← Chapters

အစစ်အမှန်စိတ်ဝိညာဉ် -- ည

Vol. 43 Ch. 600

အစစ်အမှန်စိတ်ဝိညာဉ် -- ည

Vol. 43 Ch. 600

လျိုကျစ်ချွမ်းမှာ ထွက်ပြေးနေရင်း မန်ဟိုပြောလိုက်သည်ကို ကြားလိုက်ရ၏။ စောစောက မန်ဟိုသာ သူ့ကို ပြန်မတိုက်ခိုက်လျှင် သူသည် သေချာပေါက် အထင်အမြင်သေးစွာဖြင့် ‌အေးစက်စက် ရယ်ကောင်းရယ်ခဲ့မိလိမ့်မည်။ သို့သော် ယခုတော့ မန်ဟို၏ အသတ်အဖြတ်စိတ်ဆန္ဒအား အရိုးထဲမှပင် ခံစားလိုက်ရပြီဖြစ်သည်။

သူ့တွင် မည်သည့်နောက်ခံပင် ရှိနေပါစေ၊ မန်ဟိုသည် သတ်မည်ဟု ပြောလျှင် မုချ သတ်ပစ်မည့် လူစားမျိုးဖြစ်၏။

‌စောစောက မန်ဟို ပြောလိုက်သည့် စကားလုံးများမှာ သတ်ဖြတ်လိုစိတ်အပြည့်ဖြစ်၍ လျိုကျစ်ချွမ်း၏စိတ်ကို တုန်လှုပ်ချောက်ချားသွားစေတော့သည်။ ရုတ်တရက် သူ့မှာ ‌မန်ဟို့အား အကဲစမ်းခဲ့မိသည်ကို နောင်တရနေလေပြီ။

"သေစမ်း" သူ့မှာ စိတ်ဓာတ်ကျသွားတော့သည်။ "ငါတစ်ယောက်တည်း သူနဲ့ သဘောတူညီချက်လုပ်ခဲ့တာလည်း မဟုတ်ဘဲ အကုန်လုံးနဲ့ လုပ်ခဲ့တာကို ငါက သူ့ကိုမှ ဘာလို့ သွားအကဲစမ်းမိတာတုန်း" သူ့အနေဖြင့် မန်ဟို သူ့အား မေးခွန်းထုတ်စရာဖြစ်အောင် မလုပ်ရဲတော့ပေ။ ဤနေရာ မိစ္ဆာအင်မိုတယ်ဂိုဏ်းတွင် မန်ဟိုအား မခန့်လေးစား ‌လုပ်ရဲပါက သေချာပေါက် အသက်ထွက်သွားလိမ့်မည်။

"သူနဲ့ မဟာမိတ်ဖွဲ့ရင် ကောင်းမလား..." လျိုကျစ်ချွမ်းက တွေးလိုက်သည်။ သူ၏မျက်လုံးများမှာ တခဏ တောက်ပသွားသော်လည်း ‌မှောင်မိုက်သွား၏။ အကြောင်းမူ စောစောက ခဏတဖြုတ် တိုက်ပွဲအပေါ် အခြေခံပြီး မန်ဟို၏ ခွန်အားအစစ်အမှန်ကို ဘယ်နည်းနှင့်မှ မသိနိုင်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်၍ပင်။

မန်ဟိုသည် လျှို့ဝှက်ပြီး စွမ်းအားအပြည့်အဝ မထုတ်ထားကြောင်း သူ သိလေသည်။ သူ မည်မျှ ထုတ်ဖော်ထားသည်ကိုလည်း ခန့်မှန်းရန် မဖြစ်နိုင်။

"အကောင်းဆုံး‌ကတော့ သူ့လိုလူမျိုးကို နောက်နောင် ဘယ်တော့မှ ရန်မစမိဖို့ပဲ"

လျိုကျစ်ချွမ်း ထွက်ပြေးသွားစဉ် မန်ဟိုက အကြည့်လွဲပြီး တတိယဝိညာဉ်ခန္ဓာမှ ထွက်၍ ပထမဝိညာဉ်ခန္ဓာသို့ ပြန်လည်ဝင်ရောက်လိုက်သည်။ သူသည် မျက်လုံးများကို တခဏပိတ်ပြီးနောက် ပြန်ဖွင့်လိုက်သည်။ ၎င်းတို့ကား အစွမ်းထက်ပညာရှင်တစ်ဦး၏ မျက်ဝန်းများအတိုင်း စူးရှတောက်ပနေလေပြီ။

"ငါ ဘယ်လောက်အားနည်းလဲ ဘယ်လောက်အစွမ်းထက်လဲ အကဲဖြတ်ဖို့ ခက်တယ်။ ဒါပေမဲ့ ပထမဝိညာဉ်ခန္ဓာအဆင့်မှာတင် သတ္တမဝိညာဉ်ခန္ဓာရဲ့ အပြင်အားကိုယ်စွမ်းအားကို ပိုင်ဆိုင်သွားရင် သေချာပေါက် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရလိမ့်မယ်

"အဲ့ဒါက ငါ့ကျင့်ကြံခြင်းအခြေခံနဲ့ တစ်ရာရာခိုင်နှုန်း လိုက်ဖက်တဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် အပြင်အားကိုယ် ဖြစ်လိမ့်မယ် .... ဒါဆို ပထမခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူကို သေချာပေါက် သတ်နိုင်သွားပြီ" သူ၏မျက်လုံးများသည် တဖျပ်ဖျပ် လက်သွားပြီး သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်လေ၏။ ထို့နောက် သင်္ချိုင်းဆီသို့ ဆက်လက် ပျံသန်းသွားတော့သည်။

မျက်စိတစ်ဆုံး အပျက်အစီးများ ပြည့်နေနေသော နေရာသို့ ရောက်ရန် သိပ်မကြာလိုက်ပေ။ ဤသည်မှာ သင်္ချိုင်းဖြစ်၏။ အလောင်းများမှာ နေရာအနှံ့ ပြန့်ကြဲနေပြီး ကွယ်လွန်ခဲ့ပြီးသော အစွမ်းထက်ပညာရှင်များ၏ အုတ်ဂူများမှာ ကျင်းများထက် မပိုတော့ပေ။

အသုဘပစ္စည်းများမှာ အချိန်အတော်ကြာကတည်းက ဖောက်ထွင်းယူဆောင်ခံခဲ့ရပြီးဖြစ်သည်။ ယခုတော့ ဤနေရာတွင် တားမြစ်မန္တန်ဝင်္ကပါများ သိပ်မရှိတော့ပေ။

မန်ဟိုမှာ ဘေးဘီဝဲယာကို ကြည့်ရင်း ရင်ထဲ တဆစ်ဆစ် နာကျင်နေ၏။ သူသည် ရင်းနှီးသော နေရာတစ်နေရာကို လှမ်းမြင်လိုက်ရသည်အထိ ဆက်လျှောက်သွားလေသည်။ တားမြစ်မန္တန်၏ တဖျပ်ဖျပ် လှုပ်နေသော အလင်းရောင်ကို မြင်မှ မန်ဟို အတန်ငယ် စိတ်အေးသွား၏။

၎င်းကား ခဲယွင်ဟိုင်၏ အုတ်ဂူပင်။

တောင်ထိပ်သခင် ပါရာဂွန်တစ်ဦး၏ အုတ်ဂူ။ အထဲတွင် အလောင်းမရှိ။ ဟိုးတစ်ချိန်ကတည်းက မီးသေသွားသော ကြေးမီးအိမ်တစ်လုံးသာ ရှိနေသည်။

အုတ်ဂူ၏အပြင်အား တားမြစ်မန္တန်အထပ်ထပ်က ဝန်းရံထား၏။ ၎င်းတို့သည် ပတ်ဝန်းကျင်တစ်ခုလုံးအား တဖျပ်ဖျပ်လှုပ်နေသော အလင်းရောင်ဖြင့် ထိန်ညီးနေစေပြီး အပြင်လူတစ်ယောက်မှ ဝင်မလာ‌နိုင်အောင် တားမြစ်မည်ဖြစ်သည်။

မန်ဟိုက တားမြစ်မန္တန်များ၏ အပြင်နား‌လေးတင် ရပ်ပြီး ခဲယွင်ဟိုင်၏အုတ်ဂူကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ အချိန် မည်မျှကြာပြီလဲ သူမသိတော့။ မျက်ရည်များက တစ်လိမ့်ချင်း တစ်လိမ့်ချင်း သူ၏မျက်နှာတစ်လျှောက် စီးကျလာသည်။

အချိန်အတော်လေးကြာသော် သူက ဒူးထောက်ပြီး မြေကြီးကို ခေါင်းဖြင့် သုံးကြိမ်ထိကာ ခဲယွင်ဟိုင်၏အုတ်ဂူကို ဂါဝရပြုလိုက်သည်။

ထို့နောက် ခေါင်းပြန်မော့ပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏ ။ "ကျေးဇူးအများကြီးတင်ပါတယ် လူကြီးမင်း။ ခင်ဗျားက ကျွန်တော့်ရဲ့ အဖေအရင်း မဟုတ်ခဲ့ပေမယ့် အဖေ့မေတ္တာဆိုတာ ဘာလဲ ခံစားခွင့်ပေးခဲ့တယ်။ ခင်ဗျားက ကျွန်တော့်ကို အဲ့ဒီဘဝမှာ သားအဖြစ် လက်ခံခဲ့တယ်" နောက်ဆုံး‌တွင် သူသည် ထရပ်ပြီး လှည့်လိုက်၏။ သူကား အတိတ်ကို ပြန်ပြောင်းလွမ်းဆွတ်မနေတော့ဘဲ ကျင့်ကြံသူတစ်ယောက်၏ မသွေဖယ်သော ခိုင်မာပြတ်သားမှုဖြင့် ပြည့်နှက်နေလေပြီ။

ဤအခိုက်အတန့်တွင် မန်ဟိုသည် အိပ်မက်မှ အမှန်တကယ် နိုးထလာခဲ့ပြီဖြစ်၏။

"ထွက်လာခဲ့တော့" သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "မင်းကို ငါ့ကို စောင့်နေခဲ့တာမလား။ မင်း ကိုယ်ထင်မပြရင် ငါ ဒီအတိုင်း ထွက်သွားတော့မယ်"

သူ့အသံ ပဲ့တင်ထပ်သွားစဉ် သိပ်မလှမ်းမကမ်းရှိ သာမန်နေရာတစ်နေရာမှာ လှိုင်းတွန့်များ ထသွား၏။ မိန်းမတစ်ယောက် ပေါ်လာသည်။ သူမသည်... ရွှန်းစိုနေသော မျက်ဝန်းကလေးများနှင့် ရင်ဖိုစရာကောင်းလောက်အောင် လှရက်လွန်း၏။ သူမဆိုသည်မှာ ကျင်ရှန်းမှတစ်ပါး အခြားမဟုတ်။

"နင် ခဲယွင်ဟိုင်ကို လာဂါဝရပြုလိမ့်မယ်လို့ တွေးမိတယ်လေ" သူမက အပြုံးလေးဖြင့် ပြောသည်။ "ဒီနေရာစောင့်နေတော့ နင့်လိုက်ရှာရင်း မပင်ပန်းရတော့ဘူးပေါ့"

မန်ဟိုက ဘာမှပြန်မပြော၊ သတ္တမတောင်၏အနောက်ရှိ နေရာကို လှမ်းကြည့်လိုက်သည်။ သင်္ချိုင်းကို ကျော်လျှင် ယခင်တုန်းက မြူများ တဖွေးဖွေး လှုပ်နေခဲ့သော နေရာတစ်နေရာရှိသည်။ ယခုတော့ မည်သည့်မြူမှ မမြင်ရတော့ပေ။

ဧရာမရုပ်တုကြီးနှစ်ရုပ်လည်း မရှိတော့။ မြင်ရသည့်အရာဆို၍ မြေကြီးအတွင်းမှ အပေါ်သို့ ထိုးတက်တောက်ပနေသော ဧရာမအကာအကွယ်ကြီးတစ်ခုပင်။

၎င်းသည် အလွန်ကြီးမားသောဧရိယာတစ်ခုကို လွှမ်းခြုံနေသည့် တားမြစ်မန္တန်တစ်ခု ဖြစ်ပေသည်။ ၎င်းက သာမန်သာ ထင်ရသော်လည်း အင်မိုတယ်များကို သုတ်သင်နိုင်သည်အထိ အစွမ်းထက်၏။

ကာကွယ်ထားသော ဧရိယာမှာ အလွန်အရေးပါလှသဖြင့် တားမြစ်မန္တန်သည် ယနေ့ထိတိုင် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေသေး၏။ အမှန်အတိုင်းဆိုရလျှင် ... ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီ ပွင့်ခဲ့သော နှစ်တွေတစ်လျှောက်လုံး ဘယ်သူမှ ထိုနေရာသို့ မဝင်ရောက်ခဲ့ဖူးပေ။

ထိုနေရာသည် အမှန်တကယ် တားမြစ်ဇုန်တစ်ဇုန်ဖြစ်၏။ မည်သူကိုမှ အထဲသို့ ဝင်ခွင့်မပြုသလို ၊ ထိုသို့ကြိုးစားသူတိုင်းလည်း သေဆုံးခြင်းဖြင့် နိဂုံးချုပ်ရမည်သာ။

"သွားစို့" မန်ဟိုက အေး‌အေးဆေးဆေး ပြောသည်။ ကျင်ရှန်းလည်း ပြုံးပြီး သူနှင့်အတူ ထွက်လာခဲ့သည်။

သူတို့နှစ်ယောက်သား ပျံသန်းနေကြစဉ် ကျင်ရှန်းသည် သူမကိုယ်သူမ အတန်ငယ် ဂုဏ်ယူနေ၏။ ဒုတိယပြင်ညီတွင် ဤလမ်းအတိုင်း ခရီးနှင်ခဲ့စဉ်တုန်းက သူမမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေခဲ့သည်။ ယခု တတိယပြင်ညီ‌သို့ရောက်သောအခါ သူမတစ်ယောက်သာ စိတ်လှုပ်ရှားနေခြင်းမဟုတ်ကြောင်း သေချာလေသည်။

ဤသို့တွေးရင်း ကျင်ရှန်းမှာ ပြုံးနေမိသည်။ သူမသည် အရှိန်တင်၍ မန်ဟိုကို ကျော်လိုက်၏။ မန်ဟိုက သူမကျော်သွားသည်ကို ကြည့်ပြီး ဘာမှမပြောပေ။

သူတို့နှစ်ယောက်သား ထိုအတိုင်း အမြင့်အဆုံးအရှိန်ဖြင့် ပျံသန်းလာရင်း တောက်ပနေသော တားမြစ်မန္တန်ဧရိယာသို့ ရောက်သွား၏။ ဤနေရာသည် တကယ်‌တမ်း ရုပ်တုများ ရှိခဲ့သော နေရာဖြစ်ပြီး ယခင်တုန်းက ဓားနှစ်လက်တံခါးချပ် ရှိခဲ့လေသည်။

ကျင်ရှန်း၏မျက်နှာမှာ တည်ကြည်လေးနက်သွား၏။ သူမက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ အဆင့်(၃)ဝင်ခွင့်အမိန့်ပြားကို ဝတ်ရုံအတွင်းမှ ထုတ်လိုက်သည်။ သူမသည် အမိန့်ပြားကို ဂရုတစိုက် ကိုင်ရင်း တလက်လက် တောက်ပနေသော အကာအကွယ်ကို ထိသည့်တိုင်အောင် လက်ကို ဆန့်တန်းလိုက်၏။ ရုတ်တရက် သူမအရှေ့တွင် ဒိုင်းတစ်ခု ပေါ်လာလေသည်။ ဂယက်များက လှိုင်းသဖွယ် ဖြာထွက်ကာ တားမြစ်မန္တန်ကို ထိသွားသည်။

ဝီခနဲ အသံက အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွား၏။ တစ်ချိန်တည်းမှာပင် အားနည်းပြီး ပင်ပန်းနွမ်းနယ်နေသော ခပ်တိုးတိုး အသံတစ်သံအား ကြားလိုက်ရလေသည်။

"အဆင့်(၃) ဝင်ခွင့် ။ ဘယ်သွားချင်ပါသလဲ" အသံကြီးမှာ အလွန်တရာ အားနည်းနေသော်လည်း အံ့ဩဖွယ်ကောင်းသေးသည်။

"မိစ္ဆာအင်မိုတယ်ကန်" ကျင်ရှန်းက အသက်ပြင်းပြင်းရှူသွင်းကား ချက်ချင်း ပြန်ဖြေလိုက်သည်။

"စည်းကမ်းချက်တွေအရ သင့်အနေနဲ့ ဒီနေရာရဲ့ လမ်းသုံးဆယ်ရာခိုင်နှုန်းကို သွားခွင့်ရှိမယ်။ ၃၈ နာရီထက် ပိုနေလို့မရဘူး"

စကားလုံးများက ယခင်အတိုင်းသာ။ သူမအရှေ့ အကာအကွယ်အပေါ်တွင် အက်ကြောင်းအကျယ်ကြီးတစ်ကြောင်း ပေါ်ပေါက်လာသဖြင့် ကျင်ရှန်းမှာ စိတ်လှုပ်ရှားမှုများဖြင့် ပေါက်ကွဲမတတ် ဖြစ်နေတော့သည်။ သူမက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် မန်ဟို့ကို အားရကျေနပ်စွာ လှမ်းကြည့်လိုက်သည်။

မန်ဟိုသည် သူမနှင့် သဘောတူထားသည့်အတိုင်း မပြောင်းလဲသော မျက်နှာထားဖြင့် အက်ကြောင်းထဲ လိုက်ဝင်လေသည်။ သူ့မျက်နှာမှာ ပုံမှန်သာဖြစ်သော်လည်း စိတ်ထဲတွင်တော့ ကျင်ရှန်း သုံးနေသော နည်းလမ်းမှာ အမှန်တကယ် အလုပ်ဖြစ်မလား မသေချာသဖြင့် သတိအပြည့်ရှိနေ၏။

ကျင်ရှန်းက အက်ကြောင်းအနား ရောက်သည်နှင့် အလွယ်တကူ ဖြတ်သွားလေသည်။ သို့သော် အလင်းတန်းတစ်တန်း မန်ဟို့ဆီ ပြေးဝင်လာလေသည်။ ၎င်းက ပူဖောင်းသဖွယ် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံပြီး သူ့ခြေထောက်ကို ရွေ့မရအောင် ချုပ်လိုက်၏။

သူ့မှာ အလင်းပူဖောင်းထဲတွင် ပိတ်မိနေပြီး လှုပ်မရသော်လည်း စကားတော့ ပြောနိုင်သေးသည်။ သူက မျက်ဝန်းများ အေးစက်နေလျက် ပြောသည်။ "ကျင်ရှန်း ဒါ အဓိပ္ပာယ်လဲ"

ကျင်ရှန်းက အံဩပြီး စိတ်ပူနေသော အမူအရာဖြင့် ရုတ်တရက် ပြန်လှည့်ကြည့်လိုက်သည်။

"မဖြစ်နိုင်ဘူး" သူမက ပြောသည်။ "နင် အထဲမှာ အမှတ်အသားထားခဲ့တယ်လေ ၊ ဒါ့အပြင် ငါ့မှာလည်း အဆင့်(၃)ဝင်ခွင့်ရှိတယ်။ အထဲကို လူတစ်ယောက် အပိုခေါ်သွားနိုင်သင့်တာ ၊ အမှတ်အသားချန်ခဲ့တဲ့သူဆို ပိုတောင် ခေါ်သွားနိုင်ရမှာ။ နင့်အမှတ်အသား... တစ်နည်းနည်းနဲ့ ပျက်သွားတာများလား"

မန်ဟို့မျက်လုံးများ တလက်လက် တောက်ပသွားသည်။ ဤအခိုက်အတန့်မှာပင် အားနည်းနေသောအသံကြီးအား နောက်တစ်ခေါက် ကြားလိုက်ရ၏။

"ပါရာဂွန်အဆင့်ဝင်ခွင့် ။ သင် သွားလိုရာ သွားနိုင်ပြီး ရက်အကန့်အသတ်မရှိ နေနိုင်တယ်"

အသံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ပူဖောင်းက ဖောက်ခနဲ ပေါက်သွားသည်။ မန်ဟို၏ ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သူကား ပန်းခင်းလမ်းကို လျှောက်လှမ်းနေသကဲ့သို့ တားမြစ်မန္တန်ကို အလွယ်တကူ ဖြတ်လျှောက်လာ၏။

ကျင်ရှန်းမှာ မျက်လုံးကလေး ကလယ်ကလယ်နှင့် မယုံနိုင်‌ဖြစ်နေသည်။ သူမက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး မန်ဟိုကို ကြောင်တောင်တောင်လေး ငေးကြည့်နေတော့သည်။

"မဖြစ်နိုင်ဘူး ။ ငါတို့က အခု ရှေးဟောင်းပုံရိပ်ယောင်ကမ္ဘာမဟုတ်ဘဲ အစစ်အမှန်ကမ္ဘာကို ပြန်ရောက်နေတာလေ ။ ပုံရိပ်ယောင်ကမ္ဘာမှာတုန်းက နင်က ခဲကျုံစစ်ဖြစ်ခဲ့ပေမယ့် ဒီနေရာ တတိယပြင်ညီမှာ နင်က နင်ပဲမဟုတ်လား။ ဘယ်လိုလုပ်ပြီး ပါရာဂွန် ဖြစ်နိုင်မှာလဲ"

မန်ဟို၏အမူအရာမှာ ပုံမှန်အတိုင်းသာ ဖြစ်သော်လည်း စိတ်ထဲတွင်တော့ အံ့ဩခြင်း၊ တွေဝေခြင်းတို့ဖြင့် ပြည့်နှက်နေလေသည်။ ကျင်ရှန်း ပြောခဲ့သည့်အတိုင်း ဖြစ်သော်လည်း စောစောက ဖြစ်ပျက်သွားခဲ့သည်မှာ အမှန်တကယ် ဖြစ်ပျက်သွားခဲ့ခြင်းပင်။

သူသည် တခဏ တိတ်ဆိတ်နေပြီးနောက် ‌ဖြေးဖြေးချင်း ပြောလိုက်လေသည်။ "ငါတို့ ဒီမှာ အမှတ်အသား ထားနိုင်ခဲ့တာပဲ။ ကြည့်ရတာ ဘယ်သူဘယ်ဝါဆိုတဲ့ အထောက်အထား ထားခဲ့ဖို့ကလည်း အဲ့ဒီလောက် မခက်ဘူးထင်တယ်။ ဒုတိယပြင်ညီမှာ လုပ်နိုင်တဲ့ ထူးခြားတဲ့အရာတစ်ခုလေးပဲ မဟုတ်လား"

"ဒါပေမဲ့ မတူဘူး" ကျင်ရှန်းက မျက်လုံးကလေး အဝိုင်းသားနှင့် ပြောသည်။ "ရှေးဟောင်းပုံရိပ်ယောင်က ညလေ... အဲဒါက ... အဲ့ဒါက ပုံရိပ်ယောင်ပဲ။ အမှတ်အသားတွေက မှတ်ဉာဏ်တွေအတိုင်း... ဟင်..." သူမက ရုတ်တရက် အလန့်တကြား ရေရွတ်ပြီး မန်ဟိုကို ဇဝေဇဝါ ဖြစ်နေသောအမူအရာတစ်ခုဖြင့် ကြည့်သည်။ "ငါ သိပြီ။ အဲ့ဒါ ညပဲ။ ညက နင့်ကို မှတ်မိနေတာ"

"ည ဟုတ်လား" မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပနေလျက် မေးလိုက်သည်။ သူသည် ကျင်ရှန်း မိစ္ဆာအင်မိုတယ်ဂိုဏ်းအကြောင်းကို သူ့ကို ပြောပြခဲ့သည်ထက် ပိုသိကြောင်း ယခင်ကတည်းက သုံးသပ်မိပြီးဖြစ်၏။

ဥပမာဆိုရလျှင် ည။

မန်ဟိုသည် ဒုတိယပြင်ညီသို့ ပထမဆုံး ဝင်ရောက်ခဲ့စဉ်တုန်းက တစ်စုံတစ်ယောက် တာအိုတရားဟောကြားနေခဲ့သည်ကို ပြန်တွေးမိလိုက်၏။ ထိုပုဂ္ဂိုလ်က ညဆိုသော နာမည်နှင့် အစစ်အမှန်စိတ်ဝိညာဉ်အကြောင်း ဖော်ပြခဲ့ဖူးလေသည်။

"ငါ တမင်သက်သက် နင့်မပြောပြဘဲ ထားတာမဟုတ်ဘူး" ကျင်ရှန်းက ပြောသည်။ "ဂိုဏ်းရဲ့ စည်းကမ်းချက်တွေအရ အဲ့ဒီအကြောင်းကို အပြင်လူ‌တွေဆီ ပြောခွင့်မရှိလို့။ ဒါပေမဲ့ ညက နင့်ကို မှတ်မိတယ်ဆိုမှတော့ ငါပြောလည်း ကိစ္စမရှိတော့ပါဘူး။ ကောင်းကင်နဲ့ မြေကြီးမှာ အစစ်အမှန် စိတ်ဝိညာဉ်တွေ ရှိတယ်။ အရေအတွက် ဘယ်လောက်ရှိလဲ အတိအကျတော့ မမှတ်မိဘူး

"သူတို့က သိပ်သိပ် ရှားတယ်ဆိုတာပဲ သိတယ်။ တကယ့်တကယ် ဆယ်ကောင်ထက် မပိုဘူး"

"အဲ့ဒီထဲက တစ်ကောင်က ညတဲ့။ ဒဏ္ဍာရီတွေအရတော့ သူ့မျက်လုံးတွေ ပိတ်လိုက်ရင် ကမ္ဘာကြီးက အိပ်မက်တစ်ခု ဖြစ်လာတယ်။ သူ့ မျက်လုံးတွေ ဖွင့်လိုက်ရင် အိပ်မက်ဟာ ကွဲကြေပြီး အရာအားလုံး အာကာသထဲ ပြန်ရောက်ရတယ်တဲ့

"သူနဲ့ မိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ ရေစက်တစ်ခုရှိတာကြောင့် သူဟာ ဂိုဏ်းမှာ အခြေချနေထိုင်ပြီး ဂိုဏ်းရဲ့ အစစ်အမှန် မိစ္ဆာစောင့်ရှောက်သူ ဖြစ်လာခဲ့တယ်"

မန်ဟိုမှာ စိတ်ထဲတွင် တုန်လှုပ်သွားတော့သည်။ သူက တခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် မေးလိုက်၏။ "သူ ဘယ်မှာလဲ..."

"သူက ဟော့ဒီ ပထမအထပ်ကောင်းကင်ဘုံရဲ့ နယ်မြေတွေထဲမှာ ၊ ငါတို့ရဲ့ ခြေထောက်အောက်မှာပဲ။ သူ ဘယ်လိုပုံစံရှိလဲတော့ ငါ မသိဘူး။ ရှေးခေတ်ကနေ လက်ဆင့်ကမ်းလာခဲ့တဲ့ ရာဇဝင်တွေအရ အစစ်အမှန်စိတ်ဝိညာဉ်တွေဟာ နိမိတ်မကောင်းဘူးဆိုတာပဲ သိတယ်။ တချို့ဆို သူ့ကြောင့် မိစ္ဆာအင်မိုတယ်ဂိုဏ်းပျက်သုဉ်းရတာလို့တောင် ပြောတာ။ ဂိုဏ်းဖျက်စီးခံရတုန်းက ဘယ်သူမှ သူ့ကို မသတ်နိုင်ဘူး ။ သခင်ကျီတောင်မှပဲ ။ ဒါပေမဲ့ သူ သတ်နိုင်ရင်တောင်မှ အစစ်အမှန်စိတ်ဝိညာဉ်ကို သတ်တာကို လုံးဝတားမြစ်ထားကြတာလေ

"အဲ့ဒါကြောင့် ညက တစ်ချိန်လုံး မိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ ရှိနေခဲ့တာပဲ။ သူက တစ်ခါတလေ အတိတ်ကို ပြန်တွေးတတ်တယ်။ အဲ့ဒီလိုနဲ့ ဒုတိယပြင်ညီရဲ့ ရှေး‌ခေတ်ဟောင်းပုံရိပ်ယောင်ဆိုပြီး အစပြုခဲ့တာပေါ့..."

အလွန်ကြီးမားသော လှိုင်းလုံးကြီးများ မန်ဟို့ကို ရိုက်ခတ်သွားသည်။ သူသည် ကျင်ရှန်းကို ကြည့်ရင်း အသက်ရှူသံများ မြန်လာတော့၏။

"ဒါဆို မင်းပြောပုံအရ ငါတို့ ကြုံတွေ့ခဲ့တဲ့ ရှေးခေတ်ဟောင်းပုံရိပ်ယောင်က ညရဲ့ အိပ်မက်လေးတစ်ခုပဲပေါ့"

***

All Chapters