ရှစ်ခုမြောက် အနုသုခုမရုပ်ခန္ဓာ
Vol. 43 Ch. 603
မန်ဟို၏အသွေးအသားမှာ ဖောင်းကြွလာပြီးနောက် ပြန်လည်ခြောက်ကပ်သွား၏။ ထိုအတိုင်း သံသရာလည်နေသော ဖြစ်စဉ်က မန်ဟို့ကို တဆတ်ဆတ် တုန်ရီ၍ ချွေးသီးချွေးပေါက်များ ကျလာစေသော နာကျင်မှုကို မွေးဖွားပေးလိုက်သည်။
သို့သော် သူ၏မျက်လုံးများမှာ မဆုတ်နစ်သော ဇွဲလုံ့လဖြင့် ပြည့်နှက်နေ၏။ သူသည် အံတင်းတင်းကြိတ်ပြီး တောင့်ခံထားလေသည်။ သတိမလစ်သွားအောင်လည်း အာရုံအပြည့်အဝ စိုက်ထားသည်။ သူ၏အပြင်အားကွယ်မှာ ခြောက်ကပ်ခြင်း၊ ဖောင်းကြွခြင်း အဆက်မပြတ် ဖြစ်နေကာ ကြောက်ခမန်းလိလိစွမ်းအားတစ်ရပ် ပေါ်ပေါက်လာစေ၏။
ဝုန်း
ကောင်းကင်နှင့်မြေကြီး မဟာမိစ္ဆာကြီးများမှ ဝိုးတိုးဝါးတားအလင်းသည် သူ၏ခန္ဓာကိုယ်ကို ပျက်စီးယိုယွင်းတော့မတတ် ခြောက်ကပ်သွားစေသည်။ သူ၏ဆံပင်များ ကျွတ်ကျလာပြီး သူ့မှာ ဆီမရှိတော့မီးအိမ်ပမာ၊ အလောင်းခြောက်ကြီးပမာ ဖြစ်နေတော့သည်။
ဝုန်း
အသွေးအသားသိဒ္ဓိတင် လျှို့ဝှက်ပညာရပ်နှင့် မိစ္ဆာအင်မိုတယ်စေတီမှ မှော်သင်္ကေတများက သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်ကာ ဘီလူကြီးတစ်ကောင်ပုံစံ ပေါက်သည့်တိုင်အောင် ဖောင်းကြွထွားကြိုင်းလာစေသည်။
ဝိရောဓိဖြစ်ဖွယ် အသွင်ပြောင်းခြင်းမှာ ရှေးခေတ်မှ မျက်မှောက်ခတ်အထိ တစ်ခါ မမြင်ခဲ့ဖူးသော ၊ တစ်ခါမှ မကြုံဖူးသော အပြင်အားကိုယ်အသစ် ဖော်ဆောင်ခြင်း ဖြစ်၏။ သံသရာဆက်လည်နေစဉ် မန်ဟိုမှာ ပိုပို၍ အစွမ်းထက်လာတော့သည်။
ကျင်ရှန်း၏ကိုယ်လုံးလေးလည်း တုန်ရီနေသည်။ သူမတွင် အသွေးအသားသိဒ္ဓိတင်ကျင့်စဉ်မရှိပေ။ စစ်မှန်သော မိစ္ဆာအင်မိုတယ်ခန္ဓာအသွင်ပြောင်းခြင်းသာ ရှိ၏။ လောလောဆယ်တွင် သူ၏ခန္ဓာကိုယ်မှာ ခြောက်ကပ်နေသော်လည်း ထိုခြောက်ကပ်နေမှုအတွင်းတွင် အံ့ဖွယ်မိစ္ဆာချီ ရှိနေလေသည်။
သူတို့နှစ်ယောက်သည် ကိုယ်ပိုင်နည်းလမ်းဖြင့် ကျင့်ကြံရင်း ပို၍သာ အစွမ်းထက်လာနေကြသည်။ မိစ္ဆာအင်မိုတယ်ကန်ရေများမှာ တဖြေးဖြေး လျော့နည်းလာလေပြီ။
အချိန်တချို့ကြာသော် အဘက်ဘက်သို့ ပဲ့တင်ရိုက်ခတ်သွားသော ထစ်ချုန်းသံတစ်သံအား ကြားလိုက်ရ၏။ မန်ဟိုက ဆတ်ခနဲ ခေါင်းပြန်မော့လိုက်သော်လည်း မျက်လုံးများမှာတော့ ပိတ်လျက်အတိုင်းပင်။ ယခုတွင် သူ၏ခန္ဓာကိုယ်မှာ အဆမတန် ထွားမနေသလို ၊ သေလုမြောပါး ခြောက်ကပ်နေခြင်းလည်း မရှိ။ ထိုအစား သူသည် ပုံမှန်အတိုင်း ပိန်ပိန်သွယ်သွယ်သာ။
သူ့မှာ လောလောဆယ်တွင် ကိုယ်ထဲ၌ မည်သည့်စွမ်းအားမှ မရှိသည့်အလား ထင်ရသည်။ သို့သော် ဟိုးအနက်ဆုံးထဲတွင်တော့ သူ၏ ယခင် အပြင်အားကိုယ်ထက် အဆများစွာ အစွမ်းထက်သော၊ ကြောက်မက်ဖွယ်ခွန်အားအား ဖုံးကွယ်ထား၏။
သူသည် ယခုတွင် မက်မောစရာကောင်းသော၊ သာမန်မဟုတ်သော စွမ်းအားကို ပိုင်ဆိုင်ထားလေပြီ။ ကြွက်သားအစိုင်တစ်စိုင်စီတိုင်းမှာ စွမ်းအားများဖြင့် ပေါက်ကွဲထွက်မတတ်ပင်။ သူ၏အရိုးများမှာ လက်ဖျားခါလောက်အောက် မာနေလေပြီ။ မန်ဟို ခေါင်းမော့လိုက်စဉ် သူ့တစ်ကိုယ်လုံးမှာ ပြင်းထန်သောအရှိန်အဝါတစ်ခုဖြင့် ဟုန်းဟုန်းတောက်သွားတော့၏။
ဝဲကြီးမှာ တဝေါဝေါ လည်လာသဖြင့် လေများ တိုက်ခတ်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် မန်ဟို၏အရှိန်အဝါမှာ ... သတ္တမဝိညာဉ်ခန္ဓာ၏ အပြင်အားကိုယ်စွမ်းအားကို ရှိနေလေပြီ။
သို့သော် သူကား သတ္တမဝိညာဉ်ခန္ဓာအဆင့်သို့ မဝင်ရောက်ရသေးဘဲ ပထမဝိညာဉ်ခန္ဓာတွင်သာ ရှိသေး၏။
သူ့ပတ်ပတ်လည်ရှိ မြူများ တဖွေးဖွေး လှုပ်လာပြီး ဝဲကြီးမှာ လည်ပြီးရင်း လည်လာသည်။ ၎င်းတို့အားလုံး၏အလယ်တွင် မန်ဟိုသည် အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်အတွင်းရှိ စွမ်းအားကို စစ်ဆေးကြည့်ရှုလိုက်၏။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ယခင်အတိုင်းဖြစ်သော်လည်း သူ၏အပြင်အားကိုယ်နှင့် အတိုက်အခိုက်စွမ်းရည်မှာ ယခုတော့ လုံးဝ မတူတော့ပေ။
သူသည် မျက်လုံးများ တဖျပ်ဖျပ် လက်နေလျက် ဒုတိယဝိညာဉ်ခန္ဓာသို့ ဝင်ရောက်လိုက်၏။
ဝုန်း
တတိယဝိညာဉ်ခန္ဓာ။ စတုတ္ထဝိညာဉ်ခန္ဓာ .... သူကား တင်ပျဉ်ခွေထိုင်လျက် အစွမ်းထက်ဆုံးအဆင့် သတ္တမဝိညာဉ်ခန္ဓာအထိ တောက်လျှောက် ဝင်ရောက်လိုက်တော့သည်။
မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၆၄)ခု၏ စွမ်းအားက သူ့ကိုယ်အနှံ့အပြားသို့ စီးဆင်းသွားသဖြင့် သူ့တစ်ကိုယ်လုံး တုန်ရီလာသည်... သူ၏အပြင်အားကိုယ်မှာ တစ်ခါမှ မမြင်တွေ့ဖူးသော အဆင့်သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
သူ၏အပြင်အားကိုယ်၊ သူ၏အရိုးဖွဲ့စည်းပုံ၊ သူ၏အရပ်အမောင်းတို့မှာ ယခုတွင် သာမန်ထက် ပို၍အားကောင်းသန်မာနေပြီဖြစ်သည်။ သူကား တင်ပျဉ်ခွေထိုင်လျက်နှင့်ပင် ယခင်ထက် အရပ်ပိုရှည်နေသည့်တိုင်အောင် ထွားလာခဲ့၏။
သူ့အပြင်အားကိုယ်၏ ကြောက်မက်ဖွယ်ကောင်းပုံက သူ့အား ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ၊ မိစ္ဆာကြီးနှင့် တူနေစေသည်။
သူ၏ရုပ်ရည်သွင်ပြင်မှာ ရက်စက်ကြမ်းကြုတ်နေ၏။ မရေမတွက်နိုင်သော သွေးကြောကြီးများ သူ၏ခန္ဓာကိုယ်အနှံ့အပြားတွင် ဖောင်းကြွနေကာ ဆံပင်များပင်လျှင် ယခင်ထက် ပိုရှည်နေ၏။ သူ ခေါင်းမော့လာသောအခါ သူ၏မျက်လုံးများမှာ မိစ္ဆာစိတ်ဆန္ဒကို ထုတ်လွှတ်နေလေပြီ။ သူ၏လက်သီးတစ်ချက်တည်းဖြင့် .... ကမ္ဘာကြီးကို ကြေမွသွားစေနိုင်သည့်အလားပင်။
မန်ဟိုမှာ သူ၏လက်ရှိအပြင်အားကိုယ်အခြေအနေကို မည်သို့ဖော်ပြရမည်လဲ မသိပေ။ သူက လက်သီးနှစ်ဖက်လုံး ဆုပ်လိုက်ရာ ကြောက်စရာကောင်းလောက်အောင် ပွက်ပွက်ဆူနေသော စွမ်းအားကို ခံစားလိုက်ရလေသည်။ သူ၏လက်ရှိအခြေအနေမှာ ယခင်ထက် အဆများစွာ သာလွန်သည်ကိုတော့ ပြောနိုင်၏။
"ဒါပေမဲ့..." သူက တွေးသည်။ "အပြင်အားကိုယ်က အစွမ်းထက်ပေမယ့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်လောက်တော့ မဟုတ်သေးဘူး...." သူ၏အပြင်အားကိုယ်မှာ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်သော်လည်း အကြောင်းတစ်စုံတရာကြောင့် သူ့မှာ အတားအဆီးတစ်ခုသို့ ရောက်ရှိခဲ့ကြောင်း ခံစားလိုက်ရသည်။
ထိုအတားအဆီးပေါ်ပေါက်လာမှုက သူ့ကို စိတ်ပျော့မသွားစေဘဲ သူ၏မျက်လုံးများ၌ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားစေသည်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အပြင်အားကိုယ် ရရှိနိုင်မည့် အတားအဆီး ....
ထိုအတားအဆီးကို ချိုးဖျက်ပြီးလျှင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအပြင်အားကိုယ်ကို ရရှိသွားပြီး ပထမခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများကို အမှန်တကယ် တန်ပြန်တိုက်ခိုက်နိုင်လိမ့်မည်။ သူကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အတွင်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။
သူ၏ကျင့်ကြံခြင်းအခြေခံမှာတော့ အဆင့်မတက်သွားသော်လည်း သူ၏အပြင်အားကိုယ်မှာ သေချာပေါက် ထိုကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ရမှာ ဖြစ်လေသည်။
"ငါ ချိုးဖျက်နိုင်ရမယ်" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် တွေးသည်။ သူသည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် မျက်လုံးပိတ်လိုက်၏။ ကောင်းကင်နှင့်မြေကြီး၏ မဟာမိစ္ဆာကြီးများက နောက်တစ်ဖန် ၎င်းတို့၏ဝိုးတိုးဝါးတားအလင်းများကို ထုတ်လွှတ်လိုက်ပြန်သည်။
အလင်းတန်း တစ်တန်းပြီးတစ်တန်း မန်ဟို့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်။ ဤတစ်ခေါက်တွင် ၎င်းတို့က သူ၏အရိုးဖွဲ့စည်းပုံကို မမွှေနှောက်သလို၊ သူ၏အသွေးအသားကိုလည်း ခြောက်ကပ်သွားစေခြင်းမရှိပေ။ ထိုအစား ၎င်းတို့က သူ၏ချီနှင့်သွေးကြောတို့အား သေစေနိုင်လောက်အောင် အကြီးအကျယ် ထိခိုက်ပျက်စီးသွားစေ၏။
မန်ဟိုသည် အထူးရုပ်ခန္ဓာကျင့်စဉ် နှင့် တည်ဆောက်ပုံ ပိုင်ဆိုင်ထားသော ကျင်ရှန်းမဟုတ်ပေ။ သူမက သေစေနိုင်သော အသွင်ပြောင်းမှုများကို မသေစေနိုင်သောအရာများအဖြစ် ပြောင်းလဲ၍ မိစ္ဆာအင်မိုတယ်ခန္ဓာမွေးဖွားလာခြင်းမျိုး ကြုံတွေ့နိုင်သည်။
သို့သော် မန်ဟို့တွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် ပတ်သက်လျှင် ကျင်ရှန်းထက် ပို၍ထူးခြားပြီး အံ့ဖွယ်ကောင်းသောအရာ ရှိသည်။ ၎င်းကား မိစ္ဆာအင်မိုတယ်ခန္ဓာနှင့် မလိုက်ဖက်သည့်အပြင် ရန်သူပင် ဖြစ်နေသော လျှို့ဝှက်ပညာရပ်တစ်ခုပင်။
ထိုလျှို့ဝှက်ပညာရပ်သည် ကောင်းကင်နှင့်မြေကြီးတွင် ရှားမှရှားပြီး ၊ လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်ပေါက်လာခဲ့သည်ဟု ခဲယွင်ဟိုင်ဖော်ပြခဲ့သော အရာဖြစ်၏။
မန်ဟို၏ သွေးကြောများ၊ ချီကြောများ ဖျက်စီးခံနေရသည့်အချိန်မှာပင် မကုန်မခမ်းနိုင်သော မှော်သင်္ကေတများက သူ့၏ပတ်ပတ်လည်တွင် လည်ပတ်ကာ သူ၏ခန္ဓာကိုယ်အတွင်း စီးဝင်နေလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏သွေးကြောများ ၊ ချီကြောများ အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားသည်။
ဤသံသရာမှာ သူ၏ခန္ဓာကိုယ်ထဲတွင် နောက်တစ်ဖန် ပြန်လည်လာ၏။ မန်ဟိုမှာ အရိုးဖွဲ့စည်းပုံပျက်စီးခြင်း၊ အသွေးအသားစုတ်ပြဲခြင်းတို့နှင့် အသားကျခဲ့ပြီးဖြစ်သည်။ သို့ဖြစ်၍ ဤခံစားချက်အား သူ ကိုင်တွယ်နိုင်လေသည်။
သူ့ခန္ဓာကိုယ်သာ အတန်ငယ် တုန်ရီသွားတတ်ပြီး မျက်နှာထားကတော့ နည်းနည်းလေးမှ ပြောင်းလဲမသွားပေ။
သွေးကြောများ၊ ချီကြောများ ပြတ်တောက်ပြီး အသစ်ပြန်ဖြစ်ကာ သန်မာလာသဖြင့် ထစ်ချုန်းသံကြီးမှာ သူ့တစ်ကိုယ်လုံး မြည်ဟည်းနေတော့သည်။ သူသည် ပို၍သန်မာလာပြီး သူ၏အပြင်အားကိုယ်မှာ နောက်တစ်ဖန် ပြောင်းလဲခြင်းနှင့် တွေ့ကြုံရနေ၏။
ဝုန်း
သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သွေးများ သူ့ပါးစပ်မှ စီးကျလာသည်။ အတားအဆီးမှာ ဧရာမကြီးအလားပင်။ သူသည် ၎င်းကို တွန်းတိုက်လိုက်သဖြင့် အက်ရာများပေါ်လာသော်လည်း မပြိုကျသေးပေ။
"နောက်တစ်ခေါက်" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် ပြောသည်။ သူသည် ထုတ်နိုင်သမျှ စွမ်းအားအလုံးစုံကို အာရုံစိုက်ပြီး စုစည်းလိုက်၏။ ပတ်ဝန်းကျင်ရှိ မှော်သင်္ကေတများမှာ နည်းပါးလာပြီး မန်ဟို အားအင်စုစည်းနေစဉ် အပြင်ရှိ မိစ္ဆာအင်မိုတယ်စေတီမှာ တုန်ခါလာပြီး မှော်သင်္ကေတများ ထပ်မံ ထုတ်လွှတ်ပေးလိုက်သည်။ စေတီကြီးကိုယ်တိုင်မှာ မည်းမှောင်ပြီး မှေးမှိန်စပြုနေလေပြီ။
မှော်သင်္ကေတများသည် ငွေရောင်မြစ်တစ်စင်းသဖွယ် အတူတူပေါင်းစုရင်း မန်ဟို၏ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းလာကာ ၎င်းအား တုန်ရီနေစေတော့သည်။ မဟာမိစ္ဆာကြီးများထံမှ အလင်းရောင်က သူ၏သွေးကြော၊ ချီကြောများကို ဖျက်စီးနေသည်။ လျှို့ဝှက်ပညာရပ်နှင့် မှော်သင်္ကေတများက ၎င်းတို့ကို ပြန်တည်ဆောက်ရန် စီးဝင်နေသည်။ သူသည် စွမ်းအားများဖြင့် တဟုန်းဟုန်း တောက်လာပြီး နောက်တစ်ဖန် အတားအဆီးကို ဝင်ဆောင့်လိုက်ပြန်သည်။
ဝုန်း
အတားအဆီးမှာ ပြင်းပြင်းထန်ထန် တုန်ခါလာပြီး အက်ရာများ ပိုမိုထူထပ်လာသည်။ ၎င်း ပြိုကျတော့မည့်အချိန်မှာပင် မဟာမိစ္ဆာကြီးများထံမှ အလင်းရောင်က အကန့်အသတ်မဲ့ မှော်သင်္ကေတများနှင့်အတူ မန်ဟို့ခန္ဓာကိုယ်ထဲ စီးဝင်လာလေသည်။
ထစ်ချုန်းသံကြီး မန်ဟို၏ခန္ဓာကိုယ်တွင် ပြည့်နှက်သွား၏။ သူက ခေါင်းမော့ပြီး အသံမဲ့ဟိန်းဟောက်လိုက်သည်။ ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်သည် ကြောက်စရာကောင်းလောက်အောင် ထွားမနေတော့ဘဲ အမြန်ဆုံး ကျုံ့လာနေ၏။ သူကား ယခုတွင် ပိန်ချုံးကြုံလှီနေလေပြီ။
တစ်ချိန်တည်းမှာပင် သူ့ကိုယ်အတွင်းရှိ သွေးကြောများ ၊ ချီကြောများ အကောင်းပကတိပြန်ဖြစ်သွား၏။
မဟာမိစ္ဆာကြီးများမှ အလင်းရောင်သည် ထပ်မံ ဖျက်စီးခြင်းမပြုနိုင်တော့သည့်အပြင် အလွန်နည်းပါးနေပြီဖြစ်သော မှော်သင်္ကေတများမှာလည်း ထပ်မံ အားမဖြည့်ပေးနိုင်တော့ပေ။
အတားအဆီး ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် မန်ဟို၏အပြင်အားကိုယ်ကား လက်ဖျားခါလောက်အောင် ထိုးတက်မြင့်တက်သွားတော့သည်။ သူကား ကမ္ဘာလောကကြီးအား တုန်ဟည်းစေနိုင်လောက်အောင် ပိုပို၍အစွမ်းထက်လာလေပြီ။
သို့ရာတွင် မန်ဟို့ကို မျက်မှောင်ကြုတ်သွားစေသည်မှာ အတားအဆီးကို ကျော်ဖြတ်ပြီးနောက် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်သွားကြောင်း အာရုံမရလိုက်၍ပင်။ ထိုအခြင်းအရာက သူ့အား အတန်ငယ် ဇဝေဇဝါ ဖြစ်သွားစေ၏။
သို့သော် သူ မျက်မှောင်ကြုံနေသည့်အချိန်မှာပင် အာရုံကြီးတစ်ခုက ရုတ်တရက် သူ့ကိုယ်တွင်း၌ ဖြစ်ပေါ်လာသည်။ မန်ဟိုသည် ရုတ်တရက် မိုးမှောင်ကျ၍ လေပြင်းတို့ တိုက်ခတ်ကာ တိမ်များ တဖွေးဖွေး လှုပ်လာစေသော အသွင်ပြောင်းခြင်းကို သတိထားမိလိုက်၏။ ပတ်ဝန်းကျင်ရှိ မြူများ လေပေါ် မြောက်တက်သွားပြီး ဝဲကြီးမှာ လည်နေရာမှ တုံ့ခနဲ ရပ်သွားလေပြီ။
အသွင်ပြောင်းခြင်းက သူ၏အပြင်အားကိုယ်၊ အရိုးဖွဲ့စည်းပုံ၊ အသွေးအသားနှင့် သွေးကြောဆိုသော ကဏ္ဍများ၏ တိုးတက်မှုကြောင့် ဖြစ်ပေါ်လာခြင်းပင်။ သူ့တွင် မိစ္ဆာအင်မိုတယ်ခန္ဓာ၏ အထူးအသွင်အပြင်များ ရှိသည်သာမက အသွေးအသားသိဒ္ဓိတင်ကျင့်စဉ်မှ မွေးဖွားပေးလိုက်သော အပြင်အားကိုယ်၏ ချီနှင့်သွေးလည်း ရှိလေသည်။
ဤသည်မှာ တစ်ခါမှ မမြင်ဖူးသော ဝိရောဓိပေါင်းစည်းမှုဖြစ်၏။ ၎င်းက ... မန်ဟို့မတိုင်ခင် ဘယ်တုန်းကမှ မမြင်ခဲ့ရဖူးသလို၊ နောက်နောင်လည်း ဘယ်တော့မှ မြင်ရမည်မဟုတ်သော အံ့ဖွယ်အသွင်ပြောင်းခြင်းတစ်ခုပင်။
ဤအသွင်ပြောင်းခြင်းသည် သူ၏အပြင်အားကိုယ်တွင်မဟုတ်ဘဲ ဒန်တျန်တွင် ဖြစ်ပျက်သွားခြင်းပင်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူ၏အနုသုခုမရုပ်ခန္ဓာခုနစ်ခု၏ဘေး၌ ... လူပုံသဏ္ဌာန် ချီနှင့်သွေးအပျစ်အခဲပေါ်လာသည်။
သူ၏အပြင်အားကိုယ်သည် ဤမျှမယုံကြည်နိုင်ဖွယ်စွမ်းအား၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သောကြောင့်.... ချီနှင့်သွေး အနုသုခုမရုပ်ခန္ဓာတစ်ခုအား ဖန်တီးပေးလိုက်လေပြီ။
အနုသုခုမရုပ်ခန္ဓာ ပေါ်လာသောအခါ မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ ချက်ချင်း လှိုင်းများထလာ၏။ သူ၏ဆံပင်များ တလွင့်လွင့် ပျံ့လွင့်သွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ စွမ်းအားဖြင့် ဟုန်းခနဲ ပေါက်ကွဲလာသည်။ ဤအခိုက်အတန့်တွင် မန်ဟိုကား ... ရှစ်ခုမြောက်အနုသုခုမရုပ်ခန္ဓာ၏ အငွေ့အသက်များကို အာရုံရလိုက်လေပြီ။
"စိတ်ဝိညာဉ်ခွဲထွက်ခြင်းက .... အဋ္ဌမဝိညာဉ်ခန္ဓာထဲမှာကိုး" သူက ဉာဏ်အလင်းပွင့်သွားသဖြင့် ဟောဟဲလှိုက်နေလျက် တွေးလိုက်သည်။
ထိုစဉ် ....
အဘိုးကြီးတစ်ဦးသည် သတ္တမတောင်ခြေမှ တဟုန်ထိုး ပျံသန်းလာပြီး မန်ဟိုနှင့်ကျင်ရှန်း ရှိနေသည့် တားမြစ်ဇုန်အနား ချဉ်းကပ်လာသည်။
အဘိုးကြီးက ရပ်လိုက်ပြီး သွေးအေးသော မျက်လုံးများဖြင့် မော့ကြည့်လိုက်၏။
ဤလူကား ခေါင်းဆောင်ကြီးဟုရန်မှတစ်ပါး အခြားမဟုတ်ပေ။
"ဟိုခွေးမသားမန်ဟို အဲ့ဒီအထဲမှာ ရှိနေတာ ခံစားနေရတယ်" သူက တွေးလိုက်သည်။ "သူ့မှာ ငါ့အဖိုးထိုက်ရတနာရှိနေတယ်... ဒါပေမဲ့ အဲ့ရတနာက ကောင်းကင်ရှာဖွေမျိုးနွယ်စုပိုင်တာဆိုတော့ သူ ခိုးသွားရင်တောင်မှ သုံးနိုင်မှာမဟုတ်ဘူး
"ငါ ဒုတိယပြင်ညီမှာတုန်းက အဲ့ရတနာရဲ့လျှို့ဝှက်ချက်နဲ့ပတ်သက်ပြီး အချက်အလက်တွေ ရှာနိုင်ခဲ့တယ်..." သူသည် အေးတိအေးစက် ပြုံးရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ သူက ညာလက်ကို မြှောက်၍ သူ့၏ပတ်ပတ်လည်ရှိ မြေကြီးအပေါ်တွင် တားမြစ်မန္တန်များ အလျင်အမြန် စီရင်လိုက်လေသည်။
"မန်ဟို ငါ မင်းကို ဒီနေရာမှာ မြေမြှုပ်ပစ်မယ်။ မင်း ထွက်လာတဲ့အထိ ငါဒီမှာစောင့်ပြီးတော့ မင်းထွက်လာတာနဲ့ မင်း သွေးချောင်းစီးစေရမယ်" သူက အေးစက်စက်ပြုံးရင်း မန္တန်အစီအရင်များ နေရာချပြီးနောက် အသက်ပြင်းပြင်းရှူသွင်းကာ တင်ပျဉ်ခွေထိုင်ချလိုက်လေသည်။
"စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် မရောက်သေးတာတောင် မင်းက ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ။ တတိယပြင်ညီမှာ မိစ္ဆာအင်မိုတယ်ဂိုဏ်းက ကိုယ်ပိုင်ပစ္စည်းအသုံးပြုခွင့် ပိတ်ပင်ထားတယ်။ မင်းရဲ့ သွေးခွေးကြီး ထွက်လာနိုင်မှာမဟုတ်တော့ မင်းအနေနဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်စွမ်းအားကို ငှားမသုံးနိုင်ဘူး
"မင်းတော့ သေပြီပဲ" သတ်ဖြတ်လိုစိတ်များက ခေါင်းဆောင်ကြီးဟုရန်၏မျက်လုံးထဲတွင် တောက်ပနေ၏။
"ငါ မင်းကို သတ်မယ်။ ပြီးရင် မင်းရဲ့ ရွှေကျီးကန်းမျိုးနွယ်စုကို မင်းနဲ့အတူ မြှုပ်ပေးမယ်"
***