← Chapters

အကုန်လုံး ဒီရောက်နေကြပါလား ဟမ်

Vol. 44 Ch. 607

အကုန်လုံး ဒီရောက်နေကြပါလား ဟမ်

Vol. 44 Ch. 607

'ပြိုင်ဘက်ကင်း ရှုမငြီးလောက်အောင် လှပပြီး ဆွဲဆောင်ညှို့ယူဖမ်းစားနိုင်သော' ဆိုသည့် အသုံးမှာ ကျင်ရှန်းအလှ၏ တစ်စိတ်တစ်ပိုင်းလေးမျှကိုသာ ဖော်ပြနိုင်စွမ်းရှိသည်။ မန်ဟို့အတွက် ... သည့်ထက်ပို၍ လှပသော အမျိုးသမီးကို ဘယ်တော့မှ မမြင်ခဲ့ဖူးကြောင်း ဝန်ခံရုံမှတစ်ပါး အခြားမရှိပေ။

ဤသည်မှာ 'အလှဒေဝီများထဲမှ တစ်ယောက်' ဆိုသော အခြေအနေမဟုတ်တော့။ သူမဘေးတွင် ရပ်လိုက်သော မည်သည့်မိန်းကလေးမဆို မှေးမှိန်ဖျော့တော့သွားပြီး ဇာတ်ပို့အရန်အဖြစ်သာ ရှိရပေမည်။

သူမသည် နီဖျော့ဖျော့ဂါဝန်လေးနှင့်အတူ တောက်ပသောအပြုံးလေးအား ဆင်မြန်းထား၏။ သူမလှုပ်ရှားလေးတိုင်းက ဆွဲဆောင်မှုရှိပြီး သူမခန္ဓာကိုယ်လေးမှ မိစ္ဆာနှင့် နတ်သမီးအငွေ့အသက်နှစ်မျိုးလုံးကို ခံစားရစေသည့် ပြိုင်ဘက်ကင်းအရှိန်အဝါကို ထုတ်လွှတ်နေလေသည်။

မန်ဟို ရရှိနေသော ခံစားချက်အရ သူမခန္ဓာကိုယ်မှာ လောကဓာတ်ရတနာသဖွယ် သို့မဟုတ် နတ်ရတနာသဖွယ် ဖြစ်လာသယောင်ပင်။ အများနှင့် ကွဲထွက်နေပြီး သူမထုတ်လွှတ်နေသော အရှိန်အဝါမှာ ပတ်ဝန်းကျင်တစ်ခုလုံး ပြည့်နှက်နေ၏။

သူမ၏လက်ရှိကိုယ်မှာ သူမမှတစ်ပါး တခြားမည်သူနှင့်မှ မသက်ဆိုင်... ကျင်ရှန်းစစ်စစ် ဖြစ်သည်။

ကျင့်ကြံအဆင့်ကျဆင်းခဲ့ခြင်းနှင့် မိစ္ဆာအင်မိုတယ်ဂိုဏ်းအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာအမျိုးမျိုးကြောင့် သူမ၏ အင်မိုတယ်နယ်ပယ် ကျင့်ကြံခြင်းအခြေခံမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အစပ်နားသို့ ပြန်လည်ရောက်ရှိခဲ့သွားခဲ့သည်။ အမှန်အားဖြင့် အချိန်အများစုတွင် သူမသည် အနုသုခုမရုပ်ခန္ဓာစွမ်းအားအဆင့်ကိုသာ ဖော်ပြခဲ့၏။ သို့သော် ယခုမူ မိစ္ဆာအင်မိုတယ်ခန္ဓာကိုယ်ကို အောင်‌အောင်မြင်မြင် ရရှိသွား‌ကြောင်း သိသာလေသည်။

သူမ၏အောင်မြင်မှုကြောင့် သူမကျင့်ကြံခြင်းအခြေခံမှာ အလိုအလျောက် ပြန်လည်ပြုပြင်ခြင်း စတင်ခဲ့သည်။ အချိန်တိုလေးအတွင်း သူမသည် ... အင်မိုတယ်တစ်ဦး၏စွမ်းအားကို တစ်ဖန်ရရှိပေတော့မည်။

အချိန်ကျလျှင် အခြားသူများက တောင်ကောင်းကင်ဂြိုဟ်သို့ ပြန်ရမည်ဖြစ်သော်လည်း သူမကတော့... လမ်းကြောင်းမတူပေ။ သူမသည် နဝမတောင်နှင့်ပင်လယ်၏ မိစ္ဆာအင်မိုတယ်ဂိုဏ်းသို့ ပြန်သွားရမည်ဖြစ်၏။

သူမကို ကြိုဖို့အတွက် မိစ္ဆာအင်မိုတယ်ဂိုဏ်းမှ ကျင့်ကြံသူများ တစ်နေရာရာတွင် စုဝေးနေကြလောက်ပြီ ဖြစ်သည်။

ကျင်ရှန်း၏တောင်းဆိုမှုကို ကြားလျှင်ချင်း မန်ဟို့အမူအရာမှာ နည်းနည်းလေးမှ ပြောင်းလဲမသွားပေ။ သူက ခေါင်းကို ဖြေးညင်းစွာ ညိတ်လိုက်၏။

သူမက နှုတ်ခမ်းလေးကို ညင်ညင်သာသာ ဖိကိုက်၍ ပြုံးလိုက်ပြီးနောက် ခေါင်းဆောင်ကြီးဟုရန်၏ လျင်မြန်စွာ ပျောက်ကွယ်နေသော အနုသုခုမနတ်ခန္ဓာကို ယူကာ ဖိချေလိုက်သည် ။ ဖောက်ခနဲ အသံတစ်သံ ကြားလိုက်ရ၏။ ခေါင်းဆောင်ကြီးဟုရန်၊ သူ၏မျိုးဆက်၌ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးဖြစ်သူမှာ အနုသုခုမနတ်ခန္ဓာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခြင်းဖြင့် နိဂုံးချုပ်သွားရလေပြီ။ ကွဲကြေသွားသော အစိတ်အပိုင်းများမှာ တဖျပ်ဖျပ် လက်နေသော အလင်းစက်များ အသွင်ပြောင်းသွားပြီးနောက် ကျင်ရှန်းက နဖူးမှတစ်ဆင့် ဖြေးဖြေးချင်း စုပ်ယူလိုက်လေသည်။

ကျင်ရှန်း၏မျက်နှာထားလေးမှာ ပိုမိုလှပလာပြီး သူမကို မြင်လိုက်သော မည်သူမဆို ရယူပိုင်ဆိုင်လိုစိတ်တို့ဖြင့် ရမ္မက်များ ထကြွလာစေရန် လုံလောက်၏။

"ကျေးဇူးပါပဲ" သူမက ပြောသည်။ သူမက လက်ကလေးကို မြှောက်ကာ မည်သူ့ကိုမဆို မြင်မြင်ချင်း ‌ကြွေကျသွား‌စေမည့် မျက်နှာလေးအပေါ် မျက်နှာလွှားဇာဖြင့် ဖုံးအုပ်လိုက်သည်။ မန်ဟို့ကို လှမ်းကြည့်လိုက်စဉ် သူမမျက်ဝန်းကလေးများမှာ ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပသွား၏။

"ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ။ ငါက ကျိုးကျင်ရှန်း ။ 'ကျင်'ဆိုတဲ့ စာလုံးက 'မြင့်မြတ်ပြီး ဂုဏ်ကျက်သရေရှိတယ်' ဆိုတဲ့ အဓိပ္ပါယ်ရပြီး 'ရှန်း'ကတော့ နူးညံ့သိမ်မွေ့သော အရောင်အဆင်း၊ နတ်သမီးကဲ့သို့ ‌သင်းရနံ့မျိုးနှင့် မိန်းမပျို' ဆိုတဲ့ ဖော်ပြချက် ပေါ့။ ငါက မိစ္ဆာအင်မိုတယ်ဂိုဏ်း သန့်စင်သမီးတော် ကျင်ရှန်းဆိုတာပဲ။ ဒါပေမဲ့ မိစ္ဆာဧကရီလို့ခေါ်ရင် ပိုသဘောကျတယ်" သူမက အပြုံးလေးတစ်ခုဖြင့် မန်ဟို့ကို ဦးညွှတ်အရိုအသေပေးလေသည်။

သူမစကားလုံးများမှာ ရိုးရှင်းသလို သူမလှုပ်ရှားမှုလေးကလည်း ထိုနည်းတူပင်။ သို့သော် စွမ်းအင်တစ်ရပ်က သူမထံမှ ပျံ့လွင့်ထွက်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးအပေါ် သက်ရောက်နေသော မယုံကြည်နိုင်ဖွယ် ဖိအားတစ်ရပ်အဖြစ် စုစည်းသွားသည်။

"မင်း ငါ့အပေါ် အကြွေးတင်သွားပြီ" မန်ဟိုက အေးတိအေးစက် ပြော၏။ "ဒါက သာမန်အကူအညီလေးပဲ မဟုတ်ဘူး"

"မပူပါနဲ့ တာအိုရောင်ရင်းမန်။ ငါ ကောင်းကောင်းသိသလို နဝမတောင်နဲ့ပင်လယ်ရဲ့ မိစ္ဆာအင်မိုတယ်ဂိုဏ်းသစ်လည်း နားလည်တယ်။ ငါတို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး" သူမသည် လှပသောခေါင်းကလေးကို ပြန်ထောင်ပြီး သူ့ကို ကြည့်၏။ ထို့နောက် သူမ၏လက်လှလှလေးက ဝှေ့ယမ်းလိုက်ကာ ကျောက်စိမ်းပြားတစ်ပြားအား ပျံထွက်လာစေသည်။

ကျောက်စိမ်းပြားသည် ရှေးကျပြီး အကြမ်းထည်ဖြစ်၏။ တစ်ဖက်တွင် 'မိစ္ဆာ' စာလုံးကို မြင်ရကာ အခြားတစ်ဖက်တွင် 'အင်မိုတယ်' စာလုံးရှိသည်။

"ဒါက မိစ္ဆာအင်မိုတယ်ဂိုဏ်းအကြီးအကဲ အမိန့်ပြား။ ဒီအမိန့်ပြားကို ကိုင်ဆောင်တဲ့ ဘယ်သူမဆို လက်ထောက်အကြီးအကဲပဲ။ တာအိုရောင်ရင်းမန် ၊ ‌နောင်တစ်ချိန် အကူအညီလိုအပ်တဲ့အခါ မိစ္ဆာအင်မိုတယ်ဂိုဏ်းကို အချိန်မရွေး လာရောက်နိုင်ပါတယ်"

မန်ဟိုသည် အမိန့်ပြားကို လက်ခံ၍ ဖင်တပြန်ခေါင်းတပြန် ကြည့်ပြီးနောက် သိုလှောင်အိတ်ထဲ ထည့်လိုက်လေသည်။ သူက ကျင်ရှန်းကို ခေါင်းညိတ်ပြကာ စကားတစ်ခွန်းမဆိုဘဲ ထွက်ခွာရန် လှည့်လိုက်၏။

"ငါ့နည်းလမ်းနဲ့ငါ ကျေးဇူးတင်ချင်သေးတယ် တာအိုရောင်ရင်းမန်" ကျင်ရှန်းက အပြုံးလေးတစ်ခုဖြင့် ပြောသည်။ "အဲ့ဒါကြောင့် သတင်းနည်းနည်းပါးပါး ပြောပြပေးမယ်။ တတိယနှင့် စတုတ္ထတောင်ကြားမှာရှိတဲ့ ကျင်းကြီးက စတုတ္ထပြင်ညီကို ဝင်ရောက်တဲ့အခါ အရေးကြီးတယ်"

မန်ဟို တုံ့ခနဲ ရပ်သွားပြီး သူမကို ပြန်လှည့်ကြည့်လိုက်သည်။

"တခြားဂိုဏ်းတွေ၊ မျိုးနွယ်စုတွေလည်း ဒီသတင်းကို သိထားပြီးဖြစ်လောက်တယ်။ တကယ်တော့ စတုတ္ထပြင်ညီက ဘယ်တော့မှ ပိတ်သွားမှာ မဟုတ်ဘူး။ တတိယပြင်ညီမှာ သတ်မှတ်ထားတဲ့အရည်အချင်းနဲ့ ကိုက်ညီတဲ့ ဘယ်သူမဆို ဝင်ရောက်လို့ရတယ်

"အရည်အချင်းမရှိရင်တော့ မြင်သာမြင် မကြင်ရဆိုသလိုပေါ့လေ" ကျင်ရှန်းက တခစ်ခစ် ရယ်ကာ မန်ဟိုကို နောက်တစ်ကြိမ် ဦးညွှတ်အရိုအသေပေးလိုက်၏။ ထို့နောက် ချာခနဲ လှည့်၍ ပျောက်ကွယ်သွားတော့သည်။

မန်ဟို့မျက်လုံးများ တဖျပ်ဖျပ် လက်နေ၏။ သူသည် ကျင်ရှန်း၏စွမ်းအားကို ခံစားရသဖြင့် ယခင်နှင့် လုံးလုံးမတူတော့ကြောင်း သိလေသည်။ သို့ဖြစ်၍ သိုလှောင်အိတ်ကို ငုံ့ကြည့်ရင်း အလေးအနက် စဉ်းစားနေပြီးနောက် ကျင်ရှန်းနှင့် ထိတွေ့ဆက်ဆံခဲ့သမျှ အားလုံးကို ပြန်‌တွေးကြည့်လိုက်သည်။

ဤနေရာတွင် အကူအညီပေးခဲ့သဖြင့် နောင်တစ်ချိန်တွင် ကျင်ရှန်းနှင့် မိစ္ဆာအင်မိုတယ်ဂိုဏ်းထံမှ အကူအညီပြန်ရမည်ဖြစ်ကြောင်း (၈၀) ရာခိုင်နှုန်းသေချာသော်လည်း ထိုအကူအညီက အသုံးတည့်မလား၊ အလကားဖြစ်မလား ခန့်မှန်းရန် မဖြစ်နိုင်ပေ။

အပူအပင်ကင်းသော အပြုံးတစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်လာသည်။ ကျင့်ကြံခြင်းလောကတွင် မိမိကိုယ်သာ အားကိုးရာဖြစ်ကြောင်း သူ နားလည်သိရှိခဲ့ပြီးဖြစ်သည်။ လူတစ်ယောက်သည် အပြင်လူများထံမှ အကူအညီများ မျှော်လင့်နေ၍မရပေ။ ထို့ကြောင့် လက်ရှိ မိစ္ဆာအင်မိုတယ်ဂိုဏ်းသစ်မှ သူ့ကို အကူအညီများစွာ ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ သူ့အတွက် အမှန်တကယ် အရေးမကြီးပေ။

ဤကိစ္စတွင် သူ့အတွက် အကျိုးအရှိဆုံးမှာ ကျင်ရှန်းနှင့် မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ ကတိမဟုတ်။ သူ၏အဋ္ဌမဝိညာဉ်ခန္ဓာနှင့် အံ့ဖွယ်အပြင်အားကိုယ် ဖြစ်သည်။

သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ အဋ္ဌမဝိညာဥ်ခန္ဓာ၌ ရှိနေစဉ်တုန်းက ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရသော သူ၏သက်တမ်းနှင့် ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ (၁)

သူ ခံစားခဲ့ရသော နှင်အားမှာမူ မည်သည့်အချိန်ကမှန်းမသိသော်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။ ထိုအခြင်းအရာက စတုတ္ထတောင်ထိပ်သို့ လှမ်းကြည့်နေသော သူ၏မျက်လုံးများအား တလက်လက် တောက်ပလာစေသည်။

တခဏကြာသော် သူသည် အကြည့်လွှဲလိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ အဋ္ဌမဝိညာဉ်ခန္ဓာအဆင့်မှ ပထမဝိညာဉ်ခန္ဓာအဆင့်သို့ ပြန်ရောက်သွားလေ၏။

ထို့နောက် သူက ရှေ့တစ်လှမ်း တက်လိုက်ပြီး မထွက်သွားခင် ဝိညာဉ်ကြာပွတ်ကို သိမ်းလိုက်၏။ မန်ဟို ပြောနိုင်သည်အရ ၎င်းမှာ ခေါင်းဆောင်ကြီးဟုရန်၏ ကျန်ကြာပွတ်မှ အစိတ်အပိုင်းတစ်ခုဖြစ်သယောင်ပင်။

သို့သော် တခဏကြာသော် သူသည် ၎င်းတို့ကို တစ်လက်တည်း မပေါင်းပစ်ဘဲ ဤနေရာမှ ထွက်ခွာပြီးနောက်မှ နှစ်လက်လုံးအား ထဲထဲဝင်ဝင်လေ့လာရန် ဆုံးဖြတ်လိုက်၏။

ယခုတော့ တတိယပြင်ညီတွင် ကံကြမ္မာကောင်းများ ရှာတွေ့နိုင်ဦးမလား သိချင်သေးသည်။ သူသည် ‌အလင်းတန်းအသွင်ပြောင်းကာ သတ္တမတောင်ပြီး‌နောက် ဆဋ္ဌမတောင်အား ဖြတ်လာခဲ့လေသည်။။

ပဉ္စမတောင်အနားရောက်လာစဉ် ရုတ်တရက် သူ၏ မျက်လုံးများ တောက်ပသွားပြီး သူ၏နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးတစ်ခုအသွင် ကွေးတက်သွား၏။ သူသည် ပဉ္စမတောင်ထိပ်ထံသို့ ဦးတည်ချက်ပြောင်းကာ ထွက်သွားတော့သည်။ များမကြာခင် တားမြစ်မန္တန်ဝင်္ကပါတစ်ခု သူ၏အရှေ့၌ ပေါ်လာသည်။

တားမြစ်မန္တန်ဝင်္ကပါသည် အလွှာသုံးထပ်ရှိ၏။ ပထမအလွှာက မှေးမှိန်‌နေပြီး အလယ်အလွှာမှာ နူးညံ့ချောမွတ်နေကာ အတွင်းကျဆုံးအလွှာမှာတော့ လုံးဝ တောင့်တင်းခိုင်မာ၏။

အလွှာသုံးထပ်တားမြစ်မန္တန်ဝင်္ကပါမှာ မီတာသုံးရာဝန်းကျင်ခန့်ရှိသော ဧရိယာကို လွှမ်းခြုံထားလေသည်။ ၎င်းအောက်တွင် မြင်ရသည်ကား အိမ်တစ်လုံးဖြစ်ပြီး အိမ်နံရံကို အလောင်းတစ်လောင်းက မှီထား၏။

အလောင်းသည် အပြင်ရှိ အလောင်းအများစုနှင့် ကွဲပြားနေသည်။ ၎င်းကား လုံးဝခြောက်ကပ်မနေဘဲ အစွမ်းတချို့ အသက်ဝင်နေ‌သယောင်ပင်။

၎င်းသည် နောင်တ‌ရနေသောဟန်ဖြင့် အဝေးသို့ ခပ်ဆွေးဆွေး ငေးကြည့်လျက် သေနေသော အဘိုးအိုတစ်ယောက်ဖြစ်သည်။ သူ ဘာတွေးနေသည်လဲ ပြောရခက်သော်လည်း လက်ထဲတွင် ဝါးပုလွေတစ်ခု ကိုင်ထားလေသည်။ ပုလွေသည် မှော်ပစ္စည်းမဟုတ်ဘဲ သာမန်သာဖြစ်ဟန်တူသည်။ ၎င်းမှာ အတန်ငယ် ပဲ့ပင် ပဲ့ရွဲ့နေ၏။

အဘိုးကြီး၏အရှေ့တွင် နောက်ပစ္စည်းတစ်ခု ရှိလေသည်။ လူတစ်ယောက်ခေါင်းအရွယ် ‌ဗုံတစ်လုံး။ ၎င်းသည် ခရမ်းရောင်အတိ လွှမ်းနေပြီး မှိန်ပျပျအလင်းရောင်တစ်ခုကို ထုတ်လွှတ်နေသည်။ ပတ်ဝန်းကျင်တွင် အသက်ဝင်‌နေသော ဗုံသံတစ်သံကိုလည်း ကြားရုံကလေးကြားရ၏။

တားမြစ်မန္တန်ဝင်္ကပါ၏ အပြင်တွင် တောင်ကောင်းကင်ဂြိုဟ်မှ မျက်မှောင်ကြုတ်နေကြသော ကျင့်ကြံသူရှစ်ယောက်၊ ကိုးယောက်ခန့်ရှိ၏။ သူတို့အထဲမှ တချို့က တားမြစ်မန္တန်ဝင်္ကပါကို ချိုးဖျက်ရန် ကြိုးစားနေကြလေသည်။

ထိုအရေအတွက်ထဲတွင် ကျီရှောင်ရှောင်အပါအဝင် ကျီမျိုးနွယ်လေးယောက် ရပ်နေသည်။ မြောက်ပိုင်းသဲကန္တာရ၏ အင်ပါယာသွေးဆက်မျိုးနွယ်စုမှ မန်ဟို‌ ခြောက်လှန့်ခဲ့သော လျိုကျစ်ချွမ်းလည်း ရှိ၏။

အခြားသူများမှာတော့ အရှေ့ဘက်နယ်မြေ သို့မဟုတ် မြောက်ပိုင်းသဲကန္တာရမှာ ဖြစ်ကြကာ မျက်မှောင်ကြုတ်၍ တားမြစ်မန္တန်ဝင်္ကပါများအထဲရှိ ခရမ်းရောင်ဗုံကို ကြည့်နေကြသည်။ သူ၏မျက်နှာအမူအရာများက လိုချင်တပ်မက်နေကြသော ပုံစံပင်။

မန်ဟိုက ရောင်စုံအလင်းတန်းအသွင်ဖြင့် ရောက်ချလာရာ ပတ်ဝန်းကျင်ရှိ တိတ်ဆိတ်မှုကို ပျက်ပြားသွားစေတော့သည်။ ထိုလူစုက ချက်ချင်း နိုးကြားသွားပြီး ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်ကြသည်။ သို့သော် မန်ဟိုဖြစ်ကြောင်း မြင်လိုက်သည်နှင့် မျက်နှာကြီးများ ရှုံ့မဲ့သွားကြလေသည်။

ဒုတိယပြင်ညီမှာတုန်းက မန်ဟို သူတို့ကို ခြိမ်းခြောက်ငွေညစ်ခဲ့သောလုပ်ရပ်က သူတို့အားလုံးကို အံတင်းတင်း ကြိတ်လိုက်မိစေသည်။ လျိုကျစ်ချွမ်းတစ်ယောက်သာ ဒူးတုန်တုန်ဖြင့် နောက်ဆုတ်သွား၏။

"အကုန်လုံး ဒီရောက်နေကြပါလား" မန်ဟိုက အားပါးတရရယ်ရင်း ချဉ်းကပ်လာသည်။ "မတွေ့ရတာ ကြာတော့ သတိရနေတာ။ ခင်ဗျားတို့အားလုံး တတိယပြင်ညီမှာ ပစ္စည်းတွေအများကြီး ရှာ‌တွေ့ပါ‌စေလို့ ဆုတောင်းပါတယ်" မန်ဟို၏မျက်နှာအမူရာမှာ ရိုးသားဖြူစင်‌နေသည်။ သူသည် အမှန်တကယ် စိတ်ရင်းဖြင့် လူတိုင်းအား ပစ္စည်းအမြောက်အမြားရစေချင်နေ၏။

သို့သော် ဤသို့ပြောလေလေ အခြားသူများမှာ မသာမယာ ဖြစ်လာလေလေပင်။ သူတို့သည် မနှစ်မြို့သော မျက်နှာထားများဖြင့် မန်ဟိုကို ကြည့်နေကြ၏။ တချို့ဆိုလျှင် တစ်ချက်တည်းနှင့် ပြဿနာအားလုံး ရှင်းပြီးစေရန် သူ့ကို အမဲဖြတ်ဖို့ပင် တွေးနေကြသည်။

မန်ဟိုက ဤအခြင်းအရာကို သတိပြုမိပုံမရပေ။ သူက အားလုံးကို ပြုံးပြပြီးနောက် သက်ပြင်းချလိုက်သည်။ "အိုင်းရား ဘာလို့ ကျုပ်ကို အဖက်မလုပ်ကြတာတုန်း။ တာအိုရောင်ရင်းတို့ ၊ ကျုပ် မန်ဟို ခင်ဗျားတို့အားလုံး ဒီနေရာမှာ အချီကြီးပွပါစေလို့ ဆုတောင်းပါတယ်။ အဲ့ဒီလိုမှ ကျုပ်လည်း နည်းနည်းပါးပါး အကျိုးအမြတ်ရမှာပေါ့"

ယခုတွင် အခြားသူများ၏မျက်ဝန်းထဲ၌ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေလေပြီ။ တချို့က ဒေါသပေါက်ကွဲတော့မည့်အလား ရှေ့တက်လာကြသည်။

မန်ဟိုကား ဤအချိန်အထိ သတိပြုမိပုံမရသေးပေ။ သူက ရှက်ကိုးရှက်ကန်း ပြုံးနေပြီး စိတ်မကောင်းပင် ဖြစ်နေပုံပေါ်သည်။ သို့သော် တစ်ဖက်လူ၏အမြင်တွင်တော့ သူသည် တမင်တကာ ကြွားလုံးထုတ်နေကြောင်း သိသာပြီး နည်းနည်းပါးပါး ပညာပေးသင့်သော ပုံစံမျိုးဖြစ်သည်။ သူ့မျက်နှာတိမျက်နှာထားမှာ သေမင်းကိုပင် လက်ယှက်ခေါ်နေသည့်အတိုင်းပင်။

လျိုကျစ်ချွမ်းတစ်ယောက်သာလျှင် ရင်တဒိန်းဒိန်း ခုန်နေပြီး စိတ်ထဲတွင် အော်နေ၏။

"ရွံစရာကောင်းလိုက်တာ။ ယုတ်မာလိုက်တာ။ ဒီမေဘေးကတော့ ... ဒီမေဘေးကတော့ ငါ လုံးဝရန်မစသင့်တဲ့ အကောင်ပဲ။ သေချာပေါက် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အထိ အစွမ်းထက်လာတာတောင် ကြွားလုံးထုတ်နေသေးတယ်...

"ဒီကောင် သေချာပေါက် ... သူများတွေ သူ့ကို တိုက်ခိုက်အောင် ရန်စနေတာပဲ" ဤအခိုက်အတန့်တွင် လျိုကျစ်ချွမ်းမှာ စောစောက သူ၏အခြေအနေကို ပြန်မတွေးမိဘဲ မနေတော့ပေ။ ဤလူတချို့သာ ယခု မန်ဟို့ကို တိုက်ခိုက်လိုက်လျှင် သူတို့လည်း ထိုသို့သနားစရာအခြေအနေနှင့်သာ အဆုံးသတ်ရမည်ဖြစ်ကြောင်း သိလိုက်ရ၏။

သူ့မှာ မန်ဟို့အပြုံးကို ကြည့်လေလေ ၊ ထိုအပြုံးမှာ ကြောက်စရာကောင်းလာလေလေ ဖြစ်တော့သည်။ သို့သော် တစ်ချိန်တည်းမှာပင် ဤလူများ သူ့လိုအဖြစ်မျိုး ရောက်မည်ကိုလည်း ကြည့်ချင်နေ၏....

"ညီအစ်ကိုတို့" မန်ဟိုက ဆက်ပြောသည်။ "ဒုတိယပြင်ညီမှာတုန်းက ကျုပ်ကြောင့် ခင်ဗျားတို့အားလုံး စိတ်မချမ်းမသာဖြစ်ခဲ့တာ သိပါတယ်။ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ဗျာ။ အခု တတိယပြင်ညီကို ရောက်နေကြပြီမလား။ အကုန်လုံး တညီတညွတ်တည်း အလုပ်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ညီအစ်ကိုတို့၊ ကျုပ် ကံ‌ကြမ္မာကောင်းများများ ရမရဆိုတာ ခင်ဗျားတို့အားလုံးအပေါ် မူတည်နေပါတယ်ဗျာ"

မန်ဟိုက စကားပြောပြီးနောက် ရှိခိုးမတတ် ကျေးဇူးတင်နေသော ပုံစံဖြင့် လက်နှစ်ဖက်ပင် ယှက်ပြီး သူတို့ကို အရိုအသေပေးလိုက်လေသည်။

အရိုအသေပေးလိုက်သည့် အပြုအမူက ကျီရှောင်ရှောင်အပါအဝင် လူတိုင်းအား အံတင်းတင်း ကြိတ်လိုက်မိစေသည်။ လျိုကျစ်ချွမ်းမှာမူ မျက်နှာမဲ့ရုံသာ မဲ့သွားသော်လည်း ကျန်ရှိသူများမှာ မီးကုန်ယမ်းကုန် ပေါက်ကွဲတော့မည့်အလားပင်။

"ဪ ပြီးတော့ ..." မန်ဟိုက ကိုယ်ကို ပြန်မတ်ပြီး ခပ်ပြုံးပြုံးဖြင့် ဆက်ပြောတော့မည့်အချိန်မှာပင် မြောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူတစ်ယောက်မှာ သည်းမခံနိုင်တော့ပေ။ သူက ဒေါသမီးပွင့်သွားပြီး ရှေ့တက်၍ ဟိန်းဟောက်လိုက်သည်။

"ပိတ်ထားစမ်း မအေဘေး။ ဒီတော့ မင်း ငါတို့ကို ဒုတိယပြင်ညီမှာတုန်းက ဒုက္ခပေးခဲ့တာ ဝန်ခံပြီပေါ့လေ"

မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူ ရှေ့တက်လိုက်သည်နှင့်တစ်ပြိုင်နက် လျိုကျစ်ချွမ်း၏မျက်လုံးများ ပြူးကျယ်သွားပြီး မျှော်လင့်ချက်များဖြင့် ပြည့်လာတော့သည်။

"လုပ်ပစ် အဲ့ဒီအကောင်ကို သေအောင်ရိုက်ပစ်" သူက စိတ်လှုပ်တရှား တွေးနေသည်။

မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူက မဲ့ရွဲ့နေသော မျက်နှာထားဖြင့် မန်ဟို့အနားကပ်သွားသည်။ သူက ညာလက်ကို မြှောက်ကာ မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီး မန်ဟိုဆီ တွန်းထုတ်လိုက်၏။

တစ်ချိန်တည်းမှာပင် မြောက်ပိုင်းသဲကန္တာရမှ နောက်ထပ်ကျင့်ကြံသူတစ်ယောက်နှင့်အတူ ကျီမျိုးနွယ်ဝင်တစ်ယောက် ရှေ့ထွက်လာသည်။ သူတို့၏မီးဝင်းဝင်းတောက်နေသော မျက်လုံးများက မန်ဟို့အပေါ် ကျရောက်လာ၏။

မန်ဟို့မျက်နှာမှာတော့ နောက်တစ်ဖန် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြန်သည်။

(၁).. မန်ဟို့ ဝိညာဉ်ခန္ဓာတွေနဲ့ သက်တမ်းနဲ့ပတ်သက်ပြီး မရှင်းကြမှာစိုးလို့ ‌သိသလောက် ပြောပြချင်ပါတယ်။ မန်ဟိုက သက်တမ်းကို ဆေးလုံးစားပြီး ပြန်ဖြည့်လို့ရပါတယ်။ ဝိညာဥ်ခန္ဓာထဲ ဝင်ရောက်ထားတဲ့ အချိန်မှာ သူ့သက်တမ်းက လျော့နေမှာပါ။ ဒါပေမဲ့ ပြန်ထွက်လိုက်တာနဲ့ ပုံမှန်ပြန်ရောက်သွားတယ်။ အကယ်လို့ သက်တမ်းလျော့သွားရင်လည်း ဆေးလုံးစားပြီး ပြန်ဖြည့်တာပေါ့ ‌။ ဆေးလုံးကိုကျ ကြေးမုံနဲ့ ပွားပါတယ်။ ဒါပေမဲ့ သက်တမ်းက နှစ်(၁၀၀၀)ကို မကျော်နိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆေးလုံးဘယ်‌လောက်စားစား 'စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် မရောက်ဘဲ နှစ်(၁၀၀၀)ထက် ပိုမနေနိုင်' ဆိုတဲ့ တားမြစ်ချက်ကို မကျော်နိုင်လို့ပါ

***

All Chapters