မြင်းမိုရ်တောင်တမျှ ကြီးမားလှပေသော ဖခင်၏ ချစ်ခြင်းမေတ္တ
Vol. 43 Ch. 595
လူတိုင်းမှာ သူတို့၏အတွေးများ၊ ခံစားချက်များဖြင့် နပန်းသတ်ရင်း တိတ်ဆိတ်စွာ ရပ်ကျန်ခဲ့လေသည်။ သူတို့၏ မန်ဟို့အပေါ်ဒေါသသည် ကောင်းကင်ဘုံကိုပင် ပြာချပစ်နိုင်လောက်အောင် ပြင်းထန်သော်လည်း ရွေးချယ်စရာလည်း မရှိချေ။ လှေကားထစ် ပေါ်လာခြင်းက မန်ဟိုကြောင့် ဖြစ်၍ မန်ဟိုတစ်ယောက်တည်းသာ တက်နိုင်သည်။
မှန်ပါသည်၊ သူတို့အားလုံး တက်ကြည့်ခဲ့ဖူးသည်။ သို့သော်လည်း သူတို့လုပ်နိုင်သမျှမှာ ကြည့်ရုံလေး ကြည့်နေရုံသာ ဖြစ်ပြီး ထိ၍ပင် မရပေ။
ရက်အနည်းငယ်ကြာသော် သူတို့အားလုံး နောက်တစ်ဖန် ဆုံတွေ့ကြသည်။ လူတိုင်း မန်ဟို့အရှေ့တွင် ရပ်ကာ တတိယပြင်ညီအဆုံးသတ်လျှင် သူ တောင်းဆိုထားသည့်အတိုင်း ဝေစုခွဲပေးပါမည်ဟု ကျမ်းသစ္စာကျိန်ဆိုကြသည်။
တာအိုအပေါ် အခြေခံ၍ ကျမ်းကျိန်ပြီး သက်သေပြုကြသည်။ နောင်တစ်ချိန်တွင် တတိယပြင်ညီ၌ ဤတောင်ကောင်းကင်ကျင့်ကြံသူများ မည်သည့်အရာရရှိစေကာမူ စောဒကတက်နိုင်မည် မဟုတ်တော့ပေ။ ကတိဖျက်လျှင် ကျမ်းကျိန်ထားသည့်အရာက တည်ရှိနေဦးမည်ဖြစ်သည်။ တွေဝေတုံ့ဆိုင်းနေခြင်းက သူတို့၏ကျင့်ကြံခြင်းအခြေခံအပေါ် သက်ရောက်မှုရှိလေသည်။
၎င်းက စကားလုံးလေးတချို့ သို့မဟုတ် ရိုးရိုးသာမန်ကျမ်းကျိန်ခြင်းလေးသာ ဆိုလျှင် ထူးထူးခြားခြား ဖြစ်မည်မဟုတ်ပေ။ သို့သော် ကျမ်းကျိန်ရသောအခါ မန်ဟိုက ရိုးရှင်းသယောင်ထင်ရသော်လည်း အန္တရာယ်များပြီး ရက်စက်သော တာအိုမှော်ပညာရပ်တစ်ခုကို မထင်မှတ်ထားဘဲ ထုတ်လိုက်လေသည်။
၎င်းသည် ချီအခြေတည်အဆင့်နှင့် ထို့ထက်မြင့်သော ကျင့်ကြံအဆင့်နှင့် မည်သူမဆို ကျင့်ကြံနိုင်သော တာအိုအာမခံချက်ဆိုသော အရာဖြစ်၏။
ပြီးခဲ့သည့်ရက်ပိုင်းတုန်းက ခဲယွင်ဟိုင်၏ ကျင့်ကြံခြင်းဂူအပြင်တွင် မန်ဟိုသည် ဤတာအိုမှော်ပညာရပ်ကို တောင်းဆိုခဲ့လေသည်။ ၎င်းအား လက်ရှိရှေးခေတ်တွင် သဘောတူညီချက်များ လုပ်ဆောင်ရာ၌ အသုံးပြုကြခြင်း ဖြစ်သည်။
၎င်းကို ထားရှိထားပါက သဘောတူညီချက် ပျက်ပြားလျှင် ဝိညာဉ်ပျက်စီးပြီး မဟာတာအိုအား လက်လှမ်းမမှီတော့သည့်အပြင် ကျင့်ကြံအဆင့် ကျဆင်းမည်ဖြစ်သည်။
ဘယ်သူမှ မတတ်နိုင်ပေ။ တတိယပြင်ညီကို ဝင်ရောက်ရန်အလို့ငှာ သူတို့သည် တာအိုအာမခံချက်ဖြင့် ကျမ်းကျိန်ဆိုပြီးနောက် သဘောတူညီချက်အား ပြည့်စုံစေလိုက်သည်။ စစချင်း ငြင်းဆန်ကြသူများရှိသော်လည်း မန်ဟို့အတွက် ဘာမှလုပ်စရာပင် မလိုပေ။ အခြားသူများမှ ဖိအားနည်းနည်း ပေးလိုက်ရုံဖြင့် သူတို့မှာ နောက်ဆုံးတွင် အံတင်းတင်းကြိတ်ပြီး လက်ခံလိုက်ရတော့သည်။
အခြားသူများ ဘာမှမပေးဘဲ နေနေစဉ် ဘယ်သူမှ မိမိတစ်ယောက်တည်း နင့်နင့်နဲနဲ မပေးချင်ကြသည်သာ မဟုတ်ပါလော။
ဘယ်သူမှ သတိထားမိပုံမရသော အရာတစ်ခုရှိသည်။ လူတိုင်းမှာ တစ်ယောက်မကျန် ရှိနေသည်ဟု ထင်ကြသော်လည်း ကျန်ရှန်းနှင့် ခေါင်းဆောင်ကြီးဟုရန် ပျောက်နေလေသည်။
မန်ဟိုလည်း ကျန်းကျိန်သည်။ သူတို့၏တောင်းဆိုချက်အရ သူ့အနေဖြင့် လှေကားသို့ တက်မည်။ သို့သော် အချိန်တော့ သတ်မှတ်ထား၏။ ထို့အပြင် လာမည့်ရက်များအတွင်း ဒုတိယပြင်ညီတွင် သူတို့အပေါ် အာဏာသုံး၍ မည်သည့်ဖိအားမှ ပေးမည်မဟုတ်ဟု ကတိပေးလိုက်သည်။ သူတို့အနေဖြင့် မှောင်ရိပ်တွင်းမှ ကျီးလန့်စာစား အလုပ်လုပ်နေရန် မလိုအပ်တော့ပေ။
သူတို့အတွက် ယခုကဲ့သို့ ကတိမျိုးကို စောင့်နေခဲ့ရသည်မှာ ကြာခဲ့လေပြီ။ အတော်များများမှာ အတိတ်တုန်းက သူတို့၏ဂိုဏ်း သို့မဟုတ် မျိုးနွယ်စုမှ ရောက်လာခဲ့သူများ ဤသို့မချင့်မရဲဖြစ်ရလေသလား သိချင်လာကြသည်။
ယခုမတိုင်ခင်အထိ သူတို့မှာ လူသိထင်ရှား ထွက်မလာရဲခဲ့သလို ၊ စတုတ္ထတောင်ထိပ်၏ အရိပ်ကိုပင် မနင်းရဲခဲ့ပေ။ အမှန်အတိုင်းဆိုရလျှင် လူပေါ်ကြော့တစ်ယောက်ယောက် ပျံသန်းသွားသည်ကိုမြင်လျှင် မန်ဟို ပေါ်လာမှာစိုးသဖြင့် အမြဲခေါင်းငုပ်နေခဲ့ရလေသည်။
သူတို့မှာ ဤအတိုင်း လပေါင်းများစွာ နေထိုင်ခဲ့ရပြီး တတ်နိုင်သမျှ သည်းခံခဲ့ရလေသည်။ အကြာကြီး ကြာပြီးသည့်နောက်တွင်တော့ သူတို့အနေဖြင့် စိတ်အေးလက်အေး အနားယူပြီး ရှေးခေတ်၏ နေရောင်ခြည်ကို ကြည့်ရှုခံစားနိုင်ပေတော့မည်.....
သဘောတူညီချက်များအား တရားဝင်ထုတ်ပြီးနောက် ဤနေရာမှ ထွက်ရမည့်အချိန်မှာ လျင်မြန်စွာပင် နီးကပ်လာနေပြီဖြစ်ကြောင်း မန်ဟို သဘောပေါက်လိုက်သည်။ သူ့မှာ ဤရှေးဟောင်းပုံရိပ်ယောင်ကမ္ဘာမှ ထွက်ခွာပြီး လက်တွေ့သို့ ပြန်ရပေတော့မည်။
အမှန်တွင် ဤနေရာ၌ သူ မခွဲခွာနိုင်သော အရာဟူ၍မရှိ။ လူပေါ်ကြော့ဘဝ ၊ သူ၏အဆင့်အတန်း... ထိုအရာအားလုံးမှာ အိပ်မက်လေးတစ်ခုသာ။ အိပ်မက်မှ နိုးထလာလျှင် အကုန်လုံးအား မေ့ဖျောက်၍ရသည်။
သို့ရာတွင် သူ မမေ့ချင်သော အရာတစ်ခုတော့ ရှိ၏..... ဤဘဝမှ သူ့အဖေ ခဲယွင်ဟိုင်။
ခဲယွင်ဟိုင် ၏ အဖေပီသသော ချစ်ခြင်းမေတ္တာမှာ မန်ဟို့အား ဤကမ္ဘာနှင့်တစ်သားတည်းဖြစ်ပြီး ဘယ်တော့မှ မနိုးထချင်မိလောက်အောင် ဖြစ်စေခဲ့သည်။ ဤအိပ်မက်ကို အဆုံးမသတ်စေချင်။ ခဲယွင်ဟိုင်ကို သူ မမေ့ချင်။ ဤရှေးဟောင်းပုံရိပ်ယောင်ကမ္ဘာကြီးသို့ ရောက်မှ သူ့မှာ အဖေတစ်ယောက်ရှိရခြင်းမှာ မည်သည့်အရာနှင့်တူသလဲ ခံစားနားလည်ခဲ့ရ၏။
ထိုခံစားချက်က သူ့နှလုံးအိမ်တွင် ပူဆွေးသောကတို့ ရစ်ဝဲနေစေလေသည်။
သူသည် တာအိုမှော်ကျင့်စဉ် ဉာဏ်အလင်းကိုလည်း မရှာဖွေတော့။ ဆေးဖော်စပ်ခြင်းမှလွဲလျှင် အချိန်အများစုကို ခဲယွင်ဟိုင်၏ ကျင့်ကြံခြင်းဂူအပြင်တွင် တင်ပျဉ်ခွေထိုင်ရင်း ကုန်ဆုံးတတ်လေသည်။ ခဲယွင်ဟိုင်က ဘယ်တော့မှ တံခါးမဖွင့်ပေးသော်လည်း မန်ဟိုကတော့ ရံဖန်ရံခါ ဟိုအကြောင်းပြောလိုက်၊ သည်အကြောင်းပြောလိုက်နှင့် အပြင်တွင် ထိုင်နေတတ်သည်။
ဤသို့ဖြင့် ဘဝသည် ဆိတ်ငြိမ်အေးချမ်းစွာ ဆက်သွားနေ၏။ အံ့ဖွယ်အဖြစ်အပျက်တစ်စုံတရာမှ မဖြစ်ပွားခဲ့။ အရာအားလုံးမှာ ပုံမှန်အတိုင်းသာ။ ရှုချင်ကတော့ တစ်ကြိမ်လေးပင် မျက်လုံးဖွင့်လာခြင်းမရှိဘဲ တံခါးပိတ်ကျင့်ကြံနေဆဲပင်။ မန်ဟိုမှာ ယခုတွင် ထိုသို့ဘဝနေထိုင်မှုပုံစံမျိုးနှင့် အသားကျနေလေပြီ။ အမှန်အားဖြင့် ဤအတိုင်း ထာဝရနေရလျှင်လည်း မဆိုးဟုပင် သူ တွေးမိသည်မှာ တစ်ခါနှစ်ခါ မကတော့ပေ။
လဝက်ကြာသော် သရဲပုံရိပ်များ နေ့တိုင်းလိုလို ပေါ်လာနေပြီဖြစ်သည်။ ထွက်သွားရတော့မည်ဖြစ်ကြောင်း မန်ဟို သိ၏။ သို့ရာတွင် မခွဲခွာချင်သောစိတ်နှင့် ရှုပ်ထွေးနေသော အတွေးအားလုံးက သူ၏နှလုံးသားကို အတော်လေး လွမ်းဆွတ်ကြေကွဲမိစေတော့သည်။
ကောင်းကင်ပြင်ကြီးကို သူ မော့ကြည့်မိသည် ... သူ၏ ပတ်ဝန်းကျင်၌ရှိသော နယ်မြေတွေ ... ပထမအထပ်ကောင်းကင်ဘုံ၏ တောင်ထိပ်ခုနစ်လုံး ၊ စတုတ္ထတောင်ထိပ်။ ခဲယွင်ဟိုင်၏ ကျင့်ကြံခြင်းဂူ ... ထို့နောက် သူသည် မျက်လုံးပိတ်ပြီး ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို တွေးလိုက်မိသည်။
သူသည် ရောက်ရောက်ချင်းတုန်းက မှားကြောင်း ဝန်ခံခဲ့ရသည်။ နောက်ပိုင်း ကြာပွတ်စာ မိသည်။ ထို့နောက် မိစ္ဆာအင်မိုတယ်စေတီထဲတွင် ယခုဘဝ၌ သူ့အဖေဖြစ်သော ခဲယွင်ဟိုင်၏ တုန်နေအောင် ချစ်မြတ်နိုးခြင်း ခံခဲ့ရသည်။ ဤအရာအားလုံးမှာ မန်ဟို့အတွက်တော့ မေ့မရနိုင်လေသော အမှတ်တရများပင်။
သူ့မှာ ရုတ်တရက် ခဲကျုံစစ်ကို ကျေးဇူးတင်ကြောင်း ပြောလိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာတော့၏။ သူ့ကို ဤနေရာသို့ ပို့ပေးခဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ချင်လေသည်။ ခဲကျုံစစ်၏ ရည်ရွယ်ချက် ပြည့်ဝအောင်လည်း ကူညီပေးချင်သည်။
"အဖေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဆိုတာ မြင်းမိုရ်တောင်ကြီးအတိုင်းပါပဲ..." ဤအတွေးအသစ်က သူ၏ဆေးဝါးတာအိုအပေါ် သက်ရောက်ကောင်း သက်ရောက်လိမ့်မည်။
ထိုညသည် ဒုတိယပြင်ညီတွင် သူ ဆေးဖော်မည့် နောက်ဆုံးည ဖြစ်ပေမည်။
ဆေးဖော်စပ်ဖို့အတွက် မည်သည့်ဆေးပင်များ အသုံးပြုခဲ့သလဲ ဆိုသည်ကိုတော့ မန်ဟို မှတ်ပင်မမှတ်မိတော့ပေ။ သူသည် ခဲယွင်ဟိုင်အပေါ် လေးစားမှု၊ လွန်ခဲ့သော ရက်များက မြင်တွေ့ခဲ့ရသော အလှတရား၊ သားအဖအကြား တည်ရှိသော သံယောဇဉ်တို့အထဲတွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားတော့သည်။ သူကား ဆေးပေါင်းဖိုထဲသို့ ဆေးအမယ်များ ထည့်ရင်း ထိုအကြောင်းအရာများအား တွေးနေလေသည်။
ဤဆေးပင်တို့၏ အနံ့အရသာသည် မန်ဟို့နှလုံးသားထဲဝယ် ကိန်းအောင်းနေသော ခံစားချက်အထွေထွေကို ကိုယ်စားပြု၏။ သူတို့ ဖော်စပ်နေစဥ် ၄င်းတို့သည် အတူတကွ ရောနှောသွားပြီး သူ့မှာ အောင်မြင်မလား မတွေးတော့သလို၊ ရှုံးနိမ့်မည်ကိုလည်း မပူတော့ပေ။ မှတ်ဉာဏ်များ၊ အမှတ်တရများသာ သူ့ခေါင်းထဲ၌ ရှိသည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး၏ အမှတ်တရများ၊ ခဲယွင်ဟိုင်နှင့် သူ၏ အဖေပီသသော ချစ်ခြင်းမေတ္တာ ၊ သူ့ကလေးဘဝတုန်းက မှတ်ဉာဏ်များနှင့် သူ့အဖေအရင်း၏ ဝိုးတိုးဝါးတားပုံရိပ်။
ထိုညကား လမိုက်ညဖြစ်၏။
မန်ဟိုသည် စဉ်းပင်မစဉ်းစားဘဲ ဆေးဖော်နေ၏။ မကြာမီ ဆေးပေါင်းဖိုမှာ စကားလုံးများဖြင့် သေချာမဖော်ပြနိုင်သော အသံတစ်မျိုးဖြင့် မြည်လာသည်။ ၎င်းသည် အင်မိုတယ်များ၏ တေးသီချင်းလိုလို၊ ဈာပနလွမ်းချင်းလိုလို တစ်ခါတရံ ရွှင်လန်းတက်ကြွဖွယ်ကောင်းလိုက်၊ တစ်ခါတရံ လွမ်းဆွတ်ကြေကွဲဖွယ်ကောင်းလိုက် ဖြစ်နေ၏။
သီချင်းသံ တဖြေးဖြေး လွင့်ပျံ့လာစဉ် ၎င်းမှာ မခွဲနိုင်၊ မခွာနိုင် ဖြစ်နေသယောင်ပင်။ ၎င်းသည် စတုတ္ထတောင်ထိပ်တစ်ခုလုံး ပဲ့တင်ထပ်နေရာ လူတိုင်းအား ရုတ်တရက် ခေါင်းထောင်ပြီး သီချင်းသံထွက်လာနေသော တောင်ထိပ်ရှိ နေရာသို့ လှမ်းကြည့်မိလိုက်စေသည်။
လေပြေတစ်ချက်က ရှိသမျှ လူတိုင်း၏ နှလုံးသားများကို တွန်းထိုးတိုက်ခတ်သွားသယောင်ပင်။ ထိုလေပြေလေးက သူတို့နှလုံးအိမ်ထဲရှိ အမှတ်တရများအား ကလူကျီစယ်သွားသော လှိုင်းဂယက်လေးများ ထသွားစေပြီး အတိတ်ကို ပြန်ပြောင်းလွမ်းမောလာစေတော့သည်။
အမှတ်တရများ၏ အနက်ရှိုင်းဆုံးထဲတွင် လူတိုင်းလူတိုင်းမှာ မတူညီကြပေ။
တချို့က ယခုလေးတင် အရွယ်ရောက်လာခဲ့သော ကလေးများသဖွယ်ပင်။ ထိုကဲ့သို့လူများသည် အဖေဖြစ်သူ၏ ခန့်ခန့်ထည်ထည်ပုံရိပ်ကို ကြည့်ပြီး အဘိုးကြီးဖြစ်နေပြီဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည် ... ထို့နောက် နာကျင်မှုက သူတို့၏နှလုံးသားကို ထိုးမွှေသွားလေ၏။
အခြားသူများသည် သူတို့ ငယ်ငယ်တုန်းက ပြုမူပြောဆိုခဲ့ပုံများကို သတိရလိုက်ကြသည်။ အဖေဖြစ်သူမှ စည်းကမ်းတင်းကြပ်သောအခါ မနာခံလိုသော အတွေးများက နှလုံးသားတွင် တပွက်ပွက် ဆူလာပြီး စိတ်ထဲတွင် ကြိတ်၍ မြည်တွန်တောက်တီးမိတတတ်သည်။ "ခင်ဗျားကြီး ပွပွစိစိပြောနေတာ မရပ်နိုင်သေးဘူးလား"
သို့သော် နှစ်ပေါင်းများစွာ ကြာ၍ တစ်ခေါင်းလုံး ဆံပင်ဖြူတို့ ဖွေးနေသည့် အဖေဖြစ်သူ အိပ်ရာထဲလဲနေသောအခါ ပိန်လှီနေသော လက်ကို ဆုပ်ကိုင်ကြလိမ့်မည်။ မျက်ရည်များက ပါးပြင်တစ်လျှောက် စီးကျလာပြီး တီးတိုးရေရွတ်မိကြလေမည်။ "ဖေဖေ.... သားကို ကျေးဇူးပြုပြီး စကားလေးတစ်ခွန်းလောက် ပြောပါဦးဗျာ"
လူတော်တော်များများမှာ ကျင့်ကြံနေသည်ကို ရပ်လိုက်ကြသည်။ သူတို့မှာ တောင်ထိပ်ကို မော့ကြည့်ရင်း အတိတ်ကို ပြန်ပြောင်းလွမ်းဆွေးကာ တိတ်တဆိတ် ငိုကြွေးလာကြလေသည်။
ရှုချင် မျက်လုံးဖွင့်လိုက်၏။ သူမ ဘေးဘီဝဲယာကို ကြောင်တောင်တောင်လေး ကြည့်နေစဥ် နာကျင်မှုတို့က သူမရင်ထဲတွင် ဖြစ်တည်လာ၏။ သူမအိမ်ကို တွေးမိသည်... ထို့နောက် သေဆုံးသွားခဲ့ပြီဖြစ်သော သူမမိဘနှစ်ပါး၏ မှုန်ဝါးဝါးပုံရိပ်။
"အိမ်ပြန်ချင်တယ်..." သူမက တိုးတိုးကလေး ရေရွတ်လိုက်၏။
ဆေးပေါင်းဖိုအတွင်းမှ လွင့်ပျံ့လာသော သီချင်းသံသည် စတုတ္ထတောင်ထိပ်တစ်ခုလုံး ဖုံးလွှမ်းသွားခဲ့လေပြီ။ မန်ဟိုကတော့ အတွေးထဲ နစ်မြောနေသဖြင့် ဘာမှမသိပေ။ ဆေးဖော်စပ်ခြင်းမှာ တူရိယာတီးခြင်း သို့မဟုတ် ပန်းပုထုခြင်းနှင့် တူသည်။ စကားလုံးများဖြင့် ဖော်ပြမရသော အတွေးများ ၊ ခံစားချက်များကို ဖန်တီးမှုအတွင်း စီးဆင်းသွားစေနိုင်သည်။
ဖော်စပ်ခံနေရသော ဆေးလုံးများ၏ အသံသည် မူလက ရိုးရှင်းပြီး သာမန်မျှသာ ဖြစ်ခဲ့သည်။ သို့သော် ယခုတော့ ၎င်းတွင် စိတ်ခံစားချက် ပါဝင်နေလေပြီ။ ၎င်းတွင် မန်ဟို့အတွေး၊ မန်ဟို့ခံစားချက်များက အသက်ဝင်နေသော စိတ်ဝိညာဉ်တစ်ခုပမာ ပါဝင်နေသည်။ ၎င်း၏ သီချင်းသံက သဘာဝတရားမှ ဖော်ကျူးနိုင်သော အသံအားလုံးထက် သာလွန်၏။
စိတ်နှလုံးလှုပ်ရှားစရာ အကောင်းဆုံး ဟူသည်ကား ချစ်ခြင်းမေတ္တာပင် မဟုတ်ပါလော.... ချစ်သူဇနီးမောင်နှံချစ်ခြင်းမျိုးမှာ လှပသော်ငြား ကိုယ်ကျိုးမငဲ့သော မိဘ၏ ချစ်ခြင်းမေတ္တာနှင့် ယှဉ်လျှင် မှေးမှိန်ရစမြဲသာ ။
တစနှင့်တစ တတိယတောင်ထိပ်နှင့် ပဉ္စမတောင်ထိပ်တို့မှ ဂိုဏ်းသားများလည်း ဖော်စပ်ခံနေရသော ဆေးလုံးများ၏ သီဆိုသံကို ကြားလိုက်ရသည်။ သီချင်းကား မည်သည့်ရှင်းပြချက်မှမလို။ သီချင်းသံ ကြားလိုက်သည်နှင့်တစ်ပြိုင်နက် အကုန်လုံး ကျင့်ကြံခြင်းအား ရပ်ပြီး တိတ်ဆိတ်စွာ ရပ်နေကြသည်။ လူတိုင်းလူတိုင်း မိမိ၏ ဖခင်ဖြစ်သူကို သတိရလာကြလေသည်။
သီချင်းသံက နှလုံးအိမ်ကို ရိုက်ခတ်နေစဉ် အမှတ်တရများမှ ဖြစ်ပေါ်လာသော ပုံရိပ်များသည် သူတို့၏စိတ်အာရုံကို လွှမ်းမိုးသွားလေတော့၏။ ဤသို့ဖြင့် တိတ်ဆိတ်ငြိမ်သက်သွားသော ဂိုဏ်းသားများ တစတစ များပြားလာသည်။
အဖေက ဆေးတံကို ခဲရင်း သား အရှေ့မှာ ရပ်နေတယ်။ အဖေ့မျက်နှာမှာလည်း ပါးရေတွေ တွန့်လို့ပါလား ... အဖေက သားကို လှည့်ပြုံးပြတယ်။ သားရဲ့ နှလုံးသားကို တည်ငြိမ်အေးချမ်းသွားစေတဲ့ အပြုံးလေးနဲ့ပေါ့။ ပြီးတော့ အဖေ သားဆံပင်တွေကို ဖွတယ်
သားလေ မဟာတံတိုင်းကြီးလို သန်မာတဲ့ အဖေ တဖြေးဖြေး ပိန်ချုံးအိုမင်းလာမှာ မမြင်ချင်ဘူး....
ဝမ်လီဟိုင်သည် သီချင်းသံကြားသောအခါ တရားထိုင်နေခြင်းအား ချက်ချင်း ရပ်လိုက်၏။ သူလည်း ညအမှောင်ထုကို ငေးကြည့်ရင်း သူ၏ စည်းကမ်းတင်းကြပ်သော အဖေကို ပြန်တွေးမိလိုက်သည်။
ဟန်ပေ့က တိတ်ဆိတ်စွာ ရပ်နေပြီး သူမနှလုံးသားလေးမှာ တစစီဖြစ်အောင် စုတ်ဖြဲခံနေရသည့်အလား နာကျင်သွားလေသည်။ သူမသည် သူမ၏အဖေနှင့် ဟိုးလွန်လေပြီးသောနှစ်များက သားအဖနှစ်ယောက် ချင်းလော်ဂိုဏ်းဆီသို့ မည်သို့ထော့နဲ့ထော့နဲ့ လျှောက်လာခဲ့ရပုံကို ပြန်တွေးမိလိုက်သည်။
မကြာမီ ဒုတိယတောင်ထိပ်နှင့် ဆဋ္ဌမတောင်ထိပ်ရှိ လူများလည်း သီချင်းသံကို ကြားလိုက်ကြသည်။ ၎င်းတွင် အဖေတစ်ယောက်၏ ဖျက်စီး၍မရသော ချစ်ခြင်းမေတ္တာက အပြည့်နေရာယူထား၏။ ကောင်းကင်နှင့်မြေကြီးတွင် အယုတ်မာဆုံးလူသားပင်လျှင် ဤသီချင်းသံကို ကြားလျှင် လွမ်းဆွတ်တမ်းတမိလိမ့်မည်။
သား မှတ်မိပါသေးတယ် အဖေ... အဖေ သားကို လက်နဲ့ရွယ်လိုက်တဲ့အခါ သား မျက်စောင်းထိုးပြီး ကြည့်ခဲ့မိတာကိုပေါ့။ သားလေ အဖေ့ကို ကလန်ကဆန်လုပ်ပြီး တံခါးကို ဆောင့်ပိတ်ခဲ့တယ်။ အဖေ့ရဲ့ တုန်ရီနေတဲ့ခန္ဓာကိုယ်၊ အဖေ့မျက်ဝန်းထဲက စိတ်ပျက်မှုတွေကို သား ဘယ်တော့မှ မမြင်ခဲ့ဘူး
မိုးတွေသည်းတဲ့ တစ်ညနေခင်းမှာ သား ဖျားပြီး အိပ်ရာထဲ လဲသွားတယ်။ သားရဲ့ ဝေဝါးနေတဲ့ မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါ အဖေ ... တစ်ခေါင်းလုံး ဆံပင်တွေ ဖြူနေတဲ့အဖေ နတ်မင်းကြီးတွေရဲ့ ရုပ်တုတွေအရှေ့မှာ သား နေပြန်ကောင်းဖို့ ဆုတောင်းပေးနေတာ မြင်လိုက်ရတယ်။ သား နေပြန်ကောင်းလာဖို့လေးအတွက်နဲ့ ပိုင်ဆိုင်သမျှအကုန် ရောင်းချပြီး အဖေ ပျာယာတွေ ခတ်လို့နေခဲ့တယ်
သား အဲ့ဒီအဖြစ်ကို မြင်တော့ လက်တွေ တုန်လာပြီး နှလုံးသားမှာ စုတ်ပြတ်သပ်မတတ်ပါပဲ။ သား ပါးစပ်ဟပြီး ပြောချင်ခဲ့တယ်... အဖေ သား မှားသွားပါတယ်
ဖော်စပ်ခံနေရသော ဆေးလုံးများ၏ သီချင်းသံသည် တဖြေးဖြေး ပထမတောင်ထိပ်နှင့် သတ္တမတောင်ထိပ်သို့ ရောက်ရှိလာ၏။ မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ ပထမအထပ် ကောင်းကင်ဘုံရှိ နေရာအားလုံးမှ သီချင်းသံကို ကြားရနိုင်လေသည်။ အပြင်စည်းဂိုဏ်းသားများ၊ အတွင်းစည်းဂိုဏ်းသားများ၊ သီးသန့်ဂိုဏ်းသားများ၊ အကြီးအကဲများအပါအဝင် အကုန်လုံး .... နားထောင်နေကြ၏။ ဤလောက၌ အစွမ်းထက်ဆုံးသော တန်ခိုးရှင်များပင်လျှင် သီချင်းသံကြောင့် အတိတ်ကို ပြန်ပြောင်းလွမ်းမောလာကြတော့သည်။
အတိတ်မှအာရုံတို့ ဖြစ်ပေါ်လာပြီး အမှတ်တရများ လွင့်မျောနေတော့သည်။ ဤအခိုက်အတန့်တွင် မိစ္ဆာအင်မိုတယ်တစ်ဂိုဏ်းလုံးမှာ သီချင်းသံမှအပ တိတ်ဆိတ်နေတော့၏... လူတိုင်းလူတိုင်း သီချင်းသံကို နားဆင်ရင်း အတိတ်ကို တွေးတောနေကြလေသည်။
ပထမ၊ ဒုတိယ၊ တတိယ၊ ပဉ္စမ ၊ ဆဋ္ဌမ နှင့် သတ္တမတောင်ထိပ်သခင် ... ပါရာဂွန်ခြောက်ဦးလည်း သီချင်းသံကို ကြားကြသည်။ သူတို့က ဝမ်းနည်းနေသောအမူအရာများဖြင့် စတုတ္ထတောင်ထိပ်ကို မော့ကြည့်လိုက်ကြ၏။ မန်ဟို ဆေးဖော်စပ်နေသည်ကို မြင်ရပြီး ဆေးလုံးများထဲမှ မန်ဟို့အသံကို ကြားလိုက်ကြလေသည်။
ခဲကျုံစစ်ကို အမုန်းဆုံး ပါရာဂွန်ပင်လျှင် သက်ပြင်းချရုံအပြင် မတတ်နိုင်ပေ။
"ဒီကောင်လေး နောက်ဆုံးတော့ .... ရင့်ကျက်လာခဲ့ပြီ။ အစ်ကိုကြီး ယွင်ဟိုင် ... ခရီးလမ်း ဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"
ဤအခိုက်အတန့်တွင် မိစ္ဆာအင်မိုတယ်ဂိုဏ်း၌ နောက်အသံတစ်သံ မြည်လာ၏။ ၎င်းကား ခေါင်းလောင်းသံ.... အသုဘခေါင်းလောင်းသံပင်။
***