← Chapters

ကံကြမ္မာကောင်း

Vol. 43 Ch. 602

ကံကြမ္မာကောင်း

Vol. 43 Ch. 602

ကျင်ရှန်းက သူ့ကို ရေထဲ ဆွဲခေါ်သွားပြီးနောက် တင်ပျဉ်ခွေထိုင်ချလိုက်သဖြင့် မန်ဟို့မျက်လုံးများ လင်းလက်သွား၏။ ရေကား သိပ်မများ၊ ကျင်ရှန်း၏ ခါးသိမ်သိမ်လေး မြုပ်လောက်ရုံသာ ရှိသည်။

သူမသည် သူ့ကို ဆွဲခေါ်လာခဲ့ပြီး သူမနှင့်မျက်နှာချင်းထိုင် ရေထဲတွင် တင်ပျဉ်ခွေထိုင်စေလေသည်။ သူ့အကြည့် သူမ၏ခန္ဓာကိုယ်လေးအပေါ် ကျရောက်သွားသောအခါ သူက ချောင်းဟန့်လိုက်၏။

"ငါ မိစ္ဆာအင်မိုတယ်ကန်ရဲ့စွမ်းအားကို စုပ်ယူနေတဲ့အချိန် " သူမက ပေါ့ပေါ့ပါးပါး ပြောသည်။ "နင်လည်း ခန္ဓာကိုယ်ကို ကျင့်ပေါ့။ ငါ့မှာ အထူးရုပ်ခန္ဓာကျင့်စဉ်တစ်ခု ရှိတယ်။ ငါ့ရဲ့ခန္ဓာကိုယ်ကို မိစ္ဆာအင်မိုတယ်ခန္ဓာအဖြစ် ပြောင်းလဲနေတဲ့အတောအတွင်းမှာ ငါ့ဆီကနေ ပြိုင်ဘက်ကင်းတဲ့ မွှေးရနံ့တစ်ခု ထုတ်လွှတ်လိမ့်မယ်

"အဲ့ဒီမွှေးရနံ့ကို နင့်အပြင်အားကိုယ်နဲ့ ပေါင်းစည်းနိုင်တဲ့ နတ်ရတနာ ဒါမှမဟုတ် လောကဓာတ်‌ရတနာလိုမျိုး သတ်မှတ်လို့ရတယ်။ ဒါ့ကြောင့် နင်လည်း အဲ့ရနံ့ကို သုံးရင်း နင့်ရဲ့အကောင်းဆုံး အပြင်အားကိုယ်ကျင့်စဉ်နဲ့ အမြတ်ထုတ်နိုင်တာပေါ့

"အလဟဿ ဖြစ်သွားတာထက်စာရင် မွှေးရနံ့ကို နင် စုပ်ယူလိုက်တာ အများကြီး ပိုကောင်းလိမ့်မယ်

"ပြီးတော့ ငါ ပြောင်းလဲအတောအတွင်း ကျေးဇူးပြုပြီး မနှောင့်ယှက်ပါနဲ့။ ကျိန်စာကတော့ ဂိုဏ်းလေ့လာထားရသလောက်ဆိုရင် ပြောင်းလဲမှုဖြစ်စဉ်စတာနဲ့ ငါ့အပေါ် သက်ရောက်တော့မှာ မဟုတ်ဘူး

"နင် ငါ့ထက်အရင် စောပြီးရင် အပြင်မှာ စောင့်နေလို့ရတယ်။ ဒီဖြစ်စဉ်က ဘယ်လောက်ကြာမလဲ ငါလည်း မသိတာမလို့ ငါ ပြီးဆုံးတဲ့အထိ နင် စောင့်ရှောက်ပေးမယ်လို့ မျှော်လင့်ပါတယ်" သူမသည် မန်ဟိုကို နောက်ဆုံးတစ်ချက်ကြည့်ပြီး မျက်လုံးမှိတ်လိုက်၏။

ထိုသို့မှိတ်လိုက်သည်နှင့်တစ်ပြိုင်နက် စူးရှသော မွှေးရနံ့မှာ ရုတ်တရက် သူမထံမှ ထွက်ပေါ်လာတော့သည်။ ၎င်းသည် ရေနှင့် တစ်သားတည်းဖြစ်သွားပြီး အဖြူရောင်မြူငွေ့များ မြင့်တက်လာစေ၏။ မြူများမှာလည်း အတော်လေး ထူထပ်လာပြီး မျက်စိတစ်မှိတ်အတွင်း ကန်တစ်ကန်လုံးဖုံးလွှမ်းကာ မန်ဟိုနှင့်ကျင်ရှန်းနှစ်ယောက်လုံးကို လွှမ်းခြုံသွားတော့သည်။

မန်ဟိုသည် တလက်လက် တောက်ပနေသော မျက်ဝန်းများဖြင့် ဘေးဘီဝဲယာကို အကဲခတ်လိုက်၏။ ရေ၏အအေးဓာတ်မှာ မူလက အလွန်တရာ အားနည်းနေခဲ့သော်လည်း မြူများမြင့်တက်လာပြီးနောက် ဆယ်ဆတိုးသွားကြောင်း သူ လျင်မြန်စွာ သတိထားမိလိုက်လေသည်။

အအေးဓာတ်မှာ ဆက်လက်၍သာ တိုးတက်လာနေသည်။ မန်ဟိုသည် ဒုတိယပြင်ညီတွင် ရေစိမ်ခဲ့စဉ်တုန်းက အအေးဓာတ် ပိုမိုပြင်းထန်လေလေ၊ ရလဒ် ပိုမိုကောင်းမွန်လေလေ ဖြစ်ကြောင်း သိခဲ့ရလေသည်။ သူက ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ တခဏကြာသော် တခြားအရာတစ်ခုကို သူ သတိထားမိလိုက်သည်။ ပတ်ဝန်းကျင်ရှိ မြူများက သူ၏အပြင်အားကိုယ်ကို အားဖြည့်ပေးနေသယောင်ပင်။ ၎င်း သူ့ကိုယ်ထဲသို့ စီးဝင်နေစဉ် သူ၏အပြင်အားကိုယ်မှာ အံ့ဖွယ်အသွင်ပြောင်းခြင်းတစ်ခုနှင့် စတင်ကြုံတွေ့နေရပြီး တဖြေးဖြေး ပိုပို၍ အစွမ်းထက်လာနေလေသည်။

"ကျင်ရှန်း မလိမ်ဘူးပဲ" သူက မျက်ဝန်းများ စူးရှတောက်ပနေလျက် တွေးလိုက်သည်။ မြူများနှင့် ကန်ရေမှာ သူ၏အပြင်အားကိုယ်အတွက် အတိုင်းထက်အလွန် အကျိုးပြုလေသည်။ သူသည် မည်သည့်မှော်ပညာရပ်မှ အသုံးမပြုရသေးသည့်တိုင် မယုံနိုင်လောက်အောင် အမြတ်ထွက်နေပြီဖြစ်၏။

ပထမဝိညာဉ်ခန္ဓာမှာတင် ရှိနေစဉ် သတ္တမဝိညာဉ်ခန္ဓာအဆင့် အပြင်အားကိုယ်ကို‌တော့ ရနိုင်မည့်ပုံမပေါ်သော်လည်း ဆဋ္ဌမဝိညာဉ်ခန္ဓာသို့ ရောက်နိုင်ခြေရှိသယောင်ပင်။

သူ၏တွက်ချက်မှုအရ သတ္တမဝိညာဉ်ခန္ဓာအဆင့်သို့ ရောက်ဖို့ရန်မှာ ခက်ခဲလွန်းသည်သာ ဖြစ်၏....

"အသွေးအသားသိဒ္ဓိတင်ကျင့်စဉ်ကို ... ဒီနေရာမှာ ကျင့်ကြံလို့ရမလား မသိဘူး။ တစ်ခါပဲ ကျင့်ကြံလို့ရတယ်ဆိုပေမယ့် ကျင့်လိုက်တာနဲ့ အပြင်အားကိုယ်စွမ်းအားကို အဆုံးစွန်အထိ အံ့ဩစရာကောင်းသွားစေမှာ။ ဒါ့အပြင် ဒီနေရာပတ်ဝန်းကျင်ကလည်း အပြင်အားကိုယ်ကျင့်ကြံဖို့အတွက် တော်တော်လေး လိုက်ဖက်တယ်။ ကြည့်ရတာ အဲ့ဒါကို အသုံးချဖို့ အသင့်တော်ဆုံး ထင်ပါရဲ့" သူ၏မျက်လုံးများမှာ စူးရှတောက်ပသွားတော့သည်။ အသွေးအသားသိဒ္ဓိတင်ကျင့်စဉ်နှင့်ပတ်သက်လျှင် လူတစ်ယောက်၏ခန္ဓာကိုယ် သန်မာလာလေလေ၊ အစွမ်းပိုထက်လာလေလေ ဖြစ်လေသည်။

ထိုမျှသာမက မန်ဟိုသည် တာအိုမှော်ကျင့်စဉ်ဖြစ်စေ၊ လျှို့ဝှက်ပညာရပ်ဖြစ်စေ၊ မိစ္ဆာအင်မိုတယ်ဂိုဏ်းတွင် ရရှိခဲ့သည်ဆိုကတည်းက ဤနေရာတွင် ကျင့်ကြံဖို့ လိုအပ်ကြောင်း ခံစားရလေသည်။ အပြင်လောကတွင် ထိုသို့လုပ်ရန် ကြိုးစားပါက အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

တုံ့ဆိုင်းနေရန် အကြောင်းရင်း မရှိလေရာ ယခုအချိန်သည် အသုံးချရန် အချိန်ကောင်း ဖြစ်တော့သည်။

မန်ဟို မျက်လုံးများ ပိတ်လိုက်စဉ် ၎င်းတို့ထံမှ အလင်းတန်းများ ဖြာထွက်လာ၏။ သူသည် စိတ်ထဲတွင် အသွေးအသားသိဒ္ဓိတင်ကျင့်စဉ်၏ လျှို့ဝှက်ပညာရပ်ကို ထုတ်ဖော်လိုက်သည်။

ဂျိန်း

လျှို့ဝှက်ပညာရပ် ဖြာထွက်လာစဉ် မန်ဟို့စိတ်မှာ ထစ်ချုန်းသွား၏။ သူ၏ခန္ဓာကိုယ်သည် ချက်ချင်း တုန်ခါလာပြီး သူ၏ပတ်ပတ်လည်ရှိ မြူများ တလိပ်လိပ် ထလာလေသည်။ လေကြောင့် တိမ်တိုက်များ ဖွေးဖွေး လှုပ်သွားသကဲ့သို့ ဧရာမဝဲကြီးတစ်ခုက မန်ဟို့ကို ဗဟိုပြု၍ ဖြစ်ပေါ်လာသည်။

ကန်ရေများလည်း ဝဲကြီးသဖွယ် တဝေါဝေါ လည်လာ၏။

ကျင်ရှန်းမှာ သူမ၏ခန္ဓာကိုယ်အသွင်ပြောင်းခြင်းထဲ၌ ဈာန်ဝင်စားနေသော်လည်း အပြင်၌ ဖြစ်ပျက်နေသည်ကို ခံစားရနိုင်သေးသဖြင့် တုန်လှုပ်သွားလေသည်။ သူမစိတ်မှာလည်း ထိုနည်းတူ ထစ်ချုန်းနေပြီး သူမတစ်ကိုယ်လုံးမှ မိစ္ဆာချီအမြောက်အမြား စတင်ထုတ်လွှတ်လာသည်။ မိစ္ဆာချီက မြူများကို ပို၍ သိပ်သည်းလာစေ၏။ ကျင်ရှန်းမှာ ‌တွေ့ကြုံရတော့မည့် အသွင်ပြောင်းမှုကြောင့် ခန္ဓာကိုယ်အနှံ့အပြားမှ လှုံ့ဆော်နေသောခံစားချက်တစ်ခုကို ရနေတော့သည်။

အချိန်များ ကုန်လွန်သွားသည်။ မန်ဟိုလည်း ကျင်ရှန်းနည်းတူ မည်သည့်အရာကိုမှ သတိမရတော့ပေ။ သူတို့သည် မြူအပြည့်ဖုံး‌နေသော ကန်ရေထဲတွင် တင်ပျဉ်ခွေထိုင်နေကြ၏။ မည်သည့်အရာကိုမှ သဲသဲကွဲကွဲမမြင်ရပေ။ သူ၏ခန္ဓာကိုယ်များကို မမြင်ရ။ တစ်ယောက် အစွမ်းထက်လာနေသည်ကိုသာ တစ်ယောက် ခံစားနေကြရသည်။

မန်ဟို၏ အပြင်အားကိုယ်သည် ဆက်လက်ကြီးထွားသထက် ကြီးထွားလာ၏။ ၎င်းက နောက်ဆုံးအတိုင်းအတာသို့ ရောက်သောအခါ ပြန်ကျုံ့သွားလေသည်။ ဤသို့ ထွားလိုက်၊ ကျုံလိုက်နှင့် သံသရာလည်နေတော့သည်။ သံသရာစက်ဝန်းတစ်ပတ်ပြည့်တိုင်း သူ၏အပြင်အားကိုယ်မှာ ကြောက်မက်ဖွယ်အခိုးအငွေ့များ ထုတ်လွှတ်တတ်သည်။

သူ၏အပြင်အားကိုယ်သည် သန်မာသထက် သန်မာလာနေ၏။

မရေမတွက်နိုင်သော ‌ပုံရိပ်ယောင်မှော်သင်္ကေတများက သူ၏ပတ်ချာလည်တွင် မှိတ်တုတ်မှိတ်တုတ် ‌လင်းလက်စပြုလာသည်။ ၎င်းတို့အားလုံးမှာ အာကာသမှ မွေးဖွားလာသည့်အလား ရှေးဆန်သောအရှိန်အဝါကို ထုတ်လွှတ်ရင်း သူ့ကို လည့်ပတ်နေတော့သည်။ မြင်ကွင်းတစ်ခုလုံးက မန်ဟို့ကို ထူးခြားဆန်းကြယ်နေစေသည်။

မန်ဟိုနှင့်ဆန့်ကျင်ဘက်တွင် ကျင်ရှန်း၏ခန္ဓာကိုယ်မှာ မိစ္ဆာချီများအား တရိပ်ရိပ် ထုတ်လွှတ်နေသည်။ ၎င်းတို့သည် မယုံနိုင်လောက်အောင် သိပ်သည်းပြီး သက်ရှိသတ္တဝါပုံစံများအဖြစ် စုစည်းလာသယောင်ပင်။

ဤသက်ရှိသတ္တဝါအားလုံးမှာ ပုံစံကွဲပြားသော်လည်း တစ်ကောင်ချင်းစီသည် နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် တည်ရှိခဲ့ခြင်းဖြစ်သည်။ ဤကောင်းကင်နှင့်မြေကြီး၏ မဟာမိစ္ဆာကြီးများမှာ ယခုတွင် သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း နဝမတောင်နှင့်ပင်လယ်၏ ကောင်းကင်ဘုံများတွင် အမှတ်ရအောက်မေ့ခံရဆဲ ဖြစ်လေသည်။

၎င်းတို့သည် ပေါ်ပေါက်လာသည်နှင့် အရွယ်ကျုံ့ပြီး ကျင်ရှန်း၏ပတ်ပတ်လည်တွင် တင်ပျဉ်ခွေထိုင်လိုက်ကြသည်။ ၎င်းတို့က မုဒြာလက်ကွက်များ‌ ဖော်ကာ ဝိုးတိုးဝါးတားအလင်းတန်းများအား ကျင်ရှန်း၏ခန္ဓာကိုယ်ဆီ ပြေးဝင်၍ ပေါင်းစည်းသွားစေသည်။

မန်ဟို ထိုင်နေရသည့်နေရာမှာလည်း ကျင်ရှန်းနှင့် အလွန်နီးလေသည်။ ထို့ကြောင် သူလည်း ‌ကောင်းကင်နှင့်မြေကြီး၏ မဟာမိစ္ဆာကြီးများမှ ထုတ်လွှတ်နေသော အလင်းစက်ကွင်းအတွင်း ရှိနေ၏။ ဝိုးတိုးဝါးတား အလင်းတန်းအတော်များများ သူ၏ခန္ဓာကိုယ်ကို ထိမှန်လေသည်။

သူ တုန်ရီနေသည့်အချိန်မှာပင် မှော်သင်္ကေတများက သူ့ကို လျင်မြန်စွာ လှည့်ပတ်လာပြီးနောက် သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်ပေါင်းစည်းလိုက်၏။

အလင်းနှင့် မှော်သင်္ကေတများ သူ့ကိုယ်ထဲ ဝင်ရောက်ပေါင်းစည်းနေစဉ် မန်ဟို့စိတ်မှာ ဆက်လက် တုန်ရီနေတော့သည်။ သူ၏အရှိန်အဝါမှာ ဆက်လက်အားကောင်းလာပြီး သူ၏အပြင်အားကိုယ်မှ ကြောက်မက်ဖွယ် အခိုးအငွေ့များ ထုတ်လွှတ်နေလေသည်။

တစ်ခါတရံ သူသည် အံမခန်းလိလိ ထွားကြိုင်းလာပြီး တစ်ခါတရံ ပိန်ချုံးကာ ကျုံ့သွားတတ်၏။ သူ၏အဝတ်အစားများမှာလည်း ကြီးထွားသည့်အဆင့်များအတွင်း စုတ်ပြဲသွားခဲ့လေပြီ။ ဤအခိုက်အတန့်တွင် သူလည်း ကျင်ရှန်းနည်းတူ မိမွေးဖမွေးအတိုင်း ထိုင်နေပြီဖြစ်သည်။

ပထမဆုံး သန်မာလာသည့်အရာမှာ သူ၏အရိုးဖွဲ့စည်းပုံပင်။ ၎င်းသည် အရိုးဖွဲ့စည်းပုံကို မှော်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ရလောက်သည်အထိ ခိုင်ခံ့မာကြောသွားစေသော အထူးပြောင်းလဲမှုမျိုးဖြစ်၏။

ကိုယ်ထဲ အဆက်မပြတ် စီးဝင်နေသော အားအင်က မန်ဟို့အရိုးများကို ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ကြောက်စရာကောင်းသွားစေသည်။ သို့သော် ... သူသည် ကျင်ရှန်းနှင့် အလွန်နီးနေသေး၏။ သူမပတ်ပတ်လည်တွင် တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်ယောင် မဟာမိစ္ဆာကြီးများက ဝိုးတိုးဝါးတား အလင်းများကို ဆက်လက် ထုတ်လွှတ်ပေးနေပြီး ၎င်းတို့က တကယ်တမ်း မန်ဟို့ပတ်ပတ်လည်ရှိ မှော်သင်္ကေတများနှင့် ဆန့်ကျင်ဘက်ဖြစ်လေသည်။

အလင်းသည် အားပြည့်စေခြင်းမဟုတ်၊ ဖျက်စီးနေခြင်းဖြစ်သည်။ မိစ္ဆာအင်မိုတယ်ခန္ဓာ၏ အနှစ်သာရသည် ပျက်စီးခြင်းကို လှုံ့ဆော်၍ အစွမ်းထက်ဆုံး အပြင်းအားကိုယ်ကို မွေးဖွားပေးရန်ပင်။

အသွေးအသားသိဒ္ဓိတင်ကျင့်စဉ်၏ လျှို့ဝှက်ပညာရပ်က အားဖြည့်ခြင်းအပေါ် မူတည်သည်။ ခန္ဓာကိုယ်ကို အားဖြည့်ပေးခြင်းဖြင့် အစွမ်းထက်ဆုံးအပြင်အားကိုယ် ဖြစ်တည်လာသည့်တိုင်အောင် သန်မာသထက် သန်မာလာစေမည်။

၎င်းတို့သည် တောင်ဝင်ရိုးနှင့် မြောက်ဝင်ရိုးစွန်းပမာ ခြားနားသော ကျင့်စဉ်နှစ်မျိုးဖြစ်ပြီး ရှေးခေတ်မှ ယနေ့ခေတ်တိုင်အောင် တစ်ပြိုင်တည်း ကျင့်ကြံခဲ့ကြခြင်း မရှိဖူးပေ။ မစမ်းကြည့်ချင်၍မဟုတ်၊ ထိုသို့ကျင့်စဉ်မျိုးအား ဘယ်နည်းနှင့်မျှ အားမထုတ်နိုင်သည့်အတွက်ပင်။

‌သို့သော် လောလောဆယ်တွင် မန်ဟိုသည် ကြက်ကန်းဆန်အိုးတိုးပြီး ဟန်ချက်ညီနေ၏။ ပုံရိပ်ယောင် မဟာမိစ္ဆာကြီးများမှ အလင်းက အရိုးဖွဲ့စည်းပုံကို ဆက်လက်ဖျက်စီးနေရာ သူ၏အရိုးများအား တဖြေး‌ဖြေး ကျိုးကြေလာစေတော့သည်။

သို့သော် ထိုအခြင်းအရာက အသွေးအသားသိဒ္ဓိတင်ကျင့်စဉ်နှင့် လိုက်လျောညီထွေ မဖြစ်ပေ။ ထို့ကြောင့် ပုံမှန်အားဖြင့် မှော်သင်္ကေတအနည်းငယ်သာ ထုတ်လွှတ်ပေးတတ်သော ပညာရပ်မှာ ရုတ်တရက် မှော်သင်္ကေတများ ထပ်မံ စီးမျောထွက်လာတော့သည်။ ၎င်းတို့က မန်ဟို၏ အရိုးဖွဲ့စည်းပုံကို ပြုပြင်ပြီး ပြီးပြည်စုံစေရန် သူ့ကိုယ်ထဲ ဝင်ရောက်လာကြသည်။

ပျက်စီးခြင်းတစ်လှည့် ၊ အားပြည့းခြင်းတစ်လှည့် ဖြစ်စဉ်က မန်ဟို့ကို အသည်းအူကျွမ်းပြန်မတတ် နာကျင်စေသည်။ တစ်ချိန်တည်းမှာပင် သူရရှိနေသော အကျိုးအမြတ်များမှာ လုံးဝ မထင်ထားဖွယ်ပင်။

အချိန်မည်မျှကြာသွားပြီလဲ ပြောရခက်သည်။ သို့ရာတွင် အဆက်မပြတ်ဖြစ်ပေါ်နေသော သံသရာစက်ဝန်းကြောင့် မန်ဟို၏ အရိုးဖွဲ့စည်းပုံမှာ လုံးလုံးလျားလျာ မာကြောခိုင်မာလာခဲ့လေပြီ။ သူ၏ အပြင်အားကိုယ်အတွင်း၌ ဂျိန်းခနဲ ထစ်ချုန်းပြီး သူကား ဆဋ္ဌမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်သွားတော့သည်။

ဤအခိုက်အတန့်တွင် မန်ဟိုအတွက် ကျင့်ကြံခြင်းအခြေခံပင် မလိုအပ်တော့ပေ။ သူ၏အပြင်အားကိုယ်တစ်ခုတည်းနှင့် အံ့မခန်းလိလိ အစွမ်းထက်နေပြီဖြစ်သည်။ သူသည် ‌ယခင်ကကဲ့သို့ ပိန်ပိန်သွယ်သွယ် မဟုတ်တော့ဘဲ ကျစ်လစ်မာကြောနေပြီဖြစ်ပြီး တောင်‌အသေးလေးတစ်လုံးနှင့် တူနေတော့သည်။

ဤအခိုက်အတန့်တွင် သူ၏အပြင်အားကိုယ်ကျင့်ကြံခြင်းမှာ အရိုးမှ အသွေးအသားအထိ ကူးစက်ပျံ့နှံ့လာလေပြီ။

‌အရိုး၊ ‌အသွေးအသား၊ သွေးကြောများ။ ဤနယ်ပယ်သုံးခုလုံး ကျင့်ကြံခံနေရသည်။ ၎င်းတို့အကုန်လုံး ပေါင်းစည်းလိုက်ခြင်းက အံ့ဖွယ် ချီနှင့်သွေးခွန်အားသို့ ဦးတည်သွားလေသည်။

မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ ကောင်းကင်နှင့်မြေကြီး၏ မဟာမိစ္ဆာကြီးများထံမှ အလင်းက သူ့အား အရိုးပေါ် အရေသာ တင်‌နေတော့သည့်အထိ ခြောက်ကပ်သွားစေသည်။ သို့သော် နောက်အသက်တစ်ရှိုက်တွင် မှော်သင်္ကေတများမှ မယုံနိုင်ဖွယ်စွမ်းအားများ သူ့ကိုယ်ထဲ စီးဝင်လာကာ သူ၏ခန္ဓာကိုယ်အား အကောင်းပကတိ ပြန်ဖြစ်သွားစေ၏။

ထိုအတိုင်း သံသရာလည်နေစဉ် မန်ဟို့ပတ်ပတ်လည်ရှိ မှော်သင်္ကေတများ လျော့နည်းလာတော့သည်။ မကြာမီ သိပ်များများစားစား မကျန်တော့ပေ။ သို့သော် တစ်ချိန်တည်းမှာပင် မိစ္ဆာအင်မိုတယ်ဂိုဏ်း၊ တောင်ထိပ်ခုနစ်ခု၏အပေါ်ထက်‌ ကောင်းကင်ယံတွင် ဧရာမအက်ကြောင်းကြီးတစ်ကြောင်း ရုတ်တရက် ပေါ်လာခဲ့လေပြီ။

အက်ကြောင်းကြီး ပွင့်ထွက်လာစဉ် ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီးက မိစ္ဆာအင်မိုတယ်တစ်ဂိုဏ်းလုံးအား လှုပ်ခါသွားစေ၏။ တောင်ကောင်းကင်ဂြိုဟ်မှ ကျင့်ကြံသူအားလုံး တအံ့တဩ မော့ကြည့်လိုက်ကြသည်။

အပေါ်ရှိ အက်ကြောင်းကြီးအထဲ၌ အလွန်ကြီးမားသော တစ်စုံတခုရှိနေကြောင်း အကုန်လုံး ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ၎င်း နီးကပ်လာစဉ် .... မဖော်ပြနိုင်လောက်အောင် ကြီးမားသော စေတီကြီးတစ်ဆူအား သူတို့ မြင်လိုက်ရလေပြီ။

.... မိစ္ဆာအင်မိုတယ်စေတီကြီး။

ဒုတိယပြင်ညီမှာတုန်းက မိစ္ဆာအင်မိုတယ်စေတီကို တစ်ယောက်မကျန် မြင်ခဲ့ဖူးသော်လည်း ဤတစ်ခေါက်တွင်တော့ အတန်ငယ် ကွဲပြား၏။ စေတီမှာ...၎င်းကိုယ်၎င်း အနိုင်နိုင် ထိန်းနေရလေသည်။ တချို့နေရာများမှာ ပျက်စီးပြိုကျနေ၏။ အလင်းရောင်များမှ ထိန်းထား၍သာ တွဲဆက်နေသေးသော အပိုင်းများပင်လျှင် ရှိသည်။

စေတီကြီးတစ်ဆူလုံးကား စုတ်ပြတ်နေ၏။ ကြည့်ရသရွေ့ ၎င်းသည် ရှေးခေတ်ဟောင်းစစ်ပွဲ၌ အများဆုံး ဖျက်စီးခံခဲ့ရပင်။

သို့သော် စေတီကား ... တည်ရှိနေသေးသည်။ ၎င်းက ချဉ်းကပ်လာစဉ် အကန့်အသတ်မဲ့ ဖိအားကြီးကို ထုတ်လွှတ်လိုက်ရာ အောက်ရှိ လူတိုင်းမှာ တုန်လှုပ်သွားကြပြီး မည်သည့်အရာတို့ ဖြစ်ပျက်နေသလဲ သိချင်လာကြတော့၏။

မိစ္ဆာအင်မိုတယ်စေတီအတွင်းမှ ရုတ်တရက် မှော်သင်္ကေတအလင်းတန်းတစ်တန်း ထိုးထွက်လာသည်။

မ‌ရေမတွက်နိုင်သော မှော်သင်္ကေတများမှာ ကြယ်စင်မြစ်ပြင်ကြီးအလား ၊ အဖြူရောင်ပိုးသားလိပ်ဖြေချလိုက်သည့်အလား လေထုကို ထိုးခွင်းသွား၏။ ၎င်းတို့သည် သတ္တမတောင်ထိပ်နှင့် မိစ္ဆာအင်မိုတယ်ကန်သို့ ပျံသန်းသွားလေသည်။ ၎င်းတို့က မည်သူမှ မမြင်ရသောနေရာသို့ ဦးတည်၍ မိစ္ဆာအင်မိုတယ်ကန်ကို လှည့်ပတ်ပြီးနောက် မန်ဟို၏ခန္ဓာကိုယ်ထဲ စီးဝင်သွားတော့သည်။

အသွေးအသားသိဒ္ဓိတင်ကျင့်စဉ်သည် မိစ္ဆာအင်မိုတယ်စေတီမှ လာသော လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်၏။ မိစ္ဆာအင်မိုတယ်ခန္ဓာသည် သခင်လီ ဖန်ဆင်းခဲ့သော ရုပ်ခန္ဓာတစ်ခု ဖြစ်၏။ ထိုနှစ်ခုအနက် မည်သည်က ပိုအစွမ်းထက်လဲ ဆိုသည်ကိုတော့ အတိအကျ ပြောရခက်သည်။

လောလောဆယ်တွင် မန်ဟို၏ခန္ဓာကိုယ်ကို စစ်မြေပြင်အဖြစ် အသုံးပြုရင်း တစ်ခါမှ မဖြစ်ခဲ့ဖူးသော တိုက်ပွဲတစ်ပွဲ စတင်နေလေပြီ။ လျှို့ဝှက်ပညာရပ် အပြိုင် မိစ္ဆာအင်မိုတယ်ခန္ဓာ။ နှစ်ခုကား အကြိတ်အနယ် တိုက်ခိုက်နေ၏။

ဖျက်စီးခြင်းက အားဖြည့်ခြင်းကို အနိုင်ရမည်လော။ အားဖြည့်ခြင်းအား ဖျက်စီး၍မရဘဲ ရှိမည်လော။ ဝိရောဓိဖြစ်စရာပင်။

***

All Chapters