← Chapters

ရှေးရှေးတုန်းက ရာဇဝင်

Vol. 42 Ch. 589

ရှေးရှေးတုန်းက ရာဇဝင်

Vol. 42 Ch. 589

မန်ဟိုမှာ စိတ်ထဲတွင်တော့ အတွေးများ ဖြတ်ပြေးနေသော်လည်း သူ၏မျက်နှာအမူအရာမှာ စိုးစဉ်းမျှ ပြောင်းလဲခြင်းမရှိပေ။ သူသည် တောက်ပသောအပြုံးတစ်ခုဖြင့်သာ ကျင်ရှန်းကို ကြည့်နေ၏။

သူမက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ မန်ဟို၏မျက်နှာတိမျက်နှာထားကို ကြည့်လျှင် သူ ဘာတွေးနေလဲ ပြောရခက်သဖြင့် သူ့မှာ သူ၏ ဉာဏ်နီဉာဏ်နက်များပုံကို ကြိတ်သာ ဆဲနိုင်တော့သည်။

"ရတယ်လေ မပြောချင်လဲ နေ" သူမက ခပ်လွင်လွင်လေး တစ်ချက်ရယ်၍ ဆက်ပြောလေသည်။ "တခြားအကြောင်းပြောရအောင်။ ငါတို့နှစ်ယောက် သဘောတူညီချက်တစ်ခု လုပ်ထားတယ်နော်။ ပြီးတော့ နင် ငါ့အပေါ်လည်း အကြွေးတင်နေသေးတယ်" ပါးနပ်သောအရိပ်အယောင်လေးတစ်ခု သူမမျက်နှာလှလှလေးကို လွှမ်းခြုံသွားသည်။

"တကယ်တော့" မန်ဟိုက ပုံမှန်အတိုင်းရယ်၍ ပြန်ဖြေလေသည်။ "အမှန်တရားက ဘာလဲဆိုရင် ငါတို့မှာ တရားဝင်သဘောတူညီချက်မရှိဘူး ဆိုတာပဲ။ ဒါပေမဲ့ မင်းက ငါ့ကို ကူညီပေးခဲ့တာဆိုတော့ ကျေးဇူးပြန်ဆပ်ပေးရမှာပေါ့။ နည်းနည်းပါးပါးတော့ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ သိပ်ရှုပ်ထွေးလာရင် ငါ လက်ရှောင်မယ်"

"ဒီလောက်အလျင်စလိုနဲ့ မငြင်းဆန်ပါနဲ့ဦး" ကျင်ရှန်းက ဂရုတစိုက် ပြောသည်။ "နင် ငါ့ကို ကူညီရင် နင်လည်း အကျိုးအမြတ်ရမှာပါ။ နင့်စရိုက်ကို ငါကောင်းကောင်း သိပါတယ်။ နင် ဆုံးဖြတ်ချက်မချခင် စေ့စေ့စပ်စပ် ရှင်းပြပေးဖို့ လိုမယ်ဆိုတာ" မန်ဟိုသည် သူမစကားကို ကြားဖြတ်မပြောပေ။

"အခုလက်ရှိကိစ္စအကြောင်း ပြောပြမယ်။ ပြီးရင်တော့ ငါ့ကို ကူညီမလား မကူညီဘူးလား ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပေါ့။ ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် ငါ့အတွက် အဆင်ပြေတယ်" ရုတ်တရက် တိုက်ခတ်လိုက်သော လေညင်းတစ်ချက်က ကျင်ရှန်း၏ဆံပင်များကို မျက်နှာလေးတစ်ဝိုက် ရှုပ်သွားစေရာ သူမကို အလွန်ဆွဲဆောင်မှုရှိနေစေတော့သည်။

မန်ဟို၏အမူအရာမှာတော့ ယခင်အတိုင်းပင်။ သူသည် စကားမပြောဘဲ သူမပြောမည်ကို နားထောင်ဖို့ စောင့်နေ၏။

"ငါတို့ တစ်ယောက်နဲ့တစ်ယောက် ပထမဆုံး အင်မိုတယ်လျှောက်လှမ်းခြင်းတံတားမှာ ဆုံတွေ့ခဲ့တာမလား။ အဲ့ဒီတံတားကို မိစ္ဆာအင်မိုတယ်ဂိုဏ်းရဲ့ မိစ္ဆာဧကရာဇ်သုံးပါးထဲက တစ်ပါး ဖန်တီးထားတယ်ဆိုတာ နင် သိထားပြီးပြီလို့ ငါထင်တယ်

"အဲ့ဒီ မိစ္ဆာကြီးသုံးပါးက နှင်းမြေမိစ္ဆာဧကရာဇ်၊ ခြောက်သွေ့မီးတောက်မိစ္ဆာဧကရာဇ် နဲ့ သွေးသန္တာမိစ္ဆာဧကရာဇ်တို့ပဲ ။ နင် အပေါ် မော့ကြည့်လိုက်ရင် ဒီပုံရိပ်ယောင်ကမ္ဘာထဲမှာ အဲ့ဒီမိစ္ဆာကြီးသုံးပါးရဲ့ ဗိမာန်တွေကို မြင်ရလိမ့်မယ်" သူမသည် တုန်လှုပ်ဖွယ်စကားများကို ပြောရင်း ကောင်းကင်ကို လက်ညှိုးထိုးလိုက်၏။

မန်ဟို့စိတ် ချာချာလည်သွားသည်။ သူအနေဖြင့် ယခုကဲ့သို့ အံ့ဩတုန်လှုပ်ဖွယ်အကြောင်းအရာများကို ကျင်ရှန်း ဖော်ထုတ်လိမ့်မည်ဟု ဘယ်တော့မှ မထင်ထားခဲ့ပေ။ သူသည် အပေါ်ရှိ ‌ဇောက်ထိုးတောင်ကြီးသုံးလုံးကို မော့ကြည့်မိလိုက်သည်။ မိစ္ဆာတောင်များကို ပထမဆုံး မြင်တွေ့ခဲ့ရတုန်းက သူ့အမြင်နှင့်သူ ရှိခဲ့လေသည်။ ယခုတွင် ကျန်ရှန်း ရှင်းပြသည်ကို ကြားပြီး ၎င်းနှင့် သူ့ သိထားပြီးသည့်အရာကို ပေါင်းစည်းလိုက်သောအခါ သူမ လိမ်နေခြင်းမဟုတ်ကြောင်း အတော်လေး သေချာသွားသည်။

မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ မိစ္ဆာဧကရာဇ်ကြီးသုံးပါးအနက် အင်မိုတယ်လျှောက်လှမ်းခြင်းတံတားကို ဖန်ဆင်းခဲ့သော တစ်ပါးသည် နှင်းမြေမိစ္ဆာဧကရာဇ်ဟန်ရှန်းမှတစ်ပါး အခြားမဟုတ်ပေ။

မန်ဟို့သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။ သူက အဝေးရှိ နှင်းဖုံးတောင်ကြီးကို လှမ်းကြည့်ပြီး ၎င်းသည် ကမ္ဘာကြီးထံမှ ၎င်းဘာသာ၎င်း ခွဲထွက်နေသည့်အလား ခံစားလိုက်ရသည်။

"ဟိုးရှေးရှေးတုန်းက ‌‌တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းမှာ မိစ္ဆာအင်မိုတယ်ဂိုဏ်းက နံပါတ်တစ် ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ခဲ့တယ် ။ ဘာကြောင့်လဲဆိုရင် ဒီတစ်ဂိုဏ်းလုံးကို တည်ထောင်ခဲ့တဲ့လူ ဖြစ်တဲ့ သခင်လီကြောင့်ပဲ

"သခင်လီက ကျီမျိုးနွယ်စုမတိုင်ခင် နဝမတောင်ရဲ့သခင်ဖြစ်ခဲ့တယ်... သခင်လီရဲ့ လက်အောက်ခံတွေအကြားမှာ ကောင်းကင်ဘုံရဲ့ အားကိုးတာခံရတဲ့ စစ်သူကြီးနှစ်ဦးနဲ့ ဓမ္မစောင့်ရှောက်သူအဖြစ် ‌ဆောင်ရွက်ရတဲ့ မိစ္ဆာအရှင်သုံးပါးရှိတယ်... အဲ့ဒီ စစ်သူကြီးနှစ်ယောက်ထဲက တစ်ယောက်က နောက်ပိုင်း သခင်ကျီဆိုပြီး ဖြစ်လာတဲ့သူပဲ" ကျင်ရှန်းသည် ဤစကားလုံးများကို တည်တည်ငြိမ်ငြိမ် ပြောနေသော်လည်း ၎င်းတို့က မန်ဟို့စိတ်နှလုံးကို တုန်ရီလှုပ်ရှားသွားစေသည်။

သူသည် မျက်နှာထားကို ပြန်တည်ပြီး အပေါ်ရှိ မိစ္ဆာတောင်ကြီးသုံးလုံးကို ပြန်မော့ကြည့်လိုက်၏။ သူ့အကြည့် ကျင်ရှန်းဆီ ပြန်ရောက်သွားစဉ် ဤ မိစ္ဆာအင်မိုတယ်ဂိုဏ်းသို့ လာရောက်ရသော သူမ၏ရည်ရွယ်ချက်၊ သူမ၏အကြောင်းရင်းကို များစွာသိချင်မိသွားသည်။

"ငါက မိစ္ဆာအင်မိုတယ်ဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်လေ" သူမက ဆက်ပြောသည်။ "အဲ့ဒီတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အတော်များများ သိတယ်။ မိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ စုစုပေါင်း ကောင်းကင်ဘုံလေးထပ်ရှိတယ်။ ဒုတိယအထပ် ကောင်းကင်ဘုံက မိစ္ဆာတောင်ကြီးသုံးလုံးရှိတဲ့နေရာ။ တတိယအထပ် ‌ကောင်းကင်ဘုံကို အထွတ်အမြတ်နယ်မြေနှစ်ခုနဲ့ ဖွဲ့စည်းထားတယ်။ ‌လေးထပ်

မြောက်ကတော့ ... သခင်လီ စံမြန်းနေတဲ့နေရာပဲ

"အဲ့ဒါက တစ်ချိန်တုန်းက တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းမှာ နံပါတ်တစ်ဂိုဏ်းဖြစ်ခဲ့ဖူးတဲ့.... မိစ္ဆာအင်မိုတယ်ဂိုဏ်းလို့ ခေါ်တယ်" ဤအခိုက်အတန့်တွင် ကျင်ရှန်း၏မျက်လုံးများသည် မာန်မာနနှင့် ဖြောင့်မတ်တည်ကြည်မှုတို့ဖြင့် ထူးဆန်းစွာ တောက်ပနေသယောင်ပင်။

"ကြည့်ရတာ အထွတ်အမြတ်နယ်မြေနှစ်ခုနဲ့ပတ်သက်ပြီး နင် နည်းနည်းပါးပါး ခန့်မှန်းထားပြီးပြီမဟုတ်လား။ အဲ့ဒီနေရာတွေက တကယ်တော့ စစ်သူကြီးနှစ်ဦးရဲ့ နယ်မြေ၊ စစ်သူကြီးနှစ်ဦးရဲ့ မျိုးနွယ်စုပဲ။ သူတို့ရဲ့ သူမတူအောင် ထူးချွန်ပြောင်မြောက်တဲ့ တာဝန်ကျေပွန်မှုကြောင့် သခင်လီက သူတို့ရဲ့နယ်မြေတွေကို 'အထွတ်အမြတ်' ဆိုတဲ့ စကားလုံးနဲ့ အပိုင်စားပေးခဲ့တော်မူတယ်

"ဒါကြောင့် ... အဲ့ဒီနယ်မြေနှစ်ခုက နဝမတောင်နဲ့ ပင်လယ်ရဲ့ အထွတ်အမြတ်နယ်‌မြေနှစ်ခု ဖြစ်လာခဲ့တာ

"အဲ့ဒီအထွတ်အမြတ်နယ်မြေနှစ်ခုရဲ့ နာမည်တွေကတော့ တစ်ခုက ဖန်။ ကျန်တဲ့တစ်ခုက ....မဟာကပ်ဘေးကြီး ကျရောက်မှာစိုးလို့ ပြောခွင့်မရှိတဲ့ နာမည် ။ အခုအချိန်တော့ ကျီလို့ပဲ ငါတို့ ပြောနိုင်တယ်" ကျင်ရှန်း၏ စကားလုံးများ နားထဲ ဝင်ရောက်လာစဉ် မန်ဟို့စိတ်မှာ ထစ်ချုန်းသံကြီးဖြင့် ပြည့်နှက်သွားတော့သည်။ နောက်ဆုံးတော့ ရှေးအကျဆုံးရာဇဝင်ကို သူ နားလည်လိုက်လေပြီ။

ကျီမျိုးနွယ်စု နဝမတောင်နှင့်ပင်လယ်ကို သိမ်းပိုက်ခဲ့‌ပြီး ၎င်း၏သခင်အသစ်ဖြစ်လာခဲ့သော ကိစ္စကို သူ သိထားတာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် သခင်လီ၏ နောက်စစ်သူကြီးတစ်ယောက်မှာ ဖန်အမည်ရှိ မျိုးနွယ်စုမှ လာကြောင်းကိုတော့ သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၏။ မန်ဟို့စိတ်မှာ ချာချာလည်နေတော့သည်။

သူသည် ဖန်ယုကို ချက်ချင်း တွေးလိုက်မိ၏.... အရှေ့ဘက်နယ်မြေရှိ ဖန်မျိုးနွယ်စု ...။

အကြောင်းတစ်စုံတစ်ရာကြောင့် ဤဖန်မျိုးနွယ်စုမှာ ထိုစစ်သူကြီးနှင့် တစ်မျိုးရိုးတည်းဖြစ်သည့်အပြင် အထွတ်အမြတ်နယ်မြေလည်း ထိုနည်းတူဖြစ်လောက်ကြောင်း သူ ခံစားလိုက်ရလေသည်။ ဖန်မျိုးနွယ်စုတွင် ယခုလို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဇစ်မြစ်ရှိနေလိမ့်မည်ဟု မည်သူ တွေးနိုင်ခဲ့မည်နည်း။

"စစ်သူကြီးနှစ်ဦးရဲ့ မျိုးနွယ်စု ဘယ်လောက်အံ့ဩစရာကောင်းလဲ ... မိစ္ဆာဧကရာဇ်သုံးပါး ဘယ်လောက် တုန်လှုပ်စရာကောင်းလဲဆိုတာ စဉ်းစားကြည့်ရင် .... ပြီးတော့ သူတို့က သခင်လီရဲ့ လက်အောက်ခံတွေဆိုတော့ .... သခင်လီဆိုတဲ့လူ ဘယ်လောက်တောင် အစွမ်းထက်နေမလဲ" ရုတ်တရက် မန်ဟိုသည် မိစ္ဆာအင်မိုတယ်စေတီ၏ အထပ်(၈၀)မှာတုန်းက ကြားခဲ့ရသော စကားလုံးများကို ပြန်တွေးမိလိုက်သည်။

"သခင်လီက တာအို‌ရရှိသွား‌တဲ့အခါ ကောင်းကင်ဘုံရဲ့ လုပ်ပိုင်ခွင့်အာဏာကို တစ်ယောက်တည်း မထိန်းချုပ်တော့ဘဲ အများပြည်သူကို ပြန်ပေးအပ်ခဲ့တယ်။ သူက တာအိုနယ်ပယ်ကို ‌ပျောက်ကွယ်သွားစေခဲ့ပြီး သက်တမ်းအပေါ် ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့တယ်။ သူ့ကို ခစားဖို့ လျှောက်လှမ်းလာနိုင်တဲ့ လမ်းကိုလည်း ပိတ်ခဲ့ပြီးတော့ ဘယ်တော့မှ လူလုံးထွက်မပြတော့ဘူး။ အထွတ်အမြတ်နယ်မြေနှစ်ခုလည်း အလိုလိုပိတ်သွားတယ်

"အဲ့ဒီနောက်ပိုင်း မိစ္ဆာတောင်ကြီးသုံးလုံးလည်း ချုပ်နှောင်ပိတ်လှောင်ခံလိုက်ရတယ်

"နောက်တော့ သခင်လီကို မတွေ့ရတော့ဘူး။ တချို့က ပျောက်နေတယ်လို့ ပြောတယ်၊ တချို့က တိုက်ပွဲမှာ သေသွားပြီပြောတယ်။ ပါးစပ်ရာဇဝင်တွေကတော့ တစ်ပုံကြီးပဲ။ နောက်ဆုံး အထွတ်အ‌မြတ်နယ်မြေနှစ်ခုကို လုတဲ့ စစ်ပွဲဖြစ်လာတယ်။ အဲ့ဒီစစ်ပွဲက နဝမတောင်အပေါ် သက်ရောက်ခဲ့ပြီး နောက်ဆုံးမှာ ... ကောင်းကင်ဘုံတွေဟာ သခင်လီရဲ့အပေါ်မှာ ထားရှိခံခဲ့ရပြီး ကျီမျိုးနွယ်စုက အနိုင်ရသွားခဲ့တယ် ....

"မိစ္ဆာအင်မိုတယ်ဂိုဏ်းကတော့ အဲ့ဒီစစ်ပွဲမှာ ပါဝင်ခဲ့တာမလို့ ဖျက်စီးခံလိုက်ရတယ် ... အင်မိုတယ်လျှောက်လှမ်းခြင်းတံတားလည်း ကြေမွသွားတယ်။ မိစ္ဆာတောင်ကြီးသုံးလုံးလည်း ပြိုကျပြီး မိစ္ဆာဧကရာဇ်သုံးပါး နတ်ရွာစံသွားတယ်။ ကျီမျိုးနွယ်စုဟာ သခင်အသစ်ဖြစ်လာပြီး ဖန်မျိုးနွယ်စုကတော့ နှင်ထုတ်ခံလိုက်ရတာပေါ့

"မိစ္ဆာအင်မိုတယ်ဂိုဏ်း နိဂုံးချုပ်သွားတာမလို့ အသက်ရှင်ကျန်ခဲ့တဲ့လူ လက်တစ်ဆုပ်လောက်က ထွက်ပြေးနိုင်ခဲ့ပြီး မျက်မှောက်ခေတ်မိစ္ဆာအင်မိုတယ်ဂိုဏ်းကို အတူတူ တည်ထောင်နိုင်ခဲ့တယ်

"အဲ့ဒီစစ်ပွဲက ‌နမဝ‌တောင်နဲ့ပင်လယ်အတွက်တော့ လေမုန်တိုင်းကြီးတိုက်သလို ဖြစ်ခဲ့ပြီး လူပေါင်းများစွာ သွေးချောင်းစီးခဲ့ရတယ်.... ငါ့အနေနဲ့ မကြုံတွေ့ခဲ့ရပေမယ့် ဂိုဏ်းက မှတ်တမ်းတွေမှာ အသေးစိတ်ဖော်ပြထားတယ်လေ" ဤအခိုက်အတန့်တွင် ကျင်ရှန်းက စကားပြောခြင်း ရပ်လိုက်၏။

မန်ဟိုသည် ‌ကပေါက်ကချောက် အသက်ရှူသံများဖြင့် တခဏ တိတ်ဆိတ်စွာ ရပ်နေသည်။ လှိုင်းတံပိုးကြီးများက သူ၏နှလုံးသားကို အရှိန်အဟုန်နှင့် ဝင်တိုက်နေ၏။ သူ သိသမျှအကြောင်းအရာအားလုံးအပေါ် အခြေခံ၍ ကျင်ရှန်းသည် ရာနှုန်းပြည့်တော့ မဟုတ်သော်လည်း အနည်းဆုံး ၇၀ ၊ ၈၀ ခန့် မှန်သောစကားကို ပြောနေကြောင်း သိသာလေသည်

"အဲ့ဒါက မိစ္ဆာအင်မိုတယ်ဂိုဏ်းရဲ့ ရာဇဝင်ပဲ" ကျင်ရှန်းက ဆက်ပြောသည်။

"မိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ ကြီးကျယ်မြင့်မြတ်တဲ့ အမွေအနှစ်နှစ်ခုရှိတယ်။ တစ်ခုက နဝမတောင်နဲ့ပင်လယ်တစ်ခွင် ထင်ရှားကျော်ကြားတဲ့ ... ‌တောင်ပင်လယ်ကျမ်းစာ။ ဒဏ္ဍာရီတွေအရ ကျမ်းစာမှာ အတွဲကိုးတွဲရှိတယ်။ ဘယ်အတွဲဖြစ်ဖြစ် တောင်နဲ့ပင်လယ်သခင်တစ်ပါးဖြစ်အောင် လုပ်ပေးနိုင်တယ်

"ဟိုးအရင်နှစ်တွေတုန်းက သခင်လီက အတွဲ(၉)ကို ပိုင်ဆိုင်ခဲ့တယ်

"ကံဆိုးစွာနဲ့ တောင်နဲ့ပင်လယ်ကျမ်းစာကို ရယူနိုင်တဲ့ နည်းလမ်းဆိုလို့ သခင်လီ ပြဌာန်းထားတဲ့ အထူးနည်းလမ်းနဲ့ပဲ ရှိတယ်။ သူ ပျောက်ကွယ်သွားတဲ့နောက်မှာ အမွေအနှစ်လည်း ပျောက်ကွယ်သွားတယ်။ လက်ရှိသခင်ကျီတောင်မှ အစစ်အမှန် ကျမ်းစာမဟုတ်ဘဲ တောင်နဲ့ပင်လယ်ကျမ်းစာရဲ့ တစ်စိတ်တစ်ပိုင်းအသိအမြင်လေးတစ်ခုကိုပဲ ပိုင်ဆိုင်တာ

"အဲ့ဒါကြောင့် တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းအကြားမှာ သခင်ကျီက အားအနည်းဆုံးပဲ

"မိစ္ဆာအင်မိုတယ်ဂိုဏ်းရဲ့ နောက်အမွေအနှစ်တစ်ခု အပေါ်မှာတော့ ကန့်သတ်ချက်တွေအများကြီး ထားရှိထားတယ်။ ယနေ့ခေတ်မှာ လိုအပ်ချက်တွေအားလုံးနဲ့ ကိုက်ညီတဲ့ တစ်စုံတစ်ယောက်ကို ရှာတွေ့ဖို့ ခက်ခဲတယ် ။ ဒါပေမဲ့ .... ငါကတော့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတယ်။ အဲ့‌ဒါကြောင့် ငါ ဒီကို ... မိစ္ဆာအင်မိုတယ်ခန္ဓာကို ရယူဖို့ ရောက်လာတာပဲ" သူမသည် ပျော့ပျောင်းညင်သာစွာ ပြောနေသော်လည်း နောက်ဆုံး စကားလုံးသုံးလုံးကို ပြောလိုက်သည့်အချိန်တွင် သူမမျက်လုံးများမှာ ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပလာတော့သည်။

ဤအခြင်းအရာအားလုံးကို ကြားရခြင်းက မန်ဟို၏မျက်လုံးများကို တလက်လက် တောက်ပလာစေသည်။

"ဟိုးအရင်တုန်းက" ကျင်ရှန်းက ‌တစ်လုံးချင်း ဆက်ပြောသည်။ "သခင်လီက သူ့ရဲ့ ခန္ဓာကိုယ်သုံးပြီး မိစ္ဆာအင်မိုတယ်ခန္ဓာလို့ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာကျင့်စဉ်တစ်မျိုး ဖန်တီးခဲ့တယ်။ အဲ့ဒီလို ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်တဲ့ ဘယ်သူမဆို မိစ္ဆာမှော်ပညာကို ကျင့်ကြံတဲ့အခါ အများကြီး ပိုလွယ်ကူလိမ့်မယ်။ ပြောရရင် လူ‌တစ်ယောက်ဟာ မူလအစ ပုံမှန်အ‌ခြေအနေကို ပြန်သွား ၊ မိစ္ဆာတစ်ကောင်ရဲ့ စိတ်ဝိညာဉ်ကို ဖန်ဆင်းပြီး ပြိုင်ဘက်ကင်း မိစ္ဆာကြီးတစ်ကောင် အသွင်ပြောင်းနိုင်ပြီ

"ဒီလိုဆိုရင် နဝမတောင်နဲ့ပင်လယ်ရဲ့ မိစ္ဆာချီကို ဝါးမြိုပြီး ကံကြမ္မာကောင်းကို ကျီမျိုးနွယ်စုနဲ့အတူ မျှယူနိုင်တယ်

"ငါ လိုချင်တဲ့အရာကို ရဖို့က တစ်ယောက်တည်းနဲ့ ‌မအောင်မြင်နိုင်ဘူး။ ဒီအခွင့်အရေးကိုရဖို့ ငါ့မှာ မိစ္ဆာအင်မိုတယ်ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ ရှိတဲ့ လူတွေအားလုံးရဲ့ အထောက်အပံ့စွမ်းအားရှိတယ်။ ဒါ့ကြောင့် နင်ကူညီရင် နင်တစ်‌ယောက်တည်း ကူညီရမှာမဟုတ်ဘဲ မိစ္ဆာအင်မိုတယ်တစ်ဂိုဏ်းလုံးပဲ

"လိုအပ်ရင် နောက်ပိုင်း နင် အင်မိုတယ်အဆင့်တက်လှမ်းတဲ့အခါ အပြင်လောကမှာ နင့်အတွက် ငါတို့ နေရာပေးနိုင်တယ်။ ငါတို့ဂိုဏ်းထဲ နင့်ကို ဝင်ခွင့်တောင် ပေးရင် ပေးနိုင်မှာ

မန်ဟိုက သူမကို တခဏကြည့်ကာ "ဘာလို့ ငါလဲ"

"ဒီဒုတိယပြင်ညီမှာ နင့်ဆီက အကူအညီ များများစားစားမလိုပါဘူး။ ဒါပေမဲ့ တတိယပြင်ညီရောက်ရင်တော့ နင်ကူညီပေးရင် ငါ့ရဲ့အောင်မြင်နိုင်နှုန်းက တော်တော်လေး တက်သွားမှာပေါ့

"တကယ်တော့ ငါလည်း နင် ဘာလုပ်ပေးနိုင်မလဲ သေချာမသိဘူး။ နင်က ခဲကျုံစစ်ဖြစ်နေတာဆိုတော့ မိစ္ဆာအင်မိုတယ်ဂိုဏ်းနဲ့ ပတ်သက်နေတဲ့ လျှို့ဝှက်ဆန်းကြယ် ရေစက်တစ်ခု နင့်မှာ ရှိကောင်း ရှိနေလိမ့်မယ်... အဲ့ဒါကြောင့်လည်း အင်မိုတယ်လျှောက်လှမ်းခြင်းတံတားရဲ့ ကျိန်စာစွမ်းအားက နင့်အပေါ် မသက်ရောက်တာနေမှာ

"အဲ့ဒီကျိန်စာစွမ်းအားက ‌‌မိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ သေဆုံးခဲ့ရသူတွေရဲ့ အငြိုးအပြင် တခြားမဟုတ်ဘူး။ သူတို့က သခင်လီ ၊သခင်ကျီ နဲ့ သက်ရှိအရာအားလုံး ခါးခါးသီးသီး အမျက်ထွက်ကြတယ်လေ။ အဲ့ဒီခံစားချက်တွေက နှစ်ပေါင်းကိုးသောင်းတိုင်တိုင် တည်ရှိနေခဲ့ပြီး နောက်ဆုံးမှာ ကျိန်စာတစ်ခု ဖြစ်လာခဲ့တာပဲ

"အဲ့ဒီကျိန်စာကြောင့် ရှေးမိစ္ဆာအင်မိုတယ်ဂိုဏ်းရဲ့ ပစ္စည်းတွေကို အမှတ်မထင် သွားထိမိလိုက်တဲ့ ဘယ်သူမဆို ‌သေဆုံးဝိညာဉ်တွေကို နှောင့်ယှက်မိသွားပြီး ချက်ချင်း သေရလိမ့်မယ်

"အဲ့ဒီကံကြမ္မာကောင်းကို တတိယပြင်ညီပွင့်လာတဲ့အခါမှ ရနိုင်လိမ့်မယ်။ အဲ့ဒီအချိန်မှာ ကျိန်စာက အားအနည်းဆုံးမလို့ပဲ

"ဒါပေမဲ့.... ဘယ်လိုပဲဖြစ်ဖြစ် ကျိန်စာစွမ်းအား နည်းနည်းလေးမှ မလျော့တဲ့ အဓိကနေရာ‌တချို့ ရှိတယ်။ အဲ့ဒါကြောင့် ... တတိယပြင်ညီမှာ ငါသွားရမယ့်နေရာကို ရောက်ဖို့ လမ်းဖောက်ဖို့အတွက် .... နင့်အကူအညီကို လိုအပ်တာပဲ"

"တတိယပြင်ညီဟုတ်လား" မန်ဟိုက မျက်လုံးများ စူးရှတောက်ပနေလျက် ပြောသည်။

ကျင်ရှန်းက မေးခွန်းကြောင့် နည်းနည်းမှ မအံ့ဩသွားသည့်အလား အေးတိအေးစက် တစ်ချက်ရယ်လိုက်သည်။ သူမက မပြောင်းလဲသည့် မျက်နှာအမူအရာဖြင့် ပြော၏။ "ရှေးမိစ္ဆာအင်မိုတယ်ဂိုဏ်းရဲ့ ပထမဆုံးပြင်ညီနှစ်ခုက ပွင့်ကို ပွင့်တယ်။ ဒါပေမဲ့ တတိယပြင်ညီကတော့ ရေစက်နဲ့ ကံကောင်းမှုအပေါ် မူတည်တယ်။ ပြင်ညီကို ဝင်ရောက်ဖို့အတွက် ကံပါမှ ရမှာ။ ဒါပေမဲ့ တစ်ယောက်ဝင်သွားတာနဲ့ အဲ့ဒီလမ်းက ဒုတိယပြင်ညီမှာရှိတဲ့ လူတိုင်းအတွက် ‌ပွင့်နေမှာပဲ

"ဥပမာ နင် မိစ္ဆာအင်မိုတယ်စေတီကနေ ထွက်လာတော့ ကောင်းကင်အထိ ဆန့်တန်းနေတဲ့ လှေကားတစ်စင်းကို ငါတို့ မြင်လိုက်ရ‌တယ်မလား။ အဲ့ဒါက ရေစက်။ တတိယပြင်ညီအတွက် ဝင်ပေါက်။ ဒါပေမဲ့ ဝင်ပေါက်က နင်တစ်ယောက်တည်းအတွက်ပဲ။ နင်ပဲ အဲ့ဒါကို သုံးပြီး တတိယပြင်ညီအထဲ ဝင်ခွင့်ရမှာ

"နင် တတိယပြင်ညီကို ဝင်ပြီးတာနဲ့ ငါတို့ပတ်ပတ်လည်က ပုံရိပ်ယောင်ကမ္ဘာကြီး ပျောက်ကွယ်သွားလိမ့်မယ်။ လူတိုင်း နင်နဲ့အတူ တတိယပြင်ညီမှာ ပေါ်လာလိမ့်မယ်"

ဤသည်ကို ကြားသော် မန်ဟိုက မခိုးမခန့် ရယ်လိုက်ပြီး ဘာမှမပြောပေ။ သို့ရာတွင် ကျင်ရှန်းက သူမက လှပသော ပေါ့ပေါ့ပါးပါး ရယ်သံလေးနှင့် ပြန်တုံ့ပြန်၏။

"စိတ်မပူပါနဲ့ " သူမက ပြောသည်။ "ငါက တတိယပြင်ညီဝင်ရောက်ဖို့ နင့်အကူအညီ မလိုဘူး။ နင့်အကူအညီလိုအပ်တာက တောင်ကောင်းကင်ဂြိုဟ်က ကျန်တဲ့သူတွေပဲ။ မိစ္ဆာအင်မိုတယ်ဂိုဏ်းက ဒီအတွက် ပြင်ဆင်နေခဲ့တာ ကြာပြီ။ နောက်ဆုံးမှာ ငါ့ကို ငါ့နည်းငါ့ဟန်နဲ့ တတိယပြင်ညီဆီ ဝင်ရောက်စေနိုင်မယ့် နည်းလမ်းကို ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ ငါဝင်လိုက်တာနဲ့ တစ်ပြိုင်နက် ကျန်တဲ့သူတွေလည်း ဝင်ရလိမ့်မယ်"

မန်ဟိုက တခဏ တွေးသွား၏။ "ငါ့အတွက် သိပ်အကျိုးအမြတ် မရှိပါလား" သူက ပြော၏။

ကျင်ရှန်းက သူ့ကို တခဏ ကြည့်လေသည်။ တကယ်တော့ သူ၏စကားများက သူမနှလုံးသားကို စိတ်လှုပ်ရှားမှုများဖြင့် တဒိန်းဒိန်း ခုန်လာစေ၏။ သူ တောင်းဆိုမည်ကို သူမ မကြောက်ပေ။ နှစ်ဦးနှစ်ဖက် အကျိုးရှိမှသာလျှင် နှစ်ယောက်အတူတူ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်မည် မဟုတ်ပါလော။

"မိစ္ဆာအင်မိုတယ်ဂိုဏ်းထဲမှာ မိစ္ဆာအင်မိုတယ်ကန် ရှိတယ်။ အဲ့ဒီကန်က ဒဏ္ဍာရီတွေရဲ့ သော့ချက်ပဲ။ နောက်ပိုင်း ကန်ကို ဝင်ရောက်နိုင်တဲ့ အရည်အချင်းရှိတာ သေချာစေဖို့အတွက် ငါ ဒုတိယပြင်ညီမှာ ရှိနေတုန်း အဲ့ဒီကို သွားဖို့ ကြံထားတယ်။ ပရိယာယ်နည်းနည်းပါးပါး သုံးပြီးမှ တတိယပြင်ညီမှာရှိတဲ့ အစစ်အမှန် မိစ္ဆာအင်မိုတယ်ကန်ကို သွားနိုင်မှာ‌... အဲ့ဒီနေရာက ငါ့ခန္ဓာကိုယ်ကို မိစ္ဆာအင်မိုတယ်ခန္ဓာအဖြစ် ပြောင်းလဲနိုင်မယ့် ကံကြမ္မာကောင်းတည်ရှိရာပဲ

"နင် ငါ့ကို ကူညီရင် နင့်ကိုယ်နင် ကူညီတာဆိုလည်း ဟုတ်တယ်။ မိစ္ဆာအင်မိုတယ်ကန်ကို နှစ်ယောက် မျှသုံးလို့ရတယ်။ အဲ့ဒီအထဲမှာ ရေချိုးရင် နင့်မှာ မိစ္ဆာအင်မိုတယ်ခန္ဓာရဖို့ လိုအပ်ချက်တွေနဲ့ မကိုက်ညီရင်တောင်မှ တစ်ခါမှ မကြုံဖူးလောက်အောင် အပြင်အားသန်မာလာတာကို ခံစားရလိမ့်မယ်

"တစ်နည်းပြောရရင် အဲ့ဒီကံကြမ္မာ‌ကောင်းက ငါတို့နှစ်ယောက်လုံး ရယူနိုင်တယ်ဆိုတာပဲ" ‌သူမသည် ယုံကြည်ကြောင်း ပြသပြီးနောက် မန်ဟို့ကို မျှော်လင့်ကြီးစွာဖြင့် ကြည့်လေသည်။

မန်ဟိုက ကျင်ရှန်း ပြောစကားကို မည်မျှ ယုံ၍ရသည်လဲ သုံးသပ်ရင်း တခဏ တိတ်ဆိတ်သွား၏။ အချိန်အတော်ကြာသော် သူ၏မျက်လုံးများ၌ ခိုင်မာပြတ်သားသော စိတ်ဆန္ဒတို့ ပြည့်နှက်လာတော့သည်။

"အခြေအနေတစ်ခုတော့ ရှိတယ်" မန်ဟိုက ပြောသည်။ အကြောင်းတစ်ခုခုကြောင့် ရှက်နေသောဟန်ပန်က သူ၏မျက်နှာကို ဖုံးလွှမ်းနေလေသည်။ သူ့အကြောင်း ကောင်းကောင်းမသိသူများမှာအဖို့ သူ့ပုံစံမှာ အလွန်ချစ်စရာကောင်းနေလိမ့်မည်။ သို့သော် သူ့အကြောင်း ‌ခရေစေ့တွင်းကျသိသူများအတွက်တော့ ထိုကဲ့သို့ အမူအရာမျိုးက အမြင်ကပ်မိသွားစေရန် လုံလောက်လေသည်...

***

All Chapters