မင်း ဘာလို့ ဒီလို လုပ်နေတာလဲ
Vol. 42 Ch. 587
ခဲယွင်ဟိုင်က ရှေ့မှ ဦးဆောင်သွားသည်။ ယခုတွင် သူသည် အရွယ်ကောင်းတုန်းက အချိန်ကို ပြန်ရောက်သွားသည့်အလား ထင်ရလေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အထွတ်အထိပ်တွင် ဖြစ်သော်လည်း မန်ဟိုအနေဖြင့် ၎င်း မည်သည့် အဆင့်နယ်ပယ်တွင် ဖြစ်ကြောင်း မသိနိုင်ပေ။
"ကျုံစစ် ကြီးမြတ်တဲ့ တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းမှာ ကျင့်ကြံခြင်းလမ်းစဉ်ဟာ စိတ်ဝိညာဉ်၊ အင်မိုတယ် ၊ ရှေးဟောင်း နဲ့ တာအိုဆိုပြီး တည်ရှိတယ်" သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ကမ္ဘာကြီး ပြိုကျသွား၏။ မန်ဟို့အတွက် လွန်စွာ ခက်ခဲခဲ့သော အထပ်(၈၉)မှာ တမုဟုတ်ချင်း ဖျက်စီးခံလိုက်ရလေပြီ။
အထပ်(၉၀) နီးကပ်လာသည့်အခါ မန်ဟို့အရှေ့တွင် နောက်ထပ်စစ်မြေပြင်ကြီးတစ်ခု ပြန့်ကားသွား၏။ ၎င်းသည် အဆုံးအစမဲ့ပြီး ကောင်းကင်ထက်တွင် နေကိုးစင်းကို မြင်ရလေသည်။ မြေပြင်ကား ရှေးကျပြီး အိုမင်းနေ၏။ စစ်မြေပြင်အပေါ်တွင် မရေမတွက်နိုင်သော ဘီလူးကြီးများနှင့် ဧရာမမိစ္ဆာကြီးများကိုပင် မန်ဟို မြင်လိုက်ရသည်။
ဤစစ်မြေပြင်မှာ မိစ္ဆာအင်မိုတယ်ဂိုဏ်းထက်ပင် ရှေးကျဟန်တူသည်။
"ဒီနေရာက အာခီယံကမ္ဘာရဲ့ ရောင်ပြန်ဟပ်မှုတစ်ခုပဲ။ အတုအယောင်လည်းမဟုတ်သလို၊ အစစ်အမှန်လည်း မဟုတ်ဘူး ။ အတွေးလေးထဲမှာ တည်ရှိနေတာ ... ဒဏ္ဍာရီတွေအရဆိုရင် အာခီယံကမ္ဘာက တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းရဲ့ မူလအစတဲ့" ခဲယွင်ဟိုင်သည် လက်ကို ဝှေ့ယမ်းရင်း ရှေ့ဆက်သွား၏။ လာနေသော ပုံရိပ်ပေါင်းများစွာ ချက်ချင်း လောက်ကျွမ်းပြာချသွားသည်။
မန်ဟိုက စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာဖြင့် ခဲယွင်ဟိုင်၏နောက်တွင် ရပ်နေလေသည်။
"တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းရဲ့ သခင်ကိုးပါးက တကယ်တမ်း အာခီယံကမ္ဘာကနေ လာတယ်လို့ ဆိုကြတယ်။ သူတို့က တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းရဲ့ စိတ်ဝိညာဉ်တွေ မဟုတ်ဘူး။ အဖေတို့ နဝမတောင်ရဲ့ သခင်လီရော ပါဝင်တယ်
"အင်း ဒဏ္ဍာရီကတော့ ဒဏ္ဍာရီပေါ့လေ။ သူတို့က အစစ်အမှန်လည်း ဖြစ်နိုင်သလို၊ အတုအယောင်တောင် ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သားအနေနဲ့ အဲ့ဒီဇာတ်ကြောင်းကို သိထားသင့်တာပေါ့" ခဲယွင်ဟိုင်သည် ခြေဆောင့်နင်းလိုက်ရာ လေထဲတွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွား၏။ လှိုင်းများ အရပ်မျက်နှာအသီးသီးသို့ ဖြာထွက်သွားသည်။ မီတာထောင်သောင်းချီသော ဧရိယာအတွင်းရှိ အရာအားလုံးမှာ တုန်ခါလာပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲကုန်ကြလေသည်။
"သားအဖေက ရှေးခေတ်အဆင့်ရဲ့ အထွတ်အထိပ်ဖြစ်ရဲ့ တာအိုနယ်ပယ်ကို ခရီးတစ်ဝက်ရောက်နေပြီ။ ပုံမှန်ဆို အဖေ့ သက်တမ်းက အကန့်အသတ်မရှိ ဖြစ်ရမှာ... တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းတည်ရှိသရွေ့ အသက်ရှင်ရမှာ" သူသည် ရှေ့ဆက်သွားနေပြီး သူ့ခြေထောက်အောက်ရှိ မြေကြီးမှာ ကျုံ့စပြုလာလေပြီ။ သူက မန်ဟို့ကို လက်မောင်းမှဆွဲရင်း အဆုံးမရှိပုံရသော ခြေလှမ်းများဖြင့် ရှေ့ဆက်လျှောက်သွား၏။
မှီခိုရာဂိုဏ်းချုပ်မှာ သူတို့ကို ခပ်လှမ်းလှမ်း ကြည့်နေပြီး ရင်တုန်လာလေသည်။ သူက မြေကြီးတွင် ဝပ်ရင်း မန်ဟို့ သူ့အကြောင်း မေ့သွားပါစေရန် ဆုတောင်းနေတော့သည်။
မန်ဟိုက မှီခိုရာဂိုဏ်းချုပ်ကို လုံးလုံးမေ့သွားပြီး ခဲယွင်ဟိုင်နှင့်အတူ ရွေ့လျားသွားလေသည်။ တခဏလေးအတွင်း သူတို့မှာ အဆုံးမဲ့သော စစ်မြေပြင်ကြီးအပေါ်ရှိ နေရာအစိမ်းတစ်ခုအပေါ် ရောက်သွားကြ၏။
"ဒါပေမဲ့ သခင်လီက ကောင်းကင်ဘုံဉပဒေကို ပြဌာန်းခဲ့တယ် " ခဲယွင်ဟိုင်က လေသံအေးအေးဖြင့် ဆက်ပြောသည်။ "ကျင့်ကြံသူတွေ ထာဝရဘဝကို ရနေတာက ကောင်းကင်နဲ့မြေကြီးအတွက် မတရားဘူးလို့ သူ ယုံကြည်တယ်လေ။ သူက တမလွန်ဘဝလမ်းစဉ်ကို မြှုပ်နှံပြီး တာအိုနယ်ပယ်ကို လျှောက်လှမ်းမရအောင် ချိတ်ပိတ်ပစ်လိုက်တယ်။ အဆုံးသတ်မှာတော့ အဖေတို့တွေ ဘဝကို စွန့်လွှတ်လိုက်ရတာပေါ့။ အဲ့ဒီလိုနဲ့... သက်တမ်းအပေါ် ကန့်သတ်ချက် စတင်ခဲ့တာပဲ"
သူသည် ဆံပင်များ တလွင့်လွင့် လွင့်လျက် မလှုပ်မယှက်ရပ်နေရာ ပါရာဂွန်တစ်ဦးနှင့် များစွာ တူနေတော့သည်။
သို့သော်လည်း... သူကား ပါရာဂွန်အစစ်ပင် မဟုတ်ပါလော။ သူသည် မြေကြီးအပေါ်သို့ လက်ဖြင့် ဖိချလိုက်၏။ ချက်ချင်းပင် ၎င်းသည် အလွှာအထပ်ထပ် ကြေမွကာ ပြိုကျပျက်စီးလာသည်။
"ဒီအထပ်ကို အခု ကျော်ဖြတ်ပြီးပြီ" သူက ပြောသည်။ သူ၏လက်ကို ပြန်မြှောက်လိုက်ရာတွင် တစ်ကမ္ဘာလုံးမှာ တစစီ ကွဲကြေပျက်စီးသွားတော့၏။ စစ်မြေပြင်အပေါ်ရှိ သက်ရှိသတ္တဝါများအားလုံး ဖျက်စီးခံလိုက်ရပြီ ဧရာမအက်ကြောင်းကြီးတစ်ကြောင်းက အောက်ဆုံးအထိ ဖြာဆင်းသွားလေသည်။ ထိုနေရာ အက်ကြောင်း၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ခေါင်းတလားတစ်ခုအား မြင်ရလေသည်။
ခေါင်းတလားကို မြင်သည်နှင့် မန်ဟို့တစ်ကိုယ်လုံး တုန်ရီလှုပ်ရှားသွားတော့သည်။
ခေါင်းတလောင်း၏မျက်နှာပြင်အပေါ်တွင် ရေးထွင်းထားသည်ကား .... လိပ်ပြာကိုးကောင် ။
"ဒဏ္ဍာရီတွေအရ" ခဲယွင်ဟိုင်က အေးတိအေးစက် ပြော၏ ။ "အာခီယံကမ္ဘာထဲမှာ ခေါင်းတလားတစ်ခု တည်ရှိခဲ့တယ်။ နှစ်တွေ မရေမတွက်နိုင်အောင် ရှိနေခဲ့ပေမယ့် ခေါင်းတလားအထဲမှာ ဘယ်သူ အနားယူနေသလဲ ၊ ဒီအခေါင်း ဘယ်ကလာလဲ ဘယ်သူမှ မသိကြဘူး" သူတို့နှစ်ယောက် ပတ်ပတ်လည်ရှိ တစ်ကမ္ဘာလုံး ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် ချုပ်နှောင်တံဆိပ်တစ်ခု ပျံသန်းလာပြီး ခဲယွင်ဟိုင်၏အရှေ့တွင် ဝဲနေ၏။
ခဲယွင်ဟိုင်က ၎င်းကို ကြည့်၍ ပြုံးလိုက်သည်။ ထို့နောက် အင်္ကျီလက်စကို ခါကာ ချုပ်နှောင်တံဆိပ်အား မန်ဟိုဆီ ပြေးဝင်သွားစေလိုက်သည်။
"ဒီတံဆိပ်နဲ့ အံခွင်ဝင်ကျဖြစ်အောင်လုပ်။ အဖေ သားကို စောင့်ရှောက်ပေးမယ်"
ချုပ်နှောင်တံဆိပ်က မန်ဟို့၏နဖူးကို ထိလိုက်လျှင်ချင်း ပျောက်ကွယ်သွားသည်။ မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး အံ့ဩဖွယ်ကောင်းစွာနှင့် ဧရာမစာလုံးကြီးငါးလုံး သူ့စိတ်ထဲတွင် ပေ့ါ်လာလေသည်။
ကောင်းကင်ဘုံ ကိုးဆင့် ရတနာ ခန္ဓာ တံဆိပ်တော်
ဤသည်မှာ မန်ဟို လိုချင်နေခဲ့သည့်အရာ၊ ခန္ဓာကိုယ်ကျင့်ကြံခြင်းအပေါ် အထူးသဖြင့် အရေးပေးသော ထိပ်ဆုံးတစ်ဆယ်ဝင် တာအိုမှော်ကျင့်စဉ်များထဲမှ တစ်ခု ဖြစ်လေသည်။
တံဆိပ်သည် တွန်းကန်အားတစ်ရပ်နှင့်အတူ အသက်ဝင်နေလျက် မန်ဟို့စိတ်ထဲတွင် စက်ဝိုင်းသဏ္ဌာန်လည်နေ၏။ ဤတာအိုမှော်ကျင့်စဉ်မှာ မန်ဟိုနှင့် ရေစက်မပါသည့်အလား၊ မဟာတာအိုအစေ့အဖြစ် ပြောင်းရန် သူ ဉာဏ်အလင်းရှာဖွေမရသည့်အလားပင်။
တာအိုမှော်ကျင့်စဉ် ရုတ်တရက် မှေးမှိန်လာသည်ကို မြင်သော် မန်ဟို့စိတ်နှလုံး တုန်ရီသွား၏။ သို့သော် ဤအခိုက်အတန့်တွင် နွေးထွေးသောလက်တစ်ဖက်က သူ့ပခုံးကို ဆုပ်ကိုင်လိုက်လေသည်။
"မပူနဲ့ ဒီမှော်ကျင့်စဉ် သားကို နာခံအောင် အဖေ ကူညီပေးမယ်" နူးညံ့သောကြင်နာသောအသံ စိတ်ထဲ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို စိတ်ငြိမ်သွားသည်။ တစ်ချိန်တည်းမှာပင် ခဲယွင်ဟိုင်ထံမှ မယုံကြည်နိုင်ဖွယ် ဖိအားတစ်ခု ပေါ်ထွက်လာ၏။ ၎င်း သူ့အပေါ် သက်ရောက်လာစဉ် မန်ဟိုသည် နှောင့်ယှက်ခြင်းမပြုပေ။ သို့သော် သူ့စိတ်ထဲရှိ တံဆိပ်တော်မှာ တုန်ခါလာပြီး မခံချင်စိတ်ဖြင့် ရုန်းကန်လာ၏။
ရုန်းကန်နေသည်ကို တုံ့ပြန်သည့်အနေဖြင့် ခဲယွင်ဟိုင်က အေးစက်စက် နှာတစ်ချက် မှုတ်လိုက်သည်။ ရုန်းကန်နေခြင်းအားလုံး ပျက်စီးကြေမွသွား၏။ တံဆိပ်မှာ ၎င်း၏စိတ်ဆန္ဒကို ဆုံးရှုံးသွားသယောင်ပင်။ ၎င်းသည် မန်ဟို့စိတ်နှင့် တစတစ တစ်သားတည်းဖြစ်လာပြီး မဟာတာအိုအစေ့တစ်စေ့အသွင် ပြောင်းလာတော့သည်။
"အဖေ သူ့ရဲ့စိတ်ဆန္ဒကို ဖယ်ရှားလိုက်ပြီ" ခဲယွင်ဟိုင်က အပြုံးတစ်ခုဖြင့် ပြောလေသည်။ "တာအိုစိတ်ဆန္ဒ မရှိတော့ပေမယ့် သားရဲ့စိတ်ဝိညာဉ်နဲ့ မလိုက်ဖက်သေးဘူး ။ သားအနေနဲ့ အခုချက်ချင်း ကျင်ကြံနိုင်မှာမဟုတ်ဘူး။ သူက သားကို မနာခံချင်နေမှတော့ အဖေ့မှာ ဖျက်စီးပစ်ရုံအပြင် မရှိတော့ဘူးပေါ့
"ကဲ သွားကြစို့ နောက်တစ်ထပ်ကို" ထို့နောက် သူသည် လှည့်ပြီး ရှေ့သို့ ဦးတည်သွား၏။ မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူ့နောက်မှ လိုက်လာသည်။
သူတို့နှစ်ယောက်သား အထပ်(၉၁) ၊ အထပ် (၉၂) ၊ အထပ်(၉၃) သို့ ... ဖြတ်ကျော်သွားကြ၏။
တစ်ချိန်လုံး မန်ဟိုမှာ ဘာမှလုပ်စရာ မလိုပေ။ ခဲယွင်ဟိုင်က အကုန်လုံး ကိုင်တွယ် ဖြေရှင်းသွားသည်သာ။ သူသည် လက်ကို အေးအေးဆေးဆေး ဝှေ့ယမ်းရင်း ကမ္ဘာများကို ဖျက်စီးပစ်နေလေသည်။ ထိုမြင်ကွင်းက မန်ဟို့ကို ရင်သပ်ရှုမောသွားစေ၏။
ခဲယွင်ဟိုင် ဤနေရာတွင် ယခုလို လုပ်နိုင်လျှင် အပြင်လောက၌ သူမည်မျှ အစွမ်းထက်လိမ့်မည်ကို ရေးသားဖော်ပြရန်ပင် မဖြစ်နိုင်။
ထို့မတိုင်ခင်...
အပြင်ရှိ မိစ္ဆာအင်မိုတယ်ဂိုဏ်းသားများမှာ ခဲယွင်ဟိုင် စေတီ၏မျက်နှာအပေါ် လက်ဖြင့် ဖိချပြီးနောက် မျက်လုံးများ ပိတ်လိုက်သည်ကို ကြည့်နေကြ၏။ သူ့မျက်လုံးများ ပိတ်သွားသည်နှင့်တစ်ပြိုင်နက် အထပ်(၈၉)တွင် ဒုတိယအလင်းစက်တစ်စက် ပေါ်လာခဲ့လေသည်။
"အဲ့ ... အဲ့ဒါ ပါရာဂွန်ယွင်ဟိုင်လား ... တကယ်ပဲ သူလား... ဒါ.. ဒါက "
"အဲ့ဒါ သေချာပေါက် ပါရာဂွန်ယွင်ဟိုင်ပဲ"
လူတိုင်းမှာ ငူငူကြီး ရပ်ကြည့်နေရုံသာ တတ်နိုင်တော့၏။ မသမာနည်းသုံးခြင်းက ဤအတိုင်းအတာအထိ ဖြစ်လိမ့်မည်ဟု သူတို့မှာ မည်သည့်နည်းနှင့်မျှ မထင်ထားခဲ့သည်သာ။
နေလုံးကြီး အထပ်(၈၉)တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ်ထပ်လုံး ပြိုကျသွားလေသည်။ မန်ဟိုနှင့် နေလုံးကြီးသည် အထပ်(၉၀)သို့ ဆက်တက်သွားကြ၏။ အသက်ရှိုက်စာအနည်းငယ်လေးအတွင်း အထပ်(၉၀)မှာ ဖြတ်ကျော်ခံလိုက်ရသဖြင့် ကောင်းကင်ကြီး တောက်ပသွားတော့သည်။
တစ်ချိန်တည်းမှာပင် လှပသောပန်းပွင့်လေးများက မိစ္ဆာအင်မိုတယ်စေတီ၏ ပတ်ဝန်းကျင်သို့ ကျဆင်းလာ၏။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ပေါင်းစုရင်း ဧရာမကြာပွင့်ကြီးတစ်ပွင့်ကို ဖော်ဆောင်လိုက်လေပြီ။
ဤအရာကို အတော်များများ ချက်ချင်း သတိပြုမိလိုက်ကြ၏။ ဤသည်မှာ ထိပ်ဆုံးတစ်ဆယ်ဝင် တာအိုမှော်ကျင့်စဉ်တစ်ခု ဖြစ်သည်။ ၎င်းအား လျှို့ဝှက်ပညာရပ်ဟု သတ်မှတ်၍မရပေ။ ၎င်းသည် ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်ဟူသည့် တစ်ခုတည်းသော ခန္ဓာကိုယ်ကျင့်ကြံခြင်းတာအိုမှော်ကျင့်စဉ် ဖြစ်လေသည်။
စောင့်ကြည့်နေသူများ၏ ရင်ထဲတွင် မနာလိုမှုတို့ ပြည့်ကြပ်နေသည့်အချိန်မှာပင် လှပသောပန်းပွင့်များမှာ မတည်ငြိမ်သော လက္ခဏာများ စပြလာ၏။ ချက်ချင်းပင် စောင့်ကြည့်နေသူအားလုံးမှာ ရင်တဒိန်းဒိန်း ခုန်သွားတော့သည်။
"မကိုက်ညီဘူး။ မကိုက်ညီဘူး။ ဟားဟားဟား ။ ခဲကျုံစစ်တော့ ဒီတာအိုမှော်ကျင့်စဉ်နဲ့ပတ်သက်ပြီး ဘယ်တော့မှ ဉာဏ်အလင်းရမှာမဟုတ်ဘူး"
"ကောင်းကင်ဘုံရဲ့အလိုတော် ၊ ဒါ သေချာပေါက် ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ"
သို့ပင်ငြား လူတိုင်း ရင်ခုန်နေကြစဉ် ရုတ်တရက် ခဲယွင်ဟိုင်ထံမှ ဖိအားတစ်ခု ဖြာထွက်လာ၏။ ပါရာဂွန်တစ်ဦးမှ ထုတ်လွှတ်လိုက်သော ဖိအားက စောစောက မတည်ငြိမ်ဖြစ်နေသော ပန်းပွင့်ကို ဖယ်ရှား၍ အတင်းအဓမ္မ အညံ့ခံစေလိုက်လေသည်။
အဆိုပါ မြင်ကွင်းကြီးက မိစ္ဆာအင်မိုတယ်ဂိုဏ်းသားများအား မျက်လုံးကြီး ပြူးလျက် စိုက်ကြည့်မိစေလိုက်သည်။ စောစောက စကားပြောခဲ့သောလူမှာ ချက်ချင်း မခံချင်ဖြစ်နေသော အရိပ်အယောင်များအား ထုတ်ဖော်လိုက်တော့၏။
ထူးဆန်းသောအရိပ်အယောင်များ သူတို့၏မျက်လုံးများတွင် ပြည့်နှက်သွားပြီး တူညီသောအတွေးတစ်ခုက သူတို့အားလုံး၏ ခေါင်းထဲတွင် ပေါ်လာလေသည်။
"ငါချီးတဲ့မှပဲ ဘာလို့ ငါ့မှာ ဒီလောက် အံ့ဩစရာကောင်းတဲ့ အဖေ မရှိရတာတုန်း"
ဒုတိယမေးခွန်းက စောင့်ကြည့်နေသူတချို့၏ စိတ်ထဲတွင် ပြည့်နှက်နေ၏။
"ဘာ့ကြောင့် ငါ့အဖေက ပါရာဂွန်တစ်ယောက် မဖြစ်ရတာလဲ..."
ယခုအချိန်တွင် သူတို့မှာ မတရားကြောင်း အော်ရန် အားမရှိတော့ပေ။ ခဲယွင်ဟိုင်၏ လုပ်ဆောင်ချက်များက ထိုသို့စောဒကတက်မှုများကို ပြာကျသွားစေခဲ့လေပြီ။ မည်သူ မည်သို့အော်စေကာမူ သားအဖနှစ်ယောက်ကား အတူတကွ တိုက်ခိုက်ကြမည်ဖြစ်သည်...
ဖန်မျိုးနွယ်စု သို့မဟုတ် ကျီမျိုးနွယ်စု၊ အရှေ့ဘက်နယ်မြေ၊ တောင်ပိုင်းဒေသ၊ မြောက်ပိုင်းသဲကန္တာရနှင့် အနက်ရောင်နယ်မြေ။ အကုန်လုံး လေထဲတွင် ဝဲနေသော မိစ္ဆာအင်မိုတယ်စေတီကြီးကို တွေတွေကြီးသာ ကြည့်နေနိုင်ကြလေသည်။
သူတို့ကြည့်နေစဉ်မှာပင် ပါရာဂွန်ခဲယွင်ဟိုင်က ခဲကျုံစစ်ကို တစ်ထပ်ပြီး တစ်ထပ်သို့ ဦးဆောင်ခေါ်သွားပြီဖြစ်သည်။
ဖန်ယုက မျက်တောင်လေး တဖျပ်ဖျပ် ခတ်လိုက်သည်။ သူမနှလုံးသားမှာ အတန်ငယ် နောက်ကျိနေ၏။
"အဖေ့ကို ဒီအကြောင်း သိခွင့်ပေးလို့ မဖြစ်ဘူး..." သူမက တွေးလိုက်သည်။
ကျင်ရှန်း၏ မျက်လုံးလေးများ ပြူးကျယ်နေပြီး မို့မောက်ဖွံ့ထွားသောရင်အစုံမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေချေသည်။ လောလောဆယ်တွင် သူမပင်လျှင် မန်ဟို့ကို အလွန့်အလွန် မနာလိုဖြစ်နေမိတော့သည်။
လူတိုင်းသည် ရှုပ်ထွေးနေသော ခံစားချက်အပြည့်ဖြင့် မိစ္ဆာအင်မိုတယ်စေတီ၏မျက်နှာပြင်အပေါ်ရှိပြီး နေလုံးကြီးသဖွယ် တောက်ပနေသော အလင်းစက်ကို စောင့်ကြည့်နေကြ၏။ ၎င်းက အထပ်များကို ဖြတ်ကျော်သွားနေလေသည်။ အထပ်(၉၄)... (၉၅) ...(၉၆) ....
နောက်ဆုံး အထပ်(၉၉)သို့ ရောက်သွားခဲ့လေပြီ။
စောင့်ကြည့်နေသော မိစ္ဆာအင်မိုတယ်ဂိုဏ်းသားများမှာ ရင်ခုန်သံများ ဗလောင်ဆူလာကြတော့၏။ သူတို့မှာ စေတီ၏ ဤအမြင့်ဆုံးအထပ်မှတစ်ပါး ကျန်ရှိသမျှအရာအားလုံးကို မေ့လျော့သွားခဲ့သယောင်ပင်။
အထပ်(၉၉)သည် မန်ဟို စိတ်ကူးနိုင်သမျှထက် ကျော်လွန်၏။ ဤနေရာတွင် မည်သည့်အန္တရာယ်မှမရှိ ၊ မည်သည့်စစ်မြေပြင်မှ မရှိ။ ချိုင့်ဝှမ်းတစ်ခု ရှိနေသည်။ ချိုင့်ဝှမ်းထဲတွင် ကန်တစ်ကန်ကို မြင်နိုင်သည်။ကန်ဘေးတွင်တော့ အိမ်တစ်လုံး ရှိလေသည်။ အိမ်၏အပြင်တွင် တင်ပျဉ်ခွေထိုင်နေသည်ကား အဘိုးအိုတစ်ဦး။
အဘိုးကြီးသည် ငါးမျှားနေပြီး ခဲယွင်ဟိုင်နှင့်မန်ဟို ချဉ်းကပ်လာသည်ကို အဖက်ပင် မလုပ်ပေ။
မန်ဟိုက ခဲယွင်ဟိုင်၏နောက်တွင် တိတ်ဆိတ်စွာ ရပ်နေ၏။ ခဲယွင်ဟိုင်က အဘိုးကြီး အနားတွင် ရပ်ကာ ဘာမှမပြောပေ။
အချိန်အတော်လေးကြာမှ နောက်ဆုံး အဘိုးကြီးက စကားပြောလာသည်။
"ဒါက စည်းမျဉ်းတွေနဲ့ မညီဘူး"
"ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး" ခဲယွင်ဟိုင်က အေးတိအေးစက် ပြောသည်။ ဤစကားက မန်ဟို့နှလုံးသားကို ဖြစ်ညစ်ပစ်လိုက်၏။
"စည်းမျဉ်းတွေနဲ့ မကိုက်ညီသေးဘူး" အဘိုးကြီးက ပြောကာ သက်ပြင်းချလိုက်၏။
"ငါ မိစ္ဆာအင်မိုတယ်ဂိုဏ်းအတွက် အများကြီး ပေးဆပ်ခဲ့ပြီးပြီ။ သခင်လီရဲ့ အမိန့်တွေကို မငြီးမငြူ ထမ်းရွက်ခဲ့ပြီးပြီ။ အဲ့ဒါနဲ့တင် မလုံလောက်သေးဘူးလား" သူက အဝေးသို့ ခေါင်းလှည့်ကြည့်လိုက်လေသည်။
အဘိုးကြီးက ပထမဆုံး ဘာမှမပြောပေ။ အတန်ကြာသော် သက်ပြင်းချလိုက်ပြီးနောက် ညာလက်ဖြင့် ဖမ်းဆုပ်သည့် လှုပ်ရှားမှုလုပ်လိုက်သည်။ ချက်ချင်းပင် တံဆိပ်တစ်ခု သူ၏လက်ဖဝါးထက်တွင် ပေါ်လာ၏။ ၎င်းမှာ မရေမတွက်နိုင်သော မှော်သင်္ကေတများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပုံရပြီး ကြေကွဲနေသောအလှတရား၏ အငွေ့အသက် ပါရှိနေလေသည်။
"အသွေးအသားသိဒ္ဓိတင်ခြင်း" အဘိုးကြီးက ပြောသည်။ "ဒါက လျှို့ဝှက်ပညာရပ်တစ်ခု။ တာအိုမှော်ကျင့်စဉ်တစ်ခုမဟုတ်ဘူး" သူသည် မန်ဟိုကို အကြာကြီး စိုက်ကြည့်နေပြီး မန်ဟို့စိတ်မှာ တုန်ရီသွားရလေသည်။ ထိုအကြည့်လေးတစ်ချက်က သူ့ကို ထုတ်ချင်းဖောက်မြင်ရန် လုံလောက်၏။
"စိတ်ဝင်စားစရာပဲ" အဘိုးကြီး၏မျက်လုံးများတွင် လေးနက်သွားသော အကြည့်တစ်ခု နေရာယူသွားသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ တံဆိပ်ကို မန်ဟို့ဆီ ပျံသန်းသွားစေပြီး သူ၏နဖူးအထဲသို့ ဝင်ရောက်သွားစေလိုက်၏။
"ည အတွက် ဒီပညာရပ်ကို ပုံတူပွားဖို့ ခက်လိမ့်မယ်။ ဒါပေမဲ့ ငါ အသိအမှတ်ပြုထားတယ်ဆိုမှတော့ မင်း ဒီနေရာက ထွက်သွားတဲ့နောက် ငါ တည်ရှိနေသေးသရွေ့ ဒါကို အသက်သွင်းနိုင်လိမ့်မယ်။ ငါ သေဆုံးသွားရင်တော့..." အဘိုးကြီးက ခေါင်းခါပြီး ဘာမှဆက်မပြောတော့ပေ။
ခဲယွင်ဟိုင်မှာမူ ပြောခဲ့သောအကြောင်းအရာနှင့်ပတ်သက်၍ ထပ်မံမေးမြန်းခြင်းမပြုတော့ဘဲ မန်ဟိုနှင့်အတူ ထွက်ခွာရန် လှည့်လိုက်၏။
သူတို့ ထွက်သွားကြစဉ် အဘိုးကြီးက ရုတ်တရက် မန်ဟို့ကို နောက်တစ်ခေါက် မော့ကြည့်လိုက်သည်။ သူ၏မျက်လုံးများမှာ နားလည်မှုနှင့် ဝမ်းနည်းမှုတို့ ဒွန်တွဲလျက်ရှိနေသယောင်ပင်။
"ယွင်ဟိုင်" သူက တွေးသည်။ "မင်း ဖြစ်ကြောင်းကုန်စင် သိထားတာတောင်မှ ဘာလို့ ဒီလိုလုပ်နေတာလဲ...."
***