သခင်လီ၏ အသံ
Vol. 42 Ch. 585
ဇောက်ထိုးမိစ္ဆာတောင်သုံးလုံး ။ တစ်လုံးသည် ဆီးနှင်းရေခဲအတိ ဖုံးနေပြီး အရိုးခိုက်မတတ်အေး၏။ တစ်လုံးက အလောင်းများ ပုံထားသည့်ပမာ သွေးကဲ့သို့ ရဲရဲနီနေသည်။ ဤနှစ်လုံးအကြားတွင် ဂုဏ်ကျက်သရေအရှိဆုံးသော မီးတောင်သဖွယ် ချော်ရည်ကျောက်တောင်ကြီးတစ်လုံး ရှိသည်။
လောလောဆယ် တုန်ခါနေသော တောင်မှာ ချော်ရည်ကျောက်မိစ္ဆာတောင်မှတစ်ပါး အခြားမဟုတ်ပေ။
၎င်းသည် မဆိုစလောက်လေးသာ တုန်ခါနေသော်လည်း ထိတ်လန့်ချောက်ချားဖွယ်ရာ တဝုန်းဝုန်း တုန်ခါသံကြီးက မိစ္ဆာအင်မိုတယ်ဂိုဏ်းအတွင်းရှိ လူတိုင်း၏ စိတ်နှလုံးအား တုန်ရီချောက်ချားသွားစေ၏။ ခဲယွင်ဟိုင်အပါအဝင် ပါရာဂွန်ခုနစ်ဦးမှာလည်း သည့်ထက်ပိုပြီး မလေးနက်နိုင်တော့လေပြီ။ သူတို့အားလုံးက မိစ္ဆာတောင်ကြီးကို ကြည့်ရန် ထရပ်လိုက်ကြ၏။
ကျန် ဂိုဏ်းသားများမှာ မည်သည့်အရာများ ဖြစ်ပျက်နေသလဲ မသိသည့်တိုင် မိစ္ဆာတောင်ကြီး တုန်ခါနေသည်ကို ထည့်တွက်လျှင် မိစ္ဆာအင်မိုတယ်စေတီအတွင်း ဖြစ်ပျက်နေသောအခြင်းအရာမှာ မိုးကောင်းကင်ကိုပင် အာခံနေသော ကံကြမ္မာကောင်းတစ်ခုဖြစ်ကြောင်းကိုတော့ သိကြလေသည်။
တောင်ကောင်းကင်ဂြိုဟ်ကျင့်ကြံသူများ၏ မျက်နှာများမှာတော့ ဘီလူးမ သံပုရာသီးကိုက်သည့်နှယ် ရှုံ့မဲ့ကုန်ကြသည်။ အများစုမှာ သေလောက်အောင် မနာလိုဖြစ်နေပြီး ခဲကျုံစစ်သာ ဖြစ်ချင်နေကြတော့၏။
ဖန်ယုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူမသည် မန်ဟို့သရုပ်မှန်နှင့် ပတ်သက်ပြီး မရေမရာဖြစ်နေခဲ့သော်လည်း ယခု ကောင်းကင်ရှိ ဧရာမမှော်သင်္ကေတကြီးကို မြင်သည့်အခါတွင်တော့ သူက အမှန်တကယ် ခဲကျုံစစ်ဖြစ်နေကြောင်း သဘောပေါက်သွားတော့၏။
"အဲဒီကောင်စုတ်ကလေးကတော့...." အပြံးလေးတစ်ခုက သူမမျက်နှာလေးပေါ်တွင် တောက်ပစွာ ဖြစ်ထွန်းလာလေ၏။
ခပ်လှမ်းလှမ်းရှိ တောင်ထိပ်အပေါ်တွင်တော့ ကျင်ရှန်းမှာ ချော်ရည်ကျောက် မိစ္ဆာတောင်ကြီးကို မော့ကြည့်ရင်း ရင်အစုံ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူမ၏မျက်ဝန်းလေးကား ဝိုင်းကျယ်ပြူးကျယ်နေလေပြီ။
"ခြောက်သွေ့မီးတောက်မိစ္ဆာ မှော်အစစ်အမှန်ကိုယ်တာအို... အဲ့ဒီပညာရပ်တဲ့လား။ ဘယ်လို ကံကြမ္မာကောင်းမျိုးနဲ့ မန်ဟို ကြက်ကန်းဆန်အိုးတိုးသွားရတာတုန်း။ သူ တကယ်ပဲ ချော်ရည်ကျောက်မိစ္ဆာတောင်ကြီးနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်သွယ်နေတဲ့ တာအိုမှော်ကျင့်စဉ်တစ်ခု ရသွားတာလား"
လူတိုင်းမှာ မတူညီသော အတွေးများ ၊ အမူအရာများ ရှိကြ၏။ တူညီသည့်အရာကတော့ မန်ဟိုနှင့်ပတ်သက်ပြီး အားကျခြင်း၊ မနာလိုခြင်းနှင့် မချင့်မရဲဖြစ်ခြင်းတို့ပင် ဖြစ်လေသည်။
ချော်ရည်ကျောက်မိစ္ဆာတောင်ကြီး တုန်ခါသွားသည့်အခိုက်အတန့်တွင် အတွင်းမှ အတန်ငယ် လုံးထွေးနေသော အသံတစ်သံထွက်လာသည်။ ၎င်းကား ချုပ်နှောင်တံဆိပ်တစ်ခုမှ လာပုံရလေသည်။ ၎င်း၏ အသံနေအသံထားမှာ ထူးဆန်းပြီး နေရာပေါင်းစုံမှ ပဲ့တင်ထပ်လာ၏။
"ခြောက်သွေ့မီးတောက်မိစ္ဆာမှော်ကျင့်စဥ်က မိုးကောင်းကင်အောက်မှာ နောက်တစ်ကြိမ် ပေါ်ထွက်လာခဲ့ပြီ။ ငါတို့ဟာ မဖြေရှင်းရသေးတဲ့ ကံကြွေးကို ချုပ်နှောင်ပြီး အစစ်အမှန်ကိုယ်တာအိုကို ကျင့်ကြံခဲ့တယ်။ နောက်ဆုံးမှာတော့ အကုန်လုံး.... ဟင်" အသံကြီးက ရုတ်တရက် ပြောနေရင်းတန်းလန်း ရပ်သွား၏။
အချိန်အတန်ကြာသော် ချော်ကျောက်မိစ္ဆာတောင်အတွင်းမှ သက်ပြင်းချသံသဲ့သဲ့ ကြားလိုက်ရလေသည်။ "ည..."
အသံက ဤကမ္ဘာတစ်ခွင် ပဲ့တင်ထပ်လာရာ လူတိုင်းအား အံ့ဩတုန်လှုပ်သွားစေတော့သည်။ မိစ္ဆာအင်မိုတယ် စေတီအတွင်းရှိ မန်ဟို၏မျက်လုံးများ ဖျတ်ခနဲ ဖွင့်လာပြီး ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပနေလေသည်။ သူ၏စိတ်ထဲတွင် တာအိုမှော်အစေ့သည် အခြေခိုင်မြဲသွားပြီဖြစ်၍ ဘယ်တော့မှ ပျောက်ကွယ်တော့မည်မဟုတ်ပေ။
ဤတာအိုမှော်အစေ့မှာ အမျှင်ခုနစ်မျှင် ခွဲဖြာကာ သူ၏အနုသုခုမရုပ်ခန္ဓာခုနစ်နှင့် ဆက်သွယ်ထား၏။ ကျင့်ကြံအဆင့် မပြောင်းလဲခဲ့သော်လည်း မန်ဟိုသည် ၎င်းနှင့်ပတ်သက်၍ တစ်စုံတခု ထူးခြားသွားကြောင်း ခံစားနေရလေပြီ။
သူက တစ်ယောက်တည်း ပွစိပွစိရေရွတ်ရင်း ထရပ်ကာ အခွံကြီးထဲတွင် ခေါင်းဝှက်ထားဆဲရှိနေသော မှီခိုရာဂိုဏ်းချုပ်ကို ကြည့်လိုက်၏။ ထို့နောက် မခိုးမခန့် ရယ်လေသည်။
"မှီခိုရာလိပ်အိုကြီး နောင်တစ်ချိန်ကျ ကျုပ်တို့ ဆုံရဦးမှာပါ။ ကဲ နောက်မှတွေ့ကြတာပေါ့" မန်ဟိုက တစ်ချက်ရယ်၍ နိမ့်ဆင်းလာနေသော အလင်းတန်းဆီ ထိုးတက်သွားတော့သည်။
မန်ဟို အလင်းတန်းနှင့် ထိတော့မည့်အချိန်မှာပင် မှီခိုရာဂိုဏ်းချုပ်က အခွံထဲမှ ခေါင်းပြူထွက်ပြီး မောက်မောက်မာမာ အော်လိုက်၏။ "မင်းကမှ လိပ်အိုကြီး။ မင်းတို့တစ်မျိုးလုံး လိပ်တွေ။ လာစမ်းပါ လာတိုက်စမ်း။ ငါ မင်းကို ကံကြမ္မာကောင်းတချို့ ချီးမြှင့်ရတာပေါ့။ မင်း လာရင်.... အောင်မလေး"
နည်းနည်းပါးပါး မျက်နှာပြန်ရရန် တစ်ယောက်တည်း တည်ကြည်ဖြောင့်မတ်စွာဖြင့် လေကြီးလေကျယ်ပြောသောအခိုက်အတန့်၊ သူ စကားပင်မဆုံးသေးသည့်အချိန်မှာပင် အလင်းနှင့်ပေါင်းစည်းတော့မည့် မန်ဟိုက တုံ့ခနဲ ရပ်ပြီး သူ့ကို ပြန်လှည့်ကြည့်၏။
အကြည့်က မှီခိုရာဂိုဏ်းချုပ်အား ဖိန့်ဖိန့်တုန်သွားစေတော့သည်။ သူက ဝှစ်ခနဲ ခေါင်းပြန်ဝှက်ပြီး လှစ်ခနဲ နောက်ဆုတ်သွားလေ၏။
"မင်း သိက္ခာမရှိတဲ့ အယုတ်တမာကောင်" သူက အခွံထဲမှ အော်ဟစ်လိုက်သည်။ "ဒီကို လာခဲ့စမ်း... တစ်နေ့ ငါ အရွယ်ရောက်လာတဲ့အခါ မင်းကို ကလဲ့စားပြန်ချေမယ်"
မန်ဟိုသည် မီတာထောင်ဂဏန်းမျှ ကြီးမားသော မှီခိုရာလိပ်ကြီးကို ကြည့်ရင်း အတွေးနက်နေပြီးနောက် မျက်လုံးများ တောက်ပလာတော့သည်။
"အရင်မိစ္ဆာချုပ်နှောင်သူမျိုးဆက်တွေက ဒီအားကိုးမရတဲ့ လိပ်အိုကြီးကို ငါ့ရဲ့ တာအိုစောင့်ရှောက်သူလုပ်ခိုင်းဖို့ ဖမ်းခဲ့တာဆိုတော့... ငါ့အတွက် စီးစရာပြင်ပေးခဲ့တယ်လို့ ဆိုလိုတာပဲ။ ဒါပေမယ့် ဒီနှစ်တွေတစ်လျှောက်လုံး ငါ တကယ့် စီးစရာကောင်တစ်ကောင်မှ မရခဲ့သေးဘူး...
"လိပ်အိုကြီးကို စီးရတာ ဘာနဲ့တူလောက်မလဲ...." အတွေးရထားကြီး ဤဘူတာဆိုက်သော် မန်ဟိုကား ပြင်းပြသောစိတ်အဟုန်ဖြင့် ရင်ထဲ တလှပ်လှပ် ဖြစ်လာတော့သည်။ တောင်ကောင်းကင်ဂြိုဟ်သို့ ပြန်ရောက်လျှင် သူ့အနေဖြင့် လိပ်အိုကြီးကို အပြစ်ပေးနိုင်ခြင်းမရှိတော့ကြောင်း သိသည် မဟုတ်ပါလော။
ထို့နောက် မန်ဟိုသည် အလင်းအတွင်းမှ ထွက်၍ မှီခိုရာဂိုဏ်းချုပ်၏ ကျောပေါ်သို့ ပြန်ဆင်းလာသည်။ ထိုသို့ဖြစ်သည်နှင့်တစ်ပြိုင်နက် မှီခိုရာဂိုဏ်းချုပ်တစ်ကိုယ်လုံး တုန်ရီလာတော့သည်။ စိတ်ထဲတွင် သူ့မှာ နောင်တအကြီးအကျယ်ရနေပြီး လိပ်ပြာလွင့်မတတ် ကြောက်နေလေပြီ။ မန်ဟို ဘာလုပ်ရန် ကြံနေကြောင်းလည်း သူမသိပေ။
"ကောင်းပြီ ပြောစမ်း" မန်ဟိုက အပြုံးလေးနှင့် ဆိုလိုက်သည်။ "မင်းက ငါ့လိပ်ဆိုတာ ဝန်ခံမလား ၊ မဝန်ခံဘူးလား"
မှီခိုရာဂိုဏ်းချုပ်မှာ အံတကြိတ်ကြိတ်နှင့် အခွံထဲမှ ထွက်မလာပေ။ သို့သော် အတန်ကြာသော် ဤအယုတ်တမာမန်ဟိုထံမှ ရုတ်တရက် ကြောက်မက်ဖွယ်အရှိန်အဝါကြီးတစ်ခု ထုတ်လွှတ်လိုက်ကြောင်း သူ သတိပြုမိလိုက်သည်။ မန်ဟို အဆောင်စက္ကူတစ်ပုံကြီးထုတ်ထားသည်မှာ ထင်ရှားလေ၏။
မှီခိုရာဂိုဏ်းချုပ်မှာ ပို၍ပင် အနိုင်ကျင့်ခံနေရကြောင်း ခံစားလိုက်ရသဖြင့် ရူးတော့မတတ်ဖြစ်လာပြီး အော်လိုက်လေသည်။ "ဝန်ခံတယ်၊ ဝန်ခံတယ်။ ဟုတ်ပြီလား အနိုင်ကျင့်ကောင်ကြီး။ ငါက .. ငါက လိပ်သေးသေးတစ်ကောင်လေးပါ ရပြီလား။ မင်း မင်း မင်း မင်း ဝဋ်ပြန်လည်မယ်မှတ်"
"ခင်ဗျား ဝန်ခံသရွေ့ ကျုပ် ပျော်တာပေါ့" မန်ဟိုက သက်တောင့်သက်သာ ရှိသော နေရာတစ်ခု ရွေးပြီး ထိုင်ချလိုက်၏။ သူ့လက်ထဲတွင်ကား အဆောင်စက္ကူများကို ကိုင်ထားသေးလေသည်။ "ကဲ အခု ကျုပ်ကို အထပ်(၇၀)ကနေ ခေါ်ထုတ်သွားပေး"
မှီခိုရာဂိုဏ်းချုပ်ခမျာ ကြောင်တောင်တောင်ကြီး ရပ်နေ၏။ သူ မည်သို့တွေးတွေး မန်ဟို ယခုလို တောင်းဆိုမှုမျိုး လုပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့မှာ ထိုနေရာတွင် တွေတွေကြီး ရပ်နေသည့်အချိန်မှာပင် မန်ဟိုက အဆောင်စက္ကူများ ပစ်ပေါက်လိုက်၏။
၎င်းတို့ မှီခိုရာဂိုဏ်းချုပ်၏ ကျောအပေါ် ကျရောက်သောအခါ ဖောင်းခနဲ ပေါက်ကွဲသွားကြသည်။ နတ်ဘုရားစွမ်းရည်များ၊ မှော်ပညာရပ်များက အရာအားလုံးအား လှုပ်ခါသွားစေတော့၏။ အပေါ်ထက်ကောင်းကင်ကြီးမှာ စုတ်ပြတ်သပ်သွားပြီး မှီခိုရာဂိုဏ်းချုပ်က မချိတင်ကဲ အော်ကာ ချက်ချင်း ရွေ့လျားလေတော့သည်။
"ဟုတ်ပြီ ဒီလိုမှပေါ့" မန်ဟိုက ရယ်သည်။ " လာ လာ လေပေါ်ပျံတက်လိုက်" သူသည် အဆောင်စက္ကူများကို ကြာပွတ်သဖွယ် ကိုင်ထားလေသည်။ သူ့အောက်ရှိ လိပ်ကြီးမှာ သူပြုသမျှ နုရမည့် မြင်းပုလေးတစ်ကောင်အလားပင်။ မှီခိုရာဂိုဏ်းချုပ်ခမျာ မျက်ရည်ဝဲတဲတဲဖြင့် မန်ဟို့ကို တောက်ပနေသောအလင်းရောင်ဆီ သယ်ဆောင်သွားလေတော့သည်။
သူ့မှာ နောင်တအကြီးအကျယ် ရနေမိသည်။ ကိုယ့်သေတွင်းကိုယ်တူးမိသည်ကို နောင်တရသည်။ သူ့ရန်သူ ထွက်သွားတော့မည့်အချိန်မှ နောက်ဆုံးစကားအနည်းငယ်ကို ပြောခဲ့မိလေသည်။ ရလဒ်ကတော့ ... ထိုလူမဟုတ်သည့် သတ္တဝါကောင် သူ့ဆီ ပြန်ရောက်လာခဲ့ခြင်းပင်။
မှီခိုရာဂိုဏ်းချုပ်မှာ မခံချင်စိတ်အပြည့်ဖြင့် ဒေါသတကြီး အော်ရင်း အလင်းနှင့် ပေါင်းစည်းသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း နှစ်ယောက်သား ပျောက်ကွယ်သွားခဲ့လေပြီ။
ပြန်ပေါ်လာသောအခါ အထပ် (၇၁)တွင် ဖြစ်၏။
အပြင်လောကတွင် ခဲယွင်ဟိုင်နှင့် ကျင်ရှန်းပင်အပါအဝင် လူတိုင်းမှာ အထပ်(၇၁)အား ကြောင်ကြောင်ကြီး ကြည့်နေမိကြသည်။
မန်ဟို့ကို ကိုယ်စားပြုသော အလင်းစက်အပြင် ... လိပ်တစ်ကောင်ပုံစံရှိသော ဧရာမအလင်းစက်ကြီးတစ်စက်ကိုလည်း မြင်နေရလေသည်။
မကြာမီ မန်ဟိုက လိပ်တစ်ကောင်ကို စီးနေကြောင်း ထင်ရှားလာ၏။
မိစ္ဆာအင်မိုတယ်ဂိုဏ်းသားများမှာ ရူးတော့မည့်ပုံပေါက်လာတော့သည်။
"အဲ့ဒီမှာ ဘယ်လိုလုပ်ပြီး လိပ်တစ်ကောင် ရှိနေရတာလဲ"
"လိပ်က နည်းတာကြီးမဟုတ်ဘူး။ အနည်းဆုံးမီတာထောင်နဲ့ချီလောက်တယ်။ ငါ ချီးတဲ့မှ၊ ခဲကျုံစစ်ကတော့ လွန်လွန်းသွားပြီ။ မသမာနည်းသုံးတယ်လား ရတယ်။ အလိုလိုက်တဲ့ အဖေရှိတယ်လား ရသေးတယ်။ ဒါ ဒါ ဒါ ဒါပေမယ့် ဘယ်လိုလုပ်ပြီး ဒီလောက်တောင် လူလည်ကျနိုင်ရတာတုန်း"
"ဒီလောက်ကြီးတဲ့ လိပ်ကြီးနဲ့ ဘာတွေ လုပ်နိုင်မယ် ထင်နေတာတုန်း"
ပို၍ပင် သွေးရူးသွေးတန်းဖြစ်နေသူများမှာတော့ တောင်ကောင်းကင်မှ ကျင့်ကြံသူများဖြစ်သည်။ သူတို့၏ ကိုယ်တွင်းအင်္ဂါများမှာ ခန္ဓာကိုယ်၏အပြင်သို့ ပေါက်ထွက်တော့မတတ် ဖြစ်နေပြီး မျက်နှာအမူအရာများမှာလည်း ပြင်းထန်သော မနာလိုဝန်တိုမှုတို့ဖြင့် ပြည့်နှက်နေတော့သည်။ မနာလိုမှုကား မုန်းတီးစက်ဆုပ်မှုပင် ဖြစ်လာပြီး သူတို့ကို အလွန်ရှုပ်ထွေးသော ခံစားချက်များဖြင့် တွေဝေနေစေတော့သည်။
"ခေါင်းဆောင်ကြီးကျီးနတ်မင်းက ကြားထားရတဲ့ ဂုဏ်သတင်းတွေအတိုင်းပါပဲ..." ကျောက်ဖန်းသည် ခါးသက်သက်ပြုံးကာ တွေးနေ၏။ သူက အထပ်(၇၁)ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
ဝမ်လီဟိုင်သည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်လုံးများမှာ မချင့်မရဲဖြစ်နေမှုတို့ဖြင့် ဝင်းလက်တောက်ပနေသည့်အပြင် ကူကယ်ရာမဲ့နေသော အရိပ်ယောင်တို့ကလည်း စိုးမိုးလျက်ရှိချေ၏။
ဟန်ပေ့မှာတော့ မန်ဟိုနှင့်ပတ်သက်ပြီး ပြောစရာစကားမရှိတော့သဖြင့် မျက်တောင်သာ ခတ်နေနိုင်သည်။ သူ၏လက်ရှိအပြုအမူများသည် လွန်ခဲ့သောနှစ်များက သူမရင်ထဲတွင် စွဲထင်ကျန်ခဲ့သော အထင်ကြီးလေးစားမှုဖြင့် ပေါင်းစည်းသွားလေ၏။ နောင်တစ်ချိန်တွင် သူကား သည့်ထက်ပို၍ပင် ထူးချွန်ပြောင်မြောက်လာလိမ့်မည်ဟူသော ခံစားချက်ကြီးမှာ ရုတ်တရက် သူမရင်ထဲတွင် ပေါက်ဖွားလာခဲ့လေပြီ။
"မျိုးနွယ်စုရဲ့ အင်အားနဲ့ သူ့အဆင့်အတန်းအားကိုးနဲ့ မိုက်နေတဲ့ကောင်။ ငါ ဒီထက် ဒေါသထွက်နိုင်တော့မယ်မထင်ဘူး" မြောက်ပိုင်းသဲကန္တာရ အင်ပါယာသွေးဆက်မျိုးနွယ်စုမှ လူငယ်က ပြောသည်။ "ပိုပြီး ရယ်စရာကောင်းတာက ဒီလောက်ကြီးတဲ့ လိပ်ကြီးကို စီးစရာအဖြစ် စီးနေတယ်တဲ့ ။ အစွမ်းထက်တဲ့အဖေရထားတဲ့ ဘဝမလို့သာပေါ့ကွာ တောက်" ပုံမှန်အားဖြင့် မြောက်ပိုင်းသဲကန္တာရမှ တခြားသူများမှာ သူ့ကြောင့် ယခုလို ခံစားခဲ့ရကြလေသည်။ ဤသည်မှာ သူ့တစ်ဘဝလုံးတွင် တစ်ပါးသူကို မနာလိုဖြစ်ဖူးသော ပထမဆုံးအကြိမ်ဖြစ်၏။
သို့သော် လောလောဆယ်တွင် သူ့မှာ မန်ဟို့အပေါ် သေမတတ် မနာလိုဖြစ်နေပြီး ဖြစ်ပျက်နေသောအရာမှာ မတရားသည်ဟု ခံစားနေရကြောင်း ဝန်ခံရုံမှတစ်ပါး အခြားမရှိပေ။
ခဲယွင်ဟိုင်က ချောင်းဟန့်ပြီး ကျန်ပါရာဂွန်ခြောက်ဦးကို ကြည့်လေသည်။ သူက ရှင်းပြရန် မကြိုးစားသည့်အပြင် အတော်လေး ဒွိဟဖြစ်နေပုံလည်းပေါ်၏။ တစ်ချိန်တည်းမှာပင် ဝမ်းသာအားရကျေနပ်နေမိလေသည်။
လူတိုင်း အမည်မဖော်နိုင်သော ခံစားချက်များဖြင့် စောင့်ကြည့်နေစဉ်မှာပင် မန်ဟိုနှင့် လိပ်ကြီးက မှော်ပစ္စည်းရောင်ခြည်များဖြင့် ခြံရံလျက် အထပ်(၇၁) မှ အထပ်(၇၂) အထိ တက်သွားတော့သည်။ ထို့နောက် အထပ်(၇၃) ....အထပ်(၇၄)...
သူတို့ အထပ် (၈၀)ကို ရောက်သည့်အခါ တောင်ကောင်းကင်ဂြိုဟ်မှ ကျင့်ကြံသူများအပါအဝင် မိစ္ဆာအင်မိုတယ်ဂိုဏ်းရှိ ဂိုဏ်းသားအကုန်လုံးမှာ ခေါင်းကိုက်လာသည်ကို ခံစားနေရတော့သည်။ သူတို့ တွေးနေသည်မှာ မန်ဟို ဤအထပ်ကို ' ဖြတ်နိုင်မလား၊ မဖြတ်နိုင်ဘူးလား ' မဟုတ်ဘဲ မည်သည့်ကံကြမ္မာကောင်းအား သိမ်းပိုက်မလဲ ဆိုသည်ပင် ဖြစ်ချေသည်။
သူတို့တစ်ဘဝလုံး အိပ်မက်မက်နေခဲ့ရသော ကံကြမ္မာကောင်းအားလုံးကို တစ်စုံတယောက်မှ သိမ်းကျုံးယူသွားသည်ကို မျက်စိနှစ်လုံးဖြင့် စောင့်ကြည့်နေရခြင်းမှာ အမှန်တကယ် ရူးချင်စရာကောင်းလေသည်။
မန်ဟိုသာ ကိုယ့်အရည်အချင်းနှင့်ကိုယ် လုပ်ဆောင်နေလျှင် ထား၍ရသေးသည်။ အနည်းဆုံး သူတို့ကိုယ်သူ ဖြေသိမ့်နိုင်ဦးမည်။ သို့သော် ယခုတော့ သူကား သူ၏ရာထူးအဆင့်အတန်းကို မှီခိုပြီး သူတို့ကို သွေးအန်စေလောက်သော အတိုင်းအတာအထိ လူလည်ကျနေလေ၏။
"ငါ လက်မခံနိုင်ဘူး" ကျီမျိုးနွယ်တစ်ယောက်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း အံတင်းတင်းကြိတ်၍ ပြောသည်။
ဖန်ယုကလွဲ၍ ကျီနှင့်ဖန်မျိုးနွယ်များ၏မျက်နှာပေါ်တွင် တူညီသော အမူအရာများကို မြင်ရ၏။ အရှေ့ဘက်နယ်မြေရှိ တခြားနေရာများမှ အုပ်စုများလည်း ထိုနည်းတူပင်။ သို့သော် သူတို့ မည်သို့ပင် တွေးနေစေကာမူ အလင်းစက်အား အထပ်(၈၀)သို့ မတက်သွားနိုင်အောင် မဟန့်တားနိုင်ပေ။
မှော်ပစ္စည်းရောင်ခြည်များ၏ လွှမ်းခြုံမှုအောက်ဝယ် အထပ်(၈၀)မှာ ပြိုကျပျက်စီးလုမတတ် ဖြစ်သွားလေပြီ။ လူတိုင်းမှာ လိပ်ကြီး၏ သောင်းကျန်းနေသောပုံရိပ်ကို မြင်သည်ဆိုရုံကလေး မြင်နေရ၏။ တခဏကြာသော် အထပ်(၈၀)မှ ဟိန်းဟောက်သံအကျယ်ကြီးနှင့်အတူ အဆုံးမဲ့သောရောင်စဉ်တန်းများ ဖြာထွက်လာသည်။ ထူးဆန်းသော အသံအနေအထားနှင့် ရှေးဆန်ပြီး ဩဇာကြီးမားသော အသံကြီးတစ်သံက မနှေးလွန်း၊ မမြန်လွန်း စကားပြောလိုက်၏။
"မင်းက မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ အထပ်(၈၀)ကို ဖြတ်ကျော်နိုင်ခဲ့ပြီဆိုတော့ ထိပ်ဆုံးတစ်ဆယ်ဝင် တာအိုမှော်ကျင့်စဉ်အထဲက တစ်ခုဖြစ်တဲ့ .... ကောင်းကင်ဘုံကိုးထပ်ပျက်စီးခြင်းကျင့်စဉ်နဲ့ ချီးမြှင့်တော်မူမယ်"
ဤအသံက လူတိုင်းကို ကြောင်ကြည့်မိသွားစေသည်။ အသံ၏ရှေးဆန်မှုကြောင့်မဟုတ်ဘဲ ပြောပုံဆိုပုံကြောင့် ဖြစ်၏။
ကျင်ရှန်း၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး ဟောဟဲလှိုက်လာသည်။ မယုံကြည်နိုင်မှု ဆိုသည်အား သူမမျက်နှာအပေါ်တွင် ရေးထိုးထားလေ၏။
"အဲ့ဒါက..."
ခဲယွင်ဟိုင်အပါအဝင် ပါရာဂွန်ခုနစ်ဦးလုံး ထရပ်လိုက်ကြသည်။ သူတို့၏မျက်နှာအမူအရာများမှာ မိစ္ဆာတောင်ကြီး တုန်ခါခဲ့စဉ်တုန်းထက်ပင် ပို၍ပြောင်းလဲသွားကြလေသည်။
သူတို့ကို လွှမ်းခြုံထားသော နေများ တုန်ခါ၍ ပုံပျက်ရှုံ့တွလာသည်။ သိသိသာသာပင် သူတို့မှာ ဤအသံကြီး ပေါ်ပေါက်လာခြင်းကြောင့် လုံးလုံးလျားလျား ထိတ်လန့်သွားခဲ့ကြ၏။
"အဲ့ဒါက..."
"အဲ့ဒါ သခင်လီရဲ့အသံပဲ"
***