← Chapters

ဆီကုန်ခမ်းပြီး မီးသေလေပြီ

Vol. 43 Ch. 596

ဆီကုန်ခမ်းပြီး မီးသေလေပြီ

Vol. 43 Ch. 596

ဒုတိယတောင်ထိပ်၏‌အပေါ်တွင် စုန့်ကျားသည် ထင်းရှူးပင်ကို မှီရင်း စတုတ္ထတောင်ထိပ်ရှိရာသို့ တွေတွေကလေး ငေးကြည့်နေ၏။ တစ်နေရာရောက်သော် ပူဆွေးသောကများက သူမမျက်ဝန်းလေးအပြည့် စိုးမိုးသွားခဲ့ပြီး မျက်ရည်များ တသွင်သွင် စီးကျလာခဲ့လေပြီ။

ဆေးလုံးများ၏ သီချင်းသံသည် သူမနားစည်တွင် ပဲ့တင်ရိုက်ခတ်ကာ သူမနှလုံးအိမ်ထဲ၌ လှိုင်းဂယက်များ ထလာစေတော့သည်။ အမှတ်တရ တစ်ခုပြီးတစ်ခု သူမမျက်ဝန်းထဲတွင် မြင်ယောင်လာသည်။

သူမအဖေ၏ ပုံရိပ်များ ၊ သူမ၏ပုံရိပ်များအား တွေ့မြင်လိုက်ရ၏...

တချို့က သမီးတစ်ယောက်ကို 'လက်ခုပ်ထဲက ပုလဲ' ဟူ၍ တင်စားကြသည်။ စုန့်ကျားမှတ်မိရသလောက် သူမသည် ... သူမဖခင်၏ လက်ခုပ်ထဲက ပုလဲဖြစ်ခဲ့၏။

ဆေးလုံးများ၏ သီချင်းသံသည် တက်သွားလိုက်၊ ကျသွားလိုက်နှင့် လှိုင်းရေစဉ်ပမာ ပထမအထပ် ကောင်းကင်ဘုံတွင် ပျံ့လွင့်လျက် ရှိ‌ချေသည်။ လူပေါင်းသန်းနှင့်ချီ သီချင်းသံကို နားဆင်နေကြပြီး ဖန်ယုအပေါ်ပင် သက်ရောက်မှုရှိလေသည်။ သူမသည် ရှုပ်ထွေးသော ခံစားချက်များဖြင့် ရင်ဝယ် ပြည့်ကြပ်နေလျက် တိတ်ဆိတ်စွာ ထိုင်နေ၏။ သူမမှာ ဒေါသလည်း ‌ထွက်သလို ၊ ကြေလည်း ကြေကွဲရလေသည်။ နူးညံ့ကြင်နာတတ်သော်လည်း အလွန်တရာ စည်းကမ်းတင်းကြပ်သော သူမ၏ စာပေသမားဆန်သည့် အဖေဖြစ်သူကို သတိရလိုက်မိသည်။ သူမကလေးဘဝတုန်းက ဖြစ်ပျက်ခဲ့သမျှ သာယာချမ်းမြေ့ဖွယ် အကြောင်းကိစ္စအလုံးစုံကိုလည်း ပြန်ပြောင်းတွေးတောမိ၏။

သူမအတွက် ဒေါသအထွက်ရဆုံးမှာတော့ စတုတ္ထတောင်ထိပ်မှ ပျံ့လွင့်လာသော သီချင်းသံထဲတွင် အဖေအရင်းမဟုတ်သောသူ တစ်ယောက်အပေါ် ထားရှိနေသော မန်ဟို၏ ချစ်ခြင်းမေတ္တာအား ရှင်းရှင်းလင်းလင်း ခံစားနေရ၍ပင်။

"အဖေ" သူမက တိုးတိုးကလေး ရေရွတ်လိုက်၏။ "အဲ့ဒီတုန်းက အဖေ တကယ်ပဲ ဖြစ်သင့်တာကို ရွေးချယ်ခဲ့တာ ဟုတ်ရဲ့လားဟင်" တစ်နေရာတွင် သူမမျက်ဝန်းအိမ်၌ မျက်ရည်များ ဝဲလာ၏။ သူမ ငယ်ငယ်တုန်းက ‌သူမအမေမှာ ခဏခဏ ငိုကြွေး‌တတ်ပြီး အဖေကတော့ ‌ပြတင်း‌ပေါက်တွင် ရပ်ကာ အဓိပ္ပာယ်မဖော်နိုင်လောက်အောင် နက်နဲသိမ်မွေ့သော ‌မျက်ဝန်းများဖြင့် အဝေးသို့ ငေးကြည့်နေတတ်သည်ကို ပြန်တွေးမိလိုက်သည်။

ထိုစဉ်တုန်းက ထိုအကြည့်မှာ ဖန်ယု နားလည်မနိုင်သော အချစ်မျိုးဖြစ်ခဲ့သည်။ အရွယ်ရောက်လာပြီးနောက် ပြန်တွေးကြည့်သောအခါ ၎င်းသည် အချစ်ဖြစ်ကြောင်း သူမ နားလည်ခဲ့၏။ သူမအတွက် အချစ်မဟုတ်၊ ဟိုးအဝေးတစ်နေရာ၊ မည်သည့်နေရာတွင် ရှိနေလဲ မသိရသောလူတစ်ယောက်အတွက် အချစ်ဖြစ်သည်။

‌အဖေ့အချစ် နှင့် အ‌မေ့အချစ်မှာ မတူညီပေ။ အဖေဆိုသည်မှာ တောင်ကြီးတစ်လုံးသဖွယ် တိတ်တိတ်ကလေး ချစ်‌ပေး‌နေတတ်သူ ဖြစ်သည်။ ကလေးဘဝတုန်းက အဖေသည် ‌‌ကိုယ်စောင့်နတ်နှင့် တူသည်။ ဆယ်ကျော်သက်အရွယ် ရောက်သောအခါတွင်တော့ ပြောင်းလဲသွား၏။ သူက အတားအဆီးတစ်ခုပမာ ဖြစ်လာသည်။ ထို့နောက် အဖေ့ကို မိမိလောက် မသိ၊ မိမိလောက် မတတ်ဟု အထင်သေးလာလိမ့်မည်။

သို့သော် သက်လတ်ပိုင်းအရွယ်ရောက်သည်နှင့် ထိုတောင်ကြီးကို ကြည့်ပြီး သင့်ကို တစ်ချိန်လုံး ဂုဏ်ယူစွာ စောင့်ကြည့်နေခဲ့ကြောင်း ရုတ်တရက် နားလည်သွားမည်။ သင် မည်မျှမောက်မာသည်ဖြစ်စေ၊ မည်မျှအတ္တကြီးသည်ဖြစ်စေ၊ မည်မျှအမြင်ကျဉ်းသည်ဖြစ်စေ .... အဖေဖြစ်သူကတော့ ခွင့်လွှတ်ပေးနေမည်သာ။ စကားလေးတစ်ခွန်းပင် မဆိုဘဲ ‌ခွင့်လွှတ်ပေးလိမ့်မည်။

သင် မည်သည့်အရာကို ဖက်တွယ်ရမလဲမသိ ခိုးကိုးရာမဲ့ ဖြစ်လာပြီး ရုတ်တရက် သဘောပေါက်သွားလိမ့်မည် .... အဖေ့မေတ္တာဆိုတာ ဒါပါလား....။

လက်ခံရရှိနေစဉ်တုန်းကတော့ လေးလေးနက်နက် ခံစားရချင်မှ ခံစားရလိမ့်မည်။ သို့ပါသော်လည်း ဆုံးရှုံးလိုက်ရသည်နှင့်တစ်ပြိုင်နက် မိုးကောင်းကင်ကြီးကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။

ကလေးတစ်ယောက် မိဘကို ပြုစုစောင့်ရှောက်ပေးချင်သည့်အချိန် မိဘနှစ်ပါးလုံး မရှိတော့ကြောင်းကိုသာ တွေ့လိုက်ရသောအခါ ... ‌ထိုခံစားချက်သည် အသက်ရှူကြပ်မတတ် ငိုရှိုက်မိစေမည့် နာကျင်မှု ၊ ဝမ်းနည်းမှုပင် ဖြစ်တော့၏။

မန်ဟို ဆေးဖော်နေစဉ် ဆေးလုံးများ၏ ကျူးရင့်သံသည် ပထမအထပ် ကောင်းကင်ဘုံတစ်ခုလုံး ပဲ့တင်ထပ်နေတော့သည်။ တောင်ထိပ်ခုနစ်ခုလုံးရှိ သန်းပေါင်းများစွာသော ဂိုဏ်းသားများမှာ တိတ်ဆိတ်ငြိမ်သက်နေကြ၏။ ပါရာဂွန်များပင်လျှင် အတွေးထဲ နစ်မြောနေကြတော့သည်။

သူတို့လည်း သီချင်းသံကို နားဆင်ရင်း အတိတ်တုန်းက ပုံရိပ်များကို မြင်ယောင်နေကြလေသည်....

အတိတ်တုန်းက ကိုယ့်ကိုယ်ကို အတတ်ကြီးဆိုပြီး သား ထင်ခဲ့တယ်။ အဲ့ဒီတုန်းက အဖေ သားကို စကားတွေ အများကြီး ပြောခဲ့တယ်။ သားကိစ္စတွေမှာ ဝင်စွက်ဖက်ခဲ့ပေမယ့် အဲ့ဒီအချိန်တုန်းက အ‌ဖေ ပြောင်းလဲသွားပြီဟု သားထင်ခဲ့တာ... သားတစ်ယောက်တည်း ကိုယ့်ဘာသာကိုယ် ပျံသန်းနိုင်ပြီလို့ ထင်ခဲ့တာ

ဒါပေမဲ့ သားရဲ့တောင်ပံတစ်စုံ ကျိုးကြေသွားပြီး အရမ်းပင်ပန်းလာတယ်။ အကြာကြီး ပျံသန်းနေပြီးတဲ့နောက်မှာမှ သား ရုတ်တရက် နောက်ပြန်လှည့်ကြည့်ပြီး ... အဖေပြောခဲ့တာတွေကို သတိရမိတယ်။ သား ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ သား မြင်လိုက်ရတာဟာ အဖေ့ရဲ့အုတ်ဂူပဲ ။ သား အဖေ့အုတ်ဂူရှေ့မှာ ရပ်ပြီး ငိုတယ်။ သား ပြောချင်ခဲ့တယ် "အဖေ ... သားမှားပါတယ်လို့"

အတိတ်တုန်းက သား အဖေ့ကို အထင်သေးခဲ့တယ် ။ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တယ်ဆိုတာ သက်သေပြဖို့ အဖေ့ကို ကျောခိုင်းထားရစ်ခဲ့တယ် ။ နှစ်တွေကြာလို့ သား ကမ္ဘာကြီးကို သိမ်းပိုက်နိုင်တဲ့နောက် အဖေ့ရဲ့ အံ့ဩနေတဲ့ မျက်နှာကို ကြည့်ဖို့ သားပြန်လာခဲ့တယ် ။ ဒါပေမဲ့ သား မြင်လိုက်ရတာက အဖေ သားအ‌ပေါ် ဘယ်လောက် ဂုဏ်ယူနေတယ်ဆိုတာကိုပဲ။ နာကျင်မှုတွေက သား နှလုံးသားကို စိုးမိုးသွားတယ်။ အဲ့ဒီအချိန်မှာ အဖေ့ဆံပင်တွေဟာ ဖြူနေတာ ကြာခဲ့ပြီပေါ့။ သား အိုမင်းနေပြီဖြစ်တဲ့အဖေ့ကို ဖက်ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ်

"အဖေ သား ပြန်ရောက်ပြီ"

ကျီရှောင်ရှောင်မှာ အတိတ်ကို ပြန်မြင်ယောင်ရင်း မျက်ရည်များ စီးကျလာ၏။ သူမ အများကြီး တွေးနေမိလေသည်...

လီရှိချီ၏စိတ်ထဲတွင်တော့ သူမဆရာ၏ပုံရိပ် မျောလွင့်နေ၏။ သူမအဖေအရင်းကို သူမ မမှတ်မိပေ။ သူမ ပထမဆုံးအကြိမ် မျက်လုံးများ ဖွင့်ခဲ့တုန်းက ပထမဆုံးမြင်လိုက်ရသူမှာ သူမဆရာမဟုတ် ၊ တခြားလူတစ်ယောက်ပင်။

သို့သော် သူမ၏ ဘဝခရီးလမ်းတစ်နေရာတွင် ဆရာဖြစ်သူကို အဖေအဖြစ် သတ်မှတ်လာခဲ့၏။

ဆရာ ဟု နှုတ်မှ ခေါ်သော်လည်း နှလုံးသားထဲတွင်တော့ အဖေ ဟူ၍ တိတ်တခိုး ခေါ်ခဲ့မိလေသည်။

သူမမှာ အနှီးထုပ်ထဲမှာ ရှိနေစဉ် စွန့်ပစ်ခံခဲ့ရသဖြင့် မွေးစားခံခဲ့ရလေသည်။ အရွယ်ရောက်လာသောအခါ နတ်သမီးလေးသဖွယ် လှပလာခဲ့၏။ သို့ရာတွင် ငယ်ငယ်တုန်းက ကိုယ်လက်အင်္ဂါချွတ်ယွင်းခဲ့လေသည်။ သူမဆရာ၏ နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုကြောင့်သာလျှင် ပုံမှန်ဘဝနှင့် နေထိုင်နိုင်ခဲ့ခြင်းဖြစ်သည်။

သူမဆရာသာ မရှိလျှင် လီရှိချီဆိုပြီး ရှိလာမှာ မဟုတ်။

တစ်ခါတုန်းက ဆရာသည် သူမမွေးရပ်မြေနှင့်ပတ်သက်ပြီး စုံစမ်းရန် သူမကို ခေါ်သွားခဲ့ဖူး၏။ မွှေနှောက်ရှာဖွေပြီးနောက်ဆုံး လီရှိချီသည် အသံတိုးတိုးကလေးဖြင့် စကားပြောခဲ့သည်။ "ဆရာ ထပ်ပြီး ရှာစရာ မလိုတော့ပါဘူး။ ဒီဘဝမှာ ဆရာက သမီးရဲ့ဆရာ။ နောင်ဘဝကျရင်တော့ သမီးရဲ့အဖေ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်"

‌ဖော်စပ်ခံနေရသော ဆေးလုံးများ၏ သီချင်းသံသည် ဆက်လက် ပျံ့လွင့်လျက်ရှိ၏။ တစ်ယောက်မကျန် စိတ်နှလုံးလှုပ်ရှားပြီး လွမ်းဆွတ်ကြေကွဲကြရလေသည်...

မန်ဟို့မျက်နှာအမူအရာမှာတော့ ငိုင်တွေတွေသာ။ ဤဆေးလုံးများ၊ ဤဆေးအသုတ်၊ ဤဆေးပေါင်းဖိုနှင့် ‌သီချင်းသံတို့အားလုံးသည် ခဲယွင်ဟိုင်နှင့် မခွဲခွာလို‌သောစိတ်အပြင် မန်ဟို၏ ဖခင်မေတ္တာကို တောင့်တမှုတို့ဖြင့် ပြည့်နှက်နေ၏။

သူကတော့ မသိသော်လည်း တစ်နေရာတွင် အဖြူရောင်ဝတ်ရုံနှင့်ပုံရိပ်တစ်ခု သူ၏အနောက်တွင် ပေါ်လာခဲ့လေပြီ။ ပုံရိပ်မှာ ဆံပင်ရှည်ရှည်များနှင့် ပိန်ချုံးနေ၏။ သူ့တစ်ကိုယ်လုံးမှ အချိန်အရှိန်အဝါ၊ ရှေးဆန်သောအငွေ့အသက်တို့ကို ထုတ်လွှတ်နေလေသည်။

ထိုပုံရိပ်ကား... ခဲကျုံစစ်မှတစ်ပါး အခြားမဟုတ်။

သူက တမလွန်ဘဝ သံသရာအထိ မြင်နိုင်သည့်အလား ဆေးပေါင်းဖိုကို စိုက်ကြည့်ရင်း မန်ဟို့အနောက်တွင် ရပ်နေသည်။

ဆေးလုံးများကို ဖော်စပ်နေသူက မန်ဟို ဖြစ်သည်။ သို့ရာတွင် ဆေးလုံးများ၏ ကျူးရင့်သံတွင် မန်ဟိုနှင့် ခဲကျုံစစ်တို့ နှစ်ယောက်လုံး၏ ရင်မှ ဖြစ်တည်သော အသံများ ပါဝင်နေလေသည်။

ထို့နောက် အသုဘခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့လေပြီ။ ‌အသံသည် ထပ်ကာ ထပ်ကာ မြည်လျက်ရှိ၏...

အသုဘခေါင်းလောင်းသံမှာ ဂိုဏ်းသား‌တစ်ဦး သေဆုံးတိုင်း မြည်တတ်ခြင်းမဟုတ်။ သီးသန့်ဂိုဏ်းသားများအပြင် လက်ရွေးစင်ပညာသင်များပင်လျှင် ထိုသို့ခေါင်းလောင်းသံမျိုး မြည်ရန်အတွက် အရည်အချင်းမရှိ။

ဂိုဏ်းအပေါ် မယုံကြည်နိုင်ဖွယ်ရာအထိ တာဝန်ထမ်းဆောင်ပေးခဲ့သော ပုဂ္ဂိုလ်တစ်ဦးသာလျှင် မြေအောက်ကမ္ဘာတစ်ဖြစ်လဲ မရဏကမ္ဘာသို့ ပို့ဆောင်ပေးမည့် အစောင့်အရှောက်အနေဖြင့် ထိုသို့မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ အသုဘခေါင်းလောင်းသံအား လက်ခံရရှိရန် အရည်အချင်းပြည့်မှီသည်။

ထိုသို့သောလူများအပြင်... ပါရာဂွန်တစ်ပါးသေလျှင် ဂိုဏ်း၌ အသု‌ဘခေါင်းလောင်းသံ ကြားရပေလိမ့်မည် ....

ကိုးချက်မြောက် ခေါင်းလောင်းသံ မြည်သောအခါ ရုတ်တရက် မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွား၏။ သူက ‌တဖြေးဖြေး ခေါင်းမော့ကြည့်လိုက်သည်။ ခဲကျုံစစ်လည်း ထိုနည်းတူပင်။

"ခေါင်းလောင်းသံတွေ..." သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ့မှာ ကြောက်စိတ်တို့ဝင်လာပြီး ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ ဆေးဖော်စပ်နေသည်ကိုလည်းကောင်း၊ ရှေးခေတ်ပုံရိပ်ယောင်ကမ္ဘာသို့ ရောက်နေခြင်းကို သော်လည်းကောင်း မတွေးနိုင်တော့။ ဤဆေးလုံးအသုတ်မှာ နတ်ဆေးလုံးများဖြစ်သည်ကိုလည်း အရေးမလုပ်နိုင်တော့သလို ... အောင်မြင်သည်ဖြစ်စေ ၊ မအောင်မြင်သည်ဖြစ်စေ သူ ‌ဂရုမစိုက်အား။

အသိတရားက ‌ည‌အမှောင်ပမာ သူ့အပေါ်တွင် ရစ်ဝဲလာသဖြင့် သူ့တစ်ကိုယ်လုံး တုန်ရီသွားလေသည်။ သူက ကတုန်ကယင်ဖြင့် ထရပ်လိုက်၏။

ထိုအခိုက်အတန့်တွင် ဆေးပေါင်းဖိုမှ ဂျိန်းခနဲ ထစ်ချုန်းသွားသည်။ ဆေးလုံးများနှင့် ဆေးပေါင်းဖိုမှာ ဖောင်းခနဲ အလိုလို ပေါက်ကွဲသွားလေသည်။ သူတို့နှင့် မန်ဟို့အကြား ဆက်သွယ်မှုမှာ ပြတ်တောက်သွားသဖြင့် သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ သွေးများက‌ ပေါက်ကွဲသွားသာ ဆေးလုံးအစအနများအပေါ် လွင့်စင်ကျလာသည်။ ဤသည်မှာ သူ၏စကားလုံးများဖြင့် မဖော်ပြနိုင်သော အတွေးများ၊ ဖခင်အပေါ် အဆုံးမဲ့ချစ်ခြင်းတရားတို့အား သယ်ဆောင်လာပေးသော အတွေးများဖြင့် ပြည့်နှက်နေသည့် သွေးဖြစ်သည်။

"အဖေ..." မန်ဟို တစ်ချက်လေးပင် တုံ့‌ဆိုင်းမနေဘဲ အပြင်သို့ ကရောသောပါး ထွက်သွား၏။

သူသည် ဆေးဖော်စပ်ရုံမှ ထွက်ခွာသွားသဖြင့် ကွဲကြေသွားသော ဆေးပေါင်းဖို၏ အပိုင်းအစများထဲတွင် ပျက်စီးနေသည့် ဆေးလုံးကိုးလုံးရှိနေကြောင်း မသိလိုက်ပေ။ ကိုးလုံးပျက်စီးနေသော်လည်း ထိုအသုတ်မှာ ဆယ်လုံးတစ်သုတ်ဖြစ်ခဲ့သည်။ ပျက်စီးသွားသော ဆေးလုံးကိုးလုံး၏ ဆေးစွမ်းအားအလုံးစုံမှာ ‌ဆယ်လုံးမြောက်ဆေးလုံးထဲသို့ ဝင်ရောက်ပေါင်းစည်းသွားခဲ့လေပြီ။

ထိုဆယ်လုံးမြောက် ဆေးလုံးသည် စူးရှတောက်ပသော အလင်းရောင်များ ဖြာထွက်ရင်း ပုံရိပ်ယောင်ဘဝမှ အစစ်အမှန်ဖြစ်လာ၏။

‌ဆေးလုံးသည် မန်ဟို့၏ စစ်မှန်သော ခံစားချက်များ ပါရှိသည့် သွေးကိုလည်း စုပ်ယူထားလေသည်။ ထို့ကြောင့် ဆေးလုံးမှာ .. ဘဝကူးပြောင်းနေပြီဖြစ်၏။ ဤအခြင်းအရာက ဆေးလုံးအား အကောင်အထည်မရှိသည့်အရာမှ တစ်စုံတခုကို ဖန်တီးပေးနေလေပြီ။

သို့သော် ဆေးလုံးသည် နတ္ထိမှ အတ္ထိဖြစ်လင့်ကစား၊ မန်ဟို စိတ်ကူးယဉ်ထားသော အရည်အသွေးများနှင့် ကိုက်ညီလင့်ကစား ... သူ့အတွေးထဲတွင် မည်သည့်ဆေးလုံးမှ ရှိမနေ။ စိုးရိမ်ကြောက်လန့်မှု... သူ မည်သူမည်ဝါဖြစ်သည်ကိုပင် မေ့သွားရလောက်အောင် ပြင်းထန်လှသော စိုးရိမ်ကြောက်လန့်မှုကသာ စိုးမိုးနေသည်....

သူသည် ဆေး‌ဖော်စပ်ရုံ၊ ကျင့်ကြံသူဂူနှင့် သူရောက်ရှိသောနေရာမှာ အလုအယက် ပြေးထွက်သွားသည်။ သူက အလင်းတန်းတစ်တန်းအသွင်ပြောင်းကာ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ခဲယွင်ဟိုင်၏ကျင့်ကြံခြင်းဂူထံ ဦးတည်သွားတော့သည်။

‌အသုဘခေါင်းလောင်းသံမှာ ပထမအထပ် ကောင်းကင်ဘုံ၏ မဟာတောင်ထိပ်ခုနစ်ခုလုံးတွင် မြည်ဟည်းနေသည်... ဒေါင် ...

ဒေါင် ... ဆယ့်သုံးချက်ထိုးပြီးသောအခါ ခဲယွင်ဟိုင်၏ကျင့်ကြံခြင်းဂူအရှေ့သို့ မန်ဟို ရောက်သွားလေပြီ။

တံခါးအား စေ့နေအောင် ပိတ်ထားသည်ကို မြင်လျှင် မျက်ရည်များ မန်ဟို့ပါးပြင်တစ်လျှောက် တလိမ့်ချင်း စီးကျလာသည်။ သူက တံခါးအရှေ့တွင် ဒူးထောက်ချလိုက်၏။

"အဖေ့" သူ့အသံမှာ သိပ်မကျယ်။ သို့သော် တောင်တစ်တောင်လုံး ဟိန်းထွက်သွားသည်။ သူ့မျက်လုံးတွေ စိုစွတ်နေ၏။ မည်သည့်အချိန်က စခဲ့သည်လဲ မသေချာ‌သည့်တိုင် တစ်နေရာတွင် သူ့မှာ ဤ‌ ရှေးဟောင်းပုံရိပ်ယောင်ကမ္ဘာကြီးတွင် စိတ်ရောကိုယ်ပါ နစ်မြောနေခဲ့လေပြီ။ ငယ်ငယ်ကတည်းက သူ၏နှလုံးအိမ်တွင် တည်ရှိနေခဲ့သော ဖခင်နေရာကွက်လပ်ကို ခဲယွင်ဟိုင်က ဖြည့်ပေးဖို့ ပေါ်လာခဲ့သည်။

ထိုကွက်လပ်သည် ပုံမှန်အားဖြင့် မန်ဟို ဂရုတစိုက် ကွယ်ဝှက်ထားခဲ့သော နေရာဖြစ်၏။ ၎င်းအား ဘယ်သူ့မှ မထိစေချင်ခဲ့သလို၊ သူကိုယ်တိုင်ပင် မထိခဲ့ပေ။

သို့သော် ခဲယွင်ဟိုင်သည် ဤ‌ ရှေးခေတ်၏ပုံရိပ်ယောင်ကမ္ဘာတွင် ပေါ်လာခဲ့ပြီး ထိုကွက်လပ်အား... ဖြည့်ပေးခဲ့သည်။

မန်ဟို့နှလုံးသားမှာ တစစီ ကွဲထွက်တော့မတတ် စုတ်ပြတ်သပ်နေရလေပြီ။ သူ့အတွက် ကောင်းကင်နှင့်မြေကြီးမှာ အရောင်မရှိတော့။ စကားလုံးများဖြင့် ဖော်ပြမတတ်နိုင်သော ခံစားချက်တစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။ သူ့ခန္ဓာကိုယ်မှာ သူ့ဝိညာဉ်၊ သူ့ဘဝနှင့် သူ၏အရာရာတိုင်းကို စုပ်ယူဝါးမြိုနေသော တွင်းနက်ကြီးဖြစ်လာခဲ့သည့်အလား ခံစားနေရတော့၏။

"အဖေလို့...." ကျင့်ကြံခြင်းဂူ၏ တံခါးကို တွေတွေကြီး စိုက်ကြည့်နေသော သူ၏မျက်နှာတွင် မျက်ရည်များ အတားအဆီးမဲ့စွာ စီးကျ‌၍နေသည်။ အသုဘခေါင်းလောင်းမှာ တဒေါင်ဒေါင် မြည်နေဆဲပင်။ ယခုတွင် ဆယ့်ကိုးချက်ရှိပြီဖြစ်၏။ ခေါင်းလောင်းတစ်ချက်ထိုးတိုင်း အစိမ်းရောင်အလင်းတန်းတစ်တန်းက စတုတ္ထတောင်ထိပ်ကို ဝန်းရံသွားလေသည်။ လောလောဆယ်တွင် တောက်ပနေသော အလင်းစက်ကွင်းဆယ့်ကိုးခုက တောင်၏ပတ်ပတ်လည်တွင် နေရာယူထားလေပြီ။

မျက်ရည်များ မန်ဟို့၏ပါးပြင်ထက်မှ မြေပေါ် ခသွားစဉ် ကျင့်ကြံခြင်းဂူတံခါးသည် တိတ်ဆိတ်စွာ ပွင့်လာ၏။ ခဲယွင်ဟိုင်၏ မောဟိုက်ပင်ပန်းနေသော အသံအား အတွင်းမှ ရုတ်တရက် ကြားလိုက်ရလေသည်။

"မငိုပါနဲ့ သားရယ်"

မန်ဟို့ခေါင်းမှာ ဆတ်ခနဲ ပြန်ထောင်သွားပြီး တစ်ကိုယ်လုံး တုန်ရီလာ၏။ သူကား တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ အထဲသို့ ပြေးသွားတော့သည်။ ကျင့်ကြံခြင်းဂူမှာ မှောင်မိုက်နေသော်လည်း ကျောက်ဖျာပေါ်၌ ခဲယွင်ဟိုင် တရားထိုင်နေသည်ကို မြင်ရသေးလေသည်။

ခဲယွင်ဟိုင်မှာ ယခင်ထက် အများကြီးပို၍ အိုမင်းနေလေပြီ။ သူ့ခန္ဓာကိုယ်မှ ‌ပျက်စီးယိုယွင်းခြင်းအငွေ့သက်များ တထောင်းထောင်း ထနေ၏။ အဖြူရောင်အလင်းအစက်အပြောက်များလည်း သူ့ထံမှ ဖြာထွက်နေသည်။ သူ့ခန္ဓာကိုယ်မှာ လောလောဆယ်တွင် တရားထိုင်လျက် ကွယ်လွန်တော့မည့် အ‌ခြေအနေတွင် ဖြစ်ဟန်တူသည်။

သူ့ဘေးရှိ မီးအိမ်မှာမူ.... ဆီကုန်ပြီး မီးစာမရှိတော့ပေ။ အလင်းရောင်မှာ လေလေးတစ်ချက် တိုက်ခတ်ရုံနှင့် ငြိမ်းသေတော့မည့်အလား အလွန်မှေးမှိန်အားနည်းနေ၏။

ဧရာမခေါင်းတလားကြီးတစ်ခုအား ဘေးတွင် ချထားသည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် မင်္ဂလာရှိသောသားရဲများ ရေးထွင်းထား၏။ ၎င်းမှာ သာမန်ဖြစ်သယောင် ရှိသော်လည်း အနီးကပ်ကြည့်လျှင် မည်မျှ အံ့ဖွယ်ထူးကဲသလဲ မြင်ရပေမည်။

"ကျုံစစ် သားလေး မငိုပါနဲ့ကွယ်..." သူက နူးညံ့ကြင်နာသော မျက်ဝန်းများဖြင့် မန်ဟို့ကို ကြည့်ရင်း အက်ကွဲကွဲ ပြောသည်။ "သား ရင့်ကျက်လာပြီပဲ။ အဖေ သားနဲ့ ရာသက်ပန် မနေပေးနိုင်ဘူးလေကွယ်။ အခုကစပြီး သားကိုယ်သား အားကိုးရမယ်နော် ... ဒါပေမဲ့ အဖေ သားအတွက် နောက်ဆုံးလုပ်ပေးနိုင်တာ တစ်ခုရှိတယ် သား။ အဖေ တရားထိုင်ရင်း မကွယ်လွန်ခင် အဖေ့လက်နဲ့ ကိုယ်တိုင် ထုလုပ်ထားတဲ့ အဖိုးထိုက်ရတနာတစ်ခု သားကို ပေးခဲ့မယ်"

အပြင်တွင် အသုဘခေါင်းလောင်းထိုးသံသည် ၅၇‌ ချက်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်၏။ ၉၉ ချက်သို့ ရောက်လျှင် ဝိညာဉ်ထွက်သွားရလိမ့်မည်။ ခေါင်းလောင်းသံများမှ ဖန်တီးပေးထားသော အလင်းစက်ကွင်း ၉၉ ခုနှင့်အတူ ဝိညာဉ်သည် ကောင်းကင်နှင့်မြေကြီးသို့ ပြန်သွားကာ မြေအောက်ကမ္ဘာသို့ ဝင်ရောက်ရပေမည်...

________

Er Gen ဆီမှ အမှာ : ‌အဖေ့ရဲ့ မေတ္တာသာ မြင်းမိုရ်တောင်နဲ့တူတယ်။ ကျွန်တော် ဒါကို နှစ်ပေါင်းများစွာ ကြာတဲ့ အထိ နားမလည်ခဲ့ဘူး။ ဘယ်အချိန်မှ အမှန်တကယ် နားလည်ခဲ့သလဲဆိုရင် လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ကျွန်တော် အဖေတစ်ယောက် ဖြစ်လာရတဲ့ အချိန်မှာပေါ့။ အဲ့ဒီအခါကျမှ အဖေရဲ့အချစ် နဲ့ အမေရဲ့အချစ်ဆိုတာ ဘယ်လိုကွဲပြားလဲ သဘောပေါက်သွားခဲ့တယ်။ ကျွန်တော် ငယ်ငယ်တုန်းက ဆရာကြီးကျူကျစ်ချင်း ရေးသားခဲ့တဲ့ '‌ပေ့ရင်း' (နောက်ကြောင်းပြန်ပုံရိပ်) ‌ဆိုတဲ့ ဝတ္ထုကို ဖတ်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းက နားမလည်ခဲ့ပေမယ့် နှစ်တွေကြာတဲ့နောက်မှာ စိတ်ထဲ ပြန်ပေါ်လာတာပေါ့ဗျာ။ ဖတ်တိုင်း နားလည်သထက် နားလည်လာပြီး အဓိပ္ပာယ်ဟာ နက်ရှိုင်းသထက် နက်ရှိုင်းလာခဲ့တယ်။ အဲ့ဒီဝတ္ထုကို ဖတ်တိုင်း အဖေတစ်ယောက်ဖြစ်ရတာ ဘယ်လိုမျိုးလဲ ကျွန်တော် နားလည်လာခဲ့ပါတယ်။

ဒီနေ့ ကျွန်တော့်ကို လစဉ် မဲပေးဖို့ မတောင်းဆိုတော့ပါဘူး။ အဲ့ဒီအစား အဖေတွေရဲ့ ဘဝခရီးလမ်း ဖြောင့်ဖြူးပါစေလို့ပဲ ဆုတောင်းချင်ပါတယ်။ ညီအစ်ကိုတို့၊ ညီအစ်မတို့ ကျေးဇူးပြုပြီး ကိုယ့်အဖေကိုယ် အချိန်ပေးကြပါ။ သူ့ကို ကျန်းမာပါစေလို့လည်း ဆုတောင်းပေးနိုင်တုန်း ‌ဆုတောင်းပေးကြပါ။ ကျွန်တော်ကိုယ်တိုင် အဖေတစ်ယောက်ရဲ့ နေရာကို ရောက်မှ အဖေနဲ့အမေအတွက် ကလေးတစ်ယောက် ပြုစုပျိုးထောင်ပေးရတာ ဘယ်လောက် ခက်ခဲလဲ နားလည်လာတာမလို့ပါ။

***

All Chapters