← Chapters

မင်းတို့ကြောင့် ငါ စိတ်ထိခိုက်ရတယ်

Vol. 44 Ch. 608

မင်းတို့ကြောင့် ငါ စိတ်ထိခိုက်ရတယ်

Vol. 44 Ch. 608

မန်ဟို၏ မျက်နှာအပေါ်၌ ရှက်ကိုးရှက်ကန်းအမူအရာပေါ်လာသည့်အချိန်မှာပင် သူ့ညာလက်ဝါးက လေပေါ် မြောက်တက်သွားခဲ့လေပြီ။ ၎င်းသည် မြောက်ပိုင်းသဲကန္တာရမှ လူထွားကြီးအတွက် တုံ့ပြန်ရန် အချိန်မရလောက်အောင် လျင်မြန်သော အမြန်နှုန်းဖြင့် ရွေ့လျားသွားပြီး ထိုလူ့ပါးအား ဖြတ်ရိုက်‌တော့သည်။

ဖြန်းးးးးးးး ။ လူထွားကြီးမှာ တောင်ကြီးတစ်လုံးဖြင့် နားပန်ကျင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။ သူ့စိတ်မှာလည်း လည်ထွက်သွား၏။

အမှန်ဆိုလျှင် ရိုက်ချက်က လူထွားကြီးအား ပျံထွက်သွားစေမည် ဖြစ်သော်လည်း နောက်ဆုံးအခိုက်အတန့်တွင် မန်ဟိုက လူထွားကြီး၏ ခေါင်းကို ဆွဲ၍ မြေကြီးနှင့် ဆောင့်ချပစ်လိုက်သည်။

လူထွားကြီးမှာ ပထမဆုံး မြောက်တက်သွားပြီးနောက် မြေကြီးနှင့် မိတ်ဆက်သွားရာ ဝုန်းခနဲ မြည်သံကြီး ပဲ့တင်ထပ်သွားတော့၏။ မန်ဟိုက မျက်နှာအပေါ်တွင် နေရာယူထားဆဲဖြစ်သော ရှက်ကိုးရှက်ကန်းအမူအရာဖြင့် ညာခြေကို လေပေါ်မြှောက်ပြီးနောက် လူထွားကြီးကို နင်းချလိုက်လေသည်။

နင်းလိုက်သံကြီး ဟိန်းထွက်သွားသည့်အချိန်မှာပင် လူထွားကြီးက ဒေါသတကြီး ရုန်းကန်၏။ သူက ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားတို့ ထုတ်ဖော်လိုက်ကာ ပြန်တိုက်ခိုက်ရန် ကြိုးစားလေသည်။ သို့သော် မန်ဟို့ အပြင်အားကိုယ်၏ ကြောက်ခမန်းလိလိစွမ်းအားကြောင့် သူ့မှာ ငယ်သံပါအောင် အော်ရင်း မျက်စိတစ်မှိတ်အတွင်း အောက်ပြန်ကျသွားတော့သည်။

မန်ဟိုက ထိုလူ၏ခေါင်းကို ဆွဲပြီး မြေကြီးအပေါ် ဆောင့်ချလိုက်သဖြင့် သူ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားလေသည်။

"ကိုယ်ဖြစ်ကိုယ်ခံဖို့ အသင့်ပဲလား" မန်ဟိုက ဒေါသတကြီး ဆိုသည်။ သူက ‌ထိုလူ၏ခေါင်းကို မြေကြီးနှင့် ထပ်ဆောင့်လိုက်ပြန်၏။

"ငါက မင်းတို့တွေကို ဝမ်းသာစကား ပြောနေတာလေ။ တကယ် ဝမ်းသာတာပါ မင်းတို့တွေအတွက်။ ဒါမဲ့ ပြန်လိုက်ရတာက မင်း ငါ့ကို သတ်ချင်နေတာကိုပေါ့ ဟုတ်လား" မန်ဟိုက ထိုလူ၏ခေါင်းကို မြေကြီးနှင့် ဆောင့်ချလိုက်ပြန်သည်။ လူထွားကြီးမှာ ကူပါကယ်ပါ စူးစူးဝါးဝါး အော်ဟစ်ငိုကြွေးနေပြီး တစ်ကိုယ်လုံးလည်း တဆတ်ဆတ် တုန်နေတော့သည်။ ထိတ်လန့်တုန်လှုပ်နေသောအမူအရာက သူ၏မျက်နှာကို ဖုံးလွှမ်းနေပြီး ‌သတိလစ်မတတ် ရိုက်ခံနေသဖြင့် သူ၏နှလုံးခုန်သံများမှာ ဝရုန်းသုန်းကား ဖြစ်နေလေသည်။

"ဒါက မှားတယ်ကွ" မန်ဟိုက ပြောသည်။ "ဒါ အကျင့်ပျက်ပြားတာပဲ" သူက လေပေါ် ခုန်တက်ပြီးနောက် လူထွားကြီးအပေါ် ခြေဆောင့်နင်းလိုက်ရင်း သူ၏ခြေရာများအား ချန်ရစ်နေသည်။

လူထွားကြီးခမျာ ဒေါသတကြီး အော်ဟစ်ရင်း လက်နှစ်ဖက်ဖြင့် ခေါင်းကို ကာထားရ၏။

"မင်းက မင်းအတွက် ဘာကောင်းလဲဆိုတာတောင် မသိဘူး။ ဒီလိုပြုမူတာ မှန်သလား ဟမ်။ ငါက မင်းကို ဝမ်းသာအားရနဲ့ ဂုဏ်ပြုပေးတာလေ။ မင်းက ငါ့စေတနာကို စော်ကားတယ်" မန်ဟို လူထွားကြီးကို ရက်ရက်စက်စက် နင်းနေသော မြင်ကွင်းက လျိုကျစ်ချွမ်း၏မျက်လုံးများကို ‌စိတ်လှုပ်ရှားမှုများဖြင့် တလက်လက် တောက်ပနေစေတော့သည်။ တစ်ယောက်တည်း ကံဆိုးရသည်ထက် အဖွဲ့လိုက်ကံဆိုးရသည်က ခံသာသေးသည် မဟုတ်ပါလော။

အားလုံးအထဲ အကြောက်ဆုံးဖြစ်‌နေသူများမှာ စောစောက ရှေ့ထွက်လာခဲ့မိသော မြောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူနှင့် ကျီမျိုးနွယ်ဝင်ပင်။ သူတို့နှစ်ယောက်လုံး တိုက်ခိုက်ရန် ‌ထွက်လာခဲ့ကြသော်လည်း မျက်ဝါးထင်ထင် မြင်နေရသော မြင်ကွင်းကြီးက သူတို့ကို ခေါင်းနပန်းကြီးလာစေတော့သည်။

နှစ်ယောက်သား နောက်ဆုတ်တော့မည့်အချိန်မှာပင် မန်ဟိုက နာကျင်ခံစားနေရသော မျက်နှာထားဖြင့် သူတို့ကို မော့ကြည့်လာသည်။

"မင်းတို့‌တတွေ ငါ့ကို အဲ့ဒီလောက်မုန်းလား" သူက ပြောသည်။ "ငါက မင်းတို့အားလုံး အဆင်ပြေ‌ ချောမွေစေဖို့ ဆုတောင်းပေးနေတာလေ။ ဒီကောင်တစ်ယောက်ပဲ ကျေးဇူးမသိတတ်ရင် ထားပါဦး။ ဒါပေမဲ့ ကြည့်ရတာ ... မင်းတို့နှစ်ကောင်လည်း ငါ့စိတ်ရင်းအတွက် ကျေးဇူးမတင်ဘူးထင်တယ်" သူ့ပုံစံမှာ စိတ်ထိခိုက်နေခြင်းကြောင့် ဝေခွဲမရဖြစ်နေပုံ‌ ပိုပိုပေါက်လာသည်။ ကျင့်ကြံသူနှစ်ယောက်မှာ ပို၍ပင် ခေါင်းနပန်းကြီးလာသည်နှင့်အမျှ နောက်ဆုတ်သွားတော့သည်။ သို့သော် ထိုအခိုက်အတန့်တွင် မန်ဟိုက ညာလက်ကို မြှောက်ပြီး ဖမ်းဆုပ်သည့် လှုပ်ရှားမှုလုပ်လိုက်သည်။

"မင်းတို့တွေ သေသေချာချာ ရှင်းပြကြစမ်း။ မဟုတ်ရင် ဘယ်မှ သွားရမယ်မထင်နဲ့" မန်ဟို၏ ဖမ်းဆုပ်သည့်လှုပ်ရှားမှုက သူတို့၏ခန္ဓာကိုယ်များကို ထိန်းချုပ်မရ‌အောင် ဖြစ်သွားစေကြောင်း တွေ့လိုက်ရသဖြင့် နှစ်ယောက်သား တုန်လှုပ်သွားကြတော့သည်။ သူတို့မှာ မန်ဟို့ဆီ အဆွဲခံလိုက်ရကာ သူက နှစ်ယောက်လုံးကို အားကုန်ဖြတ်ရိုက်လိုက်သည်။ သူတို့ မြေကြီးနှင့် မိတ်ဆက်သွားပြီးနောက်တွင် သူက သူတို့အပေါ်သို့ ဆောင့်ကာ ဆောင့်ကာ နင်းနေဆဲဖြစ်၏။

"ဘာလို့လဲ" မန်ဟိုက စိတ်ထိခိုက်နေသော လေသံဖြင့် ဟိန်းဟောက်လိုက်သည်။ သူသည် ကျီမျိုးနွယ်ကို ဆွဲပြီး မြေကြီးနှင့် ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ဆောင့်တိုက်ပစ်၏။ ကျီမျိုးနွယ်ကျင့်ကြံသူမှာ စိတ်တိုနေသော်လည်း သူ့တွင် ကျင့်ကြံခြင်းအခြေခံစွမ်းအား မည်မျှ ရှိပါစေ၊ အသုံးပြုနိုင်သော မှော်ပစ္စည်းမည်မျှ ရှိပါစေ မန်ဟိုထံမှ ‌ရိုက်ချက်လေးအနည်းငယ်က အကုန်လုံးအား ပျက်စီးသွားစေမည်ဖြစ်သည်။ ကျီမျိုးနွယ်ဝင်မှာ ယခုတွင် အံ့ဩလွန်း၍ အသက်ပင်မရှူနိုင်တော့ပေ။

သူ အံ့ဩမှင်သက်နေဆဲ ရှိစဉ် မန်ဟိုက သူ့ခေါင်းကို ဆွဲပြီး သူ၏မျက်နှာအား မြေကြီးနှင့် မိတ်ဆက်သွားစေပြန်၏။

မြောက်ပိုင်းသဲကန္တာရမှ ကျန်ကျင့်ကြံသူမှာ စူးစူးဝါးဝါး အော်ဟစ်နေသည်။ သူသည် ကျီမျိုးနွယ်ဝင်နှင့် မြောက်ပိုင်းသဲကန္တာရမှ တခြားကျင့်ကြံသူတို့ မန်ဟို့လက်ထဲတွင် ကြက်ကလေးငှက်ကလေးသဖွယ် ပြုသမျှ နုနေရသည်ကို မျက်လုံးကြီးပြူးလျက် ကြည့်နေ‌ရလေသည်။ ထိုလူမှာ ကြောက်လွန်း၍ အသက်ချမ်းသာပေးရန် စတင်တောင်းဆိုတော့သည်။

သို့သော် သူ့မှာ မန်ဟို့လက်မှ မလွတ်ပေ။ မန်ဟို ခုန်လိုက်တိုင်း သုံးယောက်သား မချိတင်ကဲ အော်ရပြီး သွေးများ ဘေးပတ်ဝန်းကျင်သို့ လွင့်စင်သွားမည်ဖြစ်သည်....

"မင်း ငါ့ကို စိတ်ထိခိုက်အောင်လုပ်ပြီး ဒီတိုင်း လွတ်သွားမယ် ထင်လား" မန်ဟိုက အော်သည်။ "လုံးဝ ခွင့်မလွှတ်နိုင်ဘူး။ ငါ စိတ်ရင်းနဲ့ ဆက်ခံပေးခဲ့ရတာကို" မန်ဟို ရိုက်နှက်ကန်ကျောက်နေသော မြင်ကွင်းက ကြည့်နေရသူများအား ကြောက်ဒူးတုန်နေစေတော့သည်။ ကျီမျိုးနွယ်စုမှ ကျန်ရှိသူများ အပြင် မြောက်ပိုင်းသဲကန္တာရမှ ကျန်ကျင့်ကြံသူနှစ်ယောက်မှာ အသက်ပင်မရှူနိုင်တော့ပေ။ အဆုံးစွန်အထိ တုန်လှုပ်နေသောအမူအရာများအား သူတို့၏မျက်နှာများအပေါ်တွင် မြင်ရနိုင်၏။

သူတို့မှာ စောစောက စိတ်လိုက်မာန်ပါ မလှုပ်ရှားခဲ့မိခြင်းအတွက်လည်း ကံကောင်းသည်ဟု တွေးနေမိကြလေသည်။ အထူးသဖြင့် ရှေ့တက်လုနီးပါးဖြစ်ခဲ့သူများပင်။ သူတို့မှာ ကပ်ဆိုးကြီးကို ရှောင်တိမ်းခဲ့နိုင်သည့်အလား ခံစားနေရတော့၏။

မန်ဟိုကို ကြည့်နေကြစဥ် သူတို့၏မျက်လုံးများမှာ တစ်ခါမှ မမြင်ခဲ့ရဖူးသော အကြောက်တရားတို့ဖြင့် ပြည့်နှက်နေတော့သည်။ ထိုအကြောက်တရားမှာ ဒုတိယပြင်ညီမှာတုန်းက ခံစားခဲ့ရသည်ထက်ပင် အကြီးအကျယ် ဆိုးရွားလေ၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာ တတိယပြင်ညီတွင်လည်း ...အနိုင်ကျင့်ခံနေရသည်ဟု သူတို့ သဘောပေါက်လိုက်၍ပင်။

ကျီရှောင်ရှောင်မှာ မျက်လုံးကလေးပြူးနေပြီး ရင်တဒိန်းဒိန်းခုန်နေ၏။ သူမသည် မန်ဟိုကို ကြည့်ရင်း စိတ္တဇအရူးကြီးတစ်ယောက်ကို ကြည့်နေသည့်အလား ခံစားနေရတော့သည်။

အဆိုပါခံစားချက်ကြီး ပေါ်ပေါက်လာသည့်အခါ ကြောက်စိတ်တို့လည်း ဒွန်တွဲ ဖြစ်ပေါ်လာသည်။ ဒုတိယပြင်ညီမှာတုန်းက သူမမှတ်မိခဲ့သော မန်ဟိုဆိုသူမှာ ဤတတိယပြင်ညီအထိ နယ်ချဲ့လာခဲ့သည့်ပုံပင်။

လျိုကျစ်ချွမ်းက စိတ်လှုပ်ရှားနေသောအမူအရာဖြင့် ရပ်နေသည်။ စိတ်ထဲတွင်တော့ ဤသို့ အော်ဟစ်နေ၏။ "ရိုက်ပစ်။ သေအောင် ချပစ်"

မန်ဟိုက မခံမရပ်နိုင်အောင် စိတ်ထိခိုက်နေသောမျက်နှာထားဖြင့် သုံးယောက်ကို ပယ်ပယ်နယ်နယ် ပညာပေးနေလေသည်။ ကျီရှောင်ရှောင်မဟုတ်သော ကျီမျိုးနွယ်ဝင်နှစ်ယောက်မှာ ချီတုံချတုံ ‌ဖြစ်နေ၏။ သူတို့အထဲမှ အသက်ပိုကြီးသော တစ်ယောက်က အံတင်းတင်းကြိတ်ကာ ပြောသည်။ "အစ်ကိုကြီးမန် ... သူတို့ မှားတာ မှန်ပေမယ့် .... ဒါ ပထမဆုံးအကြိမ်ဆိုတော့လေ....."

"ဟုတ်တယ်" မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများထဲမှ တစ်ယောက်က ပြောသည်။ "အစ်ကိုကြီးမန် ဒီတိုင်းဆက်ရိုက်နေမယ်ဆိုရင် သူတို့ သေသွားလိမ့်မယ်ဗျ..."

ထိုလူပြောသည့်အတိုင်းပင် ကလန်ကဆန်လုပ်မိသူသုံးယောက်မှာ သွေးတို့စိုရွဲလျက် အသက်မနည်းရှူရင်း မန်ဟို့ဘေးတွင် လဲနေ‌ပြီ။ ကျင့်ကြံသူများဖြစ်သည့်တိုင် သူတို့မှာ သေလုမျောပါး အရိုက်ခံထားရလေသည်။

"မင်းရော စေတနာကို စော်ကားချင်တာလား" မန်ဟိုက ပထမဆုံးစကားစခဲ့သော ကျီမျိုးနွယ်ကျင့်ကြံသူကို မော့ကြည့်ရင်း မေးသည်။

ထိုအကြည့်က ကျီမျိုးနွယ်ကျင့်ကြံသူကို တုန်ရီလာစေသည်။ သူက ကပျာကယာ နောက်ဆုတ်ပြီးနောက် ဒေါသတကြီး အော်လိုက်သည်။ "ဒီကောင်တွေက လွန်လွန်းတယ်။ ကျုပ် ဘဝမှာ အမုန်းဆုံးက စေတနာကို စော်ကားတဲ့ကောင်တွေပဲ။ အစ်ကိုကြီးမန် စိတ်တိုင်းကျသာ ရိုက်ဗျာ။ ကျုပ်ကို ဂရုစိုက်‌မနေနဲ့"

မြောက်ပိုင်းသဲကန္တာရမှ ဒုတိယစကားပြောသူဖြစ်သည့် ကျင့်ကြံသူမှာမူ ပို၍ပင် ‌ဂနာမငြိမ်ဖြစ်လာ၏။ သူ ထူပူပြီး ပျာယာခတ်နေသည့်အချိန်မှာပင် မန်ဟိုက သူ့ကို ဖြေးဖြေးချင်း လှမ်းကြည့်လာသည်။ ထိုလူမှာ မဆိုင်းမတွ အော်လိုက်တော့၏။ "အစ်ကိုကြီးမန်၊ လူယုတ်မာတွေကို ရှင်းပစ်ပြီး လူကောင်းတွေကို ကာကွယ်ပေးပါ။ ကျုပ်ဖြင့် အခုလို ခမ်းနားတဲ့ ခံယူချက်တွေနဲ့ အစ်ကိုကြီးမန်လို လူမျိုး အမှန်တကယ် ဖြစ်ချင်မိပါတယ်"

ဘေးရှိ လျိုကျစ်ချွမ်း၏ရင်ထဲ၌ ရွှံရှာမှုတို့ ပြည့်နှက်နေသည်။ သူသည် ဤလူများထက် ပိုအစွမ်းထက်သည်ဟု သူ့ကိုယ်သူ ခံစားနေဆဲဖြစ်လေသည်။

မန်ဟို့မျက်နှာအပေါ်၌ ရှက်ကိုးရှက်ကန်းအမူအရာ ပေါ်လာပြန်သည်။ သူ၏ညာခြေထောက်က ‌ထပ်နင်းရန်ပြင်ရင်း လေပေါ် မြောက်တက်သွား၏။ အောက်တွင် လက်နှစ်ဖက်ဖြင့် ခေါင်းကို ကာထားသော ကျီမျိုးနွယ်ဝင်မှာ ရုတ်တရက် သူ့အတွက် အချိန်ကျရောက်လာခဲ့ပြီဟု ခံစားလိုက်ရလေသည်။

"တာအိုရောင်ရင်းမန် ၊ နား ... နားထောင်ပါဦး။ ကျွန်‌... ကျွန်တော့် ဝေစုရဲ့ ၆၀ ရာခိုင်နှုန်းပေးပါ့မယ်"

ဤစကားကို ကြားသည်နှင့်တစ်ပြိုင်နက် မန်ဟို့ခြေထောက်က တုံ့ခနဲ ရပ်သွားသည်။ သူက ထိုလူ၏စကားကို ဘဝင်ကျသွားသည့်အလား ခါးကိုင်း၍ ထိုလူ၏ပခုံးကို ရှက်ကိုးရှက်ကန်း ပုတ်လိုက်သည်။

"ညီလေး ... ဪ သိပ်တော်တဲ့ ညီလေး" သူက ပြောသည်။ "ငါ ပြောတော့ မပြောချင်ပေမယ့် ငါ့မှာ ငါ့စည်းကမ်းနဲ့ငါရှိတာ သိတယ်မလား။ ၈၀ ရာခိုင်နှုန်းဆို ဘယ်လိုလဲ။ မရဘူးလား ။ မရလဲ ထားပါတော့..."

"ဗျာ" ကျီမျိုးနွယ်ဝင်၏မျက်နှာမှာ သွေးတို့လည်းရွဲနေသလို အံ့လည်း အံ့ဩနေ၏။ သူ တစ်စုံတစ်ခု ပြောတော့မည့်အချိန်မှာပင် မြောက်ပိုင်းသဲကန္တာရမှကျင့်ကြံသူတစ်ယောက်က အော်လိုက်သည်။

"၈၀ ရာခိုင်နှုန်း။ အစ်ကိုကြီးမန် ၊ ကျွန်တော့်ဝေစုရဲ့ ၈၀ ရာခိုင်နှုန်းက အစ်ကိုကြီးအပိုင်ပါ"

ဤသည်ကို ကြားသော် မန်ဟိုက ကျီမျိုးနွယ်ဝင်ကို ချက်ချင်း မြေကြီးပေါ် ပစ်ချပြီး မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူကို တွဲထူလိုက်၏။ ယခုတွင် သူ့ပုံစံမှာ ပို၍ပင်ရှက်လာပြီး အားတုံ့အားနာဖြစ်နေသယောင်ပင်။

"ဒီလိုစေတနာပါလွန်းတော့လည်း အပြစ်ရှိသလို ခံစားရတယ်ကွာ ငါ့ညီရာ" မန်ဟိုက ပြောသည်။ "သိပ်ကောင်းတယ်။ မင်းက ငါ့ကို ဒီလောက်ယုံတော့လဲ မင်း ကံကောင်းပါစေလို့ စိတ်ရင်းနဲ့ ဆုတောင်းပေးပါတယ်။ ကျေးဇူးပြုပြီး တတိယပြင်ညီမှာ အများမှအများကြီးရအောင် ရှာခဲ့နော်..."

မြောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူခမျာ ငိုချင်သော်လည်း မျက်ရည်က ကျမလာ။ သူက မန်ဟိုကို ကြည့်ပြီး ဂရုတစိုက် ခေါင်းညိတ်လိုက်၏။

‌စောစောက ပစ်ချခံလိုက်ရသော ကျီမျိုးနွယ်ဝင်မှာ ရုတ်တရက် ‌ထအော်သည်။ "၈၀ ရာခိုင်နှုန်း။ ကျွန်တော်လည်း ၈၀ရာခိုင်နှုန်း ပေးမယ်"

ကျန်သုံးယောက်လည်း အံတင်းတင်းကြိတ်ပြီး ထိုနည်းတူ အော်လိုက်ကြသည်။

မန်ဟိုမှာ သိသိသာသာ ရင်ထဲထိသွားပုံဖြင့် သူတို့အားလုံးကို တွဲ‌ထူပေးလိုက်၏။

"တာအိုရောင်ရင်းတို့ ၊ ခင်ဗျားတို့ စေတနာအတွက် တကယ် ကျေးဇူးတင်ပါတယ်" သူက ခံစားချက်အပြည့်နှင့် သက်ပြင်းချလိုက်သည်။ "စိတ်တော့ မကောင်းပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့အားလုံး ပြောမှတော့ ရပါတယ် ၊ ရပါတယ်။ လက်ခံပေးရမှာပေါ့" သူ၏ အကြည့်အရ မန်ဟိုမှာ မိုးကောင်းကင်အောက်တွင် လူကောင်းများ အမှန်တကယ်ရှိကြောင်း ခံစားနေရပုံပေါက်နေသည်။

ကျင့်ကြံသူသုံးယောက်မှာ ယိုင်တီးယိုင်တိုင် ရပ်ရင်း မန်ဟိုကို ကြည့်နေသည်။ သူတို့သည် စိတ်ထဲတွင် သူ့ကို မိုးမွှန်အောင် ဆဲနေကြသော်လည်း မျက်နှာအပေါ်တွင်တော့ နည်းနည်းလေးမှ မပြရဲပေ။ ဤအခိုက်အတန့်တွင် သူတို့တွင် မန်ဟို့အား ချီးထွက်ကျမတတ် ကြောက်နေပြီဖြစ်၏ ။

ကျန်ရှိသူတိုင်းမှာ ကြည့်ရုံကြည့်လေး ကြည့်နေခဲ့ရသော်လည်း ဤသုံးယောက်မှာတော့ နဖူးတွေ့ဒူးတွေ့ ကြုံခဲ့ရခြင်းပင်။ မန်ဟို့ ရိုက်ချက်တိုင်းက မှော်သိုင်းလှိုင်းလေးတစ်လှိုင်းပင် မပါခဲ့ပေ။ အကုန်လုံးက သူ၏အပြင်အားကိုယ်မှ စွမ်းအားသာ ဖြစ်ခဲ့၏။

သူသည် သူတို့အားလုံး ပြန်တိုက်ခိုက်နိုင်သည့် အခွင့်အရေးလေးတစ်ခုမှ မရအောင် သူ၏အပြင်အားကိုယ်စွမ်းအားတစ်ခုတည်းကိုသာ အသုံးပြုခဲ့၏။ ပို၍ ထူးဆန်းသည်မှာ သူ၏လက်သီးနှင့် ခြေထောက်တို့က သူတို့၏မှော်သိုင်းများကို လုံးဝကွဲကြေသွားစေခဲ့ခြင်းပင်။

ထိုကဲ့သို့ ကြောက်ခမန်းလိလိ အပြင်အားကိုယ်မှာ မည်သူ့ကိုမဆို ‌ကူကယ်ရာမဲ့သွားစေနိုင်သည်။ မန်ဟို့မျက်နှာအပေါ်တွင် မြင်နေရသော ရှက်ကိုးရှက်ကန်းအမူအရာမှာ နောင်တွင် သူတို့အတွက် အဆိုးဆုံး အိပ်မက်ကြီးဖြစ်လာလိမ့်မည်။

သူတို့သုံးယောက်မှာ မန်ဟိုအား လက်ယှက်အရိုအသေပေးရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ထို့နောက် သူတို့အဖွဲ့သားများ၏ အကူအညီဖြင့် နဂိုနေရာသို့ ထော့နဲ့ထော့နဲ့ လျှောက်သွားကြသည်။ မန်ဟိုက လေးနက်သောမျက်နှာထားဖြင့် ကျီရှောင်ရှောင်ကို ကြည့်လေ၏။ သူမမှာ ကြက်သီးတဖြန်းဖြန်း ထသွားပြီး ရုတ်တရက် ပို၍စိတ်လှုပ်ရှားလာတော့သည်။ မည်သူမှ နားလည်မည်မဟုတ်သော်လည်း ကျီမင်ဖုန်း၏အလောင်းထံ ခေါ်သွားပေးမည်ဆိုသော သူမ၏ကတိကို မန်ဟို သတိပေးလိုက်ခြင်းဖြစ်ကြောင်း ကျီရှောင်ရှောင် ကောင်းကောင်းသိလိုက်၏။

အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသည်။ လူတိုင်းသည် တားမြစ်မန္တန်ဝင်္ကပါကို ခေါင်းထဲမရှိတော့ဘဲ တိတ်ဆိတ်စွာ ရပ်နေကြ၏။ သူတို့အားလုံးက မန်ဟို့ကို ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြလေသည်။

မန်ဟိုကမူ တားမြစ်မန္တန်ဝင်္ကပါကို တခဏ လှမ်းကြည့်၏။ ထို့နောက် အိမ်နှင့် မပုပ်သိုးသေးသော အလောင်းကို အကဲခတ်လိုက်သည်။ ရုတ်တရက် အလောင်းကို မြင်ဖူးသလိုရှိကြောင်း သူ သတိထားမိလိုက်၏။

မန်ဟိုသည် ၎င်းကို ကြည့်ရင်း တခဏ တိတ်ဆိတ်နေလေသည်။ ထို့နောက် မည်သူဖြစ်ကြောင်း မှတ်မိလိုက်၍ သူ၏မျက်နှာမှာ အတန်ငယ် ညှိုးငယ်သွားလေသည်။ ဤအဘိုးကြီးသည် မန်ဟို့မှတ်ဉာဏ်ထဲတွင် လူငယ်တစ်ဦးပုံစံဖြင့် ရှိ၏။ ဒုတိယပြင်ညီမှာတုန်းက သူသည် ကျောတွင် တောင်ပံတစ်စုံနှင့် မိစ္ဆာအင်မိုတယ်ဂိုဏ်းသား၊ မန်ဟို့ လူပေါ်ကြော့မိတ်ဆွေတစ်ဦးဖြစ်ခဲ့လေသည်။

မန်ဟိုမှတ်မိသော သူ၏နာမည်မှာ .. ရီရွှမ်ကျစ် ဖြစ်၏။

မန်ဟိုက အတွေးနက်နေပြီးနောက် လက်နှစ်ဖက်ယှက်ကာ အလောင်းအား လေးလေးနက်နက် အရိုအသေပေးလိုက်သည်။ "တာအိုရောင်ရင်းရီရွှမ်ကျစ်" သူက ပြောသည်။ "ခင်ဗျားကတော့ ကျုပ်ကို မမှတ်မိ‌‌လောက်ပေမယ့် ကျုပ်ရဲ့မှတ်ဉာဏ်တွေထဲမှာတော့ ကျုပ်တို့နှစ်ယောက်က မိတ်ဆွေတွေပါ.... ခင်ဗျားရဲ့ စိတ်ဝိညာဉ်က မြေအောက်ကမ္ဘာမှာ ရှိနေသေးရင် ကျေးဇူးပြုပြီး တားမြစ်မန္တန်ဝင်္ကပါကို ဖွင့်ပေးပါ ။ ခင်ဗျား အေးအေးချမ်းချမ်း အနားယူရအောင် ကျုပ် မြှုပ်နှံပေးချင်ပါတယ်"

ဤအခိုက်အတန့်တွင် သူသည် မည်သည့်မှော်ပစ္စည်းကိုမှ တွေးမနေဘဲ အမှန်အတိုင်း ပြောနေခြင်းဖြစ်၏။ ဒုတိယပြင်ညီမှ သူ၏မိတ်ဆွေ ‌ငြိမ်းချမ်းစွာ အနားယူနိုင်အောင် သူမြှုပ်နှံပေးချင်သည်။

အချိန်အတန်ကြာသော် မန်ဟိုက ထရပ်လိုက်သည်။ သူသည် တားမြစ်မန္တန်ဝင်္ကပါ ပြောင်းလဲသွားသည်လား မစစ်ဆေးတော့ပေ။ စကားတစ်ခွန်းထပ်မဆိုဘဲ ထွက်ခွာရန် လှည့်လိုက်၏။ သို့သော် ဤအခိုက်အတန့်တွင် သူ့အနောက်ရှိ တားမြစ်မန္တန်ဝင်္ကပါမှာ ရုတ်တရက် တလက်လက် တောက်ပလာသည်။ အရောင်များ ဝေဝေဆာဆာ ဖြာထွက်သွားပြီး အက်ကြောင်းတစ်ကြောင်းကား အသံမထွက်ဘဲ ပွင့်လာခဲ့လေပြီ။

၎င်းသည် မန်ဟိုအတွက် ပွင့်လာခြင်းဖြစ်၏။

သူက တစ်ကိုယ်လုံး တုန်ရီလျက် ပြန်လှည့်ကြည့်လိုက်သည်။

လူတိုင်းမှာလည်း အံ့ဩမယုံကြည်နိုင်မှုတို့အပြည့်ဖြင့် မျက်လုံးများပြူး၍ ကြည့်နေကြလေသည်။

***

All Chapters