မိစ္ဆာအင်မိုတယ်ကန်
Vol. 43 Ch. 591
"နင့်မှာ ဘယ်လိုလုပ် ပါရာဂွန်ဝင်ခွင့်ရှိနေတာလဲ" ကျင်ရှန်းက ဓားနှစ်လက်တံခါးချပ်မှ ဖြတ်၍ သူမဆီ လမ်းလျှောက်တက်လာသော မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ရင်း မေးလိုက်သည်။
သို့သော် သူမမှာ မေးပြီးလျှင်ချင်း အတော်လေး နုံအသည်ဟု ခံစားလိုက်ရ၏။ ယခုကဲ့သို့ အဓိပ္ပာယ်မရှိသော မေးခွန်းတစ်ခုကို သူမ အဘယ်သို့ မေးမိလေသနည်း....
သူ့တွင် ပါရာဂွန်ဝင်ခွင့်ရှိနေခြင်းက သူမကို မအံ့ဩစေတော့ဘဲ အရှက်ကွဲသလို ခံစားသွားရစေတော့သည်။ သူမတစ်ယောက်တည်း အရှက်ကွဲခြင်းမဟုတ်၊ တစ်ဂိုဏ်းလုံးအရှက်ကွဲခြင်းသာ။
သူမဂိုဏ်းမှာ အစွမ်းကုန် အားထုတ်၍ အရင်းအမြစ်အမြောက်အမြား အသုံးပြုခဲ့ပြီး သူမအတွက် အဆင့်(၃)ဝင်ခွင့်အမိန့်ပြားကို ရယူပေးခဲ့သည်။ သို့သော် မျက်စိတစ်မှိတ်အတွင်း သူမထက် အဆများစွာ ကျော်လွန်သော ဝင်ခွင့်အား ပိုင်ဆိုင်ထားသည့်သူတစ်ယောက် သူမအရှေ့တွင် ပေါ်လာခဲ့လေပြီ။
ထိုသို့သော အခြေအနေအား ရင်ဆိုင်ရသည့် မည်သူမဆို သေချာပေါက် အားကျမနာလိုမှုတို့ဖြင့် ရူးသွားလိမ့်မည်။ မည်သူက မချင့်မရဲမဖြစ်မိဘဲ၊ မတရားသည်ဟု မခံစားရဘဲ နေမည်နည်း။ ယခုတွင် ကျင်ရှန်းမှာ မကြာသေးမီက မိစ္ဆာအင်မိုတယ်စေတီ၏အပြင်ရှိ လူတိုင်းနည်းတူ ခံစားနေရလေပြီ။
"အဖေ့ဆီက သွားတောင်းလိုက်တာ" မန်ဟိုက သိပ်အရေးမကြီးသည့်အတိုင်း ပြန်ဖြေသည်။
သူ ယခုလို ပြုမူလေလေ ၊ ကျင်ရှန်းမှာ အောင့်သက်သက်ဖြစ်လေလေပင်။ သူမသည် အံတင်းတင်းကြိတ်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
"ငါ့ဘဝမှာ တွေ့ဖူးသမျှ လူတွေအထဲ စိတ်ပျက်စရာအကောင်းဆုံးက နင့်လို လူပေါ်ကြော့တွေပဲ" သူမက အထင်သေးရွံရှာစွာဖြင့် ပြောသည်။ "နင်က ခဲကျုံစစ် ဖြစ်နေတော့ရော ဘာဖြစ်လဲ။ နင့် အဖေက ပါရာဂွန်ဖြစ်နေတော့ရော ဘာအရေးလဲ..." ပြစ်တင်ဝေဖန်ရင်း ဤနေရာသို့ ရောက်သောအခါ ကျင်ရှန်းပင်လျှင် သူမ၏ ခါးသီးနေသောလေသံကို ခံစားနေရလေသည်။
မန်ဟိုက ခပ်တိုးတိုး ရယ်လိုက်သော်လည်း ဘာမှမပြောပေ။ သူသည် မည်သည့်အရာကိုမှ ဂရုမစိုက်သည့်အလား မြူများအကြားထဲ လျှောက်ဝင်သွားစဉ် ကျင်ရှန်းမှာ စိတ်ဆိုးမာန်ဆိုးနှင့် ကြည့်နေလေသည်။ နောက်ဆုံးတွင် သူမမှာ ဒေါသကို ချုပ်တည်းပြီး သူ့နောက်လိုက်သွားရုံမှတစ်ပါး အခြားမရှိတော့ပေ။
သို့သော် တစ်လှမ်းနှစ်လှမ်းသာ လျှောက်ရသေးသည် ၊ မန်ဟိုက တုံ့ခနဲ ရပ်ပြီး ကျင်ရှန်းကို ကြည့်သည်။
"မင်း အရှေ့က သွား" သူက ပြောသည်။ "ငါက ဘယ်နေရာမဆို သွားလို့ရပေမယ့် မင်းကတော့ မိစ္ဆာအင်မိုတယ်ကန်ကိုပဲ သွားခွင့်ရှိတာမလား။ ငါ အနောက်က လိုက်မယ်"
ကျင်ရှန်းမှာ သူမ၏ ခံပြင်းဒေါသတို့ကို ယခုလေးတင် ထိန်းချုပ်နိုင်လိုက်သော်လည်း ထပ်မံပေါက်ကွဲရပြန်တော့သည်။ သူမသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း၍ လက်တွေ့ကို လက်ခံရင်း သူမကိုယ်သူမ ဖြေသိမ့်လိုက်ရ၏။ သူမက ခေါင်းကို ဆောင့်ဆောင့်အောင့်အောင့် ညိတ်ပြီး ရှေ့မှ လျှောက်သွားလေသည်။
မန်ဟိုသည် ကျင်ရှန်း၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးလေး မြူများကြားမှ ဖြတ်လျှောက်သွားသည်ကို ကြည့်ရင်း နောက်မှ လိုက်လာ၏။ သူ၏မျက်စိရှေ့ရှိ မြင်ကွင်းမှာ အတော်လေး ထူးဆန်းပြီး လှပနေသယောင် ရှိလေသည်။
သူတို့နှစ်ယောက် ခပ်သုတ်သုတ် လျှောက်လာကြစဉ် မြူများသည် သူတို့နှစ်ယောက်ထံမှ ဖယ်ခွာ၍ မြေလိမ်မြွေကောက်လမ်းတစ်လမ်းကို ဖော်ပြလိုက်၏။ ကျင်ရှန်းက ရှေ့မှ ဦးဆောင်သွားပြီး မန်ဟိုက နောက်မှလိုက်လာသည်။ ဤသို့ဖြင့် အမွှေးတိုင်တစ်တိုင်ထွန်းစာမျှ ကြာသွား၏။ နောက်ဆုံးတွင် မြူများက နောက်တစ်ဖန် ဖယ်ခွာလာကာ မီတာသုံးထောင်မျှကျယ်သော နေရာတစ်ခုအား ဖော်ပြလိုက်လေသည်။
မြင်သာလာသည်ကား တောင်တစ်လုံး။ သို့ရာတွင် သိပ်မမြင့်။
ရေတံခွန်လေးတစ်ခုသည် တောင်၏ဘေးဘက်ခြမ်းမှ ကန်တစ်ကန်ထဲ စီးကျနေရာ ရေများအား တအိအိ လှုပ်ရှားနေစေတော့သည်။ ပထမဆုံး ဤမြင်ကွင်းကို မြင်မြင်ချင်း မည်သည့်အသံကိုမှ မကြားရပေ။ သို့သော် အချိန်အနည်းငယ်ကြာသော် တဝေါဝေါ ရေစီးသံလေးအား မန်ဟို ကြားလိုက်ရသည်။
ရေများက ကန်ထဲသို့ တသွင်သွင် စီးကျနေပြီး ငှက်တေးသီသံလေးများလည်း ပျံ့လွင့်လာသည်။ ပန်းပွင့်တို့၏ သင်းပျံ့သော ရနံ့ချိုချိုလေးများမှာလည်း လေတွင် အပြည့်နေရာယူထား၏။ အရာအားလုံးမှာ အမြင်၊ အကြား၊ ရနံ့ဟူသော အာရုံသုံးပါးအပေါ် လွှမ်းမိုးနေတော့သည်။ လေထဲတွင် အင်မိုတယ်စိတ်ဝိညာဉ်များ၏ မွှေးကြိုင်ချိုအီသော အနံ့အသက်တစ်ခုပင် ရှိနေသယောင်ပင်။ မန်ဟိုက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ရာ သူ့ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးအလုံးစုံ တပွက်ပွက် ဆူလာလေသည်။
"ဒီတော့ ဒါက မိစ္ဆာအင်မိုတယ်ကန်လား" သူက မေးလိုက်သည်။ သူသည် ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ့အကြည့်က ရေပြင်အပေါ် ကျရောက်သွား၏။ ရေများမှာ အလွန်ကြည်လင်နေသဖြင့် အောက်ခြေအထိပင် ထိုးဖောက်မြင်နေရလေသည်။ ထူးဆန်းသော ခပ်ပါးပါးမြူငွေ့များက ကန်ရေပြင်ထက်တွင် ရစ်သိုင်းနေရာ မြင်ကွင်းတစ်ခုလုံးကို ရောင်စုံခြယ်ပုံရိပ်ယောင်တစ်ခုပမာ ဖြစ်နေစေတော့သည်။
ရှေးဆန်သော အလှဆင်ကျောက်တုံးအစီအရင်များသည် ဟိုဟိုသည်သည် ပြန့်ကြဲနေပြီး ကျောက်တုံးအတော်များများတွင် မိစ္ဆာစိတ်ဝိညာဉ်များဖြင့် သက်ဝင်နေပုံရသော မိစ္ဆာသတ္တဝါပုံစံများ ရေးထွင်းထား၏။ မြင်ကွင်းတစ်ခုလုံးမှာ နတ်ဘုံနတ်နန်းအလားပင်။
"မိစ္ဆာအင်မိုတယ်ကန်မဟုတ်လို့ ဘာဖြစ်ရမှာလဲ" ကျင်ရှန်းက ဆူပုပ်ပုပ်နှင့် ပြောသည်။ "နင့်ရဲ့ အိမ်နောက်ဖေးက ငါးမျှားကန်လား" သူမ ခံစားနေရသော အားကျမနာလိုမှုမှာ တစ်ဝက်မျှသာ ပြေပျောက်သေးသည်။
သူမသည် မန်ဟိုကို လျစ်လျူရှုကာ အလွန်တရာ စိတ်လှုပ်ရှားနေသော ပုံစံလေးနှင့် ရှေ့ဆက်လျှောက်သွားလေသည်။ ထို့နောက် ညာလက်လေးကို မြှောက်ကာ ရိုသလေးစားနေသော မျက်နှာထားလေးဖြင့် အလှဆင်ကျောက်တုံးတချို့ကို ပွတ်တိုက်လိုက်သည်။
"ရိုးရှင်းနေသလိုကြီးလေ မဟုတ်ဘူးလား" မန်ဟိုက မေးသည်။
"ရိုးရှင်းတယ်" ကျင်ရှန်းက ချာခနဲ လှည့်၍ သူ့ကို ဒေါသတကြီး မျက်စောင်းထိုးရင်း အော်လေသည်။ သူမကြည့်ရသည်မှာ ရန်စခံနေရသည့်အလားပင်။ "နင့်အတွက် ရိုးရှင်းကောင်း ရိုးရှင်းလိမ့်မယ်။ ဒါပေမဲ့ ငါတို့ဂိုဏ်းက ငါ့ကို ဒီနေရာကို ပို့ပေးဖို့အတွက် နှစ်ပေါင်းဘယ်လောက်လဲ မရေမတွက်နိုင်အောင် ပြင်ဆင်ခဲ့ရပြီး ရင်းမြစ်တွေ တစ်ပုံကြီး သုံးစွဲခဲ့ရတာ ဟဲ့။ ဒါက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရတဲ့ ရလဒ်။ တစ်ဂိုဏ်းလုံးရဲ့ မျှော်လင့်ချက် ၊ တစ်ဂိုဏ်းလုံးရဲ့ အိပ်မက်တွေအကုန်လုံး ဒီနေရာအပေါ်မှာ မူတည်တယ်
"ငါ့ဂိုဏ်းက ဒီ 'ရိုးရှင်းတယ်' ဆိုတဲ့နေရာအတွက် နည်းနည်းနောနော ပေးဆပ်ခဲ့ရတာတင် မဟုတ်ဘူး လူတွေတောင် သေခဲ့ရတာ
"နင် ဒီနေရာကို ရိုးရှင်းတယ်လို့ ဆိုနိုင်တယ်။ အေး အဲ့ဒါကလည်း နင် အခုရရှိထားတဲ့ ဘဝကြောင့်မလို့။ နင်ကလွဲရင် ကျန်တဲ့သူတွေအကုန် မြူတွေရဲ့ ဖျက်စီးတာ ခံရမှာ။ အင်မိုတယ်တွေတောင်မှပဲ။ ဒီနေရာက တားမြစ်မန္တန်ဝင်္ကပါတွေက တာအိုနယ်ပယ်အဆင့်လူတွေကိုတောင် မျက်မှောင်ကြုတ်သွားစေနိုင်တယ်
"အတိတ်တုန်းက အပြင်မှာရှိတဲ့ ဓားကိုင်ရုပ်တုကြီးနှစ်ရုပ်ကြောင့် လှည့်ပြန်သွားရတဲ့ တာအိုနယ်ပယ်အဆင့် ပါရာဂွန်တွေ ဆယ်ဦးထက်မနည်းဘူး
မန်ဟိုက အေးစက်သော မျက်လုံးများဖြင့် ကျင်ရှန်းကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။
"စကားအပြောဆင်ခြင်" သူက ပြောသည်။ "မင်းပဲ ငါ့ကို ဒီကို လာခေါ်ခဲ့တာမလား"
ကျင်ရှန်းက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ တခဏကြာ တိတ်ဆိတ်နေပြီးနောက် သူမသည် မန်ဟိုကို ဦးညွတ်အရိုအသေပေးလိုက်၏။
"ငါ ရိုင်းပျမိသွားပါတယ်" သူမက ပြောသည်။ "ဗွှေမယူပါနဲ့"
ထို့သို့ပြောပြီး သူမသည် ထပ်မံ ဦးညွှတ်လိုက်ပြီး တစ်ဖက်လှည့်ကာ ရှေးဟောင်းကျောက်တုံးတစ်တုံးကို ရွယ်၍ လက်ကို မြှောက်လိုက်သည်။ သူမ ၎င်းအတွင်းသို့ သူမ၏စိတ်အား ပို့လွှတ်လိုက်သည်ကို မန်ဟို စောင့်ကြည့်လေ့လာလိုက်သည်။ ထို့နောက် သူက ကန်စပ်သို့ ချဉ်းကပ်လာပြီး ဆောင့်ကြောင့်ထိုင်ကာ ရေများကို ကြည့်ရင်း ထူးဆန်းသောအလင်းရောင်တစ်ခု သူ၏မျက်ဝန်းများ၌ တောက်ပလာတော့သည်။
"ဒီတော့ ဒီရေက ခန္ဓာကိုယ်ကို ပြောင်းလဲစေနိုင်တယ်ပေါ့လေ" သူက တွေးလိုက်သည်။ "လူတစ်ယောက်ဟာ အရည်အချင်း ပြည့်မှီရင် ခန္ဓာကိုယ်ကို မိစ္ဆာအင်မိုတယ်ခန္ဓာအသွင် ပြောင်းလဲနိုင်တယ်။ ကြည့်ရသရွေ့ ဒီလိုအရည်အချင်းမျိုးက ဒီနေရာကို ဝင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေနဲ့ မတူဘဲ ထူးခြားတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ရမှာနဲ့တူတယ်" သူက တွေးနေရင်း ညာလက်ကို ရေထဲ နစ်လိုက်သည်။
သူ ၎င်းကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် တစ်ကိုယ်လုံး တုန်ရီသွားလေသည်။ အေးစက်သော ရေစီးကြောင်းတစ်ခုက သူ၏လက်ချောင်းများမှတစ်ဆင့် သူ၏ကျန်ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းသွားသယောင် ခံစားလိုက်ရသည်။
ကျင်ရှန်းက မျက်လုံးပြန်ဖွင့်လိုက်သည်။ "ငါတို့နှစ်ယောက်လုံး ဒီရှေးခေတ်ကို ဝိညာဉ်အဖြစ်နဲ့ပဲ ရောက်ရှိလာခဲ့တာ" သူမက စိတ်နှင့်ကိုယ် ပြန်ကပ်သွားသည့်အလား အေးတိအေးစက် ပြောသည်။ "ဒီနေရာမှာရှိတဲ့ဟာတွေအကုန်လုံးက အစစ်အမှန်လို့ ထင်ရပေမယ့် တကယ်တမ်း အတုအယောင်တွေပဲ။ အဲ့ဒါကြောင် ရေကို စစ်ဆေးနေလည်း အလကားပဲ။ နင် ဘာကိုမှ စုပ်ယူလို့မှ မရတာပဲလေ
"ကဲ အခု ငါ့အမှတ်အသားကို ချန်ထားပြီးပြီ။ ပတ်ဝန်းကျင်နဲ့ ငါ့ကိုယ်ငါ ရင်းနှီးအောင် လုပ်ရမယ် ။ ဒါမှ တတိယပြင်ညီကို ရောက်ပြီးတဲ့နောက်ကျ ဒီနေရာကို ပြန်လာလို့ရမှာ။ နင်လည်း ဒီမှာ အမှတ်အသား ထားခဲ့ဖို့ လိုတယ်။ အဲ့ဒီလိုနည်းနဲ့မှ နင့်အရှိန်အဝါ ဒီမှာ ရှိနေပြီး နင်ပြန်လာလို့ရလိမ့်မယ်" ထို့နောက် ကျန်ရှန်းသည် ပတ်ဝန်းကျင်ကို လေ့လာလိုက်၊ စူးစမ်းစစ်ဆေးလိုက်နှင့် လျှောက်ပတ်ကြည့်နေ၏။ သူမကြည့်ရသည်မှာ ဤနေရာနှင့်ပတ်သက်သမျှ အရာအားလုံးကို မမေ့အောင် မှတ်သားချင်နေဟန်တူသည်။
မန်ဟိုက သူမကို လျစ်လျူရှုလိုက်၏။ သူသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် ရေကန်ထဲသို့ ရုတ်တရက် လျှောက်ဝင်သွားတော့သည်။
မကြာမီ သူသည် ရင်ဘတ်လောက် အနက်သို့ ရောက်သွားပြီး မျက်လုံးများပိတ်လိုက်၏။ သူ၏ပတ်ပတ်လည်ရှိ ရေထဲမှ အအေးဓာတ်တို့ သူ့ဆီ တဟုန်ထိုး စီးဆင်းပြီး သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်ကို ခံစားလိုက်ရလေသည်။
သူသည် မျက်မှောင်ကြုတ်လျက် ရေငွေ့ တထောင်းထောင်းနှင့် ကန်ထဲမှ ထွက်လာသည်။
"တကယ်ပဲ အလကားပဲ" သူက အေးတိအေးစက် ပြောသည်။ "ဒီကန်က အပြင်အားကိုယ်အတွက် အထူးသဖြင့် လုပ်ထားတာဖြစ်မယ်။ ဝိညာဉ်တွေအတွက်တော့ အသုံးမဝင်ဘူး" သူသည် ကျင်ရှန်း လုပ်သွားသည့်အတိုင်း အနီးနားရှိ ကျောက်တုံးတစ်တုံးပေါ်တွင် အမှတ်အသားချန်ကာ ပြန်ရန် လှည့်လိုက်သည်။
ကျင်ရှန်းမှာ သူ့အပြုအမူနှင့်ပတ်သက်၍ သံသယဝင်ပုံမရပေ။ အမှန်အားဖြင့် သူသာ ကန်ကို စမ်းသပ်မကြည့်ခဲ့လျှင် သူမအတွက် ထူးဆန်းကောင်း ထူးဆန်းနေဦးမည်။ ရေကို ကိုယ်တိုင် စစ်ဆေးခြင်းမှာ ပုံမှန်ပင်။
သူတို့နှစ်ယောက်သည် စကားတစ်ခွန်းမဆိုဘဲ ပြန်ထွက်လာကြပြီးနောက် ကိုယ့်လမ်းကိုယ် ဆက်သွားကြတော့သည်။ စောစောက မန်ဟိုမှာ သူ သည်အတိုင်း ပြောလိုက်သည့် စကားလုံးများက ကျင်ရှန်းကို ထိုမျှဝမ်းနည်းသွားစေလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
မြူကမ္ဘာမှ ထွက်ခွာလာပြီးနောက် မန်ဟိုသည် စတုတ္ထတောင်ထိပ်သို့ ပြန်လာကာ ရက်အနည်းငယ် တရားထိုင်နေခဲ့၏။ ထို့နောက် တစ်ညနေခင်းတွင် သူသည် အလျင်အမြန် ပြန်သွားပြီး ထူးဆန်းသောမျက်လုံးများဖြင့် မြူထဲ ဝင်ရောက်သွားလေသည်။ ယခင်က ခြေလှမ်းများအတိုင်း ခပ်သုပ်သုပ် လျှောက်သွားလေ၏။
သူ့အတွက် မိစ္ဆာအင်မိုတယ်ကန်သို့ ရောက်ရန် သိပ်မကြာလိုက်ပေ။
"ကျင်ရှန်း ငါ မသိအောင် ဖုံးကွယ်ထားတဲ့ မိစ္ဆာအင်မိုတယ်ကန်အကြောင်း သေချာပေါက် ရှိလိမ့်မယ်။ ဒီလို အရေးပါတဲ့ ကန်တစ်ကန်က ဒီလောက် ရိုးရိုးရှင်းရှင်းနဲ့ ဝင်ရောက်နိုင်မယ်ဆိုတာ ငါ မယုံဘူး
"ရေနဲ့ ပတ်သက်ရင် လျှို့ဝှက်ဆန်းကြယ်တာ တစ်ခုခု ရှိကို ရှိရမယ်
"ဘယ်လိုပဲ ဖြစ်ဖြစ် ရေကန်က အပြင်အားကိုယ်ကို ကျင့်ကြံပေးနိုင်တယ်။ ပြီးတော့ မြေအောက်ကမ္ဘာဂူထက်လည်း အများကြီးပိုပြီး နူးညံ့တဲ့နည်းလမ်းနဲ့ ။ ဒါက ငါ့အပြင်အားကိုယ်ကို သန်မာစေဖို့အတွက် လိုအပ်နေတာနဲ့ ကွက်တိပဲ" ထို့နောက် သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး ရေကန်ထဲသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားတော့သည်။ သူက ကန်ရေပြင်ထက်တွင် ခေါင်းကိုသာ ဖော်၍ မျက်လုံးပိတ်ကာ သူ့ပတ်ပတ်လည်ရှိ အေးစိမ့်နေသော ရေစီးကြောင်းကို ခံစားနေလိုက်သည်။
ရေခဲတုံးများက သူ၏ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်နေသည့်အလားပင်။ မျက်စိတစ်မှိတ်အတွင်း သူ့မှာ တုန်ရီလာတော့သည်။ သူ၏ချီနှင့် သွေးတို့လည်း တလိပ်လိပ် ထကြွလာ၏။ တဖြေးဖြေးနှင့် သူသည် အအေးဓာတ်ကို စုပ်ယူစပြုနေပြီဖြစ်၏။
သူ၏အပြင်အားကိုယ်မှာ သန်မာနေပြီးဖြစ်သည်။ သူသည် မြေအောက်ကမ္ဘာဂူ၏ နှိပ်စက်မှုကို ကြုံတွေ့ခဲ့ဖူးပြီး တောင်ဝါးမြိုမန္တန်ကိုလည်း တတ်မြောက်ခဲ့ပြီးလေပြီ။ သို့သော် အချိန်တချို့ကြာသည့်တိုင် တစ်နေရာတွင် သူ့မှာ ရှေ့မဆက်နိုင် ဖြစ်နေခဲ့သည်။ မည်မျှ ကြိုးစားကြိုးစား ၊ ပထမဝိညာဉ်ခန္ဓာအဆင့်တွင် သူ၏အပြင်အားကိုယ် ထုတ်နိုင်သမျှ အမြင့်ဆုံးစွမ်းအားမှာ တတိယဝိညာဉ်ခန္ဓာ၏စွမ်းအားသာ ဖြစ်ခဲ့လေသည်။
"ဒီနေရာက ငါ့ကို ပိုပြီး သန်မာလာအောင် လုပ်နိုင်လိမ့်မယ်ထင်တယ်" သူက တွေးသည်။ သူ၏ချီနှင့်သွေးတို့ လှုပ်ရှုးထကြွနေစဉ် မြူများသည် ကန်ရေပြင်ထက်သို့ မြင့်တက်လာ၏။ ထိုမြူများက အငွေ့စီးကြောင်းများသဖွယ် သူ၏ပါးစပ်နှင့် နှာခေါင်းအတွင်းသို့ စီးဝင်လာသဖြင့် သူ့မှာ အခိုးအငွေ့များ ရှူသွင်းရှူထုတ်နေသယောင် ဖြစ်နေတော့သည်။
သူ၏ အပြင်အားကိုယ်မှာ တစတစ သန်မာလာ၏။ အသွေးအသားထဲ တိုးဝင်ရောက်လာသည့် အအေးမျှင်တိုင်းက သူ၏ခန္ဓာကိုယ်ကို အတွင်းနှင့်အပြင်မှ ကျင့်ကြံပေးနေသည့် စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်ပေးလျက်ရှိသည်။
ဤနည်းက မြေအောက်ကမ္ဘာဂူ၏ မရဏသဲများနှင့် လုံးလုံးလျားလျား မတူညီပေ။
အချိန်များ ကုန်လွန်သွားသည်။ မန်ဟိုမှာ အချိန်မည်မျှ ကုန်ဆုံးသွားပြီလဲ မသိတော့ပေ။ ရုတ်တရက် သူသည် တစ်ဆို့နေခဲ့သော နေရာမှာ ဖောက်ထွက်နိုင်လိုက်သဖြင့် ထစ်ချုန်းသံတစ်သံ သူ၏ခန္ဓာကိုယ်တွင် ပြည့်နှက်သွားတော့၏။ နောက်ဆုံးတော့ သူသည် ပထမဝိညာဉ်ခန္ဓာ၌သာ ရှိနေစဉ် စတုတ္ထဝိညာဉ်ခန္ဓာနှင့် ညီမျှသော အပြင်အားကိုယ်ခွန်အားကို ရရှိသွားလေပြီ။
သွေးကြောများက စွမ်းအားအပြည့်ဖြင့် သူ၏ခန္ဓာကိုယ်ထဲတွင် တုန်ခါနေသည်။ သူသည် ခန္ဓာကိုယ်ထဲရှိ ကြောက်မက်ဖွယ်စွမ်းအားနှင့်ဆိုလျှင် လက်သီးတစ်ချက်တည်းဖြင့် သတ္တုကိုသော်လည်းကောင်း၊ ကျောက်တုံးကိုသော်လည်းကောင်း ဖျက်စီးနိုင်ပြီဟု အာရုံရလိုက်လေသည်။
"ဆက်သွားတာနဲ့အမျှ ပိုပြီး အေးလာလိမ့်မယ်" သူက မျက်လုံးများ၌ ခိုင်မာပြတ်သားသောစိတ်ဆန္ဒအပြည့်ဖြင့် တွေးလိုက်သည်။ သူသည် ဤရှေးဟောင်းကမ္ဘာသို့ ရောက်နေစဉ်အတောအတွင်း သူ၏အပြင်အားကိုယ် သန်မာလာအောင် တတ်နိုင်သမျှ ကြိုးစားမည်ဟု ဆုံးဖြတ်ချက်ချထားပြီး ဖြစ်၏။ သူ၏တွက်ချက်မှုအရ ဤနေရာမှ ယူဆောင်သွား၍ ရသော တာအိုမှော်ကျင့်စဉ်အပြင် သူ၏အပြင်အားကိုယ်မှာ အရေးအကြီးဆုံးဖြစ်လေသည်။
သူက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းပြီး ရေလယ်သို့ ရောက်သည့်တိုင် ငုပ်ဝင်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ တုန်ခါလာပြီး အထဲမှ တဖျစ်ဖျစ် မြည်လာ၏။ အအေးစီးကြောင်းများ သူ့ကို အပေါ်မှ ဖိနှိပ်နေစဉ် သူ၏ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး တစ်ခုခုက ထူးခြားလာသယောင်ပင်။
အအေးဓာတ်သည် အကန့်အသတ်မဲ့ပြီး အရှိန်အဟုန်ပြင်းစွာဖြင့် သူ၏ခန္ဓာကိုယ်ထဲသို့ တဝေါဝေါ စီးဝင်နေသည်။ သူ့မှာ ၎င်းကို စုပ်ယူဖို့ အားစိုက်ရန်ပင် မလိုအပ်ပေ။ အအေးစီးကြောင်းများက သူ၏တစ်စိတ်တစ်ပိုင်း ဖြစ်လာရန် တောင့်တနေသည့်အလား ... သူ့ကို ရှာဖွေနေကြသည့်အလားပင်။
မန်ဟိုမှာ သူ၏ချီနှင့် သွေးတို့ကို ဆက်လက် စီးဆင်းနေစေရင်း တစ်ကိုယ်လုံး တုန်ရီနေတော့သည်။
မန်ဟို မသိသည့်အရာမှာ မိစ္ဆာအင်မိုတယ်ဂိုဏ်းသည် ဤကာလအပိုင်းအခြား၌ အဖွံ့ဖြိုးဆုံးမဟုတ်သော်လည်း နောင်ဆုတ်ယုတ်ကာလများထက် များစွာ ကောင်းမွန်သော အခြေအနေတွင် ရှိလေသည်။ ယခုအချိန်တွင် ၎င်းမှာ အရင်းအမြစ်အမြောက်အမြားဖြင့် ပြည့်နေ၏။ ဥပမာ - သည်ရေကန်။ ၎င်း၏ လွန်ခဲ့သောနှစ်သောင်းပေါင်းများစွာအတောအတွင်း စုဝေးနေခဲ့မှုက လက်ရှိ အကန့်အသတ်မဲ့သော အခြေအနေသို့ ဦးတည်စေခဲ့လေသည်။
ဤနေရာ၌ အအေးဓာတ်များ စုဝေးနေသည်မှာ ... ကြောက်ခမန်းလိလိပင်။ ထိုနည်းတူ အပြင်အားကိုယ်အပေါ် ၎င်း၏အားဖြည့်ပေးနိုင်မှုမှာလည်း အံဖွယ်အတိပင်။
မန်ဟို၏ ခန္ဓာကိုယ်သည် ထိတ်လန့်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိလာခဲ့ပြီး သန်မာသထက် သန်မာလာနေသည်။
"ငါ ဒီအတိုင်း ဆက်ထိန်းထားနိုင်မယ်ဆိုရင် ပထမဝိညာဉ်ခန္ဓာအဆင့်မှာတင် သတ္တမဝိညာဉ်ခန္ဓာအဆင့်နဲ့ ညီမျှတဲ့ အပြင်အားကိုယ်တစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မယ်။ အဲ့ဒါဆိုရင်.... ငါ့မှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် အပြင်အားကိုယ် ရှိသွားပြီလို့ ဆိုလိုတာမလား" ရေကန်ထဲတွင် မန်ဟို၏မျက်လုံးများက ပွင့်လာပြီး ခေါင်းမွှေးထောင်လောက်အောင် တောက်ပနေသော အလင်းရောင်ကို ဖော်ပြလိုက်တော့သည်။
***