ခြောက်သွေ့မီးတောက်မိစ္ဆာ မှော်အစစ်အမှန်ကိုယ်တာအို
Vol. 42 Ch. 584
ရင်းနှီးသောအသံကြီး နားထဲ ပဲ့တင်ထပ်နေစဉ် မန်ဟို့အတွက် နူးညံ့သောလေညင်းလေးတစ်ချက်က သူ့ကို မှီခိုဂိုဏ်းရှိ နေ့ရက်များအထိ ပြန်ဆွဲခေါ်သွားသယောင်။
ထိုဂိုဏ်းထဲတွင် ကောက်ကျစ်စဉ်းလဲ ယုတ်မာအကျင့်ပုတ်ပြီး အားကိုးမရသော လိပ်အိုကြီးတစ်ကောင် ရှိနေသည်...
အရှေ့တွင် အရိပ်မည်းကြီးတစ်ခု ရုတ်တရက် ပေါ်လာသဖြင့် မန်ဟို့မျက်လုံးအစုံ ဝိုင်းစက်ပြူးကျယ်သွားလေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်သည် မှောင်မိုက်လာပြီး တဖျစ်ဖျစ် တဖျောက်ဖျောက် မြည်သံများ ကြားလာရ၏။
မန်ဟို့ကို ဝန်းရံလျက်ရှိသော ဒိုင်းမှာ ပဲ့ကြွေကျလာပြီး ပေါက်ကွဲတော့ခါနီးလေပြီ။ ထို့နောက် နာနာကျင်ကျင် အော်လိုက်သံကြီးတစ်သံ ကြားလိုက်ရပြီး မန်ဟို့အရှေ့တွင် နယ်မြေမှာ နောက်တစ်ဖန် လင်းထိန်လာကာ ... အမြန်ဆုံး နောက်ဆုတ်နေသော ကြောက်စရာ ဧရာမလိပ်ကြီးတစ်ကောင်အား ဖော်ပြလိုက်၏။
လိပ်ကြီးသည် မီတာထောင်နှင့်ချီ ကြီးမားပြီး ၎င်း၏မျက်နှာအကြီးကြီးအပေါ်၌ စိုးရိမ်ထိတ်လန့်နေသော အမူအရာရှိလေသည်။ ထို့နောက် ၎င်းက မန်ဟို့ကို အစိမ်းလိုက်ဝါးစားတော့မတတ် ကြည့်သည်။
မန်ဟိုမှာ သူ၏ပဲ့ကြွေကျနေသော ဒိုင်း အလိုအလျောက် ပြန်ပြုပြင်နေစဉ် အလန့်တကြားနှင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။ ဤအခိုက်အတန့်တွင် သူသည် ဒိုင်းသာ မပါလျှင် မှီခိုရာဂိုဏ်းချုပ်၏ပါးစပ်ကြီးထဲတွင် အရိုးတခြား၊ အသားတခြားဖြစ်နေလောက်ပြီဟု သဘောပေါက်သွားတော့သည်။
သူ့မှတ်ဉာဏ်အထဲရှိ မှီခိုရာဂိုဏ်းချုပ်သည် သူ့အရှေ့ရှိ ဤလိပ်ကြီးထက် အဆများစွာ ပိုမိုကြီးမား၏။ သို့ရာတွင် သူ၏ အားကိုးမရသော ပုံစံ၊ ခိုးကြောင်းခိုးဝှက် အလစ်တိုက်တတ်ပုံနှင့် အသံနေအသံထား အလုံးစုံမှာ မန်ဟိုသိသော မှီခိုရာဂိုဏ်းချုပ်နှင့် တစ်ထေရာတည်းဖြစ်လေသည်။
မန်ဟို ဤမှီခိုရာဂိုဏ်းချုပ်ကို ကြည့်နေစဉ် ထူးဆန်းသော အမူအရာကြီးက သူ၏မျက်နှာကို စိုးမိုးထား၏။ မုန်းတီးစိတ်တို့ သူ့နှလုံးသားထဲတွင် အသစ်ထပ်ပေါင်း ဖြစ်တည်လာတော့သည်။ သူ့မှာ မှီခိုရာဂိုဏ်းချုပ်ကူညီရန် စမ်းသပ်မှုပေါင်းစုံ ၊ ဆင်းရဲဒုက္ခပေါင်းစုံ ကျော်ဖြတ်ခဲ့ရသော်လည်း အဆုံးသတ်တွင် ကပ်စေးနှဲလိပ်အိုကြီး၏ စွန့်ပစ်ခြင်းသာ ခံခဲ့ရသောအဖြစ်ကို ပြန်တွေးမိလိုက်သည်။
ထို့အပြင် မှီခိုရာဂိုဏ်းချုပ်ကား သူ့ကို စားဖို့ပင် ကြိုးစားခဲ့သေးလေသည်။ ဂုယိတင်းစန်းယွီ(မြောက်ပင်လယ်)ထံမှ သတိပေးချက်ကို ပြန်အမှတ်ရပြီး မိစ္ဆာချုပ်နှောင်ကျမ်းစာကို ရွတ်ခဲ့မှသာလျှင် ထိုအားကိုးမရသော မှီခိုရာဂိုဏ်းချုပ်ကြီး ထွက်ပြေးသွားအောင် နှင်လွှတ်နိုင်ခဲ့သည်။
"ဘယ်လောက်ထူးဆန်းလိုက်သလဲ" မှီခိုရာဂိုဏ်းချုပ်က သူ့ကို စိန်းစိန်းဝါးဝါးကြည့်ကာ ဆိုသည်။ "မင်း မျက်နှာတိမျက်နှာထားက ထူးဆန်းနေပါလား။ ဘာလဲ ဒီဂိုဏ်းချုပ်အဘိုးကြီးကို မင်း သိတယ်ပေါ့" သူသည် ထူးဆန်းသော မျက်နှာထားဖြင့် မန်ဟိုနှင့် သူ၏ပတ်ပတ်လည်ရှိ ဒိုင်းကို ကြည့်နေသည်။ ထို့နောက် အူလှိုက်သည်းလှိုက် မုန်းတီးနေဟန်ဖြင့် အံတင်းတင်းကြိတ်လိုက်၏။
"တခြားဟာတွေထက်ပိုပြီး မသမာနည်းသုံးတတ်တဲ့ ကလေးတွေကို ငါ ဂိုဏ်းချုပ် မုန်းတယ်။ မင်းက သေချာပေါက် မသမာတဲ့အကောင်ပဲ။ မင်း မင်း မင်း ... ဒိုင်းတစ်ခုနဲ့ ဒီအထိ ဖြတ်လာရဲတယ်ပေါ့လေ။ လူလည်ကောင်"
မန်ဟိုက ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူသည် မှီခိုရာဂိုဏ်းချုပ်ကို ဂရုတစိုက် လှမ်းကြည့်ပြီး ရုတ်တရက် ပြော၏။ "ရှေးဟောင်းတာအို၊ မိုးကောင်းကင်ကို ချုပ်နှောင်လိုသော ဇွဲဆန္ဒ..."
စကားတစ်လုံးစ၊ နှစ်လုံးစပြောပြီးနောက်တွင် မှီခိုရာဂိုဏ်းချုပ်ဆီမှ မည်သည့် တုံ့ပြန်မှုမှ ထွက်မလာ။ အမှန်တွင် သူ၏ပုံစံမှာ ပို၍ပင် အံ့ဩတွေဝေလာပြီး သိချင်စိတ်တို့ ဖြစ်ပေါ်လာသယောင်ပင်။
"ကူလီကူမာကောင် ... ဘာလုပ်နေတာလဲ ငါ့ကို ဆဲနေတာလား"
မန်ဟိုက မိစ္ဆာချုပ်နှောင်ကျမ်းစာကို စွန့်လွှတ်လိုက်ရင်း နောက်သို့ ထပ်ဆုတ်လိုက်သည်။ သူသည် မှီခိုရာဂိုဏ်းချုပ်ကို ကြည့်ပြီးနောက် ကောက်ကာငင်ကာ ထရယ်၏။
ရယ်သံမှာ ရှက်ကိုးရှက်ကန်းဖြစ်နေသံပေါက်ပြီး တစ်ချိန်တည်းမှာပင် ထူးဆန်းသောအလင်းရောင်တစ်ခုက သူ၏မျက်လုံးများတွင် တောက်ပနေလေသည်။ ထိုအမူအရာဟန်ပန်တစ်ခုလုံးက မှီခိုရာဂိုဏ်းချုပ်ကို အံ့ဩတုန်ရီလာစေ၏။
"ကူလီကူမာကောင်။ ဘာတုန်းက။ ငါ့ချီးတဲ့မှ ။ ဒီမှာ ဘယ်လိုဟာကြီးဖြစ်နေတာတုန်း။ ကောင်လေး မင်းမျက်နှာထားကြီးက ထူးတော့ ထူးဆန်းနေတယ် ..."
"နားထောင် ခွေးမသား" မန်ဟိုက အော်သည်။ "ကျုပ် ခင်ဗျားကို ဆဲရုံတင် ဆဲမှာ မဟုတ်ဘူး။ ချီးထွက်အောင် ရိုက်သတ်ပစ်မယ် ခင်ဗျားကို" သူက လေပေါ် ခုန်တက်ပြီး သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အဆောင်စက္ကူတစ်ပုံတစ်ခေါင်း ပေါ်လာလေသည်။
အဆောင်စက္ကူတစ်ရွက်ချင်းစီကား အံ့မခန်းစွမ်းအားများ၊ မျက်စိကျိန်းမတတ် တောက်ပနေသော အလင်းရောင်နှင့် ကြောက်မက်ဖွယ်ဖိအားကြီးကို ထုတ်လွှတ်နေလေသည်။ မှီခိုရာဂိုဏ်းချုပ် မျက်လုံးပြူးသွား၏။
"ယုတ်မာလိုက်တာ" မှီခိုဂိုဏ်းချုပ်က အမြန်ဆုံးနောက်ဆုတ်ရင်း အော်လိုက်သည်။ အဆောင်စက္ကူများမှ သူရနေသော ခံစားချက်က သူ့ကို ကြောက်လန့်တကြား ရင်ခုန်လာစေတော့သည်။ သူ ခပ်ဝေးဝေး မသွားနိုင်ခင် မန်ဟိုက လက်ကို ဝှေ့ယမ်းကာ အဆောင်စက္ကူများအား မီးတောက်သွားစေ၏။ ရဲတွတ်နေသော အနီရောင်အလင်းအား မြင်ရပြီး အတွင်းမှ မရေမတွက်နိုင်သော မိုးကြိုးနဂါးပေါင်းများစွာ ထွက်လာသည်။ ၎င်းတို့ မှီခိုရာဂိုဏ်းချုပ်ဆီ ပြေးဝင်သွားစဉ် ၎င်းတို့၏ဟိန်းဟောက်သံများက လေတွင် ပြည့်နှက်သွားလေ၏။
ပဲ့တင်ထပ်နေသော ပေါက်ကွဲသံများအကြားတွင် မှီခိုရာဂိုဏ်းချုပ်မှာ ငယ်သံပါအောင် အော်ရင်း ဘယ်ညာ တိမ်းရှောင်နေရလေသည်။ သူ့မှာ ဒေါကန်လာပြီး တစ်စုံတစ်ခု ပြောတော့မည့်အချိန် မန်ဟိုက လက်ကို နောက်တစ်ဖန် ဝှေ့ယမ်းလိုက်ပြန်ရာ နောက်ထပ် အဆောင်စက္ကူ ခုနစ်ဆယ်၊ ရှစ်ဆယ်ကျော် ပျံထွက်လာ၏။ ၎င်းတို့ တဖောင်းဖောင်း ပေါက်ကွဲကုန်သဖြင့် လေထုမှာ တုန်ခါနေပြီး မြေကြီးတို့ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ကုန်လေသည်။ မှီခိုရာဂိုဏ်းချုပ်က ဟိန်းဟောက်ပြီး မန်ဟို၏ဒိုင်းဆီ ပြေးဝင်လာ၏။
မန်ဟို့တွင် ရှောင်တိမ်းဖို့ စိတ်ကူးမရှိပေ။ သူက လိပ်ကြီးကို သူ၏ဒိုင်းအား ဝင်ဆောင့်ခွင့်ပြုလိုက်သည့်အတွက် ပေါက်ကွဲသံကြီးနှင့်အတူ စူးစူးဝါးဝါး အော်သံကြီးက နောက်ဆက်တွဲလိုက်ပါလာသည်။ မှီခိုရာဂိုဏ်းမှာ နောက်လိမ့်ထွက်သွားပြီး ထိုအတောအတွင်း မန်ဟိုက လက်ကို ဝှေ့ယမ်း၍ အဆောင်စက္ကူတစ်ထောင်ကျော်အား ပျံထွက်သွားစေလိုက်သည်။
ဤအဆောင်စက္ကူများမှာ ခဲယွင်ဟိုင်ကိုယ်တိုင် ဖန်တီးထားသည်များ ဖြစ်၏။ မန်ဟို့ထံမှ လမ်းညွှန်မှု မလိုပေ။ သူ့အနေဖြင့် ပစ်ပေါက်လိုက်ရုံလေးသာ လုပ်ဖို့ လိုအပ်ပြီး ၎င်းတို့သည် နတ်ဘုရားစွမ်းရည်နှင့် တာအိုမှော်ပညာရပ်များအဖြစ် အလိုလိုပြောင်းသွားမည် ဖြစ်သည်။ အပေါ်ထက် လေထုထဲတွင် ရုပ်တုတစ်ထောင်ကျော် ဖျတ်ခနဲ ပေါ်လာပြီး ၎င်းတို့အားလုံး မှီခိုရာဂိုဏ်းချုပ်ဆီသို့ ချက်ချင်း ထိုးဆင်းသွားကြ၏။
ဤတိုက်ကွက်များက မှီခိုရာဂိုဏ်းချုပ်အား မှင်သက်သွားစေသည်။ သူ့မှာ ခွေးပြေးလိပ်ပြေး ပြေးနေရ၏။ သူ၏အခွံကြီးမှာ ကွဲခါနေပြီဖြစ်ပြီး ရင်ထဲတွင် အံ့ဩတုန်လှုပ်မှုတို့ နေရာယူလျက်ရှိသည်။ သူ့မှာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည် ။
"အရှုံးပေးတယ် ၊ ငါ ဂိုဏ်းချုပ် အရှုံးပေးတယ်... ကူလီကူမာကောင်လေး မင်းက တော်တော်ဆိုးတဲ့ကောက်ပဲ။ ငါ ဒီလို မသမာနည်းသုံးတာမျိုး လက်မခံနိုင်ဘူး"
"ခင်ဗျား အညံ့ခံတာ ကျုပ် လက်မခံဘူး" မန်ဟိုက ဟိန်းဟောက်လိုက်သည်။ မှီခိုဂိုဏ်းချုပ် မည်သို့ပင် ပြောပါစေ၊ သူ ကလဲ့စားချေမည်ဖြစ်သည်။ သူက လက်ကို မြှောက်လိုက်ပြန်ရာ အဆောင်စက္ကူထောင်နှင့်ချီ ပေါ်လာပြန်သည်။ သွေးပျက်မတတ် အော်သံကြီးများမှာ ပဲ့တင်ထပ်နေတော့၏။ မှီခိုရာဂိုဏ်းချုပ်မှာ ဟိုပြေး၊ သည်ပြေးရင်း တုန်ရီနေလေသည်။ သူရင်ထဲရှိ မချင့်မရဲဖြစ်နေသော ခံစားချက်မှာလည်း အထွတ်အထိပ်သို့ ရောက်လာခဲ့လေပြီ။
"သေလိုက်ပါတော့ သေလိုက်ပါတော့" မှီခိုရာဂိုဏ်းချုပ်က အော်သည်။ "ငါတို့ကြားမှာ ရန်ငြိုးရှိလို့လားကွ"
ဖောင်း
မန်ဟိုက အဆောင်စက္ကူရာချီ ထပ်ထုတ်လိုက်ပြန်သည်။
"မင်း စိတ်တိုအောင် ငါ ဘာများလုပ်မိလို့လဲ ကွာ...ပြောစမ်းပါဦး" မှီခိုရာဂိုဏ်းချုပ်ခမျာ မျက်ရည်ကျခါနီးလေပြီ။ သူ့မှာ မရှောင်နိုင်တော့သဖြင့် အခွံထဲ ခြေလက်များနှင့် ခေါင်းဖွက်ထားရုံမှတစ်ပါး မတတ်နိုင်တော့ပေ။ "ငါ ဟိုးတလောကမှ မွေးလာတာကွ။ အခုထိ အရွယ်တောင် မရောက်သေးဘူး။ ဘယ်လိုလုပ်ပြီး မင်းတို့ စိတ်တိုအောင် လုပ်ခဲ့မိတာလဲ"
"အခွံထဲက ခေါင်းထုတ်စမ်း" မန်ဟိုက အဆောင်စက္ကူများ ထပ်ထုတ်ပြီး မှီခိုရာဂိုဏ်းချုပ်ကို စိန်းစိန်းဝါးဝါး ကြည့်ကာ အမိန့်ပေးလေသည်။
"မင်း သေအောင်ရိုက်လည်း ခေါင်းတော့ မထွက်လာနိုင်ဘူး။ မင်းက တကယ့် အနိုင်ကျင့်ကောင်ကြီး။ တကယ်ကို လက်ဖျားခါလောက်တဲ့ အယုတ်တမာကောင်"
"ခင်ဗျားကို ကျုပ် အခု အနိုင်မကျင့်ရင် နောက်တစ်ချိန် ခင်ဗျား ကျုပ်ကို အနိုင်ကျင့်လိမ့်မှာ" မန်ဟိုက အေးတိအေးစက်ပြောသည်။ သူက အဆောင်စက္ကူများ ပို၍ပင် ထပ်ထုတ်လိုက်ပြီး အဆက်မပြတ် ပစ်ပေါက်တော့သည်။ တဖောင်းဖောင်း ပေါက်ကွဲသံများနှင့်အတူ မှီခိုဂိုဏ်းချုပ်၏ မချိတင်ကဲ အော်သံများ ဆူညံနေတော့၏။ သူက မျက်ရည်ကြီးငယ်ကျလျက် နောက်ဆုတ်နေရလေသည်။
သူ၏အခွံမှာ ယခုတွင် တစ်ဝက်နီးပါး ဖျက်စီးခံထားရပြီး သူ့ခန္ဓာကိုယ်မှာ ရေခဲရိုက်ခံထားရသကဲ့သို့ ခိုက်ခိုက်တုန်နေလေသည်။ ခေါင်းကြီးကိုလည်း အခွံထဲ ဇက်ပုနေအောင် ဖွက်ထားပြီး သေရလျှင်တောင်မှ ခေါင်းထွက်မပေးမည့်ပုံရ၏။
မန်ဟိုက သူ့ကို ကြည့်ပြီး သူ၏အခွံကြီးအပေါ် ခုန်တက်လိုက်သည်။ သူသည် သိုလှောင်အိတ်ကို ပုတ်ကာ ခဲယွင်ဟိုင် သူ့အတွက် လုပ်ပေးထားသော မှော်ပစ္စည်းနောက်တစ်ခုကို ထုတ်လိုက်ပြန်သည်။ ၎င်းသည် ဓားသေးသေးလေးဖြစ်ပြီး အရောင်မွဲတဲတဲဖြစ်နေသော်လည်း အတိုင်းထက်အလွန် စူးရှသော အအေးဓာတ်ကို ထုတ်လွှတ်နေ၏။ မန်ဟိုက ဓားကို ကိုင်ပြီး ဆောင့်ကြောင့်ထိုင်ကာ မှီခိုရာဂိုဏ်းချုပ်၏အခွံကြီးအပေါ်တွင် စာလုံးတချို့ ရေးသားလေတော့သည်။
"မန်ဟို့လိပ်"
စကားလုံးသုံးလုံး ရေးထွင်းပြီးနောက်တွင် မန်ဟိုက လိပ်ခွံကြီးကို ပုတ်ကာ အားရကျေနပ်စွာဖြင့် ငါးခူပြုံးကြီးပြုံးလိုက်၏။
"ဒီနေ့တော့ ဒီလောက်ပဲ။ ခင်ဗျားအတွက် ခက်ခဲကောင်း ခက်ခဲလိမ့်မယ် ဆိုပေမယ့် နောက်တစ်ချိန် ပြန်တွေ့ခဲ့ရင် ခင်ဗျား ကျုပ်ရဲ့လိပ်ဆိုတာ မှတ်မိနေဖို့ မျှော်လင့်တယ်"
မှီခိုရာဂိုဏ်းချုပ်က အံကြိတ်ရင်း သူ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေ၏။ မန်ဟို့ သူ့ကျောပေါ်တွင် တစ်စုံတစ်ခု ရေးသားခဲ့ကြောင်းသိသဖြင့် ဤစော်ကားမှုမျိုးအတွက် ကလဲ့စားပြန်ချေရန် စိတ်ပိုင်းဖြတ်ပြီးပြီ ဖြစ်လေသည်။
မန်ဟိုက ခြေဆောင့်နင်း၍ အထပ်(၇၁)သို့ ဆက်သွားရန် ပြင်ရင်း လေပေါ်ပျံတက်လိုက်သည်။ သို့သော် သူက လေပေါ်ပျံတက်လိုက်လျှင်ချင်း တစ်စုံတခုကို တွေးလိုက်မိပုံရသည်။ သူ ခေါင်းငုံ့ကြည့်လိုက်သည့်အချိန်မှာ မှီခိုရာဂိုဏ်းချုပ် အခွံထဲမှ ခေါင်းထုတ်လိုက်သော အခိုက်အတန့်ဖြစ်လေသည်။
မန်ဟိုက ရုတ်တရက် ပြုံးပြီးနောက် အဆောင်စက္ကူတစ်ရွက် ထုတ်လိုက်သည်။ မှီခိုရာဂိုဏ်းချုပ်မှာ ကြောက်ကြောက်လန့်လန့်ဖြင့် လျှပ်စီးသဖွယ် ရွှတ်ခနဲ ခေါင်းပြန်ဖွက်ပြီး ဟိန်းဟောက်လိုက်သည်။ "ဒီနေ့တော့ ဒီလောက်ပဲဆို။ မင်း မင်း မင်း ... ငါ့ကို လှည့်စားတယ်"
မန်ဟို၏ခန္ဓာကိုယ်မှာ အခွံထဲ ခေါင်းဖွက်ထားသော မှီခိုရာဂိုဏ်းချုပ်၏ အရှေ့တည့်တည့်တွင် ပေါ်လာခဲ့လေပြီ။ သူကား ဒိုင်းရှိသဖြင့် လိပ်အိုကြီး၏ မည်သည့်အလစ်တိုက်ခိုက်မှုကိုမှ ကြောက်မနေပေ ။
"ဒီတစ်ခေါက် အလွှတ်ပေးလိုက်မယ်" မန်ဟိုက ပြောသည်။ "ဒါပေမယ့် ဒီအထပ်ကနေ ဆုလာဘ်ရဖို့ ခင်ဗျားကို ဖျက်စီးရမလား၊ မဖျက်စီးရဘူးလား ဆုံးဖြတ်ရခက်သေးတုန်းပဲ"
မှီခိုရာဂိုဏ်းချုပ်တစ်ယောက် လိပ်ခွံကြီးထဲတွင် တုန်ရီသွားသည်။ ထို့နောက် သူက ပါးစပ်ဟလိုက်ရာ ရွှေရောင်အလင်းတန်းတစ်တန်း မန်ဟို့ဆီ ပြေးဝင်လာ၏။ ၎င်းသည် ဒိုင်းကို ထိုးဖောက်ရင်း မှော်သင်္ကေတတစ်ခု အသွင်ပြောင်းသွားသည်။
မှော်သင်္ကေတသည် အံ့ဖွယ်ဖိအားတစ်ရပ်နှင့်အတူ ရောင်စုံအလင်းများ ဖြာထွက်နေသော အစေ့တစ်စေ့ပုံစံရှိ၏။ ၎င်းသည် ခံညားထည်ဝါသော ခံစားချက်ကို ပေးစွမ်းနေရာ ချက်ချင်းပင် ကောင်းကင်ကြီးပင် မှေးမှိန်သွားသည့်အလား ၊ ကျန်ကမ္ဘာတစ်ခုလုံးကို ချက်ချင်း မှောက်မိုက်သွားစေတော့သည်။
၎င်းတွင် ကမ္ဘာလောက၏ သဘာဝနိယာမများအထက်တွင် တည်ရှိသော ကောင်းကင်နှင့်မြေကြီး၏ တာအိုတရားတစ်ခု ပါဝင်နေသည့်အတွက် ၎င်းကို ကျင့်ကြံသည့် မည်သူမဆို ကြီးမြတ်သောတာအိုတစ်ရပ် ပိုင်ဆိုင်ရပေမည်။
သုံးထောင်သော တာအိုမှော်ကျင့်စဉ်များအနက်မှ ထိပ်ဆုံးတစ်ဆယ်အပါအဝင် ဖြစ်သည့် တာအိုမှော်ကျင့်စဉ်တစ်ခု။
မိစ္ဆာအင်မိုတယ်ဂိုဏ်းတွင်ပင် ဤသည်မှာ ရင်သပ်ရှုမောဖွယ်ကောင်းသော မှော်ကျင့်စဉ်တစ်ခုဖြစ်လေသည်။ ၎င်း၏မူလအစအား ရေရေရာရာ မသိရသည့်အပြင် ရှေးခေတ်တုန်းကပင်လျှင် ၎င်းအား ရှင်းရှင်းလင်းလင်း နားလည်သူ မရှိသလောက် ရှားခဲ့၏။
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ မှော်ကျင့်စဉ်ကို လေ့လာလိုက်သည်။ သူရင်ခုန်သံများ ထိန်းသိမ်းမရလောက်အောင် ဗြောင်းဆန်သွား၏။ ဝိညာဉ်ခွဲဖြာမန္တန်အပြင် ဤသည်မှာ သူ မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ ဤရှေးဟောင်းကမ္ဘာထဲတွင် ရှိနေခဲ့သမျှ ကာလတစ်လျှောက်လုံး မြင်တွေ့ခဲ့ရသည်များအနက် အစွမ်းအထက်ဆုံး တာအိုမှော်ကျင့်စဉ်ဖြစ်နေလေသည်။
"ဒါ ဘယ်လို တာအိုမှော်ကျင့်စဉ်များလဲ မသိဘူး" သူက တွေးလိုက်သည်။
သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီး မှော်သင်္ကေတအား လက်ဖြင့် ဖိချလိုက်၏။ ချက်ချင်းပင် သူ့ဦးနှောက်မှာ ဂျိန်းခနဲ ထစ်ချုန်းသံကြီးဖြင့် ပြည့်နှက်သွားတော့သည်။
အမှတ်အသားတွင် ဉာဏ်အလင်းရဖို့ မလိုအပ်ပေ။ သူ၏လက်ညှိုး ၎င်းကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းက သူ၏ခန္ဓာကိုယ်မှတစ်ဆင့် နှလုံးသားဆီ တဟုန်ထိုး ဝင်ရောက်လာကာ အစေ့တစ်စေ့အသွင် ပြောင်းသွား၏။
ဤသည်မှာ .... ထိပ်ဆုံးတစ်ဆယ်ဝင် တာအိုမှော်ကျင့်စဉ်တစ်ခု၊ ကြီးမြတ်သောတာအို၏အစေ့ ဖြစ်သည်။ ၎င်းကား ဉာဏ်အလင်းမလိုအပ်။ ဉာဏ်အလင်းရထားလျှင်လည်း အချည်းနှီးသာ။ ဤအစေ့သည် ရရှိရန် ကံပါသော သူ၏စိတ်ထဲတွင်သာ ပေါက်ရောက်နိုင်လေသည်။
သူနှင့် ဤအစေ့အကြား ရေစက်သာရှိလျှင် ၎င်းကား ထိုနေရာတွင် အမြဲရှိနေမည်ဖြစ်သည်။ ရေစက်မပါလျှင်တော့ အတင်းအကြပ် ရယူဖို့ ကြိုးစားခြင်းမှာ အလကားသာ ဖြစ်လိမ့်မည်။
ပုံရိပ်ယောင်အစေ့သည် အပိုင်းကိုးပိုင်းအဖြစ် လျင်မြန်စွာ အသွင်ပြောင်းသွားပြီး ခုနစ်ပိုင်းက သူ၏အနုသုခုမရုပ်ခန္ဓာခုနစ်ခုဆီ ပြေးဝင်သွား၏။
ကျန်နှစ်ခုက သူ့နှလုံးသားထဲတွင် ကျန်ရစ်ခဲ့သည်။
အစေ့ခုနစ်စေ့ သူ၏ အနုသုခုမရုပ်ခန္ဓာခုနစ်ခုနှင့် ဆုံတွေ့သောအခါ ၎င်းတို့အားလုံး တုန်ရီလာကြ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းတို့သည် ပုံရိပ်ယောင်အရာတစ်ခုကို အစစ်အမှန်အဖြစ် ဖော်ဆောင်နေကြပုံရလေသည်။ ကြည့်ရသရွေ့... မန်ဟိုက ၎င်းတို့၏အသိအမှတ်ပြုခြင်းကို လက်ခံရရှိပြီး သူ့စိတ်ထဲတွင် ပေါက်ရောက်ရန် ရွေးချယ်လိုက်သယောင်ပင်။
ထိုစဉ် အပြင်လောကတွင် မိစ္ဆာအင်မိုတယ်ဂိုဏ်းသားများ၏ မျက်လုံးအားလုံးမှာ စေတီ၏အထပ်(၇၀)ရှိ မှော်အလင်းရောင်အပေါ် အာရုံစိုက်နေသည်။ အထူးသဖြင့် တောင်ကောင်းကင်မှ ကျင့်ကြံသူများဖြစ်၏။
ခဲယွင်ဟိုင်၏ မျက်နှာပေါ်တွင်တော့ မျှောာ်လင့်ချက်များ ဆထက်တိုးလာသည်။ ကျန်ပါရာဂွန်များလည်း သေသေချာချာ စောင့်ကြည့်နေ၏။ ဤသည်မှာ ထိပ်ဆုံးတစ်ဆယ်ဝင် တာအိုမှော်ကျင့်စဉ်တစ်ခုရနိုင်သော အခွင့်အရေးဖြစ်ကြောင်း သူတို့ သိကြသည်မဟုတ်ပါလော။
ဤအခိုက်အတန့်တွင် မိစ္ဆာအင်မိုတယ်ဂိုဏ်းအပေါ်ရှိ ကောင်းကင်တွင် ရုတ်တရက် တိမ်တိုက်များ တလိပ်လိပ် ထလာသည်။ အနီရောင်အလင်းက မြေပြင်တစ်ခွင် ကြီးစိုးသွားပြီး အလင်းတန်းတစ်တန်း ထိုးဆင်းလာ၏။ အလင်းတန်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် သတ္တမတောင်ထိပ်သခင်က မျက်လုံးများ ဖျတ်ခနဲ ဖွင့်လိုက်သည်။ ၎င်းတို့မှာ စူးရှတောက်ပစွာ လင်းလက်လျက်ရှိချေသည်။
"ဒါက..."
ကျဆင်းလာသော အလင်းတန်းသည် ဝေဝါးလာပြီး အပိုင်းသုံးပိုင်းကွဲသွား၏။
ထိုသို့သော လက္ခဏာတစ်ခု၏ အဓိပ္ပာယ်မှာ လူအများစု နားလည်နိုင်မည့်အရာမဟုတ်ပေ။ သို့သော် ပါရာဂွန်အားလုံးက လေးနက်သောအကြည့်များဖြင့် စောင့်ကြည့်နေကြသည်။
ခဲယွင်ဟိုင်၏ အသက်ရှူသံများ မြန်စပြုလာသည်။ တခြားကိစ္စဆိုလျှင် သူ့ကို သိသိသာသာ တုန်လှုပ်စေမည်မဟုတ်။ သို့သော် ၎င်းက ခဲကျုံစစ်အပေါ် သက်ရောက်မှုဖြစ်ရာ သူ့မှာ စိတ်နှလုံးမတုန်ရီဘဲ နေမည်လော။ သူ၏မျက်လုံးများက ထူးဆန်းသောအလင်းရောင်တစ်ခုဖြင့် တောက်ပလာပြီး သူ့မှာ လက်ရှိဖြစ်ပျက်နေသောအရာမှာ အစစ်အမှန်ဆိုသည်ကို မယုံနိုင်လောက်အောင် ဖြစ်လာ၏။
အလင်းတန်းသုံးတန်းက ထပ်မံ ခွဲထွက်ပြီး အလင်းတန်းကိုးတန်းဖြစ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ထိုအလင်းတန်းကိုးတန်းကား ....အံ့ဖွယ်ကောင်းစွာနှင့် ဧရာမပုံရိပ်ကြီးတစ်ခုပုံစံ စုစည်းသွားလေပြီ။
၎င်းသည် အတော်လေး မပြတ်သားသော ပုံရိပ်တစ်ခုဖြစ်သော်လည်း မန်ဟို၏မျက်နှာဖြစ်သည်ကိုတော့ မြင်ရသေးလေသည်။
၎င်းသည် ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေနိုင်သော ဧရာမမှော်ပုံရိပ်ကြီးတစ်ခုအလားပင်။
ထို့နောက် မှော်ပုံရိပ်ကြီးက ပါးစပ်ဟပြီး မိစ္ဆာအင်မိုတယ်တစ်ဂိုဏ်းလုံး ဟိန်းထွက်သွားသော ရှေးဆန်ဆန်အသံကြီးဖြင့် စကားပြောလာသည်။
"သွေးဆက်တစ်ဆက်ကို ဝိညာဉ်သုံးကိုယ်အသွင်ပြောင်းတယ်၊ ဝိညာဉ်သုံးကိုယ်ကို နတ်ခန္ဓာကိုးခုအဖြစ် ဖော်ဆောင်တယ်။ နတ်ခန္ဓာကိုးခုကို ငါ့ကိုယ်အစစ်အဖြစ် သန့်စင်တယ်။ ငါက.... ခြောက်သွေ့မီးတောက်မိစ္ဆာ မှော်အစစ်အမှန်ကိုယ်တာအို"
ဤအခိုက်အတန့်မှာပင် ဉာဏ်မမှီအောင် နက်နဲသော အကြောင်းတစ်စုံတရာကြောင့် ဖြစ်တန်ရာသည်။ မိစ္ဆာအင်မိုတယ်ဂိုဏ်းအပေါ်၌ ဝဲနေသော ဇောက်ထိုးမိစ္ဆာတောင်ကြီးသုံးလုံးအနက် ချော်ရည်ကျောက်များမှ ဖြစ်ပေါ်လာပုံရသော တောင်ကြီး... သိမ့်ခနဲ တုန်ခါသွားလေ၏။
ပါရာဂွန်ခုနစ်ဦးနှင့် ဂိုဏ်းသားအားလုံးအပါအဝင် လူတိုင်းလူတိုင်းမှာ လုံးလုံးလျားလျား ထိတ်လန့်မှင်သက်သွားကြတော့သည်။
***