← Chapters

တာအိုမှော်အစေ့

Vol. 42 Ch. 581

တာအိုမှော်အစေ့

Vol. 42 Ch. 581

မိစ္ဆာအင်မိုတယ်စေတီအား ဝန်းရံလျက် လေပေါ်တွင် တင်ပျဉ်ခွေထိုင်လျက်ရှိသည်မှာ မိစ္ဆာအင်မိုတယ်ဂိုဏ်း ပထမအထပ်ကောင်းကင်ဘုံ၏ စတုတ္ထတောင်ထိပ်သခင်ပါရာဂွန် ခဲယွင်ဟိုင်ဖြစ်သည်။ ဖြူဆွတ်နေသော ဆံပင်အရှည်များက သူ၏မျက်နှာတစ်ဝိုက်တွင် လွင့်လူနေပြီး သူ၏မျက်ဝန်းများမှာတော့ ရွှန်းစိုတောက်ပလျက်ရှိ၏။

သူကား တက်ကြွနေသယောင်ပင်။ သို့ရာတွင် သူ၏မျက်လုံးများအထဲ ချောင်အကျဆုံးနေရာ၌ ပင်ပန်းနွမ်းနယ်မှု၊ အိုမင်းကြီးရင့်မှုတို့ ကြီးစိုးနေလေသည်။ သေခြင်းအခိုးအငွေ့များ ထွက်‌မနေသော်လည်း သူ့နှလုံးအိမ်တွင်တော့ သေခြင်းတရားပင်လယ်တစ်စင်း တည်ရှိနေပြီဖြစ်သည်။

အပြင်လူများအနေဖြင့် မိစ္ဆာအင်မိုတယ်စေတီအတွင်းရှိ အဖြစ်အပျက်များကို ကြည့်၍မရပေ။ ‌တောင်ထိပ်သခင်ပါရဂွန်ခုနစ်ဦးပင်လျှင် ဖြစ်ပျက်နေသောအရာများ၏ လှိုင်းဂယက်များအား အာရုံခံနိုင်ခြင်းမရှိ။ သို့သော် ယခုတစ်ခေါက် မိစ္ဆာအင်မိုတယ်စေတီ ပွင့်လာရသည့် အကြောင်းရင်းကိုတော့ သူတို့အားလုံး ကောင်းကောင်းသိကြ၏။

သူတို့အကြည့်သည် စေတီတစ်ခုလုံးကို လွှမ်းခြုံနေပြီး အထဲ၌ ဖြစ်ပျက်နေသည်များကို မမြင်ရသော်လည်း အလင်းစက်များမှ လာနေသော အရှိန်အဝါအရ မည်သူမည်ဝါဖြစ်ကြောင်း ဆုံးဖြတ်နိုင်သေးလေသည်။

ခဲယွင်ဟိုင်က အထပ်(၂)ကို ကြည့်နေပြီး မျက်လုံးများမှာ ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် တောက်ပလာတော့သည်။

"ကျုံစစ်၊ သားလေး အဖေ သားအတွက် ဒီလောက်ပဲ လုပ်ပေးနိုင်တယ်...."

ပါရဂွန်ခုနစ်ဦးအပြင် မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ ပထမအထပ်ကောင်းကင်ဘုံရှိ ကျန်ဂိုဏ်းသားအလုံးစုံမှာ စေတီ၏ပတ်ပတ်လည်တွင် စုပြုံ‌တိုးနေကြလေသည်။ တစ်ယောက်ပြီးတစ်ယောက် စေတီထဲ ဝင်ရောက်ရန် ပျံတက်သွားကြ၏။ အကုန်လုံးမှာ ရုတ်ရင်းဆန်ခတ် ဆူညံပွက်လောရိုက်နေတော့သည်။ အချိန်အနည်းငယ်ကြာသော် အထပ်(၇) တွင် အလင်းစက်တစ်စက်ပေါ်လာရာ ဆွေးနွေးသံများ ကျွတ်ကျွတ်ညံ‌သွားစေလေ၏။

မန်ဟိုကတော့ ဤအခြင်းအရာများကို ဘယ်နည်းနှင့်မှ မသိပေ။ သူသည် လေတွင် ဝဲနေသော ပင်လယ်ရေတောင်ကြီးအား ကြည့်ရင်း အထပ်(၂)တွင်သာ ရှိသေး၏။ တောင်ကြီး သူ့ဆီ ပြေးဝင်လာစဉ် သူ၏မျက်လုံးများ ဝင်းခနဲ တောက်ပသွားသည်။ သူက ခုန်လိုက်ပြီး မရှောင်ဘဲ သတ္တမဝိညာဉ်ခန္ဓာကို အားပြု၍ တိုက်ခိုက်ရန် ပြေးတက်သွားသည်။

ဝုန်း .... မန်ဟိုကား တောင်ကို မဖျက်စီးဘဲ ၎င်း၏အတွင်းထဲသို့ ထိုးဖောက်ဝင်ရောက်လိုက်လေပြီ။

ပင်လယ်ရေတောင်ကြီးတစ်လုံးလုံး ထစ်ချုန်းသံများ ပြည့်နှက်သွားပြီး မရေမတွက်နိုင်သော လှိုင်းများက မန်ဟို့ကို အတွင်းထဲ၌ ပိတ်လှောင်ပစ်ရန်အလား ဖြာထွက်လာသည်။ သူက လှိုင်းများ သူ၏ပတ်ပတ်လည်ကို ဝန်းရံလိုက်သည့်အခါ မျက်လုံးပိတ်လိုက်၏

ထို့နောက် လက်နှစ်ဖက်လုံးကို အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ တောင်က ဝုန်းခနဲ ‌ပေါက်ကွဲထွက်သွား၏။ မန်ဟိုက မျက်နှာဖြူဆုပ်ဖြူလျော်နှင့် အထဲမှ ထွက်လာသော်လည်း သူ၏မျက်လုံးများမှာ ‌ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပနေချေသည်။

"တောင်ဝါးမြိုမန္တန်..." သူက အတန်ငယ် မောဟိုက်နေလျက် ပြောလိုက်သည်။ ဤအခိုက်အတန့်တွင် မန်ဟိုသည် တောင်ဝါးမြိုမန္တန်အပေါ် နားလည်မှုကို ရာခိုင်နှုန်းအားဖြင့် ဖော်ပြရလျှင် ငါးဆယ်ရာခိုင်နှုန်းခန့်ရှိပြီဖြစ်ကြောင်း ပြောနိုင်၏။

ပင်လယ်ရေတောင်ကြီး တစစီ ပြိုကွဲသွားစဉ် မည်သည့်မှော်ကျင့်စဉ်မှ ပေါ်မလာ။ သို့သော် သူ့အရှေ့ရှိ လေထုထဲတွင် အပေါ်သို့ ထိုးတက်သွားသော ခပ်ဖျော့ဖျော့ အလင်းတန်းတစ်တန်း ပေါ်လာ၏။ တစ်ချက်ကလေးကြည့်ရုံမျှဖြင့် ဤအလင်းမှာ အထပ်(၃) သို့ ဦးတည်နေသော ဝင်ပေါက်ဖြစ်ကြောင်း သူ နားလည်လိုက်သည်။

အလင်း အနားရောက်လာသည့်အချိန် မန်ဟိုက လေပေါ်ပျံတက်၍ လေဟာနယ်ထဲ ဝင်ရောက်လိုက်သည်။ မြင်ကွင်း ပြန်လည်ရှင်းလင်းပြတ်သွားသောအခါ သူကား အထပ်(၃)သို့ ရောက်နေခဲ့လေပြီ။

သူ ပေါ်လာသော အခိုက်အတန့်တွင် မိုးထိတိုင် မြင့်သွန်းနေသော မီးပင်လယ်ကြီးတစ်စင်းနှင့်အတူ ဧရာမပုံရိပ်ကြီးဆယ်ခုကို မြင်လိုက်ရ၏။ မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပနေလျက် မီးတောက်များထဲမှ ထွက်လာသည်။

"တတိယဝိညာဉ်ခန္ဓာ"

ဝုန်း

သူ၏အပြင်အားကိုယ် ကျစ်လစ်လာပြီး ကျင့်ကြံအဆင့် ပြောင်းလဲလာသည်။ မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ လေးခု၏ စွမ်းအား သူ့ကိုယ်တွင်းမှ ပေါက်ကွဲထွက်လာ၏။ ကြောက်မက်ဖွယ်ကောင်းပြီး ပြင်းထန်သောစွမ်းအားကြီးကား သူထံမှ၊ အထူးသဖြင့် သူ၏အပြင်အားကိုယ်ထံမှ ‌ဟုန်းဟုန်းတောက် ထွက်ပေါ်နေလျက် သူကား တဟုန်ထိုး တက်သွားတော့သည်။

အထပ်(၄) ၊ အထပ်(၅) ၊ အထပ် (၆) ...

တုံဆိုင်းခြင်းအလျဉ်းမရှိဘဲ မန်ဟိုသည် အထပ်(၇) အထိ တောက်လျှောက် တက်သွားခဲ့ပြီဖြစ်၏။ ဤအချိန်တွင် သူက သတ္တမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်ထားလေသည်။

ဝင်ရောက်ယှဉ်ပြိုင်သူများ အလွန်များပြားလှသည်ဖြစ်ရာ အပြင်ကမ္ဘာတွင် မန်ဟို၏အလင်းစက် ထိုးတက်သွားသည်ကို သတိထားမိသူ နည်းလေသည်။ အများစုက အထပ်(၁၀)ကိုသာ အာရုံစိုက်နေကြ၏။

ထိုနေရာတွင် နောက်တစ်ထပ်တက်ရန် ကြိုးစားနေသော အလင်းစက်တစ်စက်တည်း ရှိလေသည်။

လောလောဆယ်တွင် ဂိုဏ်းသားအလုံးစုံသည် ထိုနေရာအား မမှိတ်မသုန် အာရုံစိုက်လျက်ရှိချေ၏။ သူတို့သည် အထပ်(၁၀)ကို ကျော်ပြီးလျှင် မည်သည့်အပြောင်းအလဲများ ဖြစ်မည်လဲ ကြည့်ရန် စောင့်နေကြသဖြင့် မျက်လုံးများ တလက်လက် တောက်ပနေတော့သည်။

မိစ္ဆာအင်မိုတယ်စေတီမှာ (၉၉) ထပ် ရှိပြီး ဆယ်ထပ်မြောက်သို့ ရောက်တိုင်း ထိပ်ဆုံးတာအိုမှော်ကျင့်စဉ်တစ်ရာထဲမှ တစ်ခု ရယူနိုင်ခွင့် ရှိမည်မဟုတ်ပါလော။ ထိုအထဲက မည်သည့်ကျင့်စဉ်ကိုမဆို အံ့ဖွယ်ပညာရပ်တစ်ခုအဖြစ် သတ်မှတ်နိုင်သည့်အတွက် လူတိုင်းအား ရင်ခုန်စေရန် လုံလောက်လေသည်။

အထူးသဖြင့် တောင်ကောင်းကင်မှ ကျင့်ကြံသူများအတွက်ပင်။ သူတို့သည် မိစ္ဆာအင်မိုတယ်ဂိုဏ်းသားများထက်ပို၍ အထပ်(၁၀)အပေါ် အပြည့်အဝ အာရုံစိုက်ထားကြ၏။ ဟန်ပေ့ ၊ ဝမ်လီဟိုင်၊ ကျီမျိုးနွယ်နှင့် ဖန်မျိုးနွယ်စု၊ အရှေ့ဘက်နယ်မြေနှင့် မြောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူများ ... စေတီထဲ မဝင်ရောက်သေးသူအကုန်လုံး သေသေချာချာ စောင့်ကြည့်လေ့လာနေကြလေသည်။

အချိန်များ ကုန်လွန်သွားသည်။ ကြည့်ရသရွေ့ အထပ်(၁၀)မှာ အင်မတန် ခက်သယောင်ပင်။ ထိုနေရာရှိ ကျင့်ကြံသူမှာ ယခုထက်ထိ ရှေ့ဆက်မတက်နိုင် ဖြစ်နေ၏။ ခဲယွင်ဟိုင်နှင့် ဖန်ယုမှလွဲပြီး အလင်းစက်တစ်စက် အထပ်(၇)မှ ပျောက်ကွယ်၍ အထပ်(၈)တွင် ပေါ်လာခဲ့သည်ကို သတိထားမိသူ မရှိသလောက် ရှားလေသည်။ ထို့နောက် ၎င်းက အထပ် (၉) သို့ တက်သွားခဲ့၏။

နောက်ဆုံးတွင်တော့ ... အကုန်လုံး ပါးစပ်အဟောင်းသားဖြစ်သွားပြီး အထပ်(၁၀)ကို ပို၍ပင် စိတ်ဝင်တစား အာရုံစိုက်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ... အလင်းစက်တစ်စက်က ဖျတ်ခနဲ ထိုနေရာတွင် ပေါ်လာ၍ပင်။

ဒုတိယအလင်းစက်တစ်စက်ကား အထပ်(၁၀)သို့ ရောက်လာခဲ့လေပြီ။

မှန်သည် ၊ ၎င်းကား မန်ဟိုမှလွဲ၍ တခြားမဟုတ်။

"ဘယ်သူလဲ အဲ့ဒါ..."

"ဘယ်သူဖြစ်လောက်မလဲ။ အခုလေးတင် အထပ်(၁၀) ရောက်လာခဲ့တဲ့သူကို စောစောက ဘယ်သူမှ သိပ်အာရုံမစိုက်ခဲ့မိပါလား"

စကားသံများ ဆူညံနေစဉ် အကြည့်အကုန်လုံးက မန်ဟိုကို ကိုယ်စားပြုသော အလင်းစက်အပေါ် ရောက်နေကြ၏။

ထိုစဉ် အထပ်(၁၀)တွင်တော့ ရွှေအလင်းရောင်စဉ်များ ကွန့်မြူးလျက်ရှိသည်။ ကောင်းကင်ကြီးလည်း ရွှေရောင်၊ မြေကြီးလည်း ရွှေရောင်၊ အရာအားလုံး ရွှေရောင်သာ ဖြစ်၏။ ဓားဆယ်လက်က ကြောက်မက်ဖွယ်စွမ်းအားအပြည့်ဖြင့် ဘက်ပေါင်းစုံမှ မန်ဟို့ဆီ ပြေးဝင်လာသည်။

ဤဓားဆယ်လက်က စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်စွမ်းအားကို ထုတ်ဖော်ထား၏။ ၎င်းတို့သည် ပြိုင်ဘက်ကင်းလောက်အောင် ရက်စက်ပြီး ၎င်းတို့၏အသတ်အဖြတ်စိတ်ဆန္ဒမှာ ကောင်းကင်ဘုံသို့တိုင် ရိုက်ခတ်နေလေသည်။

ဓားဆယ်လက် အနားရောက်မလာခင် မန်ဟို၏ သူငယ်အိမ်များ ကျုံ့သွားပြီး သူက ‌တွေဝေခြင်းမရှိ အော်လိုက်၏။ "ဆဋ္ဌမဝိညာဉ်ခန္ဓာ"

ဝုန်း

သူ၏ကျင့်ကြံအဆင့် မြင့်တက်လာပြီး အပြင်အားကိုယ်မှာ မာကြောကျစ်လစ်လာလေပြီ။ သူ၏အတိုက်အခိုက်စွမ်းရည်သည် ယခုတွင် မဟာစက်ဝန်းအဆင့်အနုသုခုမရုပ်ခန္ဓာ (၃၂) ခု နှင့် ညီမျှသွားပြီဖြစ်၏။ သူ၏ခန္ဓာကိုယ်မှာတော့ ယခုတွင် သတ္တုမဝိညာဉ်ခန္ဓာထက် အစွမ်းပိုထက်လေသည်။ မန်ဟို တွက်ချက်ကြည့်ရသလောက် ၎င်း ယခု ရောက်ရှိ‌နေသော စွမ်းအားအဆင့်မှာ အဋ္ဌမဝိညာဉ်ခန္ဓာနှင့် ညီမျှနေလေပြီ။

ထိုသို့ အံ့ဖွယ်စွမ်းအားမျိုး၊ အထူးသဖြင့် အထူးသဖြင့် အကုန်လုံး အတူတကွ ပေါင်းစည်းသွားသောအခါ မန်ဟိုအား သတ္တမဝိညာဉ်ခန္ဓာနှင့်ညီမျှ‌သော စွမ်းအားကြီးဖြင့် တိုက်ခိုက်နိုင်သွားစေသည်။

တခဏကြာသော် ဓားဆယ်လက်မှ သရဲပုံရိပ်များ ထွက်လာ၏။ ကမ္ဘာတစ်ခုလုံး စိုးမိုးနေသော ရွှေအလင်းရောင်စဉ်တို့က သရဲပုံရိပ်များအား အလင်းပေါင်းစုံကို ဝါးမြိုပစ်နိုင်ပုံရသော တွင်းနက်ကြီးသဖွယ် ပြောင်းလဲသွးစေသည်။ ကမ္ဘာလောကထဲရှိ အလင်းအားလုံး စုပ်ယူခံလိုက်ရကာ ဓားများသာလျှင် ကျန်ရှိခဲ့၏။ ၎င်းတို့က ပုံသဏ္ဌာန်မဲ့အလင်းအား ထုတ်လွှတ်လျက် မန်ဟိုထံသို့ ခုတ်ပိုင်းချလိုက်သည်။

ထိုမျှသာမက ၎င်းတို့သည် နယ်‌မြေလှိုင်းများကိုပင် စတင်ထုတ်လွှတ်လာလေပြီ။

မန်ဟို့မျက်ဆံများ ကျုံ့သွားသည်။ ဓားတို့ သူ့အနား ရောက်စပြုလာလျှင်ချင်း သူကား သတ္တမဝိညာဉ်ခန္ဓာသို့ ဝင်‌ရောက်လိုက်တော့သည်။

ဝုန်း

သတ္တမဝိညာဉ်ခန္ဓာသည် စွမ်းအား(၆၄)ဆဖြင့် ပေါ်ထွက်လာလေသည်။ မန်ဟို၏ အပြင်အားကိုယ်မှ မိုးခြိမ်းသံကဲ့သို့ ထစ်ချုန်းအသံများ မြည်ဟည်းလာပြီး အပြင်အားကိုယ်မှာ ထပ်မံ၍ ထွားမလာဘဲ ကျစ်လစ်တောင့်တင်းလာ၏။ အင်မိုတယ်နတ်ဆိုးကြီးတစ်ကောင်ကဲ့သို့ ခံစားချက်ကြီးမှာ ပို၍အားကောင်းလာလေပြီ။ မန်ဟို၏တွက်ချက်မှုအရ ယခု သူ့တွင် နဝမဝိညာဉ်ခန္ဓာနှင့် ညီမျှသော အပြင်အားကိုယ်ကို ပိုင်ဆိုင်ထားရှိပြီ ဖြစ်သည်။

သူကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် အပြင်အားကိုယ်ရရှိရန် ဆံခြည်တစ်မျှင်သာ ကွာဝေးတော့၏။

‌အလွန်ပြင်းထန်သော ပေါက်ကွဲမှုကြီးက ‌အရာအားလုံး သိမ့်သိမ့်တုန်ခါ လှုပ်ရမ်းသွားစေသည်။ မန်ဟိုက နောက်ဆုတ်ကာ သွေးတချို့ အန်လိုက်ရ၏။ သူ့အရှေ့ရှိ အရာအားလုံးမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားလေပြီ။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော မှော်သင်္ကေတများ မှိတ်တုတ်မှိတ်တုတ် လင်းလက်လာ၏။

တာအိုမှော်ကျင့်စဉ် သုံး‌ထောင်....

တာအိုမှော်သင်္ကေတသုံးထောင်....

၎င်းတို့က မန်ဟို၏ ဝန်းရံလျက် တခဏ လည်ပတ်သွားပြီး တခဏကြာသော် ၎င်းတို့အထဲမှ တစ်ခုသည် သူ့ဆီ ပြေးဝင်လာ၏။

အမှတ်အသားမှာ အသေးစားတောင်တစ်လုံးပုံစံရှိသည်။ မြင်သည်နှင့်တစ်ပြိုင်နက် မန်ဟို တန်းမှတ်မိလိုက်၏။ ဤအရာကား ‌‌သူ တစ်စိတ်တစ်ပိုင်း ဉာဏ်အလင်းရထားပြီးဖြစ်သော တောင်ဝါးမြိုမန္တန်မှတစ်ပါး အခြားမဟုတ်။

သူက မျက်လုံးများ တဖျပ်ဖျပ် စူးရှဝင်းလက်‌‌နေလျက် သင်္ကေတကို မရှောင်ပေ။ ၎င်းသည် သူ့အနားရောက်လာပြီးနောက် သူ၏ခန္ဓာကိုယ်အထဲ ဝင်ရောက်ပေါင်းစည်းလိုက်သဖြင့် သူ့စိတ်ထဲတွင် ထစ်ချုန်းသံကြီး မြည်ဟည်းသွားစေတော့သည်။ မရေမတွက်နိုင်သော တောင်ထိပ်သဏ္ဌာန်များ သူ၏စိတ်အာရုံကို စိုးမိုးသွား၏။ လောလောဆယ်တွင် သူကိုယ်တိုင် စောင့်ကြည့်‌လေ့လာပြီး တောင်ပေါင်းကုဋေကုဋာကို ဖော်ဆောင်နေရသည့်အလားပင်။

တစ်ချိန်တည်းမှာပင် နားလည်သဘောပေါက်သွားသော အလင်းရောင်က သူ၏မျက်ဝန်းများတွင် နေရာယူလာ၏။ သူသည် တစ်နာရီတိုင် တင်ပျဉ်ခွေလျက်ထိုင်နေပြီးနောက် မျက်လုံးများကို ပြန်ဖွင့်လိုက်၏။ အံ့ဩဖွယ်ကောင်းစွာနှင့် တောင်တစ်လုံး၏ပုံရိပ်အား မန်ဟို့သူငယ်အိမ်များတွင် ယခု မြင်နေရလေပြီ။

သူ၏အရှိန်အဝါလည်း ပြောင်းလဲသွား၏။ တောင်ဝါးမြိုမန္တန်နှင့် စပ်လျဉ်းသမျှ ပုံရိပ်များ၊ မှတ်ဉာဏ်များမှာ အတူတကွ ပေါင်းစည်း၍ သူ၏စိတ်ထဲတွင် အစေ့တစ်စေ့နှင့်တူသော တံဆိပ်အမှတ်အသားတစ်ခုအား ဖော်ဆောင်လိုက်တော့သည်။

ဤသည်မှာ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီမှ ထွက်ခွာလျှင် တစ်ပါတည်း ယူဆောင်သွားနိုင်သော အစေ့တစ်စေ့ဖြစ်လေသည်။

ဤအစေ့ပေါ်ပေါက်လာခြင်းက မန်ဟိုသည် ဤပညာရပ်နှင့်ပတ်သက်၍ ကနဦးဉာဏ်အလင်းပွင့်သွားပြီဟု ဆိုလိုပေ၏။

"တောင်ဝိညာဉ်ကို ဝါးမြိုပြီး တောင်ရဲ့ ဝိညာဉ်ကို ဖော်ဆောင်လော့။ တောင်ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး ကိုယ်ပိုင်ခန္ဓာကိုယ်အဖြစ် သန့်စင်လော့" မန်ဟိုက ထရပ်ပြီး ညာလက်ကို ဝှေ့ရမ်းလိုက်သည်။ ချက်ချင်းပင် တောင်ထိပ်တစ်လုံး၏ ပုံရိပ်ယောင်က ဝုန်းခနဲ ပေါ်ထွက်လာတော့၏။ မန်ဟိုက ထူးဆန်းစွာ တောက်ပနေသော မျက်ဝန်းများဖြင့် မော့ကြည့်ကာ အပေါ်ရှိ အလင်းမျက်နှာပြင်ဆီ ပျံတက်သွားတော့သည်။

သူ ၎င်းကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်ထဲတွင် ဂျိန်းခနဲ ထစ်ချုန်းသွား၏။ သူ့မှာ ရေများကြားမှ ဖြတ်သွားနေရသည့်အလား၊ တစ်စုံတစ်ခုက သူ့ကို ပြန်တွန်းထုတ်နေသည့်အလား ခံစားလိုက်ရလေသည်။ သူ လက်ရှိကမ္ဘာသို့ ထိုးဖောက်ထွက်မလာခင် ခံစားချက်မှာ အသက်အရှိုက်အနည်းငယ်သာ ခံလိုက်၏ ။ အရှေ့ရှိ အရာအားလုံး ရှင်းလင်းပြတ်သားလာသောအခါ အံ့ဩဖွယ်ကောင်းစွာနှင့် ကမ္ဘာအသစ်တစ်ခုကို သူမြင်လိုက်ရလေသည်။

ဤကမ္ဘာသည် ရှေးခေတ်က စစ်မြေပြင်တစ်ခု ဖြစ်၏။ သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် စစ်မြေပြင်အပေါ်ရှိ ပုံရိပ်အမြောက်အမြားက ရုတ်တရက် ခေါင်းလှည့်၍ သူ့ကို တည့်တည့်ကြီး စိုက်ကြည့်လိုက်ကြသည်။

၎င်းတို့က ကျင့်ကြံသူများဖြစ်ပြီး ဒါဇင်နှင့်ချီလောက်ပေမည်။ သူတို့ကို မြင်လိုက်သည့်အချိန်တွငိ မန်ဟို့သူငယ်အိမ်များ ကျုံ့သွား၏။ သူတို့သည် လောလောဆယ်တွင် သူ့ဆီ လာနေကြ‌ပြီဖြစ်သည့်အတွက် သူက တုံ့ဆိုင်းမနေတော့ဘဲ သိုလှောင်အိတ်ကို ပုတ်ကာ အဆောင်စက္ကူတစ်ရွက်အား အရှေ့သို့ အားကုန်ပစ်ပေါက်လိုက်တော့၏။

တဖောင်းဖောင်း ပေါက်ကွဲသံများ ပဲ့တင်ရိုက်သွားပြီး ဤကမ္ဘာတစ်ခုလုံး၏ ကုန်းမြေတစ်ဝက်ကျော်မှာ တသိမ့်သိမ့် လှုပ်ရမ်းသွားလေသည်။ မန်ဟို့ကို ဗဟိုပြု၍ ဧရာမအက်ကြောင်းကြီးများ ပေါ်လာပြီး မိုးကြိုးများ တဖွဲဖွဲ ရွာကျလာသည်။ တစ်ကမ္ဘာလုံးမှာ နတ်-မိစ္ဆာစစ်ပွဲကြီး ဖြစ်လာခဲ့သယောင်ပင်။

မန်ဟို အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ခဲယွင်ဟိုင်ပေးထားသော အဆောင်စက္ကူများမှာ မုချ အစွမ်းထက်လိမ့်မည်ဟု ခန့်မှန်းထားပြီးဖြစ်သော်လည်း ယခုတော့ တစ်ရွက်လေး၏ လုပ်ဆောင်ချက်ကို မြင်သော မတုန်လှုပ်မိဘဲ‌ မနေချေ။ အထပ် (၁၁) တစ်ကမ္ဘာလုံးမှာ လုံးဝဥဿုံ ပြိုကျပျက်စီးလျက် ပျောက်ကွယ်သွားလေပြီ။ စစ်မြေပြင်ပေါ်ရှိ ပုံရိပ်များလည်း မီးလောင်ပြာကျကာ လေနှင့်အတူ လွင့်မျောသွားတော့၏။

မန်ဟိုတစ်ယောက်သာလျှင် ကျန်ခဲ့သည်။

"ထိပ်ဆုံးရောက်အောင် မရမက လုပ်ပေးတာလား" မန်ဟိုက မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်ပြီးနောက် ရှက်ကိုးရှက်ကန်းမျက်နှာထားဖြင့် အထပ်(၁၂) သို့ တက်သွားတော့သည်။

အထပ် (၁၂) ၊ အထပ် (၁၃) ၊ အထပ် (၁၄) .... မန်ဟို ရှေ့ဆက်သွားနေစဉ် သူ၏ပတ်ဝန်းကျင်မှာ တဗုန်းဗုန်း‌ တဖောင်းဖောင်း ပေါက်ကွဲနေတော့၏။ သူ သွားသည့်နေရာတိုင်း၌ ကောင်းကင်နှင့်မြေပြင်မှာ တုန်လှုပ်သွားရပြီး မှော်သင်္ကေတများက သူ့ဆီ တိုးဝင်လာမည်ဖြစ်သည်။ အပြင်ဘက်ကမ္ဘာမှပင်လျှင် မည်သည်တို့ ဖြစ်ပျက်နေသည်လဲ သိသာထင်ရှားလာတော့သည်။

မိစ္ဆာအင်မိုတယ်ဂိုဏ်းသားအားလုံး မျက်လုံပြူးကြီးများဖြင့် မှင်သက်နေကြစဉ်မှာပင် အလင်းစက်ကား အသက်ရှိုက်စာအနည်းငယ်လေးအတွင်း အထပ်(၁၁)မှ အထပ်(၁၅)သို့ တောက်လျှောက် ထိုးတက်သွားခဲ့လေပြီ။ လူတိုင်းမှာ ပါးစပ်အဟောင်းသာ ဖြစ်နေကြတော့၏။

အထူးသဖြင့် အလင်းစက်၏ပတ်ပတ်လည်တွင် သိသာထင်ရှားသော မှော်ပစ္စည်းလှိုင်းအရှိန်အဝါနှင့်အတူ တလက်လက်တောက်ပနေသော အရှိန်အဝါတစ်ခု ပေါ်လာသည့်အချိန်တွင်ဖြစ်သည်။

"အဲ့ဒီလူမှာ မှော်ပစ္စည်းတွေ ဘယ်‌..ဘယ်လောက်တောင် ရှိနေတာလဲ"

***

All Chapters