← Chapters

ဒီဘဝမှာတော့....

Vol. 42 Ch. 588

ဒီဘဝမှာတော့....

Vol. 42 Ch. 588

ခဲယွင်ဟိုင်သည် ရှေ့မှ ဦးဆောင်၍ သွားပြီး မန်ဟို့က နောက်မှ လိုက်လာသည်။ သူတို့နှစ်ယောက်သည် ချိုင့်ဝှမ်းမှ ထွက်၍ ‌ဟင်းလင်းပြင်သို့ ရှေးရှုသွားကြ၏။

မန်ဟိုမှာ အတန်ငယ် မတင်မကျ ဖြစ်နေလေသည်။ သူ၏အကျင့်စရိုက်၊ သူ၏ အာရုံစူးစိုက်နိုင်စွမ်းကို ထည့်တွက်လျှင် ယခုလို မဖြစ်သင့်။ ဤနေရာရှိ အရာအားလုံးမှာ ပုံရိပ်ယောင်သာ မဟုတ်ပါလော။ ထိုမျှသာမက သူသည် ခဲယွင်ဟိုင်ကို လိမ်လည်လှည့်စားရန် မကြိုးစားခဲ့ပေ။ ထို့ကြောင့် သူ့အနေဖြင့် ရင်ထဲ မတင်မကျ ဖြစ်နေစရာ အကြောင်းမရှိ။

သို့သော်လည်း အတော်လေး စိုးရိမ်နေမိသေးသည်။ ဤဘဝကို ဆုံးရှုံးရမှာ သူကြောက်သည်။ သူ၏မူလရည်ရွယ်ချက်မှာ ကံကြမ္မာကောင်းရှာဖွေရန် ဖြစ်ခဲ့ပြီး ယခုတွင် ၎င်းအား ရရှိသွားခဲ့ပြီလည်း ဖြစ်သည်။ ထိုသို့ မတင်မကျဖြစ်နေစရာမလို။

သို့သော် ထိုခံစားချက်ကား ပျောက်ကွယ်မသွား။ ဤအိပ်မက်မှ နိုးသွားမှာ သူကြောက်သည်။ သူက ခဲကျုံစစ်အစစ်မဟုတ်ကြောင်း ခဲယွင်ဟိုင် သိသွားပြီး သူ့ကို ထိုသို့ ချစ်မြတ်နိုးမှုအပြည့်ဖြင့် မကြည့်တော့မှာ ‌ကြောက်သည်။

ပြီးခဲ့တဲ့ အသက်တစ်ရှိုက်က ကျွန်တော် ခင်ဗျားကို အဖေလို့ ခေါ်ခဲ့တယ် ... နောက်အသက်တစ်ရှိုက်မှာတော့ ကျွန်တော် ပါးစပ်တောင် မဟနိုင်တော့ဘူး

ဤသည်မှာ မန်ဟို့ကို ရင်ထဲမတင်မကျဖြစ်နေစေသော ၊ ကြောက်လန့်နေစေသော ခံစားချက်ဖြစ်‌ချေသည်။

သူ ရရှိထားသည့်အရာကို ဆုံးရှုံးရမှာ ကြောက်သည်။

ဖခင်၏ ချစ်ခြင်းမေတ္တာ ။ မန်ဟို့မှတ်ဉာဏ်ထဲတွင် သူ့အဖေအရင်း၏ပုံရိပ်မှာ ဝေဝါးနေခဲ့လေပြီ။ ပုံရိပ်ယောင်ကမ္ဘာထဲတွင် ကုန်ဆုံးနေခဲ့သည့် အချိန်အတောအတွင်း သူ့မှာ ခဲကျုံစစ်မဟုတ်ကြောင်း မေ့‌လောက်သည်အထိ‌ နစ်မြောနေတော့သည်။

"အဖေ..." သူက တိုးတိုးလေး ခေါ်လိုက်၏။ သို့သော် ခဲယွင်ဟိုင်မှာ သူ့ထံမှ ဝေးသထက် ဝေးဝေး ရောက်သွား‌‌သဖြင့် သူ့နှလုံးသားထဲတွင် ခါးသီးမှုတို့ ပြည့်ကြပ်လာတော့သည်။

ထိုစဉ် ခဲယွင်ဟိုင်က ရပ်၍ လှည့်ကြည့်လာသည်။ သူ့မျက်ဝန်းများမှာ ပြုံးနေပြီး တုန်နေအောင် ချစ်နေသော အရိပ်အယောင်တို့ဖြင့် ပြည့်နှက်နေ၏။

"စိတ်ကူးနဲ့ ရူးမနေနဲ့ဦး သားလေး" သူက ပြောသည်။

မန်ဟိုက ကြောင်တောင်တောင်လေး ငေးကြည့်နေမိလေသည်။ သူ့မျက်ဝန်းများ စိုစွတ်လာပြီး လောလောဆယ်တွင် သူ့မှာ ခဲယွင်ဟိုင် အမှန်ကို သိလား ၊ မသိလား မစဉ်းစားချင်တော့‌။ ထိုအရာအားလုံးကို သူမစဉ်စားချင်။ သူစဉ်းစားချင်သည့်အရာ တစ်ခုတည်းသာ ရှိသည်။

အကယ်လို့ ကံတရားက ကျွန်တော်တို့နှစ်ယောက်ကို သားအဖ ဖြစ်အောင် ဖန်ပေးခဲ့တာဆိုရင်‌.... ကျွန်တော်က ခင်ဗျားရဲ့ သားပဲ။

ဒီပုံရိပ်ယောင်ကမ္ဘာကြီးကို ကျွန်တော့်အတိတ်ဘဝအဖြစ် သတ်မှတ်လို့ရမယ်ဆိုရင် ခင်ဗျားက ကျွန်တော့်အရင်ဘဝက ကျွန်တော့်အဖေပဲ။

ကျွန်တော် ဒီရှေးဟောင်းပုံရိပ်ယောင်ကမ္ဘာကြီးကနေ ထွက်သွားရကောင်း ထွက်သွားရလိမ့်မယ်။ ခင်ဗျားကို အဖေအဖြစ် မပိုင်ဆိုင်ရကောင်း မပိုင်ဆိုင်ရလိမ့်မယ်။ အဖေ့သားအနေနဲ့လည်း ဆက်ရှိလို့မရကောင်း မရလိမ့်မယ်။ ဒါပေမယ့် ဒီပုံရိပ်ယောင်ကမ္ဘာထဲမှာ ကျွန်တော်တို့ သားအဖအဖြစ် ခံစားခဲ့ရတဲ့ ခံစားချက်တွေကိုတော့ .... ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။

ခင်ဗျားက ကျွန်တော့်အဖေ

ကျွန်တော်က ခင်ဗျားသား။

မန်ဟိုက ခေါင်းညိတ်လိုက်သည်။

ခဲယွင်ဟိုင်သည် အပြုံးတစ်ခုဖြင့် သူ၏ပခုံးကို ဆုပ်ကိုင်ပြီးနောက် နှစ်ယောက်သား အထပ်(၉၉)မှ ‌ဖျတ်ခနဲ ပျောက်ကွယ်ကာ မိစ္ဆာအင်မိုတယ်စေတီ၏အပြင်တွင် ပေါ်လာတော့သည်။

သူတို့ ပေါ်လာသည်နှင့်တစ်ပြိုင်နက် မိစ္ဆာအင်မိုတယ်ဂိုဏ်းသားအားလုံး၏ အာရုံသည် သူတို့နှစ်ယောက်အပေါ် ကျရောက်လာ၏ ။ သူတို့၏အကြည့်များမှာ မနာလိုဝန်တိုမှု၊ မချင့်မရဲဖြစ်မှုနှင့် ကူကယ်ရာမဲ့မှုတို့ဖြင့် ပြည့်နှက်နေလေသည်။

ခဲယွင်ဟိုင်နှင့် မန်ဟို မိစ္ဆာအင်မိုတယ်စေတီမှ ထွက်လာခဲ့သည်နှင့်တစ်ပြိုင်နက် ၎င်းသည် ကျုံ့လာပြီး နောက်ဆုံးတွင် ကောင်းကင်ရှိ အက်ကွဲကြောင်းအတွင်း ထိုးတက်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွား၏။ အက်ကွဲကြောင်းသည် အလိုအလျောက် ပြန်စေ့သွားပြီး မျက်စိတစ်မှိတ်အတွင်း မည်သည့်အက်ရာမှ မကျန်ခဲ့တော့ပေ။

သို့သော် ....

ထိုးဖောက်မြင်ရလောက်အောင် ကြည်လဲ့နေသော လှေကားတစ်စင်းတော့ ရှိနေခဲ့၏။ ၎င်း မည်သည့်အချိန်က ပေါ်လာခဲ့သလဲ ပြောရခက်သော်လည်း ၎င်းသည် အထက်ကောင်းကင်ဘုံမှ မြေကြီးအထိ ဆန့်တန်းလာကာ မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ တတိယနှင့်စတုတ္ထတောင်ထိပ်အကြားရှိ ကျင်းကြီး၏အပေါ်တွင် ပျံဝဲနေလေသည်။

လှေကား၏အလင်းရောင်မှာ အပြင်သို့ဖြာထွက်မလာဘဲ အထဲတွင် လည်ပတ်နေသယောင်ပင်။ ၎င်းက ကောင်းကင်ဘုံဆင့်များအထိ မြင့်တက်နေပြီး အနီးကပ်ကြည့်ပါလျှင် ထိပ်၌ ဧရာမဝဲကြီးတစ်ခုအား မြင်သည်ဆိုရုံကလေး မြင်ရပေမည်။

လှေကားကို မြင်သောအခါ မန်ဟိုမှာ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိ၏။ သို့သော် တခြားမိစ္ဆာအင်မိုတယ်ဂိုဏ်းကျင့်ကြံသူများမှာ ၎င်းကို မမြင်ရသည့်အလား ၎င်းပေါ်ပေါက်လာခြင်းအပေါ် ဘာမှ ထူးထူးခြားခြား မတုံ့ပြန်ကြပေ။

သို့သော် မန်ဟို လူအုပ်ကြီးကို ကြည့်လိုက်သောအခါ ကျီရှောင်ရှောင်ကို လှမ်းမြင်လိုက်၏။ သူမမျက်နှာထားအရ လှေကားကို သူမမြင်လိုက်ကြောင်း သူ ခန့်မှန်းကြည့်နိုင်လေသည်။

"အပြင်လူတွေပဲ မြင်ရတာများလား" မန်ဟိုက တွေးလိုက်သည်။

ယခုတွင် မန်ဟို ထွက်လာပြီဖြစ်၍ တောင်ကောင်းကင်ကျင့်ကြံသူများမှာ မိစ္ဆာအင်မိုတယ်ဂိုဏ်းသားများအကြား ဝင်တိုးရင်း ပုန်းနေကြ၏။

သူတို့မှာ မန်ဟို့ကို ရှောင်ရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိပေ။ စောစောက သေမတတ် မနာလိုဖြစ်ခဲ့ပြီး ဤသည်မှာ ရှေးခတ်၏ ပုံရိပ်ယောင်ကမ္ဘာတစ်ခုဖြစ်သည့်တိုင် မန်ဟိုက ခဲကျုံစစ်ဘဝကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ သူတို့တွင် အသက်အချောင်းတစ်ရာရှိ၍ သူ့ကို ဝိုင်းတိုက်လျှင်တောင်မှ ရှုံးမှာ မြေကြီးလက်ခတ် မလွဲပေ။

သူတို့အနေဖြင့် သူ့ကို သတိကြီးကြီးထား၍သာ ရှောင်နိုင်တော့သည်။ သူတို့၏သရုုပ်မှန်ကို ဖော်ထုတ်လိုက်လျှင် ‌ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ခြင်းသာ ဖြစ်ပေမည်။ ဆန့်ကျင်ဘက်တွင်တော့ မန်ဟိုမှာ ဘာမှ စိတ်ပူနေစရာမလို။

အဘယ်ကြောင့်ဆိုသော် ... သူတို့ရရှိထားသော ဘဝများဖြင့် တောင်ကောင်းကင်ဂြိုဟ်ကျင့်ကြံသူတစ်ယောက်မှ မန်ဟိုကို မြူမှုန်လေးမျှပင် ခြိမ်းခြောက်နိုင်ခြင်း မရှိသည့်အတွက်ပင်။

သို့ထိတိုင် သူတို့အားလုံး ပုန်းကွယ်လျှိုးနေကြသည့်တိုင် ‌တောင်ထိပ်များ၏အပေါ်တွင် မိုးကောင်းကင်အထိ ဆန့်တန်းနေသောာ လှေကားကို မြင်သွားကြပြီး စိတ်နှလုံးတုန်ရီလှုပ်ရှားလာကြတော့၏ ။

"အဲ့ဒါက ..." မြောက်ပိုင်းသဲကန္တာရ အင်ပါယာသွေးဆက်‌မျိုးနွယ်စုမှ လူငယ်က ခေါင်းပြန်ငုံ့ပြီး ခါးပြန်ကုန်းလိုက်သည်။ သို့ရာတွင် သူ့မှာ အသက်ရှူသံများ မြန်နေပြီး မျက်လုံးများ တဖျပ်ဖျပ် လင်းလက်တောက်ပနေတော့သည်။

"မဟုတ်မှ..." ဖန်ယု၏ သူငယ်အိမ်များ ကျုံ့သွားသည်။ တခဏကြာသော် မျက်ဝန်းလေးများ ဝိုင်းစက်ပြုးကျယ်လာ၏။

"တတိယပြင်ညီကို ဖွင့်ဖို့ လိုအပ်တဲ့ အရေးအကြီးဆုံးအရာ" ကျင်ရှန်းက တွေးသည်။ သူမသည် ခပ်လှမ်းလှမ်းတွင် ရပ်နေပြီး လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အသက်ရှူသံများ မြန်နေ၏။ သူမမျက်ဝန်းလေးများမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပနေတော့သည်။

ပို၍လှမ်းလှမ်းတွင် ရပ်နေသူကတော့ စောစောက တိတ်တိတ်လေး ထွက်ခွာလာခဲ့သော ခေါင်းဆောင်ကြီးဟုရန်ပင်။ သူလည်း အလွန်စိတ်လှုပ်ရှားစပြုလာ၏ ။

လူတိုင်း အတွေး‌ကိုယ်စီဖြင့် ဖြစ်နေကြစဉ် ခဲယွင်ဟိုင်က မန်ဟိုကို ဦးဆောင်ခေါ်သွားသည်။ မိစ္ဆာအင်မိုတယ်စေတီ၏ လှိုင်းဂယက်များ ပျောက်ကွယ်သွားလေပြီ။ တာအိုမှော်ကျင့်စဉ်နည်းနည်းပါးပါး ရခဲ့သူများရှိ၏။ သို့သော် မိစ္ဆာအင်မိုတယ်စေတီမှာ မန်ဟိုအတွက် အထူးသဖြင့် ဖွင့်ပေးခဲ့ခြင်းဖြစ်ပြီး သူတစ်ယောက်တည်းသာ စကားလုံးများဖြင့်ပင် မဖော်ပြနိုင်သော ‌ကံကြမ္မာကောင်းကို ရရှိခဲ့ခြင်းဖြစ်သည်။

ခြောက်သွေ့မီးတောက်မိစ္ဆာ မှော်အစစ်အမှန်ကိုယ်တာအို၊ ကောင်းကင်ဘုံကိုးခုပျက်စီးခြင်း၊ ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်အပြင် နောက်ဆုံး အသွေးအသားသိဒ္ဓိတင်လျှို့ဝှက်ပညာရပ်။ ဤအရာအားလုံးမှာ မန်ဟို၏ အံ့မခန်းလိလိ ပိုင်ဆိုင်မှုများ ဖြစ်ပေသည်။

ထို့အပြင် မှီခိုဂိုဏ်းချုပ်ကို အပြစ်ပေးရန် အခွင့်အရေးရရှိခဲ့ခြင်း နှင့် တခြားသောအသေးအဖွဲကိစ္စများ မပါသေးပေ။ မန်ဟိုအတွက် မိစ္ဆာအင်မိုတယ်စေတီမှာ ‌ကောင်းကင်ဘုံမှ ချီးမြှင့်သော ကံကောင်းမှုကြီးထက် မပိုတော့ပေ။

သူသည် လမ်းတစ်လျှောက်လုံး မရပ်ဘဲ စတုတ္ထတောင်ထိပ်သို့ ပြန်လာခဲ့၏။ ကျင့်ကြံခြင်းဂူသို့ ပြန်ရောက်သောအခါ ရှုချင်သည် စက်ဝိုင်းကဲ့သို့ လည်ပတ်နေသော အလင်းရောင်ဖြင့် ဝန်းရံလျက် မလှပ်မယှက် တရားထိုင်နေသည်။ ခပ်ရေးရေး အပြုံးလေးတစ်ခုအား သူမမျက်နှာလေးအပေါ်တွင် မြင်ရနိုင်၏။ သိသိသာသာပင် သူမကား တာအိုမှော်ကျင့်စဉ် ဉာဏ်အလင်းရှာဖွေရာတွင် စိတ်ရောကိုယ်ပါ နစ်မြောနေလေသည်။

သူက သူမကို မနှောင့်ယှက်ဘဲ သူ့စိတ်ထဲ၌ တည်ရှိသော တာအိုမှော်ကျင့်စဉ်အစေ့များကို လေ့လာရန် တင်ပျဉ်ခွေထိုင်လိုက်၏။

ထိုအထဲတွင် ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်တာအိုအပြင် တခြားမဟုတ်သော ကြက်သွေးရောင်မီးတောက်တစ်ခုရှိ၏။

‌ကောင်းကင်ဘုံကိုးခုပျက်စီးခြင်း၊ ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်နှင့် နောက်ဆုံးတစ်ခု.....အသွေးအသားသိဒ္ဓိတင်‌‌လျှို့ဝှက်ပညာရပ်တို့မှာမူ ... မန်ဟို့စိတ်ထဲတွင် ရှိပြီး မြင်ရသော်လည်း ခံစား၍မရပေ။

ဤမဟာတာအိုကျင့်စဉ်သုံးခုကို အသုံးမပြုခင် ဆင်ခြင်သုံးသပ်ကြည့်ဖို့ လိုအပ်ကြောင်း မန်ဟို ခံစားရလေသည်။ ကံကောင်းထောက်မစွာနှင့် ဤရှေးဟောင်းပုံရိပ်ယောင်ကမ္ဘာမှ ထွက်ခွာပြီးနောက်ပိုင်း ၎င်းတို့ကို သူ မေ့သွားမည်မဟုတ်ပေ။

အတွေးရထားကြီး ဤဘူတာဆိုက်သော် မန်ဟိုမှာ စိတ်လှုပ်ရှားစပြုလာတော့သည်။ အဘယ်ကြောင့်ဆိုသော် ဤအရာအားလုံးအပြင် သူ ရရှိခဲ့သည့်အရာ နောက်တစ်ခု ရှိသေး၍ပင်.... တောင်ဝါးမြိုမန္တန်။

ယခုတွင် မန်ဟိုအနေဖြင့် သုံးပုံသုံးနည်းကို အခြေခံအားဖြင့် ထိန်းချုပ်နိုင်နေပြီဖြစ်သည်။ အဆင့်(၁)အထိသာ အသုံးပြုနိုင်သော်လည်း မိတ်ဆက်ဖော်ပြချက်အရ ထိုသည်နှင့်ပင် သူ၏အပြင်အားကိုယ်အပြင်တွင် တောင်တစ်လုံး၏ကိုယ်ထည်ကို ဖန်ဆင်းနိုင်ပြီ ဖြစ်သည်။

ထိုအခြင်းအရာက သူ၏အပြင်အားကိုယ်စွမ်းအားကို ဆထက်တိုး မြင့်တက်သွားစေလိမ့်မည်။

"အထွတ်အထိပ်ရောက်အောင် ကျင့်ကြံလိုက်ရင် ငါ တောင်တွေရဲ့ဝိညာဉ်ကို ဆွဲထုတ်၊ သူတို့ရဲ့စိတ်ဆန္ဒတွေကို ဖန်ဆင်းပြီးတော့ တောင်အသင်္ချေစွမ်းအားကို ကိုင်စွဲနိုင်ပြီ" မန်ဟို့မျက်လုံးများသည် ကျေနပ်မှုများဖြင့် ပြည့်သွား၏။ မိစ္ဆာအင်မိုတယ်စေတီက သူ၏ကံကောင်းမှုကို အဆုံးစွန်အထိ တွန်းပို့ပေးခဲ့သည်ဟု ဆိုရပေမည်။

သူ ရရှိခဲ့‌သော မှော်ပညာရပ်များ၊ တားမြစ်မန္တန်ဝင်္ကပါများနှင့် အခြားထူးခြားအံ့ဖွယ်အရာများရှိသည်။ လောလောဆယ်တွင် ၎င်းတို့အားလုံးသည် သူ၏စိတ်ထဲတွင် တည်ရှိနေ၏။ သို့သော် ဉာဏ်အလင်းမရလျှင်တော့ ဤနေရာမှ ထွက်ခွာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ပျောက်ကွယ်သွားလိမ့်မည်။

ကျောက်စိမ်းပြားအပေါ်တွင် အချက်အလက်တချို့ ခတ်နှိပ်ရန် ကြိုးစားကြည့်သော်လည်း မ‌အောင်မြင်သဖြင့် နောက်ဆုံးလက်လျှော့လိုက်ရလေသည်။

"တောင်ပင်လယ်ကျမ်းစာက ... ရယူဖို့ မဖြစ်နိုင်ဆုံးပဲ" သူက တွေးလိုက်သည်။ သူ ထိုကိစ္စကို တခဏ စဉ်းစားနေစဉ် တောက်ပသောအလင်းရောင်က သူ၏မျက်လုံးများတွင် ပြည့်နှက်နေ၏။ အဆုံးသတ်တွင် ၎င်းကို ခေါင်းထဲမှ ခဏထုတ်လိုက်သည်။ သို့ရာတွင် သူ့စိတ်ထဲတွင်တော့ အထပ်(၈၀) တွင် ကြားခဲ့ရသောအသံကို မှတ်မိနေသေးလေသည်။

လဝက်ကြာသွားသည်။ မန်ဟိုသည် တစ်ချိန်လုံး တာအိုမှော်ကျင့်စဉ်များနှင့်ပတ်သက်၍ ဉာဏ်အလင်းရှာဖွေရင်း ကျင့်ကြံခြင်းဂူထဲတွင်သာ တရားထိုင်နေခဲ့လေသည်။

ရှုချင်က ရံဖန်ရံခါ တရားထိုင်နေရာမှာ နိုးလာတတ်သည်။ ထိုအခါဆိုလျှင် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြ၏ ။ ဤနေရာတွင် အချိန်မှာ အကန့်အသတ်ရှိသဖြင့် တစ်စက္ကန့်တိုင်း တာအိုမှော်ကျင့်စဉ်ဉာဏ်အလင်းရဖို့ အားထုတ်ရန် လိုအပ်လေသည်။ စကားထိုင်ပြောနေရန် အချိန်မရှိ။

နောက်ဆုံးတော့ တစ်မနက်ခင်းတွင် မန်ဟိုသည် စတုတ္ထတောင်ထိပ်ကို လေ့လာရင်း ကျင့်ကြံခြင်းဂူအပြင်၌ တင်ပျဉ်ခွေထိုင်နေ၏။ သူ့စိတ်ထဲတွင် တောင်ဝါးမြိုမန္တန်မှာ ကိုယ်ပိုင်တံဆိပ်ခတ်နှိပ်ပြီးဖြစ်လေသည်။ မန္တန်၏ ပထမအဆင့်အား ကျင့်ကြံပြီးတော့မည့်အချိန်မှာပင် တစ်စုံတစ်ယောက် ရောက်လာ၏။ မန်ဟို့အတွက် ထိုသူ ရောက်လာလိမ့်မည် မထင်ထားသော်လည်း အံ့ဩခြင်းတော့ မဖြစ်မိပေ။

၎င်းသည် တခြားတောင်ထိပ်မှ သီးသန့်ဂိုဏ်းသူဖြစ်၏။ သူမမှာ ‌ကြယ်စင်လေးများသဖွယ် တဖျပ်ဖျပ်လက်နေသော မျက်ဝန်းများဖြင့် လှ‌ပချောမောလေသည်။ သူမက တင့်တယ်ဝင့်ကြွားစွာဖြင့် မန်ဟို့ထံ ချဉ်းကပ်လာရာ အခြားစတုတ္ထတောင်ထိပ်ဂိုဏ်းသားများအား စိတ်ဝင်စားသွားစေတော့သည်။

သူတို့ မြင်ရသည်မှာ ရှက်ကိုးရှက်ကန်း မဝံမရဲလေးဖြစ်နေပြီးနောက်ဆုံး အားတင်းလိုက်သော မိန်းကလေးတစ်ဦးဖြစ်သည်။ သူမက မန်ဟို့အရှေ့တွင် ရပ်လိုက်ပြီး မဝံမရဲကလေး ပြော၏။ "ကိုကိုကျုံစစ် ၊ ညီမမှာ ကျင့်ကြံတာနဲ့ပတ်သက်ပြီး မေးစရာနည်းနည်းရှိလို့ ကိုကိုကျုံစစ် ကူညီပေးမလားဟင်"

သူမမျက်နှာ၊ သူမအသံနှင့် သူမကိုယ်လုံးလေးမှာ အလွန်တရာ ညှို့ယူဖမ်းစားနေသော အရာဖြစ်လာသည်။ သူမကို ကြည့်လိုက်မိသည့် မည်သူမဆို ရလိုပိုင်ဆိုင်မှုတို့ဖြင့် ရင်တဒိန်းဒိန်းခုန်လာမိလေသည်။ စတုတ္ထတောင်ထိပ်ဂိုဏ်းသားအတော်များများမှာ သူမကို ကြည့်နေကြပြီး သူတို့အတွက် သူမမှာ နတ်သမီးလေးသဖွယ် လှပနေတော့၏။

သူမမျက်နှာလေးမှာ ချောမောသလို၊ သူမကိုယ်လုံးလေးကလည်း အပြစ်ဆိုဖွယ်မရှိ။ သူမအသားအရေလေးမှာ အလွန်နူးညံ့လှသဖြင့် လေပြင်ညင်းလေးတစ်ချက်ကြောင့်ပင် ပွန်းပဲ့သွားမှာ စိုးရလေသည်။ သူမသည် ရိုးသားဖြူစင်ဟန်ရှိသော်လည်း တစ်ချိန်တည်းမှာပင် ပင်ကိုယ်အတိုင်း ဆွဲဆောင်မှု ရှိနေပြန်၏။ 'နတ်သက်ကြွေလာသောအလှ’ ဆိုသော အသုံးနှင့်ပင် သူမအလှကို စာမဖွဲ့နိုင်လေပြီ။

မန်ဟိုက သူမကို ချက်ချင်း မှတ်မိလိုက်၏။ သူမအသံကြားသောအခါ သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ တဖြန်းဖြန်း ထသွားလေသည်။ "မအားဘူး" သူက ပြန်ဖြေလိုက်သည်။

သူမသည် လေလေးတိုက်ရုံနှင့် ကြွေကျလာမည့်အလား နူးညံ့သိမ်မွေ့ပြီး နှစ်လိုဖွယ်ကောင်း၏။ သူမက အားတင်းလိုက်သကဲ့သို့ နှုတ်ခမ်းလေးကို ဖိကိုက်လိုက်သည်။ ကြည့်နေသူများအတွက် ဤမိန်းကလေးကို ငြင်းဆန်ခြင်းက ပြစ်မှုမြောက်သည်ဟုပင် သေချာပေါက် တွေးမိလိမ့်မည်။

မန်ဟိုမှာ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်တော့မည့်အချိန် ရုတ်တရက် မိန်းကလေး၏မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားသည်ကို ရုတ်တရက် သတိထားမိလိုက်၏။ သူက လည်ချောင်းရှင်းကာ ထရပ်ပြီးနောက် ရှေ့လျှောက်သွားလေသည်။

မိန်း‌ကလေးမှာ ကျင်ရှန်းမှတစ်ပါး အခြားမဟုတ်ပေ။ သူမက ခေါင်းငုံ့ပြီး စတုတ္ထတောင်ထိပ်ဂိုဏ်းသားများ၏ မနာလိုစွာ အတင်းတုပ်နေသော စကားသံများအလယ်တွင် မန်ဟို့နောက် လိုက်သွားတော့သည်။

သူတို့နှစ်ယောက် အတူတူ လမ်းလျှောက်သွားနေကြသည်ကို မြင်လိုက်သော စတုတ္ထတောင်ထိပ်ဂိုဏ်းသားများမှာ မျက်လုံးများ ပြူးပြီး ဒေါသထွက်ကုန်ကြ၏။

"နောက်ထပ် အမျိုးသမီးကျင့်ကြံသူတစ်ယောက် သူ့လက်ထဲ ရောက်သွားပြန်ပြီ"

"သောက်ကျိုးနည်း။ အခုဆို ဘယ်နှယောက်တောင် ရှိပြီတုံး။ ငါရော ဘယ်တော့မှ ဒီလိုစန်းပွင့်မှာတုန်းကွာ"

သူတို့နှစ်ယောက်သား ဒုတိယတောင်ထိပ်သို့ ရောက်သည့်အခါ‌တွင်တော့ မန်ဟိုက စိတ်မရှည်ဟန်ဖြင့် ကျင်ရှန်းကို လှည့်ကြည့်လာသည်။

"ကဲ ပြော" သူက ပြောသည်။ "ဘယ်လိုကူညီပေးရမှာလဲ"

"လိုရင်းပဲပေါ့ ဟုတ်ပြီ" သူမက အပြုံးလေးတစ်ခုဖြင့် ဆို၏။ "နင်က ယောက်ျားတစ်ယောက်ပဲ ငါ့အပေါ် ကျေးဇူးအကြွေးတင်နေတာလည်း သိတယ်။ ဒါပေမဲ့ ငါ အသိချင်ဆုံးက အထပ်(၈၀)မှာ ဘယ်လိုဟာနဲ့ ကြုံတွေ့ခဲ့လို့ သခင်လီရဲ့အသံက နင့်ကို တာအိုမှော်ကျင့်စဉ်နဲ့ ချီးမြှင့်လိုက်တာလဲ" သူမသည် ပြုံးချိုချိုလေးနှင့် ပြောနေသော်လည်း စကားကို အလွန်လေးလေးနက်နက် ‌ပြောနေကြောင်း သိသာသည်။

မန်ဟို ဤသည်ကို ကြားသော် သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။ သူက ရင်တဒိန်းဒိန်းခုန်လျက် ကျင်ရှန်းကို ကြည့်လိုက်သည်။

"အဲ့ဒါက ....သခင်လီရဲ့အသံတဲ့လား " သူက တွေးလိုက်သည်။

***

All Chapters