အလင်းတန်းကဲ့သို့ အဟုန်
Vol. 44 Ch. 605
"ငါ့ကို သတ်မယ်ဟုတ်လား။ မင်းတော့ သွေးနားထင်ရောက်နေတာပဲ" ဤသို့ပြောလိုက်သည့်တိုင် စိတ်ထဲတွင်တော့ ခေါင်းဆောင်ကြီးဟုရန်မှာ အမှန်တကယ် တုန်လှုပ်ချောက်ချားနေလေပြီ။ နောက်ဆုတ်သွားရတိုင်း သူ၏မျက်နှာမှာ တင်းမာသထက် တင်းမာလာ၏။ ထို့နောက် သူသည် နတ်ဘုရားစွမ်းရည်တစ်ခု ထုတ်လွှတ်ရန် ပြင်လိုက်သဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံမှာ စွမ်းအားအပြည့်ဖြင့် ပေါ်ထွက်လာတော့သည်။
"သွေးနားထင်ရောက်နေတယ်တဲ့လား။ ငါ သွေးနားထင်ရောက်တာက ဘာနဲ့တူလဲ မင်းကို ပြပေးမယ်" မန်ဟိုက တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြောလေသည်။ "စတုတ္ထဝိညာဉ်ခန္ဓာ"
သူက စတုတ္ထဝိညာဉ်ခန္ဓာသို့ ဝင်ရောက်လိုက်သဖြင့် သူ၏ခန္ဓာကိုယ်မှ ဂျိန်းခနဲ မြည်ဟည်းလာ၏။ သူ၏ကျင့်ကြံခြင်းအခြေခံသည် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ ရှစ်ခုဖြင့် ကျင့်ကြံခြင်းအခြေခံ ဖြစ်သည်။ သူ၏အပြင်အားကိုယ်မှာမူ မူလသတ္တမဝိညာဉ်ခန္ဓာထက် ကျော်လွန်သော ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
မန်ဟို တိုက်ခိုက်ရန် ချီတက်သွားစဉ် သရဲပုံရိပ်များ သူ၏ပတ်ပတ်လည်တွင် မှိုလိုပေါက်လာ၏။ မျက်စိတစ်မှိတ်အတွင်း သူကား ခေါင်းဆောင်ကြီးဟုရန်၏အရှေ့သို့ ရောက်လာလေပြီ။ သူသည် ညာလက်ခလယ်ကို ဝှေ့ယမ်းလိုက်ရာ ၎င်းအား ခေါင်းဆောင်ကြီးဟုရန်၏ မြှောက်ထားသော ညာလက်အပေါ် စိုက်သွားစေသည်။ သူ၏ဘယ်လက်က ခေါင်းဆောင်ကြီးဟုရန်၏ ရင်ဘတ်ကို ဖိချလိုက်၏။
ဝုန်းးး.... ခေါင်းဆောင်ကြီးဟုရန်မှာ ပါးစပ်မှ သွေးများ စီးကျလျက် ကျွမ်းထိုးမှောက်ခုံ လွင့်ထွက်သွားလေသည်။ သူ၏အမူအရာမှာ အံ့ဩမှင်သက်ပြီး လုံးလုံးလျားလျား မယုံနိုင်ဖြစ်နေသယောင်ပင်။ သူ ကြောက်လန့်သွားသည်မှာ မန်ဟို၏ကျင့်ကြံခြင်းအခြေခံမဟုတ်။ အပြင်အားကိုယ်စွမ်းအားဖြစ်သည်။
ထိုမျှ ထိတ်လန့်စရာကောင်းသော အပြင်အားကိုယ်တစ်ကိုယ်သည် သူ၏ စဉ်းစားနိုင်စွမ်းထက် အဆများစွာ ကျော်လွန်ပြီး သူ တစ်ခါမှ မမြင်ခဲ့ဖူးသော အရာလည်း ဖြစ်သည်။
လက်ချောင်းတိုက်ကွက်ကြောင့် ခေါင်းဆောင်ကြီးဟုရန် ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားသည့်အချိန်မှာပင် မန်ဟိုက ရှေ့တက်လာပြန်လေပြီ။
"ပဉ္စမဝိညာဉ်ခန္ဓာ"
သူသည် ယခုတွင် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၁၆)ခုနှင့် ညီမျှသော ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားလေပြီ။ ဂျိန်းခနဲ ထစ်ချုန်းမြည်ဟည်းသံကြီးက သူ့ကို ဝန်းရံနေပြီး သူ၏ရုပ်ပိုင်းသွင်ပြင်၌ မည်သည့်ပြောင်းလဲမှုမှ မရှိသော်လည်း ပုံပျက်လှိုင်းများက သူ၏ပတ်ပတ်လည်ရှိ လေထုထဲတွင် ရိုက်ခတ်နေလေသည်။
ဤသည်မှာ မည်သူ့ကိုမဆို ကြက်သေသေသွားစေနိုင်သော အပြင်အားကိုယ်တစ်ခု ဖြစ်သည်။ ကျင့်ကြံခြင်းအခြေခံနှင့် ပေါင်းစည်းလိုက်လျှင် မန်ဟို့ခြေလှမ်းများက လေထုကို ကွဲကြေစေနိုင်သွား၏။ သူက ငါးချက်မြောက် လက်ညှိုးတိုက်ကွက် ထုတ်ဖော်ရန် ညာလက်ကို မြှောက်ရင်း ခေါင်းဆောင်ကြီးဟုရန်၏အရှေ့တွင် ထပ်ပေါ်လာသည်။
သေစေနိုင်သော အန္တရာယ်အာရုံကြီးက စိုးမိုးရစ်ဝဲလာသဖြင့် ခေါင်းဆောင်ကြီးဟုရန်က ခေါင်းမော့၍ အသားကုန် ဟိန်းဟောက်လိုက်တော့သည်။ သူသည် လျှာကို ပြင်းပြင်းထန်ထန် ကိုက်ချလိုက်ရာ သူ့ပါးစပ်မှ သွေးများပန်းထွက်သွားပြီးနောက် အဘက်ဘက်သို့ ဖြာထွက်သွားသော မှော်သင်္ကေတများ အသွင်ပြောင်းသွားလေ၏။
"စိတ်ခံစားချက်ခုနစ်မျိုးနဲ့ အာရုံခြောက်ပါး။ (၁၃)မျိုး ဝိညာဉ်ကူးပြောင်းခြင်းတာအို (၁၃)မျိုးအသတ်အဖြတ်ပုံစံအဖြစ် ကူးပြောင်းလော့။ ခံစားချက်ဖျက်စီးသုတ်သင်ခြင်းအဖြစ် ....ပေါင်းစည်းလော့" ခေါင်းဆောင်ကြီးဟုရန်အရှေ့ရှိ မှော်သွေးသင်္ကေတများသည် တုန်လှုပ်ဖွယ်ကောင်းစွာနှင့် နတ်ဓားရှည်ပုံဏ္ဌာန် ပေါင်းစည်းစပြုလာ၏။ ၎င်းက တမုဟုတ်ချင်း မန်ဟို့ထံသို့ ပိုင်းချလိုက်သည်။
ထို့နောက်တွင် မန်ဟို၏လက်ချောင်းက သွေးရောင်နတ်ဓားရှည်အား ဝင်တိုက်သွားပြီး အလွန်ကျယ်လောင်သော ပေါက်ကွဲမှုကြီး တလိပ်လိပ် ရိုက်ခတ်သွား၏။ ဓားရှည်မှာ တခဏ တုန်ခါသွားပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲကာ သုံး၍မရအောင် ပျက်စီးသွားတော့သည်။ မန်ဟို့လက်ချောင်းမှာမူ ခေါင်းဆောင်ကြီးဟုရန်၏ ရင်ဘတ်အပေါ်သို့ ထိလိုက်သည့်တိုင်အောင် ဆက်တိုက်ကျဆင်းသွားခဲ့လေသည်။
ခေါင်းဆောင်ကြီးဟုရန်၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့ရင်ဘတ်မှာ သွေးတို့ရွှဲလျက် စုပ်ပြတ်သပ်သွား၏။ သူ အမြင့်ဆုံးအရှိန်ဖြင့် နောက်ဆုတ်လိုက်စဉ် သူ၏ခန္ဓာကိုယ်မှာ တဂျွတ်ဂျွတ် မြည်နေတော့သည်။ သူ၏မျက်နှာမှာလည်း သွေးဆုပ်ဖြူလျော်နေပြီး သူကား တိုက်ခိုက်ဖို့ အတွေးမှန်သမျှ စွန့်လွှတ်၍ တတ်နိုင်သမျှ မြန်မြန်ပြေးရန်တွင်သာ အားထည့်လိုက်လေပြီ။
သူ့မှာ မန်ဟို၏အပြင်အားကိုယ်ကို သေးထွက်ကျမတတ် ကြောက်နေပြီဖြစ်၏။ ထိုကဲ့သို့ အပြင်အားကိုယ်တစ်ကိုယ်မှာ အဆုံးစွန်အထိ အံ့ဖွယ်ကောင်းကြောင်း နားလည်လိုက်ပြီဖြစ်၍ ၎င်းမှာ သူ့အတွက် ထိတ်လန့်စရာကြီးအဖြစ် ပြောင်းလဲသွားခဲ့လေသည်။ သူ၏နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်များမှာ ၎င်းအား တုန်ရီသွားအောင်ပင် လုပ်နိုင်စွမ်း မရှိပေ။
ခေါင်းဆောင်ကြီးဟုရန် ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်သည့်အခိုက်အတန့်မှာပင် မန်ဟို့အသံသည် နောက်တစ်ဖန် ပျံ့လွင့်လာ၏။
"ဆဋ္ဌမဝိညာဉ်ခန္ဓာ"
ဝုန်း
မန်ဟို့ခန္ဓာကိုယ်သည် ဆဋ္ဌမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်လိုက်သည်နှင့် တုန်ရီသွား၏။ သူက ခေါင်းထောင်ပြီး ဟိန်းဟောက်လိုက်သည်။ သူ့အတွက် ခေါင်းဆောင်ကြီးဟုရန်ကို သတ်ချင်လျှင် မည်သည့်အချိန်မဆို သတ်နိုင်သည်။ သူလုပ်ချင်သည်မှာ သူကိုယ်တိုင် ဖော်ဆောင်ထားသော အဋ္ဌမဝိညာဉ်ခန္ဓာကို စမ်းကြည့်ရန်ပင်။
ဆဋ္ဌမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်လိုက်သည့်အခါ မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ(၃၂)ခု၏ စွမ်းအားမှာ ဘာဆိုဘာမှ မဟုတ်တော့သလောက်ပင်။ အမှန်အကန် တုန်လှုပ်စရာကောင်းသည်မှာ သူ၏အပြင်အားကိုယ်ပင်။ ဆဋ္ဌမဝိညာဉ်ခန္ဓာတွင် သူ၏စွမ်းအားမှာ အမှန်တကယ် ပေါက်ကွဲထွက်လာနေပြီး ဤအခိုက်အတန့်တွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အရှိန်အဝါသည် သူ့ခန္ဓာကိုယ်မှ ဖြေးဖြေးချင်း စီးမျောထွက်စပြုနေပြီဖြစ်၏။
သူ့ပတ်ပတ်လည်ရှိ လေထုမှာ ပုံပျက်ရှံ့တွနေပြီး ပတ်ဝန်းကျင်တွင် မြေသားစိုင်များမှာ နိမ့်လိုက်မြင့်လိုက် ခုန်နေကြလေသည်။ ဒေါသူပုန်ထနေသော မိုးသက်မုန်တိုင်းကြီးသဖွယ် လေဆင်နှာမောင်းကြီးတစ်ခု စတင်ဖြစ်ပေါ်လာသည်။ သို့ရာတွင် လေဆင်နှာမောင်းကြီးမှာ မန်ဟို၏ ဆံပင်လေးတစ်မျှင်ပင် ထောင်တက်လာအောင် မလုပ်နိုင်ပေ။ လေဆင်နှာမောင်းကြီးအတွင်းတွင် မန်ဟိုသာလျှင် မလှုပ်မယှက် ရှိနေ၏။
ခေါင်းဆောင်ကြီးဟုရန်မှာ ဤအခြင်းအရာကို မြင်သည်နှင့် သူ၏ကျင့်ကြံအဆင့်၊ သူ၏အသက်အရွယ်နှင့် သူ၏အာရုံစူးစိုက်နိုင်စွမ်းတို့ကို ဂရုမစိုက်အားတော့ဘဲ အလန့်တကြား ထအော်တော့သည်။ "စိတ်ဝိညာဉ်ခွဲထွက်ခြင်းအပြင်အားကိုယ်။ မဖြစ်နိုင်တာ"
သူ မှတ်မိရသရွေ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအပြင်အားကိုယ်တစ်ကိုယ်သည် ရှေးခေတ်တွင်သာ တည်ရှိခဲ့ဖူးသော ဒဏ္ဍာရီလာအဆင့်တစ်ဆင့်ဖြစ်၏။ ၎င်းသည် နယ်မြေတစ်ခု မပါရှိသည့်အတွက် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ဟုတ်လည်းသလို၊ ဟုတ်လည်း မဟုတ်ပေ။
သို့သော် နယ်မြေတစ်ခုမပါသည့်တိုင် ထိုကဲ့သို့ အပြင်အားကိုယ်သည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ရှိ မည်သူနှင့်မဆို ယှဉ်နိုင်၏။
ထိုလူသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံခြင်းအခြေခံကိုလည်း ပိုင်ဆိုင်ထားလျှင်တော့ မည်သည့်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူမဆို ထိုလူ့အား ..... အိပ်မက်ဆိုးကြီးအဖြစ်သာ သေချာပေါက် မြင်ကြပေလိမ့်မည်။
"ခန္ဓာကိုယ်ကျင့်ကြံခြင်းကို လက်ရှိမျိုးဆက်မှာ သိပ်အာရုံမစိုက်ကြဘူးလေ။ အဲ့ဒီလိုကျင့်စဉ်မျိုးတွေက အတိတ်မှာ ကျန်ခဲ့တာကြာပြီ။ ဒီကောင် .... မိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ ကံကောင်းပြီး ခန္ဓာကိုယ်ကျင့်စဉ်တစ်ခုခု ရသွားတာများလား" ခေါင်းဆောင်ကြီးဟုရန်မှာ ခေါင်းနပန်းကြီးသွားပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသဖြင့် တစ်ချိုးတည်း ထွက်ပြေးတော့သည်။ မန်ဟို၏ မှော်ပညာရပ်တွင် သတ္တမဝိညာဉ်ခန္ဓာရှိကြောင်း သူသိထားပြီးပြီ မဟုတ်ပါလော။
ဤအခိုက်အတန့်တွင် မန်ဟို့ ဆဋ္ဌမဝိညာဉ်ခန္ဓာနှင့်တင် အံ့ဩတုန်လှုပ်ဖွယ် ကောင်းနေလေပြီ။ သတ္တမဝိညာဉ်ခန္ဓာသို့ ပြောင်းလဲလိုက်လျှင်တော့....
ခေါင်းဆောင်ကြီးဟုရန်မှာ ဤနေရာတွင် သက်စွန့်ဆံဖျား အစွမ်းကုန် မတိုက်ခိုက်လိုပေ။ သူ့တွင် လုပ်ဆောင်ရမည့်ကိစ္စများစွာ ရှိနေသေးသောကြောင့် အရှက်ကို မငဲ့နိုင်တော့ဘဲ တစ်ချိုးတည်း ထွက်ပြေးတော့သည်။ သို့ရာတွင် သူမည်မျှမြန်မြန် မန်ဟိုက ... ပိုမြန်သေးသည်။
ဝုန်း
မျက်စိတစ်မှိတ်အတွင်း မန်ဟိုကား ခေါင်းဆောင်ကြီးဟုရန်၏အရှေ့တွင် ပေါ်လာခဲ့လေပြီ။ သူက ဟုရန်ယွင်မင်း၏ လမ်းကို ပိတ်လိုက်သည့်အပြင် ညာလက်ကို မြှောက်ပြီး လက်ချောင်းကို ထပ်မံဝှေ့ယမ်းလိုက်၏။
"ငါတို့ အခုထိ မပြီးသေးဘူးလေ" သူက ပြောသည်။ "မင်း ဘာတွေ စိတ်ပူနေတာတုန်း"
ခေါင်းဆောင်ကြီးဟုရန် မျက်စိမျက်နှာပျက်သွား၏။ သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ဘယ်လက်ညှိုးဖြင့် ညာဘက်မ၊ ညာလက်ညှိုးဖြင့် ဘယ်လက်မကို ထိပြီး လက်ဖဝါးနှစ်ဖက်အား ဆန့်ကျင်ဘက်အရပ်မျက်နှာကိုယ်စီသို့ မျက်နှာမူစေလျက် လက်နှစ်ဖက်မန္တန်ကွက် ဖော်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်လုံးကို မန်ဟို့ထံသို့ ဆန့်ထုတ်လိုက်၏။
သူ ကျင့်ကြံထားသော နယ်မြေနှင့် တစ်ထပ်တည်းကျသော အနားလေးဖက်စတုဂံတစ်ခု ဖြစ်တည်လာသည်။ မျက်နှာပြင်တစ်ဖက်က ကောင်းကင်နှင့်မြေကြီး၊ ကျန်တစ်ဖက်က နှင်ထုတ်ခံရမည့်လူ အဖြစ်ထားလျက် နှင်အားတစ်ရပ် ပေါ်ထွက်လာသည်။
အနားလေးဖက်သည် တလက်လက် တောက်ပနေလျက် လေကိုခွင်းပြီး မန်ဟိုကို ဝန်းရံသွားသည့်တိုင်အောင် ပြန့်ကားလာ၏။
တစ်ချိန်တည်းမှာပင် မယုံနိုင်လောက်အောင် ပြင်းထန်သောနှင်အားတစ်ရပ်မှာ အနားလေးဖက်လုံးတွင် ပြည့်နှက်သွားသယောင်ပင်။ ဤနှင်အားသည် မန်ဟို့ကို တစစီ စုတ်ပြတ်သပ်သွားအောင် ကြိတ်ချေပစ်နိုင်သည်အထိ ပြင်းထန်၏။
"ထွက်သွားးးးးးးးး....."
ထူးဆန်းသောအသံကြီးက မည်သည့်နေရာမှမသိ ထွက်လာပြီး မန်ဟို့နားထဲတွင် မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်နေသည်။ အသံကြီးက အံ့မခန်းလိလိနှင်အားကြီးအား ပို၍ပင် အားကောင်းလာစေပုံပင်။
မန်ဟို့အတွက် ခေါင်းဆောင်ကြီးဟုရန်၏ ဤမှော်ပညာရပ်အား ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းမဟုတ်ပေ။
လောလောဆယ်တွင် သူသည် ဆဋ္ဌမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်ထားပြီး ကြောက်မခန်းလိလိ အပြင်အားကိုယ်စွမ်းအားလည်း ပိုင်ဆိုင်ထားသည်။ သူ၏မျက်လုံးများက ရုတ်တရက် လင်းလက်တောက်ပလာ၏။ သူသည် ပါးစပ်ဖွင့်ပြီး လာနေသော လေးဖက်အနားစတုဂံဆီသို့ ဟိန်းဟောက်လိုက်သည်။
"သွားစမ်း"
အသံက လှိုင်းများသဖွယ် ဖြာထွက်လာကာ ခေါင်းအထက်ရှိ လျှပ်စီးမိုးကြိုးအားလုံးကို ရုတ်ခြည်း ဖိနှိပ်လိုက်သယောင်ပင်။။ ၎င်းသည် တလိပ်လိပ် ရိုက်ခတ်လာရာ လေထဲတွင် အက်ကြောင်းများ ပေါ်လာစေပြီး ထစ်ချုန်းသံများအား အရပ်လေးမျက်နှာတစ်ခွင် ပဲ့တင်ထပ်နေစေတော့သည်။ လာနေသော လေးဖက်အနားပုံသဏ္ဌာန်မှာ တိုက်ရိုက် တစစီပေါက်ကွဲသွားတော့၏။
ယခုတော့ ၎င်း၏နှင်အားမှာ တုပ်တုပ်မှမလှုပ်သော ပြိုင်ဘက်အား ရင်ဆိုင်ရသည့်အခါ ဟာသထက် မပိုတော့ပေ။
၎င်းသည် တောင်တစ်လုံးတမျှ အစွမ်းထက်ချင်နေသော စမ်းချောင်းလေးပမာဖြစ်နေရာ မည်ကဲ့သို့ အောင်မြင်နိုင်တော့မည်နည်း။
လေးဖက်အနားပုံသဏ္ဌာန် ပျက်စီးသွားသဖြင့် မန်ဟို၏လက်ချောင်းက ခေါင်းဆောင်ကြီးဟုရန်၏ရင်ဘတ်ကို နောက်တစ်ကြိမ် ထိလိုက်လေသည်။ ဖောင်းခနဲ ပေါက်ကွဲသံတစ်သံ ကြားလိုက်ရ၏။ ခေါင်းဆောင်ကြီးဟုရန်၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့ရင်ဘတ်မှာ သွေးတို့ စိုရွှဲလျက် ချိုင့်ဝင်သွားလေသည်။ သူ၏ နောက်ကျောပင်လျှင် ရဲပလောင်းခတ်ကာ စုတ်ပြတ်သပ်ထွက်သွား၏။ သူသည် နောက်သို့ ယိမ်းယိုင်သွားကာ ဒေါသထွက်လွန်း၍ ရုပ်ဆိုးအကျည်းတန်နေသော မျက်နှာကြီးဖြင့် မန်ဟို့ကို ကြည့်လေသည်။
"ငါ ထွက်သွားတော့ ဘာဖြစ်လဲ" သူက ဟိန်းဟောက်လိုက်သည်။ "မင်းက ဘာလဲ ခွင့်မပြုချင်ဘူးပေါ့လေ။ မင်းကိုယ်ငါ တကယ်ကြောက်တယ်လို့များ ထင်နေသလား" ထိုသို့ပြောပြီး ခေါင်းဆောင်ကြီးဟုရန်က ညာလက်ဖြင့် မုဒြာလက်ကွက်နောက်တစ်ကွက် ဖော်လိုက်သည်။ ထို့နောက် နဖူးအပေါ် ဖိချကာ ပါးစပ်ဟ၍ အနက်ရောင်ဓားသွားလေးတစ်ခုအား ထွေးထုတ်လိုက်၏။
ဓားသွားပေါ်လာသည်နှင့်တစ်ပြိုင်နက် အရာအားလုံး မှေးမှိန်လာသည်။ ၎င်းသည် ဟုရန်ယွင်မင်း၏ လက်ဖဝါးပြင်ထက်တွင် မြန်သထက် မြန်မြန်လည်လာပြီး အရွယ်အစား လျင်မြန်စွာ ကြီးလာ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းကား အသွားအပေါ်တွင် နဂါးခေါင်းကြီးပုံစံ ရေးထွင်းထားသော ဧရာမဓားကြီးတစ်လက်အသွင်ပြောင်းလဲခဲ့လေပြီ။
ခေါင်းဆောင်ကြီးဟုရန်က ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ သူ မန်ဟို့ဆီ ပြေးဝင်လာစဥ် သူ၏မျက်နှာအမူအရာမှာ အသက်ပင် ထွက်သွားပါစေ၊ ရှိရှိသမျှ အစွမ်းအကုန် နင်းကန်ထုတ်တော့မည်ဟု ပြောနေသယောင်ပင်။
"သေစမ်း" ခေါင်းဆောင်ကြီးဟုရန်၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားလှိုင်းများ ဖြာထွက်လာ၏။ အမှန်တွင် .... သူ ယခု ကိုင်စွဲထားသော စွမ်းအားအဆင့်မှာ ယခင်ထက် အဆများစွာ ကြီးမားလေသည်။ သူ၏ပတ်ပတ်လည်ရှိ ဧရိယာတွင် သဘာဝနိယာမပင် ပါဝင်နေဟန်တူသော ရှေးကျလှိုင်းများဖြင့် ပြည့်နှက်နေ၏။
ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီ၏ သဘာဝနိယာမများ
ဤသဘာဝနိယာမများတွင် လေးဖက်အနားသဏ္ဌာန်နှင့် ဘာမှမသက်ဆိုင်သော နှင်ထုတ်အားတစ်ရပ် ပါရှိနေသည်။ ယင်းက ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီကမ္ဘာမှ နှင်ထုတ်အား၏ အစစ်အမှန်စွမ်းအားတစ်ရပ်ဖြစ်ချေ၏။
ဓားသွားက ကောင်းကင်နှင့်မြေကြီးကို တုန်ခါနေစေရင်း ကျဆင်းလာသည်။
"မင်း ငါ့ကို ကြောက်ရလိမ့်မယ်" မန်ဟိုက အေးတိအေးစက် ပြော၍ .... သတ္တမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်လိုက်ချေပြီ။
သူ၏ခန္ဓာကိုယ်အတွင်း၌ အနုသုခုမရုပ်ခန္ဓာ ၆၄ ခု၏ စွမ်းအား ပေါက်ကွဲထွက်လာသည်။ သူ၏အပြင်အားကိုယ်မှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အရှိန်အဝါကို ပို၍ပင် ထုတ်လွှတ်လာ၏။ ၎င်းတို့က မန်ဟို့ပတ်ပတ်လည်ရှိ လေထုကို ကွဲအက်စပြုလာစေတော့သည်။ သူ၏ ယခုခန္ဓာကိုယ်မှာ ဤမိစ္ဆာအင်မိုတယ်ဂိုဏ်းပျက်နှင့် မသင့်မြတ်သည့်အလား၊ မလိုက်ဖက်သည့်အလား ထစ်ချုန်းသံများ ကြားလာရသည်။
ဤနေရာတွင် မမြင်ရသော ကန့်သတ်ချက်များ တည်ရှိနေသည့်အလားဖြစ်ပြီး ထိုကန့်သတ်ချက်များထက် ကျော်လွန်နေသော မည်သည့်ကျင့်ကြံခြင်းအခြေခံကိုမဆို၊ မည်သည့်အတိုက်အခိုက်စွမ်းရည်ကိုမဆို ခွင့်မပြုသည့်ပုံပင်။
ယခု ထုတ်ဖော်ထားသော အတိုက်အခိုက်စွမ်းရည်ဖြင့် မန်ဟိုကား ထိုကမ္ဘာ၏ အကန့်အသတ်သို့ ထိစပ်နေခဲ့ပြီဖြစ်သည်။
"ဒါဆို ငါက အဋ္ဌမဝိညာဉ်ခန္ဓာကို ဝင်ရောက်ဖို့ မလိုအပ်တော့ဘဲ" မန်ဟိုက တွေးလိုက်သည်။ " စိတ်ဝိညာဉ်ခွဲထွက်ခြင်းအပြင်အားကိုယ်အဆင့် ရောက်နေပြီးသား ဖြစ်နေတာလား" စစ်ဆေးကြည့်လိုက်သည့်အခါ သူကား...
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်နေခဲ့ပြီဖြစ်ကြောင်း သိလိုက်ရလေသည်။
သူ့တွင် နယ်မြေမရှိသော်လည်း စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ဖြစ်နေသေး၏။ အမှန်အားဖြင့် သူသည် သွေးခွေးကြီး၏စွမ်းအားကို ငှားယူ၍ သွေးမျက်နှာဖုံးတပ်ပြီး သွေးအင်မိုတယ်၏အစွမ်းကို အသုံးပြုခဲ့စဉ်ကထက်ပင် အစွမ်းထက်နေလေပြီ။
သူက ခေါင်းဆောင်ကြီးဟုရန်၏ ကျဆင်းလာသော ဓားသွားကို မျက်နှာမူ၍ တွေဝေနေခြင်းမရှိဘဲ ညာလက်ကို မြှောက်ကာ လက်ချောင်းဖြင့် တွန်းထုတ်လိုက်သည်။
ဤအခိုက်အတန့်တွင် အရာအားလုံး ရုတ်တရက် ခဲသွားသယောင်ပင်။ မြည်ဟည်းနေသော ထစ်ချုန်းသံများ တခဏ ရပ်သွားပုံရသည်။ ထို့နောက် အကုန်လုံး ပုံမှန်ပြန်ဖြစ်သွား၏။
တစ်သံပြီး တစ်သံ … ထပ်ဆင့်ကဲ ထွက်လာသော ပြိုလဲသံများက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ အသံများမှာ မိစ္ဆာအင်မိုတယ်တစ်ဂိုဏ်းလုံး ဆူညံနေပြီး တောင်ကောင်းကင်ဂြိုဟ်မှ ကျင့်ကြံသူ တစ်ယောက်မကျန် ကြားလိုက်ကြရ၏။
ခေါင်းဆောင်ကြီးဟုရန်က သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားသည်။ သူ့လက်ထဲရှိ ဧရာမအနက်ရောင်ဓားသွားကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့လေပြီ။ သူ၏မျက်နှာမှာ ဖြူဖပ်နေပြီး သူသည် နှင်အားကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုးဆက်များကို လျစ်လျူရှုရင်း ရန်သူကို ဖျက်စီးရန်.... ကျင့်ကြံခြင်းအခြေခံစွမ်းအား အလုံးစုံကို ထုတ်လွှတ်လိုက်၏။
"မင်းက သတ္တမဝိညာဉ်ခန္ဓာနဲ့ နောက်ဆုံးအဆင့်ရောက်သွားပြီ" သူက ရူးသွပ်မှုတို့ ပြည့်နှက်နေသော မျက်လုံးများဖြင့် ပြောသည်။ "အဲ့ဒါက မင်းအတွက် အစွမ်းအထက်ဆုံးပဲ" သူသည် ယခုတွင် အသက်ရှူသံများ မြန်နေပြီး သူ့မျက်လုံးထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒမှာ အားကောင်းလာသည်။ "အဲ့ဒီလိုဆိုမှတော့ မင်းလမ်းအဆုံးထိ လိုက်ပို့ပေးရတာပေါ့"
ခေါင်းဆောင်ကြီးဟုရန်က ညာလက်ကို မြှောက်ပြီး ရင်ဘတ်အပေါ် ဖိချလိုက်သည်။ သူ ပြန်မြှောက်လိုက်သောအခါ အနီရောင်အလင်းတစ်ခုက သူ၏ခန္ဓာကိုယ်မှ ဆွဲထုတ်ခံလိုက်ရသည့်အလား ပေါ်လာ၏။
၎င်းကား ဝိညာဉ်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်နိုင်သော ပုံရိပ်ယောင်ကြာပွတ်နီတစ်လက် ဖြစ်လေသည်။ ထို့အပြင် အရောင်မတူကလွဲ၍ ယခင်တုန်းက ခေါင်းဆောင်ကြီးဟုရန်ဆီမှ မန်ဟို ခိုးယူခဲ့သော ကြာပွတ်နှင့်လည်း တစ်ထေရာတည်း တူ၏။
ကြာပွတ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်ကြီးဟုရန်၏ အသက်စွမ်းအားအလုံးစုံမှာ ကြာပွတ်ထဲသို့ စုပ်ယူခံနေရသည့်အလား သူ၏အပြင်အားကိုယ်မှာ လျင်မြန်စွာ ခြောက်ကပ်လာသည်။ ယခုတွင် သူ၏အသတ်အဖြတ်စိတ်ဆန္ဒကား အထွတ်အထိပ်သို့ ရောက်သွားခဲ့လေပြီ။
လေနှင့်သဲမှုန်တို့ တထောင်းထောင်း ထနေပြီး ဆံပင်များ ပျံ့လွင့်လျက်ရှိစဉ် မန်ဟိုကား တစ်နေရာတည်း၌ မလှုပ်မယှက်ရပ်လျက်ရှိ၏။
အသက်ရှိုက်စာအနည်းငယ်အတွင်း သူ၏ပတ်ပတ်လည်ရှိ လေကြမ်းသဲမှုန်တို့ ပျောက်ကွယ်သွားလေပြီ....
"သေစမ်း" ခေါင်းဆောင်ကြီးဟုရန်က ဟိန်းဟောက်လိုက်သည်။ သူ၏ခြောက်ကပ်နေသောခန္ဓာကိုယ်က ရိပ်ခနဲ ဖြစ်သွားပြီး ကြာပွတ်ထံမှ ထူးဆန်းသောအသံတစ်သံ လာနေသည်ကို ကြားလိုက်ရ၏။ ၎င်းက သွေးဆာမှုအပြည့်ဖြင့် ကြောက်မက်ဖွယ် အခိုးအငွေ့များကို ထုတ်လွှတ်ရင်း မန်ဟိုထံသို့ ရိုက်ချလိုက်သည်။
မန်ဟိုက ခေါင်းမော့လိုက်သည်။ လာနေသော ကြာပွတ်နှင့် ကြောက်မက်ဖွယ် အခိုးအငွေ့များကို ထုတ်လွှတ်နေသော ခေါင်းဆောင်ကြီးဟုရန်ကို ကြည့်နေစဉ်သူ၏မျက်ဝန်းများ၌ တုံ့ဆိုင်းမှုစိုးစဉ်းမျှ ရှိမနေပေ။ မန်ဟိုသည် သူ၏မှော်ပညာရပ်အသစ်များကို စမ်းကြည့်ခဲ့ပြီးပြီဖြစ်၏။ သူ ယခု လုပ်ဖို့ လိုသည်က ... သူ မည်မျှ အစွမ်းထက်လာသည်လဲ ကြည့်ဖို့ပင်။
သူက မျက်လုံးများပိတ်ရင်း အေးတိအေးစက် ပြောလိုက်၏။ "အဋ္ဌမဝိညာဉ်ခန္ဓာ"
***