တစ်ကိုယ်လုံး ကိုက်ခဲနေလို့ဗျ
Vol. 43 Ch. 594
သူမနှင့်ပတ်သက်ပြီး မန်ဟို၏ မှတ်ဉာဏ်များမှာ စမ်းတဝါးဝါးပင်။ တကယ်တမ်း သူ့မှာ သူမနှင့် ထိတွေ့ဆက်ဆံမှု သိပ်များများစားစား မရှိခဲ့သည် မဟုတ်ပါလော။ သူ မှန်မှန်ကန်ကန် မှတ်မိလျှင် သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့် တစ်ယောက်ပင် မျက်နှာချင်းဆိုင် မဆုံတွေ့ခဲ့ဖူးပေ။
သူတို့နှစ်ယောက်အား ဆက်စပ်ပေးသည့်အရာဆို၍ စုန့်မျိုးနွယ်စု၏ သမက်ရှာပွဲသာ ရှိသည်။ အဆုံးသတ်တွင် သူတို့မှာ သူစိမ်းများ ဖြစ်ကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် ပတ်သက်နေသေးလေသည်။
အရှင်းဆုံးပြောရလျှင် ... သူမသည် စုန့်မျိုးနွယ်စုမှ မန်ဟို၏ ဇနီးသည်ဖြစ်၏။
သူမက စုန့်မျိုးနွယ်စု၏ သမီးကညာဖြစ်လေရာ သူမအတွက် သမက်ရှာပွဲပြီးနောက် ဒုတိယခင်ပွန်းထားရန် မဖြစ်နိုင်ပေ။ သူမ၏ဂုဏ်သိက္ခာနှင့် စုန့်မျိုးနွယ်စု၏မျက်နှာမပျက်ရေးက ထိုသို့ပြုလုပ်မည်ကို ခွင့်မပြုနိုင်။
မန်ဟို ထွက်ပြေးသွားပြီးနောက်ပိုင်း စုန့်မျိုးနွယ်စုသည် အပြင်လူများအား မည်သည့်စကားမှ မဟပေ။ သို့သော် ဤမိန်းမငယ်လေးအတွက်တော့ ကိစ္စတစ်ရပ်လုံးမှာ ထိုးနှက်ကြီးတစ်ခု ဖြစ်ခဲ့သည်။
သူမသည် အမြဲ နူးညံ့သိမ်မွေ့သော မိန်းကလေး တစ်ဦး ဖြစ်ခဲ့၏။ ထူးချွန်ပြောင်မြောက်သော ပင်ကိုယ်စွမ်းရည် ရှိသော်ငြား သူမနှလုံးသားလေးကတော့ နုနယ်လေသည်။ ထို့ကြောင့် သူမအတွက် သန်သန်မာမာ ရပ်တည်ရန် ခက်ခဲခဲ့ပြီး အပြင်လောက၏ မိုးသက်မုန်တိုင်းတို့ကို ကြောက်ရွံ့နေသော ဖန်လုံးအိမ်ထဲမှ ပန်းပွင့်လေးတစ်ပွင့်ပမာ ဖြစ်ခဲ့ရသည်။
ထိုသည်က မန်ဟို မှတ်မိသော စုန့်ကျားဆိုသည်ပင်.... ချောမောလှပပြီး နူးညံ့ပျော့ပျောင်းသော မျက်နှာလေးနှင့် သိမ်မွေ့သော မျက်ဝန်းတစ်စုံပိုင်ရှင်။
သို့ရာတွင် ယခုတော့ နှစ်တစ်ရာ ကြာသော် စုန့်ကျား ပြောင်းလဲသွားခဲ့လေပြီ။ သူမမျက်ဝန်းများသည် ရဲတင်းသန်မာမှုဖြင့် ပြည့်နှက်နေပြီး ထိုနှစ်များတုန်းက နှလုံးအိမ်တွင် ဖုံးကွယ်ထားခဲ့ရသော အားနည်းမှုသည်လည်း ခဝါကျသွားခဲ့ပြီဖြစ်သည်။ သူမ ရင့်ကျက်လာခဲ့သည်။
သူမမှာ ရင့်ကျက်လာရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ မန်ဟို့ကိစ္စပြီးနောက် သူမတွင် ခင်ပွန်းအသစ် ရွေးချယ်ခွင့် မရခဲ့။ ထူးဆန်းစွာနှင့် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက သူမကို ထပ်မံတောင်းဆိုခြင်း မရှိတော့သည့်အပြင် ယဉ်ယဉ်ကျေးကျေး အလေးပေး ဆက်ခံခဲ့လေသည်။ ထိုအခြင်းအရာက သူမကို အပြင်လူတစ်ယောက်ဖြစ်နေသည့်အလား ခံစားရစေခဲ့သည်။
ထိုစဉ်တုန်းက ဘာကြောင့်လဲ နားမလည်ခဲ့သော်လည်း နှစ်ပေါင်းများစွာကြာသည့်နောက် အဆိုပါအခြင်းအရာများက သူမနှင့် မသက်ဆိုင်ကြောင်း သဘောပေါက်ခဲ့လေသည် ... ထိုသမက်လောင်း ရွေးချယ်ပွဲမှစပြီး... အရာအားလုံး ပြောင်းလဲသွားခဲ့ခြင်းပင်။
သူမသည် စုန့်မျိုးနွယ်ဆိုသော ဂုဏ်ပုဒ်အပြင် လျှို့ဝှက်ဆန်းကြယ်သော နောက်ခံတစ်ခုကို ရရှိသွားခဲ့ကြောင်း နားလည်လာခဲ့သည်။ သူမနောက်ခံ၏ အင်အားက သူမနှင့် ဆုံတွေ့လေတိုင်း စုန့်မျိုးနွယ်ဝင်တိုင်းအား ဆောင်းလယ်က ပုစဉ်းရင်ကွဲများသဖွယ် တုန်ရီသွားစေသည်။ သူတို့မှာ သူမနှင့်ပတ်သက်ပြီး ဘာလုပ်၍ဘာကိုင်ရမလဲမသိ ဖြစ်ကုန်ကြ၏။
မျိုးနွယ်စု၏ အရင်းအမြစ်အလုံးစုံမှာလည်း သူမစိတ်တိုင်းကျ ဖြစ်လာသည်။ နောက်ဆုံးတွင် သူမသည် သူမအစ်ကို စုန့်ယွင်ရှုထက်ပင် အရေးပါသည့် အတိုင်းအတာအထိ ရောက်လာခဲ့၏။ သူမ လက်ညှိုးညွှန်ရာ ရေဖြစ်နေလေရာ အစ်ကိုဖြစ်သူစုန့်ယွင်ရှုအား အတိုင်းအထက်အလွန် မနာလိုဖြစ်လာစေတော့သည်။ သူ သူမကို တွန်းထုတ်လေလေ၊ သူမမှာ နောက်ဆုတ်အလျှော့ပေးလေလေပင်။ သို့သော် မိစ္ဆာအင်မိုတယ်ပြင်ညီသို့ ရောက်သောအခါ စုန့်ယွင်ရှုမှာ ပို၍ပင် ရန်လိုတတ်လာခဲ့၏။
အမှန်တိုင်းဆိုရလျှင် သူမသည် စိတ်နှင့်ကိုယ်ကပ်၍ သတိထားနေခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် အစ်ကိုဖြစ်သူလက်ချက်နှင့် သေနေလောက်လေပြီ။ ထိုကိစ္စက သူမနှလုံးသားလေးအား ပြင်းထန်လှသော နာကျင်မှုဖြင့် စူးအောင့်စေခဲ့သည်။
သူမသည် မန်ဟိုကို ချက်ချင်း မှတ်မိလိုက်၏။ သူမနှလုံးသားထဲရှိ အမည်မဖော်နိုင်သော ခံစားချက်များအား နှစ်ပေါင်းတစ်ရာကျော်တိုင်အောင် ချည်နှောင်ထုံးဖွဲ့ထားခဲ့ပြီး ဖြစ်လေသည်။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသောအခါ သူမက သူ့ကို မဆိုစလောက် ခေါင်းညိတ်ပြလိုက်၏။
မန်ဟိုက တခဏကြာသည်အထိ တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် အကြည့်လွှဲသွားလေသည်။
လီရှိချီကို မြင်သောအခါ ထိုနှစ်တုန်းက မှီခိုရာဂိုဏ်းသို့ သူနှင့်အတူ ဝင်ရောက်ခဲ့ရသော ဝမ်ယိုချိုင်ကို ချက်ချင်း တွေးလိုက်မိသည်။ ကျိုးပြည်မှ ထွက်လာပြီးနောက်ပိုင်း မမြင်ရတော့သော ကျားလေး(ရှောင်းဟူ)ကိုလည်း သတိရလိုက်သည်။ ကျားလေးလည်း မှီခိုရာလိပ်အိုကြီးနှင့်အတူ ပါသွားလောက်သည်။
မည်သည်တို့ ဖြစ်ပျက်နေသည်လဲ သဘောမပေါက်ခင် မန်ဟို့နှလုံးသားထဲ၌ အချိန်တို့ကုန်ဆုံးသွားခဲ့ပြီဆိုသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သူက သက်ပြင်းခိုးချလိုက်၏။ တစ်ခါတရံ မိတ်ဆွေဟောင်းများနှင့် တွေ့ဆုံရသည့်အခါ တမ်းတကြေကွဲရတတ်သည် မဟုတ်ပါလော။
လီရှိချီက အလွန် တည်ငြိမ်ပြီး သတိရှိစွာဖြင့် မဆိုစလောက် ပြုံးပြသည်။ မန်ဟိုက ခေါင်းပြန်ညိတ်ပြလိုက်ပြီး တောင်ပိုင်းဒေသမှ ကျန်ကျင့်ကြံသူများကို အကဲခတ်လိုက်၏။ ထိုသူများကို သူ မသိပေ။
သို့သော် သူတို့ထဲမှ တစ်ယောက်သည် သူ့လက်ချက်နှင့် သေဆုံးခဲ့ရသော လီမျိုးနွယ်စု၏တာအိုကလေး လီတောက်ရီကို သတိရမိစေလိုက်၏။
ဤလူသစ်သည် ဓားသွားပမာ စူးရှသော အကြည့်တစ်ချက်ဖြင့် ထောင်ထောင်မောင်းမောင်း၊ ထွားထွားကြိုင်းကြိုင်း ဖြစ်ချေသည်။ သူက ဓားအိမ်မှ မထုတ်ရသေးသော ဓားသဖွယ် ကောင်းကင်နှင့်မြေကြီးကို နှစ်ခြမ်းခြမ်းပစ်ရန် အဆင်သင့်ဖြစ်နေသယောင်ပင်။
သူကား လီမျိုးနွယ်စု၏ လက်ရှိမျိုးဆက် တာအိုကလေး လီထျန်းတောက်ဖြစ်ပေ၏။
သိပ်အထင်ကြီးစရာမကောင်းသော ကျင့်ကြံသူနောက်တစ်ယောက် ရှိသည်။ သူက ပြံးနေသယောင်ရှိသော်လည်း မန်ဟိုကို မနာလိုသောမျက်လုံးများဖြင့် ကြည့်နေသော ခါးကုန်းကုန်အဘိုးကြီးတစ်ဦးပင်။ မန်ဟိုသည် ထိုသူ့ကို မမှတ်မိသော်လည်း ထိုသူ တောင်ပိုင်းဒေသကျင့်ကြံသူများ အကြား ရပ်နေစဉ် မန်ဟို့ရင်ထဲ၌ မနှစ်မြို့သော ခံစားချက်အား ပေါက်ဖွားလာစေတော့သည်။
ဇီယွင်ဂိုဏ်း၊ ယီးကျန့်ဂိုဏ်း သို့မဟုတ် တခြားဂိုဏ်းများမှ မည်သည့်ဂိုဏ်းသားကို မှ မမြင်ရပေ။ မန်ဟိုမှာ အတန်ငယ် ဇဝေဇဝါဖြစ်နေသော်လည်း ယခုအချိန်ကား စုံစမ်းစစ်ဆေးနေရမည့် အချိန်မဟုတ်။
နောက်ဆုံးတွင် အနောက်ပိုင်းသဲကန္တာရ သို့မဟုတ် အနက်ရောင်နယ်မြေဟုဆိုလျှင် ပိုမှန်မည်။ ထိုနေရာမှ ကျင့်ကြံသူများလည်း ရှိ၏။
ကျောက်ဖန်း၊ သောလန်နှင့် သူမသိသော တခြားနှစ်ယောက်။ ခေါင်းဆောင်ကြီးဟုရန်ကား အရိပ်ပင် မမြင်ရ။
ဤနေရာတွင် သူနှင့် မရင်းနှီးသူ အတော်များသော်လည်း လူတိုင်းမှာတော့ သူ မည်သူမည်ဝါဖြစ်ကြောင်း သိထားကြသယောင်ပင်။
သူသည် မိစ္ဆာမဟာမိတ်ပေါင်းစု၏ အကြီးအကဲတစ်ဦး၊ မိစ္ဆာအင်မိုတယ်ဂိုဏ်းတွင် နံပါတ်တစ် လူပေါ်ကြော့၊ တောင်ထိပ်သခင်ပါရာဂွန်တစ်ဦး၏ သား ၊ ခဲကျုံစစ်ဖြစ်သည်။ သူက အလွန်တရာ ထင်ရှားကျော်ကြားလေရာ ဤနေရာရှိ လူတိုင်းအား အားကျမနာလို ဖြစ်မိစေလေသည်။
အထူးသဖြင့် မိစ္ဆာအင်မိုတယ်စေတီ၏ အံ့ဖွယ်ဖြစ်ရပ်များနောက်ပိုင်း။ ဤလူတချို့ ခံစားနေရသည့် ဣဿာမစ္ဆိရိယစိတ်မှာ နှလုံးသားအထဲတွင် အမြစ်တွယ်ပြီး အသည်းထဲ၊ ကလီစာထဲမှ မနာလိုဖြစ်မှုအသွင်ပြောင်းသွားခဲ့သည်။
ဤလူများအတွက်တော့ မန်ဟိုသည် ဤရှေးဟောင်းဒုတိယပြင်ညီ၏ ပြိုင်ဘက်ကင်းသော ရွေးချယ်ခံတစ်ဦးဖြစ်၏။
သူက သူတို့အားလုံးကို မျက်လုံးဝေ့ကြည့်ပြီးနောက် လူယုတ်မာအပြုံးပြုံးကာ တံခါးဘောင်ကို မှီလိုက်သည်။ ထို့နောက် အပြုံးတစ်ခုဖြင့် ပြော၏။ "မင်္ဂလာပါ တာအိုရောင်ရင်းတို့။ ကျုပ်လို နိမ့်ကျတဲ့သူလေးနဲ့ ဘယ်လိုကိစ္စတွေများ ဆွေးနွေးချင်ပါသလဲခင်ဗျာ"
သူ၏ယခုပုံစံမှာ လူပေါ်ကြော့တစ်ဦးနှင့် အမှန်အကန် တူနေတော့သည်။ အထူးသဖြင့် တံခါးဘောင်ကို မှီနေသောဟန်ပန်။ သူ့ပုံစံက အေးအေးလူလူဖြစ်နေ၍ ရှိသမျှ လူတိုင်းအား မျက်မှောင်ကြုတ်သွားစေတော့သည်။
သို့သော်လည်း သူတို့မှာ ဘာမှမတတ်နိုင်သည်သာ။ သူတို့သည် အတွင်းစည်းဂိုဏ်းသားများ ဖြစ်ကြပြီး သူတို့အဆင့်အတန်းနှင့် မန်ဟို့အဆင့်အတန်းမှာ မိုးနှင့်မြေပမာ ကွာခြားလေသည်။ အမှန်တိုင်းဆိုရလျှင် အတော်များများမှာ မန်ဟို့အား ကိုယ်တိုင်ကိုယ်ကျ လာမတွေ့ရဲကြပေ။
အလျင်လိုနေသော အခြေအနေအရ ဖိအားပေးခံရခြင်းနှင့် သူတို့၏ မစွန့်လွှတ်နိုင်သော အလားအလာ၊ အခွင့်အလမ်းများကြောင့်သာ မဟုတ်လျှင် မန်ဟို့ကို ယခုလို တွေ့နိုင်မည်မဟုတ်ပေ။
တချို့သည် မျက်နှာများ ဖုံးကွယ်ရန်သော်လည်းကောင်း၊ ဤအစည်းအဝေးအား တခြားနည်းလမ်းများဖြင့် တက်ရန်သော်လည်းကောင်း စဉ်းစားခဲ့ကြသေးသည်။ သို့သော် အနားရောက်သည်နှင့်တစ်ပြိုင်နက် မန်ဟိုက သူတို့မည်သူဖြစ်ကြောင်း အာရုံခံနိုင်မည်ဖြစ်ရာ ထိုသို့ပုန်းအောင်းဖုံးကွယ်နေလဲ အချည်းနှီးသာ။
ဘေးကင်းလုံခြုံစေမည့် တစ်ခုတည်းသော နည်းလမ်းမှာ သူ့ထံမှ ဝေးဝေးရှောင်နေရန်ပင်။ သို့သော်လည်း ဤအစည်းအဝေးမှာ အရေးပါလွန်း၏။ သူတို့အနေဖြင့် ယုံကြည်ကြောင်း ပြသရန် လိုအပ်ပြီး မဟုတ်လျှင် အောင်မြင်နိုင်ခြေ နည်းနည်းလေးမှ ရှိမည်မဟုတ်ပေ။
ထို့ကြောင့် ဖန်မျိုးနွယ်စုနှင့် ကျီမျိုးနွယ်စုသည် အခြားမျိုးနွယ်စုများနှင့်အတူ ပူပေါင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါမဟာမိတ်အဖွဲ့၏ ရန်သူကား တစ်ယောက်တည်းသာ... မန်ဟို။ သူတို့သည် အင်အားအကုန် စုပေါင်းပြီးနောက် ဆွေးနွေးညှိုနှိုင်းကြမည် ဖြစ်သည်။
ထိုမှသာ သူတို့အားလုံး မန်ဟိုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရဲပေမည်။
ယင်းကဲ့သို့ မချင့်မရဲဖြစ်ရမှုမှာ အပြင်လောကတွင်ဆိုလျှင် သူတို့ကဲ့သို့ တောက်ပနေသော နေမင်းကြီးများအတွက် လက်ခံရခက်ခဲမည့်အရာပင်။
မန်ဟို၏အသံ ပဲ့တင်ထပ်လာစဉ် လူတိုင်း တိတ်ဆိတ်သွားသည်။ ဘယ်သူမှ မတုံ့ပြန်။ သူတို့က တစ်ယောက်ကို တစ်ယောက်ကို ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် သူတို့အကြည့်က ကျီနှင့်ဖန်မျိုးနွယ်စုအပေါ် ကျရောက်လာတော့သည်။
ကျီမျိုးနွယ်စုမှာမူ တိတ်ဆိတ်နေပြီး ဖန်မျိုးနွယ်စုကို လှမ်းကြည့်လိုက်သည်။
ဖန်ယုက လည်ချောင်းရှင်းပြီး မန်ဟို့ကို ကြည့်သည်။
"နင့်ကို ငါတို့ အကူအညီတောင်းစရာလေး ရှိလို့ပါ" သူမက ပြောသည်။ "ဟုတ်တာပေါ့ နစ်နာကြေးလည်း ပေးမှာ အများကြီး" ဖန်ယု မန်ဟို့ကို မည်မျှကောင်းကောင်း နားလည်သလဲ မပြောတတ်သော်လည်း စကားလုံးများ သူမပါးစပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် မန်ဟိုမှာ ချက်ချင်း စိတ်ဝင်စားသွားသယောင်ပင်။
"တကယ်တော့ လုပ်ပေးရမှာက ရိုးရိုးရှင်းရှင်းလေးပါပဲ" သူမက ဆက်ပြောသည်။ "တတိယနဲ့ စတုတ္ထတောင်ထိပ်အကြားက ကျင်းအပေါ်မှာ ဝဲနေတဲ့ လှေကားကို နင် သေချာပေါက် မြင်ခဲ့တယ်မလား။ နင် လုပ်ပေးရမှာက အဲ့ဒီလှေကားထိပ်ကို တက်ပြီး ဒီနေရာက ထွက်သွားဖို့။ အဲ့ဒါလေးပဲ
"လုပ်ပေးတဲ့အတွက် အပြန်အလှန်အနေနဲ့ ဒီမှာရှိတဲ့ ငါတို့ တစ်ယောက်ချင်းစီကနေ နင့်ကို နစ်နာကြေးအဖြစ် ဝိညာဉ်ကျောက်တုံးတစ်သိန်းစီ ပေးမယ်။ ကြည့်... ဒီမှာ လူတွေ အများကြီးနော်။ အဲ့ဒီတော့ နင်ရမှာ ဝိညာဉ်ကျောက်တုံး သန်းနဲ့ချီတယ်။ လှေကားပေါ်လေး တက်ပေးရုံနဲ့ အများကြီးရမှာလေ ဘယ်လိုလဲ။ နင့် အစ်မကြီးပြောတာ နားထောင်သင့်တယ်နော်" သူမက သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး သူ့မှာ စတင်တွက်ချက်ကြည့်တော့သည်။
"ဟို ကျွန်တော်တော့ အဲ့ဒီလိုမထင်ဘူးဗျ အစ်မကြီးရဲ့။ အခုတလော ကျွန်တော် ခေါင်းတော်တော် ကိုက်နေတာ.... ကျင့်ကြံနေတုန်း ပခုံးလည်း အကြောညက်သွားသေးတယ်။ ပြီးတော့ ခြေထောက် ။ ကျွန်တော်တော့ ဒီနေရာနဲ့ နေသားမကျသေးဘူး ထင်ပါရဲ့ ။ နေ့တိုင်း တောက်လျှောက် ကိုက်ခဲနေတာ" သူက အီးမှန်ထားသော မျက်နှာထားကြီးဖြင့် ရှုံ့ကာမဲ့ကာ ပြောလိုက်သည်။
သူ ဤသို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ရှိသမျှလူတိုင်း၏ မျက်နှာအပေါ်တွင် မနှစ်မြို့သောအမူအရာများ ပေါ်လာတော့သည်။ ဘယ်သူမှ ဘာမှ မပြောသော်လည်း ပွစိပွစိရေရွတ်နေကြလေသည် ....
ကျင့်ကြံသူတစ်ယောက်က ခေါင်းကိုက်တယ်တဲ့လား။ ဘယ်သူက ယုံမှာတုန်း။
ကျင့်ကြံရတာကြောင့် ပခုံးအကြောညက်တယ်တဲ့လား။ ပင့်ကူ၊ ဖားပြုတ်ကျင့်စဉ် ကျင့်နေတာလည်းမဟုတ်ဘဲ ဘယ်လိုကြောင့် ပခုံးအကြောညက်သွားသလဲ ......
ထို့နောက် 'နေသားမကျသေးဘူး' ဆိုသော မျက်နှာထား။ သူတို့မှာ သူ့ကို ဆဲချင်မိနေတော့သည်။ ဘယ်သူမှ ယခုလို မကြုံတွေ့ဖူးသည့်တိုင် ... မန်ဟိုက ကြုံတွေ့နေရသည်တဲ့လား။
ထိုမျှသာမက ... သူတို့အားလုံး ဤနေရာသို့ ဝိညာဉ်ဖြင့်သာ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ဝိညာဉ်တစ်ကောင် 'နေသားမကျဘူး' ဆိုတာ မည်သူ ကြားဖူးလေသနည်း။
"ဒီမှာကြည့်ဦး လည်ပင်းလေ။ အရမ်းနာတာ ဒီနေရာလေးမှာပဲ" သူက ထိုနေရာကို နှိပ်ရင်း သက်ပြင်းချကာ ဆက်ပြောသည်။ "ကျွန်တော် ကျင့်ကြံခြင်းဂူပြန်ပြီး ခဏလောက် လှဲနေဖို့ လိုတယ်။ သွေးလည်ပတ်မှုကောင်းအောင် နှိပ်ခိုင်းဖို့ ဂိုဏ်းတူညီမလေးတွေကို အဖေ့ကို ခေါ်ခိုင်းရမယ်။ အစ်မကြီးတို့ တောင်းဆိုတာကိုတော့ ကျွန်တော် မကူညီနိုင်မှာ တကယ်ပဲ စိုးရိမ်မိပါတယ်"
လူတိုင်းမှာ ရူးတော့မတတ် ဖြစ်နေသော်လည်း ဒေါသကို မြိုသိပ်ထားရုံမှတစ်ပါး အခြားမရှိပေ။ သူတို့အမြင်အရ မန်ဟိုက သူ၏လိုတရဘဝနှင့် ပါရာဂွန်အဖေရှိကြောင်း ကြွားလုံးထုတ်နေခြင်း ဖြစ်လေသည်။
သွေးလည်ပတ်မှုကောင်းအောင် ဂိုဏ်းတူညီမလေးတွေကို ခေါ်နှိပ်ခိုင်းမယ်တဲ့လား ... ဤအရာက ကျင့်ကြံသူအမျိုးသားအားလုံးကို အံတင်းတင်းကြိတ်လိုက်မိစေသည်။
ထို့နောက် မန်ဟိုဆက်ပြောလိုက်သည့်စကားက သူတို့ကို ပို၍ပင် ဒေါသထွက်သွားစေတော့သည်။ "ကဲ မှောင်လည်း မှောင်တော့မယ်။ ညစာစားဖို့ အဖေစောင့်နေတာမလို့ သွားတော့မယ်နော်။ နောက်မှတွေ့တာပေါ့" သူက သမ်းဝေရင်း ထွက်ခွာရန် လှည့်လိုက်၏။
"တော်တော့" ဖန်ယုက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ရင်း အော်သည်။ "နင် 'ကျွန်တော့်အဖေက ဘယ်လို' 'ကျွန်တော့်အဖေက ဘယ်ညာ' တောက်လျှောက် ပြောနေတာ။ ခဲယွင်ဟိုင်က တကယ်ပဲ နင့်အဖေမလို့လား" စကားလုံးများ ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဖန်ယုမှာ နောင်တရသွားသည်။
မန်ဟိုက တုံ့ခနဲ ရပ်သွား၏။ သူက သူမကို အေးတိအေးစက် လှည့်ကြည့်သည်။ "ကျုပ်အဖေအရင်းက ဘယ်သူလဲ တကယ်မသိပေမယ့်" သူက ပြောသည်။ "အဲ့ဒါက ခင်ဗျားနဲ့ ဘာမှ မဆိုင်ဘူး"
ဖန်ယုမှာ တတိယပြင်ညီကို အမှန်တကယ် ဝင်ရောက်ချင်လေသည်။ သို့သော် မန်ဟို့အတွက် အကျိုးအမြတ် အများဆုံးရအောင်လည်း လုပ်ပေးနေခြင်းဖြစ်သည်။ စောစောက သူမနှုတ်မှ ထွက်သွားသည့်စကားလုံးများမှာ သွေးဆူသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။
"ဒီမှာ..." သူမက ကပျာကယာ ဆက်ပြောသည်။ "ငါတို့ နင့်လုပ်ခိုင်းတာက လှေကားအပေါ် တက်ဖို့လေးပါပဲ။ ဒါဆို နင် ငါတို့ကို ဒုတိယပြင်ညီကနေ တတိယပြင်ညီဆီ ခေါ်သွားနိုင်ပြီ။ နင့်အတွက် ရိုးရိုးရှင်းရှင်းလေးပဲလေ။ ဒါ့အပြင် နင်လည်း တတိယပြင်ညီမှာ ကံကြမ္မာကောင်းတွေ အများကြီး ရယူနိုင်တယ်။ ဒီနေရာမှာ ရှိနေတဲ့ လူတွေနဲ့လည်း အဆင်ပြေသွားမယ်။ တောင်ကောင်းကင်ဂြိုဟ်ကို ပြန်ရောက်တဲ့အခါ နင့်လမ်းကြောင်းက..."
မန်ဟို ထိုအခြင်းအရာအားလုံးကို နားလည်သည်။ ထိုမျှသာမက ဖန်ယုစကားများတွင် မကောင်းသောအကြံအစည်ကိုလည်း မခံစားရသလို၊ သူကိုယ်တိုင်လည်း သူမအပေါ် ရန်လိုမှုမရှိပေ။ သူ၏မျက်နှာထားမှာ အတန်ငယ် ပျော့ပျောင်းသွား၏။
"ကျုပ် ခင်ဗျားတို့အားလုံးကို တတိယပြင်ညီဆီ ခေါ်သွားပေးနိုင်တယ်" သူက အေးတိအေးစက် ပြောလိုက်သည်။
"ဒါပေမဲ့ ဝိညာဉ်ကျောက်တုံးတစ်သိန်းနဲ့ မလုံလောက်ဘူး။ ခင်ဗျားတို့ တတိယပြင်ညီမှာ ရတာတွေ အကုန်လုံးရဲ့ တစ်ဝက်လိုချင်တယ်
"သဘောတူတယ်ဆိုရင် ဒီအပေးအယူကို ဒီမှာတင် ရပ်နိုင်တယ်။ ခင်ဗျားတို့အားလုံး နှလုံးသွေးသစ္စာ ကျိန်ဆိုရမယ်။ ချိုးဖျက်ရင်တော့ ခင်ဗျားတို့ တာအိုနှင့်တစ်သားတည်း ဖြစ်သွားလိမ့်မှာပေါ့။ ကျုပ်တို့ ကျင့်ကြံသူတွေဟာ ကျမ်းသစ္စာကို အလေးထားရတယ်။ အထူးသဖြင့် ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ ကျမ်းသစ္စာတွေ။ ကျင့်ကြံအဆင့်တက်တာကို နှောင့်နှေးစေပြီးနောက်ဆုံး ခန္ဓာကိုယ်ရော၊ ဝိညာဉ်ပါ ဖျက်စီးခံရမယ့် အဖြစ်မျိုးကိုတော့ ခင်ဗျားတို့ မလိုချင်ဘူးမလား
"ခင်ဗျားတို့ သဘောမတူဘူးဆိုရင် ဒီကိစ္စ မရှိတော့ဘူးလို့ ကျုပ် သဘောထားလိုက်မယ်။ ဒုတိယပြင်ညီ ပျောက်ကွယ်သွားမှာကို အေးအေးဆေးဆေး ထိုင်ကြည့်ကြရုံပေါ့လေ
"ရွေးချယ်မယ်ဆိုရင်လည်း မြန်မြန် ရွေးချယ်ကြပါ" ထိုသို့ပြောပြီး မန်ဟိုက ထွက်ခွာရန် လှည့်လိုက်ကြသည်။
"မင်းရော တတိယပြင်ညီကို မသွားချင်ဘူးလား" ဝမ်လီဟိုင်က လှမ်းအော်သည်။
မန်ဟိုက ပြန်ပင်လှည့်မကြည့်ဘဲ ပြော၏။ "ဒုတိယပြင်ညီမှာ ရထားတာနဲ့တင် ငါ့အတွက်က လုံလောက်နေပြီ။ တတိယပြင်ညီကို သွားရရ မသွားရရ အရေးမကြီးဘူး" ထို့နောက် သူကား အဝေးသို့ ထွက်သွားတော့သည်။
***