်အစားများ ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးဖြစ်နေသည်။ မန်ဟိုအပြင် သူမသည် တောင်ကောင်းကင်ဂြိုဟ်မှ ကျန်လူများထက် မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားလေသည်။
သူမက စတုတ္ထတောင်ထိပ်နှင့် မိစ္ဆာအင်မိုတယ်စေတီကို လှမ်းကြည့်ရင်း မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။ ထို့နောက် ပြုံးလိုက်၏။
"မန်ဟိုက တော်တော် ကံကောင်းတာပဲ။ လက်ရွေးစင်ဂိုဏ်းသားတစ်ယောက်ရဲ့ အလောင်းတဲ့လား... ပြီးတော့ ခဲယွင်ဟိုင် တရားထိုင်ရင်း မကွယ်လွန်ခင် လပိုင်းအလို
"မိစ္ဆာအင်မိုတယ်စေတီ ဒီအကန့်အသတ်မဲ့ အခွင့်အလမ်းတွေရှိတဲ့ ဒုတိယပြင်ညီမှာ ပေါ်လာတာက မထူးဆန်းဘူး။ အဲ့ဒါက တကယ့်ကမ္ဘာနှင့်တူတယ်။ ဘယ်လိုပဲပြောပြော ညမိစ္ဆာရှိနေသေးသရွေ့ ကောင်းကင်နဲ့မြေကြီးက နတ္ထိကနေ အတ္ထိဖန်တီးနိုင်တယ်မဟုတ်လား။ သစ္စာဖောက်သခင်လီတောင်မှ ကြောက်ရတာပဲလေ"
ဤမိန်းကလေးကား ကျင်ရှန်းပင်။
"မိစ္ဆာအင်မိုတယ်စေတီ ပွင့်လာပြီ" သတ္တမတောင်ထိပ်ပါရာဂွန်၏ အသံ ဟိန်းထွက်နေစဉ် ထောင်နှင့်ချီသော ပုံရိပ်များ စေတီဆီသို့ ပျံသန်းလာနေကြလေပြီ။
မန်ဟိုနှင့်ရှုချင်လည်း ကျင့်ကြံခြင်းဂူမှ လမ်းလျှောက်ထွက်လာပြီး မိုးထိုးနေသော စေတီကြီးကို ကြည့်လိုက်သည်။ ရှုချင်၏မျက်ဝန်းလေးများမှာ ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ တောက်ပသွား၏။ သူမသည် လက်ထဲရှိ ကျောက်စိမ်းပြားကို ငုံ့ကြည့်ပြီး ခပ်လွင်လွင်လေး ရယ်လိုက်သည်။
"အစ်မ မသွားတော့ဘူး" သူမက ပြောသည်။ "ဒီတာအိုမှော်ကျင့်စဉ်သုံးရာနဲ့တင် လုံလောက်ပြီ"
မန်ဟိုက ခေါင်းညိတ်လိုက်သည်။ ရှုချင်၏ ပင်ကိုယ်စိတ်ထားကို ကောင်းကောင်းသိသဖြင့် သူမစိတ်ပြောင်းအောင် သူကြိုးစားမနေတော့ပေ။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး ကောင်းကင်ထက်ရှိ ခဲယွင်ဟိုင်၏နေကို မော့ကြည့်လိုက်သည်။ ပြီးခဲ့သည့် သုံးရက်ကမှ သူနှင့်စကားပြောခဲ့သော အဘိုးကြီး၏ အရိပ်ကို သူမြင်လိုက်ရ၏။ တခဏကြာ တိတ်ဆိတ်နေပြီးနောက်တွင် သူ၏မျက်လုံးများမှာ ခိုင်မာပြတ်သားမှုတို့ဖြင့် တောက်ပလာတော့သည်။
"ငါ့အတွက်ဖြစ်ဖြစ် ၊ ခဲယွင်ဟိုင်အတွက် ဖြစ်ဖြစ် အရိုးကြေကြေ အရေခမ်းခမ်း အစွမ်းကုန်ကြိုးစားမယ်" သူ၏ခန္ဓာကိုယ်က သူ့အတွက် အထူးတလည် ဖွင့်ပေးခဲ့သော မိစ္ဆာအင်မိုတယ်စေတီထံသို့ ရိပ်ခနဲ ပျံတက်သွားတော့သည်။ အပေါ်ထက်ရှိ နေခုနစ်စင်းအထဲမှ ပါရာဂွန်ခုနစ်ဦးလုံး မန်ဟို့ကို ကြည့်နေကြလေသည်။
မန်ဟို စေတီထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေသော ခဲယွင်ဟိုင်၏မျက်လုံးများတွင် မျှော်လင့်ချက်များကို မြင်ရနိုင်၏။
တစ်ချိန်တည်းမှာပင် ပုံရိပ်တစ်ခုပြီးတစ်ခု ပျံတက်လာပြီး ဝင်ရောက်သွားကြသည်။ အချိန်တိုလေးအတွင်း မိစ္ဆာအင်မိုတယ်စေတီ၏ ပထမထပ်သို့ လူပေါင်းတစ်သိန်းကျော် ဝင်ရောက်သွားခဲ့လေပြီ။
အောက်တွင် စောင့်ကြည့်ရန်အတွက်သာ နေခဲ့သော လူများ ပို၍ပင်များပြားလေသည်။ သူတို့တွင် ဤအခွင့်အရေးတစ်ခုသာ ရှိသည်ဖြစ်၍ အကျိုးအမြတ်ရနိုင်သည်လား ပထမဆုံး စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြ၏။
"ဂိုဏ်းမှာတုန်းက မိစ္ဆာအင်မိုတယ်စေတီနဲ့ပတ်သက်တဲ့ အသေးစိတ်ဖော်ပြချက်တစ်ခု ရှိခဲ့တယ်" ကျင်ရှန်းက တွေးလိုက်သည်။ "စေတီက ကျင့်ကြံအဆင့် ဒါမှမဟုတ် ပင်ကိုယ်စွမ်းရည်ကို စမ်းသပ်တာမဟုတ်ဘူး။ သူ စမ်းသပ်တာက လူတစ်ယောက်ရဲ့ စုစုပေါင်းအတိုက်အခိုက်စွမ်းရည်ပဲ
"ခက်ခဲမှုအဆင့်က ကျင့်ကြံခြင်းအခြေခံ ဘယ်လိုပဲ ဖြစ်ပါစေ လူတိုင်းအတွက် အတူတူပဲ။ စဦးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူဖြစ်ဖြစ်၊ တန်ခိုးရှင်ဖြစ်ဖြစ် အခွင့်အရေးအတူတူရမယ်။ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီအနေနဲ့ ကိုယ့်ခွန်အားအပေါ်မူတည်ပြီး မတူညီတဲ့ပြိုင်ဘက်တွေကို ရင်ဆိုင်ရလိမ့်မယ်
"အဲ့ဒီကောင်စုတ်လေးမန်ဟို ဘယ်အထိ သွားနိုင်မလဲ မသိဘူး။ သူ ဘယ်အဆင့်အထိ ရောက်လောက်မလဲ" ကျင်ရှန်းက စေတီထဲသို့ ချက်ချင်း မဝင်။ ၎င်းက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်သော်လည်း တစ်ချိန်တည်းမှာပင် သူမအတွက် သိပ်အရေးကြီးသည့်အရာမဟုတ်ပေ။
သူမ ဤနေရာသို့ လာရောက်ရသည့် အဓိကရည်ရွယ်ချက်မှာ တာအိုမှော်ကျင့်စဉ်ကို ရှာဖွေရန် မဟုတ် .... နဝမတောင်နှင့်ပင်လယ်ကို တသိမ့်သိမ့် တုန်လှုပ်သွားစေနိုင်သော မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ နံပါတ်တစ် စစ်ခန္ဓာကိုယ် ... မိစ္ဆာအင်မိုတယ်ခန္ဓာကို ပိုင်ဆိုင်ရဖို့ပင်။
အတိတ်တုန်းကဖြစ်ဖြစ်၊ လက်ရှိပစ္စုပ္ပန်တွင်ဖြစ်ဖြစ် မိစ္ဆာအင်မိုတယ်ခန္ဓာမှာ မယုံနိုင်လောက်အောင် အံ့ဖွယ်ကောင်းပြီး ထင်ရှားကျော်ကြား၏။ အမှန်တွင် သခင်လီသည် ယခင်တုန်းက ထိုသို့ခန္ဓာမျိုးကို ပိုင်ဆိုင်ဖူးလေသည်။ ကောလာဟလများအရ တောင်နှင့်ပင်လယ်ကျမ်းစာကို ရယူလိုလျှင် လူတစ်ယောက်တွင် မိစ္ဆာအင်မိုတယ်ခန္ဓာရှိဖို့ လိုအပ်၏။
ကျင်ရှန်းက စိတ်ပိုင်းဖြတ်လိုက်သည်။ "စေတီကိစ္စ ပြီးရင် အဲ့ဒီကောင်စုတ်လေးကို သွားရှာရမယ်"
***