ကြိုးပြတ်သွားသော စွန်ငယ်ပမာ
Vol. 44 Ch. 604
မန်ဟိုက မျက်လုံးများက ပိတ်လိုက်ပြီး တခဏကြာသော် ပြန်ဖွင့်လိုက်သည်။ ထူးဆန်းသော အလင်းရောင်တစ်ခုအား ၎င်းတို့အထဲတွင် မြင်ရနိုင်၏။ သူသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလျက် မျက်နှာဖြူဖပ်ဖြူလျော်နှင့် ထိုင်နေသော ကျင်ရှန်းကို လှမ်းကြည့်လိုက်လေသည်။
သူမမှာ အရေးကြီးသောအခိုက်အတန့်သို့ ရောက်နေခဲ့ပြီဖြစ်ကြောင်း သိသာသည်။
မန်ဟိုက အကြည့်လွှဲပြီး ထရပ်လိုက်၏။ သူသည် ကန်ထဲမှ ထွက်၍ မြူများကို ဖြတ်ကာ အပြင်လောကသို့ ထွက်လာခဲ့သည်။
သူ ထွက်သွားသဖြင့် ကျင်ရှန်းအပေါ် သက်ရောက်နေသော ဖိအားတိုးသွားလေသည်။ စောစောတုန်းက မဟာမိစ္ဆာကြီးများ၏ ပုံသဏ္ဍာန်မဲ့အလင်းရောင်သည် သူမနှင့်မန်ဟိုအကြား မျှဝေနေခဲ့သော်လည်း ယခုတွင်တော့ အကုန်လုံး သူမအပေါ် စုပြုံကျရောက်နေလေပြီ။
တကယ်တမ်း သူမအတွက် မန်ဟိုနှင့်ဆုံရသည်မှာ အတိုင်းထက်အလွန် ကံကောင်းခြင်းဖြစ်သည်။ သူသာ ဒုက္ခကူမခံပေးလျှင် သူမအနေဖြင့် တစ်ယောက်တည်း ခံနိုင်ရည်ရှိလောက်မည် မဟုတ်ပေ။ မိစ္ဆာအင်မိုတယ်ကိုယ်ကို မရရှိမည့်အပြင် အသက်အန္တရာယ်လည်း စိုးရိမ်ခဲ့ရပေမည်။
ထိုအခြင်းအရာက မန်ဟိုနှင့်ပတ်သက်ပြီး သူမ ကြိုတင်အကွက်ချထားသော အစီအစဉ်အထဲလည်း မပါဝင်ခဲ့။ ယခုအတိုင်း ဖြစ်ပျက်လိမ့်မည်ဟူ၍လည်း သူမ တစ်ခါမှ မခန့်မှန့်ထားခဲ့ဖူးပေ။ သူမသည် ထိုနှစ်တွေတုန်းက အသက်ရှင်ကျန်ရစ်သူများဖြင့် စတင်တည်ထောင်ခဲ့သော မိစ္ဆာအင်မိုတယ်ဂိုဏ်းသားမဟုတ်ပါလော။ ရှေးဟောင်းမိစ္ဆာအင်မိုတယ်ဂိုဏ်း၏ တားမြစ်နယ်မြေများနှင့် စပ်လျဉ်းပြီး သူတို့နားလည်ထားသည်မှာ တစ်ရာရာခိုင်နှုန်း မပြည့်စုံပေ။ အချိန်၏တိုက်စားမှုနှင့် ဖြစ်ပွားခဲ့သော ပြောင်းလဲမှုအလုံးစုံကို ထည့်ပေါင်းလျှင် နှိုက်နှိုက်ချွတ်ချွတ် သိရန် မဖြစ်နိုင်။
မန်ဟိုသည် ရေကန်ထဲမှ ထွက်ပြီး အပြင်လောကတွင် ရပ်လိုက်၏။ သူသည် ပိန်ပိန်သွယ်သွယ်ဖြစ်ပြီး သူ့အသားအရေမှာ တစ်ချိန်တုန်းကလို မမည်းတော့ပေ။ ၎င်းမှာ ဖြူဖွေးပြီး ကြည်လဲ့နေသဖြင့် သူ့အား သန့်သန့်ပြန့်ပြန့်၊ ရည်ရည်မွန်မွန်ပုံစံ ပေါက်စေ၏။ သူ၏စာပေသမားဆန်သော အငွေ့အသက်မှာလည်း ယခင်ထက်ပို၍ သိသာထင်ရှားလာတော့သည်။
သူသည် သိုလှောင်အိတ်ကို ပုတ်၍ အစိမ်းရောင်ဝတ်ရုံရှည်ကို ထုတ်ဝတ်လိုက်သည်။ ယခုတွင် ယခင်နှင့် လုံးဝတခြားစီ ဖြစ်သွားတော့၏။
သူ့မှာ ပို၍ပင် ခန့်ညားလာပြီး သဘာဝဆန်ဆန် တင့်တယ်နေသည့်အပြင် နုပျိုနေလေသည်။ သို့သော် သူ၏မျက်ဝန်းအနက်ရှိုင်းဆုံးထဲတွင်တော့ ရှေးဆန်မှုက မှိန်ပျပျ လင်းလက်နေ၏။
အချိန်အတော်လေးကြာသော် သူက မျက်လုံးများပိတ်ပြီး ဒန်တျန်နှင့် ရှစ်ခုမြောက်အနုသုခုမရုပ်ခန္ဓာကို အာရုံစိုက်လိုက်သည်။
ချီနှင့်သွေး အနုသုခုမရုပ်ခန္ဓာ။
တခဏကြာသော် သူ၏မျက်လုံးများ ပွင့်လာပြီး အနုသုခုမရုပ်ခန္ဓာရှစ်ခုကို ဖြေးဖြေးချင်း ပေါင်းစည်းလိုက်သည်။ စမ်းကြည့်ရုံလေးသာ ဖြစ်သော်လည်း အထဲတွင် လျှပ်စီးတန်းများ ဗြောင်းဆန်သွားသည့်အလား သူ၏စိတ်မှာ တုန်ခါသွားလေသည်။ ဖော်ပြ၍မတတ်နိုင်လောက်အောင် အစွမ်းထက်သော ကျင့်ကြံခြင်းအခြေခံနှင့် ကြောက်မက်ဖွယ် အပြင်အားကိုယ်တစ်ခု ပေါ်ပေါက်လာ၏။
ထိုမျှသာမက .... သူ၏နတ်ဘုရားအာရုံလည်း အကွာအဝေးကျယ်ပြန့်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
"ဟင်" မန်ဟိုက ပြောသည်။ သူ ပထမဆုံး သတိပြုမိသည့်အရာမှာ တားမြစ်ဇုန်အတွင်းပိုင်းထဲ၌ ထူးဆန်းသောလှိုင်းဂယက်များ ထုတ်လွှတ်နေသည့်အရာတစ်ခုကိုပင်။ အဆိုပါလှိုင်းများကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ပြန်ကန်အား ဖြာထွက်လာရာ သူ၏နတ်ဘုရားအာရုံမှာ ကွဲကြေသွားရလေသည်။
ကျန်နေရာများမှာမူ စစ်ပွဲအတောအတွင်း ဖျက်စီးခံခဲ့ရသော နေရာများဖြစ်သည်။
တစ်ချိန်တည်းမှာပင် မန်ဟို၏နတ်ဘုရားအာရုံသည် တားမြစ်ဇုန်၏အပြင်ရှိ လူတစ်ယောက်ကို သတိထားမိလိုက်၏.... သူ့ကို မြင်သည်နှင့်တစ်ပြိုင်နက် မန်ဟို့မျက်လုံးများကား အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် မီးဝင်းဝင်းတောက်သွားလေပြီ။
"ငါ့ကို အလစ်တိုက်ဖို့ စောင့်နေတယ်ပေါ့လေ ဟမ်" မန်ဟိုက တွေးလိုက်သည်။ သူ၏မျက်လုံးများ တောက်ပသွားပြီး အပြုံးတစ်ခု သူ၏မျက်နှာပေါ်တွင် ဖြစ်ထွန်းသွား၏။ အပြုံးသည် လှောင်ပြုံးတစ်ခုဖြစ်ပြီး ဖုံးကွယ်မရသော သွေးအေးမှုနှင့် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသည်။
မန်ဟိုက အသတ်အဖြတ်စိတ်ဆန္ဒတို့အား ထုတ်ဖော်ထားလျက် ကျင်ရှန်းကို ပြန်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်မှာ အန္တရာယ်ကင်းပြီး ကျင်ရှန်းမှာ ကူးပြောင်းနေဆဲခုလတ်တွင် ဖြစ်သည်။ ဘယ်သူမှ သူမကို နှောင့်ယှက်မည်မဟုတ်ပေ။ မန်ဟိုက နတ်ဘုရားအာရုံဖြင့် ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် လွှမ်းခြုံစစ်ဆေးပြီးနောက် ခေါင်းဆောင်ကြီးဟုရန်ဘက် လှည့်ထွက်သွားသည်။ သူတို့နှစ်ယောက်ကြားရှိ ကံကြွေးကို ချေရမည့်အချိန် ကျရောက်လာပြီဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင် သူသည် လျှောက်နေရာမှ တုံ့ခနဲ ရပ်ပြီး တားမြစ်ဇုန်အနက်ပိုင်းထဲ ဝင်ရောက်သွား၏။
သူသည် ပတ်ဝန်းကျင်ကို နတ်ဘုရားအာရုံဖြင့် နှစ်ကြိမ် လွှမ်းခြုံစစ်ဆေးကြည့်ခဲ့ပြီး နတ်ဘုရားအာရုံ နှစ်ကြိမ်လုံး ကွဲကြေသွားသည့်နေရာမှာ တစ်နေရာတည်းဖြစ်သည်။ ထိုနေရာတွင် တည်ရှိနေသောအရာနှင့်ပတ်သက်ပြီး သဲလွန်စအနည်းငယ်ပင် ရယူရန် မဖြစ်နိုင်ပေ။ သူ မြင်ရသည့် တစ်ခုတည်းသောအရာမှာ မှုန်မွှားဝေဝါးနေမှုသာ ဖြစ်ပြီး အလောင်းတစ်လောင်း ဖြစ်ဟန်တူသည်။
သူ၏မျက်လုံးများ တဖျပ်ဖျပ် လက်လာပြီး ခေါင်းဆောင်ကြီးဟုရန်နှင့် တိုက်ခိုက်ရန် စိတ်မဝင်စားတော့ပေ။ ထိုအစား ချာခနဲ လှည့်ပြီး တားမြစ်နယ်မြေအနက်ပိုင်းထဲသို့ ဦးတည်သွားလေသည်။ သူသည် ကျင်ရှန်းကို စောင့်ရှောက်ပေးမည်ဟု ကတိပေးထားသည်မဟုတ်ပါလော။ ထို့ကြောင့် ပတ်ဝန်းကျင်တွင် အန္တရာယ်မရှိကြောင်း သေချာအောင် စစ်ဆေးမှ ဖြစ်ပေမည်။
မန်ဟို့အတွက် သူ၏နတ်ဘုရားအာရုံ ကွဲကြေသွားသောနေရာသို့ ရောက်ရန် သိပ်မကြာလိုက်ပေ။ ဤနေရာတွင် ကျောက်ဆောင်တစ်ခုရှိပြီး ကျောက်ဆောင်၏အောက်တွင်ကား အလောင်းတစ်လောင်း။
အလောင်းမှာ အမျိုးသမီးဖြစ်ပြီး လက်ထဲတွင် သစ်သားဓားတစ်လက်ကို ကိုင်ထားသည်။
ဓားသည် မှိန်ဖျော့ဖျော့ အလင်းရောင် ထုတ်လွှတ်နေပြီး သူ၏နတ်ဘုရားအာရုံ ကွဲကြေသွားရသော အကြောင်းရင်းပင်။ အမှန်တွင် ကွဲကြေသွားသည် ဆိုသည်ထက် စုပ်ယူခံလိုက်ရသည်ဟု ဆိုလျှင် ပိုသင့်တော်သည်။
မန်ဟိုမှာ သစ်သားဓားကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်ကိုယ်လုံး တုန်ရီသွားလေသည်။ ၎င်းက သူ၏နွေဦးနှင့်ဆောင်းဦးသစ်ပင်သားဓားများထဲက မဟုတ်ဘဲ အလောင်းတစ်လောင်းဘေးတွင် အမြဲ မြင်တွေ့ရလေ့ရှိသည့် .... အင်မိုတယ်ဇီဝိန်ချုပ်ဓားတစ်လက်ပင်။
လောလောဆယ်တွင် သူ့၌ အင်မိုတယ်ဇီဝိန်ချုပ်ဓားလေးလက်ရှိပြီး ယခုကြည့်နေသည်မှာတော့ ငါးလက်မြောက် ဖြစ်၏။
သူသည် မျက်လုံးများ တဖျပ်ဖျပ် လက်လျက် အလောင်းကို အကြာကြီး စိုက်ကြည့်နေသည်။ သို့သော် ၎င်းမှာ မမှတ်မိနိုင်လောက်အောင် ပုပ်သိုးဆွေးမြည့်နေပြီဖြစ်၍ မည်သူ့အလောင်းလဲ ပြောရခက်လေသည်။
မန်ဟိုက ညာလက်ဖြင့် ဖမ်းဆုပ်သည့်လှုပ်ရှားမှုကို တိတ်ဆိတ်စွာ လုပ်လိုက်ရာ သစ်သားဓားတစ်လက် သူ့အရှေ့တွင် ပျံဝဲလာသည်။ သူသည် အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ပြီးနောက် မြေကြီးပေါ် ခြေဆောင့်လိုက်သဖြင့် ကျင်းနက်ကြီးတစ်ကျင်း ပေါ်လာသည်။
အမျိုးသမီး၏အလောင်းအား အထဲတွင် နေရာချပြီးနောက် မန်ဟိုက လက်နှစ်ဖက်ယှက်ကာ အုတ်ဂူအား လေးလေးနက်နက် အရိုအသေပေးလိုက်သည်။ ထို့နောက် သူသည် လှည့်၍ နတ်ဘုရားအာရုံကို နောက်တစ်ဖန် ဖြန့်ကျက်လိုက်၏။ ဤတစ်ခေါက်တွင် ထူးဆန်းသည့်အရာတစ်ခုမှ သတိမထားမိတော့ပေ။ သူ၏ခန္ဓာကိုယ်က ဖျတ်ခနဲ အလင်းတန်းတစ်တန်း အသွင်ပြောင်းကာ တားမြစ်ဇုန်မှ ထွက်သွားလေပြီ။
"ဟုရန်ယွင်မင်း ၊ မင်းနဲ့ငါ ကြားက ရန်ကြွေးကို ချေဖို့ အချိန်ကျပြီ" သူသည် အမြင်ဆုံးအရှိန်ဖြင့် ရွေ့လျားနေစဉ် အသတ်အဖြတ်စိတ်ဆန္ဒ ပြည့်နှက်နေသော မျက်လုံးများဖြင့် တွေးလိုက်သည်။ "ငါ့ရဲ့ အဋ္ဌမဝိညာဉ်ခန္ဓာက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကို သုတ်သင်နိုင်မလား၊ မသုတ်သင်နိုင်ဘူးလား သိရဖို့ သူ့ကို အသုံးချရမယ်"
သူက လျှပ်စီးတန်းသဖွယ် လေကို ခွင်းသွားလေသည်။ ပထမဝိညာဉ်ခန္ဓာမှာပင်လျှင် သူ၏အပြင်အားကိုယ်သည် သတ္တမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်ထားခဲ့သည်ထက်ပင် ကြောက်စရာကောင်းနေလေပြီ။ သူ ရှေ့သို့ တဟုန်ထိုးသွားနေစဉ် လေထုသည် ကွဲကြေသွားပြီး ထစ်ချုန်းသံများ ဆူညံနေတော့သည်။
ထစ်ချုန်းသံများမှာ ကောင်းကင်နှင့်မြေကြီးကို တသိမ့်သိမ့် တုန်ခါနေစေသည့်တိုင်အောင် ပြင်းထန်လာလေသည်။ ထိုအသံကြီး တားမြစ်ဇုန်အပြင်သို့ ရောက်သောအခါ ခေါင်းဆောင်ကြီးဟုရန်မှာ ၎င်းကို ကြားပြီး မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။ ဤအခိုက်အတန့်တွင် မန်ဟို ပေါ်လာသည်ကို သူ မြင်လိုက်၏။
"မန်ဟို" သူက လူယုတ်မာပြုံးပြုံးရင်း ပြောသည်။ သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ မုဒြာလက်ကွက်ဖော်ကာ ရှေ့သို့ ညွှန်လိုက်သည်။
မန်ဟိုက မပြောင်းလဲသောမျက်နှာထားဖြင့် ရှေ့ဆက်လျှောက်လာသည်။ သူက ခေါင်းဆောင်ကြီးဟုရန်၏ မန္တန်ဝင်္ကပါထဲသို့ တန်းတန်းမတ်မတ် ထိုးဖောက်ဝင်ရောက်လာသဖြင့် အနက်ရောင်အရိပ်အမြောက်အမြား ချက်ချင်း ပေါ်လာပြီး သူ့ကို ခုန်အုပ်လိုက်ကြသည်။
ဤအရိပ်တစ်ခုစီ၌ တုန်လှုပ်ဖွယ်စွမ်းအားတစ်ရပ်ကို ခပ်ရေးရေး အာရုံရနိုင်လေသည်။ သို့သော် ၎င်းတို့ မန်ဟိုအနားချဉ်းကပ်လာစဉ် သူ၏အမူအရာမှာ နည်းနည်းလေးမှ ပြောင်းလဲမသွားပေ။ သူက ရှေ့ဆက်လျှောက်လာကာ ထစ်ချုန်းသံအကျယ်ကြီး မြည်ဟည်းသွားစေသည်။ အရိပ်များ သူ့ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏အပြင်အားကိုယ်မှ တန်ပြန်အားက ၎င်းတို့ကို ချက်ချင်း ဖျက်စီးပစ်လိုက်သည်။
သူ ရှေ့ဆက်လျှောက်လာစဉ် ပေါက်ကွဲနေသောအရိပ်များက သူ့ကို ဝန်းရံနေတော့သည်။
ထိုမြင်ကွင်းက ခေါင်းဆောင်ကြီးဟုရန်၏မျက်လုံးများကို အတန်ငယ် ကျဉ်းမြောင်းသွားစေသည်။ သူ့မှာ စိတ်ထဲတွင် တုန်လှုပ်နေသော်လည်း ဒုတိယပြင်ညီရှိ မန်ဟို၏ဘဝကို ပြန်တွေးမိပြီး ရုတ်တရက် စိတ်သက်သာရာ ရသွား၏။ အေးစက်စက်အပြုံးတစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်လာသည်။
"မင်း အခု ငါ့ပိုက်ကွန်ထဲမှာ ပိတ်မိသွားပြီ" သူက ပြောသည်။ "ငါ တိုက်ခိုက်စရာတောင် မလိုဘူး။ မင်း ဖြေးဖြေးချင်း သေသွားမှာကို စောင့်ကြည့်နေရုံပဲ"
"ဪ ဟုတ်လား" မန်ဟိုက အေးတိအေးစက် ပြန်ဖြေလေသည်။ သူ ရှေ့ဆက်လျှောက်လာစဉ် သူ၏ပတ်ဝန်းကျင်မှာ တဂျိန်းဂျိန်း ထစ်ချုန်းသွားပြီး မရေမတွက်နိုင်သော ပုံရိပ်ယောင်ဓားသွားများ ပေါ်လာလေသည်။ ၎င်းတို့၏ထိပ်ချွန်ချွန်များက လေကိုခွင်းလျက် မန်ဟို့ကို ခုတ်ပိုင်းလိုက်ကြ၏။
အပေါ်ရှိ လေအလယ်တွင် မရေမတွက်နိုင်သော မိုးကြိုးတန်းများ ပေါ်လာသည်။ ၎င်းတို့မှာ ငွေရောင်မြွေများသဖွယ် ပြိုးပြိုးပြက်ပြက် လက်လျက် သူ့ဆီ ပြေးဝင်လာကြသည်။
တဂျိန်းဂျိန်း ထစ်ချုန်းပေါက်ကွဲသံများ လေတွင် ဆူညံပွက်လောရိုက်နေစဉ် မန်ဟိုက တစ်ချက်မှ မရပ်ဘဲ ရှေ့ဆက်လျှောက်လာသည်။ မန္တန်ဝင်္ကပါထဲရှိ တားမြစ်မန္တန်များမှာ သူ့ကို ထိလိုက်သည်နှင့် ပျက်စီးသွားကြရသည်သာ။
ဤအခြင်းအရာက ခေါင်းဆောင်ကြီးဟုရန်၏မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။ သို့သော် သူ ဘာမှမတုံ့ပြန်နိုင်ခင် မန်ဟို၏မျက်လုံးများ လင်းလက်သွားပြီး သူ၏အမြန်နှုန်းမှာ လျင်မြန်စွာ မြင့်တက်သွားတော့သည်။ သူသည် မြေပြင်ကို ဖြတ်၍ ခေါင်းဆောင်ကြီးဟုရန်ထံ တဟုန်ထိုး ဦးတည်လာသော အလင်းတန်းတစ်တန်း ဖြစ်သွားလေသည်။
တဂျိန်းဂျိန်း မြည်ဟည်းသံများက မိုးထိညံနေ၏။ တားမြစ်မန္တန်များနှင့် မန္တန်ဝင်္ကပါများမှာ ဓားများဖြင့် ပါးပါးလှီးခံနေရသည့်အလား မချိတင်ကဲ အော်ဟစ်နေကြသယောင်ပင်။ ထို့နောက် ၎င်းတို့ကား အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားကြပြီး မန်ဟိုသည် ခေါင်းဆောင်ကြီးဟုရန်၏အရှေ့တွင် ရပ်နေလေပြီ။
"မင်းကို လိုက်ရှာရမယ် ထင်နေတာ" မန်ဟိုက ပြောသည်။ "မင်းခြေထောက်နဲ့မင်း ငါ့ဆီ လာလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး။ ဒီတိုက်ပွဲက လက်ချောင်းတိုက်ကွက် (၈)ချက်ပဲ ခံလိမ့်မယ်" ထိုသို့ပြောပြီး သူက လက်မြှောက်၍ လက်ချောင်းတစ်ချောင်း ဝှေ့ယမ်းလိုက်သည်။
ပုံရိပ်ယောင်တောင်တစ်လုံး မန်ဟို့ လက်ချောင်းထိပ်တွင် ပေါ်လာ၏။ ဤသည်မှာ လက်ချောင်းလေးတစ်ချောင်း၏ စွမ်းအားသာ ဖြစ်သော်လည်း စွမ်းအားမှာ တောင်ကြီးတစ်လုံး၏အင်အားနှင့် တူလေသည်။
ဝုန်း
ခေါင်းဆောင်ကြီးဟုရန် မျက်နှာပျက်သွားသည်။ သူက ကာကွယ်ရန် ဘယ်လက်ကို ဝှေ့ယမ်းလိုက်ပြီး တိုက်ကွက်က သူ့ကို ဝင်တိုက်လိုက်သောအခါ မျက်နှာဖြူဖပ်ဖြူလျော်နှင့် နောက်လွင့်ထွက်သွားလေသည်။ သူသည် အသတ်အဖြတ်စိတ်ဆန္ဒတို့ မျက်လုံးထဲတွင် တဖျပ်ဖျပ် လက်နေလျက် ညာလက်ကို အရှေ့တွင် ဝှေ့ယမ်းလိုက်၏။
"ဧရိယာ"
"ဒုတိယဝိညာဉ်ခန္ဓာ"
ခေါင်းဆောင်ကြီးဟုရန်၏ ဧရိယာက ပတ်ဝန်းကျင်ရှိ အရာအားလုံးအား သံကြိုးများဖြင့်အလား ချုပ်နှောင်လိုက်လေသည်။ ပြင်းထန်သောဖိအားကြီးတစ်ခု သက်ရောက်လာပြီး အရာအားလုံး နှေးကွေးသွား၏။ အကုန်လုံး ရေအောက်ထဲ ရောက်သွားသည်နှင့် တူသည်။ သို့သော် ထိုအခိုက်အတန့်မှာပင် မန်ဟိုက ဒုတိယဝိညာဉ်ခန္ဓာ၏စွမ်းအားကို ထုတ်ဖော်လိုက်လေပြီ။ ကျင့်ကြံအဆင့်တက်ခြင်းဆိုသည်မှာ အရေးအကြီးဆုံးဖြစ်သော အပြင်အားကိုယ်၏ ခွန်အားနှင့်ယှဉ်လျှင် ဒုတိယသာ ဖြစ်၏။
မန်ဟိုက ဧရိယာ၏ ချုပ်နှောင်မှုကို ဖောက်ထွက်လာသည်။ ဧရိယာမှ လုံးဝဥဿုံ အရေးနိမ့်သွားသဖြင့် မှန်ကွဲသံကဲ့သို့ ခလက်ခလက်အသံများ ထွက်လာသည်။
ဤအရေးနိမ့်သွားမှုက ခေါင်းဆောင်ကြီးဟုရန်ကို မယုံနိုင်လုနီးပါး ဖြစ်သွားစေသည်။ ယခင်က မန်ဟိုသည် သူ၏ဧရိယာကို ရင်ဆိုင်ရန် အစွမ်းအစမရှိခဲ့သော်လည်း ယခုတော့ ၎င်းမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့လေပြီ။
အသက်တစ်ရှိုက်ကြာသော် မန်ဟိုက ခေါင်းဆောင်ကြီးဟုရန်၏အရှေ့တည့်တည့်သို့ ရောက်နေပြီဖြစ်သည်။
"ဒီမှာ လက်ချောင်းတိုက်ကွက် နှစ်" သူက ပြောသည်။ ဒုတိယဝိညာဉ်ခန္ဓာ၏စွမ်းအားကို အားပြု၍ သူက လက်ချောင်းကို အောက်သို့ ဝှေ့ယမ်းလိုက်လေသည်။ ခေါင်းဆောင်ကြီးဟုရန်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ချက်ချင်းပင် အမည်းရောင်အခိုးအငွေ့များ သူ၏ခန္ဓာကိုယ်အပေါ်တွင် တထောင်းထောင်းထလာကာ မန်ဟို့လက်ချောင်းတိုက်ကွက်ကို ခုခံလိုက်သော အနက်ရောင်အကာအကွယ်တစ်ခုအဖြစ် စုပေါင်းသွားသည်။
ဒိုင်းကား ခလွမ်းခနဲ ကွဲကြေသွား၏။ မန်ဟို့လက်ချောင်းက ခေါင်းဆောင်ကြီးဟုရန်၏ရင်ဘတ်အပေါ်တည့်တည့်သို့ ကျရောက်လာသည်။
ခေါင်းဆောင်ကြီးဟုရန် နောက်သို့ ဒလိမ်ပခေါက်ခွေး လွင့်ထွက်သွားစဉ် သူ၏မျက်နှာမှာ အံ့ဩတုန်လှုပ်မှုတို့ ပြည့်နှက်နေတော့သည်။ သူ၏စိတ်မှာ ချာချာလည်နေသော်လည်း စဉ်းစားနေဖို့အတွက် အချိန်မရှိကြောင်း သိလေသည်။ သူ၏ ဆံပင်များက လေတွင် တလွင့်လွင့် ပျံ့လွင့်နေလျက်ရှိပြီး သူက မုဒြာလက်ကွက်တစ်ကွက် ထပ်ဖော်လိုက်သည်။ ထို့နောက် ခေါင်းမော့ပြီး အော်လိုက်၏။
"စိတ်ခံစားချက်ခုနစ်မျိုးနှင့် အာရုံခြောက်ပါး ။ (၁၃)မျိုး ဝိညာဉ်ကူးပြောင်းခြင်းတာအို။ စိတ်ခံစားချက်ခုနစ်မျိုး။ တာအိုခုနစ်ခု" ချက်ချင်းပင် အလင်းတန်းတစ်တန်း သူ၏ခန္ဓာကိုယ်မှ ထွက်လာပြီး လေပေါ် ထိုးတက်သွား၏။ ထိုနေရာတွင် ၎င်းက ပိုးခြည်လိပ်များ ပြေကျလာသည့်နှယ် မတူညီသောအလင်းတန်းခုနစ်တန်းအဖြစ် ကွဲထွက်သွား၏။ ၎င်းတို့က အသတ်အဖြတ်စိတ်ဆန္ဒများ ထုတ်ဖော်လျက် မန်ဟို့ဆီ ပြေးဝင်လာကြသည်။
အနီးကပ်ကြည့်လျှင် ထိုအလင်းတန်းခုနစ်တန်း၏ တစ်တန်းစီထဲတွင် အံ့ဩဖွယ်ကောင်းစွာနှင့်.... အနုသုခုမရုပ်ခန္ဓာသဖွယ် မကောင်းဆိုးဝါးစိတ်ဝိညာဉ်တစ်ကောင်စီရှိကြောင်း မြင်ရပေမည်။ ဤအကောင်များမှာ တစ်ကောင်နှင့်တစ်ကောင် တစ်နည်းနည်းဖြင့် ဆက်စပ်နေသည့်အလား ရုပ်ချင်းဆင်တူကြလေသည်။
"တတိယဝိညာဉ်ခန္ဓာ" မန်ဟိုက ခေါင်းကိုခါရမ်းရင်း အေးတိအေးစက် ပြောသည်။ ချက်ချင်းပင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ တဟုန်ထိုးတက်သွား၏။ သို့သော် သူ၏အပြင်အားကိုယ်စွမ်းအားမှာ ကျင့်ကြံခြင်းအခြေခံထက် သာလွန်လေသည်။ ၎င်းက ယခင်ကဲ့သို့ ပြန့်ကားကြီးထွားမလာခဲ့ဘဲ ပြိုင်ဘက်ကင်းသော စွမ်းအားကြီး၏ ကြောက်မက်ဖွယ်လှိုင်းဂယက်များကို ထုတ်လွှတ်နေ၏။
မန်ဟိုက နောက်တစ်လှမ်း လှမ်းလိုက်သည်။ သူသည် လာနေသော အလင်းတန်းခုနစ်တန်းကို စောင့်ကြည့်နေပြီး ၎င်းတို့အား သူ့ခန္ဓာကိုယ်ကို ဝင်ဆောင့်ခွင့်ပြုလိုက်သည်။ ထိုအခိုက်အတန့်တွင် အုန်းခနဲ ထစ်ချုန်းသံကြီးက မိုးထိညံသွား၏။ အလင်းတန်းခုနစ်တန်းမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပြီး အတွင်းထဲရှိ မကောင်းဆိုးဝါးစိတ်ဝိညာဉ်များမှာ မချိတင်ကဲ အော်ဟစ်ကာ နောက်သို့ လွင့်ထွက်သွားကြတော့သည်။ မန်ဟိုက နောက်တစ်လှမ်းလှမ်းကာ .... ခေါင်းဆောင်ကြီးဟုရန်၏ အရှေ့တည့်တည့်တွင် နောက်တစ်ဖန် ပြန်ပေါ်လာ၏။
"လက်ချောင်းတိုက်ကွက် သုံး" သူက လက်ချောင်းကို ဝှေ့ယမ်းရင်း ပြောသည်။
ခေါင်းဆောင်ကြီးဟုရန်၏ မျက်လုံးများဝိုင်းစက်ပြူးကျယ်သွား၏။ သူက လက်နှစ်ဖက်လုံး မြှောက်လိုက်ရာ တလက်လက်တောက်ပနေသော အကာအကွယ်တစ်ခုက မန်ဟို့ကို ခုခံရန် ပေါ်လာသည်။ ဖောင်းခနဲအသံနှင့်အတူ အကာအကွယ်မှာ ပေါက်ကွဲသွားတော့၏။ ခေါင်းဆောင်ကြီးဟုရန်မှာ ပါးစပ်မှ သွေးများ ပန်းထွက်လျက် ကြိုးပြတ်သွားသော စွန်ငယ်ပမာ နောက်လွင့်ထွက်သွားလေပြီ။ သူ၏မျက်နှာတွင် အံ့ဩထိတ်လန့်မှုတို့က အတိုင်းသား ပေါ်လွင်နေ၏။
"မင်း ... မင်းမှာ ဘာကျင့်ကြံခြင်းအခြေခံအမျိုးအစား ရှိနေတာလဲ"
"မင်းကို သတ်နိုင်တဲ့ အမျိုးအစား" မန်ဟိုက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေသည်။ သူသည် အေးအေးလူလူဖြင့် နောက်တစ်လှမ်းတက်လာ၏။
***