အဖေ သားအတွက် ဂုဏ်ယူစေရပါမယ်
Vol. 43 Ch. 597
"ဝိညာဉ်ခွဲဖြာမန္တန်နဲ့ သား မသေနိုင်တဲ့ ထာဝရဝိညာဉ်ကို ကျင့်ကြံနိုင်ပြီ။ ကံဆိုးစွာနဲ့ ခက်ခဲမှုအဆင့်က သားအတွက် မြင့်လွန်းနေတယ် ။ ဒါပေမဲ့ ဒီခေါင်းတလားနဲ့ဆို သား အဲ့ဒီပညာရပ်ကို ကျင့်ကြံနိုင်လိမ့်မယ်။ အဲ့ဒါဆိုရင် ကပ်ဘေးကြီးတွေ ကျရောက်ရင်တောင်မှ .... သား အသက်ရှင်နိုင်ပြီ"
စကားတစ်ခွန်းနှစ်ခွန်းသာ ပြောရသေးသော်လည်း ခဲယွင်ဟိုင်မှာ ဟောဟဲလှိုက်နေလေပြီ။ သူ့မျက်နှာမှာ ဖြူဆုပ်နေပြီး သူ၏ပတ်ပတ်လည်တွင် ပျံဝဲနေသော အလင်းစက်များလည်း ပို၍သိပ်သည်းလာသည်။ ၎င်းတို့က သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် လှည့်ပတ်နေရာ လင်းလက်တောက်ပနေသော ရောင်ခြည်တော်စက်ဝန်းတစ်ခု ကွန့်မြူးနေသည့်အလား ဖြစ်နေတော့၏။
ခဲယွင်ဟိုင်က ချစ်မြတ်နိုးမှု၊ ကြင်နာမှုနှင့် မခွဲခွာလိုမှုတို့ ပြည့်သျှံနေသော မျက်ဝန်းများဖြင့် မန်ဟို့ကို နွေးထွေးစွာ ကြည့်လေသည်... သူသည် သူ့သားတစ်ယောက်တည်း အထီးကျန်ပြီး ခိုးကိုးရာမဲ့နေမှာ စိတ်ပူနေသလို အနိုင်ကျင့်ခံရမှာကိုလည်း စိုးရိမ်နေ၏။
မန်ဟိုက မျက်ရည်များ တလိမ့်ချင်း စီးကျနေလျင် အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း ခဲယွင်ဟိုင်အရှေ့တွင် တိတ်ဆိတ်စွာ ဒူးထောက်ချလိုက်သည်။
"သားရယ် ငိုစရာမလိုပါဘူးကွယ်" ခဲယွင်ဟိုင်က ပြောသည်။ "အဖေတို့ ခေတ်မှာ ယောက်ျားတစ်ယောက် ရှိုက်ကြီးတငင် ငိုရင် သူရဲ့တာအို မတည်မငြိမ် ဖြစ်လာတတ်တယ်။ ဒီကို လာပါဦး အဖေ့ရဲ့ သားလေး... " သူက တုန်ရီနေသော လက်ကို မြှောက်လိုက်ပြီး မန်ဟိုမှာ မျက်ရည်များစီးကျနေလျက် သူ့အရှေ့သို့ လျှောက်လာလေသည်။
ခဲယွင်ဟိုင်၏ အရေအတွန့်အခေါက်များစွာ ဖုံးလွှမ်းနေသော လက်က မန်ဟို့ခေါင်းကို နူးညံ့ညင်သာစွာ ပွတ်သပ်လိုက်၏။
"သားတောင် ရင့်ကျက်လာပြီပဲ..."
"အဖေ...." မန်ဟိုသည် အဘက်ဘက်သို့ ဖြာထွက်နေသော သေခြင်းအခိုးအငွေ့များနှင့် အိုမင်းရွတ်တွနေသော ခဲယွင်ဟိုင်ကို ကြည့်ပြီး နှလုံးသားတစစီ ပဲ့ကြွေကျနေသည့်အလား ခံစားနေရလေ၏။ သူ့အဖေ ထွက်သွားတော့မည်ဟု အာရုံရလိုက်သဖြင့် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားလေသည်။
သူသည်.... ခဲယွင်ဟိုင်ကို အဖေအဖြစ် နေရာပေးထားခဲ့သည်မှာ ကြာခဲ့လေပြီ။
"လူဆိုတာ တစ်နေ့တော့ သေရမှာပဲ ငါ့သား ။ အဖေတို့ အဲ့ဒီကံတရားကို ပြောင်းလဲလို့မရဘူး ။ သခင်လီဟာ အာဏာကို သက်ရှိသတ္တဝါတွေဆီ ပြန်လွှဲအပ်ပေးခဲ့ပြီ။ အဖေက ပထမအထပ်ကောင်းကင်ဘုံရဲ့ ပါရာဂွန်လေကွယ်။ အဲ့ဒီဆုံးဖြတ်ချက်ကို အဖေ နာခံမှ ဖြစ်မှာပေါ့..."
"ဘာလို့လဲ" မန်ဟိုက မျက်ရည်လည်ရွှဲဖြင့် ရေရွတ်လိုက်သည်။ "အဖေက ဘာလို့ နာခံရမှာလဲ။ သားတို့ ကျင့်ကြံသူတွေက ထာဝရဘဝကို ရဖို့ ကျင့်ကြံအားထုတ်ကြတာ မဟုတ်ဘူးလား။ ထာဝရဘဝကို စွန့်ပစ်ရမယ်ဆိုရင် ဘာအဓိပ္ပါယ်ရှိတော့မလဲ"
ခဲယွင်ဟိုင်သည် တခဏ တိတ်ဆိတ်သွားပြီးနောက် ခေါင်းပြန်ထောင်လိုက်၏။ သူ့အကြည့်မှာ ကျင့်ကြံခြင်းဂူကို ထိုးဖောက်၍ အနာဂတ်ရှိ တစ်နေရာကို ကြည့်နေသယောင်ပင်။ အပြင်ရှိ အသုဘခေါင်းလောင်းသံမှာ ၆၉ ချက်မြောက်သို့ ရောက်ရှိခဲ့လေပြီ။ အသံမှာ အဆုံးမရှိ ပဲ့တင်ထပ်လျက် ရှိပေသည်။
"အဖေတို့ ကျင့်ကြံသူတွေဟာ ထာဝရဘဝကို ရရှိဖို့လေးအတွက် ကျင့်ကြံအားထုတ်ကြတာ မဟုတ်ဘူး။ အဖေတို့က တာအိုကို လေ့လာလိုက်စားတာ .... တာအိုနောက်လိုက်တဲ့သူတွေအတွက် နေဝင်ချိန်ရောက်တဲ့အခါ လိုချင်တပ်မက်မှုတွေက အသုံးဝင်ပါ့မလား... " ခဲယွင်ဟိုင်က ခေါင်းငုံ့ပြီး မန်ဟို့ကို ကြည့်လေသည်။
"သေခြင်းနဲ့ ရှင်ခြင်းဆိုတာ အဖေ့အတွက် အရေးမပါဘူး ငါ့သား။ သခင်လီသာမရှိရင် မင်းရဲ့အဖေဟာ အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်အောင် သေခဲ့လောက်ပြီ... အဖေ သေရမှာကို မကြောက်ဘူး။ စိတ်မချတာ တစ်ခုပဲ ရှိတယ်... အဲ့ဒါက သားပဲ ..." ခဲယွင်ဟိုင်က မန်ဟို၏ဆံပင်များကို ထိုးဖွလိုက်သည်။ သူ့မှာ အားအင်ကုန်ခမ်းနေပြီဖြစ်သော်လည်း သူ၏မျက်ဝန်းများမှာ တုနှိုင်းမဲ့သော နွေးထွေးကြင်နာမှု ၊ ချစ်ခြင်းမေတ္တာ တို့ဖြင့် ပြည့်သျှံနေလေသည်။
"တကယ်ဆို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အဖေ သေခဲ့သင့်ပြီ" သူက ဆက်ပြော၏။ "ဒါပေမဲ့ သားကို စိတ်ပူလို့ ၊ စိတ်မချလို့ ဒီနေ့အထိ တောင့်ခံထားခဲ့တာ။ အကယ်၍များ ဖြစ်နိုင်သေးရင် သားကို အဖော်ထပ်ပြုပေးချင်သေးတယ်..... မိစ္ဆာအင်မိုတယ်စေတီထဲမှာ အဖေက ရှေ့ကသွား ၊ သားက နောက်ကလိုက်သလိုမျိုးပေါ့" သူက ပြုံးလိုက်သော်လည်း သူ့မျက်နှာမှာ ဖြူဆုပ်နေလေပြီ။ သူ့ပတ်ပတ်လည်တွင် မျောလွင့်နေသော အလင်းစက်များ ပိုမိုများပြားလာရာ သူ့အပြုံးအား အတော်လေး ဝေဝါးနေစေတော့သည်။
"အဖေရယ်...." မန်ဟိုက ခဲယွင်ဟိုင်ရဲ့ လက်ကို ဆွဲထားရင်း ပြောသည်။
"သားရဲ့ အစ်ကိုတွေ ၊ အစ်မတွေအကုန်လုံး ထွက်သွားခဲ့ပြီ။ အခု အဖေလည်း ထွက်သွားတော့မှာဆိုတော့ ဒီလောကကြီးထဲမှာ သားအတွက် ဆွေမျိုးဆိုပြီး ရှိတော့မှာ မဟုတ်ဘူး... နောင်ကျရင် သား ဒီထက်ပိုပြီး စဉ်းစားတတ်မယ်လို့ အဖေ မျှော်လင့်ပါတယ်" မန်ဟိုကို ကြည့်နေသော ခဲယွင်ဟိုင်၏ မျက်ဝန်းများအထဲရှိ ချစ်မြတ်နိုးကြင်နာမှုတို့မှာ ပို၍နက်ရှိုင်းလာပြီး မခွဲခွာချင်စိတ်တို့ကလည်း ထိုနည်းတူပင်။ သူပြောခဲ့သည့်အတိုင်း သူ့ဘဝတွင် စိတ်အပူဆုံးမှာ ယခု သူ့အရှေ့၌ ဒူးထောက်နေသော ကလေးကြီးဖြစ်ချေသည်။
မျှော်လင့်ချက်လေး အနည်းငယ်သာ ရှိခဲ့ပါလျှင် ၎င်းကို အမိအရ ဖမ်းဆုပ်ပြီး ခဲကျုံစစ် အမှန်တကယ် အရွယ်ရောက်လာမှာ သူ ကြည့်ဦးမည်ဖြစ်သည်။
မန်ဟိုမှာ သူ၏နှလုံးသားအနက်ရှိုင်းဆုံးထဲတွင် ခံစားနေရသော အရာကို နှုတ်မှ ဖွင့်ဟမပြောနိုင်ပေ။ သူ၏ကမ္ဘာကြီး ပျက်စီးသွားသည့်အလား ၊ သူ့ရင်ထဲတွင် ဝဲကြီးတစ်ခုက သူ၏အတွေးပေါင်းစုံကို စုပ်ယူနေသည့်အလား ခံစားနေရတော့၏။
သူ့မှာ ခဲယွင်ဟိုင်၏လက်ကို သူ၏လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ငိုရှိုက်ရုံသာ တတ်နိုင်သည်။ ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားမှ ထွက်မလာ။
"စိတ်မကောင်းမဖြစ်ပါနဲ့။ သားအစ်ကိုတွေ ၊ သားအစ်မတွေ အဖေ့ကို စောင့်နေကြတယ်။ အဖေက သူတို့ရဲ့ အဖေလည်း ဟုတ်တယ်လေ သားရဲ့။ သူတို့နဲ့လည်း တူတူနေပေးရဦးမှာပေါ့ ... ပြီးတော့ ကျုံစစ် ၊ အဖေ မြေအောက်ကမ္ဘာမှာ ရှိနေတဲ့အချိန် တစ်ရက်ရက်ကျရင် အဖေ သားအတွက် ဂုဏ်ယူအောင် စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်....."
အပြင်တွင် ခေါင်းလောင်းသံ (၈၉)ချက် ထိုးခဲ့လေပြီ။ ခဲယွင်ဟိုင်၏ ခန္ဓာကိုယ်မှာ ယခုတွင် လည်နေသော အဖြူရောင်အလင်းစက်များဖြင့် နေရာလပ်မကျန် ဝန်းရံခံထားရပြီဖြစ်သည်။ မန်ဟို ဆုပ်ကိုင်ထားသည့်လက်မှာ တစတစ မှေးမှိန်ဝေဝါးလာ၏။ ယခုတွင် ထင်ရှားပြတ်သားသည့်အရာဆို၍ ခဲယွင်ဟိုင်၏ နွေးထွေးကြင်နာသောအပြုံးလေးတစ်ခုသာ ရှိတော့လေသည်။
သူ၏မျက်လုံးများမှာ မှေးမှိန်ပျောက်ကွယ်လာခဲ့ပြီဖြစ်သည်။ အသုဘခေါင်းလောင်း၏ နောက်ဆုံး ဆယ်ချက်အတောအတွင်း ၎င်းတို့အားလုံး ပျောက်ကွယ်ကာ မရေမတွက်နိုင်သော အလင်းစက်များအသွင်ပြောင်း၍ လေထဲတွင် လွင့်ပါးသွားပေလိမ့်မည်။
မန်ဟို့နှလုံးသားမှာ စုတ်ပြတ်သပ်နေလေပြီ။ သူက ကတုန်ကယင်ဖြင့် ခဲယွင်ဟိုင်၏ ပျောက်ကွယ်နေသောလက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရန် ကြိုးစားလိုက်သည်။
"အဖေ့...."
ရုတ်တရက် ခဲယွင်ဟိုင်၏ ဝေဝါးလာသော မျက်လုံးများမှာ မန်ဟိုကို ကြည့်ရန် နောက်ဆုံးလက်ကျန် အသက်စွမ်းအားအလုံးစုံကို သုံးနေသည့်အလား အာရုံစိုက်လိုက်ဟန်တူသည်။ သူ့မှာ တွေဝေငေးကြောင်နေသည့်အလားပင်။
သူ့အရှေ့ရှိ ထိုနေရာ ၊ မန်ဟို၏ အနောက်တွင် တဖြေးဖြေး ရုပ်လုံးပေါ်လာနေသော ပုံရိပ်တစ်ခုကို သူ မြင်လိုက်သည်။ ၎င်းသည် အဖြူရောင်ဝတ်ရုံနှင့် လူတစ်ယောက်ဖြစ်ပြီး မန်ဟို့မျက်နှာနှင့် တခြားစီပင်။ သူကား ဆံပင်ရှည်ရှည်များနှင့် ငယ်သယောင်ထင်ရသော်လည်း အဆုံးမဲ့သောရှေးဆန်မှုဖြင့် ပြည့်နှက်နေဟန်တူသည်။
ဤပုံရိပ်ကား ... ခဲကျုံစစ် မှတစ်ပါး အခြားမဟုတ်။
ခဲကျုံစစ်သည် သူ့အဖေကို မျက်ရည်များဖြင့် ကြည့်နေ၏။ သူက ဒူးထောက်ချလိုက်သဖြင့် သူ၏ခန္ဓာကိုယ်မှာ မန်ဟို့ခန္ဓာကိုယ်အပေါ် ထပ်သွားလေသည်။
ခဲယွင်ဟိုင်၏မျက်နှာအပေါ်တွင် အပြုံးလေးတစ်ခု ဖြစ်ထွန်းလာသည်။ အပိုင်းအစများကို သူ ဆက်စပ်စဉ်းစားမိခဲ့ပြီးဖြစ်သည်။ သူက ခေါင်းညိတ်လိုက်ပြီး မန်ဟို့ နဖူးကို ထိရန် လက်ကို ဖြေးညှင်းစွာ လှမ်းလိုက်သည်.... သို့မဟုတ် ခဲကျုံစစ်၏နဖူးကို ထိနေခြင်း ဖြစ်တန်ရာသည်။
ထိုအခိုက်အတန့်တွင် ပုံရိပ်များ ခဲယွင်ဟိုင်၏စိတ်ထဲတွင် ပေါ်လာသည်။ မိစ္ဆာအင်မိုတယ်ဂိုဏ်းပျက်သုဉ်းခြင်းနှင့် ခဲကျုံစစ်၏ အံ့ဩတုန်လှုပ်ဖွယ် နောက်ဆုံးတိုက်ပွဲ ။ ခဲကျုံစစ် အသက်ပြန်ရှင်လာပြီး မိစ္ဆာအင်မိုတယ်ဂိုဏ်းအား နှစ်သောင်းပေါင်းများစွာ တစ်ယောက်တည်း စောင့်ရှောက်နေခဲ့ပုံကို မြင်လိုက်ရသည်။
ခဲကျုံစစ်က ခဲယွင်ဟိုင်ကို ကြည့်သည်။ မျက်ရည်များက အတားအဆီးမရှိ စီးကျနေလျက် သူက နူးညံ့ပျော့ပျောင်းစွာ ပြောလိုက်လေသည်။ "အဖေ.... သားလေ စဉ်းစားဆင်ခြင်တတ်ခဲ့ပါပြီ... အရင်တုန်းက အရာတွေအားလုံးအတွက် တောင်းပန်ပါတယ်... သား တောင်းပန်ပါတယ် အဖေရယ် ... အကုန်လုံးက သား အမှားတွေပါ....."
အကြာကြီး ကြာပြီးသည့်နောက်ဆုံးတွင်တော့ သူ့မှာ အဖေဖြစ်သူကို ထပ်မံ မြင်တွေ့လိုက်ရလေပြီ။ အကြာကြီး ကြာပြီးသည့်နောက်တွင်တော့ သူ့အဖေကို ထိုစကားများ ပြောလိုက်နိုင်လေပြီ။
ဤစကားလုံးများသည် ခဲကျုံစစ်၏စကားများ ဟုတ်သလို၊ မန်ဟို့စကားဆိုလည်း မမှားပေ။ လူနှစ်ယောက် ၊ စကားတစ်ခွန်း ။ ခဲကျုံစစ်က မန်ဟို့ပါးစပ်ကို ငှားနေသည်လား၊ မန်ဟိုက ခဲကျုံစစ်၏ ဝိညာဉ်ကို ငှားနေသည်လား ပြောရခက်၏။
"အဖေ... သား ရင့်ကျက်လာခဲ့ပါပြီ။ သားအတွက် စိတ်မပူပါနဲ့တော့... အဖေ သားအတွက် ဂုဏ်ယူနိုင်အောင် သားအမြဲ ကြိုးစားပါ့မယ်...."
ခဲယွင်ဟိုင်က မန်ဟိုနှင့် ခဲကျုံစစ်ကို အကြာကြီး ကြည့်လိုက်သည်။ ချစ်ခင်ကြင်နာသော အပြုံး၊ လေးစားသော အပြုံးနှင့် ရောင့်ရဲကျေနပ်သွားသောအပြုံး သူ၏မျက်နှာကို လွှမ်းခြုံသွား၏။
"ကျေးဇူးတင်ပါတယ်" ခဲယွင်ဟိုင်၏ အက်ကွဲကွဲအသံ ထွက်လာသည်။ "သားလည်း အဖေ့သားပါ။ ဒီဘဝမှာ အဖေတို့နှစ်ယောက်က သားအဖပဲ" သူက မန်ဟို့ကို လေးလေးနက်နက် ကြည့်သည်။ ထိုအကြည့်ထဲတွင် တုန်နေအောင် ချစ်မြတ်နိုးမှု၊ နွေးထွေးကြင်နာမှုတို့အား မြင်ရနိုင်၏။ ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော အလင်းစက်များက သူ၏ခန္ဓာကိုယ်ကို ဝန်းရံသွားလေပြီ။
သူ တစ်ချိန်လုံး ကိုင်ထားခဲ့သော ခဲယွင်ဟိုင်၏လက်မှာ ယခုတွင် ဘာမှမရှိတော့သဖြင့် မန်ဟိုတစ်ကိုယ်လုံး တုန်ရီသွားသည်။ ဆီမီးအိမ်၏ နောက်ဆုံးမီးစာကား ကုန်ခမ်းသွားပြီဖြစ်သည်။
"အဖေ" မန်ဟို အဆုတ်ကွဲမတတ် အော်လိုက်သည်။ ခဲယွင်ဟိုင် လွင့်ပါးပျောက်ကွယ်သွားသည်ကို ကြည့်နေစဉ် သူ၏ မျက်နှာအပေါ်တွင် မျက်ရည်များက တဖြိုင်ဖြိုင် စီးကျလျက်ရှိ၏။ အပြင်တွင် ၉၉ ချက်မြောက် အသုဘခေါင်းလောင်းသံအား ကြားလိုက်ရလေသည်။
၁၀၀ ပြည့်ဖို့ တစ်ချက် လျော့ခြင်း။ ပြီးပြည့်စုံခြင်းအား ခွင့်မပြု။ အသုဘခေါင်းလောင်းသံသည် လမ်းကို စောင့်ရှောက်သည်၊ လမ်းကို ကာကွယ်ပေးသည်။ အချက်အရေအတွက်ကား များလည်း မများရသလို၊ နည်းလည်း နည်း၍မရ။ မြေအောက်ကမ္ဘာသို့ ဦးတည်နေသော လမ်း (၉၉) သွယ်။
ထိုအရာသည် ပါရာဂွန်တစ်ဦး ကွယ်လွန်လျှင် မြည်ဟည်းလေသော အသုဘခေါင်းလောင်းသံပင်။
အသုဘခေါင်းလောင်းသံကား ပထမအထပ်ကောင်းကင်ဘုံ၏ တောင်ထိပ်ခုနစ်ခုလုံးတွင် ဆက်လက် ပဲ့တင်ထပ်လျက်ရှိ၏။ ထိုအခိုက်အတန့်တွင် တောင်ထိပ်ခုနစ်ခုရှိ သန်းပေါင်းများစွာသော ကျင့်ကြံသူများမှာ စတုတ္ထတောင်ထိပ်အား ဂါဝရပြုလိုက်ကြသည်။ ကျန်ပါရာဂွန်များအပါအဝင် လူတိုင်း လေးလေးနက်နက် ဂါဝရပြုလိုက်ကြလေသည်။
စတုတ္ထတောင်ထိပ်အပေါ်တွင် ငိုကြွေးသံများ ပျံ့လွင့်လာ၏။ ဂိုဏ်းသားအားလုံးမှာ ခဲယွင်ဟိုင်၏ကျင့်ကြံခြင်းဂူရှိရာသို့ လှည့်၍ ဒူးထောက်ကာ ဂါဝရပြုလိုက်ကြသည်။
ခဲယွင်ဟိုင်ကား ကွယ်လွန်သေဆုံးခဲ့လေပြီ။
အပြင်၌ ငိုကြွေးသံများ ထွက်ပေါ်လာစဉ် မန်ဟိုမှာတော့ ခဲယွင်ဟိုင် လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်ကို ငူငူငိုင်ငိုင်ကြီး ကြည့်နေသည်။ သူသည် အကြာမှအကြာကြီး တိတ်ဆိတ်စွာ ဒူးထောက်နေပြီးနောက် ထရပ်လိုက်၏။ သူက ရင်ဘတ်နေရာကို ဆုပ်ကိုင်ရင်း ကျင့်ကြံခြင်းဂူအပြင်သို့ လမ်းလျှောက်ထွက်လာသည်။ အပြင်တွင် ဂိုဏ်းသားအားလုံး သူရှိရာသို့ ကြည့်၍ ရောက်နေကြသည် မြင်လိုက်ရသည်။ သူ သူတို့ကို ပြန်ကြည့်လိုက်သည့်အခါ ဖြေမဆည်နိုင်သော ပူဆွေးသောကတို့က သူ၏မျက်နှာကို ဖုံးလွှမ်းလျက် ရှိချေသည်။
သူက ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး နေရောင်စဉ်တို့က သူ၏မျက်ဝန်းများထဲသို့ စီးဖြာကျလာသည်။ ခဲယွင်ဟိုင်၏အရိပ်ကို သူ လျှပ်တပြက် မြင်လိုက်သယောင်ပင်။ ၉၉ တန်းသော အလင်းတန်းများက ခဲယွင်ဟိုင်၏ ပတ်ပတ်လည်တွင် ရစ်သိုင်းကာ သူ့ကို အဝေးသို့ စောင့်ရှောက်ခေါ်ဆောင်သွားလေပြီ။ ခဲယွင်ဟိုင်က အဝေးသို့ ထွက်သွားနေစဉ် မဆိုစလောက်ကလေး ခေါင်းလှည့်ပြီး အောက်ရှိမြေပြင်များနှင့် မန်ဟို့ကို လှမ်းကြည့်လိုက်သည်။
နေရောင်ခြည်တို့ မန်ဟို့အပေါ် ဖြာကျနေစဉ် သူသည် ပုံရိပ်ယောင်ကမ္ဘာသို့ ပထမဆုံး ရောက်ခဲ့လာသည့် သူ၏ပုံရိပ်ကို မြင်လိုက်၏။ ခဲယွင်ဟိုင်ကို ပထမဆုံး မြင်ခဲ့ပြီး မည်သည့်အရာကိုမဆို ခွင့်လွှတ်ပေးနိုင်သော သူ၏အကြင်နာမျက်ဝန်းများကို ပြန်တွေးမိလိုက်သည်။
ကျီမင်ဖုန်းကို သတ်ပြီးနောက် သူ ကြာပွတ်စာမိခဲ့သည်။ ထိုစဉ်တုန်းက ခဲယွင်ဟိုင်၏ ဘာကြောင့်မအော်တာလဲ မေးနေသောအသံအား သူ့နားထဲမှ ကြားခဲ့ရသည်။ သူ့နှလုံးသားမှာ တုန်ရီသွားခဲ့ရ၏။
ထို့နောက် ခဲယွင်ဟိုင်၏ အသက်စွမ်းအားဖြင့် ကိုယ်တိုင်ကိုယ်ကျ ထုလုပ်ဖန်တီးပေးခဲ့သော မှော်ပစ္စည်းများ၊ အဆောင်စက္ကူများ။ မိစ္ဆာအင်မိုတယ်စေတီတွင် မန်ဟိုသည် သေချာပေါက် ရှုံးနိမ့်မည်ဖြစ်သော နေရာသို့ ရောက်ခဲ့၏။ ထိုအချိန်တွင် ပုံရိပ်တစ်ခုက သူ့အရှေ့တွင် ပေါ်လာပြီး သူ၏ဆံပင်များကို ထိုးဖွကာ နွေးနွေးထွေးထွေး ကြင်ကြင်နာနာ ပြောခဲ့၏။ "အဖေ သားကို ခေါ်သွားပေးမယ်"
မန်ဟို ဤအခြင်းအရာအားလုံးကို ပြန်မြင်ယောင်နေပြီး နောက်ဆုံးတွင် ၎င်းတို့သည် ခွဲခွာသွားသောပုံရိပ်တစ်ခု အသွင်ပြောင်းသွား၏....
နောက်ဆုံးတော့ သူသည် ခဲကျုံစစ်မဟုတ်ကြောင်း ခဲယွင်ဟိုင် သိနေခဲ့ကြောင်း နားလည်လိုက်လေပြီ။
ခဲယွင်ဟိုင်မှာ သူ့ကို ကျေးဇူးပင် တင်ခဲ့သေးသည်။ ထိုအရာက အကုန်လုံးကို သက်သေပြသွား၏။ ထို့နောက် မန်ဟိုကလည်း သူ့သားဖြစ်သည်ဟု ဆိုခဲ့သည်။ သူသည် မန်ဟိုကို အသိအမှတ်ပြုခဲ့၏....
ဤအရာအားလုံးသည် အိပ်မက်လေးတစ်ခုအလားပင်။ သို့ရာတွင် မန်ဟို လိုချင်သော အိပ်မက်တစ်ခု ဖြစ်သည်။
"အဘိုးကြီး ... ထွက်သွားပြီ" သူက ရေရွတ်လိုက်လေသည်။ သူ့မျက်ဝန်းများ မှောင်မိုက်သွားသည်။ သူ့မှာ သွေးတစ်ပွက်အန်ကာ မြေကြီးအပေါ် ပုံရက်သား လဲကျသွားလေတော့သည်။
မန်ဟိုမှာ နှစ်ရက်တိုင်တိုင် မေ့မြောနေခဲ့သည်။ သူ နောက်ဆုံး ပြန်သတိရလာသောအခါ သူ့ကို စိုးရိမ်တကြီး ကြည့်နေသော ရှုချင်ကို မြင်လိုက်ရ၏။ သူက ဘာမှမပြောပေ။ ရှုချင်က သူ့ကို အဖော်ပြု၍ ခဲယွင်ဟိုင်၏သင်္ချိုင်းအား လိုက်ပါပို့ဆောင်ပေးသည်။ အုတ်ဂူသည် သတ္တမတောင်ထိပ်ရှိ ချိုင့်ဝှမ်းတစ်ခုတွင် ဖြစ်၏။ အလောင်းမရှိသော အုတ်ဂူ၊ မီးသေနေသော ဆီမီးအိမ်တစ်လုံးသာ ရှိသည့် အုတ်ဂူဖြစ်သည်။
မန်ဟိုကား သာမန်ဂိုဏ်းသားမဟုတ်တော့သလို၊ လက်ရွေးစင်ပညာသင်လည်း မဟုတ်တော့။ ယခုတွင် သူသည် ပါရာဂွန်မဟုတ်သော စတုတ္ထတောင်ထိပ်သခင်ဖြစ်လေပြီ။
သူက ဆေးလည်း မဖော်စပ်တော့သလို ၊ တာအိုမှော်ကျင့်စဉ်ဉာဏ်အလင်းလည်း မရှာဖွေ။ ထိုအစား သူ၏ကျင့်ကြံခြင်းဂူအပြင်တွင်ကာ ညတာ၏ အမှောင်ထုကိုသော်လည်းကောင်း၊ နေ့တာ၏ တောက်ပနေသော ကောင်းကင်ကြီးကိုသော်လည်းကောင်း ငေးကြည့်နေတတ်သည်။ သူ့မှာ မည်သည့်အရာကို ကြည့်၍ ကြည့်နေမှန်းမသိ၊ သည်အတိုင်း တွေတွေကြီး ငေးကြည့်နေရုံသာ....
ရက်အနည်းငယ်ကြာသော် ရှေးခေတ်ပုံရိပ်ယောင်ကမ္ဘာထဲတွင် သရဲပုံရိပ်များသည် တစ်ရက်လျှင် ကြိမ်ဖန်များစွာ ပေါ်လာနေလေပြီ။ ဤကမ္ဘာကြီး ... ပျောက်ကွယ်တော့မည်ဖြစ်ကြောင်း မန်ဟို သိလိုက်၏။
"သေခြင်းနဲ့ ရှင်ခြင်း ... ခွဲခွာရတာ ဖြစ်နိုင်ပေမယ့် အစလည်း ဖြစ်နိုင်တယ်" သူသည် ဖျတ်ခနဲ ဉာဏ်အလင်းပွင့်သွားသယောင်ပင်။ သူက မျက်လုံးများ ပိတ်လိုက်ပြီး အချိန်အတော်ကြာသည်အထိ ပြန်မဖွင့်ပေ။ မျက်လုံးပြန်ဖွင့်လိုက်သောအခါတွင်တော့ ကောင်းကင်ကို ဦးတည်နေသည့် လှေကားကြီးထံ သွားရန် ဆုံးဖြတ်ပြီးလေပြီ။ မထွက်ခွာခင် သူသည် နတ္ထိမှ ဖန်တီးခဲ့သော ဆေးလုံးအား အမှတ်မထင် သတိပြုမိခဲ့သည်။ သို့ရာတွင် သူ့မှာ မပျော်။ သူသည် ၎င်းကို တခဏ တွေတွေကြီး ကြည့်ပြီးနောက် သိုလှောင်အိတ်ထဲ ဂရုတစိုက် ထည့်သိမ်းလိုက်၏ ။
သူက မဟာလှေကားအရှေ့မှာ ရပ်၍ စတုတ္ထတောင်ထိပ်ကို နောက်တစ်ကြိမ် ပြန်လှည့်ကြည့်လိုက်သည်။ ထိုအကြည့်ဖြင့် စတုတ္ထတောင်ထိပ်၏ပုံရိပ်ကို သူ၏မှတ်ဉာဏ်ထဲတွင် မပျောက်ပျက်အောင် မှတ်သားလိုက်လေပြီ။
ထို့နောက် သူသည် လှည့်၍ ဂိုဏ်သားတစ်ယောက်မှ မမြင်ရသော လှေကားအပေါ် ခြေချလိုက်ကာ တစ်လှမ်းလျှင် တစ်ထစ်ချင်း တက်သွား၏။ သူ တက်သွားနေစဉ် တောင်ကောင်းကင်ဂြိုဟ်မှ ကျင့်ကြံသူအားလုံး သူ့ကို စောင့်ကြည့်နေကြလေသည်။
သူတို့ကား စောင့်နေကြသည် …. မန်ဟို လှေကားထစ်၏ ထိပ်ဆုံးသို့ ရောက်သွားမည့်အချိန်ကို စောင့်နေကြသည်။ ထို့နောက်တွင် ဒုတိယပြင်ညီ ပျောက်ကွယ်ကာ တတိယပြင်ညီ... ပွင့်လာလိမ့်မည်။
***