အသည်းကွဲသွားသော သခင်ငါး
Vol. 44 Ch. 610
မျက်လုံးသုံးလုံးကျီးကန်းကား ကြက်တူရွေးကို သိပုံရသည် ....
မဟုတ်လျှင် ထိုမျှယုံကြည်ချက် ပြင်းပြစွာဖြင့် ပျံသန်းသွားပြီး ကြက်တူရွေးအသံကြားသည့်အခါမှ ခန္ဓာကိုယ်အပေါ်ရှိ အမွှေးများ အဆုံးထိထောင်တက်သွားမည်မဟုတ်ပေ။ တစ်စုံတစ်ခုက ၎င်းအား ခြောက်လှန့်လိုက်သယောင်ပင်။ ၎င်းသည် မချိတင်ကဲ အော်ရင်း လေလယ်တွင် ချာခနဲလှည့်ကာ ဆန့်ကျင်ဘက်သို့ ပျံသန်းသွားတော့၏။
တစ်ချိန်တည်းမှာပင် ကြက်တူရွေးက မန်ဟို၏ သိုလှောင်အိတ်ထဲမှ ပျံထွက်လာသည်။ ၎င်းမှာ စိတ်အားတက်ကြွနေပုံရပြီး ထုံးစံအတိုင်း မောက်မာဝင့်ကြွားလျက် ပြန်ပေါ်လာခဲ့လေပြီ။
၎င်းက စိတ်လှုပ်ရှားနေသောအလင်းရောင်ဖြင့် မျက်လုံးများ တဖိတ်ဖိတ် တောက်ပနေရင်း ခေါင်းကို ထောင်ကာ တဂီးဂီး အော်လိုက်လေ၏။ ထို့နောက် မျက်လုံးသုံးလုံးကျီးကန်းဆီသို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။
"မတွေ့ရတာကြာပြီ နှမငယ်။ ဘယ်ကို ပြေးတာတုန်းကွယ်။ ဆက်ပြေးနေမယ်ဆိုရင် ငါကိုယ်တော် သခင်ငါး မင်းကို စမုံတုံးတော့မှာနော်"
"ချစ်လှစွာသော ကိုယ်လုပ်တော်လေးရယ် မပြေးစမ်းပါနဲ့" ၎င်းက အသံပြဲကြီးဖြင့် စိတ်လှုပ်တရှား အော်ဟစ်နေတော့သည်။"လင်နဲ့မယား လျှာနဲ့သွား။ မောင်တစ်ထမ်း မယ်တစ်ရွက်တဲ့။ အဲ့ဒီအချိန်တုန်းက ကိုယ်တို့နှစ်ယောက်အနေနဲ့ အချိန်အကြာကြီး မပေါင်းဖက်ခဲ့ရပေမယ့် ချစ်လေး ထွက်ပြေးစရာမလိုဘူးလေ။ ချစ်လေးအကြောင်းတွေးလိုက်တိုင်း ကိုယ့်မှာ မသာယာဘဲ မနေမိဘူး"
ကြက်တူရွေးကား ကျီးကန်းကို မိခါနီးလေပြီ။ သို့ရာတွင် ရုတ်တရက် ကျီးကန်း၏မျက်လုံးများမှာ မျက်ရည်များဝဲလာသယောင်ပင်။ ၎င်းသည် အနိုင်ကျင့်ခံမည့်အစား အသေသာခံလိုက်တော့မည့်ပုံရ၏။ ဤအခိုက်အတန့်တွင် ၎င်းက အမည်မသိမှော်ပညာရပ်တစ်ခု သုံးလိုက်ရာ ၎င်း၏အနက်ရောင်အမွှေးအားလုံး ခန္ဓာကိုယ်မှ ကျွတ်ကျလာတော့သည်.....
မျက်စိတစ်မှိတ်အတွင်း သခင်ငါးနှင့် မန်ဟို့အရှေ့တွင် ကျီးနက်တစ်ကောင်မရှိတော့ဘဲ ... အမွှေးတုံးနေသော မိမွှေးဖမွှေး ငှက်ကတုံးတစ်ကောင်သာ ရှိတော့၏။
ငှက်ကတုံး၏ပုံစံက ကြည့်ရန်ပင် တုန်လှုပ်ချောက်ချားစရာကောင်းလွန်းလေသည်။
သို့သော် ပြဲလန်နေသော စူးစူးဝါးဝါး အော်သံကြီးတစ်သံ ထွက်လာသည်။ မျက်လုံးသုံးလုံးငှက်ဆီမှ မဟုတ်၊ ကြက်တူရွေးဆီမှ ဖြစ်သည်။ အော်သံကြီးမှာ အူအသည်းကလီစာထဲမှပင် နာကျင်နေသယောင်ပင်။ ကြက်တူရွေးသည် မြေကြီးအပေါ်သို့ တဖွားဖွား ကျနေသော အမွှေးများကို ကြည့်ရင်း လေအလယ်တွင် ရပ်ပြီးနောက် နောက်တစ်ဖန် ပြဲလန်နေအောင် အော်လိုက်ပြန်သည်။
"ဘ..ဘ...ဘာ...ဘာ...ဘာလို့ အဲ့ဒီလိုလုပ်တာလဲ" ကြက်တူရွေးမှာ လက်မခံနိုင်ပုံရသည်။ ပြီးခဲ့သော အသက်တစ်ရှိုက်က မျက်လုံးသုံးလုံးကျီးသည် ၎င်း၏အချစ်စံနှုန်းထားများဖြင့် ကိုက်ညီသော အချစ်စစ်ဖြစ်ခဲ့၏။ နောက်အသက်တစ်ရှိုက်တွင်တော့ အရာအားလုံးမှာ အသည်းကွဲစရာ ဖြစ်သွားခဲ့လေပြီ။
ကြက်တူရွေးမှာ တစ်ကိုယ်လုံးတင်မဟုတ်၊ သွေးကြောများပင် တုန်ရီနေသည်။ ယခုလေးတင် ဖြစ်ပျက်သွားခဲ့သောအရာမှာ မခံမရပ်နိုင်လောက်အောင် ကြေကွဲဖွယ်ကောင်းလွန်း၏။
ကြက်တူရွေး ရုတ်တရက် သတိလွတ်သွားသည်ကို အခွင့်ကောင်းယူရင်း မျက်လုံးသုံးလုံးကျီးကန်းက နောက်ပညာရပ်တစ်ခုကို အသုံးပြု၍ ဖျတ်ခနဲ ပျောက်ကွယ်သွားတော့သည်။ ၎င်းကား အစအနပင်မကျန် ပျောက်ကွယ်သွားခဲ့လေပြီ။
ကြက်တူရွေးကား ရူးတော့မည့်ပုံပင်။ ၎င်းက ကောင်းကင်ကို မျက်နှာမူပြီး ဟိန်းဟောက်လိုက်၏။
"င့လိုးးးးးးးးး ငါကိုယ်တော် သခင်ငါး မင်းကို အလွှတ်ပေးမယ် မထင်နဲ့"
မန်ဟိုမှာ ရုတ်တရက် ကြက်တူရွေးကို ကရုဏာသက်သွားမိသည်။ အထူးသဖြင့် ၎င်း၏အဆဲစကားလုံး ပြောင်းလဲသွားသည်ကို ထည့်တွက်လျှင်ပင်။ လောလောဆယ်တွင် ကြက်တူရွေးမှာ နည်းနည်းလေး အသည်းကွဲသွားခြင်းမဟုတ်ကြောင်း သိသာ၏။
ကြက်တူရွေး၏ခြေထောက်၌ ချိတ်နေသော ခေါင်းလောင်းအပေါ်တွင် မျက်နှာတစ်ခု ရုတ်တရက် ပေါ်လာသည်။ အသားဂျယ်လီ၏ လှောင်သံသဲ့သဲ့ပါနေသော အသံအား ကြားရနိုင်သည်။ "ပျော်လား။ သခင်သုံးကြည့်ရသလောက်တော့ အဲ့ဒီကျီးကန်းက တော်တော်လေး ရိုးသားဖြူစင်တယ်။ ဥပမာ စောစောက မင်း မွှန်နေတဲ့အချိန် သူ သုံးသွားတဲ့အကွက်ပေါ့။ ကဲ အခု မင်း ဘာတတ်နိုင်သေးလဲ"
ဤသည်ကို ကြားသော် မန်ဟိုမှာ ကြောင်တောင်တောင်သာ ကြည့်လိုက်နိုင်တော့သည်။ ကြက်တူရွေးသည် တဆတ်ဆတ် တုန်နေပြီး ၎င်း၏မျက်နှာအပေါ်၌ ထိတ်လန့်သွားသောအရိပ်အယောင်တစ်ခုက စိုးမိုးနေတော့သည်။
မန်ဟို့အတွက် အသားဂျယ်လီနှင့် ကြက်တူရွေးတို့၏ ပရိယာယ်များနှင့် အသားကျနေခဲ့သည်မှာ ကြာခဲ့လေပြီ။ သူသည် ထိုနှစ်ကောင် ပထမနှင့်ဒုတိယပြင်ညီမှာတုန်းက ဘာကြောင့်မပေါ်လာခဲ့သည်လဲ စဉ်းစားနေ၏။ မိစ္ဆာအင်မိုတယ်ဂိုဏ်းနှင့် ပတ်သက်၍ ထူးဆန်းသောအရာတစ်ခုခုက ထိုနှစ်ကောင်အား ကိုယ်ထင်မပြနိုင်အောင် တားမြစ်ထားခဲ့သည်ဟု သူ ထင်ခဲ့လေသည်။
ကြက်တူရွေး၏လေသံအရ စောစောကမှ နိုးထလာခဲ့ပုံရသည်။ သို့သော် ကြိုးစားကြည့်ပြီးနောက်တွင်ပင် မန်ဟိုမှာ သွေးခွေးကြီးပေါ်လာအောင် မလုပ်နိုင်ပေ။ ထို့နောက် သူသည် ခေါင်းဆောင်ကြီးဟုရန် ပြောခဲ့သည်ကို ပြန်တွေးပြီး အသားဂျယ်လီနှင့်ကြက်တူရွေး၏ မူလအစမှာ မတွေးတတ်အောင် နက်နဲကြောင်း သဘောပေါက်လိုက်၏။
ကျီရှောင်ရှောင်အတွက်မူ ကြက်တူရွေးကို ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။ အသားဂျယ်လီ၏ပြောစကားကို ကြားသော် သူမ၏မျက်လုံးလေးများ ဝိုင်းစက်သွား၏။ သူမသည် အမြဲမျက်နှာပြောင်တိုက်ခဲ့သော်လည်း ငယ်ရွယ်သော မိန်းမပျိုလေးတစ်ဦးဖြစ်နေသေးရာ အတန်ငယ် ရှက်သွေးဖြာသွားပြီး 'ဟွန့်' ဟု နှာခေါင်းရှုံ့လိုက်မိလေသည်။
သို့ထိတိုင် သူမကား သခင်ငါးကို အထင်သေးဆဲပင်....
သူမ 'ဟွန့်' ဟု နှာခေါင်းရှုံ့လိုက်သည်နှင့် ကြက်တူရွေးက ကျီရှောင်ရှောင်ကို ခေါင်းလှည့်ကြည့်သည်။ ၎င်း၏မျက်လုံးများက အာသာမပြေရမှု ၊ နာကျင်ရမှုတို့ကို ကျီရှောင်ရှောင်အပေါ် ပုံချတော့မည့်အလား စူးရဲသွား၏။
၎င်းက ဟောဟဲဟောဟဲ လှိုက်နေရင်း သူမကို လှမ်းကြည့်သည်။
"အမွှေးမရှိ ၊ အတောင်မရှိနဲ့။ သောက်ကျိုးနည်း။ ဘာအမွှေးအတောင်မှကို မရှိပါလား။ ချစ်လှစွာသော မိုးကောင်းကင်ကြီးရေ ကျွန်တော်မျိုးကို ဘာကြောင့် ဒီလိုအပြစ်ပေးရတာတုန်း" ကြက်တူရွေးမှာ ငြီးငြူနေပြီးနောက် အံတင်းတင်းကြိတ်လိုက်သည်။ ကျီးကန်း အမွှေးများ ရိတ်ပစ်လိုက်သည်ကို တွေးရုံကလေး တွေးကြည့်လိုက်ရုံနှင့် ၎င်းမှာ အလွန့်အလွန် နာကျင်နေရတော့သည်။
ကျီရှောင်ရှောင်တွင် ကြက်တူရွေးနှစ်သက်သော အမွှေးအတောင်တို့ မရှိသော်ငြား သူမအတွက်တော့ ထိုနှာဘူးသတ္တဝါ၏အကြည့်မှာ စူးရဲလွန်း၏။
မန်ဟိုက ကြက်တူရွေးကို အဖက်မလုပ်ပေ။ သူ၏ညာလက်က ဖမ်းဆုပ်သည့်ဟန်လုပ်လိုက်ကာ ကျီမင်ဖုန်း၏ သိုလှောင်အိတ်နှစ်လုံးကို ရေတွင်းထဲမှ သူ၏လက်ထဲသို့ ပျံတက်လာစေလိုက်သည်။ သူသည် ၎င်းတို့ကို အကဲခတ်ပြီးနောက် လောလောဆယ်တွင် ဖွင့်မကြည့်ဘဲ သိမ်းလိုက်၏။
ထို့နောက် မြည်တွန်တောက်တီးနေသော ကြက်တူရွေးကို ဆတ်ခနဲ ဖမ်းပြီး ၎င်း ဝင်ချင်ချင် ၊ မဝင်ချင်ချင် သိုလှောင်အိတ်ထဲသို့ အတင်းထိုးထည့်လိုက်သည်။ ထည့်ပြီးလျှင် ကျီရှောင်ရှောင်ကို ကြည့်လိုက်၏။
"အခု ငါ့အတွက် ရတနာတွေ သွားစုဆောင်းဖို့ အချိန်ကျပြီ" သူက ပြောသည်။ "မင်းမှာ တခြားလုပ်စရာမရှိရင် ငါနဲ့အတူလိုက်ခဲ့လို့ရတယ်။ ငါ အခုသွားမှာက စတုတ္ထပြင်ညီဝင်ပေါက်ဆီကိုပဲ"
ကျီရှောင်ရှောင်က လိုက်သင့်မလိုက်သင့် တွေဝေနေပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူမသည် စတုတ္ထပြင်ညီအကြောင်း တစ်ချိန်လုံး သိနေခဲ့သည့်အလား အံ့ဩသွားပုံမရပေ။
မန်ဟိုသည် သူမကို ကြည့်ရင်း သူမမျိုးနွယ်စုမှ ရရှိမည့် အရင်းအမြစ်များနှင့် စတုတ္ထပြင်ညီအကြောင်း သိရဖို့ မခက်ခဲကြောင်း စဉ်းစားမိသွားသည်။ သို့နှင့် မန်ဟိုက ရှေ့မှဦးဆောင်ရင်း နှစ်ယောက်သား တတိယနှင့်စတုတ္ထတောင်ထိပ်အကြားရှိ ကျင်းကြီးထံသို့ ထွက်လာခဲ့လိုက်သည်။ ၎င်းသည် သိပ်မလှမ်းသဖြင့် နှစ်နာရီခန့်ကြာသော် သူတို့ ရောက်သွားကြလေပြီ။
ထိုနေရာတွင် လူအတော်များများပင် စုဝေးနေကြပြီဖြစ်၏။ ကျီမျိုးနွယ်များလည်း ရောက်ရှိနေကြပြီး ကျီမင်ကောင်းက မန်ဟို့ကို ထူးဆန်းသောမျက်လုံးများဖြင့် ကြည့်နေသည်။ လီရှိချိနှင့် ဟန်ပေ့က မလှမ်းမကမ်းတွင် တင်ပျဉ်ခွေထိုင်နေကြ၏။ ဝမ်လီဟိုင်လည်း ထိုနည်းတူပင်။ မန်ဟို အနားရောက်လာသည်နှင့်တစ်ပြိုင်နက် သူတို့၏အမူအရာများ ရိပ်ခနဲ ဖြစ်သွားကြသည်။
မန်ဟိုက အားလုံးကို ပြုံးပြရင်း လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်၏။
"ဟားဟားဟား ကမ္ဘာလေးက ဘယ်လောက်ကျဉ်းလိုက်သလဲ။ ထပ်တွေ့ပြန်ပြီနော် တာအိုရောင်ရင်းတို့ ။ ဆိုတော့ ပြောပါဦး တတိယပြင်ညီမှာ အိုကေစိုပြေကြရတဲ့လား။ ဘာတွေရခဲ့ကြတုန်းဗျ" သူ့အနောက်တွင် ကျီရှောင်ရှောင်မှာ ... မန်ဟို လူတချို့အား ကလိမ်ကျတော့မည်ဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် မျက်ခုံးလှုပ်သွားတော့သည်။
"တာအိုရောင်ရင်းတို့အားလုံး အဆင်ပြေချောမွေ့ပါစေလို့ မန်ဟို ဆုတောင်းပေးလိုက်ပါတယ်" သူက ဆက်ပြောသည်။ "တတိယပြင်ညီမှာ အမှန်တကယ် အကျိုးအမြတ်ရကြပါစေ။ အဲ့ဒါမှ ကျုပ်လည်း ခင်ဗျားတို့နဲ့ကပ်မြှောင်ပြီး အကျိုးအမြတ်ရမှာမဟုတ်လား" သူသည် မျက်နှာထား အလွန်တရာ တင်းမာခက်ထန်နေသော လူအုပ်ကြီးကို ရှက်ကိုးရှက်ကန်းကြည့်ရင်း လက်ယှက်အရိုအသေပေးလိုက်သည်။
တောင်ပိုင်းဒေသမှ အုပ်စုမှာမူ မျက်လုံးများ တလက်လက် တောက်ပသွား၏။ အထူးသဖြင့် ဟန်ပေ့ပင်။ မန်ဟို့အပြုံးကို မြင်သောအခါ သူမတစ်ကိုယ်လုံး တုန်ရီသွားပြီး ကမန်းကတန်း ခေါင်းငုံလိုက်လေသည်။
မန်ဟို့အပြုံး၏အဓိပ္ပါယ်ကို သူမ ကောင်းကောင်းသိ၏။ ထိုရှက်ကိုးရှက်ကန်းမျက်နှာပေးဖြင့် မန်ဟို လူပေါင်းများစွာအား ကလိမ်ကျခဲ့သည်ကို တောင်ပိုင်းဒေသတွင် အသိများကြလေသည်....
ဝမ်လီဟိုင်သည် မန်ဟို့ရှက်ကိုးရှက်ကန်းပုံစံကို တစ်ခါမှ မမြင်ခဲ့ဖူးသော်လည်း သူ၏ ကလိမ်ကျတတ်သော အကျင့်စရိုက်ကိုတော့ ကြားဖူး၏။ ထိုအပြုံးနှင့် ဟန်ပေ့အမူအရာကို မြင်သောအခါ သူ့မှာ ချက်ချင်း သတိကပ်သွားတော့သည်။
လီရှိချိက အားတင်းပြုံးလိုက်သည်။ သူမသည် မန်ဟိုကို ကြည့်နေသော်လည်း ဘာမှမပြောပေ။
စုန့်ကျားလည်း ရှိနေသည်။ သူမက တွေဝေနေသောအမူအရာလေးဖြင့် မန်ဟိုကို ကြည့်နေ၏။ မန်ဟို သူမကို မည်မျှပြုံးပြစေကာမူ သူမအမူအရာလေးက ပြောင်းလဲမသွားပေ။
လီမျိုးနွယ်စုမှ တာအိုကလေး လီထျန်းတောက်မှာမူ မန်ဟို့အပြုံးနှင့်ပတ်သက်ပြီး ထူးထူးခြားခြား သတိမထားမိသော တောင်ပိုင်းဒေသမှ တစ်ယောက်တည်းသော ကျင့်ကြံသူဖြစ်၏။ သူက မျက်မှောင်ကြုတ်သွားပြီး အသတ်အဖြတ်စိတ်ဆန္ဒမှာ သူ၏မျက်လုံးများထဲတွင် ဟုန်းခနဲ တောက်လောင်လာတော့သည်။
ဆန့်ကျင်ဘက်တွင် ကျီမျိုးနွယ်စုမှ ကျင့်ကြံသူများမှာ အစောပိုင်းက အဖြစ်အပျက်နှင့်ပတ်သက်ပြီး သတင်းရထားကြပုံပင်။ သူတိူ့အားလုံး၏အမူအရာများမှာ ပုံမှန်သာဖြစ်သော်လည်း မျက်လုံးထဲတွင်တော့ သတိတရားအား မြင်ရနိုင်လေသည်။
မန်ဟိုက လူတိုင်းကို မျက်လုံးဝေ့ကြည့်ပြီး ရုတ်တရက် စိတ်ပျက်သွားပုံရသည်။ သူ့မှာ သူ၏ငွေညစ်မည့် အကြံအစည်ကြီး အထမမြောက်ကြောင်း တွေးနေစဉ်မှာပင် လီမျိုးနွယ်တာအိုကလေး လီထျန်းတောက်၏မျက်လုံးထဲရှိ အရိပ်အယောင်ကို လှမ်းမြင်လိုက်၏။ ရုတ်ခြည်းဆိုသလို သူ့မှာ စိတ်အားတက်ကြွသွားတော့သည်။
"တာအိုရောင်ရင်း" သူက ပြောသည်။ "ခင်ဗျားက ဘယ်သူများလဲ" သူသည် ပြုံးတုံးပြုံးတုံးဖြင့် လီထျန်းတောက်ထံသို့ ခပ်သုတ်သုတ် လျှောက်သွား၏။ "ပြောပါဦး တတိယပြင်ညီမှာ ဘာတွေရခဲ့လဲ။ လာလာ အစ်ကိုကြီး ဝေစုရွေးရအောင် သိုလှောင်အိတ်လေး ဖွင့်ပြစမ်းပါဦး"
"သွားစမ်း" လီထျန်းတောက်က အေးတိအေးစက် ပြောသည်။
ပြီးခဲ့သော အခိုက်အတန့်လေးက မန်ဟိုသည် လူယုတ်မာအပြုံးပြုံးနေခဲ့ပြီး ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့၏။ တခဏကြာသော် သူ့မျက်နှာမှာ လုံးလုံးလျားလျား ပြောင်းလဲသွားတော့သည်။ လီထျန်းတောက် စကားပြောလိုက်သည့်အချိန်မှာပင် အကြင်နာမဲ့သောအမူအရာက မန်ဟို၏မျက်နှာကို လွှမ်းခြုံသွားလေပြီ။ သူ၏ညာလက်ဝါးက ရုတ်ခြည်း လီထျန်းတောက်ဆီ ပြေးဝင်သွား၏။
လီထျန်းတောက်၏မျက်လုံးများက ခေါင်းမာစွာ တောက်ပသွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ တမူထူးခြားလေသည်။ တောင်ပိုင်းဒေသတစ်ခုလုံး ခြုံကြည့်လျှင် သူနှင့်မျိုးဆက်တူသူများ သို့မဟုတ် သေဆုံးသွားခဲ့ပြီဖြစ်သော လီတောက်ရီနှင့်ယှဉ်လျှင်ပင် လီထျန်းတောက်၏ ကျင့်ကြံခြင်းအခြေခံမှာ နယ်နယ်ရရ မဟုတ်ပေ။ သူက အေးတိအေးစက် နှာမှုတ်ပြီးနောက် ညာလက်ဖြင့် ဖမ်းဆုပ်သည့်ဟန် လုပ်လိုက်သည်။ ချက်ချင်းပင် အဖြူရောင်ဓားသွားတစ်လက် သူ၏လက်ထဲတွင် ပေါ်လာ၏။
သို့သော် ဓားသွား၏စွမ်းအားကို မထုတ်လွှတ်ရသေးခင်မှာပင် မန်ဟို့ လက်ဝါးက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာရင်း သူ၏မျက်နှာကို ဖြောင်းခနဲ ရိုက်ချလိုက်တော့သည်။
တစ်ချက်တည်းနှင့် လီထျန်းတောက် လည်ထွက်သွား၏။ သူ့မှာ စိတ်တိုသွားပြီး ပြန်ရုန်းကန်သော်လည်း သူ၏ကံတရားမှာ အစောပိုင်းက မြောက်ပိုင်းသဲကန္တာရမှကျင့်ကြံသူနှင့် အတူတူပင်။ မန်ဟိုက သူ့ကို မြေကြီးနှင့် မိတ်ဆက်သွားစေလေသည်။
လက်သီးချက်များ၊ ကန်ကျောက်ချက်များက သူ၏အပေါ်သို့ မိုးရွာသလို တဖွဲဖွဲ ကျလာကာ တဖြောင်းဖြောင်း တအုန်းအုန်း မြည်ဟည်းနေတော့သည်။ လီထျန်းတောက်မှာ မချိတင်ကဲ အော်ဟစ်နေရလေသည်။ သူက ပြန်တိုက်ခိုက်ရန် ကြိုးစားသည့်အပြင် ဓားသွားကြီးဖြင့် မန်ဟို့အား ခုတ်ပိုင်းရန် ရွယ်လိုက်သည်။ သို့ရာတွင် မန်ဟို့ လက်ဖဝါးတစ်ချက်လေးဖြင့် နတ်ဓားသွားမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့၏။
ဤရုတ်တရက်ကြီး နှိပ်စက်ခြင်းက ကြည့်ရှုနေသူအားလုံးကို မျက်လုံးပြူးသွားစေသည်။
"မင်း ငါ့ကို ဆဲရဲတယ်လား" မန်ဟိုက ကန်ကျောက်ရင်း အော်သည်။ "ငါက စိတ်ရင်းနဲ့ မင်းအတွက် ဆုတောင်းပေးနေတာကို မင်းက ပြန်ဆဲတယ်ပေါ့လေ။ ဟာသပဲ" သူ၏အမူအရာမှာ အရုပ်ဆိုးအကျည်းတန်နေသဖြင့် ကြည့်နေကြသူများအားလုံး ကြောက်ဒူးတုန်လာကြတော့သည်။
လီထျန်းတောက်သည် ဒေါကန်နေသော်လည်း တဖြေးဖြေးနှင့် ဒေါသနေရာတွင် ကြောက်စိတ်တို့က အစားထိုးဝင်ရောက်လာသည်။ မကြာမီ ၎င်းကား စိတ်ပျက်ဝမ်းနည်းမှု ဖြစ်သွားတော့၏။ သူ့မှာ သွေးများ ပန်းထွက်နေသည်နှင့်အမျ သေမင်းအရိပ်က သူ့အပေါ်တွင် ရစ်ဝဲလာတော့သည်။
နောက်ဆုံးတွင် ဟန်ပေ့က မျက်တောင် တဖျပ်ဖျပ် ခတ်ပြီး ချောင်းဟန့်၍ အလျင်အမြန် သတိပေးလိုက်၏။ ထိုအခါမှ လီထျန်းတောက်မှာ အရိပ်အကဲသိသွားပြီး မတရားသဖြင့် ခံစားနေရသည့်တိုင် ဝေစုတိုးပေးမည်ဟု အော်လိုက်ရတော့သည်။
ကိစ္စဝိစ္စများအား ရှင်းလင်းပြီးသော် မန်ဟိုက နောက်တစ်ဖန် ရိုးရိုးသားသား ပြုံးပြီး လီထျန်းတောက် ရရှိခဲ့သော မှော်ပစ္စည်းစုစုပေါင်းသုံးခုအနက် နှစ်ခုယူလိုက်သည်။
ထိုမျှသာမက .... ထိုပစ္စည်းနှစ်ခုမှာ အကောင်းတကာ့ အကောင်းဆုံးများ ဖြစ်ကြသည်။ လီထျန်းတောက် ကြေကွဲနေသည့်အချိန်မှာပင် မန်ဟိုက သူ၏ပခုံးကို ဆုပ်ကိုင်ပြီး သက်ပြင်းချကာ ရှက်ကိုးရှက်ကန်းမျက်နှာပေးနှင့် ကျေးဇူးတင်စကား ဆိုလေသည်။
ထို့နောက် မန်ဟိုက ကျန်ရှိသူများကို လှည့်ပတ်ကြည့်လိုက်၏။ လီထျန်းတောက်အဖြစ်ကို တွေးရင်း လူတိုင်းမှာ ဆဲလိုစိတ်များကို ချိုးနှိမ်ရင်း သိုလှောင်အိတ်ကို ဖွင့်၍ ရရှိခဲ့သော ပစ္စည်းများ ထုတ်ပေးရုံမှတစ်ပါး အခြားမရှိပေ။ ကျမ်းကျိန်ထားသည့်အတွက် စကားလည်း ပြန်ရုပ်သိမ်းမရတော့သလို သဘောတူညီထားသည်အား ဖုံးကွယ်၍လည်း မရချေ။
သူတို့မှာ ခံရခက်နေသည့်တိုင် မန်ဟို မှော်ပစ္စည်းတစ်ခုပြီးတစ်ခု ဂရုတစိုက် ရွေးချယ်သွားသည်ကို မျက်ခုံးလှုပ်လှုပ်ဖြင့်သာ ကြည့်နေနိုင်တော့သည်။
"ဝါး မိုက်လိုက်တာ
"ဟင် အကြေးခွံဒိုင်းပါလား။ မိုက်ချက် မိုက်ချက်
"ဒီပန်းအိုးက ပြောင်မြောက်လိုက်တာ။ အကြည့်လေးတစ်ချက်တည်းနဲ့ အဖိုးထိုက်ရတနာလို့ ပြောနိုင်တယ်
"အိုး အိုး ဒီရွှံ့ရုပ်ကို ကြည့်ပါဦး။ လက်တစ်ဖက်နဲ့ ခေါင်းတစ်လုံးပြတ်နေပမယ့် စုပ်ယူလိုက်ဖို့ပဲ လိုတာ။ ယူရမယ်"
မန်ဟိုသည် မည်သူ့ကိုမဆို အံ့ဩတုန်လှုပ်သွားစေမည့် ပစ္စည်းများကို စုလိုက်၏။ သူ ပစ္စည်းယူလိုက်သူတိုင်းမှာ မျက်စိမျက်နှာပျက်နေကြလေသည်။ တစ်ယောက်မှ သူ့ကို မနိုင်သည့်အတွက်ကြောင့်သာ မဟုတ်လျှင် သေချာပေါက် တိုက်ခိုက်ကြမည်ဖြစ်သည်။ သူတို့၏အမုန်းမှာ ကောင်းကင်ဘုံသို့ပင် ထိုးတက်သွားပြီး နှလုံးသားများမှာတော့ သွေးစက်စက်ကျနေလေပြီ။
သူတို့အတွက် မန်ဟိုယူနေသည်ကား မှော်ပစ္စည်းများသာမဟုတ်၊ အဖိုးအနဂ္ဃအထိုက်တန်ဆုံးပိုင်ဆိုင်မှုများ ဖြစ်ပေသည်...
နောက်ဆုံးတွင် သူသည် စုန့်ကျားအရှေ့၌ ရပ်လိုက်၏။ သူက သူမကမ်းပေးနေသော ကျောက်စိမ်းလည်ဆွဲနှင့်အတူ သူမမျက်ဝန်းလေးထဲရှိ တွေဝေရှုပ်ထွေးနေသော အေးတိအေးစက်အကြည့်ကို ကြည့်လိုက်သည်။ ထို့နောက် သူသည် အတန်ကြာ အတွေးနက်နေပြီး ရရှိထားသော မှော်ပစ္စည်းတစ်ခုကို ထုတ်ကာ သူမလက်ထဲ ထည့်ပေးလိုက်၏။
စုန့်ကျားက မျက်မှောင်ကြုတ်သွားပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ် ရုတ်တရက် အဝေးမှ ရောင်စုံအလင်းတန်းသုံးတန်းက သူတို့ရှိရာသို့ တဟုန်ထိုး ပျံသန်းလာလေသည်။ ထိပ်ဆုံးမှ ဦးဆောင်နေသူမှာ ဖန်ယုမှတစ်ပါး အခြားမဟုတ်ပေ။ သူမအနောက်တွင် ဖန်မျိုးနွယ်အမျိုးသားနှစ်ယောက် လိုက်ပါလာ၏။
ထိုနှစ်ယောက်မှာ စိတ်လှုပ်ရှားနေသောအသွင်များအား ဆင်မြန်းထားကြလေသည်။ သူတို့ ယခုလေးတင် ရရှိခဲ့သည့် ပစ္စည်းများကြောင့် ပျော်ရွှင်ကြည်နူးနေကြကြောင်း သိသာပေသည်။
***