တတိယပြင်ညီ
Vol. 43 Ch. 598
မန်ဟိုက တစ်လှမ်းချင်း၊ တစ်ထစ်ချင်း တက်သွားသည်။ မကြာမီ သူသည် ကောင်းကင်ထက်သို့ ရောက်ရှိသွားပြီး ထိပ်ဆုံးနှင့် နီးကပ်နေလေပြီ။ သူက နောက်ဆုံးလှေကားထစ်သို့ လှမ်းခါနီးဆဲဆဲမှာပင် တုံ့ခနဲ ရပ်ပြီး မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ တောင်ထိပ်များကို ငုံ့ကြည့်လိုက်သည်။ သူက မျက်လုံးများ တခဏ ပိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သောအခါ ၎င်းတို့သည် ခိုင်မာပြတ်သားမှုတို့ဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
"အဖေ ... သား အခုသွားပြီနော် " သူက တိုးတိုးကလေး ပြောလိုက်သည်။ ထို့နောက် နောက်ဆုံး လှေကားထစ်ပေါ် ခြေချလိုက်၏။ ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားပြီး တစ်လောကလုံး တုန်ခါလာတော့သည်။
တောင်ကောင်းကင်ဂြိုဟ်မှ မဟုတ်သော မိစ္ဆာအင်မိုတယ်ဂိုဏ်းသားအားလုံးမှာ ဖြစ်ပျက်နေသမျှအရာအားလုံးနှင့် ပတ်သက်ပြီး ဘာဆိုဘာမှ မသိရှိကြောင်း မန်ဟို မြင်နေရ၊ ခံစားနေရလေသည်။
တောင်ကောင်းကင်ကျင့်ကြံသူများမှာ ခံစားရနိုင်ပြီး … မှန်ပါသည်၊ သူတို့၏မျက်နှာများတွင် တတိယပြင်ညီကို မျက်ဝါးထင်ထင် မြင်တွေ့ရတော့မည်ဖြစ်၍ မျှော်လင့်ချက်များ၊ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာလေသည်။
မိစ္ဆာအင်မိုတယ်ဂိုဏ်းနှင့်ပတ်သက်လျှင် ပထမပြင်ညီနှစ်ခုမှာ အမြဲ ပေါ်ပေါက်လာစမြဲဖြစ်သည်။ သို့ရာတွင် တတိယပြင်ညီမှာတော့ သမိုင်းတစ်လျှောက် ပေါ်လာခဲ့ဖူးသည့် အကြိမ်အရေအတွက်မှာ လက်ချိုးရေ၍ ရလေသည်။ ၎င်းကို ပွင့်လာအောင် လုပ်ဖို့အတွက် ကံထူးရန် ၊ ကံကောင်းရန် လိုအပ်၏။
တတိယပြင်ညီပွင့်လာသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်ခြင်းမှာ သူတို့၏နှလုံးသားအား ပြင်းပြသော စိတ်ခံစားချက်များဖြင့် တုန်ရီလှုပ်ရှားလာစေတော့သည်။
မှန်ပါသည်၊ ဒုတိယပြင်ညီကွယ်ပျောက်ခြင်းနှင့် တတိယပြင်ညီပွင့်လာခြင်းကို အစစ်မှန်ဆုံး မြင်တွေ့ရသူမှာတော့ မန်ဟိုတစ်ယောက်သာ ရှိသည်။
ဤအခိုက်အတန့်တွင် သူတစ်ယောက်တည်းသာ လေလယ်တွင် ရပ်၍ အောက်ရှိ လူအားလုံးကို ငုံကြည့်နေလေသည်။ မဟာလှေကားကြီး၏ ထိပ်ဆုံးသို့ရောက်သောအခါ သူက အပြင်းအထန် တုန်ခါနေသော၊ သရဲပုံရိပ်များ အထပ်ထပ်ပေါ်ပေါက်နေသော အရာအားလုံးကို ငုံ့ကြည့်လိုက်သည်။
သရဲပုံရိပ်များသည် မပျောက်ကွယ်ခင် တခဏသာ ပေါ်ပေါက်နေလိမ့်မည်။
မမြင်ရသော၊ အကောင်အထည်မရှိသော ပုံရိပ်ယောင်လေတစ်ချက်က မည်သည့်နေရာကမသိ တိုက်ခတ်လာသည်။ ၎င်းက မည်သူတစ်ဦးတစ်ယောက်၏ ဆံပင်များကိုမှ ယိမ်းနွဲ့လှုပ်ခတ်သွားစေခြင်းမရှိ။ ထိုအစား အချိန်ကို လှုံ့ဆော်လိုက်ခြင်း ဖြစ်သည်။
မန်ဟို ကြည့်နေစဉ်မှာပင် ပထမအထပ် ကောင်းကင်ဘုံ၏ တောင်ထိပ်ခုနစ်ခုလုံးသည် မျက်စိတစ်မှိတ်အတွင်း နှစ်တစ်သောင်း ဖြတ်သန်းသွားခဲ့လေပြီ။ တောင်ထိပ်များအပေါ်ရှိ စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမန်များမှာ နွမ်းခြောက်သွားပြီးနောက် လုံးလုံးလျားလျား ကွဲပြားနေသော ပုံပန်းသွင်ပြင်ဖြင့် နောက်တစ်ကြိမ် ဖူးပွင့်လာသည်။
တောင်ထိပ်အပေါ်တွင် ထည်ဝါသော စံအိမ်များ ထွက်ပေါ်လာသည်ကို သူ မြင်ရသည်။ လူတွေ မွေးဖွား၊ အိုမင်းပြီး သေဆုံးသွားကြသည်ကို သူ တွေ့ရသည်။ နှစ်တစ်သောင်း....
ထို့နောက် အရာအားလုံး အမှောင်ဖုံးသွားသည်ကို သူ မြင်လိုက်ရ၏။ တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားသော ဧရာမလက်ကြီးတစ်ဖက် ပေါ်လာသည်။ ထိုလက်ထဲတွင် ရွှေရောင်ဝတ်ရုံနှင့် အဘိုးကြီးတစ်ယောက်ကို သူ မြင်သည်ဆိုရုံကလေး မြင်လိုက်ရသည်။ ထိုအဘိုးကြီးက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ အထက်ကောင်းကင်အာကာတစ်ခွင်မှာ ပြောင်းလဲသွား၏။ မြေပြင်သည် နီစွေးသွားပြီး ကြယ်တာရာများ ဟိုဟိုသည်သည် လူးလာလှုပ်ရှားသွားသည်။
ပထဝီမြေကြီး တုန်ခါဟည်းလာ၏။ အမှောင်ထုအတွင်း၌ မန်ဟိုသည် သိပ်သဲသဲကွဲကွဲ မမြင်နိုင်သော်လည်း အထွတ်အမြတ်နယ်မြေနှစ်ခု ပြိုကျနေသည်ကို တွေ့လိုက်ရသည်။ တောင်ကြီးသုံးလုံး ကြေမွသွားသည်ကို မြင်လိုက်ရသည်။ မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ ပထမအထပ်ကောင်းကင်ဘုံလည်း နှစ်ခြမ်းကွဲထွက်သွားသည်။ တောင်များမှာ တည်ရှိနေသေးသော်လည်း အစိတ်အပိုင်းအများစုမှာ ပဲ့ကျကုန်လေပြီ။
အဆောက်အဦးများ စိစိညက်ညက် ကြေသွားပြီး ဂိုဏ်းသားများစွာ သေဆုံးသွားကြသည်။ မန်ဟိုသည် နဝမတောင်နှင့်ပင်လယ်ကို တုန်လှုပ်စေခဲ့သော မဟာစစ်ပွဲကြီးတစ်ပွဲအား မျက်ဝါးထင်ထင် မြင်တွေ့နေရလေသည်။ စစ်ပွဲကြီးမှာ အမှောင်ထုအတွင်း၌ တိုက်ခိုက်နေသည်ဖြစ်၍ သဲသဲကွဲကွဲ မမြင်ရဘဲ ခံစားနေရခြင်းသာ ဖြစ်သည်။
မကြာမီ အကုန်လုံး တစတစ ပျောက်ကွယ်သွား၏။ အတန်ကြာသော် စတုတ္ထတောင်ထိပ်၏အပေါ်တွင် ခေါင်းတလားတစ်ခုကို မန်ဟို လှမ်းမြင်လိုက်သည်။ ခေါငတလားထဲမှ ယောက်ျားတစ်ယောက် ထွက်လာ၏။ သူ့တွင် အနက်ရောင်ဆံပင်ရှည်ရှည်များ ရှိပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။
သူသည် သူ့အောက်ရှိ နယ်မြေများကို ထာဝရတစ်လျှောက် စောင့်ရှောက်နေသည့်အလား စတုတ္ထတောင်ထိပ်အပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေ၏။
ဤနှစ်သောင်းချီသော ရာဇဝင်သမိုင်းကြောင်းမှာ မျက်စိတစ်မှိတ်လေးတည်းနှင့် ကုန်ဆုံးသွားခဲ့လေပြီ ။ နောက်ဆုံးတွင် မန်ဟိုက မျက်လုံးမှိတ်လိုက်ပြီး ၎င်းတို့ကို ပြန်ဖွင့်လိုက်သောအခါ အရှိတရားက ကမ္ဘာလောကထဲ ပြန်လည်ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ အလောင်းများ ပြန့်ကြဲနေပြ ယခင်အတိုင်း ပျက်စီးအတိပြီးနေ၏။
အရာအားလုံး ... ပုံမှန်ပြန်ဖြစ်သွားလေပြီ။
မန်ဟိုက တခဏကြာသည်အထိ မျက်လုံးများအား တိတ်ဆိတ်စွာ မှိတ်ထားသည်။ ၎င်းတို့ကို ပြန်ဖွင့်လိုက်သောအခါ သူသည် လေပေါ်တွင် မဟုတ်တော့ဘဲ စတုတ္ထတောင်ထိပ်၏အပေါ်၊ ခေါင်းတလားထဲ၌ ကောင်းကင်ကြီးကို မော့ကြည့်ရင်း လဲလျောင်းနေလေ၏။
ကောင်းကင်ကြီးမှာ ခေါင်းတလားအထဲ၌ ပထမဆုံး လဲလျောင်းခဲ့စဉ်တုန်းက မြင်ခဲ့ရသည့်အတိုင်း ပျက်စီးနေသည်။
အရာရာတိုင်းမှာ အိပ်မက်တစ်ခုသာ ဖြစ်ပြီး ယခုတော့.... အိပ်မက်မှ နိုးထလာသည့်အတိုင်းပင်။ သူက ရှေးဟောင်းပုံရိပ်ယောင်ကမ္ဘာကြီးတွင် ဖြစ်ပျက်ခဲ့သမျှ ပုံရိပ်များကို ပြန်မြင်ယောင်ရင်း တိတ်ဆိတ်နေ၏။ နောက်ဆုံးတွင် သူ၏မျက်ဝန်းထောင့်မှ မျက်ရည်များ စီးကျလာသည်။
"တကယ်ပဲ အိပ်မက်လေးတစ်ခုပဲလား..." သူ့မှာ မည်သို့ပြောရမလဲ မသိတော့ပေ။ သူသည် ဖြေးဖြေးချင်း ထရပ်ပြီးနောက် ခေါင်းတလားထဲမှ ထွက်လိုက်သည်။ သူ အဝေးသို့ လျှောက်သွားစဉ် ရုတ်တရက် စိတ်နှလုံးတုန်ရီစွာဖြင့် နောက်ပြန်လှည့်ကြည့်လိုက်၏။
ခေါင်းတလားမှာ သူ့အတွက် ရင်းနှီးလေသည်။ ၎င်းသည် ရှေးဟောင်းပုံရိပ်ယောင်ကမ္ဘာမှာတုန်းက ဝိညာဉ်ခွဲဖြာမန္တန်ကျင့်ကြံနိုင်ဖို့အတွက် ခဲယွင်ဟိုင် သူ့အတွက် .... ခဲကျုံစစ်အတွက်ဆိုလျှင် ပိုမှန်မည်.... ပြုလုပ်ပေးခဲ့သော အခေါင်းပင် ....။
မန်ဟိုမှာ မလှုပ်မယှက် ရပ်ရင်း တွေတွေကြီး ကြည့်နေ၏။ အချိန်အတော်လေးကြာပြီးနော် သူက လှည့်၍ စတုတ္ထတောင်ထိပ်သို့ လှမ်းကြည့်လိုက်သည်။ သူသည် ပထမဆုံး ရောက်လာစဉ်တုန်းက ဤနေရာ မည်သည့်ပုံစံရှိခဲ့သလဲ ရှင်းရှင်းလင်းလင်း မမှတ်မိတော့ပေ။
သို့သော် အရာအားလုံးမှာ ပျက်စီးခြင်း အတိပြီးနေပြီ ဖြစ်သည့်တိုင် သူနှင့် ရင်းနှီးနေသေးလေသည်။ သူ့မှတ်ဉာဏ်ထဲတွင် တည်ရှိသော အသေးငယ်ဆုံးအရာလေးပင်ဖြစ်စေ မေ့မရနိုင်သည်သာ။
သူက စတုတ္ထတောင်ထိပ်၏ အစပ်နား၊ ခဲကျုံစစ်အား ပထမဆုံး မြင်ခဲ့ရသည့် နေရာသို့ တိတ်ဆိတ်စွာ လျှောက်သွားလေသည်။ သူသည် ထိုနေရာသို့ရပ်၍ ပထမတောင်ထိပ်ကို ကျောပေးရင်း သတ္တမတောင်ထိပ်သို့ လှမ်းကြည့်လိုက်သည်။
သူ့အတွက် ဤနေရာတွင် ပထမဆုံး ရပ်ဖူးခြင်းမဟုတ်။ ပထမပြင်ညီတုန်းက ခဲကျုံစစ် မည်သည့်အရာကို ကြည့်နေသည်လဲ သိချင်၍ ကြည့်ခဲ့ဖူးလေသည်။ ယခု ဤနေရာတွင် ရပ်ပြီး နောက်တစ်ဖန် ကြည့်လိုက်သောအခါတွင်တော့ သူ ကောင်းကောင်း သိလိုက်ရပြီဖြစ်သည်။
"အဖေခဲရဲ့ အုတ်ဂူကို ကြည့်နေတာကိုး" သတ္တမတောင်ထိပ်တွင် မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ သမိုင်းတွင် အစွမ်းထက်ဆုံး ပညာရှင်များထဲမှ တစ်ဦး ကွယ်လွန်ပြီးနောက် မြှုပ်နှံထားသော တောင်ကြားချိုင့်ဝှမ်းတစ်ခုရှိသည်။ ထိုပညာရှင်မှာ ..... ခဲယွင်ဟိုင်မှတစ်ပါး အခြားမဟုတ်ပေ။
မန်ဟိုက အကြည့်လွှဲပြီးနောက် စတုတ္ထတောင်ထိပ်မှ လမ်းလျှောက်ဆင်းလာသည်။ ထိုနှစ်တုန်းကအတိုင်း အသေးစိတ် မတူညီတော့သော်လည်း မန်ဟိုအနေဖြင့် ရင်းနှီးသော နေရာများကို ရှာနိုင်သေးလေသည် ။
သူ လမ်းလျှောက်နေစဉ် သူ၏မျက်နှာမှာ အတိတ်ကို လွမ်းဆွတ်တိမ်းတနေမှုတို့ဖြင့် ပြည့်နှက်နေချေသည်။ သူ့နှလုံးသားမှာလည်း လေးလံနေ၏။ သူသည် ယခုလေးတင် အိပ်မက်မှ နိုးထလာပြီး မည်သည့်အရာက အစစ်အမှန်၊ မည်သည့်အရာက အတုအယောင်လည်း ဇဝေဇဝါဖြစ်နေသယောင်ပင်။
စတုတ္ထတောင်ထိပ်တစ်ခုလုံးကား အပျက်အစီးများ ပြည့်နေပြီး ယခင်အတိုင်း တားမြစ်မန္တန်များ ခြေရာလက်ရာမပျက် ရှိသေးသည့် နေရာအတော်များသည်။ ထိုကဲ့သို့ နေရာတစ်နေရာ မန်ဟို့အရှေ့တွင် ရုတ်တရက် ပေါ်လာလေသည်။ နူးညံ့နွေးထွေးသော အလင်းရောင်က စီးမျောထွက်လာ၏။ သူသာ ၎င်းကို လျစ်လျူရှုလိုက်လျှင် သို့မဟုတ် သင့်တင့်သော နည်းလမ်းဖြင့်မဟုတ်ဘဲ ဝင်ရောက်ဖို့ ကြိုးစားလျှင် သူ၏အပြင်အားကိုယ် မည်မျှအစွမ်းထက်စေကာမူ သေဆုံးရမှာ သေချာသည်။
တားမြစ်မန္တန်က မန်ဟို့လမ်းကို ပိတ်ထား၏။ အခြားတစ်ဖက်တွင် အလောင်းများ အပြည့်နှင့် တောင်ပေါ်လမ်းကျဉ်းကျဉ်းလေးတစ်ခု ရှိသည်။ မန်ဟိုသည် ထိုလမ်းနှင့် များစွာ ရင်းနှီးလေ၏။ ၎င်းက စတုတ္ထတောင်ထိပ်အပေါ်ရှိ သူ၏ကျင့်ကြံခြင်းဂူသို့ ဦးတည်နေသော လမ်းမှတစ်ပါး အခြားမဟုတ်ပေ။
သူက ပိုပို၍ ဇဝေဇဝါဖြစ်လာသော မျက်နှာအမူအရာနှင့် တားမြစ်မန္တန်၏ အပြင်တွင် ရပ်နေသည်။ အချိန်အတော်ကြာသော် မျက်လုံးများပိတ်လိုက်၏။ ၎င်းတို့ကို ပြန်ဖွင့်လိုက်သောအခါ သူသည် ညာလက်ကို မြှောက်၍ ရှေးဟောင်းချိတ်ပိတ်မန္တန်တစ်ခုကို ဖော်ဆောင်လိုက်သည်။ သရဲပုံရိပ်များ ပေါ်လာပြီး အရှေ့သို့ အသာအယာ ဖိတွန်းလိုက်လေသည်။
မည်သည့်အသံမှ ထွက်မလာ။ ထာဝရ တည်မြဲမည့်ပုံရသော တားမြစ်မန္တန်အလင်းရောင်မှာ ရုတ်တရက် ဖျပ်ဖျပ်လှုပ်သွားသည်။ ၎င်းသည် တဖြေးဖြေး ပါးလျပ်လာပြီးနောက်ဆုံး ဝင်ပေါက်တစ်ပေါက် ပေါ်လာလေပြီ။
မန်ဟိုက သက်ပြင်းချပြီး အထဲလျှောက်သွားသည်။ လမ်းတစ်လျှောက် ဖွေးဖွေး လှုပ်နေသော အလောင်းများကို ကြည့်နေစဉ် လွမ်းဆွတ်ကြေကွဲနေသော အရိပ်အယောင်က သူ၏မျက်နှာကို စိုးမိုးနေချေသည်။ လမ်းအဆုံးတွင် ဒုတိယပြင်ညီ၌ ရှိနေစဉ်အတွင်း သူ လပေါင်းများစွာ နေထိုင်ခဲ့သော ကျင့်ကြံခြင်းဂူ ရှိလေသည်။
ကျင့်ကြံခြင်းဂူ၏ တံခါးမှာ ကျိုးပဲ့ပျက်စီးနေလေပြီ။ ဂူအတွင်းမှာတော့ ဖုန်များမှလွဲ၍ ပြောင်ခါရှင်းနေသည်။ ဒုတိယပြင်ညီမှာတုန်းက ခဲယွင်ဟိုင် သူ့ကို ပေးခဲ့သော စစ်သည်တော်နှစ်ဦးကိုလည်း မည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။
"သူတို့ မတည်ရှိတော့ဘူး ထင်ပါတယ်" သူက ကျင့်ကြံခြင်းဂူတွင် ထိုင်ရင်း တစ်ယောက်တည်း တွေးနေသည်။ ဒုတိယပြင်ညီမှာတုန်းက ဤနေရာသည် သူ တရားထိုင်ခဲ့သော နေရာဖြစ်၏။ ဤနေရာမှနေ၍ ကောင်းကင်ကြီးနှင့် နယ်မြေများကို သူမြင်ရနိုင်သည်။ သူက အကြာကြီး မလှုပ်မယှက် ထိုင်နေလေသည်။
ကျန်တောင်ကောင်းကင်ကျင့်ကြံသူများအနေဖြင့် ဒုတိယပြင်ညီတွင် ရခဲ့သော နည်းလမ်းများအပြင် စိတ်ထဲရှိသမျှ နည်းလမ်းပေါင်းစုံ အသုံးပြုကာ တတိယပြင်ညီ၌ ကြွင်းကျန်ရစ်သော ရတနာများအား တူးဖော်နေကြမည်ဖြစ်ကြောင်း သူသိသည်။
တတိယပြင်ညီသည် သော့ပွင့်သွားသော ဘဏ္ဍာတိုက်ကြီးနှင့် တူလေသည်။ ဤနေရာသို့ ရောက်လာသော မည်သူမဆို ကံကြမ္မာကောင်းရယူနိုင်သည့် အခွင့်အရေး ရပေလိမ့်မည်။
အချိန်အတော်လေးကြာမှ မန်ဟိုက ထရပ်လိုက်သည်။ သူသည် တစ်ချိန်က သူ၏ကျင့်ကြံခြင်းဂူဖြစ်ခဲ့သော နေရာမှ ထွက်ပြီး ... ခဲယွင်ဟိုင်၏ကျင့်ကြံခြင်းဂူဆီသို့ လမ်းလျှောက်ထွက်သွား၏။
ဤနေရာတွင် မည်သည့်တားမြစ်မန္တန်မှ မရှိပေ။ အကုန်လုံးမှာ မဟာစစ်ပွဲကြီးအတွင်း ဖျက်စီးခံခဲ့ရသည်။ အမှန်အားဖြင့် ကျင့်ကြံဂူတံခါးဆိုလျှင် ခပ်ယဲ့ယဲ့သာ ရှိတော့လေပြီ။ သို့သော် ... ကျင့်ကြံဂူ၏ အတွင်းပိုင်းမြင်ကွင်းကတော့ မန်ဟို့ကို ပင့်သက်ရှိုက်သွားစေတော့သည်။
ကျင့်ကြံဂူ၏ အခင်းအကျင်းမှာ ဒုတိယပြင်ညီမှာတုန်းကအတိုင်း တစ်ထေရာတည်းပင်။
သို့သော် တစ်စုံတစ်ယောက်က မကြာခဏ လာရောက်ရှင်းလင်းပေးတတ်သည့်အလား တစ်နေရာလုံး၌ ဖုန်လေးတစ်စက်ပင် မရှိပေ။
မန်ဟိုသည် အချိန်ကုန်နေသည်ကိုပင် သတိမမူမိသည့်အလား ကျင့်ကြံခြင်းဂူကို အကြာမှ အကြာကြီး ရပ်ကြည့်နေပြီး ဤသည်မှာ ပုံရိပ်ယောင်ဒုတိယပြင်ညီမဟုတ်ကြောင်း မေ့သွားခဲ့လေပြီ။ သုံးရက်ကြာမှနောက်ဆုံး သူက လက်ယှက်ပြီး လေးလေးနက်နက် ဂါဝရပြုလိုက်၏။
အိပ်မက်အတွက် ဂါဝရပြုခြင်း၊ ထိုဘဝတုန်းက သူ့အဖေအတွက် ဂါဝရပြုခြင်း ၊ အိပ်မက်မှ နိုးထလာခဲ့သည့်အတွက် ဂါရဝပြုခြင်း....
ထိုဘဝတုန်းက အဖေဖြစ်သူအတွက် ခံစားချက်များမှာ သူ၏နှလုံးသားတွင် အမြစ်တွယ်ပြီး သူ၏တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့လေပြီ။ ၎င်းတို့အား ဖြတ်တောက်၍မရသလို၊ ပျောက်ကွယ်သွားမည်လည်း မဟုတ်ပေ။
သူက ခိုင်မာပြတ်သားသော မျက်ဝန်းများနှင့် ထရပ်ပြီး စတုတ္ထတောင်အောက်သို့ လျှောက်ဆင်းလာခဲ့သည်။
တောင်မှ ထွက်လာပြီးနောက် သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီး လေပေါ် ပျံတက်လိုက်လေသည်။ ယခု သူ၏နှလုံးသားမှာ ပုံရိပ်ယောင်ကမ္ဘာတွင် ခံစားခဲ့ရသည်မှ တစ်ဝက်ကျော်တော့ သက်သာနေလေပြီ။ သူကား မျက်လုံးများ တလက်လက် တောက်ပနေလျက် အဝေးသို့ ပျံသန်းသွားတော့၏။
သူက အရှိန်တင်လိုက်သဖြင့် ဂျိန်းခနဲ ပဲ့တင်ထပ်သွားလေသည်။ ထို့နောက် အဝေးရောက်သောအခါ တုံ့ခနဲ ရပ်လိုက်သည်။ သူသည် သူ့ကိုယ်သူ ငုံ့ကြည့်ရင်း ပထမဆုံးအကြိမ် ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။
"ဒီတော့ ရှေးဟောင်းပုံရိပ်ယောင်ကမ္ဘာထဲမှာ အပြင်အားကိုယ်ကျင့်ကြံခဲ့တဲ့ ရလဒ်တွေက ... ရှိနေသေးတာပဲ" သူ၏မျက်လုံးများမှာ စူးရဲတောက်ပလာတော့သည်။ အပြင်အားကိုယ်ကျင့်ကြံခြင်းရင်း အချိန်ဖြုန်းခဲ့ရသည်မှာ အလကားမဖြစ်ခဲ့ပေ။ ယခုတွင် သူသည် ပထမဝိညာဉ်ခန္ဓာမှာပင်လျှင် ... ပဉ္စမဝိညာဉ်ခန္ဓာနည်းတူ သန်မာသော အပြင်အားကိုယ်ကို ပိုင်ဆိုင်ထားပြီဖြစ်သည်။
"ပထမပြင်ညီမှာ ငါ ကံအထူးဆုံး။ ဒုတိယပြင်ညီမှာလည်း လူတိုင်းထက် ကျော်လွန်ပြီး အသာစီးရခဲ့တယ်
"ဒါဆိုရင် တတိယပြင်ညီမှာလည်း... ငါ အကျိုးအမြတ်အများဆုံးရတဲ့သူ ဖြစ်ရမယ်" ထိုသို့ပြောပြီး သူ၏ခန္ဓာကိုယ်သည် ရွှီးခနဲ လေကို ခွင်းသွားတော့၏။ အသံ သိပ်ဝေးဝေးလံလံ မရောက်ခင်ပင် မန်ဟို့အား မည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။
"ငါ့ အပြင်အားကိုယ်ကျင့်ကြံတာက မပျောက်ကွယ်သွားဘူးဆိုရင်" သူ ရှေ့သို့ သွားနေစဉ် သူ၏အကြည့်သည် အဝေးတစ်နေရာတွင် ရပ်သွား၏။ သူကိုယ်တိုင်တော့ သတိမထားမိသော်လည်း စူးရှတောက်ပသော အလင်းရောင်တစ်ခုက သူ၏မျက်လုံးများတွင် ပေါ်လာခဲ့လေပြီ။ သူ၏အကြည့်ထဲတွင် မျှော်လင့်ချက်ကို မြင်နိုင်သလို အတန်ငယ် စိုးရိမ်နေမှုလည်း ပါရှိနေ၏။
"သစ်သားအချိန်ဓားတွေ မြှုပ်နှံထားခဲ့တဲ့ ငါ့အကြံအစည်လည်း အောင်မြင်နေမလား" သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ၏အကြံအစည် အောင်မြင်လျှင် သူရရှိနိုင်သည့် အကျိုးအမြတ်များမှာ ကောင်းကင်ဘုံကို သေချာပေါက် အာခံနေလိမ့်မည်။
တာအိုမှော်ကျင့်စဉ်များနှင့် အပြင်အားကိုယ်ကျင့်ကြံခြင်းတို့အားလုံး အဆင်ပြေပြီး မန်ဟိုလည်း အတော်လေး အားရလေသည်။ သို့သော် သူ့အတွက် ပို၍ပင် မျှော်လင့်မိသည်မှာ သစ်သားအချိန်ဓားများပင်။ သူ အောင်မြင်ခဲ့လျှင် အင်မိုတယ်များကို သတ်နိုင်သော အဖိုးထိုက်ရတနာတစ်ခုကို ပိုင်ဆိုင်ရလိမ့်မည်။
အောင်မြင်ခဲ့လျှင် မန်ဟိုသည် ရှေးဟောင်းပုံရိပ်ယောင်ကမ္ဘာတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို နက်နက်ရှိုင်းရှိုင်း နားလည်သွားမည်ဖြစ်သည်။ ထို့နောက် အနာဂတ်ကို အမှန်တကယ် ပြောင်းလဲနိုင် ၊ မပြောင်းလဲနိုင်ဆိုသည်ကို သူ ဆုံးဖြတ်နိုင်လိမ့်မည်။
အောင်မြင်နိုင်ခြေက မပြောပလောက်ကြောင်း သူ ကောင်းကောင်း သိသော်လည်း မျှော်လင့်မိသေးလေသည်။ သူ၏ခန္ဓာကိုယ်ကား အမြန်ဆုံး ထွက်သွားခဲ့လေပြီ။ သူ့အတွက် သစ်သားအချိန်ဓားတစ်လက်စီ မြှုပ်ခဲ့သော နေရာလေးနေရာအနက် တစ်နေရာကို ရှာတွေ့ရန် သိပ်မကြာလိုက်ပေ။
***