အဋ္ဌမဝိညာဉ်ခန္ဓာ
Vol. 44 Ch. 606
မန်ဟို စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ခေါင်းထဲ၌ ထစ်ချုန်းသံကြီးတစ်သံ ဟိန်းထွက်သွားပြီး ပတ်ပတ်လည်ရှိ လေထုမှာ ပုံပျက်ရှုံ့တွလာကာ အက်ကြောင်းများဖြင့် ပြည့်သွားလေပြီ။ အရာအားလုံး မှေးမှိန်လာပြီး မမြင်ရသော ဝဲကြီးတစ်ခု သူ၏ပတ်ပတ်လည်တွင် လည်လာသည်။ ၎င်းလည်နေစဉ် ဧရာမဟာရီကိန်းမုန်တိုင်းကြီးတစ်လုံး ရိုက်ခတ်လာ၏။
ပုံရိပ်ယောင်ကြာပွတ်မှာ ဟာရီကိန်းဝဲကြီးကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် နောက်ပြန်ကန်ထွက်သွားသည်။ ဝဲကြီး၏အောက်တွင် ဖုန်သဲမှုန်အားလုံး လေပေါ် မြောက်တက်လာပြီး တဝီးဝီး လည်လာ၏။ ခေါင်းဆောင်ကြီးဟုရန်မှာမူ လုံးဝမျက်စိမျက်နှာပျက်နေပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားရသည်။
သူသည် မျက်လုံးများ၌ ထိတ်လန့်တုန်လှုပ်မှုတို့ ပြည့်နှက်လျက်ရှိကာ စိတ်အစဉ်မှာလည်း ဖရိုဖရဲ ဖြစ်နေလေပြီ။
"မဖြစ်နိုင်ဘူး ဒီမှော်ပညာရပ်မှာ ဝိညာဉ်ခန္ဓာ ခုနစ်ခုပဲ ရှိတာလေ ။ ဘယ်လိုလုပ်ပြီး .... ရှစ်ခုမြောက် ဝိညာဉ်ခန္ဓာက ပေါ်လာနိုင်မှာလဲ"
ခေါင်းဆောင်ကြီးဟုရန် အံ့ဩတုန်လှုပ်မှုတို့ဖြင့် ချာချာလည် မူးနောက်နေစဉ် မန်ဟို၏ခန္ဓာကိုယ်မှာတော့ လိမ်ဖယ်ကောက်ကွေးနေသယောင်ပင်။ ပြင်းထန်လှသော နာကျင်မှုက သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွား၏။ အဋ္ဌမဝိညာဉ်ခန္ဓာက ... ဤမျှနာကျင်ရလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။
သူ၏ခန္ဓာကိုယ်မှာ စုတ်ဖြဲခံနေရသလို ခံစားနေရတော့သည်။ စွမ်းအားလှိုင်းတစ်လှိုင်းပြီးတစ်လှိုင်းက အချိန်နှင့်အမျှ ဆထက်တိုး၍ ပြင်းထန်လာသော စွမ်းအားတစ်ရပ်ဖြင့် သူ့ကို ဖြတ်သန်းစီးဆင်းသွားသည်။
သူ၏ အနုသုခုမရုပ်ခန္ဓာရှစ်ခုမှာ ထပ်သွားပြီး ယခုတွင် သတ္တမဝိညာဉ်ခန္ဓာ၏ ကြောက်ခမန်းလိလိ ကျင့်ကြံခြင်းအခြေခံထက် အဆပေါင်းများစွာ သာလွန်သောစွမ်းအားကြီးဖြင့် ထွက်ပေါ်လာလေပြီ။
စောစောလေးက သတ္တမဝိညာဉ်ခန္ဓာမှာ ရှိနေစဉ် မန်ဟိုသည် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ ၆၄ ခု၏စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့သည်။ ယင်းက ကျော်လွှားမရနိုင်သော အကန့်အသတ်ဖြစ်ခဲ့သော်လည်း ယခုလေးတင် ပေါင်းစည်းလိုက်မှုက ထိုအကန့်အသတ်ကို လုံးလုံးလျားလျား ဖြိုချပစ်လိုက်၏။
၆၅ ၊ ၆၆ ... မျက်စိတစ်မှိတ်အတွင်း မန်ဟို၏ခန္ဓာကိုယ်သည် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၇၀)ခု ၏ အကန့်အသတ်မဲ့သော စွမ်းအားကို ပိုင်ဆိုင်သွားလေပြီ။ ထိုစွမ်းအားသည် ဆက်လက်မြင့်တက်လာနေဆဲပင်။ အားကောင်းသော စွမ်းအားနှင့်အတူ ကြောက်ခမန်းလိလိ အရှိန်အဝါကြီးတစ်ခုက မန်ဟို၏ခန္ဓာကိုယ်မှ ဖြာထွက်လာ၏။ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အပြင်အားကိုယ်၏ အသွင်ပြောင်းခြင်း ဆက်လက် ဖြစ်ပေါ်နေသည်နှင့်အမျှ စွမ်းအားလှိုင်းတို့က ပေါက်ကွဲထွက်နေတော့သည်။
သူ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ လိမ်ဖယ်ရှုံ့တွနေ၏ ။ လေများ တဝူးဝူး တိုက်ခတ်နေပြီး တိမ်တိုက်တို့လည်း တဖွေးဖွေး လှုပ်နေသည်။ မန်ဟိုကို ဝန်းရံထားသော ဟာရီကိန်းဝဲကြီးမှာလည်း လေဆင်နှာမောင်းကြီးသဖွယ် မြေပြင်မှ ကောင်းကင်ထက်သို့ ဆန့်တန်းနေသယောင်ပင်။ အဆုံးမရှိသော ပေါက်ကွဲသံများက အံ့မခန်းလိလိ ပြင်းအားကြီးဖြင့် ပေါက်ကွဲရင်း တဖောင်းဖောင်း တဟုန်းဟုန်း မြည်ဟည်းနေတော့၏။
သူသည် တဆတ်ဆတ် တုန်နေပြီး သူ၏မျက်လုံး၊ နှာခေါင်း ၊ နားနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသည်။ သူ၏ပုံစံမှာ စိတ်ပျက်စရာကောင်းလောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး သူ၏ဆံပင်ရှည်များမှာ အကြမ်းပတမ်း လွင့်လူနေလေ၏ ။ သူသည် ကျင့်ကြံခြင်းအခြေခံအဆင့်တက်ခြင်းကို ပြတ်ပြတ်သားသား အာရုံနေပြီဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား မဟာစက်ဝန်းအဆင့်အနုသုခုမရုပ်ခန္ဓာ ၉၃ ခု၏ စွမ်းအားကို ပိုင်ဆိုင်ထားလေပြီ။
ထို့အပြင် ဆက်လက် တက်နေသေးသည်။
ထည့်ပေါင်းတိုးလာသော စွမ်းအားအဆင့်က သူ၏ကိုယ်ထဲတွင် ထစ်ချုန်းပေါက်ကွဲသံများ ဆူညံနေစေပြီး သူ့အပေါ် ဖိအားများ ပိုမိုသက်ရောက်လာစေသည်။ သူ အသုံးပြုနိုင်သော စွမ်းအင်သည် ပို၍အံ့ဩတုန်လှုပ်ဖွယ်ကောင်းလာ၏။ တစ်ချိန်တည်းမှာပင် သူ၏သက်တမ်း ယုတ်လျော့ကုန်ခမ်းမှုလည်း လျင်မြန်စွာ မြင့်တက်လာသည်။
သို့သော် ထိုအခြင်းအရာတစ်ခုကမှ သူကြုံတွေ့နေရသော ဝုန်းဒိုင်းကြဲ တိုးမြင့်တက်လာမှုကို အစားမထိုးနိုင်ပေ။ ၎င်းသည် သူ့အား ယုံကြည်ချက်တို့ ရှိလာစေသဖြင့် သူကား ခေါင်းနောက်လှန်၍ အားမာန်အပြည့်နှင့် ဟိန်းဟောက်လိုက်တော့သည်။
ယားးးးးး
အသံကြီးမှာ သူ့ကို နှိပ်စက်နေသမျှ နာကျင်မှုအလုံးစုံကို မိစ္ဆာအင်မိုတယ်ဂိုဏ်းအတွင်း ဖြာထွက်သွားစေသယောင်ပင်။ သူ၏ခန္ဓာကိုယ် တုန်ခါနေစဉ် သူ၏ကျင့်ကြံခြင်းအခြေခံသည် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၉၃) ခု၏ စွမ်းအားမှ ... (၉၉)သို့ တဟုန်ထိုး တက်သွားလေ၏။
မန်ဟို့ဆံပင်အရောင်မှာ ပြောင်းစပြုလာသည်။ ၎င်းသည် အနက်ရောင်မဟုတ်တော့ဘဲ ခဲရောင်သမ်းနေချေပြီ။ သူ၏ရုပ်ရည်သွင်ပြင်မှာလည်း လူငယ်တစ်ယောက်ဟန်မရှိတော့ဘဲ ရှေးဆန်လာ၏။ သူကား ယခင်အတိုင်း ပိန်ပိန်သွယ်သွယ် ဖြစ်နေသော်လည်း ယခုတော့ သူ၏အရှိန်အဝါမှာ လုံးလုံးလျားလျား ခြားနားသွားလေပြီ။
၉၉ ... ၁၀၀....
သူ၏ကိုယ်တွင်းမှ မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ အခု (၁၀၀) ၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအားအပြည့်အဝ ပေါက်ကွဲထွက်လာသည်။ မန်ဟို ဟိန်းဟောက်ကြုံးဝါးနေစဉ် သူ၏ဆံပင်မှာ ရှည်သထက် ရှည်လာပြီး မကြာခင် ကျောလယ်အထိ ရောက်သွား၏။ သူ၏ပတ်ပတ်လည်ရှိ လေဆင်နှာမောင်းကြီးလည်း အရှိန်အဟုန်ပိုမိုအားကောင်းလာရာ မန်ဟို့အား ဟာရီကိန်းလေဆင်နှာမောင်းကြီး၏အလယ်တွင် တဖြေးဖြေး မြောက်တက်လာစေတော့သည်။
မိုးကြိုးများ၊ လျှပ်စီးများ ထိုးဆင်းလာပြီး သူ့ကို ဝန်းရံလှည့်ပတ်နေသဖြင့် ဟာရီကိန်းလေဆင်နှာမောင်းကြီးကား ကောင်းကင်နှင့်မြေကြီးအတွက် ထိတ်လန့်ချောက်ချားဖွယ်ရာ မိုးကြိုးမုန်တိုင်းကြီး ဖြစ်လာခဲ့လေပြီ။
ထိုမြင်ကွင်းက ခေါင်းဆောင်ကြီးဟုရန်၏ အသက်ရှူသံများအား ကပေါက်ကချောကါ ဖြစ်လာစေသည်။ သူ၏မျက်လုံးအစုံမှာ ဝိုင်းစက်ပြူးကျယ်နေပြီး မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေ၏။ သူ့စိတ်မှာလည်း ဝီခေါ်နေတော့သည်။
"ဒါက ဘယ်လိုလုပ်.... ဒီကောင်... "
ခေါင်းဆောင်ကြီးဟုရန် မှင်သက်နေသည့်ခုလတ်တွင် ကျင့်ကြံခြင်းအခြေခံအဆင့် မြင့်တက်လာနေသဖြင့် မန်ဟိုထံမှ ဟိန်းဟောက်သံများ ပိုမိုထွက်ပေါ်လာသည်။
၁၀၁ ၁၀၂ ၁၀၃.... ၁၁၅ အထိ တောက်လျှောက်။
သူ၏ဟိန်းဟောက်သံကြီး ပဲ့တင်ထပ်နေစဉ် မန်ဟို့ဆံပင်များကား ဒူးအထိပင် ရှည်လာခဲ့လေပြီ။ သူ၏ပတ်ပတ်လည်ရှိ လေဆင်နှာမောင်းမုန်တိုင်းကြီးမှာ မီတာသုံးထောင်အကျယ်ရောက်သည့်တိုင်အောင် ဆက်လက်ကျယ်ပြန့်လာ၏။ ထိုအခိုက်အတန့်တွင် ရုတ်တရက် ကောင်းကင်ဘုံမှ လာပုံရသော နှင်အားကြီး ပေါ်ပေါက်လာသည်။
မန်ဟို့ပတ်ပတ်လည်ရှိ လေထုမှာ ဆက်လက်ကြေမွအက်ကွဲလာ၏။ သူ့ပတ်ပတ်လည်ရှိ ကြောက်မက်ဖွယ်အရှိန်အဝါမှာ ကမ္ဘာဉီးသားရဲကြီးတစ်ကောင် နိုးထလာသည့်အနေလား ပိုမို၍ပြင်းထန်လာသည်။
၁၁၆ ၁၁၇ ... မျက်စိတစ်မှိတ်အတွင်း ကျင့်ကြံခြင်းအခြေခံစွမ်းအားမှာ မဟာစက်ဝန်းအဆင့်အနုသုခုမရုပ်ခန္ဓာ ၁၂၈ခု၏ စွမ်းအားအထိ မြင့်တက်ခဲ့လေပြီ။ ယခုတွင် သူ၏ဟိန်းဟောက်သံမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်း၏ ဟိန်းဟောက်သံဖြစ်၏။
သူ၏စွမ်းအားကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ဖြစ်သည်။
ယခုတွင် သူ၏ပတ်ပတ်လည်ရှိ အရှိန်အဝါမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအရှိန်အဝါ ဖြစ်နေလေပြီ ။
လေဆင်နှာမောင်းကြီးမှာလည်း ယခုတွင် မီတာတစ်ထောင်နီးပါး အကျယ်ရှိနေသည်။ မိုးကြိုးတို့က ပတ်ဝန်းကျင်ကို လျှပ်စီးပင်လယ်တစ်စင်းအသွင် ပြောင်းစေခဲ့သည်။ သူ၏ဆံပင်များမှာ ပိုမိုရှည်လာပြီး အရပ်အမောင်းလည်း ပိုထွက်လာ၏။ သူ၏ခဲရောင်ဆံပင်မှာ လွင့်မျောနေပြီး သူ၏ပုံပန်းသွင်ပြင်မှာ ရှေးကျသောဟန်ကို ဆောင်ကြဉ်းနေချေသည်။ ရုတ်တရက် သူ၏မျက်လုံးများက အာရုံစူးစိုက်သွားပြီး ၎င်းတို့အတွင်း၌ အသက်နုတ်နိုင်သော စွမ်းအားတစ်ရပ် လည်ပတ်နေသယောင်ပင်။
ခေါင်းဆောင်ကြီးဟုရန် ထိုမျက်လုံးများကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် အလွန်အားကောင်းသော တိုက်ကွက်တစ်ကွက်ဖြင့် ထိုးနှက်ခံလိုက်ရသည့်အလား စိတ်နှလုံးတုန်ရီသွားတော့သည်။ သူ့ခန္ဓာကိုယ်မှာ စတင်တုန်ခါလာပြီး ပါးစပ်မှ သွေးများ ပန်းထွက်လျက် နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားရ၏။ သူ၏မျက်နှာအပေါ်ရှိ အံ့ဩတုန်လှုပ်မှုထဲတွင် ကြောက်လန့်နေသောအရိပ်အယောင်အား မြင်ရလေပြီ။
"မင်း..." သူသည် တစ်ကိုယ်လုံး တုန်ရီနေလျက် အက်ကွဲကွဲပြော၏။
"အခုအထိ မပြီးသေးဘူး" မန်ဟိုက ပြောသည်။ သူသည် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ ၁၂၈ ခု၏ အံ့ဖွယ်ကျင့်ကြံခြင်းအခြေခံ၏စွမ်းအားကို ကြုံတွေ့နေရသဖြင့် မျက်လုံးများ ပိတ်ထားဆဲဖြစ်၏။ ဤစွမ်းအားသည် အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်၏ အထွတ်အထိပ်ဆုံးစွမ်းအားထက် အဆများစွာ ကျော်လွန်လေသည်။ ဤသည်မှာ... စိတ်ဝိညာဉ်ခွဲထွက်ခြင်းစွမ်းအား ဖြစ်ပေ၏။
၎င်းသည် အရေအတွက်မှ အရည်အသွေးဖြစ်လာသော အခြေအနေတစ်ရပ်ပင်။ လုံလောက်သော အနုသုခုမရုပ်ခန္ဓာကျင့်ကြံခြင်းအခြေခံအား စုဆောင်းမိလျှင် အစစ်အမှန်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သာ ပိုင်ဆိုင်သိမ်းပိုက်ထားသော နယ်ပယ်အတွင်းသို့ ခုန်တက်ဝင်ရောက်နိုင်သည်။
သို့ရာတွင် မန်ဟို ပြောလိုက်သည့်အချိန်မှာပင် သူ၏အဋ္ဌမဝိညာဉ်ခန္ဓာကား ယခုထက်ထိ မပြီးဆုံးသေးပေ။ စောစောက သူ၏တိုးတက်မှုသည် ကျင့်ကြံခြင်းအခြေခံသာ ဖြစ်ခဲ့၏ ။ အပြင်အားကိုယ်မှာတော့ ကြီးထွားနေဆဲဖြစ်ပြီး အစစ်အမှန်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် အပြင်အားကိုယ်အဖြစ်သို့ လျင်မြန်စွာ ခုန်တက်ဆဲ ဖြစ်လေသည်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအပြင်အားကိုယ် ဆိုသည်မှာ ရှေးခေတ်ဟောင်းကျင့်ကြံသူများအတွက် အဆင့်တစ်ဆင့် ဖြစ်သည်။ မျက်မှောက်ခေတ်ကာလတွင် အပြင်အားကိုယ်ကို စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အထိ ကျင့်ကြံနိုင်သူ နည်းပါး၏။ ပြောရလျှင် ခက်ခဲမှုအဆင့်မှာ မြင့်မားလွန်းလှသည်သာ။
မန်ဟိုကတော့ ကြက်ကန်းဆန်အိုးတိုး၊ စိုင်ကော်၍ ချုံပေါ်ရောက်သွားခြင်းကြောင့်သာ ဤဒဏ္ဍာရီလာအဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်၏။ ဤအခိုက်အတန့်တွင် သူ၏အပြင်အားကိုယ်မှာ သာမန်သာထင်ရသော်လည်း တကယ်တမ်း ကြွက်သားတစ်မျှင်ချင်းစီ စုတ်ဖြဲခံနေရလေသည်။ အရိုးတိုင်းလည်း ချိုးပစ်ခံနေရသည်။ သွေးပြန်ကြော၊ သွေးလွှတ်ကြောအလုံးစုံ ပြတ်တောက်နေသည်။
သို့သော် ၎င်းတို့ မည်မျှ စုတ်ပြတ်ကျိုးကြေပြတ်တောက်နေစေကာမူ မန်ဟိုအတွက် နည်းနည်းလေးမှ ပြဿနာမရှိပေ။ အမှန်တွင် ထိုပျက်စီးမှုအားလုံးက သူ၏ချီနှင့်သွေးတို့ကို အံ့ဖွယ်အဆင့်သို့ တွန်းပို့ပေးရင်း သူ၏ခန္ဓာကိုယ်ကို အသစ်ပြန်လည်တည်ဆောက်ပေးနေခြင်း ဖြစ်ပေသည် ။
အသက်ရှိုက်စာအနည်းငယ်လေးအတွင်း မိုးခြိမ်းသံကြီးသဖွယ် အရပ်လေးမျက်နှာသို့ ရိုက်ခတ်ညောင်းသွားသော ဒုတ်ခနဲ နှလုံးခုန်သံတစ်သံအား ကြားလိုက်ရ၏။ ၎င်းက ခေါင်းဆောင်ကြီးဟုရန်ကို တုံ့ခနဲ ရပ်ပြီး မန်ဟိုအား ကြည့်လိုက်မိစေသည်။ ဤအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီး၏ သဘာဝနိယာမအား တန်ပြန်တိုက်ခိုက်နေသော အံ့မခန်းချီနှင့်သွေးတစ်ခု ရှိနေသည့်အလားပင်။
ချီနှင့်သွေးသည် ကြောက်မက်ဖွယ်ရာအတိုင်းအတာအထိ ထိုးတက်သွား၏။
ဤအခိုက်အတန့်တွင် မန်ဟို့ နှလုံးတစ်ချက်ခုန်လိုက်တိုင်း သူ၏ဝန်းရံလျက်ရှိသော လေဆင်နှာမောင်းကြီး ရပ်တန့်သွား၏။ လေထုလည်း တုန်ခါလာပြီး မြေလျင်များ လှုပ်ခတ်လာသည်။
သူ၏ခန္ဓာကိုယ်သည် ချီနှင့်သွေးတို့နှင့်အတူ မမြင်နိုင်သောအတားအဆီးတစ်ခုအား ဖောက်ထွက်လိုက်လေပြီ။ အစစ်အမှန် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ဝင်ရောက်လိုက်သည်နှင့် မန်ဟို၏စိတ်ဝိညာဉ်ခွဲထွက်ခြင်းအရှိန်အဝါမှာ ကောင်းကင်ထက်ထိတိုင် ရိုက်ခတ်သွားလေတော့၏။
ယခုတွင် သူ၏ ကမ္ဘာကြီးအပေါ် မြင်ရသော မြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားသဖြင့် သူ့မှာ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်မိ၏။
မရေမတွက်နိုင်သော ဖုန်မှုန့်များ လေထဲတွင် သွားလာလှုပ်ရှားနေသည်ကို သူ မြင်လိုက်ရသည်။ မရေမတွက်နိုင်သော ကြွေလွင့်ဝိညာဉ်များ၏ တီးတိုးပြောသံများကဲ့သို့ အသံများအား ကြားလိုက်ရသည်။ မိစ္ဆာအင်မိုတယ်တစ်ဂိုဏ်းလုံး၌ ပြည့်နှက်နေသော ၊ စကားလုံးများဖြင့်ပင် ဖော်ပြမတတ်နိုင်သည့် ပူဆွေးသောကအားလုံး ခံစားလိုက်ရလေပြီ။
အရေးအကြီးဆုံးကား ... သူကြားနေရသည် ... အသက်ရှူသံ။
၎င်းသည် မြေကြီး၏ ဟိုးအနက်တကာ့ အနက်ဆုံးမှ လာနေသော၊ အိပ်ပျော်နေသောအရာတစ်ခု၏ အသက်ရှူသံပင်။ အသံက အားနည်းသော်လည်း ပထဝီမြေကြီး၏အောက်ခြေ၌ ဧရာမသတ္တဝါကြီးတစ်ကောင် အိပ်နေသည်နှင့်တူသည်။ ၎င်း၏အသက်ရှူသံတိုင်းက ပဲ့တင်ရိုက်လာ၏။
ဤအရာအားလုံးအား ဖော်ပြရန် အတန်ငယ် အချိန်ယူလိုက်ရသည်။ သို့သော် မန်ဟို အဋ္ဌမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်လိုက်သည့်အခိုက်အတန့်လေးမှစ၍ အရာအားလုံး ခံစားသိရှိလိုက်သည့်အချိန်အထိ တခဏလေးသာ ကြာခဲ့ခြင်းဖြစ်၏။
မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၁၂၈) ခုက မန်ဟို့ကျင့်ကြံခြင်းအခြေခံကို စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ်ဟု သတ်မှတ်နိုင်သော အဆင့်တစ်ခုသို့ တွန်းပို့ပေးလိုက်သည်။
အပြင်အားကိုယ်ကို နှိပ်စက်ရင်း ကျင့်ကြံနိုင်စေခဲ့သော အဆုံးမဲ့ကံကောင်းမှုတို့ကြောင့် ယခု အဋ္ဌမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်လိုက်သောအခါ သူ၏ခန္ဓာကိုယ်မှာ ဒဏ္ဍာလာ ... သိဒ္ဓိတင်အသွေးအသားအဆင့်သို့ အမှန်တကယ် ရောက်သွားခဲ့ပြီဖြစ်သည်။ ထိုသိဒ္ဓိတင်ခြင်းမှာ သူ့ခန္ဓာကိုယ်၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းမှတစ်ပါး အခြားမဟုတ်ပေ။
"ငါက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် မရောက်သေးဘူး" သူက ခပ်တိုးတိုး ရေရွတ်သည်။ "ဒါပေမဲ့ ငါ့မှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းစွမ်းအား ပိုင်ဆိုင်နေပြီ" သူ၏စွမ်းအားသည် သွေးခွေးကြီးနှင့် ပေါင်းစည်းခဲ့စဉ်ကထက် အဆများစွာ သာလွန်နေလေပြီ။
"ကဲ အခုတော့ အကဲလေးစမ်းကြည့်ဖို့ အချိန်ကျပြီ။ ငါ ဘယ်လောက် အစွမ်းထက်နေလဲဆိုတာ.... ကြည့်ကြတာပေါ့" ထို့နောက် သူ၏မျက်လုံးများမှာ အေးစက်စက် တောက်ပလာတော့သည်။ သူသည် စိတ်နှလုံးတုန်ရီစပြုလာသော ခေါင်းဆောင်ကြီးဟုရန်ကို ကြည့်လိုက်၏။ ထိုအခိုက်အတန့်တွင် မန်ဟိုကား ပျောက်ကွယ်သွားခဲ့လေပြီ။
ခေါင်းဆောင်ကြီးဟုရန်မှာ ခေါင်းနပန်းကြီးနေပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၏။ သူသည် လက်ကို ဝှေ့ယမ်းရင်း လျင်မြန်စွာ နောက်ဆုတ်လိုက်ရာ ကြာပွတ်အား ယမ်းခါသွားစေသည်။ သို့ရာတွင် မန်ဟိုက သူ၏အရှေ့တည့်တည့်တွင် ပေါ်လာခဲ့သည့်အတွက် မန်ဟို့အရိပ်က သူ၏သူငယ်အိမ်တွင် ရောင်ပြန်ဟပ်သွားလေပြီ။
မန်ဟို့ဘယ်လက်က မြောက်တက်သွားပြီး ကြာပွတ်ကို ဆုပ်ကိုင်လိုက်သော လက်သည်းများနှင့်လက်ကြီး ဖြစ်သွား၏။ ကြာပွတ်က တအီအီငိုကြွေးနေသော်လည်း မန်ဟို့လက်မှ မလွတ်ပေ။
"မင်းက ... အားနည်းလွန်းတယ်" မန်ဟိုက အေးတိအေးစက် ပြောလေသည်။ သူသည် ညာလက်ကို မြှောက်၍ ခေါင်းဆောင်ကြီးဟုရန်၏နဖူးကို ခပ်ဖွဖွ တောက်လိုက်၏။
ခေါင်းဆောင်ကြီးဟုရန်မှာ ဆတ်ခနဲ လေပေါ် မြှောက်ခံလိုက်ရပြီး တစ်ကိုယ်လုံး တုန်ရီလျက် တားမြစ်ဇုန်ရှိသည့်အရပ်မျက်နှာတွင် ဝဲနေတော့သည်။ သူ မြေကြီးအပေါ်သို့ ပြုတ်ကျမလာခင်မှာပင် သူ့ခေါင်းမှာ ဖောင်းခနဲ ပေါက်ကွဲသွား၏။ သွေးသားအကျိအချွဲများက သူ၏ရင်ဘတ်အပေါ်သို့ စီးကျလာသည်။ ထို့နောက် လက်ချောင်းများ ၊ နောက်ဆုံးကိုယ်အပေါ်တစ်ပိုင်းလုံး ရုပ်ပျက်ဆင်းပျက်ဖြစ်သွား၏။
ထိုအရာအားလုံးမှာ အဋ္ဌမဝိညာဉ်ခန္ဓာဖြင့် မန်ဟို၏ လက်လေးတစ်ချက် တောက်လိုက်ခြင်းကြောင့် ဖြစ်ပျက်သွားခဲ့လေသည်။ ခေါင်းဆောင်ကြီးဟုရန်မှာ အော်ပင်မအော်နိုင်ခင် တစစီ စုတ်ပြတ်သွားပြီး သူ၏အပြင်အားကိုယ်မှာ ရစရာမရှိအောင် ဖျက်စီးခံလိုက်ရလေပြီ။
သူ၏ ဖောက်ထွင်းမြင်နေရသော အနုသုခုမနတ်ခန္ဓာ ပျံထွက်လာသည်။ ၎င်း၏နဖူးအပေါ်၌ အပေါက်ကြီးတစ်ပေါက်အား ထင်ထင်ရှားရှား မြင်ရနိုင်သည်။ အသက်စွမ်းအားနှင့် အရှိန်အဝါတို့မှာ ထိုအပေါက်ကြီးထံမှ ထိန်းချုပ်မရနိုင်အောင် တငွေ့ငွေ့ ဖြာထွက်နေလေသည်။ အနုသုခုမနတ်ခန္ဓာမှာ နောက်ဆုတ်ထွက်ပြေးနေစဉ် မယုံနိုင်လောက်အောင် အားနည်းနေ၏။ ၎င်းကား ... အသက်ဆယ်ရှိုက်စာအတွင်း သေဆုံးရပေတော့မည်။
အနုသုခုမနတ်ခန္ဓာမှာ မယုံနိုင်ဖြစ်နေပြီး ကြောက်အားလန့်အားဖြင့် မချိတင်ကဲ အော်ရင်း ထွက်ပြေးတော့သည်။ ထွက်ပြေးခြင်းက အချည်းနှီးသာ ဖြစ်ကြောင်း သိသော်လည်း ထွက်ပြေးရန် ကြိုးစားသေး၏။
သို့သော် ဤအခိုက်အတန့်တွင် တားမြစ်ဇုန်ရှိရာမှ အပြစ်ဆိုဖွယ်မရှိအောင် လှရက်လွန်းသော လက်လေးတစ်ဖက် ရုတ်တရက် ထွက်လာသည်။ ထိုနူးညံ့သော လက်ကလေးကား ....
ခေါင်းဆောင်ကြီးဟုရန်၏ အနုသုခုမနတ်ခန္ဓာကို ဖမ်းရန် ဆန့်ထွက်သွားလေပြီ။
"ငါ့ကျင့်ကြံခြင်းအခြေခံ ထိခိုက်သွားတယ်။ ဒီအနုသုခုမနတ်ခန္ဓာနဲ့ဆိုရင် အကူအညီဖြစ်မယ့် ဆေးလုံးတချို့ ဖော်စပ်လို့ရတယ်။ နင် စိတ်မရှိဘူးမလား" တားမြစ်ဇုန်ထဲမှ အမျိုးသမီးတစ်ယောက် လမ်းလျှောက်ထွက်လာ၏။ သူမသည် ကျင်ရှန်းအသံကို ပိုင်ဆိုင်ထားသော်လည်း သူမပုံစံမှာ မန်ဟို မှတ်မိသောအမျိုးသမီးနှင့် မတူတော့ပေ။
သူမသည် ပြိုင်ဘက်ကင်း ရှုမငြီးလောက်အောင် လှရက်ပြီး ဆွဲဆောင်ညို့ယူဖမ်းစားနိုင်သော ပန်းလေးသဖွယ် ကြော့ရှင်းတင့်တယ်လွန်း၏။ သူမကား .... မိစ္ဆာဧကရီကျင်ရှန်းအသစ်ပင်။
***