← Chapters

တောင်ကောင်းကင်နှင့် ဆုံတွေ့ခြင်း

Vol. 43 Ch. 593

တောင်ကောင်းကင်နှင့် ဆုံတွေ့ခြင်း

Vol. 43 Ch. 593

မန်ဟို၏ မျက်လုံးများ လင်းခနဲ လက်သွားသည်။ သူသည် အဝေးသို့ လှည့်ထွက်သွားပြီး မိစ္ဆာအင်မိုတယ်ဂိုဏ်းအထဲရှိ ထိုနည်းတူ နေရာသုံး‌နေရာတွင် သစ်သားအချိန်ဓားများကို မြှုပ်နှံခဲ့လေ၏။

လောလောဆယ်တွင် သူ့၌ ပဒုမ္မာဓားဝင်္ကပါ၏ ပုံစံ(၁)ကို ဖော်ဆောင်ရန် အသုံးပြုနိုင်သော သစ်သားအချိန်ဓား စုစုပေါင်း ဆယ်လက်ရှိ၏။

မဖြစ်နိုင်ဆုံးသော ဖြစ်နိုင်ခြေတစ်ခုအပေါ် လေးလက်အား လောင်းကြေးထပ်ရန်မှာ သူ့အတွက် စွန့်စားမှုကြီးတစ်ခုဖြစ်သည်။

"သစ်သားအချိန်ဓားတစ်လက်စီက စိတ်ဝိညာဉ်ကျောက်တုံးတစ်ပုံကြီးကို ကိုယ်စားပြုတယ်နော်..." သူက ‌တွေးလိုက်သည်။ သို့သော်လည်း နာကျင်မှုကို အောင့်အည်းသည်းခံရင်း တစ်လက်ပြီးတစ်လက် ဝှက်ထားခဲ့လေသည်။ သူ့မှာ ထိုသို့လုပ်တိုင်း သူ၏မျှော်လင့်ချက်နှင့် အိပ်မက်များကိုပါ ၎င်းတို့နှင့်အတူ မြှုပ်နှံနေရခြင်း ဖြစ်ပေ၏။

မန်ဟိုသည် နေရာလေးနေရာကို အလွန်ဂရုတစိုက် ရွေးချယ်ထားလေသည်။ အမှန်အားဖြင့် သူ ပထမပြင်ညီကို မှတ်မိရသလောက် ဤမတူညီသောနေရာလေးနေရာမှာ သိပ်မပျက်စီး‌ဘဲ ရှိနေဆဲဖြစ်၏။

အကယ်၍ သစ်သားဓားများ တတိယပြင်ညီတွင် ပေါ်လာခဲ့သည်ရှိသော် ... သူ့အတွက် စိတ်အေး‌ရပေလိမ့်မည်။

မိုးချုပ်သွားသောအခါ မန်ဟိုသည် လေလယ်တွင် ပျံဝဲရင်း နယ်‌မြေများကို လှမ်းကြည့်လိုက်၏။ သူ၏ ဓားများ မြှုပ်နှံခဲ့သော နေရာလေးနေရာကို ကြည့်ပြီး သူ့မျက်လုံးထဲရှိ မျှော်လင့်ချက်များမှာ အားကောင်းလာတော့သည်။

"ငါ အောင်မြင်ခဲ့ရင် ငါ့ရဲ့ကျင့်ကြံခြင်းလမ်းစဉ်ဟာ ဒီထက်ပိုပြီး ချောမွေ့လိမ့်မယ်။ မအောင်မြင်ရင်တော့ ... အနည်းဆုံး နောင်တတော့ မရဘူးပေါ့လေ" သူသည် နေရာလေးနေရာအား မမေ့အောင် နောက်ဆုံးတစ်ချက် ထပ်ကြည့်လိုက်၏။ ထို့နောက် စတုတ္ထတောင်ထိပ်သို့ ပြန်လာခဲ့သည်။

အချိန်များစွာ ကုန်ဆုံးသွားပြန်သည်။ နောက်ထပ်လဝက် ကြာခဲ့ပြီဖြစ်၏။ သရဲပုံရိပ်များ ပေါ်လာသည့် အကြိမ်အရေအတွက်မှာ ဆထက်တိုး တိုးလာသည်။ တစ်ကြိမ်နှင့် တစ်ကြိမ်အကြား စိပ်လာပြီး တစ်ခါပေါ်လာတိုင်း အသက်ရှိုက်စာအနည်းငယ်အထိ ကြာတတ်သည်။

အမှန်တွင် ပြီးခဲ့သည့်ရက်ပိုင်းတုန်းက မန်ဟို ဆေးဖော်စပ်နေတုန်း သရဲပုံရိပ်များသည် အတန်ကြာသည်အထိ ရစ်ဝဲနေခဲ့၏။ ထိုအချိန်တုန်းကဆိုလျှင် သူ့မှာ ရှေးဟောင်းပုံရိပ်ယောင်ကမ္ဘာထဲမှ ထွက်သွားခဲ့ပြီဟုပင် ခံစားခဲ့ရလေသည်။

ထို့အပြင် ခဲယွင်ဟိုင်ကိုလည်း ယခုတလော ‌တွေ့ခွင့်မရပေ။ ခဲယွင်ဟိုင် ‌ကျန်းမာပါ‌စေကြောင်း ဆုတောင်းဂါဝရပြုရန် သွားရောက်လျှင်ပင် ကျင့်ကြံခြင်းဂူ၏ပိတ်ထားသော တံခါးမှတစ်ဆင့်သာ ဖြစ်ခဲ့သည်။ ခဲယွင်ဟိုင် သူ့ကို အထဲမှ စကားပြန်ပြောသောအခါ သူ့အသံမှာ အတော်လေး ပင်ပန်းနေသံပေါက်၏။

ခဲယွင်ဟိုင် မည်သည့်အရာတို့ လုပ်နေသည်လဲ မသိရသည့်တိုင် ထိုလူ၏အသံကြားလိုက်ရတိုင်း သူ့မှာ စိတ်အေးရလေသည်။ ခဲယွင်ဟိုင်သည် ဤဘဝတွင် သူ၏အဖေဖြစ်ပြီး မန်ဟို့အတွက် ဤပုံရိပ်ယောင်ကမ္ဘာတွင် ရရှိခဲ့သမျှအထဲ တန်ဖိုးအရှိဆုံးအရာလည်း ဖြစ်၏။

ရှုချင်မှာ ယခုထက်ထိ တံခါးပိတ်ကျင့်ကြံ၍ မပြီးသေးပေ။ သို့သော် သူမသည် ဉာဏ်အလင်းရှာဖွေရာ၌ အောင်မြင်ခဲ့ကြောင်း သိသာသည်။ မန်ဟို သူမကို ကြည့်လိုက်သည့်အခါတိုင်း သူမသည် ဝိညာဉ်ပြောင်းလဲခြင်းအမျိုးမျိုးအား ကြုံတွေ့နေရလေသည်။

သူမမှာ တာအိုမှော်ကျင့်စဉ်ထဲတွင် ကိုယ်စိတ်နှလုံးသုံးပါးလုံး နစ်မြုပ်နေတော့သည်။ သူမသည် ကြည့်မဝအောင် လှသည်တော့ မဟုတ်သော်လည်း ယခုတွင် သူမနှင့်ပတ်သက်ပြီး မေ့မရနိုင်သော၊ စွဲမက်စရာကောင်းသော ဝိုးတိုးဝါးတားအငွေ့အသက်လေးတစ်ခု ရှိနေလေပြီ။

"အခုစကပြီး အချိန်မရွေး ဖြစ်နိုင်ပြီ" မန်ဟိုက ကျင့်ကြံခြင်းဂူထဲတွင် တင်ပျဉ်ခွေထိုင်ရင်း ရေရွတ်လိုက်၏။ "သရဲပုံရိပ်တွေက ပိုပိုပြီး သိပ်သည်းလာတဲ့အပြင် ပေါ်လာတဲ့အကြိမ်လည်း စိပ်လာတယ်။ လူတိုင်း အခု ဂနာမငြိမ် ဖြစ်နေကြမှာပဲ" သူသည် ညနေခင်းကောင်းကင်ကြီးနှင့် အပေါ်၌ စုဝေးနေသော တိမ်မည်းတိမ်စိုင်များကို မော့ကြည့်လိုက်လေသည်။

ယခုရက်ပိုင်း သူသည် တောင်ကောင်းကင်ဂြိုဟ်မှ ကျင့်ကြံသူများကို လိုက်မရှာဘဲ နတ္ထိမှ ဆေးလုံးဖန်တီးခြင်း ၊ သို့တည်းမဟုတ် တာအိုမှော်ကျင့်စဉ်များကို ဉာဏ်အလင်းရှာဖွေခြင်းဖြင့်သာ အချိန်ကုန်တတ်လေသည်။

မှန်၏ ၊ တောင်ကောင်းကင်ဂြိုဟ်မှ ကျင့်ကြံသူအားလုံးသည် သူမတူအောင် ထူးချွန်ပြောင်မြောက်သူများ ဖြစ်ကြ၏။ တစ်ဦးတစ်ယောက်ချင်းစီတွင် သက်ဆိုင်ရာ ဂိုဏ်း သို့မဟုတ် မျိုးနွယ်စုအသီးသီးမှ အသေးစိတ်အချက်အလက်များအပြင် မန်ဟို့ကို ရှောင်ရန် နည်းလမ်းအသွယ်သွယ်လည်း ရှိကြလေသည်။ ဤအခြင်းအရာကို သူ ကောင်းကောင်းသိ၏။ သူ့အနေဖြင့် ဂိုဏ်းတစ်ဂိုဏ်းလုံးကို စေခိုင်း၍ သူတို့ကို ရှာဖွေချင်လည်း ရသည် ၊ မရှာဖွေချင်လည်း ရသည်။ ဒုတိယရွေးချယ်မှုကိုတော့ သူ ပိုနှစ်သက်၏။

အဘယ်ကြောင့်ဆိုသော် သူတို့ သူ့ကို လာရှာလိမ့်မည်ဟု ... မန်ဟို ယုံကြည်ချက် ရှိ၍ပင်။

သူတို့ ထိုသို့ လာရှာခဲ့လျှင် ခေါင်းဆောင်ကြီးဟုရန်မှအပ တစ်ဖွဲ့လုံးကို မန်ဟို့အနေဖြင့် အကြည့်တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သည်။

မိုးပေါက်များ မိစ္ဆာအင်မိုတယ်ဂိုဏ်းအပေါ် တဝေါဝေါ ရွာကျလာ၏။ တစ်‌လောကလုံး မှုန်မွှားဝေဝါးသွားပြီး မန်ဟိုမှာ ငေးကြည့်နေစဉ် ထူးဆန်းစွာ ခံစားနေရတော့သည်။ သူ ရောက်နေသည့် ကမ္ဘာကြီးက ဝေဝါးနေသည်လား ၊ သို့မဟုတ် မိုးကပဲ ဝေဝါးနေသည်လား ... နှစ်ခုလုံး ဝေဝါးနေသည်လား ။ သူ မသိတော့။

ထိုမြင်ကွင်းမှာ သူ၏ အနာဂတ်ကို ရှုမြင်ပုံအတိုင်း ဖြစ်နေတော့သည်။

မိုးသည် သုံးရက်တိုင် တသည်းသည်း ရွာကျပြီးနောက်မှ တိတ်သွား၏။ နေရောင်ခြည်တို့ ပြန်ထွက်လာပြီး မြေပြင်တွင် အအေးဓာတ်မှဖြစ်ပေါ်လာသော မြူခိုးများ ဝေနေတော့သည်။ နေထွက်လာသောအခါ မြူများသည် တဖြေးဖြေး ပါးလာပြီး‌ လွင့်စင်ပျောက်ကွယ်သွားသဖြင့် မှုန်ဝါးနေသော လောကကြီးမှာ နောက်တစ်ဖန် ကြည်လင်ပြတ်သားလာလေသည်။ အရာအားလုံးမှာ ဆေးခြယ်ထားသော ပန်းချီတစ်ချပ်ပမာ လှပနေတော့သည်။

မိုးသောက်ချိန်တွင် ဓားတစ်လက် ရောက်လာ၏။

ဓား မည်သည့်နေရာက လာသည်လဲ ‌ပြောမရသော်လည်း ၎င်းသည် မန်ဟို့ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာနေသည်။ စတုတ္ထတောင်ထိပ်အပေါ်ရှိ အကာအကွယ်မန္တန်တစ်ခုမှ ဓားကို မဟန့်တားပေ။ ကြည့်ရသရွေ့ ဤဓားနှင့်ပတ်သက်ပြီး တစ်ခုခုက ထူးခြားနေသယောင်ပင်။

ဓားသည် မန်ဟို့အရှေ့ တစ်မီတာ၊ နှစ်မီတာခန့်တွင် ရပ်သွားကာ လေတွင် ဝဲနေ၏။ ၎င်း၏မျက်နှာပြင်ပေါ်မှာ အလင်းရောင်တချို့ ကွန့်မြူးလာသည်။ ဓား၏မျက်နှာပြင်ပေါ်တွင် မြင်သည်‌ဆိုရုံကလေး မြင်လိုက်ရသည်မှာ ဝိညာဉ်တစ်ခုဖြင့် ရေးဆွဲထားသော အမှတ်အသားတစ်ခုပင်။

၎င်းကား စာလုံးတစ်လုံးတည်း။

ဖန်

မန်ဟိုက ပြုံးလိုက်သည်။ နောက်ဆုံးတော့ သူ စောင်နေခဲ့သူများ ရုပ်လုံးထွက်ပြလေပြီ။

သူသည် ညာလက်ဖြင့် ဖမ်း‌ဆုပ်သည့် လှုပ်ရှားမှုလုပ်လိုက်ရာ ဓားအား သူ့လက်ထဲသို့ ကျဆင်းလာစေလိုက်သည်။ ထို့နောက် နတ်ဘုရားအာရုံထုတ်လွှတ်၍ ၎င်းအား လွှမ်းခြုံလိုက်ရာ ချက်ချင်းပင် သူ့စိတ်ထဲ၌ ပို့စာတစ်ခု ရောက်ရှိလာသည်။

ပို့စာကို နားထောင်ပြီးနောက် သူ၏အပြုံးမှာ ပို၍ပင် တောက်ပလာတော့သည်။ အချိန်အတော်လေး ကြာသော် သူက မျက်လုံးများ ပိတ်လိုက်၏။

နေ့လည်ခင်းလွန်၍ ‌ညနေစောင်းခါနီးသောအခါ သူသည် မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ အလင်းတန်းတစ်တန်း အသွင်ပြောင်းပြီး ပထမတောင်ထိပ်ကို ဖြတ်ကာ အပြင်စည်းဂိုဏ်းသားများ နေထိုင်ရာဖြစ်သော တောင်၏အပြင်ရှိ ဧရိယာတစ်ခုသို့ ထွက်လာခဲ့လေသည်။

မန်ဟို ရောက်သောအခါ မည်သူမျှ ရှိမနေ။ အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေမှု၏အလယ်တွင် သူက ‌သုံးလုံးဆက်ထားသော အိမ်အတွဲဆီသို့ ဦးတည်သွားသည်။ ဒုတိယအိမ်နှင့် တတိယအိမ်အကြား တစ်နေရာနှင့် နီးကပ်လာသည့်အချိန် သူက လက်ကို ဝှေ့ယမ်းလိုက်ကာ တံခါးတစ်ချပ် ပွင့်လာစေလိုက်သည်။ သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ အထဲဝင်ရောက်သွား၏။

ချက်ချင်းပင် အကြည့်ပေါင်းများစွာ သူ့အပေါ် ကျရောက်လာသည်။

အိမ်သည် အတော်လေး ကြီးမားပြီး စောင့်‌ဆိုင်းနေသော လူများဖြင့် ပြည့်နေ၏။ မန်ဟို ဘေးဘီဝဲယာကို စနည်းနာလိုက်စဉ် အဖွဲ့အမျိုးမျိုး ကွဲနေကြောင်း မြင်လိုက်ရလေသည်။

ထိုအဖွဲ့ထဲတွင်ပင် လာခဲ့သော နေရာအပေါ် မူတည်ပြီး အစုအစုကွဲနေသေးသည်။ သူတို့သည် အခြားသူများကို သတ်ချင်ပါသော်လည်း ရေရှည်ကို မျှော်ကြည့်ရန် လိုအပ်ပြီး ထိုသို့ဖြစ်လျှင် ပြဿနာတက်မည်ဖြစ်ကြောင်း သိကြလေသည်။

အဖွဲ့အတောင့်ဆုံးမှာ အံ့ဩဖွယ်ကောင်းစွာနှင့် ကျီမျိုးနွယ်စု ဖြစ်နေ၏။ စုစုပေါင်း ခုနစ်ယောက်ရှိပြီး အကုန်လုံးက အတွင်းစည်းဂိုဏ်းသားများပင်။ သူတို့သည် မျက်လုံးများ တလက်လက် တောက်ပနေပြီး စကားမပြောသော်လည်း သူတို့၏ ကွဲထွက်နေသော အပြုအမူများကိုသော်လည်းကောင်း၊ မောက်မာထောင်လွှားမှုကိုသော်လည်း ဖုံးကွယ်ခြင်းမရှိပေ။

ခုနစ်ယောက်အနက် သုံးယောက်က အမျိုးသမီး၊ လေးယောက်က အမျိုးသား ဖြစ်၏။ သူတို့အထဲက နှစ်ယောက်မှာ အပေါ်လွင်ဆုံးပင် ။ တစ်ယောက်သည် ကျီရှောင်ရှောင်ဖြစ်ကာ ကျန်တစ်ယောက်က နဖူးအပေါ်တွင် တလက်လက် တောက်ပနေသော ခက်ရင်းခွအမှတ်အသားနှင့် လူငယ်တစ်ဦး ဖြစ်သည်။ သူက အန္တရာယ်များသော အငွေ့အသက်ကို ထုတ်လွှတ်နေပြီး မန်ဟိုအား မကြာသေးမီက သတ်ခဲ့သော ကျီမင်ဖုန်းအား သွားသတိရမိစေသည်။

ဤလူငယ်သည် ကျီမျိုးနွယ်စု၏ တပ်သားအဖွဲ့ဝင် ကျီမင်ကောင်းမှတစ်ပါး အခြားမဟုတ်ပေ။

သို့သော် ကျီမျိုးနွယ်ဝင် ခုနစ်ယောက်အနက် မန်ဟို့ အာရုံကို အဆွဲဆောင်နိုင်ဆုံးမှာတော့ ကျီရှောင်ရှောင်မဟုတ်သလို၊ ကျီမင်ကောင်းလည်း မဟုတ်။ ၎င်းသည် သူတို့၏အနောက်တွင် ပြုံးလျက် ရပ်နေသော သာမန်ဖြစ်ပုံရသည့် အရပ်ပုပု လူငယ်တစ်ဦး ဖြစ်ချေသည်။

လူငယ်သည် ထူးခြားပုံမရသော်လည်း ကျီမျိုးနွယ်ဝင် ခုနစ်ယောက်ကို ကြည့်ပြီးနောက် ထိုလူငယ်တစ်ယောက်ကသာ သူ့အား အန္တရာယ်အာရုံ ရစေခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ၎င်းကား အန္တရာယ်အာရုံလေးသက်သက်သာ။ သူ မသေမချင်း အနားယူနိုင်မည်မဟုတ်‌သော မုန်းတီးမှုမျိုး၊ အသည်းထဲ ကလီစာထဲမှ လှိုက်၍ မုန်းတီးမှုမျိုးအား မည်သူ့ထံတွင်မှ မခံစားရပေ။ ကြည့်ရ‌သရွေ့ မန်ဟိုနှင့် ကျီမင်ဖုန်းသေဆုံးခြင်းအကြား ဆက်စပ်မှုကို တစ်ယောက်မှ သိဟန်မတူ။

သူက ကျီရှောင်ရှောင်ကို ကြည့်လိုက်ပြီး သူမက သူ့ကို တိတ်ဆိတ်စွာ ပြန်ကြည့်သည်။

ကျီမျိုးနွယ်စုအပြင် ဖန်မျိုးနွယ်စုလည်း ရှိနေသည်။ ဖန်ယုက မန်ဟို့ကို တောက်ပစွာ ပြုံးပြ၏။ သူမအနောက်တွင် မန်ဟို့ကို အေးတိအေးစက် အကဲခတ်ရင်း မနှစ်မြို့နေသော မျက်လုံးများဖြင့် အမျိုးသားနှစ်ယောက် ရှိသည်။

မိစ္ဆာအင်မိုတယ်ဂိုဏ်းသို့ ဖန်မျိုးနွယ်ဝင် သုံးယောက် လာရောက်ခဲ့ကြောင်း ဖန်ယု ပြောခဲ့သည်ကို မန်ဟို ပြန်သတိရလိုက်သည်။ ဤသည်မှာ ဖန်မျိုးနွယ်စုမှ ကျန်နှစ်ယောက်ဖြစ်ကြောင်း သိသာသည်။

မန်ဟို့အတွက် စိတ်ဝင်စားစရာ အကောင်းဆုံးမှာ ဤ‌အမျိုးသားနှစ်ယောက်၏ ညာလက်များပင်။ ၎င်းတို့မှာ ထူးခြားပုံရသော်လည်း ထိုသို့မဟုတ်ကြောင်း သူ့အနေဖြင့် ပြောနိုင်၏။ အဘယ်ကြောင့်ဆိုသော် ဖန်မျိုးနွယ်စု၏ ပါးလွှာသောလက်အိတ်အသုံးပြုပုံက သူနှင့် ရင်းနှီး၍ပင်။ တစ်ချက်ကလေး ကြည့်ရုံနှင့် သူတို့သည် ထိုလက်အိတ်မျိုး ဝတ်ထားကြောင်း သူ ပြောနိုင်သည်။

ကျီနှင့် ဖန်မျိုးနွယ်စုအပြင် အရှေ့ဘက်နယ်မြေမှ လူလေးငါးယောက်လည်း ရှိသည်။ အများစုမှာ ကျီနှင့် ဖန်မျိုးနွယ်စုအနားတွင် အစုဖွဲ့နေကြသော်လည်း နေနှစ်စင်းအကြားတွင် မှေးမှိန်နေကြ၏။ နှစ်ဖွဲ့နှင့်ယှဉ်လျှင် သူတို့မှာ သိပ်ထူးခြားပုံမရတော့ပေ။

သို့သော် သူတို့၏ ကျင့်ကြံအဆင့်သည်ကား တမူထူးခြား၏။ မန်ဟို သူတို့ကို လှမ်းကြည့်လိုက်စဉ် သူ့အကြည့်သည် ဖန်ယုဘေး၌ ရပ်နေသော ပိန်ပိန်သွယ်သွယ် လူငယ်တစ်ယောက်အပေါ် ကျရောက်သွားသည်။ သူက ပြုံးနေသော်လည်း သူ၏နူးညံ့သိမ်မွေ့သော ဟန်ပန်ထဲတွင် ရက်စက်ကြမ်းကြုတ်မှုအား မြှုပ်နှံကွယ်ဝှက်ထားလေသည်။ အတွင်းစိတ်ထဲတွင် သူသည် ရည်မှန်းချက်ကြီးပြီး အကြင်နာမဲ့သောလူတစ်ယောက် ဖြစ်ပေလိမ့်မည်။

ထိုသူ မည်သူလဲ ဆိုသည်ကိုတော့ မန်ဟို သေချာမသိပေ။ သို့သော် ထိုသူ ရပ်နေသောနေရာကို ထည့်တွက်လျှင် သူ့အနေဖြင့် နည်းနည်းပါးပါးတော့ ခန့်မှန်းကြည့်နိုင်၏။

"ဒီလူက အမြင့်ရောက်ဖို့အတွက် သိုသိုသိပ်သိပ် နေနေတာလား" သူက တွေးလိုက်သည်။ သူသည် ရုတ်တရက် ဤလူငယ်၏ ရဲစွမ်းသတ္တိကို အတန်ငယ် လေးစားမိသွားလေ၏။

ဆန့်ကျင်ဘက်တွင်တော့ မြောက်ပိုင်းသဲကန္တာရမှ လူများရှိသည်။ မန်ဟို နားလည်ရသလောက် မြောက်ပိုင်းသဲကန္တာရသည် ခေတ်နောက်ကျသော လူရိုင်းဒေသတစ်ခုဖြစ်သည်။ ၎င်းက အနောက်ပိုင်းသဲကန္တာရထက် အတန်ငယ် သာယာသော်လည်း တောင်ပိုင်းဒေသ သို့မဟုတ် အရှေ့ဘက်နယ်မြေနှင့် အကွာကြီး ကွာလေသည်။

တကယ်တော့ မြောက်ပိုင်းသဲကန္တာရသည် အနှင်ခံပြည်တစ်ပြည်ဖြစ်ကြောင်း မန်ဟို သိသည်။ ထိုနေရာရှိ ကျင့်ကြံသူများမှာ အခြားဒေသများမှ နှင်ထုတ်ခံရ၍ မြောက်ပိုင်းသဲကန္တာရသို့ ကံကြမ္မာကောင်း အရှာထွက်လာကြသူများ ဖြစ်လေသည်။

မှန်သည် ၊ မြောက်ပိုင်းသဲကန္တာရ ထုတ်ပြ‌န်ကြေညာထားသည်မှာ လွတ်လပ်မှု ရှိဖို့ပင်။ လုံးဝအနှောင်အဖွဲ့မရှိ ၊ အဆုံးအစွန်အထိ လွတ်လပ်မှု။

ထိုနေရာရှိ ဂိုဏ်းအများစုမှာ အခြားနယ်မြေများမှ သစ္စာဖောက်ဂိုဏ်းများ ဖြစ်ကြသည်။ အခြားမျိုးနွယ်စုများ၏ ဖရိုဖရဲဖြစ်လာသော အကြွင်းအကျန်လူစုများမှလည်း မျိုးနွယ်စုများ တည်ထောင်လေသည်။ ဥပမာဆိုရလျှင် အင်ပါယာသွေးဆက် ဆိုသော မျိုးနွယ်စု။

‌ကောလဟလများအရ အဆိုပါမျိုးနွယ်စုသည် ယခင်က အင်မိုတယ်များစွာအား မြေတောင်မြှောက်ပေးခဲ့သည်ဟူ၍။ ထိုအကြောင်းကြောင့် မျိုးဆက်သစ်များတွင် ခိုင်မာသော အုတ်မြစ်ရှိလေရာ တိုးချဲ့ကြီးထွားလာခဲ့သည်။ နောက်ဆုံးတွင် အဖွဲ့သည် နှစ်ခြမ်းကွဲသွား၏။ တစ်ခြမ်းက သေဆုံးသွားကြပြီး ကျန်တစ်ခြမ်းက မြောက်ပိုင်းသဲကန္တာရသို့ ခရီးနှင်လာကာ ဤမျိုးနွယ်စုအသစ်ကို ထူထောင်ခဲ့လေသည်။

မြောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူ စုစုပေါင်း ရှစ်ယောက် ရှိ၏။ သူတို့အားလုံးမှာ အလွန်‌ဆန်းပြားပြီး တစ်ယောက်မှ အဖွဲ့လိုက်မနေဘဲ သီးသန့်စီ ရှိနေကြသည်။

သူတို့ထံမှ ထုတ်လွှတ်နေသော နိုင်လိုမင်းထက်ဆန်ပြီး မောက်မာသောအငွေ့အသက်များမှာ တဖြေးဖြေး ထင်ရှားလာသည်။ ရှစ်ယောက်အနက် သုံးယောက်သည် အမျိုးသမီးများဖြစ်ပြီး ငါးယောက်က အမျိုးသားများဖြစ်၏။ တစ်ယောက်ချင်းစီသည် မြေပွေးလို ရန်များပြီး ရက်စက်လေသည်။ သူတို့အထဲမှ ကွဲထွက်နေသော လူငယ်တစ်ယောက်ရှိသည်။ သူ့တွင် ဖီးနစ်သဖွယ် စူးရဲသော မျက်ဝန်းများနှင့် လှပခံ့ညားသော အသွင်ရှိလေသည်။ သူသည် ပြုံးနေသယောင် ထင်ရသော်လည်း ၎င်းက လူတစ်ယောက်အား နှင်းလေဖြင့် မျက်နှာအား ဖြတ်တိုက်ခံလိုက်ရသည့်အလား ခံစားရစေမည့် အေးစက်စက်အပြုံးတစ်ခု ဖြစ်၏။

ဤသည်ကား အင်ပါယာသွေးဆက်မျိုးနွယ်ဝင်မှတစ်ပါး အခြားမဟုတ်။

‌နဖူးပေါ်တွင် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်း မဟုတ်ပုံရသော ထူးထူးဆန်းဆန်း အမှတ်အသားတစ်ခုနှင့် လူငယ်နောက်တစ်ယောက်လည်း ရှိသည်။ အမှတ်အသားသည် သူ၏မျက်နှာပြင်တစ်လျှောက် လူးလွန့်သွားနေရာ သူ့ကို ကြည့်လိုက်သည့် မည်သူမဆို နှစ်ခါကြည့်မိသွားမည်ဖြစ်သည်။

ထို့အဖွဲ့၏ ဘေးတွင်တော့ တောင်ပိုင်းဒေသမှ လူများဖြစ်သည်။

သူတို့ကို လှမ်းကြည့်လိုက်သောအခါ မန်ဟို၏အကြည့်မှာ အတန်ငယ် နူးညံ့သွား၏။ တောင်ပိုင်းဒေသ.... သူ့အိမ်။ တိတိကျကျဆိုရလျှင် သူကား တောင်ပိုင်းဒေသသားတစ်ယောက်ပင်။

တောင်ပိုင်းဒေသမှ စုစုပေါင်း လူခုနစ်ယောက် ရှိသည်။ သူတို့ စုဖွဲ့နေပုံအရ ဂိုဏ်းနှင့်မျိုးနွယ်စုများအကြား မဟာမိတ်ဖွဲ့ထားသည်ကို မန်ဟို ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။

ဝမ်လီဟိုင်နှင့် ဟန်ပေ့က တပူးပူး တတွဲတွဲ ဖြစ်လေရာ ဝမ်မျိုးနွယ်စုနှင့် ချင်းလော်ဂိုဏ်း ပူးပေါင်းလုပ်ဆောင်နေသည်ဟု ဆိုလိုသည်။

စုန့်ယွင်ရှုကိုကား မည်သည့်နေရာတွင်မှ မမြင်ရ။ မန်ဟို့ ခန့်မှန်းချက်များ မှန်လျှင် စုန့်ယွင်ရှုတစ်ယောက် ကျီရှောင်ရှောင်၏လက်စာ မိသွားပုံရသည်။ သူမသည် မျက်မြင်သက်သေဖျောက်ရန် သူ့အား သေချာပေါက် ဖယ်ရှားပစ်ခဲ့လိမ့်မည်။

နောက်ဆုံးတွင် မန်ဟို၏အကြည့်သည် တောင်ပိုင်းဒေသမှ အမျိုးသမီးတစ်ယောက်အပေါ် ကျရောက်သွား၏။ သူမ၏ရုပ်ရည်သွင်ပြင်မှာ သူနှင့် မရင်းနှီးသော်လည်း မျက်လုံးချင်းဆုံသည်နှင့်တစ်ပြိုင်နက် မန်ဟို ပင့်သက်ရှိုက်မိသွားလေသည်။

"သူပဲ...."

***

All Chapters