စကားဆယ့်နှစ်လုံး
Vol. 42 Ch. 582/583
သုဿန်တစပြင်တမျှ တိတ်ဆိတ်နေသည့်အချိန် မကျေမနပ် စောဒကတက်လိုက်သောအသံတစ်သံ ရုတ်တရက် ထွက်လာ၏။ ၎င်းကား မြောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူပင် ဖြစ်သည်။ "ဘယ်သူလဲ သူက ။ လက်ရွေးစင်ပညာသင်တစ်ယောက်ယောက်များလား။ လက်ရွေးစင်ပညာသင်ဖြစ်နေတယ် ဆိုဦးတော့ မှော်ပစ္စည်းတွေကို အဲ့ဒီလောက် ဘယ်ဖြုန်းပစ်နိုင်မှာတုန်း
"သူ...သူ သုံးခဲ့တဲ့ မှော်ပစ္စည်း ဘယ်လောက်တောင်ရှိနေပြီလဲ ... အယုတ်တမာကောင်... ဒီကောင် မသမာနည်းသုံးနေတာ"
ထို့နောက် ဖြစ်ပျက်သွားသောအရာက လူတိုင်းကို ဆွံ့အသွားစေသည်။ မှော်ပစ္စည်းအလင်းများ ခြုံရံလျက်ရှိသော အထပ်(၁၅)မှ အလင်းစက်က အထပ်(၁၆)သို့ ဖျတ်ခနဲ ဆက်သွားခဲ့လေပြီ။
ထို့နောက် အထပ်(၁၇) ၊ အထပ် (၁၈) ၊ အထပ် (၁၉)။ စောင့်ကြည့်နေသူများ၏ ရင်ထဲတွင် စကားလုံးများဖြင့်ပင် ဖော်ပြ၍မရနိုင်သော မနာလိုဝန်တိုမှု၊ အားကျမှုတို့ ဖြစ်တည်လာတော့သည်။ အလင်းစက်က အထပ်(၂၀) ရောက်သည့်အခါမှနောက်ဆုံး ရပ်သွားလေသည်။ ကြည့်ရသရွေ့ ဤအဆင့်မှာ မယုံနိုင်လောက်အောင် ခက်ပုံပင်။
ဤအခြင်းအရာကို မြင်မှ ပရိသတ်ထုခမျာ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။ သူတို့အားလုံး၏ ခံစားချက်များမှာ ဝိရောဓိဖြစ်နေကြသဖြင့် ဆွေးနွေးငြင်းခုံသံများ စတင်ပျံ့နှံ့လာလေသည်။
"ဟဲ့ ငါ မပြောဘူးလား။ ဘယ်သူမှ အဲ့ဒီလောက် မခံနိုင်ဘူးလို့။ ဒီလူ့မှာ မှော်ပစ္စည်းတွေ ဒီထက်ပိုရှိရင်တောင်မှ အထပ်(၂၀)ကို ဖောက်ထွက်နိုင်မှာမဟုတ်ဘူး သိလား"
"ဘုရားတရားသံဃာမိဘဆရာ တော်သေးတယ် ရပ်သွားလို့သာပေါ့။ မဟုတ်ရင် ငါတို့တွေ သူနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်တော့မှာလဲ"
ဟန်ပေ့နှင့်ဝမ်လီဟိုင်လည်း တိုးတိုးတိတ်တိတ် သက်ပြင်းချလိုက်ကြသည်။ သူတို့ ယခုလေးတင် မျက်မြင်ကိုယ်တွေ့ ကြုံနေရသော မြင်ကွင်းကြီးက သူတို့ကို ကြောက်စိတ်များဖြင့် ရင်ဒိန်းဒိန်းခုန်နေစေခဲ့၏။ သူတို့သာမဟုတ်။ တောင်ကောင်းကင်ဂြိုဟ်မှ အခြားလူများလည်း ထိုနည်းတူပင်။
သို့ထိတိုင် လူတိုင်း ဆွေးနွေးငြင်းခုံနေကြနေဆဲရှိပြီး နောက်တစ်ခွန်းပင် ထပ်မပြောနိုင်ရသေးခင်မှာပင် အထပ်(၂၀)မှ အုန်းခနဲ အသံကြီးတစ်သံ ကြားလိုက်ရ၏။ အသံကြီးမှာ စေတီ၏အပြင်သို့ ပဲ့တင်ထပ်လာသည့်တိုင်အောင် အလွန်ကျယ်လောင်လှလေသည်။
ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားစဉ် အထပ်(၂၀)၏ သုံးဆယ်ရာခိုင်နှုန်းနီးပါးမှာ မန်ဟို့အလင်းစက်ကို ဝန်းရံလျက်ရှိသော မှော်ရောင်ခြည်ဖြင့် လွှမ်းခြုံခံလိုက်ရလေပြီ။
ဤအဖြစ်အပျက်က ပတ်ဝန်းကျင်ရှိ လူတိုင်းအား စိတ်ထဲတွင် ထစ်ချုန်းသံများအပြည့်ဖြင့် ပင့်သက်ရှိုက်မိသွားစေ၏။ အကုန်လုံးမှာ တစ်ခုတည်းကိုသာ သိချင်နေကြတော့သည်။
တစ်ထပ်လုံး၏ သုံးဆယ်ရာခိုင်နှုန်းကိုပင် လင်းထိန်သွားစေရလောက်အောင် ဒီလူ မှော်ပစ္စည်းမည်မျှ ဖောက်ခွဲပစ်ခဲ့လေသနည်း....
ဖန်ယု၏မျက်ဝန်းလေးများမှာ ဝိုင်းစက်ပြူးကျယ်နေပြီး သူမမျက်နှာလေးမှာ အလွန်မနာလိုဖြစ်နေသော ပုံစံရှိ၏။ "သူ့အဖေကြောင့်ပဲ နေမယ်"
ခဲယွင်ဟိုင်မှာတော့ အခြားတောင်ထိပ်သခင်ပါရာဂွန်ရှစ်ဦး၏မျက်နှာအပေါ်ရှိ ထူးဆန်းသော အရိပ်အယောင်များကို လျစ်လျူရှုရင်း ငါးခူအပြုံးကြီးပြုံးလျက် လေလယ်တွင် တင်ပျဉ်ခွေထိုင်နေချေသည်။
"ဒါမှ ငါ့သားကွ ၊ ကျုံစစ် ထိပ်ဆုံးထိ ရောက်အောင် မရမက သွားဟေ့။ မင်းရဲ့ အဖေအဘိုးကြီးအတွက် အထပ်(၉၀) အထိ ရောက်အောင်သွားကွာ" ခဲယွင်ဟိုင်မှာ ဤသို့ပင် အော်လုမတတ် ဖြစ်နေတော့သည်။ လူတိုင်း မသမာနည်းသုံးနေကြောင်း သိလျှင်တောင်မှ ဖခင်တစ်ဦးအနေဖြင့် သူ့မှာ ဖြစ်ပျက်နေသော မြင်ကွင်းကို ကြည့်ရင်း ပီတိမဖြစ်မိဘဲ မနေပေ။
အထပ် (၂၀) တ္ငွင် မန်ဟိုမှာ စုတ်တီးစုတ်ပြုတ် ကို့ရို့ကားယားဖြင့် ကပျာကယာ နောက်ဆုတ်လိုက်ရ၏။ မျက်စိကန်းမတတ် တောက်ပနေသော ဧရာမဒိုင်းကြီးတစ်ခုက သူ့ကို ဝန်းရံထားလေသည်။ တစ်ကောင်ချင်းစီက မန်ဟို့ကို အမြုတေအထိ တုန်လှုပ်သွားစေနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်သော နတ်နဂါးကြီးတစ်အုပ်ကလည်း သူ့ကို ဝန်းရံထားလျက်ရှိ၏။ သို့ရာတွင် ၎င်းတို့အား ဧရာမဒိုင်းကြီးမှ ခုခံပိတ်ဆို့ပေးထားလေသည်။
သို့သော်လည်း ကံဆိုးစွာနှင့် ဒိုင်းမှာ လျင်မြန်စွာ မှေးမှိန်ပျောက်ကွယ်လာနေ၏။ မန်ဟို့ဘယ်လက်က မိစ္ဆာကျောက်တုံးအပြည့်ပါသည့် အိတ်တစ်လုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။ မိစ္ဆာကျောက်တုံးများသည် ဝိညာဉ်ကျောက်တုံးများနှင့် ဆင်တူပြီး လက်ရှိအသုံးပြုနေသော မှော်ရတနာများနှင့် အဆောင်စက္ကူများကို အားဖြည့်ပေးရန် မန်ဟိုအသုံးပြုနေသည့်အရာများ ဖြစ်၏။
စောစောက သူ့မှာ နတ်ဘုရားစွမ်းရည်တစ်ခုဖြင့် အသက်ထွက်ရတော့မည့်ဘေးမှ ကပ်သီလေး လွတ်မြောက်လာခဲ့လေသည်။ လောလောဆယ်တွင် သူသည် နောက်ဆုတ်နေရပြီး တစ်ချိန်တည်းမှာပင် အဆောင်စက္ကူတစ်ပုံတစ်ခေါင်းထုတ်ပြီး သူ၏ကိုယ်ပေါ်သို့ ကပ်နေ၏။
ဝုန်း
မှေးမှိန်ပျောက်ကွယ်နေသော ဒိုင်းမှာ နောက်တစ်ဖန် အားပြန်ပြည့်လာ၏။ ချက်ချင်းဆိုသလို အလွှာများ တထပ်ထပ် ထွက်လာပြီး တစ်လွှာအပေါ်တစ်လွှာဆင့်၍ မန်ဟိုဆီ ပြေးဝင်လာနေသော နတ်ဘုရားစွမ်းရည်အလုံးစုံကို ပိတ်ဆို့လိုက်လေသည်။
မန်ဟိုက သက်ပြင်းတစ်ချက် ချလိုက်၏။ ဤဒိုင်းမှာ သူ ဤနေရာသို့ ဝင်ရောက်နိုင်ခဲ့သော အဓိကအကြောင်းရင်းဖြစ်သည်။ ထိုမျှသာမက ခဲယွင်ဟိုင် သန့်စင်ထုလုပ်ပေးခဲ့သော မှော်ပစ္စည်းများ၊ အဆောင်စက္ကူများအနက် ဤဒိုင်းမျိုးမှာ သူ၏အသက်စွမ်းအားအများစု သုံးခဲ့ရသော အရာဖြစ်လေသည်။ ၎င်းတို့တွင် သူ၏ ချီ ၊ သွေးနှင့် အရှိန်အဝါတို့ ပါဝင်၏။ ၎င်းမှာ သူကိုယ်တိုင် သူ၏မှော်သိုင်းများဖြင့် မန်ဟို့ကို ဤနေရာတွင် ကာကွယ်ပေးနေသကဲ့သို့ ဖြစ်လေသည်။
ဤဒိုင်းကြောင့် မန်ဟိုသည် ပန်းခင်းသောလမ်းကို လျှောက်လှမ်းရသကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့် ဆက်သွားနိုင်ခဲ့၏။
အပြင်မှလူများ ပြောသည့်အတိုင်း မသမာနည်းသုံးခြင်းဖြစ်ပြီး ရိုးရိုးတန်းတန်း မသမာနည်းလေးမဟုတ် ၊ မဟာမသမာနည်းကြီးဖြစ်လေသည်။
မန်ဟိုသည် သူ၏ပတ်ပတ်လည်ရှိ ပုံရိပ်များ၏ ကျင့်ကြံခြင်းအခြေခံကို အကဲခတ်လိုက်ပြီး တုန်လှုပ်သွားတော့သည်။ သူ့မှာ နောက်တစ်အိတ်ထဲမှ အဆောင်စက္ကူအဆုပ်လိုက်ထုတ်ပြီး အရှေ့သို့ ပစ်ပေါက်လိုက်၏။
တဖောင်းဖောင်း ပေါက်ကွဲသံများ ဆူညံသွားပြီး လေထဲတွင် လွင့်ပြာလွင့်မတတ် ထိတ်လန့်ဖွယ်ကောင်းသော ဧရာမလက်ကြီးများ ထောင်နှင့်ချီ ထွက်ပေါ်လာလေသည်။ ၎င်းတို့က အရာခပ်သိမ်းကို သိမ်းကျုံးတိုက်ခတ်ရင်း အောက်သို့ နိမ့်ဆင်းလာကြ၏။ မှော်ပစ္စည်းရောင်ခြည်များက အထပ်(၂၀) ၏ တစ်ဝက်နီးပါး လွှမ်းခြုံရင်း ဖြာထွက်လာသည်။
မန်ဟို အကုန်လုံးအား တွန်းဖယ်ထုတ်လိုက်သည့်အခါ အထပ် (၂၁) ၏ အလင်းရောင်ကား ပျံ့နှံ့လာလေပြီ။ တစ်ချိန်တည်းမှာပင် တာအိုမှော်ကျင့်စဉ်သုံးထောင်၏ မှော်သင်္ကေတများ နောက်တစ်ကြိမ် ပေါ်လာ၏။ ၎င်းတို့က မန်ဟို့ကို ဝန်းရံလှည့်ပတ်ပြီးနောက် အနီရောင်သင်္ကေတတစ်ခု မန်ဟို့ဆီ ဦးတည်လာတော့သည်။
၎င်း သူ့နဖူးကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ထစ်ချုန်းသံကြီးတစ်သံ သူ့စိတ်ထဲတွင် ပြည့်နှက်သွား၏။ ရှေးဆန်သော အသံတစ်သံလည်း သူ၏စိတ်အာရုံကို စိုးမိုးသွားလေသည်။
"နေရောင်စဉ်မန္တန်"
အသံသည် မန်ဟို့စိတ်ထဲတွင်သာ ပဲ့တင်ထပ်နေခြင်းမဟုတ်ဘဲ မိစ္ဆာအင်မိုတယ်စေတီ၏ အထပ်(၂၀)ထဲမှ တစ်ဂိုဏ်းလုံးကြားနိုင်သည်အထိ ဟိန်းထွက်လာလေသည်။ ဂိုဏ်းသားများမှာ ထိတ်လန့်မှင်သက်ကုန်ကြပြီး အတော်များများမှာ အသက်ရှူသံများ မြန်လာကာ မျက်လုံးများ၌ လိုချင်တပ်မက်မှုများ ပြည့်နှက်လာတော့သည်။
"နေရောင်စဉ်...နေရောင်စဉ်မန္တန်တဲ့လား"
"သေစမ်း၊ သေစမ်း သူက အထပ်(၂၀)မှ နေရောင်စဉ်မန္တန်ကို တကယ်ကြီး ရသွားတယ်ပေါ့"
"တာအိုမှော်ကျင့်စဉ် သုံးထောင်ထဲမှာ နေရောင်စဉ်မန္တန်က နံပါတ် (၃)လေ။ ဉာဏ်အလင်းရသွားလို့ အဲ့ဒီမန္တန်ကို သုံးတဲ့အခါ လက်ကလေး လှန်လိုက်ရုံနဲ့ ကောင်းကင်ကြီးကို မှောင်မိုက်သွားစေနိုင်တယ်။ လက်ပြန်လှန်လိုက်ရင် နေ့တာ ပြန်ရောက်သွားလိမ့်မယ်တဲ့။ သူ တကယ်ကြီး အဲ့ဒီမန္တန်ကို ရသွားပြီလား။ ငါလက်မခံနိုင်ဘူး"
မိစ္ဆာအင်မိုတယ်ဂိုဏ်းသားအားလုံး သွေးရူးသွေးတန်း ဖြစ်ကုန်ကြသည်။ အားလုံးအထဲ အရူးသွပ်ဆုံးသူများမှာတော့ တောင်ကောင်းကင်ဂြိုဟ်မှ လာခဲ့သူများပင်။ ဟန်ပေ့ ၊ ဝမ်လီဟိုင်၊ တောင်ပိုင်းဒေသ၊ မြောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူများအားလုံး ပြင်းပြသော လိုချင်ဆန္ဒများဖြင့် ပြည့်နှက်သွားကြတော့သည်။ တစ်ယောက်မှ သည့်ထက်ပိုပြီး မစောင့်နိုင်တော့ပေ။ သူတို့၏ခန္ဓာကိုယ်များက မိစ္ဆာအင်မိုတယ်စေတီဆီသို့ ရိပ်ခနဲ ဦးတည်သွားကုန်ကြ၏။
ကျီမျိုးနွယ်စု၊ ဖန်ယုအပါအအဝင် ဖန်မျိုးနွယ်စုတို့လည်း လေပေါ် ပျံတက်လိုက်ကြသည်။
သူတို့သာ မဟုတ်။ မိစ္ဆာအင်မိုတယ်ဂိုဏ်းသားအတော်များများမှာ ရပ်ကြည့်နေရုံနှင့် မကျေနပ်နိုင်ကြတော့ပေ။ သူတို့သည် မန်ဟို ရရှိသွားသောကျင့်စဉ်၏ လှုံ့ဆော်မှုအား သည်းမခံနိုင်တော့ဘဲ ချီတက်သွားကြ၏။
မျက်စိတစ်မှိတ်အတွင်း လူပေါင်းတစ်သိန်းကျော် မိစ္ဆာအင်မိုတယ်စေတီထဲသို့ အလုအယက် ဝင်ရောက်သွားကြသည်။ ထိုအချိန်မှာပင် မန်ဟိုသည် အထပ် (၂၀) တွင် တင်ပျဉ်ခွေထိုင်နေ၏။ ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏မျက်လုံးများ ပွင့်လာသည်။ ယခုတွင် နေရောင်စဉ်မန္တန်ကား သူ၏စိတ်ဝယ် ကိန်းအောင်းသွားခဲ့လေပြီ။ သို့သော် ပြောင်မြောက်သောမန္တန်တစ်ခု ဖြစ်သည့်တိုင် ယင်းကား သူ အမှန်တကယ် လိုချင်သည့် တာအိုမှော်ကျင့်စဉ်မဟုတ်သေးပေ။
သူသည်အဘက်ဘက်မှ နှိုင်းချင့်စဉ်းစားပြီးနောက် ဉာဏ်အလင်းရှာဖွေခြင်းအား သူ လက်လျှော့လိုက်သည်။ သူ၏ခန္ဓာကိုယ်က ဖျတ်ခနဲ အထပ် (၂၀) သို့ တက်သွား၏။
အထပ် (၂၂) ၊ အထပ် (၂၃)... အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်လေးအတွင်း မန်ဟိုကား မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် အထပ်(၂၉)အထိ တစ်လျှောက် တက်သွားခဲ့လေပြီ။ လူတိုင်းမှာ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ရင်း လောင်မြိုက်နေ၏။ သူတို့၏ ဒေါသမှာ ဆက်လက်၍ မြင့်တက်လာနေပြီး မယုံနိုင်ဖြစ်နေသော အော်သံများက တစ်သံနှင့်တစ်သံပေါင်းရင်း ကျယ်လောင်စွာ ပွက်လောရိုက်လာတော့သည်။
"ဒါ မသမာနည်းသုံးနေတာပဲ"
"သူ့မှာ ဘယ်လိုလုပ်ပြီး ဒီလောက်မှော်ပစ္စည်းအများကြီး ရှိနေတာလဲ။ ဘာလို့ ဒီလောက်မြန်နေရတာတုန်း။ အထပ်တစ်ထပ်တိုင်းအတွက် သူ့မှာ သုံးမကုန်နိုင်လောက်အောင် ပစ္စည်းတွေ ရှိတဲ့အတိုင်းပဲဟ"
"မတရားဘူး" ယခုတွင် ဂိုဏ်းသားအကုန်လုံး အော်ဟစ်နေကြလေပြီ။ စေတီအထဲ ဝင်ရောက်သွားကြသူများ ပို၍ပင် များလာ၏။ သို့သော် ထုတ်ပယ်ခံရသူများလည်း များလာသည်။ မန်ဟိုနှင့် အနီးဆုံးပြိုင်ဘက်အကြား၌ အနည်းဆုံး ဆယ်ထပ်ပင် ကွာခြားနေလေသည်။
အထပ်(၇)တွင် ရှုံးနိမ့်ခဲ့သော အရှေ့ဘက်နယ်မြေကျင့်ကြံသူများထဲမှ တစ်ယောက်က ဒေါသထွက်လာပြီး အော်လိုက်သည်။ " စေတီကို ဖောက်ပြီး အဲ့ဒီကောင်ကို ဆွဲထုတ်ကြရအောင်။ မိစ္ဆာအင်မိုတယ်စေတီက လူတိုင်းအတွက်ပဲ။ တရားမျှတဖို့ တောင်းဆိုတယ်"
သို့သော် လူအုပ်ကြီး ဒေါသူပုန်ထနေသည့်အချိန်မှာပင် မှော်ပစ္စည်းရောင်ခြည်များက မန်ဟိုလက်ရှိရောက်နေသော အထပ်(၂၉) တစ်ထပ်လုံးကို လွှမ်းခြုံသွားလေသည်။ လက်မခံနိုင်စရာအကောင်းဆုံးမှာတော့ ရတနာအလင်းရောင်များ အထပ်(၃၀)တွင် ပြန်ပေါ်လာခြင်းပင်။
ထို့နောက် အသက်ခုနစ်ရှိုက်၊ ရှစ်ရှိုက်စာသာ ကြာသေးသည် ၊ အထပ်(၃၀)အား ကျော်ဖြတ်လိုက်လေပြီ...
အထပ်(၃၀) ရှိ ကောင်းကင်ကြီးမှာ ရုတ်တရက် ထူးဆန်းသောပုံပန်းသွင်ပြင် ဖြစ်လာ၏။ ခေါင်းသုံးလုံး ၊ လက်ခြောက်ဖက်စီရှိသော ရုပ်တုကြီးခုနစ်ရုပ်ပေါ်လာသည်။ ၎င်းတို့ကား အင်မတန် ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းလေသည်။ ငရဲဘုံမှ ပဲ့တင်ထပ်လာသကဲ့သို့ အသံကြီးတစ်သံက နယ်မြေတစ်ခုလုံးကို ကြီးစိုးသွား၏။
"ကျွန်ုပ်တို့၏ တာအိုမှော်ကျင့်စဉ် ... ဗောဓိသတ္တခုနစ်ပါးတာအိုတရားတော်" (ဗောဓိသတ္တ = ဘုရားလောင်း)
အသံကြီး ပဲ့တင်ထပ်လာသည်နှင့်တစ်ပြိုင်နက် မိစ္ဆာအင်မိုတယ်စေတီအပြင်ရှိ ဂိုဏ်သားများမှာ ရူးသွပ်မှုတို့ ဆထက်တိုးလာသဖြင့် မျက်လုံးတို့ နီရဲတွတ်လာတော့သည်။ ဗောဓိသတ္တခုနစ်ပါးတာအိုတရားတော်မှာ မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ တာအိုမှော်ကျင့်စဉ်သုံးထောင်အနက် နံပါတ် (၆၇)တွင် ရှိလေသည်။
၎င်းသည် ဆိုဖွယ်မရှိအောင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းလှသော ပညာရပ်တစ်ခုဖြစ်၏။ ဉာဏ်အလင်းရသော မည်သူမဆို သေမျိုးဘဝမှ လွတ်မြောက်ပေမည်။
"မတရားဘူးးးးး" မြောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူက ထအော်သည်။ ဒေါသထွက်လာသူများ တစတစ များပြားလာ၏။
"လုံးဝမတရားဘူး"
"မိစ္ဆာအင်မိုတယ်ဂိုဏ်းက တရားမျှတပြီး ဂုဏ်သိက္ခာရှိတဲ့ဂိုဏ်း။ အဲ့ဒီကောင်ကို ဆွဲထုတ်မှဖြစ်မယ်"
သို့သော် သူတို့၏အသံများ ပွက်လောရိုက်လာသည့်အချိန်မှာပင် ခဲယွင်ဟိုင်က သူတို့ကို အေးတိအေးစက် ငုံ့ကြည့်ပြီး နှာတစ်ချက်မှုတ်လိုက်၏။ အသံကား ကောင်းကင်ဘုံမှလာသော မိုးခြိမ်းသံကြီးသဖွယ် ကျဆင်းသွားလေသည်။ ရှိရှိသမျှ လူတိုင်း၏ပါးစပ်မှ သွေးများ ပန်းထွက်သွားကြသည်။ အထူးသဖြင့် မြောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူပင်။ သူ၏ဝိညာဉ်မှာ ပျက်စီးတော့မတတ် ဖြစ်သွားပြီး သူ၏မျက်နှာတွင် ထိတ်လန့်ချောက်ချားမှုတို့ ပြည့်နှက်နေ၏။ သူက ရုတ်တရက် လေထဲရှိ ပါရာဂွန်ခုနစ်ဦးကို မော့ကြည့်မိလိုက်လေသည်။
ခဲယွင်ဟိုင်၏ ရှေးဆန်ပြီး ခံစားချက်မဲ့သောအသံက ဂိုဏ်းတစ်လျှောက်လုံး ပဲ့တင်ထပ်သွားသည်။ "တစ်ယောက်ယောက် အရူးချီးပန်းလျှောက်ပြောရင် ဂိုဏ်းကနေ ကန်ထုတ်ခံရမယ်"
မီးကို ရေနှင့် ငြိမ်းသတ်လိုက်သည့်နှယ် ရှဲခနဲ ငြိမ်ကျသွားသည်။ ပါရာဂွန်တစ်ယောက် စကားပြောလျှင် မည်သူမျှပြန်အာမခံရဲပေ။ သို့သော် ပုံမှန်အားဖြင့် အပြင်ကိစ္စများကို အာရုံမရှိသော ခဲယွင်ဟိုင်က မည်သည့်အတွက်ကြောင့် ယခုလို ပါးစပ်ဟလာသည်လဲ လူတိုင်း သံသယဝင်နေဆဲပင်။
အချိန်များ ကုန်လွန်သွားသည်။ အထပ် (၁၀)မှာ ပြိုင်ပွဲဝင်ကိုးဆယ်ရာခိုင်နှုန်း မဖြတ်သွားနိုင်သော စည်းတစ်စည်းဖြစ်နေသယောင်ပင်။ ၎င်းအား အမှန်တကယ် ဖြတ်သွားနိုင်သူများအတွက် အထပ်(၂၀)မှာ ဒုတိယစည်းဖြစ်လာပြန်သည်။ ထိုအခိုက်အတန့်တွင် လူဆယ်ငါးယောက်သာ ခက်ခက်ခဲခဲ ဖြတ်သွားနိုင်လိုက်၏။
အထပ်(၃၀)တွင်တော့ .... လောလောဆယ် မန်ဟိုတစ်ယောက်သာ ထိုအထိ ရောက်သေးလေသည်။
တောင်ကောင်းကင်ဂြိုဟ်မှ ကျင့်ကြံသူအများစုမှာ ရှုံးနိမ့်မှုအား ကြုံတွေ့ကြရ၏။ ဝမ်လီဟိုင်သည် အထပ်(၉)တွင် ရပ်လိုက်ပြီးနောက် မျက်နှာဖြူဆုပ်လျက် ထိခိုက်ဒဏ်ရာများဖြင့် ထွက်လာလေသည် ။
သူ့မှာ အထပ်(၉)ကို ကျော်ဖြတ်ရန်အတွက် ပိုင်ဆိုင်ထားသမျှ လျှို့ဝှက်ပညာရပ်အကုန် ထုတ်သုံးခဲ့သည့်တိုင် မအောင်မြင်သေးပေ။ ယခုတော့ သူသည် သူနှင့် ရှေးခတ်ကျင့်ကြံသူများအကြား လက်လှမ်းမမှီနိုင်သော ကွာခြားမှုကို ဝန်ခံလိုက်ရတော့သည်။
ကျောက်ဖန်းကတော့ အထပ်(၅)ကိုပင် မဖြတ်နိုင်။
ဟန်ပေ့သည် အထပ်(၁၀)အထိ ရောက်ခဲ့သော်လည်း ထိုအထပ်တွင် မအောင်မြင်သဖြင့် ထိပ်ဆုံးတစ်ရာတာအိုမှော်ကျင့်စဉ်များအနက် မည်သည့်အရာမှ မရရှိလိုက်ပေ။
တောင်ကောင်းကင်ဂြိုဟ်မှ အုပ်စုကြားထဲ ကျီနှင့်ဖန်မျိုးနွယ်အပါအဝင် သုံးယောက်သာ အထပ်(၁၀)ကို ကျော်ဖြတ်နိုင်ခဲ့၏။
တစ်ယောက်က ဖန်ယု ၊ ဒုတိယတစ်ယောက်က ခေါင်းဆောင်ကြီးဟုရန်ဖြစ်ပြီး တတိယကတော့ မြောက်ပိုင်းသဲကန္တာရ၏ အင်ပါယာသွေးဆက်မျိုးနွယ်စုမှ လူငယ်ပင်။ ဤသုံးယောက်သည် အထပ်(၁၀)ကို ဖြတ်ကျော်နိုင်လိုက်သော်လည်း (၁၁)ထပ်တွင် ရပ်လိုက်ရ၏။
ရှေ့ဆက်မတိုးနိုင်တော့သည့်ဖြစ်ရာ သူတို့မှာ အရှုံးကို စိတ်မပါတပါဖြင့် လက်ခံ၍ ထွက်ခွာလာကြလေသည်။
လောလောဆယ်တွင် မန်ဟို၏အလင်းစက်သည် မှော်ရတနာရောင်ခြည်များဖြင့် ဝန်းရံလျက် အထပ်(၄၀)အထိ တောက်လျှောက်တက်သွား၏။
အထပ်(၄၀) သို့ ရောက်သောအခါ ရှေးဆန်သောအသံကြီးတစ်သံ ကြားလိုက်ရသည်။ မိစ္ဆာအင်မိုတယ်စေတီအပြင်ရှိ လူအုပ်ကြီးမှာ ယခုတွက် ကမ်းကုန်အောင် မနာလိုနေပြီဖြစ်၍ အတိုင်းအလွန် စိတ်လက်မချမ်းသာဖြစ်နေတော့သည်။ သို့သော် တစ်ယောက်မှ ခံစားချက်များကို ထုတ်မပြရဲပေ။
သို့ပင်ငြား အကြည့်နှင့်သာ လူသတ်နိုင်လျှင်တော့ အထပ်(၄၀)တစ်ထပ်လုံး ဘာမှပင်ကျန်တော့မည် မဟုတ်။
ဤအခိုက်အတန့်တွင် အကုန်လုံးမှာ မကုန်မခမ်းနိုင်သော မှော်ပစ္စည်းတစ်ပြုံကြီးဖြင့် သည်ငမိုက်သားအယုတ်တမာကောင်မှာ မည်သူဖြစ်သည်လဲ သိချင်နေတော့၏။ မိစ္ဆာအင်မိုတယ် ဂိုဏ်းသားများသာမဟုတ်၊ တောင်ကောင်းကင်ဂြိုဟ်ကျင့်ကြံသူအားလုံးလည်း သိချင်လွန်း၍ ရူးမတတ် ဖြစ်နေကြလေပြီ။
တချို့က ခဲကျုံစစ်ဖြစ်လိမ့်မည်ဟု ခန်မှန်းထားကြသော်လည်း အတည်မပြုနိုင်ပေ။ ထို့ပြင် သူတို့မှာ ကိုယ့်ထင်မြင်ချက်ကိုယ်လည်း မထုတ်ဖော်ရဲ။
ယခုတွင် လူအုပ်ကြီး ဝန်ခံသည်ဖြစ်စေ၊ လက်ခံလိုသည်ဖြစ်စေ၊ မိစ္ဆာအင်မိုတယ်စေတီထံသို့ လူပေါင်း မည်မျှဝင်သွားဝင်သွား .... လူပုဂ္ဂိုလ်တစ်ယောက်တည်း၏ စစ်မြေပြင်ကြီးသာ ဖြစ်နေတော့၏။
ဤလူ၏တည်ရှိမှုက သူတို့ကို ကလိကလိဖြစ်စေသည်။ အခြားတစ်ဖက်တွင် သူတို့အနေဖြင့် သူ့ကို အရိုးထဲထိအောင် မုန်းသော်လည်း အခြားတစ်ဖက်တွင် သေမတတ် မနာလိုလေသည်။
ဤအတိုင်းသာ ဆက်သွားလျှင်တော့ အဆုံးသတ်တွင် မန်ဟိုတစ်ယောက် 'ဒုက္ခလှလှ'တွေ့မည်ကို သူတို့ မြင်ကောင်းမြင်ရလောက်ပါသည်။ သို့သော်လည်း ယခု မန်ဟိုမှာ အထပ်(၄၀)တွင် ဒုက္ခလှလှ တွေ့နေလေပြီ။
မိစ္ဆာကျောက်တုံး ဆယ်သိန်းမှာ တစတစ မလောက်မငှဖြစ်လာ၏။ မန်ဟိုက အမှတ်တကယ် ခဲကျုံစစ်မဟုတ်ပေ။ ဤမိစ္ဆာကျောက်တုံးများမှာ သူ့အတွက် ငှားရုံသာရပြီး စုပ်ယူ၍မရပေ။ ထို့ကြောင့် သူကား ဖြုန်းတီးပစ်ဖို့အတွက် နည်းနည်းလေးမှ မနှမြော။
"ဒီတိုင်းဆို မဖြစ်ချေဘူး" သူက စိုးရိမ်တကြီး တွေးသည်။ "ငါ မိစ္ဆာကျောက်တုံးနည်းနည်း ထပ်လိုဦးမယ်"
လောလောဆယ်တွင် သူ့တွင် သုံးဆယ်ရာခိုင်နှုန်းခန့်သာ သုံးဖို့ကျန်တော့လေသည်။ အထပ်(၄၀)ကို ဖျက်စီးပြီးနောက် မန်ဟိုမှာ ဘက်ပေါင်းစုံမှ စဉ်းစားကြည့်သော်လည်း တစ်ခုကလွဲပြီး ဘာမှကြံမရပေ။ ထို့ကြောင့် ထိုအကြံအတိုင်း စမ်းကြည့်ရန်သာ ဆုံးဖြတ်လိုက်တော့၏။ သူသည် ကျင့်ကြံခြင်းအခြေခံမှစွမ်းအားကို အသုံးပြုရင်း မှော်ပစ္စည်းအမြောက်အမြားအား ပစ်ပေါက်လိုက်သည်။ ၎င်းတို့၏အလင်းရောင်ကို သုံး၍ သူသည် ၎င်းတို့အားလုံးကို စာတန်းတစ်တန်းအဖြစ် စီကာကုံးလိုက်၏။
အနီးမှဆိုလျှင် သိပ်မြင်ရမည်မဟုတ်။ သို့သော် စေတီ၏အပြင်မှကြည့်သောအခါ မှော်ပစ္စည်းများ၏အလင်းရောင်မှာ အထပ်(၄၀)တစ်ထပ်၏ တစ်ဝက်လုံးနီးပါး လင်းထိန်နေ၏။ တဖြည်းဖြည်း စာတန်းတစ်တန်း ပေါ်လာသည်။
"အဖေ သားမှာ မိစ္ဆာကျောက်တုံးတွေ မလောက်တော့ဘူး။ နည်းနည်း ထပ်ပို့ပေးပါဦး"
စကားလုံးများ မြင်သာလာသည်နှင့်တစ်ပြိုင်နက် အပြင်ရှိ ဂိုဏ်းသားများမှာ ပါးစပ်ကြီးအဟောင်းသား ဖြစ်ကုန်ကြ၏။ အထူးသဖြင့် တောင်ကောင်းကင်မှ ကျင့်ကြံသူများပင်။
မျက်စိတစ်မှိတ်အတွင်း အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားလေပြီ။
စကားလုံးများ၏ အဓိပ္ပါယ်ကို နားလည်သွားသည့်အခါတွင်တော့ လူတိုင်း မယုံနိုင်အောင် ဖြစ်ကုန်ကြ၏။
"ဩချရလောက်ပါပေတယ်"
"မျက်နှာပြောင်တိုက်ပြီး ယုတ်မာနေတာ။ ထပ်ပြီး ဖုံးကွယ်ထားဖို့တောင် မကြိုးစားတော့ဘူး ကြည့်စမ်း ။ တောက် ဒေါသထွက်လိုက်တာကွာ"
"ဒါဆို တစ်ယောက်ယောက်က မိစ္ဆာကျောက်တုံးတွေ ထပ်ပို့ပေးတော့မှာလား။ ခွေးမသားလေး။ သူ့ကိုယ်သူ ဘာကောင်ထင်နေလဲ။ တကယ်ပဲ မိစ္ဆာအင်မိုတယ်စေတီ သူ့တစ်ယောက်တည်းအတွက်လို့များ ထင်နေလား"
မိစ္ဆာအင်မိုတယ်ဂိုဏ်းသားများမှာ ရှူးရှူးရှားရှား ဒေါသထွက်လာကြပြီး ဒေါသကား ရေဆူမှတ်သို့ပင် ရောက်ရှိနေလေပြီ။
အားလုံးအထဲ ဒေါသအထွက်ဆုံးမှာတော့ တောင်ကောင်းကင်ဂြိုဟ်မှ ကျင့်ကြံသူများပင်။ သူတို့၏ဒေါသတွင် မချင့်မရဲဖြစ်မှု၊ မုန်းတီးမှုတို့ ပြည့်နေ၏။ သို့သော် သူတို့မှာ ဤပဝေဏသီက သေဆုံးခဲ့ပြီးသော ပုံရိပ်ယောင်ကမ္ဘာရှိ လူများကို မနိုင်နိုင်ကြောင်း ဝန်ခံရပေမည်။
ထိုမျှသာမက သူတို့မှာ လက်ခံဖို့ရန် ခဲယဉ်းသောပုံစံဖြင့် ရှုံးနိမ့်ခဲ့၏။
ဖန်ယုကတော့ ခြွင်းချက်ဖြစ်သည်။ သူမသည် ခပ်လှမ်းလှမ်းတွင် ပါးစပ်ကလေးအုပ်ကာ ရယ်နေ၏။ သူမမှာ အူတက်မတတ် ဖြစ်နေပြီး သူမမျက်ဝန်းကလေးများက လှပစွာ တောက်ပနေသော ဆန်းသစ်၏လခြမ်းလေးနှစ်ခုသဖွယ် ကွေးညွတ်တက်နေလေသည်။
ကျန်ပါရာဂွန်ခြောက်ယောက်မှာတော့ မျက်နှာပူနေဟန်တူပြီး ခပ်ယဲ့ယဲ့ပြုံးလျက် ခဲယွင်ဟိုင်ကို လှမ်းကြည့်လာကြသည်။
ခဲယွင်ဟိုင်က စာတန်းကို ကြောင်ကြောင်ကြီး ကြည့်ရင်း လေလယ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူ၏မျက်နှာထားမှာ အမူအရာတစ်ခုပြီးတစ်ခု ပြောင်းနေပြီး သူက တစ်ယောက်တည်း ပွစိပွစိ ရေရွတ်နေလေသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်က ဖျတ်ခနဲ လှုပ်ရှားသွားသည်။
မိစ္ဆာအင်မိုတယ်ဂိုဏ်းသားထောင်ချီ၏ အံ့အားသင့်နေသော အကြည့်များအောက်ဝယ် သူကား စေတီထံသို့ ပျံသန်းသွားလေပြီ။
"ပါရာဂွန်ယွင်ဟိုင် ဘာလုပ်မလို့...." ပါရာဂွန်တစ်ယောက်က ထပြောသည်။
"အဲ့ဒီကောင်ကို ဆုံးမမလို့ နေမှာပေါ့" လူအုပ်ထဲမှ တစ်ယောက်က ထပြောသည်။ "ဒီလောက် လူလည်ကျတဲ့ ခွေးသားလေးကို သည်းမခံနိုင်တော့လို့နေမှာ"
"ဘာလို့လဲ မသိဘူး ရုတ်တရက်ကြီး ခဲကျုံစစ်ကို တွေးမိလာသလိုပဲ..."
လူအုပ်ကြီး ဝေခွဲမရဖြစ်နေစဉ် ခဲယွင်ဟိုင်သည် မိစ္ဆာအင်မိုတယ်စေတီအနား ရောက်သွားလေပြီ။ သူက အထပ်(၄၀)၏အပြင်တွင်ရပ်ပြီး ဝတ်ရုံထဲမှ သိုလှောင်အိတ်တစ်လုံး ထုတ်လိုက်သည်။ လူတိုင်း တွေဝေအံ့ဩနေစဉ်မှာပင် သူက စေတီ၏မျက်နှာပြင်ထဲသို့ သိုလှောင်အိတ်အား ဖိချလိုက်သည်။ ထို့နောက် သူ၏ပါရာဂွန်တံဆိပ်ပြားကို ထုတ်လိုက်၏။
ချက်ချင်းပင် သိုလှောင်အိတ်ကား စေတီအတွင်း နစ်ဝင်သွားတော့သည်။
"လုပ်ထား ငါ့သား" သူက တစ်ချက်ရယ်ကာ ပြော၏။ "မင်းအဖေအဘိုးကြီးအတွက် အထပ်(၉၀)အထိ ရောက်အောင်တက်စမ်းကွ" ထို့နောက် သူသည် သူ့ကို ပါးစပ်အဟောင်းသားနှင့်ကြည့်နေသော ပရိသတ်ကြီးကို လျစ်လျူရှုရင်း လေထဲတွင် တင်ပျဉ်ခွေထိုင်ရန် ပြန်လာ၏။
လူအုပ်ကြီး တခဏ တိတ်ဆိတ်နေပြီးနောက် ဆူညံပွက်လောရိုက်သွားတော့သည်။
"ခဲကျုံစစ်ပေါ့ ငါချီးတဲ့မှ။ ဒါကြောင့် ဒီနောက်ကွယ်မှာ တစ်ခုခုတော့ ရှိလိမ့်မယ်လို့ ငါတွေးနေမိတာကိုး"
"ဒီတော့ ခဲကျုံစစ် ဖြစ်နေတာပေါ့လေ" ပထမတောင်ထိပ် သီးသန့်ဂိုဏ်းသားတစ်ယောက်က အံတင်းတင်းကြိတ်ရင်း ပြောသည်။ "ဒီကောင်င်င်င်င်ကတော့"
"သူ့လိုလူမှာပဲ ဒီလောက် မှော်ပစ္စည်းတွေ အများကြီးရှိနိုင်တာ" ဒုတိယတောင်ထိပ်အတွင်းစည်းဂိုဏ်းသားက မနာလိုလွန်း၍ ဒေါသတကြီး ပြောသည် ။ "အထပ်(၄၀) တောင် ရောက်သွားတယ်တဲ့လား။ ဒါက ...ဒါက...."
"ယုတ်မာတာက ထားပါဦး" နောက်ဂိုဏ်းသားတစ်ယောက်က ပြောသည်။ ဒါပေမယ့် ဘယ်လိုလုပ်ပြီး အရှက်အကြောက် မရှိရတာတုန်း။ သွားနေတုန်း မိစ္ဆာကျောက်တုံးတွေ လှမ်းတောင်းတယ်တဲ့ ဟာသပဲ"
ဂိုဏ်းသားများမှာ အုတ်အုတ်ကျက်ကျက် ဖြစ်နေတော့၏။ တောင်ကောင်းကင်ဂြိုဟ်ကျင့်ကြံသူများမှာတော့ ရင်တဒိန်းဒိန်း ခုန်နေတော့သည်။ အတော်များများမှာ မူမမှန်တာတစ်ခုခု ဖြစ်နေကြောင်း ခံစားနေရလေသည်။
အထူးသဖြင့် မန်ဟို့ကို သိသူများဖြစ်သည်။ အများစုမှာ တစ်ချက်ကလေးကြည့်ရုံနှင့် ထူးဆန်းသည့်အရာ တစ်ခုခုဖြစ်နေကြောင်း ပြောနိုင်လေသည်။ မန်ဟိုက ခဲကျုံစစ်ဖြစ်သည်ဆိုသော အချက်အား တောင်ကောင်းကင်အဖွဲ့ သိထားကြပြီးပြီ မဟုတ်ပါလော။
ကျီမျိုးနွယ်များပင် သိကြသည်။ သို့သော်လည်း ကျီရှောင်ရှောင်တွင်တော့ မန်ဟို့အား စိတ်လိုက်မာန်ပါ သတ်ဖြတ်လိုစိတ်များ ရှိမနေပေ။
ဟန်ပေ့ကတော့ ခပ်ယဲ့ယဲ့သာ ပြုံးနေနိုင်ပြီး သူမ၏ စည်းချက်မမှန်သော အသက်ရှူသံများကို ထိန်းချုပ်ဖို့ ကြိုးစားနေသည်။ သူမမှာ ပြောစရာစကားမရှိတော့ပေ။ သို့သော် သူမ၏မန်ဟို့အပေါ် လေးစားမှုကတော့ အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။
ဝမ်လီဟိုင်၏မျက်နှာကြီးမှာ ပထမဆုံး မချင့်မရဲ ဖြစ်မှုများဖြင့် ပြည့်သွားသည်။ ထို့နောက် ဒေါသထွက်လာသည်။ နောက်ဆုံးတော့ ကူကယ်ရာမဲ့နေသော မျက်နှာထားကြီး ဖြစ်လာတော့၏။
ခေါင်းဆောင်ကြီးဟုန်ရန်၏ သူငယ်အိမ်များ ကျဉ်းမြောင်းနေသည်။ သူ့အနေဖြင့် မန်ဟိုက ခဲကျုံစစ်ဖြစ်ကြောင်း အချိန်အတော်ကြာကတည်းက သိထားခဲ့၍ တမင် ရှောင်နေခဲ့လေသည်။ သူ မည်သူမည်ဝါဖြစ်ကြောင်း မပေါ်ခဲ့သော်လည်း သူ၏ မန်ဟို့အပေါ် မနာလိုမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး အမျက်တချောင်းချာင်း ထွက်လာလေတော့သည်။
ဖန်ယုမှာမူ အထပ်(၄၀)ကို ကြည့်ရင်း မျက်နှာအမူအရာ တစ်မျိုးတစ်မည်ဖြစ်နေ၏။ သူမ ဘာတွေးနေသလဲ ပြောရခက်သည်။
အရှေ့ဘက်နယ်မြေ၊ မြောက်ပိုင်းသဲကန္တာရ၊ တောင်ပိုင်းဒေသနှင့် အနက်ရောင်နယ်မြေမှ ကျင့်ကြံသူများ၏ ရင်ထဲဝယ် လောင်မြိုက်နေသောခံစားချက်မှာ ... ကူကယ်ရာမဲ့မှုသာ ဖြစ်တော့၏။ ဤသို့ ယုတ်မာတတ်သောလူစားမျိုးနှင့် ရင်ဆိုင်ရသောအခါ သူတို့မှာ တခြားမခံစားနိုင်တော့ပေ။
မိစ္ဆာအင်မိုတယ်ဂိုဏ်းသားများစွာမှာ ဒေါသူပုန်ထနေကြသော်လည်း မန်ဟို့အတွက် အားပေးနေသူ အတော်များများလည်း ရှိကြ၏။ ဤလူများသည် ဂိုဏ်းလူပေါ်ကြော့များ၊ မိစ္ဆာမဟာမိတ်ပေါင်းစု၏ အဖွဲ့ဝင်များ ဖြစ်လေသည်။ သူတို့၏ မန်ဟို့အပေါ် အားပေသံများမှာ ပို၍ပင် ဗြောင်းဆန်လာချေသည်။
ကျွတ်ကျွတ်ဆူနေသံများအကြားတွင် သတ္တမတောင်ထိပ်သခင် ပါရာဂွန်၊ တန်ခိုးရှင်အငွေ့အသက်ရှိသော အဘိုးကြီးက မျက်လုံးအား ဖြေးညင်းစွာဖွင့်ကာ အေးစက်စက် နှာတစ်ချက် မှုတ်ပြီးနောက် ပြောသည်။ "တိတ်ကြစမ်း"
ကြောက်မက်ဖွယ်ရာ အသံကြီးက အရာအားလုံးကို တုန်ခါလာစေ၏။
ချက်ချင်းပင် ဂိုဏ်းသားများ ပါးစပ်ပိတ်လိုက်ကြသည်။ သူတို့စိတ်မှာ ပြင်းပြင်းထန်ထန် တုန်ရီနေလေပြီ။
"မိစ္ဆာအင်မိုတယ်စေတီကို ဒီခေတ်မှာ ဖွင့်ပေးခဲ့မှာတောင် မဟုတ်ဘူး" အဘိုးကြီးက ဆက်ပြောသည်။ "ဒီနေ့က ခဲကျုံစစ်အတွက် အထူးတလည် စီစဉ်ပေးထားတာပဲ"
ထို့ထက်မရှင်းပြတော့။ ယခုလို ဘွင်းဘွင်းရှင်းရှင်း စကားတစ်ခွန်းသာ။ သို့သော်။ ရှိရှိသမျှ လူတိုင်းမှာ ချာချာလည်ကုန်ကြလေသည်။ တစ်ချိန်တည်းမှာပင် မေးခွန်းတစ်ခုတည်းအား တွေးနေမိကြ၏။
ဘာကြောင့် အကြီးအကဲများအပြင်၊ လက်ရွေးစင်ပညာသင်များပင် စေတီထဲ ဝင်ရောက်ရန် မပေါ်လာခဲ့သနည်း။
သူတို့က ထိုအကြောင်း သိထား၍ မယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။ လက်ရွေးစင်ပညာသင်ဖြစ်စေ၊ အကြီးအကဲဖြစ်စေ ၊ ဝင်ရောက်ယှဉ်ပြိုင်လိုက်ပါက စတုတ္ထတောင်ထိပ်အပေါ် ကျေးဇူးအကြွေးတင်သွားလိမ့်မည်။
လူတိုင်း တိတ်ဆိတ်စွာ စောင့်ကြည့်နေစဥ် အထပ်(၄၀)တွင် မှော်ပစ္စည်းရောင်ခြည်များက မန်ဟိုကို ဝန်းရံသွား၏။ မန်ဟိုကား မှော်ပစ္စည်းများ၊ အဆောင်စက္ကူများကို နှမြောခြင်းမရှိ ထုတ်လွှတ်၍ အထပ်(၄၀)မှ ထိုးထွက်သွားလေပြီ။
ထိပ်ဆုံးတစ်ရာမှော်ကျင့်စဉ်များအနက် တစ်ခု ပေါ်လာသဖြင့် လူအုပ်ကြီးခမျာ ခါးသက်သက်သာ ပြုံးနိုင်တော့၏။ သူတို့မှာ ဘာဆိုဘာမှ မပြောနိုင်ဘဲ မန်ဟို့ကို သည်အတိုင်း ကြည့်နေကြရတော့သည်။
သူတို့ကြည့်နေစဉ် မိစ္ဆာအင်မိုတယ်စေတီအတွင်းရှိ မှော်ပစ္စည်းရောင်ခြည်မှာ အထပ်(၄၀)မှ အထပ်(၄၁) သို့ တက်သွား၏။ ထို့နောက် (၄၂)၊ (၄၃) ... အထပ် (၅၀)တွင် ပေါ်လာရန် တခဏသာ ကြာလိုက်လေသည်။
ထို့နောက် အထပ်(၆၀).....
လမ်းတစ်လျှောက်လုံး မှော်ပစ္စည်းရောင်ခြည်များက လင်းခနဲ လက်သွားတတ်သည်။ လူတိုင်းမှာ ကြည့်ရင်း ကြည့်ရင်း မဖြုံတော့ပေ။ သို့သော် ဆယ်ထပ်မြောက်ရောက်၍ တာအိုမှော်ကျင့်စဉ်အား ကြေညာသောအခါ ရင်ထဲ၌ ဒေါသများ၊ မနာလိုမှုများ ပြည့်သွားသည်ကလွဲ၍။
မသမာနည်းသုံးပြီး တစ်လမ်းလုံး ပစ္စည်းများ ပြန်ဖြည့်ခြင်း။ မည်သည့်အရာ ထိုသို့ယုတ်မာမှုမျိုးနှင့် ယှဉ်နိုင်မည်နည်း...။
ဒေါသထွက်ရအောင်လည်း သတ္တမပါရာဂွန်ပြောခဲ့သည့်အတိုင်း မိစ္ဆာအင်မိုတယ်စေတီမှာ ခဲကျုံစစ်အတွက် အထူးတလည် ဖွင့်ပေးခဲ့ခြင်းဖြစ်ရာ ဒေါသထွက်ပိုင်ခွင့်ရော ရှိလေရော့သလား ....
သို့သော် အချိန်အနည်းငယ်ကြာသော် လူများမှာ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့၍ အချင်းချင်း ဆွေးနွေးလာကြတော့သည်။
"ဟမ့် ပါရာဂွန်တွေ တစ်ယောက်ကိုတစ်ယောက် ကူညီရင်တောင်မှ ကံကောင်းဖို့အတွက် ဖြတ်လမ်းနည်းသုံးတာက တစ်လှမ်းချင်း ၊ တစ်ဆင့်တည်း တိုးတက်အောင် လုပ်တာလောက် မကောင်းဘူး"
"ဟုတ်တယ် အထပ်(၇၀)ကိုတောင် ဖြတ်နိုင်မလား မဖြတ်နိုင်ဘူးလား ဘယ်သူပြောနိုင်မလဲ"
အားလုံးအထဲ မချင့်မရဲ အဖြစ်ဆုံးမှာတော့ တောင်ကောင်းကင်မှ ကျင့်ကြံသူများပင်။ သူတို့သည် မနာလိုဆုံး၊ ဒေါသအထွက်ကြဆုံးလည်း ဖြစ်ကြ၏။
အမှန်အားဖြင့် တောင်ကောင်းကင်ကျင့်ကြံသူများအားလုံး မသမာနည်းသုံးနေကြခြင်းဖြစ်လေသည်။ သူတို့သည် စာမေးပွဲမေးခွန်းကို ကြိုသိထားပြီး စာမေးပွဲသွားဖြေသူများနှင့်တူသည်။ သို့ရာတွင် ဖြေဆိုခန်းထဲ ရောက်သည့်အခါ ဘေးတွင် ဆရာမတစ်ဦးမှ ရပ်ပြောပြနေသော ကျောင်းသားကို မြင်လိုက်ရ၏.... ထိုခံစားချက်မျိုးမှာ ဖော်ပြရခက်သည်။
မြောက်ပိုင်းသဲကန္တာရ၊ အင်ပါယာသွေးဆက်မျိုးနွယ်စုမှ လူငယ်က အံတင်းတင်းကြိတ်လိုက်သည်။ "မင်း အဲ့ဒီမှာ သေချင်းဆိုးနဲ့ သေပါစေ" သူက ကျိန်လိုက်၏။
တောင်ကောင်းကင်မှအဖွဲ့ထဲတွင် မိန်းကလေးတစ်ဦးရှိသည်။ သူမ၏မျက်နှာမှာ တည်ငြိမ်နေသော်လည်း မိစ္ဆာအင်မိုတယ်စေတီကို ကြည့်နေစဉ် သူမ၏မျက်လုံးများမှာ စူးရှတောက်ပလျက်ရှိ၏။
"သူနဲ့ ပတ်သက်ပြီး တစ်ခုခုက ထူးခြားတယ်လို့ ဆရာပြောခဲ့ဖူးတယ်...." သူမက တစ်ယောက်တည်း ရေရွတ်နေ၏။ "ဒီကိုမလာခင်တုန်းကလည်း သူ့ကို စောင့်ကြည့်ထားဖို့ မှာခဲ့တယ်။ မန်ဟို ငါ့ဆရာတောင် ဒီလောက် စိတ်ဝင်စားနေရလောက်အောင် နင်နဲ့ပတ်သက်ပြီး ဘာက သိပ်ထူးခြားနေတာလဲ" ဤမိန်းကလေးသည် သွေးမိစ္ဆာဂိုဏ်း၏တာအိုကလေး ... လီရှိချီ မှတစ်ပါး တခြားမဟုတ်ပေ။
အထပ် (၆၁) ... (၆၈) ... (၆၉)။
မန်ဟိုမှာ တစ်ချိန်လုံး လိပ်ပြာလွင့်မတတ် ကြောက်နေလေသည်။ ယခု သူရင်ဆိုင်ရသူများမှာ ကျင့်ကြံသူများမဟုတ်တော့ဘဲ ထူးဆန်းသောပုံဏ္ဌာန်များဖြင့် မိစ္ဆာကြီးများ ဖြစ်နေလေပြီ။ တချို့သည် တစ်ချက်လေးနှင့် သူ့ကို အသက်ထွက်သွားအောင် လုပ်နိုင်စွမ်းရှိ၏။
ဒိုင်းသာမပါလျှင် မန်ဟိုတစ်ယောက် ကြိမ်ဖန်များစွာ သေနှင့်နေလေပြီ။ နောက်ဆုံးတွင် သူကား ထစ်ချုန်းသံများနှင့်အတူ အထပ်(၇၀)သို့ တက်လှမ်းသွားတော့သည်။
ဤအဆင့်မှစ၍ သူကား ထိပ်ဆုံးတစ်ဆယ်ဝင် တာအိုမှော်ကျင့်စဉ်များအား ရရှိတော့မည်ဖြစ်သည်။
ထိပ်ဆုံးတစ်ဆယ်ဝင်တာအိုမှော်ကျင့်စဉ်များမှာ ရှေးခေတ်အခါကပင်လျှင် နဝမတောင်နှင့်ပင်လယ်၌ အံ့ဩတုန်လှုပ်ဖွယ်ကောင်း၏။ မျက်မှောက်ခေတ်ကျင့်ကြံခြင်းလောကတွင် ၎င်းတို့သည် ဒဏ္ဍာရီများအထဲက ဒဏ္ဍာရီများ ဖြစ်ချေသည်။
အထပ်(၇၀)ကို ရောက်သည်နှင့် တစ်ပြိုင်နက် မန်ဟိုသည် အမြင်အာရုံပင် မရှင်းလင်းသွားခင် ရုတ်တရက် မာန်တက်နေသောအသံတစ်သံကို ကြားလိုက်ရသည်။
အသံကို ကြားလျှင်ချင်း မန်ဟို ပါးစပ်အဟောင်းသား ဖြစ်သွား၏။ အကြောင်းမူ ဤအသံက သူ့ကို အားကိုးမှီခိုမရသော ခံစားချက်ကြီးဖြင့် ပြည့်နှက်သွားစေ၍ပင်။
"မင်္ဂလာပါ ကောင်လေး။ ဒီနေရာကို ဖြတ်သွားချင်တယ်ပေါ့။ ငါ့နာမည်က မှီခိုရာဂိုဏ်းချုပ်တဲ့။ လာ လာ မင်းကို ဂိုဏ်းချုပ် နည်းနည်းပါးပါး စောင်မပေးရအောင်"
***