← Chapters

မျက်လုံးသုံးလုံး ကိုယ်လုပ်တော်

Vol. 44 Ch. 609

မျက်လုံးသုံးလုံး ကိုယ်လုပ်တော်

Vol. 44 Ch. 609

"တားမြစ်မန္တန်ဝင်္ကပါက ... အလိုလို ပွင့်လာပါလား"

"ဒါဆို မြေအောက်ကမ္ဘာမှာရှိတဲ့ စိတ်ဝိညာဉ်နဲ့ပတ်သက်ပြီး မန်ဟိုမှန်များ မှန်နေမလား"

"အဲ့ဒါသာ တကယ်ဆိုရင် ငါတို့ရော တားမြစ်မန္တန်ဝင်္ကပါတွေကို ဖွင့်ဖို့ ဒုတိယပြင်ညီက ပတ်သက်မှုတွေကို အသုံးပြုနိုင်မှာလား"

လူတိုင်းမှာ အံ့ဩမှင်သက်‌နေကြပြီး မည်သည်တို့ ဖြစ်ပျက်နေသည်လဲ မယုံနိုင်ကြပေ။

ဤဖြစ်ရပ်မှာ သူတို့စိတ်ကူးနိုင်စွမ်း၊ သူတို့နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ မရှုပ်ထွေးသယောင်ထင်ရသော်လည်း သေသေချာချာ ခွဲခြမ်းစိတ်ဖြာကြည့်လျှင် အတိုင်းထက်အလွန် ရှုပ်ထွေးသော ကံကြွေးသံသရာစက်ဝန်းတစ်ခုခု အလုပ်လုပ်နေကြောင်း သေချာ၏။

ဒုတိယပြင်ညီမှာ ... ပုံရိပ်ယောင်မဟုတ်ပါလော။

သို့ထိတိုင် ဒုတိယပြင်ညီတွင် ဖြစ်ပွားခဲ့သောအရာများနှင့် ထိုနေရာတွင် ဆုံတွေခဲ့ရသောလူများမှာ လက်တွေ့အစစ်အမှန်သဖွယ် ရသမြောက်လှပေသည်။ ၎င်းမှာ အဆုံးအစွန်အထိ ထူးခြားဆန်းပြားလှ၏။

လူတိုင်း ထိတ်လန့်တုန်လှုပ်အံ့ဩလျက် ရပ်နေကြသည့် အချိန်မှာပင် မန်ဟိုသည် တားမြစ်မန္တန်ဝင်္ကပါထဲရှိ အက်ကွဲကြောင်းကို ပြန်ကြည့်လိုက်၏။ တခဏကြာ တွေးပြီးသော် စိတ်ပိုင်းဖြတ်လိုက်သောအရိပ်အယောင်တစ်ခု သူ၏မျက်လုံးများတွင် ပေါ်ပေါက်လာသည်။ လူတိုင်း အသက်ပင်မရှူနိုင်ဘဲ ကြည့်နေကြစဉ် သူကား တားမြစ်မန္တန်ဝင်္ကပါထံသို့ လျှောက်သွား‌တော့သည်။ သူ၏ခန္ဓာကိုယ်က ဖျတ်ခနဲ အတွင်းသို့ ... ဝင်ရောက်သွားခဲ့လေပြီ။

သူ ဝင်လိုက်လျှင်ချင်း အက်ကွဲကြောင်းက တွန့်လိမ်ကောက်ကွေးသွားပြီး လျင်မြန်စွာ ပိတ်လာသည်။ မန်ဟိုကမူ တားမြစ်မန္တန်ဝင်္ကပါထဲတွင် ရပ်နေပြီဖြစ်၏။ သူသည် ယခုတွင် အပြင်လောကမှ ကြည့်နေကြသူများနှင့် သပ်သပ်စီ ကွဲထွက်သွားပြီ ဖြစ်သည်။

လူတိုင်း အံ့ဩမှင်သက်နေကြသည်ကို ဂရုမစိုက်ဘဲ သူက ရီရွှမ်ကျစ်၏အလောင်းကို ကြည့်ကာ တိတ်ဆိတ်စွာ ချဉ်းကပ်သွား၏။ သူသည် ထိုနေရာတွင် အတန်ကြာ ရပ်နေပြီးနောက် လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်လေသည်။ အရိုအသေပေးပြီးလျှင် အိမ်ဘေး၌ ကျင်းတစ်ကျင်း စတူးတော့သည်။

သူသည် ရီရွှမ်ကျစ်၏အလောင်းထဲ၌ ကျင်းဘေး၌ ဂရုတစိုက် နေရာချလိုက်၏။ ‌ပလွေနှင့် ဗုံကိုမူ သူ့အတွက် မယူဘဲ အလောင်းဘေးတွင် ထားလိုက်လေသည်။

"ရီရွှမ်ကျစ် ခင်ဗျား ကျုပ်ကို သိသိမသိသိ ၊ ကျုပ်ရဲ့ရင်ထဲမှာတော့ ကျုပ်တို့က မိတ်ဆွေတွေပဲ... ခင်ဗျား အေးအေးချမ်းချမ်း အနားယူနိုင်ပါစေ။ အကယ်လို့များ နောင်ဘဝကို ကူးပြောင်းခဲ့ရင် ... ကျုပ်တို့ ပြန်ဆုံတွေ့နိုင်ဖို့ ဆုတောင်းပါတယ်" သူသည် ကျင်းနက်ထဲရှိ အလောင်းကို ကြည့်ပြီး မျက်ဝန်းများ၌ ‌ဝမ်းနည်းကြေကွဲမှုတို့ ထင်ဟပ်လာ‌တော့သည်။ ဒုတိယပြင်ညီ၊ တခြားတောင်ထိပ်များမှ လူပေါ်ကြော့မိတ်ဆွေများနှင့် သူတို့အားလုံး အတူတူ သောင်းကျန်းရမ်းကားခဲ့ပုံများကို သူ ပြန်တွေးလိုက်မိသည်။

အချိန်အတော်လေးကြာသော် သူက သက်ပြင်းဖွဖွ ချလိုက်၏။ ကျင်းကို မြေဖို့တော့မည့်အချိန်တွင် ရုတ်တရက် ခရမ်းရောင်ဗုံမှ အသံတစ်သံ ထွက်သည်။ အသံမှာ နှလုံးခုန်သံသဖွယ် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပဲ့တင်ရိုက်ခတ်သွားလေသည်။

အာရုံစူးစိုက်လိုက်သဖြင့် မန်ဟို၏မျက်ခုံးနှစ်ဖက် တွန့်ချိုးသွားသည်။ သူ ခရမ်းရောင်ဗုံကို ကြည့်နေသည့်အချိန်မှာပင် ၎င်းသည် ခရမ်းရောင်ဖျော့ဖျော့ တောက်ပလာကာ ကျင်းအပြင်သို့ တဖြေးဖြေး ပျံတက်လာကာ သူ၏အရှေ့တွင် ဝဲနေ၏။

ဗုံက ခေါင်းတစ်ခေါင်းအရွယ်ရှိသည်။ ‌ဗုံခေါင်းမှာ အနက်ရောင်ဖြစ်ပြီး အနားများကို ခရမ်းရောင်ကွပ်ထား၏။ ‌မြင်သည်ဆိုရုံကလေး မြင်ရသည်မှာ ဗုံခေါင်းမှ ပျံ့လွင့်တက်လာသော မှိန်ဖျော့ဖျော့ မှော်သင်္ကေတများပင်။ ဗုံခေါင်းအပေါ်တွင် အရုပ်တစ်ရုပ်ကိုလည်း မြင်ရ၏။

အရုပ်သည် ရက်စက်ကြမ်းကြုတ်‌သော ပုံပန်းသွင်ပြင်နှင့် ဖားပြုတ်နက်ကြီးတစ်ကောင် ဖြစ်၏ ။ ၎င်း၏ လျှာအရှည်ကြီးက ပါးစပ်မှ ထွက်ကာ နဂါးနက်တစ်ကောင်ကို ရစ်ပတ်ထားသည်။

နဂါးနက်သည် ရုန်းကန်နေသော်လည်း ကြည့်ရသရွေ့ ဖားပြုတ်ကြီး ပြန်တိုက်ခိုက်နိုင်ပုံမရပေ။

၎င်းသည် သိသိသာသာပင် အရုပ်တစ်ရုပ်ဖြစ်သော်လည်း မန်ဟို ကြည့်လိုက်သောအခါ သက်ဝင်ရွေ့လျားနေသည့်အလား ခံစားလိုက်ရသည်။ ‌ဗုံခေါင်း၏ အခြားတစ်ဖက်တွင် နောက်ထပ်အရုပ်တစ်ရုပ်ရှိ၏။

ဤအရုပ်သည် ကြမ်းကြမ်းတမ်းတမ်း အကြေးခွံကြီးများနှင့် ဧရာမမိကျောင်းကြီးတစ်ကောင် ဖြစ်သည်။ ၎င်း၏ ပုံပန်းသွင်ပြင်မှာ အဆုံးအစွန်အထိ ရက်စက်ကြမ်းကြုတ်နေပြီး ပါးစပ်ကြီးဟကာ အသံမဲ့ဟိန်းဟောက်သံတစ်သံ ထုတ်လွှတ်လိုက်၏။

ဤဗုံကား ... လုံးဝ တမူထူးခြားပေသည်။

မန်ဟိုက အချိန်အတော်လေးကြာသည်အထိ တိတ်ဆိတ်နေပြီးနောက်မှ လက်လှမ်းလိုက်သည်။ ခရမ်းရောင်ဗုံသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး သူ၏လက်ဖဝါးအပေါ် သက်ဆင်းလာ၏။

၎င်း သူ့ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏စိတ်ထဲ၌ အုတ်အုတ်ကျက်ကျက် အသံတစ်သံ ကြားလိုက်ရသည်။ ၎င်းသည် ‌ဖားပြုတ်အော်သံ၊ နဂါးနက်တွန်သံနှင့် မိကျောင်းကြီး၏‌သွေးအေးမှုအလားပင်။

တခဏကြာသော် အကုန်လုံး ပုံမှန်ပြန်ဖြစ်သွားသည်။ သို့သော် အရာအားလုံး မှေးမှိန်ပျောက်ကွယ်နေစဉ် ဗုံ၏အသုံးပြုပုံမှာ သူ၏စိတ်ထဲတွင် တည်ရှိနေပြီဖြစ်ကြောင်း မန်ဟို သဘောပေါက်လိုက်၏။

ဖြစ်ပျက်နေသောအရာအား အပြင်ရှိ လူတိုင်းမြင်သောအခါ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်ကုန်ကြသည်။ သူတို့သည် သေမတတ် မနာလိုအားကျနေသော်လည်း မျက်နှာ‌အပေါ်တွင်တော့ မပြသပေ။

မန်ဟို ယခုလေးတင် ပြသသွားခဲ့သော ကြောက်မက်ဖွယ်ကောင်းပုံမှာ သူတို့၏စိတ်ထဲတွင် ဖျောက်ဖျက်မရအောင် စွဲထင်ကျန်နေပြီဖြစ်သည်။ သူ ချန်ရစ်ခဲ့သော ပုံရိပ်မှာ သူတို့၏စိတ်ထဲတွင် အမြဲတည်ရှိနေမည်ဖြစ်ပြီး ဘယ်တော့မှ ‌မဖယ်ရှားနိုင်တော့ပေ။

မန်ဟိုက ခရမ်းရောင်ဗုံကို တိတ်ဆိတ်စွာ သိမ်းလိုက်သည်။ ထို့နောက် သူက အလောင်းကို ကြည့်ပြီး နောက်တစ်ကြိမ် လက်ယှက်၍ ဦးညွှတ်လိုက်ပြန်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် ‌တာအိုရောင်ရင်း" သူက ပြောသည်။ "ကျုပ် ဒီပစ္စည်းနဲ့ မထိုက်တန်တာတွေ ဘယ်တော့မှ ဖြစ်ခွင့်မပေးပါဘူး" သူ စကားပြောနေစဉ် နွေးထွေးသောလေလေးတစ်ချက်က ပတ်ဝန်းကျင်ကို ကလူကျီစယ်သွားလေသည်။ မန်ဟို့ဆံပင်များ မြောက်တက်သွားပြီး လေထဲမှ တီတိုးပြောသံတစ်သံ ကြားလိုက်ရသယောင်ပင်။

နောက်ဆုံးတွင် သူသည် အလောင်းကို မြှုပ်လိုက်၏။ မြေပုံအသေးလေးပုံစံပေါ်အောင်‌ မြေကြီးများကို စုပုံပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ သစ်သားပြားတစ်ပြားအား ပျံသန်းလာစေလိုက်သည်။ သူက လက်ချောင်းဖြင့် သစ်သားအပေါ် စာရေးကာ ‌မြေပုံထဲသို့ ဖိစိုက်လိုက်၏။

ဤနေရာတွင် ရီရွှမ်ကျစ် အနားယူနေသည်။

"တာအိုရောင်ရင်း ခရီးလမ်းဖြောင့်ဖြူးပါစေ" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက် ချာခနဲ လှည့်၍ တားမြစ်မန္တန်ဝင်္ကပါသို့ လမ်းလျှောက်လာ၏။ သူသည် ပတ်ဝန်းကျင်ရှိ အခြားမည်သည့်အရာကိုမှ မနှောင့်ယှက်သလို၊ ရှာလည်း မရှာဖွေပေ။ ရီရွှမ်ကျစ်ကြောင့် ဤနေရာသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သူ၏အမှတ်တရများကြောင့် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သူ၏မိတ်ဆွေကို မြှုပ်နှံဖို့မှတစ်ပါး အခြားရည်ရွယ်ချက်မရှိ။

မန်ဟို အနားရောက်လာစဉ် တားမြစ်မန္တန်ဝင်္ကပါမှာ တဖျပ်ဖျပ်လက်လာပြီး အက်ကွဲကြောင်းက နောက်တစ်ဖန် ပေါ်လာ၏။ သူ လျှောက်ထွက်သွားသည်နှင့် အက်ကွဲကြောင်းက ပြန်ပိတ်သွားသည်။ လူတိုင်းမှာ ထူးဆန်းနေသော အမူအရာများဖြင့် မန်ဟိုကို ကြည့်နေကြလေပြီ။

သူတို့၏ရင်ထဲတွင် မန်ဟိုသည် အမှန်တကယ် ပဟေဠိဆန်ကြောင်း မခံစားရဘဲ မနေပေ။

မန်ဟိုက ကျန်လူများကို လျစ်လျူရှုရင်း ဆက်လျှောက်သွားသည်။ ရုတ်တရက် သူသည် ရပ်ပြီး ကျီရှောင်ရှောင်ကို ပြန်လှည့်ကြည့်လေသည်။

သူ သူမကို ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူမမှာ ဒိန်းခနဲ ရင်ခုန်သွားတော့သည်။ သူမက လှပသော သွားကလေးကို ခပ်တင်းတင်းစေ့ပြီးနောက် ကျီမျိုးနွယ်ဝင်များကို ခပ်တိုးတိုး လှည့်ပြောလိုက်၏။ ထို့နောက် သူမခန္ဓာကိုယ်လေးက ရိပ်ခနဲ မန်ဟို့အနားရောက်သွားသဖြင့် သူတို့အားလုံးမှာ အံ့အားသင့်နေကြတော့သည်။

မန်ဟိုက ရယ်ရင်း လေပေါ် ပျံတက်လိုက်သည်။ ကျီရှောင်ရှောင်လည်း လိုက်သွားပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ယောက်သား အဝေးသို့ ဝင်ရောက်‌ပျောက်ကွယ်သွားလေပြီ။ လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာ ကြည့်ရင်း ရပ်ကျန်ခဲ့၏။ မန်ဟို သူတို့အပေါ်တွင် ချန်ရစ်ခဲ့သော ပုံရိပ်မှာ နက်ရှိုင်းလေသည်။

မန်ဟိုက ရှေ့မှ ဦးဆောင်ပျံသန်းနေပြီး ကျီရှောင်ရှောင်က နောက်မှ လိုက်လာသည်။ အဝေးသို့ရောက်ပြီး မည်သူမျှ သူတို့ကို ကြည့်မနေတော့သောအခါ မန်ဟိုက လှည့်၍ ကျီရှောင်ရှောင်အား တောက်ပစွာ ပြုံးပြလိုက်သည်။

ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီသို့ ‌မရောက်ခင် ကြယ်စင်မြစ်ပြင်အတွင်း မျောနေခဲ့တုန်းက သူမခန္ဓာကိုယ်လေးအား ဖယ်မရပြုမရပြုခဲ့သည့်အချိန်ကို သူ မှတ်မိသေးလေသည်။

သူ၏အပြုံးက ကျီရှောင်ရှောင်ကို ကြက်သီးမွေးညင်း ထသွားစေလေသည်။ သူမက ကပျာကယာ ရှင်းပြ၏။ "ကျီမင်ဖုန်းရဲ့ လက်ခံခန္ဓာက ပထမတောင်ထိပ်က သီးသန့်ဂိုဏ်းသားတစ်ယောက်ပါ။ ဒါပေမဲ့ သူရဲ့အလောင်းက ပထမတောင်ထိပ်မဟုတ်ဘဲ တတိယတောင်အောက်မှာ ရှိတယ်"

"ရှေ့ကသွား" မန်ဟိုက အေးတိအေးစက် ပြန်ဖြေသည်။ တကယ်တော့ သူအနေဖြင့် ကျီမင်ဖုန်း၏အလောင်းကို သိပ်ဂရုမစိုက်ပေ။ ကျီရှောင်ရှောင်ကို သူနှင့် တပူးပူး တတွဲတွဲ ရှိနေစေရန် ဤနည်းလမ်းအား အသုံးချနေခြင်းဖြစ်၏။

ဤနည်းဖြင့် သူသည် ကျီမျိုးနွယ်စုအတွင်းသို့ သူလျှိုတစ်ယောက် လွှတ်နေခြင်းပင်။ မထင်မှတ်ထားသည့်အရာ တစ်ခုခုဖြစ်လျှင် ကျီရှောင်ရှောင်အနေဖြင့် မည်သို့မျှ ကွင်းလုံးကျွတ် လွတ်တော့မည်မဟုတ်ပေ။ သူမသည် မျိုးနွယ်ဝင်အစစ်ဖြစ်သည့်အတွက် မျိုးနွယ်စုကို သစ္စာဖောက်လျှင် ရလဒ်များက ပို၍ပင် ဆိုးရွားပေလိမ့်မည်။

ကျီရှောင်ရှောင်လည်း အကွက်မမြင်ဘဲ ရှိမည်လော။ သို့သော် သူမအတွက် အသာစီးရအောင် လှုပ်ရှားရန် အခွင့်အရေးမရှိပေ။ အစတုန်းက သူမသည် တတိယပြင်ညီတွင် ညှိနှိုင်းနိုင်ရန် ဒုတိယပြင်ညီ၌ အရေးပေါ်လှုပ်ရှားခဲ့ခြင်း ဖြစ်လေသည်။ သို့သော် မန်ဟို့ကျင့်ကြံခြင်းအခြေခံ မည်မျှ ကြောက်စရာကောင်းသည်လဲ ‌တွေ့မြင်ရသောအခါ ... သူ့ကို ဘယ်နည်းနှင့်မှ ပြန်မတိုက်ခိုက်နိုင်ကြောင်း သူမ အမှန်တကယ် နားလည်လိုက်၏။

ထို့ကြောင့် မတိုက်ခိုက်နိုင်မှတော့ ရုန်းကန်နေလည်း အလကားပင်။

ဤသို့ဖြင့် ကျီရှောင်ရှောင်က အရှုံးပေးထားပြီး မန်ဟိုက တခြားသူများအား ရှောင်ရန် နတ်ဘုရားစွမ်းရည်များ အသုံးပြုရင်း နှစ်ယောက်သား တရိပ်ရိပ် ပျံသန်းလာကြသည်။ မကြာမီ တတိယတောင်ထိပ်သို့ သူတို့ရောက်သွားကြ၏။

ကျီရှောင်ရှောင်သည် မန်ဟို လုပ်နေသောအရာကို မသိရှိသော်လည်း မည်သူတစ်ဦးတစ်ယောင်နှင့်မှ မဆုံတွေ့ခဲ့သည်ကိုတော့ သတိထားမိသည်။ သို့ဖြစ်၍ မန်ဟိုနှင့် တစ်ခုခု ပတ်သက်နေမည်ဟုသာ ယူဆနိုင်ရာ သူမအား ပို၍ပင် ကြောက်လန့်တုန်လှုပ်လာစေတော့သည်။

မန်ဟိုမှာမူ မျက်မှောင်ကြုတ်နေသည်။ သူတို့ ပျံသန်းလာနေကြစဉ် စုစုပေါင်း ခြောက်ယောက် ၊ ခုနစ်ယောက်ခန့် အာရုံရခဲ့၏။ အကုန်လုံးက အဖော်မပါဘဲ တစ်ယောက်တည်း အရပ်မျက်နှာတစ်ခုတည်းကို ဦးတည်သွားနေကြသယောင်ပင်။ သူတို့သည် တတိယနှင့် စတုတ္ထတောင်ထိပ်အကြား တစ်နေရာသို့ ဦးတည်နေကြ၏။

မန်ဟိုသည် ကျင်ရှန်း ပြောပြခဲ့သော အစစ်အမှန်စိတ်ဝိညာဉ်ည အကြောင်းနှင့် တတိယတောင်ထိပ်နှင့် စတုတ္ထတောင်ထိပ်အကြားရှိ ကျင်းကြီးအကြောင်း ပြန်တွေးလိုက်မိသည်။ ထိုကျင်းက စတုတ္ထပြင်ညီအတွက် ဝင်ပေါက်ဖြစ်လေသည်။

သူ၏မျက်လုံးများ တောက်ပလာပြီး သွေးအေးသော အပြုံးတစ်ခု သူ၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းလာသည်။

"ဒီကောင်တွေ တတိယပြင်ညီမှာ ကံကြမ္မာကောင်းတွေ ထပ်မရှာတော့ဘဲ စတုတ္ထပြင်ညီဆီ အလောတကြီး သွားနေကြတာ စဉ်းစားကြည့်ရင်" သူက တွေးလိုက်သည်။ "တော်သင့်သလောက် ရနေပြီဆိုတာ သက်သေပြနေတာပဲ

"အဲ့ဒီလိုဆိုမှတော့ သူတို့သဘောတူထားတဲ့အတိုင်း လုပ်ခိုင်းဖို့ အချိန်ကျပြီ"

အရှေ့တွင် ကျီရှောင်ရှောင်က ရပ်လိုက်၏။ "ဒီမှာပဲ" သူမက မန်ဟိုကို ပြန်လှည့်ကြည့်ကာ ပြောသည်။ "ဒီနေရာမှာရှိတယ်။ တားမြစ်မန္တန်တွေ စီရင်ထားတာမလို့ ငါ့နောက်က လိုက်ခဲ့"

မန်ဟိုက ရုတ်တရက် ညာလက်ကို မြှောက်၍ လက်ချောင်းကို တောက်လိုက်သည်။ အနီရောင်ဆေးလုံးတစ်လုံးသည် လှစ်ခနဲ ပျံသန်းသွားပြီး ကျီ‌ရှောင်ရှောင်၏အရှေ့တွင် ပေါ်လာ၏။ သူမမျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။

သူမအတွက် ရှောင်ရန် အချိန်ရှိသေးသော်လည်း မန်ဟို၏ သွေးအေးသောအကြည့်ကို မြင်သောအခါ မွန်းကြပ်သွား၏။ သူမမှာ မရှောင်တော့ဘဲ ဆေးလုံးအား သူမပါးစပ်ထဲ ဝင်ခွင့်ပြုလိုက်လေသည်။ ၎င်း အရည်ပျော်သွားသဖြင့် စပ်ရှရှအရည်များက သူမခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းသွားတော့သည်။

"သွားစို့" မန်ဟိုက ပြုံးရင်း ခေါင်းတစ်ချက်ညိတ်ကာ ပြောသည်။ သူသည် အပျက်အစီးများနှင့် တဖျပ်ဖျပ်လက်နေသော တားမြစ်မန္တန်များကို လှည့်ပတ်ကြည့်လိုက်၏။

ကျီရှောင်ရှောင်၏မျက်နှာမှာ အလွန်အမင်း မသာမယာဖြစ်နေပြီး ဘာမှမပြောဘဲ လှည့်၍ ဆက်သွားတော့သည်။ ထိုသို့ လှည့်လိုက်စဉ် သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းလေးမှာ ဝိညာဉ်ကိုပင် ရူးခါသွားစေနိုင်သော အလှတရားလေးအား ဖော်ကျူးလိုက်လေသည်။

သူမသည် အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာသည်အထိ အထူးလမ်းကြောင်းတစ်ကြောင်းအတိုင်း ဆက်သွားနေ၏။ မကြာမီ မန်ဟိုတို့ရှေ့တွင် ရေတွင်းတစ်တွင်း ပေါ်လာသည်။ အံ့ဩတုန်လှုပ်ဖွယ်ကောင်းစွာနှင့် ရေတွင်း၏ အောက်ခြေတွင် အလောင်းနှစ်လောင်းအား ပူးတွဲမြင်ရလေသည်။

တစ်လောင်းသည် ကျီမင်ဖုန်းဖြစ်ပြီး ကျန်တစ်လောင်းက လက်ခံခန္ဓာဖြစ်သည်။

ကျီမင်ဖုန်း၏ခန္ဓာကိုယ်အပေါ်တွင် မျက်လုံးသုံးလုံးကျီးတစ်ကောင် နားနေ၏။ မန်ဟို ကျီးကို ငုံ့ကြည့်လိုက်သည့်အချိန်နှင့် တစ်ပြိုင်တည်းဆိုသလို ကျီးကလည်း သူ့ကို ပြန်ကြည့်သည်။

ကျီမင်ဖုန်းတွင် သိုလှောင်အိတ်နှစ်လုံးလည်း ရှိ၏။ တစ်လုံးသည် အဖြူရောင်ဖြစ်ပြီး တစ်လုံးက အမည်းရောင်ဖြစ်သည်။ မန်ဟို သိုလှောင်အိတ်ကို ငုံ့ကြည့်လိုက်စဉ် ကျီရှောင်ရှောင်က စကားပြောလာ၏။

"သိုလှောင်အိတ်အမည်းထဲမှာ ကျီမင်ဖုန်းရဲ့ မိစ္ဆာသားရဲအုပ်ရှိတယ်။ အဲ့ဒီမျက်လုံးသုံးလုံးကျီးကန်းကတော့ အသိစိတ်ရှိနေတာ ကြာပြီ။ ကျီမင်ဖုန်း အသက်သုံးနှစ်ကတည်းက အဲ့ကျီးက အပြင်ကနေ ‌ပျံဝင်လာပြီး သူ့ကို ‌အဖော်ပြုပေးခဲ့တာ

"နင် ကျီမင်ဖုန်းကို ကံကောင်းလို့ သတ်နိုင်တာ။ အပြင်လောကမှာဆိုရင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ရောက်နေရင်တောင်မှ နင့်အတွက် သူ့ကို သတ်ဖို့ အင်မတန် ခက်မှာ။ သူက တကယ်တော့ ... ကျီမျိုးနွယ်စုရဲ့ အနုသုခုမရုပ်ခန္ဓာအဆင့် တာအိုကလေးပဲ

"သူ့မှာ ခေါင်းဆောင်ကြီးအဆင့်တံဆိပ်‌တောင် ရှိတယ်။ ကံဆိုးစွာနဲ့ သူ သေသွားကတည်းက အဲ့ဒါက ပျောက်ကွယ်သွားပြီ"

မန်ဟို၏ မျက်လုံးများ တလက်လက် တောက်ပသွားသည်။ ရုတ်တရက် ကျီးကန်းက လေပေါ်ပျံတက်လာကာ မန်ဟို့ဆီ ပြေးဝင်သွားသော အနက်ရောင်အလင်းတန်းတစ်တန်း ဖြစ်သွား၏။

မန်ဟို မတုံ့ပြန်နိုင်ခင် သိုလှောင်အိတ်အတွင်းရှိ ကြေးမုံထဲမှ စိတ်လှုပ်ရှားနေသောအသံတစ်သံ ကြားလိုက်ရသည်။

"ခွေးမတွေ။ သခင်ငါး နိုးနေတယ်ကွ ခွေးမတွေ။ ဟေး ကြည့်စမ်း ချစ်စရာကောင်းတဲ့ မျက်လုံးသုံးလုံးကိုယ်လုပ်တော်လေးကို ငါကိုယ်တော် ဒီမှာ တွေ့လိုက်ရပါလား"

***

All Chapters