ဓားထိပ်
Vol. 43 Ch. 599
မန်ဟို ရွေးချယ်ခဲ့သော နေရာများမှာ မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ ချောင်အကျဆုံးနေရာများ၊ ပထမပြင်ညီတွင်ရှိနေစဉ်တုန်းက မပျက်မစီးဘဲ ကျန်ခဲ့မည်ဖြစ်ကြောင်း သေချာခဲ့သော နေရာများဖြစ်သည်။
ပထမဆုံး မြှုပ်ခဲ့သည့်နေရာနှင့် နီးကပ်လာလေလေ သူ့မှာ စိတ်လှုပ်ရှားလာလေလေ ဖြစ်တော့သည်။ အချိန်အနည်းငယ်ကြာသော် ထိုနေရာသို့ ရောက်သွား၏။ သူသည် ပတ်ဝန်းကျင်ရှိ အပျက်အစီးများကို လှမ်းကြည့်ပြီးနောက် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းကာ အောက်သို့ ဆင်းသက်လိုက်သည်။
သူသည် အချိန်အနည်းငယ်ကြာမှ သူ့အောက်ရှိ မြေကြီးကို ငုံ့ကြည့်လိုက်၏။ သူက ခြေထောက်ကို မြှောက်၍ ထပ်ကာထပ်ကာ ဆောင့်နင်းလိုက်သည်။ ဝုန်းခနဲ မြေကြီး၏မျက်နှာပြင် ပျက်သွားလေပြီ။ မရေမတွက်နိုင်သော ဖုန်မှုန့်များ၊ ကျောက်ခဲများ လေပေါ် ပေါက်ကွဲသွားပြီး ဧရာမအက်ကြောင်းကြီးတစ်ကြောင်း မန်ဟို့အောက်တွင် ပေါ်လာသည်။
ကံဆိုးစွာနှင့် အက်ကြောင်းထဲ၌ မည်သည့်အရာကိုမှ မမြင်ရပေ......
မန်ဟို့မျက်နှာမှာ မသာမယာ ဖြစ်သွားပြီး လှည့်၍ နေရာအနှံ့လိုက်ရှာတော့သည်။ မကြာခင် တစ်နေရာလုံး မြေလှန်ရှာပြီးသွားသည့်တိုင် ဘာဆိုဘာမှ ရှာမတွေ့သေးပေ။
သစ်သားအချိန်ဓားမှာ အစကတည်းက ထိုနေရာတွင် မရှိခဲ့သည့်အလားပင်။
"ငါ မအောင်မြင်တာလား...." သူ၏မျက်လုံးများမှာ အလျှော့မပေးနိုင်သော အလင်းရောင်ဖြင့် တောက်ပလာတော့သည်။ သူသည် လေပေါ်ပျံတက်ပြီး ကျန်ဓားတစ်လက် မြှုပ်ထားသော ဒုတိယနေရာသို့ ထွက်သွားလေသည်။
ရောက်သည်နှင့် နေရာလပ်မကျန် ရှာကြည့်သော်လည်း ရလဒ်ကား အတူတူပင်။ သူ့မှာ မည်မျှရှာရှာ သစ်သားအချိန်ဓားအား မတွေ့နိုင်ဖြစ်နေ၏။
ထို့နောက် သုံးနေရာမြောက်သို့ သွားသော်လည်း ရလဒ်မှာ မထူးခြား။
သူ့မှာ ယခုတွင် ရင်လေးနေပြီဖြစ်ပြီး ခါးသီးသောအပြုံးတစ်ခုက သူ၏မျက်နှာအပေါ်တွင် နေရာယူထားလေသည်။ ရှေးဟောင်းပုံရိပ်ယောင်ကမ္ဘာမှာတုန်းက စဉ်းစားခဲ့သော သူ့အကြံမှာ မအောင်မြင်ခဲ့ကြောင်း သေချာသလောက်ရှိနေပြီ မဟုတ်ပါလော။
သူသည် သက်ပြင်းချရင်း နောက်ဆုံးမြှုပ်ထားခဲ့သောနေရာသို့ ဦးတည်လိုက်သည်။ ၎င်းသည် သတ္တမတောင်ထိပ်နှင့် အတော်နီးသော နေရာတစ်နေရာ ဖြစ်၏။ ပုံရိပ်ယောင်ကမ္ဘာမှာတုန်းက ဤနေရာသို့ သွားရန် လွယ်ကူခဲ့သော်လည်း ယခုတော့ ခြားနားသွားလေပြီ။ အန္တရာယ်က အဘက်ဘက်တွင် မင်းမူနေပြီး မန်ဟို့အတွက်ပင် သတ္တမတောင်ထိပ်နှင့် လေးလက်မြောက် သစ်သားဓားအား မြှုပ်ထားခဲ့သော သို့ရောက်ရန် ရက်အနည်းငယ် ကြာလိုက်သည်။
တစ်ခါတုန်းက ၎င်းသည် တောတောင်တစ်အုပ်ဖြစ်ခဲ့၏။ ယခုတော့ တောအုပ်ပြာကျသွားခဲ့သည်မှာ ကြာခဲ့လေပြီ။ ပျက်စီးနေသော တောအုပ်၏ အကြွင်းအကျန်များအကြားထဲ အတန်ကြာ လိုက်ရှာပြီးနောက်ဆုံးတော့ ဓားဖွက်ထားခဲ့သောနေရာကို မန်ဟို ရှာတွေ့သွားသည်။
ပတ်ဝန်းကျင်ကို မြေလှန်ပြီးနောက် ကျင်းအလွတ်ကြီးမှတစ်ပါး ဘာမှမတွေ့ရပေ။ သူ့မှာ သက်ပြင်းအရှည်ကြီး ချပြီးနောက် မျှော်လင့်ချက်အကုန်လုံး ရေစုန်မြောသွားတော့သည်။ ဤတစ်ခေါက်တော့ သူ အလွဲကြီးလွဲသွားပြီဖြစ်ကြောင်း သိလိုက်လေသည်။
သူက ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။ "နေပါဦး ငါ မအောင်မြင်ဘူးဆိုရင် ငါ့သစ်သားအချိန်ဓားတွေက ဘယ်မှာလဲ" သူသည် သိုလှောင်အိတ်ကို ဖွင့်လိုက်သော်လည်း အထဲ၌ သစ်သားအချိန်ဓား ခြောက်လက်သာ ရှိနေသည်။ မြှုပ်ထားခဲ့သော ဓားလေးလက်ကား မရှိပေ။
ဤဖြစ်ရပ်တစ်ခုလုံးနှင့် ပတ်သက်၍ တစ်ခုခုက ထူးဆန်းပြီး သူ ဉာဏ်မမှီသောအရာတစ်ခု ရှိနေသည်။ ဖြစ်နိုင်ခြေပေါင်း သောင်းခြောက်ထောင်ရှိသော်လည်း ယုတ္တိအရှိဆုံးတစ်ခုကတော့ သူ သစ်သားအချိန်ဓားလေးလက်ကို အောင်အောင်မြင်မြင် မြှုပ်နှံနိုင်ခဲ့သည့်တိုင် အခြားတစ်ယောက် ရောက်လာခဲ့ပြီး သူ့မတိုင်ခင် ယူသွားခဲ့ခြင်းဖြစ်သည်။
သူက ခေါင်းကို လေးပင်စွာ ခါရမ်းပြီး ထွက်ခွာတော့မည့်အချိန် ရုတ်တရက် သူ့အကြည့်သည် ယခုလေးတင် ဖော်ခဲ့သော ကျင်း၏ အစပ်နားသို့ ရောက်ရှိသွား၏။ ထိုနေရာရှိ တစ်စုံတစ်ခုက သူ့တစ်ကိုယ်လုံးကို တဆတ်ဆတ် တုန်သွားစေလေသည်။ သူ့မှာ ရွှံထဲမှ ထိုးထွက်နေသည့် လက်သည်းခွံအရွယ် သစ်သားစကို ကြည့်ရင်း အသက်ရှူသံများ ချက်ချင်း မြန်ဆန်လာတော့သည်။
ထိုသစ်သားစသည် အချိန်၏တိုက်စားမှုကြောင့် ဆွေးမြည့်နေသယောင်ပင် ။ ၎င်းသည် သာမန်အတိုင်း မြေကြီးထဲသို့ စိုက်နေ၏ ။
"အဲ့ဒါက..." မန်ဟိုမှာ ရင်ထဲရှိ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ရင်း ဟောဟဲလှိုက်နေတော့သည်။ သူသည် သတိကြီးကြီးထားရင်း သစ်သားစကို ဆွဲနုတ်လိုက်၏။ ၎င်းပုံစံမှာ မညီမညာဖြစ်နေသော်လည်း ထိပ်ကတော့ အမှန်တကယ် ချွန်လေသည်။
ဓားထိပ်အလားပင်။
"ဒါ နွေဦးနဲ့ဆောင်းဦးသစ်ပင် ၊ ဒါက သစ်သားဓားတစ်လက်ရဲ့ ထိပ်ပဲ" သူ၏အသက်ရှူသံမှာ ပို၍ပြင်းထန်လာပြီး သူ၏စိတ်အစဉ်မှာ ယောက်ယက်ခတ်နေတော့သည်။ သူသည် အောင်မြင်မှုထက် မည်သည့်အရာကိုမှ မလိုချင်သော်လည်း အောင်မြင်ခဲ့သည်ရှိသော် မည်သို့မည်ဖုံ ပြောရမည်ပင် မရှိတော့ပေ။
ယခု သူ့လက်ဝါးအပေါ်တွင် ရှိနေသော ဓားထိပ်ကို အနီးကပ် စစ်ဆေးကြည့်ရှုလိုက်သည့်အခါ သူ၏စိတ်မှာ ချာချာလည် သွားတော့၏။
"ဟင် မဟုတ်သေးဘူး ... ဒါ ငါ ဒီမှာ အစတုန်းက မြှုပ်ထားခဲ့တဲ့ သစ်သားဓားမဟုတ်ပါဘူး" သူသည် ဓားထိပ်ကို စစ်ဆေးကြည့်လိုက်ရာ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းတွင် နှစ်သုံးသောင်း အချိန်စွမ်းအား ပါရှိနေကြောင်း သဘောပေါက်လိုက်လေသည်။
သို့သော် သစ်သားအပိုင်းအစမှာ အလွန်သေးလွန်းသဖြင့် အချိန်စွမ်းအားအား မငြိမ်မသက် ဖြစ်နေစေသည်။ ၎င်းကို အသုံးပြုဖို့ ကြိုးစားလျှင် တစတစ ပျောက်ကွယ်သွားလိမ့်မည်။
"ငါ့သစ်သားဓားတွေနဲ့ ပတ်သက်ပြီး အောင်မြင်ခဲ့တယ်ဆိုရင် ဒီမှာ နှစ်တစ်သိန်းနီးပါး မြှုပ်ထားခံရမှာလေ။ ဒါပေမဲ့ ဒီသစ်သားအပိုင်းအစမှာ နှစ်သုံးသောင်းပဲ ရှိတာလား။ ပြီးတော့လည်း ပုံစံက နည်းနည်းလေး ကွဲနေသလိုပဲ" မန်ဟိုမှာ မည်သည့်အရာတို့ ဖြစ်ပျက်နေသလဲ မသိတော့ပေ။ ယခု သူ့မှာ ရုတ်တရက်ကြီး အောင်မြင်သည်လား ၊ မအောင်မြင်သည်လား မပြောနိုင် ဖြစ်သွားတော့၏။
ဓားတစ်လက်လုံး မကြည့်နိုင်လျှင် နောက်ဆုံးဆုံးဖြတ်ချက်ချဖို့ မဖြစ်နိုင်။ သို့သော် သူသိသည်ကတော့ သူ၏သစ်သားဓားအပေါ်တွင် ထားရှိခဲ့သော ကိုယ်ပိုင်တံဆိပ်ကို မခံစားရခြင်းပင်။
သူသည် သစ်သားအပိုင်းအစသေးသေးလေးကို ဂရုတစိုက် သိမ်းလိုက်၏။ အပိုင်းအစမှာ သူ ဤနေရာတွင် ဖွက်ထားခဲ့သော သစ်သားဓား၏အပိုင်းအစဖြစ်သည်လား မပြောနိုင်ပေ။ သို့သော် ဤအပိုင်းအစသေးသေးလေးမှာ အချိန်စွမ်းအား နှစ်သုံးသောင်း စုဆောင်းမိနေသည်ကို ထည့်တွက်လျှင် အဖိုးထိုက်ရတနာတစ်ပါးဟု သတ်မှတ်နိုင်သေးလေသည်။
"ငါ တကယ် မအောင်မြင်ဘူးဆိုရင် ဆုံးရှုံးလိုက်ရတာလေးက သစ်သားအချိန်ဓားလေးလက်ပဲ။ ဝိညာဉ်ကျောက်တုံး နည်းနည်းလောက် သုံးလိုက်ရုံနဲ့ ထပ်ပွားလို့ရတယ်။ ဒါပေမဲ့ ငါ အောင်မြင်ခဲ့ပြီးတော့ တစ်ယောက်ယောက် ငါမလာခင် ယူသွားခဲ့ရင်တောင်မှ အဲ့ဓားတွေက ငါကိုယ်တိုင် ဖန်တီးထားတာတွေလေ။ ငါ သူတို့ကို ပြန်တွေ့ရင် သူများတွေ ဘယ်နှကြိမ်ပဲ သန့်စင်ပြုပြင်ထား ပြုပြင်ထား ငါသိနိုင်သေးတယ်
"ဓားတွေရဲ့ နှလုံးသားထဲမှာ ငါ့အချိန်စွမ်းအား ရှိတယ်။ အဲ့ဒါကြောင့် ငါက အဲ့ဒီဓားတွေရဲ့ မူလသခင်အဖြစ် အမြဲ ရှိနေမှာပဲ" မန်ဟို၏မျက်လုံးများ တဖျပ်ဖျပ် လက်သွားသည်။ မည်သည့်အရာ ဖြစ်ပျက်သွားသည်လဲ သူ သေသေချာချာ နားမလည်သော်လည်း ထိုအကြောင်းတွေးရင်း အချိန်မဖြုန်းချင်တော့ပေ။ သူသည် ခေါင်းမော့လိုက်ရာ သတ္တမတောင်ထိပ်ကို မြင်လိုက်ပြီး လွမ်းဆွတ်သွားသောအရိပ်အယောင်တစ်ခု သူ၏မျက်လုံးများတွင် ပေါ်လာတော့သည်။
" အဖေခဲရဲ့ အုတ်ဂူက အဲ့ဒီနေရာမှာ ရှိတာပဲ" မန်ဟိုသည် မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ အစွမ်းထက်ပညာရှင် မျိုးဆက်အသီးသီးအား မြှုပ်နှံရာ သင်္ချိုင်းရှိရာသို့ ထွက်သွားသော အလင်းတန်းတစ်တန်း အသွင်ပြောင်းသွားတော့သည်။
လမ်းတစ်လျှောက်တွင် မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ ဒေသအသီးသီးမှ လာနေသော ပေါက်ကွဲသံများ၊ တိုက်ခိုက်သံများ ကြားရ၏။
တောင်ကောင်းကင်ကျင့်ကြံသူများအတွက် တတိယပြင်ညမှာ ဘဏ္ဍာတိုက်ကြီးနှင့် တူလေသည်။ နေရာတိုင်းသည် ကံကြမ္မာကောင်းများ ရရှိနိုင်သောနေရာများဖြစ်၏။ သို့သော် ထိုကံကြမ္မာကောင်းမှာ လူတိုင်းအတွက် မတူညီပေ။ ဒုတိယပြင်ညီတွင် မည်မျှ ပြင်ဆင်ခဲ့သလဲ ၊ မည်မျှ လေးလေးနက်နက် နားလည်သလဲ ၊ တားမြစ်မန္တန်များအား ဖွင့်ရန် နည်းလမ်း မည်မျှတတ်မြောက်ထားသလဲ ဆိုသည့်အပေါ်လည်း မူတည်သေးသည်။
ထိုအရာများသည် အောင်မြင်မှု၏ သော့ချက်များ ဖြစ်၏။ သို့သော် ရတနာများနှင့် ပတ်သက်ကြောင်း ထည့်တွက်လျှင် တိုက်ပွဲအား ရှောင်ရခက်ပေမည်။
ထို့ကြောင့် ညှာတာမှုမရှိသော တိုက်ပွဲများမှာ အံ့ဩစရာမဟုတ်ပေ။
မန်ဟိုသည် ထိုအရာအားလုံးကို လျစ်လျူရှုထား၏။ တကယ်တမ်း သူ့အတွက် ဘာမှလုပ်စရာ မလိုပေ။ မဖြစ်မနေ ကျမ်းကျိန်ထားရသော သဘောတူညီချက်၏ ကျေးဇူးကြောင့် ဤနေရာတွင် အခြားသူများ မည်သည့်အရာရသည်ဖြစ်စေ၊ သူကား ထို့ထက်များစွာ ပိုရပေလိမ့်မည်။
သူ ရှေ့ဆက်သွားနေစဉ် ကောင်းကင်မှာ တစတစ မှောင်မိုက်လာသည်။ သတ္တမတောင်ထိပ်၏ အပြင်သည် မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ သင်္ချိုင်းဖြစ်၏။ သူ နီးကပ်လာစဉ် သတ္တမတောင်၏အလယ်မှ အလင်းတန်းတစ်တန်း ထွက်လာသည်။ ပထမတုန်းက ၎င်းသည် မန်ဟို့ဘက်သို့ ဦးတည်နေခြင်းမဟုတ်။ သို့သော် တစ်နေရာတွင် ၎င်းသည် သူ မည်သူဖြစ်ကြောင်း သတိထားမိသွားပုံရပြီး ဦးတည်ချက်ပြောင်း၍ သူရှိရာသို့ ရွေ့လျားလာတော့သည်။
မန်ဟိုက လေလယ်တွင် ရပ်လိုက်ကာ ပုံမှန်မျက်နှာထားဖြင့် စောင့်ကြည့်နေသည်။
အလင်းတန်းသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာပြီး အစွမ်းထက်သောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။ ၎င်းသည် လေကို တရွှီးရွှီးလာနေပြီး အနားရောက်လာသည့်အခါ လူငယ်တစ်ဦးအား မြင်လိုက်ရလေသည်။ ထိုလူငယ်ကား မြောက်ပိုင်းသဲကန္တာရ၏ အင်ပါယာသွေးဆက်မျိုးနွယ်စုမှ ကျင့်ကြံသူပင်။
သူ၏မျက်လုံးများသည် လျှပ်စီးသဖွယ် တဝင်းဝင်း လက်နေပြီး သူ၏မျက်နှာမှာ ရက်စက်ကြမ်းစက်မှု၊ အေးစက်မှုအား ဖော်ပြထားသည်။ သူသည် မန်ဟို့ဆီ ပြေးဝင်လာပြီး မျက်စိတစ်မှိတ်အတွင်း သူ့အပေါ် ရောက်သွားလေပြီ။ သူက မုဒြာလက်ကွက် ဖော်လိုက်ရာ ပုံရိပ်ယောင်နဂါးနက်ခြောက်ကောင်ကို လျှပ်တပြက် ရှေ့သို့ ပြေးထွက်သွားစေသည်။ ၎င်းတို့၏ ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံများ လေတွင် မြည်ဟည်းနေစဉ် ၎င်းတို့က တစ်ကောင်နှင့်တစ်ကောင် ရစ်ပတ်လိမ်ယှက်လိုက်ကြ၏။ ထိတ်လန့်တုန်လှုပ်စရာကောင်းသော ဖိအားတစ်ခု ဖြာထွက်လာပြီး မန်ဟို့ထံသို့ ထိုးဆင်းဝင်တိုက်လိုက်သည်။
နဂါးနက်တစ်ကောင်စီသည် အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းထက် သာလွန်၏။ ၎င်းတို့ အတူတကွ ပေါင်းစည်းလိုက်သောအခါ ၎င်းတို့ ထုတ်လွှတ်နေသော ဖိအားသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းတစ်ပိုင်းအဆင့်သို့ ဝင်ရောက်နေသော ကျင့်ကြံခြင်းအခြေခံနှင့် တူသွားသည်။ ဤအင်ပါယာသွေးဆက်မျိုးနွယ်စု၏ ကျင့်ကြံသူလူငယ်မှာ အံ့ဖွယ်ကျင့်ကြံခြင်းအခြေခံရှိကြောင်း ထင်ရှားလေသည်။
မျက်စိတစ်မှိတ်အတွင်း နဂါးခြောက်ကောင်မှာ မန်ဟို့အရှေ့မြင်ကွင်းတစ်ခုလုံး အပြည့် နေရာယူသွား၏။ နဂါးတစ်ကောင်စီကား မီတာရာနှင့်ချီ ရှည်လျားလေသည်။ ၎င်းတို့၏ စုစုပေါင်းစွမ်းအားက ထစ်ချုန်းအော်မြည်ရင်း သူ့ဆီ ပြေးဝင်လာ၏။
သူက အေးစက်စက် နှာတစ်ချက် မှုတ်ပြီး ရှောင်လည်း မရှောင်သလို၊ နောက်လည်း မဆုတ်ပေ။ ထိုအစား ရှေ့တက်၍ ညာလက်ကို မြှောက်လိုက်သည်။ သူ၏အပြင်အားကိုယ်စွမ်းအားသည် သာမန်ထင်ရသော်လည်း ရုတ်တရက် ပဉ္စမဝိညာဉ်ခန္ဓာနှင့် ညီမျှသော စွမ်းအားဖြင့် ပေါက်ကွဲလာတော့သည်။ ထိုခွန်အားမျိုးက စိတ်ဝိညာဉ်ခွဲထွက်ခြင်းတစ်ပိုင်းအဆင့်နှင့်လည်း တူညီလေသည်။
လက်သီးတစ်လုံး ကျရောက်သွားပြီး မိုးခြိမ်းတမျှ ကျယ်လောင်သောအသံကြီး ထစ်ချုန်းသံသွားတော့သည်။ နဂါးနက်ခြောက်ကောင်၏ ဟိန်းဟောက်တွန်ကျုးသံမှာ ၎င်းတို့အား လွှမ်းခြုံသွားသော အံ့မခန်းလိလိ ပေါက်ကွဲမှုကြီးကြောင့် တိခနဲ ရပ်သွားလေသည်။ မန်ဟို့လက်သီးမှာ ၎င်းတို့ကို တစစီစုတ်ဖြဲပစ်နိုင်ပုံရသော မုန်တိုင်းကြီးတစ်လုံးအား ရိုက်ခတ်သွားစေသယောင်ပင်။
ထို့အပြင် မန်ဟို့လက်သီးထဲတွင် တောင်တစ်လုံး၏ပုံရိပ်အား မြင်နိုင်သည်။ ဤသည်မှာ မန်ဟို ဉာဏ်အလင်းရခဲ့သော တောင်ဝါးမြိုမန္တန်၏ စွမ်းအားအသွင်သဏ္ဌာန်မှတစ်ပါး အခြားမဟုတ်ပေ။ လက်သီးကြီး ထိုးထွက်သွားပြီး မုန်တိုင်းတစ်လုံး တိုက်ခိုက်ကာ တောင်တစ်လုံး ကျဆင်းလာချေပြီ။
ဝုန်းးးးးးးးး
နဂါးနက်ခြောက်ကောင်လုံး တစစီ စုတ်ပြတ်သပ်သွားသည်။ မြောက်ပိုင်းသဲကန္တာရမှ အင်ပါယာသွေးဆက်မျိုးနွယ်စုကျင့်ကြံသူ ချက်ချင်း မျက်နှာပျက်သွားလေသည်။ သူ၏ မျက်လုံးများမှာ အံ့အားသင့်သွား၏။ သူ့အနေဖြင့် မန်ဟို ဤမျှအစွမ်းထက်လိမ့်မည်ဟူ၍ တစ်ခါမှ မစဉ်းစားခဲ့ဖူးကြောင်း သိသာသည်။
သူ၏မူလအကြံအစည်မှာ မန်ဟို့ကို တစ်ကွက်တည်းနှင့် အပိုင်သတ်ပစ်ရန်ပင်။ ရှုံးနိမ့်ခဲ့လျှင် အနည်းဆုံးတော့ မန်ဟိုကို အကဲစမ်းနိုင်မည်ဖြစ်သည်။ သို့သော် မန်ဟို့ကျင့်ကြံခြင်းအခြေခံကို မြင်သောအခါ သူ့မှာ ရင်လေးသွားတော့၏။
သူက ချက်ချင်း နောက်ပြန်ဆုတ်လိုက်သည်။
"အစ်ကိုကြီးမန်၊ နားလည်မှုလေး လွဲသွားတာပါ ..." သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် ပြောသည်။
"ပထမဝိညာဉ်ခန္ဓာ" မန်ဟိုက အေးတိအေးစက် ပြောလေသည်။ သူ၏ခန္ဓာကိုယ်သည် ပထမဝိညာဉ်ခန္ဓာ၏ ကြောက်မက်ဖွယ်စွမ်းအားဖြင့် တဟုန်းဟုန်း တောက်လာ၏။ ယခုတွင် သူ၏အပြင်အားကိုယ်မှာ ဆဋ္ဌမဝိညာဉ်ခန္ဓာနှင့် တူနေလေပြီ။ မျက်စိတစ်မှိတ်အတွင်း မန်ဟို၏အတိုက်အခိုက်စွမ်းရည်မှာ နှစ်ဆထိုးဆက်သွား၏။
သူက ရှေ့တစ်လှမ်းလှမ်းပြီးနောက် အတွင်းထဲ၌ မဟူရာလတစ်စင်းရှိနေသော အစိမ်းရောင်အခိုးအငွေ့ အသွင်ပြောင်းသွားသည်။ သူသည် လူငယ်၏အရှေ့တည့်တည့်တွင် ပေါ်လာပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ လက်သီးထိုးချလိုက်လေ၏ ။
ပေါက်ကွဲသံတစ်သံ ကြားလိုက်ရသည်။ မြောက်ပိုင်းသဲကန္တာရမှ လူငယ်က လက်နှစ်ဖက်ဖြင့် ကာလိုက်ပြီး အနက်ရောင်အလင်းက သူ့ကို ဝန်းရံသွားလေသည်။ သို့သော် အနက်ရောင်အလင်းသည် ချက်ချင်း ပြိုကွဲသွားပြီး သူ့မှာ ပါးစပ်မှ သွေးများ ပန်းထွက်လျက် အံ့အားသင့်နေသော မျက်နှာထားဖြင့် နောက်လွင့်ထွက်သွားတော့၏။
"မင်း တခဏလေးနဲ့ စွမ်းအားကို နှစ်ဆ မြှင့်လိုက်နိုင်တယ် ဟုတ်လား" ဤလူငယ်သည် မြောက်ပိုင်းသဲကန္တာရ၏ အင်ပါယာသွေးဆက်မှ လျိုကျစ်ချွမ်းဆိုသူ ဖြစ်၏။ ပုံမှန်အားဖြင့် သူသည် အောက်ခြေလွတ်သည်အထိ မောက်မာဝင့်ကြွားတတ်သော်လည်း လောလောဆယ်တွင် အမြုတေအထိ တုန်လှုပ်သွားလေပြီ။ မောက်မာဝင့်ကြွားမှုအရိပ်အယောင်မှ တစ်မျှင်မှပင် သူ့ထံ၌ မမြင်ရလေတော့။
သူက သွေးအန်ရင်း သူ့ကိုယ်သူ ရပ်လိုက်သည်။ သူသည် ပါးစပ်မှ သွေးများကို သုတ်ပြီး မန်ဟို့ကို အမဲဖြတ်တော့မတတ် ကြည့်လေ၏။
"ဘာပဲဖြစ်ဖြစ်" သူက ပြောသည်။ "မင်းကြည့်ရတာ ဒါ နောက်ဆုံးတတ်နိုင်သမျှပဲ ထင်တယ်။ ဒီလိုအတိုက်အခိုက်စွမ်းရည်နှစ်ဆ ဖော်ပြဖို့ဆိုတာက တော်တော်လေး လက်ဖျားခါစရာပဲ။ ကဲ ဒါဆိုတော့ မင်းကို အင်ပါယာကိုယ်ဆိုတာ ဘာလဲ မိတ်ဆက်ပေးရတာ...." လျိုကျစ်ချွမ်း အထက်စီးမှ စကားပြောမဆုံးသေးခင် မန်ဟိုက အေးတိအေးစက် ကြားဖြတ်ပြောလိုက်သည်။
"ဒုတိယဝိညာဉ်ခန္ဓာ"
ဝုန်း
မန်ဟို၏ခန္ဓာကိုယ်သည် ချက်ချင်းလက်ငင်း ပို၍ပင် အံ့ဩတုန်လှုပ်ဖွယ် ကောင်းလာ၏။ သူ၏အပြင်အားကိုယ်မှာ ယခုတွင် သတ္တမဝိညာဉ်ခန္ဓာနည်းတူ ကြောက်မက်ဖွယ် ကောင်းနေလေပြီ။ သူ၏ အံ့ဖွယ်အတိုက်အခိုက်စွမ်းရည်က မိုးမှောင်ကျ၍ လေပြင်းများ တိုက်ခတ်လာစေ၏။
လျိုကျစ်ချွမ်း၏ မျက်ခုံးများ ပင့်တက်သွားပြီး ရင်ဒိန်းခနဲ ခုန်သွားသည်။ သူ့မှာ လျှာလေးအာလေးသွားပြီး ချာချာလည် မူးဝေကာ မျက်လုံးများ ဝိုင်းစက် ပြူးကျယ်သွားတော့၏။ သူသည် ခေါင်းနပန်းကြီးသွားပြီး အံ့ဩမယုံကြည်နိုင်စွာဖြင့် မန်ဟို့ကို ကြည့်လေသည်။
"သေစမ်း သေစမ်း ဒီကောင့်ကျင့်ကြံခြင်းအခြေခံက ကြောက်စရာကြီးပဲဟ။ သေချာပေါက် ဒုတိယပြင်ညီမှာတုန်းက ရခဲ့တဲ့ တာအိုမှော်ကျင့်စဉ်တစ်ခုခု ဖြစ်ရမယ်။ ထိပ်ဆုံးတစ်ဆယ်ထဲတောင် ဝင်ရင် ဝင်နေမှာ" လျိုကျစ်ချွမ်းမှာ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ နောက်ဆုတ်လိုက်သည်။
သူက လျင်မြန်စွာ နောက်ဆုတ်သွားသော်လည်း မန်ဟိုက ပို၍ပင် မြန်သေးလေသည်။ သူသည် ရှေ့တစ်လှမ်း တိုးပြီး လက်ချောင်းတစ်ချောင်းအား ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် လျိုကျစ်ချွမ်းဆီ ပြေးဝင်သွားသော တောင်တစ်လုံး၏ပုံရိပ် ပေါ်လာသည်။
လျိုကျစ်ချွမ်းမှာ သွေးအနည်းငယ် အန်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကတော့ ပေါက်ကွဲတော့မတတ် ဖြစ်သွား၏။ သေစေနိုင်သော အန္တရာယ်အာရုံကြီးက သူ၏စိတ်အစဉ်ကို စိုးမိုးသွားသဖြင့် သူ့မှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားတော့သည်။ သူသည် ရင်ဘတ်အပေါ် အားပါပါနှင့် ဖိချလိုက်ကာ ပုလဲတစ်လုံးအား အန်ထုတ်လိုက်၏။ ပုလဲသည် လျိုကျစ်ချွမ်းကို လျင်မြန်စွာ လွှမ်းခြုံသွားသော ပိုက်ကွန်ကြီးတစ်ခု ဖြစ်သွားလေသည်။ ပိုက်ကွန်ကြီးမှာ မြေအောက်ကမ္ဘာမှ အားဖြည့်ပေးနေသော စွမ်းအားဖြင့်အလား သူ့ကို ရစ်ပတ်ကာ အဝေးသို့ ဆွဲခေါ်သွား၏။
ထို့ကြောင့် မန်ဟို၏ ပုံရိပ်ယောင်တောင်မှာ ဘေးနားလေးမှ ကပ်ဖြတ်သွားပြီး သူ့ကို မထိလိုက်ပေ။ သို့ထိတိုင် လျိုကျစ်ချွမ်းမှာ သွေးအနည်းငယ် ထပ်အန်လိုက်ရသေး၏။ သူ့ထွက်ပြေးသွားစဉ် သူ့နှလုံးသားမှာ ဗြောင်းဆန်နေပြီး ကြောက်စိတ်တို့လည်း မွှန်ထူနေတော့သည်။
မန်ဟိုက သူ့နောက်မလိုက်။ သူသည် ရောက်နေသည့် နေရာမှာတင် ရပ်ပြီး အေးတိအေးစက် ပြောလိုက်သည်။ "မင်း အခု ငါ့အပေါ် မင်းရဲ့အကျိုးအမြတ် ၈၀ ရာခိုင်နှုန်း အကြွေးတင်သွားပြီ။ သဘောမတူရင် မင်းကို ငါ သတ်ပစ်မယ်...."
***