← Chapters

သူ သေချာပေါက်....

Vol. 43 Ch. 590

သူ သေချာပေါက်....

Vol. 43 Ch. 590

"ဘယ်လို အခြေအနေမျိုးလဲ" ကျင်ရှန်းက အံ့အားသင့်စွာဖြင့် မေးသည်။ မန်ဟို့မျက်နှာအပေါ်ရှိ ရှက်ကိုးရှက်ကန်းအမူအရာကို မြင်သောအခါ သူမသည် ရုတ်တရက် ကလူမြူဆွယ်သလို ပြုံးလိုက်ပြီး သူမမျက်ဝန်းလေးများမှာ ချစ်စဖွယ်ကောင်းသော အလင်းရောင်လေးဖြင့် တောက်ပသွားတော့သည်။

"‌ဉာဏ်များတဲ့ ‌မြေခွေးလေး" သူမက ရယ်လိုက်သည်။ "ဒီလောက် ငယ်ငယ်လေးရှိသေးတာတောင် မိန်းမလိုက်စားတတ်နေပြီပေါ့လေ" ရုတ်တရက် သူမ မျက်နှာထားက ပြန်တည်သွား၏။ "ဒါပေမယ့် ငါ နင့်ကို သတိပေးမယ်နော်။ ငါက ရွှတ်ရွှတ်‌နောက်နောက် ပြောတတ်ပေမယ့်လို့ ကိုယ့်ဂုဏ်သိက္ခာကိုတော့ ဘယ်လိုတန်ဖိုးထားရမလဲ သိတယ်။ ငါ တာအိုအတွက် ရှင်သန်မယ်လို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးတာလည်း ကြာခဲ့ပြီ။ အချစ်ရေးကိစ္စဘာညာ စကားထဲ ထည့်ပြောတာတောင် မဟုတ်ဘူး

"ဒါ့ကြောင့် နင့် ဦးနှောက်သေးသေးလေးထဲက ညစ်ပတ်တဲ့အတွေးတွေ ထုတ်ပစ်လိုက်စမ်း ကလေး။ ငါ လက်ခံမှာ မဟုတ်ဘူး"

မန်ဟို့ခမျာ ကျင်ရှန်းကို ပါးစပ်အဟောင်းသားနှင့် ကြောင်တောင်တောင်လေး ကြည့်နေ၏။

"ဘာတွေ ပြောနေတာတုန်း"

"ဝေ့လည်ကြောင်ပတ်လုပ်ဖို့ မစဉ်းစားနဲ့ နင့်အကြည့်တွေကို ငါ မမြင်ဘူးများ ထင်သလား။ ဟွန့် ငါ့ဘဝမှာ ဒီလိုအခြေအနေမျိုးတွေနဲ့ အများကြီး ကြုံတွေ့ဖူးပါတယ်နော်" သူမသည် တခဏ တွန့်ဆုတ်နေပြီးနောက် အံတင်းတင်းကြိတ်ကာ ဆက်ပြောသည်။ "ကောင်းပြီ ကောင်းပြီ။ နင်နဲ့ငါ့ကြားမှာ ရေစက်ပါတယ်ဆိုတော့ နင့်လက်တော့ ကိုင်ပေးမယ်။ ငါ လိုက်လျောနိုင်တာ အဲ့ဒီအထိပဲ" သူမအတွက် ဤသို့ပြုလုပ်ပေးရခြင်းက ကြီးကြီးမားမား ပေးဆပ်ရသည့်ပုံပင်။ သူမသည် မန်ဟို တုံ့ပြန်သည်ကိုပင် မစောင့်ဘဲ သူ့လက်ကို လှမ်းကိုင်လိုက်၏။

ထို့နောက် အလျင်အမြန် ပြန်လွှတ်ပြီး မျက်နှာကလေး နီရဲလျက် နောက်ပြန်ဆုတ်သွားလေသည်။

"ရပြီလား" သူမက မေးသည်။

"ဟမ်" အချိန်အနည်းငယ်ကြာမှသာ မန်ဟို့ခမျာ ဆက်စပ်စဉ်းစားနိုင်သွား၏။ သူက ရုတ်တရက် ခါးသက်သက် ရယ်လိုက်လေသည်။ ၎င်းက သူ စိတ်ဝင်စားသည့်အရာ နည်းနည်းလေးမှ မဟုတ်....

"အသက်ကြီးတဲ့အမျိုးသမီးတွေကို ငါ မခံစားတတ်ဘူး..." သူက ခြောက်ကပ်ကပ် ရယ်ကာ ပြောလေသည်။

ကျင်ရှန်း ဤစကားကို ကြားသောအခါ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ရုတ်တရက် သူမပတ်ဝန်းကျင်မှာ အေးစက်သွားတော့၏။ မန်ဟိုက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီးနောက် ရှေ့သို့ကိုင်းကာ တိုးတိုးလေး ပြောလိုက်သည်။ "ငါပြောချင်တဲ့ အခြေအနေဆိုတာ တတိယပြင်ညီကို ငါ ပထမဆုံးဝင်ချင်တယ်လို့ ပြောတာ"

ကျင်ရှန်းက မျက်မှောင်ကြုတ်သွားပြီး မန်ဟိုကို တစ်ချက်ကြည့်လိုက်သည်။

"နင်ဆိုလိုတာက .... ဪ" ကျင်ရှန်းအတွက် တုံ့ပြန်ရန် တခဏသာ ကြာလိုက်၏။ သူမက သူ့ကို့ လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြလေသည်။

မန်ဟိုက အတန်ငယ် ရှက်နေဟန်ဖြင့် ဆက်ပြောသည်။ "ငါ အခုတလော စိတ်ဝိညာဉ်ကျောက်တုံးတွေ နည်းနေလို့"

ကျင်ရှန်းက ပါးစပ်ကလေးကို အုပ်ကာ ရယ်လိုက်သည်။ ထို‌သို့သော အခြေအနေမျိုးမှာ သူမအတွက် မည်သည့်အခက်အခဲမှ မရှိလေရာ ငြင်းပယ်စရာ အကြောင်းမရှိပေ။ သူမအတွက်တော့ မန်ဟို ကူညီရန် လက်ခံသရွေ့ အလွယ်တကူ လိုက်လျောနိုင်မည်သာ။

သူမက ဆက်ပြောသည်။ "မိစ္ဆာအင်မိုတယ်ကန်က မိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ အရေးပါတဲ့နေရာတစ်နေရာပဲ။ ငါ့ဂိုဏ်းရဲ့ အကူအညီကြောင့် လာမယ့်လအနည်းငယ်အတွင်း နင် ဝင်ခွင့်ရအောင် လုပ်ပေးနိုင်မယ်လို့ ငါ တစ်ရာရာခိုင်နှုန်း ယုံကြည်ချက်ရှိတယ်

"နင်လုပ်ပေးရမယ့် တစ်ခုတည်းသောအရာကတော့ ငါနဲ့ အတူလိုက်ခဲ့ရုံလေးတင်ပဲ။ ငါတို့ ဒီမှာ နေရာနဲ့ ရင်းနှီးအောင် လုပ်ပြီးရင် တတိယပြင်ညီဖွင့်တဲ့အခါ ပြန်သွားလို့ရပြီ

"ဒီလိုဆို ဘယ်လိုလဲ။ ငါ့ကို အချိန်လဝက်ပေး။ ငါတို့ သွားဖို့လိုအပ်တဲ့နေရာ နင် ဝင်လို့ရအောင် ငါ အကောင်းဆုံး ကြိုးစားပေးမယ် ။ ပြီးရင် ...သူမ စကားဆုံးအောင်မပြောနိုင်ခင် မန်ဟိုက ကြားဖြတ်ပြောလိုက်သည်။

"မိစ္ဆာအင်မိုတယ်ဂိုဏ်းရဲ့ ပထမအထပ် ကောင်းကင်ဘုံမှာ" သူက တင်စီးသောလေသံဖြင့် အေးတိအေးစက် ပြောသည်။ "တခြားပါရာဂွန်ခြောက်ဦးရဲ့ ကျင့်ကြံခြင်းဂူကလွဲပြီး ငါ သွားချင်တဲ့နေရာ သွားလို့ရတယ်။ မင်းဆီက ဘာအထောက်အထားမှ မလိုဘူး"

ကျင်ရှန်းက မျက်လုံးလေးအပြူးသားနှင့် မန်ဟိုကို ကြည့်သည်။ တဖြေးဖြေး ‌မနာလိုဖြစ်နေသော အရိပ်အယောင်လေး ပေါ်လာ၏။ သူမမှာ ဤအခြေအနေနှင့်ပတ်သက်ပြီး မခံမရပ်နိုင်ဘဲ မနေတော့ပေ။ သူ့အရှေ့ရှိ လူတွင် ပါရာဂွန်အဖေတစ်ဦးရှိကြောင်း သူမ မေ့သွားခဲ့မိလေသည်။

ထို့နောက် သူမသည် လက်ရှိရရှိထားသော ဘဝနှင့် သူမ အောင်မြင်ရန် လအနည်းငယ်လေး အချိန်ပေးဖို့အတွက် သူတို့ဂိုဏ်း နှစ်ပေါင်းမည်မျှ ပြင်ဆင်ခဲ့ရပုံ၊ ရင်းမြစ်မည်မျှ ကုန်ကျခဲ့ရပုံတို့ကို တွေးလိုက်မိသည်။

မန်ဟိုနှင့် ယခု သူရရှိထားသော အဆင့်အတန်းနှင့် နှိုင်းယှဉ်သောအခါ ထိုအရာအားလုံးမှာ ဘာဆိုဘာမှ မဟုတ်တော့သည့်အလားပင်။

"ဂိုဏ်းရဲ့ ရှေးမှတ်တမ်းထဲမှာ" သူမက ပြောသည်။ "ဂိုဏ်းထဲက တချို့တချို့သောလူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရှိတယ်။ အဲ့ဒီထဲက တစ်ခုက ခဲကျုံစစ်အကြောင်းပဲ။ နင်က စိတ်ကူးတောင်ယဉ်ကြည့်လို့မရတဲ့ အပြစ်တွေကို ကျူးလွန်ခဲ့တဲ့ လူပေါ်ကြော့တစ်ယောက်။ နင် ဂိုဏ်းထဲ သွားတဲ့နေရာတိုင်း ဆူညံပွက်လောရိုက်ကုန်တယ်။ နင်က ယောက်ျား‌တွေကိုရော မိန်းမတွေကိုရော နှိပ်စက်ခဲ့တယ်။ တွက်ချက်ကြည့်ရသလောက်ဆိုရင် ဂိုဏ်းပျက်သုဉ်းတုန်းက နင့်မှာ ဇနီးလေးရာနဲ့ ကလေးသုံးထောင်ကျော် ရှိခဲ့တယ်တဲ့

"နင်က သေချာပေါက်..." သူမက ဤစကားကို ဆက်မပြောပေ။

"နင့်ဘဝရဲ့ အချိန်အများစုက ဟာသထက်မပိုဘူး" သူမက တည်ငြိမ်စွာ ဆက်ပြောသည်။ "ဘယ်သူမှ အရေးတယူ မှတ်တမ်းတင်နေမှာမဟုတ်တဲ့ အရာပေါ့။ ဒါပေမဲ့ နောက်ဆုံးစစ်ပွဲမှာ နင် သက်တမ်းကိုတောင် လောင်ကျွမ်းစေခဲ့ပြီးတော့ အစွမ်းကုန်တိုက်ခဲ့တယ်။ တိုက်ပွဲမှာ သေရမှာကို မကြောက်တဲ့အပြင် ထိတ်လန့်‌ဖွယ်ကောင်းလောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ နင့်ရဲဇနီးတွေကတော့ တစ်ယောက်မကျန် သေကုန်ပြီး နင် သူတို့ကို ပထမတောင်ထိပ်မှာ မြှုပ်နှံခဲ့တယ်

"နင့်သား‌တွေလည်း အကုန်သေတယ်။ သူတို့ကို နင်ကိုယ်တိုင် ဒုတိယတောင်ထိပ်မှာ မြှုပ်နှံခဲ့တယ်။ စတုတ္ထတောင်ထိပ်ကတော့ နင့်အဖေရဲ့ သင်္ချိုင်းပဲ။ နင့်ကိုယ်နင်လည်း အဲ့ဒီမှာ မြှုပ်နှံဖို့ ဆုံးဖြတ်ထားတာပေါ့

"ဂိုဏ်း ဖျက်စီးခံရတဲ့နေ့မှာ နင်နဲ့ ကျန်ခဲ့တဲ့လူနည်းစုဟာ ဂိုဏ်းနဲ့အတူ သေဆုံးဖို့ ရွေးချယ်ခဲ့တယ်။ နင်က ကျီမျိုးနွယ်တန်ခိုးရှင်တွေ အများကြီး သတ်ခဲ့ပြီး သေမင်းအရိပ် နင့်အပေါ် ရစ်ဝဲနေတဲ့အချိန်မှာ သခင်ကျီကိုယ်တိုင် ရောက်လာခဲ့တယ်။ နင့်ရဲ့ ရဲစွမ်းသတ္တိရှိတဲ့ နှလုံးသားကို တန်ဖိုးထားတာကြောင့် သူက နင့်ကို အသက်ရှင်နိုင်မယ့် အခွင့်အရေးပေးခဲ့တယ် ။ နင် လုပ်ရမှာက အတိတ်တုန်းက နင်အကြိမ်ပေါင်းများစွာ လုပ်ခဲ့တဲ့အတိုင်း ခေါင်းငုံ့လိုက်ရုံလေးပဲ

"ဒါပေမဲ့ နင်က‌ ခေါင်းမငုံဘူး။ အဲ့ဒီအစား ခေါင်းမော့ပြီး ဟားတိုက်ရယ်ရင်း တိုက်ခိုက်ဖို့ ပြေးထွက်သွားခဲ့တယ်။ သေရတော့မယ့် အချိန်နီးလာတဲ့အခါ နင်ဟာ အပေါ်ကနေ ခေါင်းတလားထဲ ဆင်းသက်လာတယ်။ ပြီးတော့ မသေခင် နောက်ဆုံး အခိုက်အတန့်မှာ စကးတစ်ခွန်း ‌ရွတ်သွားခဲ့တယ်

ဤအကြောင်းအရာအားလုံးကို နားထောင်နေစဉ် မန်ဟို၏အမူအရာမှာ ပိုပို၍တွေဝေရှုပ်ထွေးလာ၏။ အဆုံးသတ်တွင် သူသည် သူမပြောနေသော သူ့အဖြစ်အပျက်အကုန်လုံးကို ခံစားနေရပုံရလေသည်။ သူကား ဘာမှမပြော။

ကျင်ရှန်းက ဆက်ပြောသည်။ "အဖေ သားကို ဂုဏ်ယူလား....တဲ့"

ဤစကားကို ကြားသောအခါ မန်ဟို့စိတ်မှာ ပေါက်ကွဲနေသည့်အလား ဖြစ်နေတော့သည်။ သူသည် မျက်လုံးများကို အကြာမှ အကြာကြီး ပိတ်ထားနောက်မှ ပြန်ဖွင့်လိုက်၏။ အကြောင်းတစ်စုံတရာကြောင့် မျက်ရည်များမှာ သူ့ပါးပြင်တစ်လျှောက် ကျဆင်းနေချေပြီ။

ဤမျက်ရည်များကား သူ၏မျက်ရည်မဟုတ်။ ‌တခြားဘဝမှ လာသော မျက်ရည်ပင်။

"မင်း အခု ရပ်လိုက်လို့ရပြီ" သူက ပြောလိုက်သည်။ ထို့နောက် အုံ့မှိုင်းနေသော ခံစားချက်များဖြင့် ချာခနဲလှည့်ကာ လျှောက်ထွက်သွားတော့၏။

ရုတ်တရက် ကျင်ရှန်းမှာ သူ့ကို ဝမ်းနည်းအောင် လုပ်မိသည့်အတွက် နောင်တရသွားလေသည်။ သူမက တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ရုတ်တရက် သူ့အသံ ပျံ့လွင့်လာသည်ကို ကြားလိုက်ရ၏။

"မိစ္ဆာအင်မိုတယ်ကန်ကို သွားဖို့ နောက်သုံးရက်နေရင် ဒီနေရာမှာ ဆုံမယ်"

မန်ဟိုက စတုတ္ထတောင်ထိပ်သို့ ပြန်လာခဲ့သည်။ သူသည် ကျင့်ကြံခြင်းဂူ၏အပြင်တွင် ရပ်ပြီး မှောင်ရီပျိုးနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။ ညနေစောင်းနေပြီး ‌နေမင်းကြီးမှာလည်း တောင်စွယ်တွင် ငုပ်ကွယ်လျှိုးနေလေပြီ။ မန်ဟိုသည် စိတ်ထဲတွင် ဤနေရာသို့ သူ ရောက်လာပြီးနောက် ခဲယွင်ဟိုင်နှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သမျှ ပုံရိပ်အားလုံးကို မြင်လိုက်ရလေသည်။

"သူက ဒီဘဝမှာ ငါ့အဖေပဲ..." မန်ဟိုက ရေရွတ်လိုက်သည်။ ခဲကျုံစစ် မည်သို့ ခံစားရမည်ကိုလည်း သူ တွေးမိလိုက်၏။ ၎င်းမှာ အပြင်လူများ နားမလည်လောက်သော ခံစားချက်ဖြစ်လေသည်။ ဤကမ္ဘာ၊ ဤကောင်းကင်နှင့်မြေကြီးတွင် ရှေးခေတ်မှ မျက်မှောက်ခေတ်တိုင်အောင် ခဲကျုံစစ်တစ်ယောက်သာ နားလည်နိုင်၏။ သို့သော် ယခုတော့ နားလည်နိုင်သူ တစ်ယောက် တိုးလာခဲ့လေပြီ။

သူတို့နှစ်ယောက်သာ ထိုသို့သနားစဖွယ် ခံစားချက်မျိုး ရှိနိုင်သည်။ သူတို့နှစ်ယောက်သာ ထိုသို့တူညီသောအဖြစ်ကို ကြုံတွေ့ပြီး ရှုပ်ထွေးသောခံစားချက်များအား ရင်ဆိုင်နိုင်သည်။

"သားဖြစ်သူက မိဘကို စောင့်ရှောက်ချင် ၊ ဂရုစိုက်ချင်ပေမယ့် မိဘတွေက ထွက်သွားခဲ့ပြီ..." မန်ဟို မျက်လုံးမှိတ်လိုက်၏။ ဝိညာဉ်ခွဲဖြာမန္တန်ကိုသာ သူ နားမလည်ခဲ့လျှင် ခဲကျုံစစ် သေသွားပြီဟု ယုံကြည်မိလိမ့်မည်။ သို့သော် ယခု ၎င်းကို နားလည်ပြီး ကျင်ရှန်း၏ ဇာတ်လမ်းကို ကြားရသောအခါ မန်ဟိုမှာ ရုတ်တရက် ထူးဆန်းသောခံစားချက်တစ်ခု ရလိုက်တော့သည်။

နှစ်တွေကြာပြီးနောက် ခဲကျုံစစ်၏ အသွေးအသားအရိုးများ ပျောက်ကွယ်သွားခဲ့သည်ကို သူ မြင်ယောင်နေမိသည်။ မိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ အလောင်းပြည့်ဂိုဏ်းပျက်ကြီးထက် မပိုတော့ပေ။ နောက်ဆုံးတော့ တစ်ရက်တွင် ခဲယွင်ဟိုင်၏ခန္ဓာကိုယ်မှာ အခေါင်းထဲတွင် ဘာမှမရှိတော့သည့်အရာမှ တဖြေး‌ဖြေး အသစ်ပြန်လည် ဖြစ်ပေါ်လာခဲ့သည်။ သူက မျက်လုံးဖွင့်လိုက်၏။

နောက်ဆုံးတော့ ကောင်းကင်ကြီးနှင့် သူ့ဂိုဏ်းကို ထပ်မြင်လိုက်ရလေပြီ။ သူ့မှာ တစ်ချိန်က အလွန်ရင်းနှီးခဲ့သော ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာတွင် အားလုံးခြားနားနေခဲ့ပြီဖြစ်ကြောင်းကိုသာ မြင်လိုက်ရလေသည်။ သူ တစ်ယောက်တည်းသာ ကျန်တော့၏။ အဖေဖြစ်သူကို လွမ်းလာပြီး လူပေါ်ကြော့အဖြစ် နေထိုင်ခဲ့မိသည်ကို နောင်တရလာသည်။ ထိုနောင်တက မျက်ရည်များဖြစ်လာ၏။

စတုတ္ထတောင်ထိပ်၏ထိပ်တွင် သူ သေချာပေါက် အကြာကြီး ငိုခဲ့မိသည်။

သူ အရာအားလုံးကို ကြည့်ပြီး နာကျင်မှုအပြည့်ဖြင့် ဘဝကို နေထိုင်နေရသည့်အလား သေချာပေါက် ခံစားရခဲ့သည်။

ဖခင်ဖြစ်သူ၏ အုတ်ဂူဘေးတွင် ထိုင်၍ အရက်သောက်နေပြီး အရူးကြီးတစ်ယောက်သဖွယ် ‌ဗလုံးဗထွေး လျှောက်ပြောနေရင်း ခေါင်းကို မြေကြီးနှင့် သေချာပေါက် ဆောင့်ခဲ့လိမ့်မည်။

သူသည် မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ နယ်မြေအကုန်လုံးကို လျှောက်သွားခဲ့၏။ သူ အလောင်းတွေကို မြင်ရသည်။ သူ့ဆွေမျိုးများ ၊ မိတ်ဆွေများ ၊ သူ သဘောကျခဲ့သည့်သူများ ၊ သူ မုန်းတီးခဲ့သောလူများ .. ဤလူအကုန်လုံးသည် ‌‌အလောင်းများ ဖြစ်လာခဲ့ကြပြီး သူတို့၏အတွေးများမှာ‌ လေထဲတွင် အငွေ့မျှင်များအဖြစ်သာ ရှိတော့လေပြီ။

စတုတ္ထတောင်ထိပ်ကို ပြန်လာခဲ့ပြီး အရာအားလုံးကို လှမ်းကြည့်ပြီးနောက်တွင် သူသည်သာ ဤကမ္ဘာကြီး၏ တစ်ယောက်တည်းသော အစောင့်အရှောက်ဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့၏။

အမှန်ဆုံးပြောရလျှင် မိစ္ဆာအင်မိုတယ်ဂိုဏ်း၏အစောင့်အရှောက်ဆိုသည်ထက် သူ၏လှပသော အမှတ်တရများ၊ အထူးသဖြင့် သူ့အဖေ၏ အမှတ်တရများကို စောင့်ရှောက်သူဆိုလျှင် ပိုမှန်ပေမည်။

ဤအခိုက်အတန့်တွင် မန်ဟို နားလည်လိုက်၏။ ခဲကျုံစစ်၏ နှလုံးသား၊ ခဲကျုံစစ် တွေးနေသောအရာကို သူနားလည်လိုက်လေပြီ။

"ခင်ဗျားက ကျုပ်ဘေးမှာ ရှိနေတာပဲ" မန်ဟိုက တွေးလိုက်သည်။ "ဒါမှမဟုတ် ကျုပ်ဝိညာဉ်ထဲမှာ ရှိနေတာ ဖြစ်ကောင်းဖြစ်လောက်တယ်။ ခင်ဗျားက ကျုပ် ခင်ဗျားဘဝနဲ့နေနေတာကို စောင့်ကြည့်နေတယ်။ ခင်ဗျားနဲ့မတူညီတဲ့လမ်းကို ကျုပ် လျှောက်လှမ်းနေတာ စောင့်ကြည့်နေတယ်။ ကျုပ် ခင်ဗျားအဖေကို ကြည့်လိုက်တိုင်း ခင်ဗျားလည်း ကျုပ်မျက်ဝန်းတွေကနေတစ်ဆင့် သူ့ကို ကြည့်နေတာမလား"

မန်ဟိုသည် ညနေခင်းကောင်းကင်ကြီးကို တခဏ မော့ကြည့်ပြီးနောက် မျက်လုံးများ ပိတ်လိုက်ပြန်သည်။

နောက်နှစ်ရက်ကြာသော် ကျင်ရှန်းနှင့် ချိန်းထားသည့်အချိန် ရောက်လာ၏။ မန်ဟိုက စတုတ္ထတောင်ထိပ်မှ ထွက်ခွာလာခဲ့ပြီး သူမနှင့်အတူ သတ္တမတောင်ထိပ်သို့ ခရီးနှင်သွားလေသည်။

ဤသည်မှာ ပထမအထပ် ကောင်းကင်ဘုံ၏ နောက်ဆုံးတောင်ထိပ်ဖြစ်ပြီး အရေးအပါဆုံးတစ်ခုလည်း ဖြစ်ချေသည်။

သတ္တမတောင်ထိပ်၏နောက်တွင် ‌မြူဆိုင်း‌နေသော တားမြစ်ဇုန်အကျယ်ကြီးတစ်ခုရှိ၏။ သတ်မှတ်ထားသော ဝင်ခွင့်အာဏာမရှိသည့် ဂိုဏ်းသားမှန်သမျှ အထဲသို့ ခြေလှမ်းတစ်ဝက်ပင် မချနိုင်ပေ။ တကယ်တမ်း ထိုမြူများအထဲ၌ မည်သည့်အရာ ရှိနေသည်ကို သိသူ မရှိသလောက် နည်းပါးလေသည်။

အထဲဝင်ရောက်ပြီးနောက်တွင် မည်သည့်အရာမှ ပေါ်လာမည်မဟုတ်ပေ။ သွားလိုရာကို ရောက်ဖို့အတွက် မြူများကို ဖြတ်သွားနိုင်ရန် လူတစ်ယောက်သည် အမိန့်ဆွဲပြားကိုသာ အသုံးပြုရ၏။

ကျင်ရှန်းတွင် ထိုသို့အမိန့်ဆွဲပြားတစ်ခု ရှိသော်လည်း မန်ဟို့တွင်တော့ မရှိပေ။

သူတို့နှစ်ယောက် မြူဆိုင်း‌နေသောဇုန်ထဲ ရောက်သောအခါ မိစ္ဆာကြီးများနှင့်တူသည့် ဧရာမကျောက်ရုပ်တုကြီးနှစ်ခုကို မြင်လိုက်လေသည်။ ၎င်းတို့တွင် လက်လေးဖက်၊ ခေါင်းလေးလုံးရှိပြီး မီတာသုံးရာ( ပေ ၉၀၀) တိတိ မြင့်မား၏။ ၎င်းတို့က အရပ်လေးမျက်နှာကို စိန်းစိန်းဝါးဝါး ကြည့်နေလေသည်။

ရုပ်တုကြီး တစ်ရုပ်စီ၏ လက်ထဲတွင် အလွန်ကြီးမားသော‌ ကျောက်ဓားကြီးတစ်လက်စီ ကိုင်ထားလေသည်။ ၎င်းတို့က ဓားနှစ်လက်ကို ကြက်ခြေခတ်ထားလျက် မြေကြီးသို့ စိုက်ထားကာ ဓားတံခါးတစ်ချပ်ကို ဖန်တီးထား၏။

ဧရာမတံခါးကြီးမှာ ဖြတ်သွားလိုသည့် မည်သူ့ကိုမဆို ဟန့်တား‌နှောင့်ယှက်မည့်ပုံမပေါ်ပေ။ သို့သော် သင့်တင့်သော ဝင်ခွင့်မရှိဘဲ ထိုသို့လုပ်လျှင်တော့ မုချ အသတ်ခံရမည်ဖြစ်၏။

ကျင်ရှန်း၏ မျက်နှာလေးမှာ လေးစားကြည်ညိုမှု ၊ အံ့ဩမှင်သက်မှုတို့ဖြင့် ပြည့်နေသည်။ သူမသည် ရုပ်တုကြီး၏ အရှေ့တွင် ဒူးထောက်ပြီး လက်နှစ်ဖက်ဖြင့် ခရမ်းနက်ရောင် ကျောက်စိမ်းပြားကို ‌ဆက်သလိုက်လေသည်။ ထိုအမိန့်ပြားသည် နွေးထွေးသောအလင်းရောင်ကို ထုတ်လွှတ်လျက် ယာဘက်ရုပ်တုကြီးဆီသို့ ပျံသန်းသွား၏ ။ ၎င်း ရုပ်တုကြီး၏ လက်တစ်ဖက်အပေါ် ကျရောက်သွားစဉ် ရုပ်တုကြီး၏မျက်လုံးများက လင်းခနဲ လက်သွားပြီး ပွင့်လာလေသည်။ ၎င်းက‌ မြေကြီးမှ ဓားကြီးကို ဆွဲထုတ်ရာ လမ်းတစ်လမ်းအား ဖော်ပြလိုက်သည်။

အားကောင်းပြီး ဩဇာကြီးမားသောအသံကြီး လေတွင် ပြည့်နှက်သွား၏။ "အဆင့်(၃) ဝင်ခွင့်။ ဘယ်ကို သွားချင်သလဲ"

"မိစ္ဆာအင်မိုတယ်ကန်" ကျင်ရှန်းက ချက်ချင်း ပြန်ဖြေသည်။

"စည်းမျဉ်းသတ်မှတ်ချက်‌တွေအရ" အံ့ဩတုန်လှုပ်ဖွယ်အသံကြီးက ပြောသည်။ "သင့်အနေနဲ့ ဒီနေရာရဲ့ လမ်း သုံးဆယ်ရာခိုင်နှုန်းကို သွားနိုင်ပြီး ၃၈ နာရီထက် နေခွင့်မရှိဘူး။

ကျင်ရှန်းမှာ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ရန် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ ဤအမိန့်ပြားကို ဒုတိယပြင်ညီရှိ ဤနေရာသို့ သူမနှင့်အတူ ယူသွားနိုင်ဖို့အတွက် ဂိုဏ်းမှာ အတော်လေး အပင်ပန်းခံခဲ့ရပြီး အထူးပညာရပ်အပြင် တန်ဖိုးကြီးကြီးမားမားလည်း ပေးဆပ်ခဲ့ရလေသည်။

၎င်းသည် အဆင့် (၃) အမိန့်ပြားတစ်ပြား ဖြစ်နေ၏။

သူမ ထရပ်လိုက်စဉ် အမိန့်ပြားက သူမဆီ ပြန်လည်ပျံသန်းလာ၏။ သူမက ဂရုတစိုက် လက်ခံလိုက်လေသည်။ ၎င်းသည် အဆင့် (၃) ဝင်ခွင့်ကို ကိုယ်စားပြုရာ အတိုင်းထက်အလွန် တန်ဖိုးရှိသည်မဟုတ်ပါလော။ ၎င်းကို သိမ်းပြီးနောက် သူမသည် ရုပ်တုကြီးနှစ်ရုပ်ကို လေးလေးနက်နက် ခါးကိုင်း အရိုအသေပေးလိုက်၏။ ထိုနောက် ဓားနှစ်လက်အကြားရှိ လမ်းအပေါ် ခြေချလိုက်သည်။ သူမက မန်ဟို့ကို ခနဲ့သလို လှမ်းကြည့်လေသည်။ သူမစဉ်းစားကြည့်ရသရွေ့ ဤကာလ၌ ခဲကျုံစစ်အနေဖြင့် အဆင့်(၄) ဝင်ခွင့်ကိုသာ ရနိုင်လိမ့်မည်။

မန်ဟိုက ရုပ်တုကြီးများကို အကြာကြီး တိတ်ဆိတ်စွာ မော့ကြည့်နေပြီးနောက် ရှေ့လျှောက်လာသည်။ သူ ဓားတံခါးအနား နီးကပ်လာစဉ် ယာဘက်ရှိ ရုပ်တုကြီး၏ဓားမှာ ရုတ်တရက် တဂျုန်းဂျုန်း မြည်လာ၏။

ရုပ်တုကြီး၏မျက်လုံးများမှ မျက်စိကျိန်းမတတ် စူးရှတောက်ပသော အလင်းရောင်ဖြာထွက်လာပြီး ထိုအကြည့်တွင် အသိဉာဏ်ရှိနေသယောင်ပင်။

၎င်းက တစ်ချက်ကလေးကြည့်ရုံနှင့် သူ၏အတွင်းအပြင်ကို စစ်ဆေးနိုင်သွားပုံရသည်။ ၎င်းသည် ကျောက်ဓားကြီးကို မြှောက်၍ လမ်းတစ်လမ်း ‌‌ဖော်ပြလိုက်၏။

"ပါရာဂွန်အဆင့်ဝင်ခွင့် ။ သင် သွားလိုသွားနိုင်ပြီး ရက်အကန့်အသတ်မရှိ နေနိုင်တယ်"

ကျင်ရှန်း၏ မျက်လုံးလေးများ ဝိုင်းစက်သွားပြီး သူမဦးနှောက်ထဲတွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွားသည်။ သူမမှာ စိတ်ဆိုးမာန်ဆိုးနှင့် မန်ဟို့ကို စိုက်ကြည့်လိုက်လေသည်။

***

All Chapters