အဖေ သားကို ခေါ်သွားပေးမယ်
Vol. 42 Ch. 586
ပါရာဂွန်ခုနစ်ဦးလုံး ချက်ချင်း ပို၍ပင် အံ့ဩတုန်လှုပ်လာသည်။
"သခင်လီရဲ့အသံ"
"မဖြစ်နိုင်ဘူး ။ သခင်လီက အိပ်ပျော်နေတာလေ ။ သူ နိုးလာခဲ့ရင် မိစ္ဆာတောင်သုံးလုံး ချက်ချင်း နှစ်သန်းပေါင်းများစွာ ကွန့်မြူးတောက်ပလာပြီး အထွတ်အမြတ်နယ်မြေနှစ်ခုလည်း ပွင့်လာမှာ။ လူတိုင်း သိသွားကြပြီး နဝမတောင်နဲ့ပင်လယ်မှာရှိတဲ့ ပညာရှင်တွေအကုန်လုံး ဂါဝရပြုဖို့ ရောက်လာကြမှာလေ"
"သခင်လီတော့ မဟုတ်ဘူး သခင်လီရဲ့အသံ။ ဒါပေမယ့် ဘယ်လိုကြောင့်လဲ"
"အသံက တစ်ခုခုတော့ မူမမှန်ဘူး... အားနည်းနေတဲ့အတိုင်းပဲ"
အပြင်လောက၌ရှိသူတိုင်း အံ့အားသင့်နေကြစဉ် မိစ္ဆာအင်မိုတယ်စေတီ၏ အထပ်(၈၀)တွင် အရာအားလုံး ပျက်စီးပြိုကျနေလေပြီ။ မန်ဟိုက မှီခိုရာဂိုဏ်းချုပ်အပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူ့အရှေ့တွင် ခရမ်းရောင်အလင်းဖြင့် မှိတ်တုတ်မှိတ်တုတ်လက်နေသော ခရမ်းရောင်အမှတ်အသားတစ်ခု ရှိသည်။
အလင်းဖြာထွက်လာသည်တွင် ပြိုကျနေသော ကမ္ဘာကြီး တိတ်ဆိတ်လာပြီး အကုန်လုံး လှုပ်ရှားနေခြင်း ရပ်တန့်သွား၏။
အပြင်လောကတွင် ပဲ့တင်ထပ်နေသောအသံအား မန်ဟို့ပတ်ဝန်းကျင်တွင်လည်း ကြားရနိုင်ပြီး ၎င်း၏ရင်းမြစ်မှာ... သူ့အရှေ့ရှိ ခရမ်းရောင်အမှတ်အသားမှတစ်ပါး အခြားမဟုတ်ပေ။
ထိပ်ဆုံးတစ်ဆယ်ဝင်မှော်ကျင့်စဉ်များကား ဉာဏ်အလင်းမလိုအပ်၊ ကံကောင်းဖို့သာ လိုသည်။ ၎င်းတို့အထဲမှ တစ်ခုကို ရရှိပြီးနောက် ရေစက်ပါလျှင် မှော်ကျင့်စဥ်တာအိုအစေ့တစ်စေ့ ဖြစ်လာမည်။ ရေစက်မရှိလျှင်တော့ မည်မျှပင် ခယတောင်းဆိုစေကာမူ အချည်းနှီးသာ။
မန်ဟိုက စကားတစ်ခွန်းမဆိုဘဲ ညာလက်ကို မြှောက်လိုက်သည်။ ၎င်း ခရမ်းရောင်အမှတ်အသားကို ထိသည်နှင့်တစ်ပြိုင်နက် သူ့တစ်ကိုယ်လုံး ဖျဉ်းခနဲ တုန်ရီသွား၏။ ခရမ်းရောင်အမှတ်အသားသည် သူ၏လက်ချောင်းကို ဖြတ်၍ ခန္ဓာကိုယ်ထဲသို့ စီးဆင်းဝင်ရောက်လာသည်။ ထို့နောက် သူ၏စိတ်ထဲဝယ် မှော်ဆန်ဆန် ပေါ်လာပြီး ပုံရိပ်ယောင်မြင်ကွင်းတစ်ခု အသွင်ပြောင်းလာ၏။
ထိုမြင်ကွင်းအထဲတွင် လက်မြှောက်လျက်ရှိသော ဝါးတားတားပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ၎င်း လက်မြှောက်လိုက်သဖြင့် ကောင်းကင်ဘုံတစ်ခု မြောက်တက်လာသည်။ လက်နောက်တစ်ချက် ဝှေ့ယမ်းလိုက်သည့်အခါ ထိုကောင်းကင်ဘုံသည် နှစ်ခြမ်းကွဲပြီး ကောင်းကင်ဘုံနှစ်ခု ဖြစ်လာ၏။
အဆုံးသတ်တွင် ငါးခုကွဲထွက်သွားသည်။ ကောင်းကင်ဘုံကိုးခုပျက်စီးခြင်း။ အရာအားလုံး ရှေးကျလာသည်။
"မင်းမှာ ဒီမှော်ကျင့်စဉ်နဲ့ ရေစက်ပါတယ်။ ငါ ဒီတာအိုကို မင်းဆီ ပေးမယ်... ဒါက ခြောက်သွေ့မီးတောက်မိစ္ဆာမှော်ကျင့်စဉ်နဲ့ လိုက်ဖက်တယ်။ ငါ စောင့်နေခဲ့တာ တော်တော်ကြာခဲ့ပြီ။ မင်းက ငါ စောင့်နေတဲ့သူများ ဖြစ်နေမလား။ လာ ၉၉ထပ်လုံးကို ဖြတ်လာခဲ့။ တောင်သုံးလုံးကို ဖြတ်လာခဲ့။ အထွတ်အမြတ်နယ်မြေနှစ်ခုကို ဖြတ်လာခဲ့။ မင်း ငါ့အရှေ့မှာ လာရပ်နိုင်ရင် ... မင်း ငါ အသိအမှတ်ပြုတာကို ရယူနိုင်ရင်တော့... မင်းက ငါ့ရဲ့ ဆက်ဆံသူဖြစ်ပြီ" မန်ဟို မျက်လုံးများ ဖွင့်လိုက်သောအခါ အသံမှာ သူ၏နားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။ သူ၏မျက်လုံးများမှာ တွေဝေငေးကြောင်မှုတို့ဖြင့် ပြည့်နှက်နေသော်လည်း လျင်မြန်စွာ ပြန်လည် ရှင်းလင်းပြတ်သားလာလေသည်။
သူ့စိတ်ထဲတွင် ခရမ်းရောင်သင်္ကေတသည် ကြီးမြတ်သောတာအိုအစေ့တစ်စေ့အသွင် ပြောင်းလာ၏။ သို့သော် ၎င်းမှာ မသန့်စင်ရသေးသော အကြမ်းထည်သာ ဖြစ်ချေသည်။ မန်ဟိုအနေဖြင့် ၎င်းကို အပြည့်အဝ အသုံးမပြုနိုင်ခင် ဆက်လက်ဆင်ခြင်စဉ်းစားဖို့ လိုအပ်ဦးပေမည်။
သူ မျက်လုံးများ ပြန်ဖွင့်လိုက်သည့်အခါ သူ့အရှေ့ရှိ ကမ္ဘာကြီးသည် ပြန်လည်ပြိုကျလာပြီဖြစ်သည်။ ထိုနည်းတူ အထပ်(၈၁)လည်း နီးကပ်လာသည်။
"အသံက..." မန်ဟိုက ဦးနှောက်ခြောက်နေသော မျက်ဝန်းများဖြင့် တွေးလိုက်သည်။ "အသံနဲ့ပတ်သက်ပြီး တစ်ခုခုက ထူးဆန်းနေသလိုပဲ။ သူ့အဆင့်အတန်းက သေချာပေါက် သာမန်လူတစ်ယောက်ထက် မြင့်လိမ့်မယ်။ စကားပြောတဲ့ပုံစံကတော့ တူတူပဲ။ သူက ... ဘယ်သူများလဲ" သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး ခဲယွင်ဟိုင် ပေးထားသော သိုလှောင်အိတ်ကို ကြည့်လိုက်၏။ မိစ္ဆာကျောက်တုံးများ၊ အဆောင်စက္ကူများနှင့် မှော်ပစ္စည်းများ သိပ်မကျန်တော့ပေ။ သို့သော် သူ အလိုချင်ဆုံး တာအိုမှော်ကျင့်စဉ်နှစ်ခုမှာ ယခုထက်ထိ ပေါ်မလာသေး။
"ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော် နဲ့ အသွေးအသားသိဒ္ဓိတင်”မန်ဟို့ မျက်လုံးများ တဖျပ်ဖျပ် လက်သွားသည်။ သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ မှီခိုရာဂိုဏ်းချုပ်ကို ပုတ်လိုက်သည်။ လိပ်ကြီးမှာ မခံချိမခံသာဖြစ်နေရင်း အထပ်(၈၁)သို့ ထိုးတက်သွားတော့၏။
သူတို့ ၎င်းအနား ရောက်သွားသည်နှင့်တစ်ပြိုင်နက် ထစ်ချုန်းသံကြီး ပတ်ဝန်းကျင်တစ်ခွင် ပြည့်နှက်သွားပြီး မိုးထိညံသွားလေသည်။ မန်ဟို၏ဒိုင်းမှာ သူ လေထဲ ပစ်ပေါက်လိုက်သော အဆောင်စက္ကူများနှင့် မှော်ပစ္စည်းရောင်ခြည်များဖြင့် ကွန့်မြူးနေတော့သည်။ မှီခိုရာဂိုဏ်းချုပ်မှာလည်း အော်ဟစ်ငိုယိုရင်း နတ်ဘုရားစွမ်းရည်များကို ရှောင်ကာတိမ်းရင်း ချီတက်သွားလေသည်။
အထပ်(၈၁) အထပ်(၈၂) ....
မန်ဟိုက ခဲယွင်ဟိုင်ပေးထားသော မှော်ပစ္စည်းများနှင့် အဆောင်စက္ကူများကို သုံးရင်း အတားအဆီးတိုင်းကို မရမက ထိုးဖောက်ဖြတ်ကျော်သွားလေသည်။ သူ ရှေ့ဆက်သွားနေစဉ် မိစ္ဆာအင်မိုတယ်ဂိုဏ်းသားများမှာ အသက်ရှူသံများ မြန်လာတော့သည်။ ယခုတွင် မန်ဟိုကား ထိပ်ဆုံးသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း ... သူတို့ ဝန်ခံရပေမည်။
အထပ်(၈၃)
(၈၄)
(၈၅)
မှော်ပစ္စည်းရောင်ခြည်များက စေတီအတွင်းမှ စီးဖြာထွက်လာကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တောက်ပနေစေတော့သည်။ မန်ဟို အထပ်(၈၇)သို့ ရောက်သည့်အချိန်တွင် တစ်နေရာလုံးမှာ ထိန်ထိန်လင်းနေပြီဖြစ်၏။ အသုံးပြုနေရသော မိစ္ဆာကျောက်တုံးများ၊ အဆောင်စက္ကူများ ပမာဏလည်း များလာပြီး မှော်ပစ္စည်းတစ်ဝက်ကျော်မှာ ဖျက်စီးခံလိုက်ရလေပြီ။
မည်သည့်အရာကိုမှ မနှမြောဘဲ တရပ်စပ် ထုတ်သုံးပြီးနောက်ဆုံးတွင်တော့ သူကား အထပ်(၈၉)သို့ ရောက်သွားတော့သည်။
သူ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ပတ်ပတ်လည်ရှိ မြင်ကွင်းကြီး ပြောင်းလဲသွားပြီး သူ့အရှေ့တွင် ပေါ်လာသည်ကား...
အံ့ဩဖွယ်ကောင်းစွာနှင့် ရှေးစစ်မြေပြင်ကြီးတစ်ခု။
မရေမတွက်နိုင်သော ကျင့်ကြံသူများအား အရပ်မျက်နှာအနှံ့အပြားတွင် မြင်ရနိုင်ပြီး အကုန်လုံးမှာ အသေအကြေ တိုက်ခိုက်နေကြလေသည်။
မန်ဟို စစ်မြေပြင်၏အလယ်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ တာအိုမှော်သိုင်းများအားလုံး မန်ဟို့ဒိုင်းဆီ တန်းတန်းမတ်မတ် ပြေးဝင်လာပြီး ၎င်းအား ချက်ချင်း ပျက်စီးတော့မတတ် ဖြစ်သွားစေသည်။
ဤနေရာရှိ ခက်ခဲမှုအဆင့်မှာ မန်ဟို့အတွက် တစ်ခါမှ မကြုံခဲ့ဖူးသောအရာဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး လှုပ်ခါနေ၏။ သူလုပ်နိုင်သမျှမှာ အဆောင်စက္ကူတစ်ဆုပ်ပြီး တစ်ဆုပ်ထုတ်ပြီး မှော်ပစ္စည်းတစ်စုပြီးတစ်စု ဖျက်စီးပစ်ရုံသာ။
သို့ထိတိုင် အထပ်(၈၉)မှာ နှိုင်းမရအောင် ခက်ခဲလွန်းသည်။
သူ့မှာ လောလောဆယ်တွင် အဆုံးကိုပင် မမြင်ရသော စစ်မြေပြင်ကြီး၏ အလယ်တည့်တည့်သို့ ရောက်နေချေသည်။ ဘက်ပေါင်းစုံမှာ အဝိုင်းခံထားရသော ဤနေရာမှာ သူ့အစွမ်းအစနှင့်သူသာဆိုလျှင် ရောက်နိုင်မည် မဟုတ်သော နေရာဖြစ်၏။ ခဲယွင်ဟိုင်၏အသက်စွမ်းအားဖြင့် ထုလုပ်ထားသော အဆောင်စက္ကူများနှင့် မှော်ပစ္စည်းများဖြင့်ပင်လျှင် သူ့အတွက် နည်းနည်းလေး ခရီးတွင်ရန်ပင် ခက်ခဲနေသေးလေသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် ကြောက်မက်ဖွယ် နတ်ဘုရားစွမ်းရည်များမှာ သူ့ကို ဝါးမြိုတော့မည့်ပုံရသည်။
သူ၏မျက်နှာမှာ ဖြူဖပ်ဖြူလျော် ဖြစ်နေပြီး မှီခိုရာဂိုဏ်းချုပ်မှာလည်း အသက်ထွက်တော့မည့်ပုံပင်။ ကြည့်ရသရွေ့ သူသည် မန်ဟို့ကို တကယ်မမုန်းဟန်တူသည်။ ဤနေရာအထိ တိုက်ပွဲဝင်ခဲ့သော လမ်းတစ်လျှောက် သူတို့သည် မိတ်ဆွေဆက်ဆံရေးကိုပင် တည်ဆောက်နိုင်ခဲ့၏။
"အလွန်ဆုံး ငါ အသက် ဆယ့်နှစ်ရှိုက်ပဲ ခံနိုင်တော့မယ်..." မန်ဟိုက မျက်နှာအမူအရာ ရိပ်ခနဲ ပြောင်းသွားရင်း တွေးလိုက်သည်။ မိစ္ဆာကျောက်တုံး၊ အဆောင်စက္ကူနှင့် မှော်ပစ္စည်းများ ကုန်ခါနီးနေလေပြီ။ အသက်ဆယ့်နှစ်ရှိုက်အတွင်း သူ့အနေဖြင့် ပြန်မတိုက်ခိုက်နိုင်တော့ဘဲ ရှုံးနိမ့်မှုကြောင့် နေရာပြန်လည်ရွှေ့ပြောင်းခံရလိမ့်မည်။
"ငါ တကယ်ပဲ ဒုတိယအခွင့်အရေးကို စောင့်ရတော့မှာလား ..." သူက အသက်ပြင်းပြင်း ရှူရင်း တွေးလိုက်သည်။ ဒုတိယအခွင့်အရေးကို သူ မစောင့်ချင်ပေ။ တစ်ခါတည်းနှင့် လိုအပ်သည့်အရာမှန်သမျှ ရယူချင်သည်။ ဒုတိယအကြိမ် ထပ်ကြိုးစားရမည်ဆိုလျှင် ခဲယွင်ဟိုင် သူ့အတွက် မှော်ပစ္စည်းများ ပို၍ပင် ထုလုပ်ပေးရလိမ့်မည်ဟု ဆိုလိုသည်။ မန်ဟို ယင်းကဲ့သို့ မဖြစ်စေချင်။
ဤအရေးကြီးသောအခိုက်အတန့်တွင် အပြင်ရှိ မိစ္ဆာအင်မိုတယ်ဂိုဏ်းသားများမှာ စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။ လူတိုင်းမှာ အတွေးကိုယ်စီ ရှိကြသော်လည်း တောင်ကောင်းကင်မှ ကျင့်ကြံသူအကုန်လုံးနီးပါးမှာ မန်ဟို မအောင်မြင်စေရန် မျှော်လင့်နေကြလေသည်။
သူတို့သည် မန်ဟို့ကို ဤနေရာတွင် ပြိုလဲသွားစေချင်၏။ "မစားရအမဲ သဲနှင့်ပက်" ဆိုသကဲ့သို့ မိမိကိုယ်တိုင် မရလျှင် တစ်ပါးသူလည်း ရမှာကို မလိုချင်ကြပေ။ သူတို့၏ အဆိုးမြင်အတွေးများက အမှန်တကယ် ထိရောက်သွားခြင်းကြောင့် ဖြစ်တန်ရာသည်၊ မန်ဟိုကား အထပ်(၈၉)တွင် တစ်နာရီနီးပါး ဖြုန်းခဲ့ပြီးလေပြီ ။
စောင့်ကြည့်နေသူများ၏ ရှုထောင့်အရ မှော်ပစ္စည်းအလင်းရောင်များမှာ ကျုံ့လာပြီး မှေးမှိန်စပြုနေလေပြီ။ ဤအခြင်းအရာက တောင်ကောင်းကင်ကျင့်ကြံသူများကို အတန်ငယ် ရင်ခုန် စိတ်လှုပ်ရှားလာစေတော့သည်။
အရှေ့ဘက်နယ်မြေ ၊ ကျီမျိုးနွယ်စုမှ ကျင့်ကြံသူတစ်ယောက်သည် သူ၏နာမည်ဂုဏ်သတင်းကျော်ကြားမှုအပေါ် မာန်တက်လျက်ရှိသူ ဖြစ်၏။ သို့သော် သူသည် တခဏ ဘဝမေ့သွားပြီး ထအော်တော့သည်။ "သူ ရှုံးတော့မယ် ဟားးဟားဟားး။ နတ်ဆိုးဂိတ်တံခါးကို ဖွင့်ပြီး မသမာနည်းတဲ့ လျှောက်သွားတဲ့ကောင်။ အဆုံးသတ်မှာ ဘယ်နည်းနဲ့မှ မအောင်မြင်တော့ပါလား။ ဒီအထပ်ကို ဒီကောင် သေချာပေါက် ဖြတ်သွားနိုင်မှာ မဟုတ်ဘူး
"ကောင်းကင်နှင့်မြေကြီးက နက်ရှိုင်းတယ်။ လေဟာ ကျယ်ပြောအားကြီးတယ်။ ငါတို့လို ကျင့်ကြံသူအနေနဲ့ ကိုယ့်အားကိုယ်ကိုးသင့်တာ။ တခြားသူအပေါ် ဘာလို့ မှီခိုနေမှာလဲ။ ဒီကောင်က ဒီနေ့ မသမာနည်းနဲ့ သူများထက် သာအောင် လုပ်ခဲ့တာမလို့ အဆုံးသတ်မှာ သေချာပေါက် ကျရှုံးလိမ့်မှာပဲ"
လူတိုင်း မန်ဟိုကို အပြစ်တင်နေသည့်အချိန်၊ လူတိုင်း သူ ရှုံးနိမ့်သွားပါစေဟု ဆုတောင်းနေကြသည့်အချိန်မှာပင် သူ၏မှော်ပစ္စည်းရောင်ခြည်မှာ ဆက်လက်ကျုံ့ဝင်လာပြီး မှေးမှိန်မှောင်မိုက်စပြုနေလေပြီ။
သို့သော် ... ထိုအခိုက်အတန့်သည် ခဲယွင်ဟိုင်၏မျက်လုံးများ၌ ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ ပြည့်နှက်သွားသည့် အခိုက်အတန့်ဖြစ်၏။ သူသည် ရုတ်တရက် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားပြီး အထပ်(၈၉)၏အပြင်သို့ လှစ်ခနဲ ရောက်သွားလေပြီ။ သူက လက်ကို မြှောက်လိုက်ရာ သူ၏ပါရာဂွန်တံဆိပ်ပြား ပေါ်လာသည်။ သူ၏မျက်နှာအမူအရာသည် တည်ကြည်လျက်ရှိပြီး သူက တံဆိပ်ပြားကို မြှောက်ကာ စေတီ၏မျက်နှာပြင်အပေါ်သို့ ဖိချလိုက်သဖြင့် သူ၏ဆံပင်များ အကြမ်းပတမ်း လွင့်သွားးလေသည်။
သူ လုပ်နေသောအရာကို ကျန်ပါရာဂွန်ခြောက်ဦး မြင်သွားပြီး သူ့ကို တားရန် စကားပြောလာကြ၏ ။
"ယွင်ဟိုင် မလုပ်နဲ့"
သတ္တမပါရာဂွန် တန်ခိုးရှင်ဟန်ပန်နှင့် အဘိုးကြီးမှာ အထူးသဖြင့် စိတ်နှလုံး လှုပ်ရှားသွားသယောင်ပင်။ သူသည် ခဲယွင်ဟိုင်၏ဘေးတည့်တည့်တွင် ပေါ်လာပြီး ပြော၏။ "ယွင်ဟိုင် ... မင်း ဒါကို မလုပ်ခင် သုံးကြိမ်သုံးခါ စဉ်းစားစမ်း"
ခဲယွင်ဟိုင်သည် တခဏ တိတ်ဆိတ်သွား၏။ သူက သတ္တမပါရာဂွန်ကို ကြည့်ကာ ပြောသည်။ "ငါ နောက်ဆုံးအခြေအနေကို ရောက်နေပြီ။ လအနည်းငယ်ထက် ပိုပြီး နေနိုင်တော့မှာ မဟုတ်ဘူး"
အဘိုးကြီးမှာ ခဲယွင်ဟိုင်ကို ကြည့်ရင်း အကြာကြီး တိတ်ဆိတ်နေပြီးနောက်ဆုံး သက်ပြင်းချလိုက်သည်။ "မင်း ဒါကို လုပ်မယ်ဆိုရင် အဲ့ဒီလောက်တောင် မခံတော့မှာ ငါ စိုးရိမ်တယ်"
"အဘိုးကြီးခုနစ် မင်းက တာအိုအတွက်ပဲ ရှင်သန်ခဲ့တာလေ ။ကလေးလည်း မရှိဘူး ။ ဖအေတစ်ယောက်ရဲ့ ဝတ္တရားကို မင်း နားလည်ပါဘူးကွာ။ အခု ငါ့မှာ ကျုံစစ်တစ်ယောက်ပဲ ရှိတော့တယ်။ ငါ ဘယ်အချိန် ဖုန်ဖြစ်သွားမလဲ မသိဘူး။ ဒီတိုင်း ထွက်မသွားခင်လေး ဒီကောင်လေး အရင်လို ပျော်ရွှင်နေဖို့ပဲ မျှော်လင့်တာပါ
"ကျုံစစ်က အမြဲတမ်း လူပေါ်ကြော့လေး ဖြစ်ခဲ့တာလေ။ အဲ့ဒါကြောင့် ငါ့မှာ ဘယ်တော့မှ စိတ်အေးလက်အေး မနေနိုင်ခဲ့ဘူး...." ခဲယွင်ဟိုင် သက်ပြင်းချပြီး ကျန်ပါရာဂွန်များကို ကြည့်လိုက်သည်။ "ဒါပေမဲ့ သူက ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းစဉ်ကို ရွေးချယ်ခဲ့တယ်။ အဲ့ဒီအတွက် ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်နဲ့ .... အသွေးအသားသိဒ္ဓိတင်ပညာရပ် ရအောင် ငါ့သားကို ငါ အစွမ်းကုန်ကူညီမယ်" သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ပါရာဂွန်တံဆိပ်ပြားကို စေတီ၏မျက်နှာပြင်သို့ သွတ်သွင်းလိုက်လေသည်။
၎င်းတို့ တစ်ခုနှင့်တစ်ခု ထိသွားသောအခါ ခဲယွင်ဟိုင်၏ခန္ဓာကိုယ်မှာ သိမ့်ခနဲ တုန်ရီသွား၏။ သူသည် မူလကတည်းက အိုမင်းနေခဲ့သော်လည်း ယခုတွင် ပို၍ပင် အိုမင်းလာလေသည်။ သူ၏အရှိန်အဝါမှာ ချက်ချင်းဆိုသလို အားနည်းလာ၏။
တစ်ချိန်တည်းမှာပင် အထပ်(၈၉)တွင် မန်ဟိုတစ်ယောက် အဆောင်စက္ကူများ ကုန်သွားတော့သည်။ သူ၏မှော်ပစ္စည်းများမှာ အားအင်ယုတ်လျော့လာပြီး ဒိုင်းမှာ လုံးလုံးလျားလျား မှေးမှိန်သွားလေပြီ။ ၎င်းသည် တဖောင်းဖောင်း ပေါက်ကွဲစပြုလာ၏။
"ပြီးဆုံးသွားပြီ.." သူက သက်ပြင်းချလိုက်သည်။ သူ ကြည့်နေစဉ်မှာပင် ဒိုင်းမှာ ပေါက်ကွဲပြီး မရေမတွက်နိုင်သောမှော်သိုင်းက သူ့ကို လွှမ်းခြုံလာသည်။ သို့သော် ဤအခိုက်အတန့်တွင် အရပ်မြင့်မြင့် ပုံရိပ်တစ်ခုက သူ့အရှေ့တွင် ရုတ်တရက် ရပ်လျက် ပေါ်လာ၏။
ပုံရိပ်၏မျက်နှာမှာ မန်ဟို ဤကမ္ဘာသို့ ပထမဆုံးရောက်ခဲ့စဉ်တုန်းက မြင်ခဲ့သော မျက်နှာပင်ဖြစ်သည်... ခဲယွင်ဟိုင် ။
ခဲယွင်ဟိုင်သည် မန်ဟိုက သူ၏ကမ္ဘာကြီးတစ်ခုလုံးဖြစ်သည့်အလား မန်ဟို့အရှေ့တွင် မားမားမတ်မတ် ရပ်နေ၏။ သူသည် မန်ဟို့ကို မိုးဒဏ်၊ လေဒဏ်မှ ကာကွယ်ပေးထားသော သစ်ပင်ကြီးတစ်ပင်သဖွယ်ဖြစ်ပြီး ပြေးဝင်လာနေသော နတ်ဘုရားစွမ်းရည်အားလုံးကို ဟန့်တားပေးနေလေသည်။
နတ်ဘုရားစွမ်းရည်များ၊ မှော်သိုင်းများနှင့် မရေမတွက်နိုင်သောပုံရိပ်များအကုန်လုံး ရုတ်တရက် ရပ်သွားသည်။ အရာအားလုံး ငြိမ်ကျသွား၏။ တစ်ကမ္ဘာလုံး တိတ်ဆိတ်လာလေသည်။
မန်ဟိုမှာ ပုံရိပ်ကို မြင်သောအခါ တုန်ရီသွား၏။ ပုံရိပ်သည် ... ခဲယွင်ဟိုင်ဖြစ်ကြောင်း မှတ်မိလိုက်သဖြင့် သူ့နှလုံးသားမှာ တင်းကြပ်သွားလေတော့သည်။
ခဲယွင်ဟိုင်က မန်ဟို့ကို ပြုံးပြပြီးနောက် သူ့ဆံပင်ကို လှမ်းဖွသည်။ သူ့အပြုံးမှာ ပို၍တောက်ပနွေးထွေးလာလေသည်။ မည်သို့ပင် ဖြစ်စေကာမူ အရှေ့ရှိ သူ့သားဖြစ်သူမှာ သူ့အတွက်တော့ အရွယ်မရောက်သေးသော ကောင်လေးသာ ဖြစ်ကြောင်း သူ၏မျက်ဝန်းများက ပြောနေသယောင်ပင်။
"ကျုံစစ် မကြောက်နဲ့။ အဖေ သားကို ကျန်တဲ့အထပ်တွေဆီ ခေါ်သွားပေးမယ်"
၎င်းသည် ရိုးရှင်းသော စကားလေးတစ်ခွန်းသာ ဖြစ်ပါသော်လည်း မန်ဟို့အတွက်တော့ ကြားလိုက်ရလျှင်ချင်း သူ့နှလုံးအိမ်တွင် ထိန်းချုပ်မရနိုင်သော ခံစားချက်များ ပြည့်ကြပ်သွားစေတော့သည်။ သူ့အဖေကို ပြန်တွေးမိလိုက်သော်လည်း တစ်ချိန်တည်းမှာပင် စိတ်ထဲ၌ တည်ရှိသော သူ့အဖေ၏ပုံရိပ်သည် ခဲယွင်ဟိုင်နှင့် တစ်ထပ်တည်းကျသွား၏။ ဤအခိုက်အတန့်တွင် သူကား ခဲကျုံစစ်အစစ်မဟုတ်ကြောင်း မေ့သွားခဲ့လေပြီ။
"အဖေ ..." သူက ခဲယွင်ဟိုင်ကို မျက်လုံးအဝိုင်းသားလေးနှင့် ကြည့်ကာ ပြောလိုက်သည်။ လွန်ခဲ့သော အသက်တစ်ရှိုက်က သူ့မှာ ရှုံးနိမ့်တော့ခါနီးဖြစ်ခဲ့သည်။ ထို့နောက် တစ်ရှိုက်တွင်တော့ မျှော်လင့်ချက်ရှိသွားလေပြီ။ ထို့သို ပြောင်းပြန်ဖြစ်သွားခြင်းက ခဲယွင်ဟိုင်၏ပုံရိပ်... ဖခင်တစ်ဦး၏ပုံရိပ်အား သူ့နှလုံးသားထဲတွင် စွဲထင်ကျန်သွားစေ၏။
"မပူနဲ့" ခဲယွင်ဟိုင်က ရယ်လိုက်သည်။ "သား အဖေ အခုထိ မသေသေးပါဘူး။ အဖေတို့ ဒီတိုက်ပွဲကို အတူတိုက်ကြစို့။ တို့သားအဖနှစ်ယောက် ဒီအထပ်ကို အတူကျော်ဖြတ်ကြစို့" ထို့နောက် သူသည် ချာခနဲ လှည့်ပြီး လက်ကို ဝှေ့ယမ်းလိုက်၏။ ကောင်းကင်နှင့်မြေကြီးမှာ စတင်ပျက်စီးလာပြီး မယုံကြည်နိုင်ဖွယ် စွမ်းအားကြီးတစ်ရပ်က လေဆင်နှာမောင်ကြီးအသွင်ပြောင်းကာ အရာခပ်သိမ်းကို တိုက်ခတ်လာတော့သည်။ ၎င်း ပြန့်ကားလာစဥ် ၎င်းနှင့် ထိထိသမျှ အရာအားလုံး ပျက်စီးခြင်းသို့ ဆိုက်ရောက်ရကုန်၏။ ကောင်းကင်မှာ မှုန်ဝါးလာပြီး ပတ်ဝန်းကျင်ရှိ ပုံရိပ်အားလုံး ပြာကျကုန်လေပြီ။
ထို့နောက် ခဲယွင်ဟိုင်၏ဘေးတွင် ရုတ်တရက် ဆီမီးအိမ်တစ်လုံး လေတွင် ဝဲလျက် ပေါ်လာသည်။ မီးအိမ်၏ မီးစာက ဖီးနစ်ငှက်တစ်ကောင်ဖြစ်ပြီး ကိုယ်ထည်က နဂါးတစ်ကောင်။
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူ၏နှလုံးသားထဲတွင် ပြင်းပြသော စိတ်ဓာတ်အားမာန်တို့ဖြင့် ပြည့်နှက်လာတော့သည်။ သူသည် ခေါင်းညိတ်ပြီး သူ့အဖေ ခဲယွင်ဟိုင်ဘေးတွင် ရပ်ကာ ရှေ့တက်သွားလေ၏ ။
သားအဖေနှစ်ယောက်
တစ်ယောက်က အရှေ့မှာ။ တစ်ယောက်က အနောက်တွင် ။
မှီခိုရာဂိုဏ်းချုပ်မှာ ခဲယွင်ဟိုင်ကို ကြည့်ရင်း မျက်လုံးကြီး ပြူးနေ၏။ သူ့စိတ်မှာ တုန်ရီနေပြီး သူ၏မျက်နှာမှာ ကြောက်လန့်နေသော ပုံစံရှိသည်။ သူသည် သဘောပေါက်သွားသောမျက်ဝန်းများဖြင့် ခေါင်းကြီးကို အခွံထဲ ဝှက်လိုက်၏။ ယခုတော့ မန်ဟို၏နောက်ခံကို သူ နားလည်လိုက်လေပြီ။
"သေစမ်း သူ့အဖေက ပါရာဂွန်တစ်ယောက်ကိုး။ ဒီလောက်ရမ်းကားရဲတာ အံ့ဩစရာမရှိဘူး။ ငါ့ကို အလွယ်တကူ အနိုင်ကျင့်နိုင်တာလဲ အံ့ဩစရာမရှိဘူးပဲဟ"
***