တန်ခိုးရှင်တွေကို သတ်ဖို့ဆိုတာ ခက်ခဲတော့မှာ မဟုတ်ဘူး
Vol. 43 Ch. 592
မန်ဟိုက မျက်လုံးများ ပြန်ပိတ်လိုက်ပြီး ရေဆက်ငုပ်နေလိုက်သည်။ အအေးဓာတ်သည် သူ၏ခန္ဓာကိုယ်အတွင်းထဲထိ ထိုးဖောက်ဝင်ရောက်ကာ ချီနှင့်သွေးတို့ဖြင့် တစ်သားတည်း ပေါင်းစည်းရင်း လည်ပတ်သွား၏။ သူ၏အပြင်အားကိုယ်လည်း သန်မာလာနေပြီဖြစ်သည်။
ဤရေထဲတွင် နူးညံမှုကို အသုံးချ၍ အပြင်အားကိုယ်ကို ပြောင်းလဲပေးနေသော နတ်စွမ်းအားတစ်ရပ် ရှိနေသယောင်ပင်။ နာကျင်မှုမရှိသော်လည်း အအေးစီးကြောင်းများမှ အအေးဓာတ်က မန်ဟို၏ခန္ဓာကိုယ် တဖြေးဖြေး တောင့်တင်းလာစေသည်။ နာရီနှစ်ဆယ်မျှ ကြာပြီးနောက်တွင် သူ၏ဝိညာဉ်ပင်လျှင် တောင့်တင်းလာသော လက္ခဏာများ ပြလာ၏။
ထိုအခိုက်တွင် ကန်ရေလယ်တွင် ငုပ်နေသော မန်ဟိုက မျက်လုံး ဖျတ်ခနဲ ဖွင့်လိုက်သည်။ သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေတော့ဘဲ ကန်ရေပြင်ထက်သို့ ဝုန်းခနဲ ပြန်တက်သွား၏။ သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေပြီး အဖြူရောင်မြူငွေ့များက သူ့ထံမှ စီးမျောထွက်နေလေသည်။ သူ့ကို ဗဟိုပြု၍ ရေခဲများက အရပ်လေးမျက်နှာသို့ ပြန့်ကားသွားသဖြင့် သူ့ခြေထောက်အောက်ရှိ မြေပြင်မှ ခလက်ခလက် အက်သံများ ကြားလိုက်ရသည်။
သူက တရားထိုင်ရန် တင်ပျဥ်ခွေလိုက်၏။ ရက်အနည်းငယ်ကြာသော် သူ၏မျက်လုံးများ ပြန်ပွင့်လာသည်။ ၎င်းတို့အထဲတွင် သူ၏ကိုယ်အတွင်းရှိ အဆိပ်အအေးဓာတ်မှ လာသော အပြာရောင်အလင်းတောက်ပနေသည်။ သူ့မှာ ယခုထက်ထိ ထိုအဆိပ်အား ဖယ်ရှား၍မရသေးပေ။
"ဒီနေရာက အပြင်အားကိုယ် ကျင့်ဖို့အတွက် တကယ်ကောင်းတဲ့နေရာပဲ။ ဒါပေမဲ့ ဖယ်ရှားဖို့အတွက် အချိန်အတိုင်းအတာတစ်ခု လိုအပ်တဲ့ အဆိပ်အအေးဓာတ်လည်း ပါနေတယ်။ ငါ မဖယ်ရှားပစ်ရင် အဲ့ဒီအဆိပ်က ငါ့ဘဝကို သေမင်းခံတွင်းဝထဲ ကျရောက်စေလိမ့်မယ်" သူက မျက်မှောင်ကြုတ်လျက် သက်ပြင်းချပြီးနောက် သိုလှောင်အိတ်ကို ကြည့်လိုက်လေသည်။
"ဒါက ပုံရိပ်ယောင်လောကတစ်ခု ဖြစ်နေတာ ဆိုးလိုက်တာ ။ ဒီနေရာမှာ ဆေးလုံးစားလည်း အကြောင်းမထူးလှဘူး။ တန်တာဆိုလို့ အပြင်အားကိုယ်ကျင့်ကြံလို့ရတဲ့ နေရာတွေပဲ ရှိတယ်
"ငါ ဆေးလုံးတွေ စားနိုင်ရင်တော့ ဒီခေတ်ရဲ့ တာအိုကို ထည့်တွက်ကြည့်ရင် ငါ့ရလဒ်တွေက အဆပေါင်းများစွာ ပိုမိုကောင်းမွန်မှာပဲ" သူက အတန်ငယ် တွေးပြီးနောက် ထရပ်ကာ ထွက်သွားလေသည်။ သူအနေဖြင့် စတုတ္ထတောင်ထိပ်သို့ ပြန်၍ အနားယူပြီး အဆိပ်အအေးဓာတ် ပြေသွားသည်အထိ စောင့်ရန် ရည်ရွယ်ထားလေသည်။ ထို့နောက် ရေကန်ထဲတွင် ကျင့်ကြံရန် ပြန်လာမည်။
မန်ဟိုသည် မြူခိုးမြူငွေ့များအကြားထဲ ဖြတ်လျှောက်နေစဉ် အရှေ့တည့်တည့်တွင် ရတနာပစ္စည်းကြီးတစ်ခုကို မြင်ရသော်လည်း မယူနိုင်သည့်အခါ ခံစားရသကဲ့သို့ ခံစားနေရတော့သည်။ သူ့မှာ အတန်ငယ် စိတ်ဓာတ်ကျနေမိ၏။
သူသည် လေးပင်နေသော ခြေလှမ်းများဖြင့် မှုန်ဝါးနေသောနေရာမှ ထွက်လာခဲ့သည်။ ရုပ်တုကြီးနှစ်ရုပ်နှင့် ဓားနှစ်လက်တံခါးချပ်ကို ဖြတ်လျှောက်လာစဉ် ရုတ်တရက် သူက တုံ့ခနဲ ရပ်လိုက်၏။ ယခုတွင် စူးရှတောက်ပနေသော အလင်းရောင်အား သူ၏မျက်လုံးများတွင် မြင်ရနေလေပြီ။
အကြံအသစ်တစ်ခု ဖျတ်ခနဲ သူ့ခေါင်းထဲတွင် ပေါ်လာသဖြင့် သူ၏မျက်လုံးများမှာ လင်းလက်တောက်ပလာပြီး စိတ်အစဉ်မှာလည်း အပြေးအလွှား အလုပ်လုပ်နေ၏။
"ဒီနေရာက ဆေးလုံးတွေက ပုံရိပ်ယောင်ဆိုတော့ ငါ့အတွက် အသုံးမတည့်ဘူး ... ဒါပေမဲ့ ဒီမှာ ဆေးပင်တွေ တစ်ပုံကြီး ရှိတယ်။ ငါတို့ခေတ်မှာ မျိုးတုံးနေပြီဖြစ်တဲ့ အမျိုးအစားတွေကိုတောင် ဒီမှာ တွေ့ရများတယ်
"အဲ့ဒီလိုဆိုရင်... ငါ့ဘာသာငါ ဆေးလုံး ဖော်စပ်ရင်ကော" သူ့မှာ မျှော်လင့်ချက်များဖြင့် ရင်ခုန်လာတော့သည်။
"ပုံရိပ်ယောင်ဆေးပင်တွေကို အစစ်အမှန်ဆေးလုံး ဖော်စပ်ဖို့ သုံးလို့ရတယ်။ တကယ်တမ်းဆို... ငါ အရင်တုန်းက အဲ့ဒီလို လုပ်ခဲ့ဖူးတာပဲ" သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး မျက်လုံးများမှာ ခေါင်းအထက်က နေလုံးကြီးသဖွယ် တောက်ပလာတော့သည်။ သူ့နှလုံးသားမှာ အကြံအသစ်အပေါ် တုန်လှုပ်မှုကြောင့် တဒိန်းဒိန်း ခုန်နေတော့၏။ ထိုအကြောင်း တွေးကြည့်လေလေ၊ သူ့အတွက် လုပ်နိုင်သည့်ပုံပေါ်လေလေ ဖြစ်သည်။
အကယ်၍ လုပ်နိုင်ခဲ့လျှင် ... ဤရှေးဟောင်းပုံရိပ်ယောင်ကမ္ဘာလောက၏ အခြေခံတည်ဆောက်ပုံကို လွှမ်းမိုးနိုင်မည်လား မန်ဟို မသေချာ။
"ဇီယွင်ဂိုဏ်းမှာတုန်းက ငါ နတ္ထိကနေ အတ္ထိဖန်တီးခဲ့တယ်။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဆင့်စာမေးပွဲတုန်းက ငါ ပုံရိပ်ယောင်ပစ္စည်းတစ်ခုကို သုံးပြီး .... ဘာမှမရှိတာကနေ ဆေးလုံးတစ်လုံး ဖော်စပ်ခဲ့တာ မဟုတ်လား
"အကယ်လို့ ဒီနေရာမှာ ဆင်တူတဲ့နည်းလမ်းတစ်ခု သုံးပြီး ဆေးဖော်ရင် .... ဒီနေရာရဲ့ သဘောဝနဲ့ လိုက်လျောညီထွေဖြစ်နေတဲ့ ဆေးလုံးတစ်လုံးကို ဘာမှမရှိတာကနေ ဖော်စပ်နိုင်လေမလား" မန်ဟိုက လက်သီးဆုပ်လိုက်ပြီး တစ်ကိုယ်လုံး တုန်ရီလာတော့သည်။ ဤအကြံသည် မိုက်ရူးရဲဆန်သယောင်ရှိပြီး အောင်မြင်မည်လား အတပ်မပြောနိုင်ပေ။ သို့ရာတွင် ဆေးဝါးတာအိုအရပြောရလျှင်တော့ ဖြစ်နိုင်၏။
"နတ္ထိကတေ အတ္ထိဖန်တီးဖို့ဆိုတာ တစ်ကြိမ်လေးပဲ ဆိုရင်တောင်မှ၊ ငါ့ရဲ့ ဆေးဝါးတာအိုအသိနှင့်တောင်မှ အင်မတန် ခက်ခဲသေးတယ်။ ကံကောင်းဖို့လည်း လိုသလို ၊ ကံတရားအပေါ်လည်း မူတည်တယ်"
သူက မျက်လုံး ခဏ ပိတ်လိုက်သည်။ မျက်လုံးပြန်ဖွင့်လိုက်သောအခါ ၎င်းတို့သည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် တောက်ပနေလေပြီ။ သူ၏ ခန္ဓာကိုယ်သည် ဖျတ်ခနဲ စတုတ္ထတောင်သို့ ဦးတည်ထွက်သွား၏။ သူ တရိပ်ရိပ် သွားနေစဉ် သူ့ကို မြင်လိုက်သူတိုင်းမှာ မနာလိုအားကျမှုများဖြင့် ရင်ထဲ ကလိလိ ဖြစ်ရလေသည်။ မိစ္ဆာအင်မိုတယ်စေတီတွင် ဖြစ်ခဲ့သောအရာကြောင့် မန်ဟို၏ လူပေါ်ကြော့ကောင်ဆိုသော ဂုဏ်သတင်းမှာ ယခင်ထက်ပင် ဟိုးလေးတကျော်ကျော် ပျံ့နှံ့နေတော့၏။
စတုတ္ထတောင်ထိပ်သို့ ပြန်ရောက်သော် ရှုချင်တစ်ယောက် တရားထိုင်လျက် ရှိသေးသည်ကို မန်ဟို တွေ့လိုက်ရသည်။ ရှုချင်က မန်ဟို ဘယ်တော့မှ ယှဉ်နိုင်မည်မဟုတ်သည့် အတိုင်းအတာအထိ ဝီရိယ ရှိလေသည်။
သို့သော် လူတစ်ဦးတစ်ယောက်ချင်းစီ၏ ကံတရား၊ ကံကြမ္မာမှာ ကွဲပြားသည်မဟုတ်ပါလော။ ရှုချင်နှင့် ကိုက်ညီသော ကျင့်စဉ်များက မန်ဟိုနှင့် မအပ်စပ်ပေ။ ထိုနည်းတူစွာ မန်ဟိုနှင့် လိုက်ဖက်သော ကျင့်စဉ်များကလည်း ရှုချင်နှင့် သင့်တော်မည်မဟုတ်။
ရက်အနည်းငယ်ကြာသော် စတုတ္ထတောင်ထိပ်ရှိ ဂိုဏ်းသားအားလုံးမှာ သူတို့၏ခေါင်းဆောင်လေးတစ်ယောက် ရူးသွားပြီဟုပင် ထင်လာကြတော့သည်။ သူကား ဆိုင်းမဆင့်ဗုံမဆင့် ဆေးလုံးများ ထဖော်လေရာ စတုတ္ထတောင်ထိပ်အပေါ်တွင် အကြီးအကျယ် ပွက်လောရိုက်သွားစေတော့၏။ နောက်ဆုံးတွင် တစ်ယောက်စကား တစ်ယောက်ကြား၍ လူတိုင်း ထိုအကြောင်း သိသွားကြလေသည်။
ပေါက်ပန်းလေးဆယ် အတင်းအဖျင်းစကားများလည်း ပျံ့နှံ့လာရန် သိပ်မကြာလိုက်ပေ။ မှန်ပါသည်၊ ဘယ်သူမှ ပေါ်တင် အတင်းတုပ်ရဲခြင်းမရှိ။ မိစ္ဆာမဟာမိတ်ပေါင်းစု၏ အဖွဲ့ဝင်လူပေါ်ကြော့အားလုံးက ထိုအခြင်းအရာကို အားပေးအားမြှောက်ပြုနေကြသည် မဟုတ်ပါလော။
မန်ဟိုက ဆေးပင်များ လိုချင်ကြောင်း ဟလိုက်လျှင် မိစ္ဆာမဟာမိတ်ပေါင်းစုက ချက်ချင်း လှုပ်ရှားကြမည်ဖြစ်သည်။ ဆေးပင်အမြောက်အမြား ရောက်ရှိလာသည်နှင့် မန်ဟို့တစ်ဘဝလုံးတွင် အကြောင်းအရာလေးခုသာ ရှိတော့သည်။
တာအိုမှော်ကျင့်စဉ် ဉာဏ်အလင်းရှာဖွေခြင်း ၊ ဆေးလုံးဖော်စပ်ခြင်း ၊ မိစ္ဆာအင်မိုတယ်ကန်၌ အပြင်အားကိုယ်ကျင့်ကြံခြင်း နှင့် အဆိပ်အအေးဓာတ်ဖြေခြင်း ဟူ၍။
ဆေးလုံးဖော်ရာနှင့်ပတ်သက်လျှင် သူသည် ခဲယွင်ဟိုင်အပိုင်ဖြစ်သော စတုတ္ထတောင်ထိပ် ဆေးဖော်စပ်ရုံကို အသုံးပြုသည်။ မန်ဟို ၎င်းကို သိမ်းပိုက်လိုက်သည်နှင့်တစ်ပြိုင်နက် စတုတ္ထတောင်ထိပ်တစ်ခုလုံး ဆေးလုံးပေါက်ကွဲသံများဖြင့် တဖောင်းဖောင်း တဘုန်းဘုန်း ဆူညံလာတော့သည်။
အသံများမှာ ညဉ့်နက်သန်းခေါင်လည်း ထမည်တတ်သည်၊ နေ့ခင်းကြောင်တောင်လည်း ထမြည်တတ်သည်။ အသံကြားလိုက်တိုင်း ခေါင်းဆောင်လေးတော့ ဆေးလုံးဖော်စပ်ရန် ထပ်ပြီး မအောင်မြင်ဖြစ်ပြန်ပြီဟု လူတိုင်း သိကြလေသည်။
မန်ဟိုမှာတော့ မျက်နှာဖြူဆုပ်ဖြူလျော်နေသည်။ ယင်းက သူ မျှော်လင့်ထားသော ရလဒ်မဟုတ်ပေ။ သူ၏ဆေးဝါးတာအိုသည် အနာဂတ်နှစ်သောင်းပေါင်းများစွာမှ လာသည်။ လက်ရှိတာအိုမှာ ကွဲပြားသဖြင့် သူ၏အစွမ်းအပြည့်အဝ အသုံးချနိုင်ဖို့ အချိန်ယူ ညှိရသေးသည်။
အဆိုးတကာ့ အဆိုးဆုံးမှာတော့ ပုံရိပ်ယောင်ဆေးလုံးသုံးလုံးသာ ဖော်စပ်နိုင်ပြီး နတ္ထိမှ အတ္ထိမဖော်စပ်နိုင်သေးခြင်းပင်။ ၎င်းသည် သူ ယခုရောက်ရှိနေသော ကမ္ဘာလောက၏ အတုအယောင် သဘောသဘာဝကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
ဤနေရာရှိ ဆေးလုံးများအား မတူညီသောနည်းလမ်းဖြင့် အမျိုးအစားခွဲထားသည့်အလား အားတစ်ရပ်က သူ့ကို နှောင့်ယှက်နေလေသည်။ ကံဆိုးစွာနှင့် မန်ဟို၏ ဖော်စပ်ဖန်တီးမှုများမှာ ထိုအမျိုးအစားထဲတွင် မပါရှိ၍ ပေါ်လာခွင့် မရှိသယောင်ပင်။
သို့သော် သူသည် သူ့ကိုယ်သူ စိတ်ပျက်ခွင့်မပေးလို၊ လက်လည်း မလျှော့နိုင်ပေ။ သူက ဇီယွင်ဂိုဏ်းမှာတုန်းက ရရှိခဲ့သော ခံစားချက်ကို ရှာဖွေရန် ကြိုးစားရင်း ဆက်လက် လေ့လာနေ၏။ အချိန်များ ကုန်လွန်သွားပြီး မကြာမီ တစ်လတိတိ ကြာသွားခဲ့ပြီဖြစ်သည်။
ထိုလကုန်သည့်အခါ မန်ဟို ဆေးဖော်နေကြောင်း မသိသူဟူ၍ မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ တောင်ထိပ်ခုနစ်ခုတွင် မရှိတော့ပေ။ စတုတ္ထတောင်ထိပ်မှ လာနေသော ပေါက်ကွဲသံများမှာ မိစ္ဆာအင်မိုတယ်ဂိုဏ်း ပထမအထပ်ကောင်းကင်ဘုံတွင် ကြားနေကျအသံများ ဖြစ်လာ၏။
သူမည်မျှ ရှုံးနိမ့်ခဲ့ပြီး ၊ ဆေးပင်မည်မျှပြုန်းတီးခဲ့သည်လဲ စဉ်းစားကြည့်လျှင် ...မိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ အရင်းအမြစ်ပေါများ၍သာ တော်သေးသည်။ ထိုသို့ ဖြုန်းတီးမှုမျိုးက အလယ်အလတ်ဂိုဏ်းအများစုအတွက် မွဲပြာကျသွားစေရန် လုံလောက်လေသည်။
အထူးသဖြင့် သူ အသုံးပြုနေသည်က ဤခေတ်တွင်ပင် အဖိုးထိုက်စာရင်းဝင်သော ဆေးပင်များ ဖြစ်နေ၍ပင်။ သူ၏ ကျရှုံးမှု တစ်ခုစီက ကျန်ဂိုဏ်းသားများကို ရင်နာသွားစေ၏။
ယခုထက်ထိ မအောင်မြင်သေးသည့်တိုင် မန်ဟိုသည် အကျိုးအမြတ် အတော်လေး ရခဲ့၏။ သူ၏ဆေးဝါးတာအိုမှာ တဖြေးဖြေး ရှေးခတ်နှင့် သဟဇာတ ဖြစ်လာသည်။ ဆေးဝါးတာအို၏ လမ်းကြောင်းအသစ်သည်လည်း မန်ဟို့စိတ်နှလုံးတွင် ခိုင်မာလာသည်။ ထိုမျှသာမက ကြိမ်ဖန်များစွာ ဖော်စပ်မှုများက သူ၏ ကျွမ်းကျင်မှုကိုလည်း တိုးတက်လာစေခဲ့သည်။
ထိုလအတောအတွင်း သူသည် တောင်ဝါးမြိုမန္တန်၏ အဆင့်(၁)ကို နှံ့နှံ့စပ်စပ် ဉာဏ်အလင်းရလိုက်ပြီဖြစ်သည်။ ၎င်းအား သူ၏စိတ်ထဲတွင် မြဲမြံစွာ တံဆိပ်ခတ်ပြီးပြီးဖြစ်၍ ဒုတိယပြင်ညီမှ ထွက်ခွာလျှင် ယူသွားနိုင်လေသည်။
အဆိပ်အအေးဓာတ်ကိုမူ ယခုတွင် ကိုယ်ထဲမှ တစ်ဝက်ကျော် ထုတ်ပြီးဖြစ်သည်။ ကန်ရေ ဆက်စိမ်နေခြင်းကြောင့်သာမဟုတ်လျှင် အချိန်အတော်ကြာကတည်းက ပျောက်ကွယ်ပြီး ဖြစ်လိမ့်မည်။
တကယ်တမ်း သူ၏ အဆိပ်အအေးဓာတ်အပေါ် ထိန်းချုပ်မှုမှာ ကန်ရေနှင့် မထိသရွေ့ ပုံမှန်အားဖြင့် အလိုလို ပျောက်ကွယ်မည့် အတိုင်းအတာအထိ ရောက်နေခဲ့လေပြီ။
တစ်လအတောအတွင်း မန်ဟို၏ အပြင်အားကိုယ်သည် အံ့ဖွယ်အပြောင်းအလဲများ ကြုံတွေ့ခဲ့၏။ သူပင်လျှင် ရလဒ်အပေါ် အံ့ဩတုန်လှုပ်ရလေသည်။ မိစ္ဆာအင်မိုတယ်ကန်၏ ဆန်းပြားပုံမှာ ရူးခါလောက်အောင် တုန်လှုပ်စရာကောင်းသည်။ ယခုတွင် သူ၏အပြင်အားကိုယ်သည် ပထမဝိညာဉ်ခန္ဓာတွင်ပင် ပဉ္စမဝိညာဉ်ခန္ဓာစွမ်းအားနှင့် ညီမျှနေပြီဖြစ်၏။
သူ၏တွက်ချက်မှုအရ ပထမဝိညာဥ်ခန္ဓာမှာတင် ရှိနေစဥ် သတ္တမဝိညာဉ်နှင့်ညီမျှသော အပြင်အားကိုယ်ခွန်အားအဆင့်သို့ ရောက်ရှိနိုင်လျှင်တော့ သတ္တမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်လိုက်ပါက... သူ၏အပြင်အားကိုယ်သည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ဧကန် ဖြစ်သွားလိမ့်မည်။
ခေါင်းဆောင်ကြီးဟုရန်နှင့် ယခုလို အခြေအနေမျိုးတွင် ထိပ်တိုက်တွေ့လျှင် တိုက်ပွဲသည် ယခင်မျှ ခက်ခဲတော့မည်မဟုတ်သည့်အပြင် ထိုလူ၏ ခန္ဓာနှင့်ဝိညာဉ်ကိုပါ ဖျက်စီးနိုင်မည်ဟု မန်ဟို ယုံကြည်ချက် ရှိလေသည်။
"ကံဆိုးစွာနဲ့ ငါ့အပြင်အားကိုယ်ကို ဆဋ္ဌမဝိညာဉ်ခန္ဓာအဆင့် ရောက်ဖို့ဆိုရင် ကန်ရဲ့အောက်ခြေအထိ ငုပ်ရလိမ့်မယ်။ ပြီးရင် အဆိပ်အအေးဓာတ်ကနေ ပြန်သက်သာဖို့ တစ်လကြာမယ်
"ဒါ့အပြင် ငါတွက်ချက်တာ မှန်တယ်ဆိုရင် အဲ့ဒီအတိုင်း အနည်းဆုံး ဆယ်ကြိမ် လုပ်ရလိမ့်မယ်။ ဒါဆို အလွန်ဆုံးတစ်နှစ်" မန်ဟိုသည် ဤကိစ္စအကြောင်းတွေးရင်း မိစ္ဆာအင်မိုတယ်ဂိုဏ်းရှိ ဒေသအမျိုးမျိုးကို ဖြတ်လျှောက်သွားလေသည်။
သူက ဖြတ်လျှောက်လာစဉ် တုံ့ခနဲ ရပ်လိုက်၏။ ထိုအခိုက်အတန့်တွင် သူ့ပတ်ဝန်းကျင်ရှိ အားလုံးထံမှ သရဲပုံရိပ်များ ပေါ်ပေါက်လာသည်။ ကောင်းကင်၊ မြေပြင်နှင့် တစ်လောကလုံး ပြည့်သွား၏။ သို့သော် အသက်အရှိုက်အနည်းငယ်ကြာသော် အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
"ဒီလအတွင်း ဒါ တတိယအကြိမ်ပဲ" မန်ဟိုက မျက်မှောင်ကြုတ်လျက် တွေးလိုက်သည်။ ဒုတိယပြင်ညီမှာ ပျောက်ကွယ်တော့မည့်အမှတ်သို့ ရောက်နေပြီဖြစ်ကြောင်း သူ အာရုံရနေ၏။ ၎င်း ပျောက်ကွယ်လျှင် တောင်ကောင်းကင်ဂြိုဟ်မှ လူအားလုံး ထွက်ခွာရမည်ဖြစ်ကာ သူတို့၏ မိစ္ဆာအင်မိုတယ်ဂိုဏ်းသို့ ခရီးစဉ်လည်း နိဂုံးချုပ်ရလိမ့်မည်။
"မြန်မယ်ဆို ရက်ပိုင်းအတွင်းပဲ။ အနှေးဆုံးကတော့ နှစ်လကျော်" မန်ဟိုမှာ အတန်ငယ် နောင်တရနေမိသည်။ သူ့အတွက် ဆဋ္ဌမဝိညာဉ်ခန္ဓာ၏ မယုံကြည်နိုင်ဖွယ်ခွန်အားရဖို့ အချိန်ကား မလောက်ပေ။
သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ လှုပ်ရှားသွားပြီး မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ အစွန်အဖျားတွင် ပြန်ပေါ်လာသည်။ ၎င်းသည် အတော်လေး ချောင်ကျသည့်အတွက် လူသူအရောက်အပေါက် နည်းပါး၍ တိတ်ဆိတ်သောနေရာတစ်ရာ ဖြစ်သည်။
သူက မြေကြီးကို ငုံ့ကြည့်ပြီးနောက် ဘေးပတ်ဝန်းကျင်ကို ထပ်မံ အကဲခတ်လိုက်သည်။ နောက်ဆုံးတွင်တော့ သိုလှောင်အိတ်ကို ပုတ်ကာ သစ်သားအချိန်ဓားတစ်လက် ထုတ်လိုက်လေသည်။ ဤဓားသည် ပြီးခဲ့သည့်ရက်ပိုင်းက ပို၍ခိုင်မာတောင့်တင်းရန် ချိတ်တံဆိပ်များစွာဖြင့် ခတ်နှိပ်ခံထားရသော ဓားဖြစ်သည်။
သူသည် ဓားကို တစ်လှည့်၊ မြေကြီးကို တစ်လှည့် ကြည့်လိုက်၏။ ခိုင်မာပြတ်သားသော အလင်းရောင်က သူ၏မျက်ဝန်းများတွင် နေရာအပြည့်ယူသွားသည်။
"မစမ်းကြည့်ရင် နောင်တရလို့ မဆုံးဘဲ နေလိမ့်မယ်။ အလုပ်မဖြစ်မှာ ၈၀ ရာခိုင်နှုန်း ၊ ၉၀ ရာခိုင်နှုန်းလောက် သေချာပေမယ့် ဖြစ်နိုင်ခြေနည်းနည်းပါးပါးတော့ ရှိစမြဲပဲ မဟုတ်လား ..." ထို့နောက် သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သစ်သားအချိန်ဓားကို မြေကြီးထဲ စိုက်သွားစေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းမှာ ဟိုးအထဲအထိ နစ်ဝင်သွားလေသည်။
"ငါ ပိုင်ဆိုင်ထားသမျှ မှော်ပစ္စည်းတွေထဲမှာ သစ်သားအချိန်ဓားတွေပဲ အချိန်စွမ်းအားနဲ့ ပေါင်းစည်းနိုင်တယ်။ အောင်မြင်နိုင်ခြေနည်းနည်းလေး ရှိရင်တောင်မှ....
"ငါ တကယ့်ကမ္ဘာကို ပြန်ရောက်ရင် အချိန်နှစ်သောင်းနှင့်ချီရှိတဲ့ ဓားတစ်လက်ကို ပိုင်ဆိုင်ရရင် ရလောက်မှာ။ အဲ့ဒီလိုစွမ်းအားရှိတဲ့ ဓားတစ်လက်နဲ့သာဆိုရင် တစ်ချက်လေး ခုတ်လိုက်ရုံနဲ့ နှစ်သောင်းချီ နုတ်ယူခံရလိမ့်မယ်။ တန်ခိုးရှင်တွေကို သတ်ဖို့တောင် ခက်ခဲတော့မှာ မဟုတ်ဘူး
"အဲ့ဒီလို ရတနာမျိုးရဖို့ စွန့်စားရလဲ တန်တယ်"
***