တာအိုရောင်ရင်းတို့ တစ်ခုလောက် ပြောပါရစေ
Vol. 44 Ch. 611
မန်ဟို့မျက်လုံးများ တောက်ပသွားပြီး သူက တစ်ဖက်လှည့်လိုက်သည်။ သူသည် လက်နှစ်ဖက်ယှက်၍ လာနေသော ဖန်မျိုးနွယ်ကျင့်ကြံသူသုံးယောက်ကို ဦးညွှတ်အရိုအသေပေးလိုက်၏။ "အဲ့ဒါ ဖန်မျိုးနွယ်စုက တာအိုရောင်ရင်းတွေ မဟုတ်လား။ ညီနောင်နှစ်ယောက်ကြည့်ရတာ အပျော်တွေကို မဖုံးနိုင် မဖိနိုင်ပုံပဲ။ တတိယပြင်ညီမှာ သေချာပေါက် ပွပေါက်တိုးထားတယ်ဖြစ်မယ်..."
ဖန်ယုမျက်နှာ မသာမယာဖြစ်သွားပြီး မန်ဟိုကို ဒေါသတကြီး ကြည့်၏။ သူ၏ ယခုပုံစံမှာ သူမအား ဒေါကန်သွားစေတော့သည်။
"ဘာ ပွပေါက်မှမတိုးဘူး" သူမက သူ့ကို မျက်စောင်းထိုးရင်း ပြောသည်။
"အာ အဲ့ဒါဆို အဆင်မပြေဘူးဗျ" မန်ဟိုက မျက်စိတစ်ဖက် မှိတ်ကာ ပြန်ဖြေလိုက်သည်။
"အဆင်ပြေတယ်လို့တောင် ထည့်တွက်လို့မရဘူ" ဖန်ယုက အံတင်းတင်းကြိတ်ရင်း လက်မခံနိုင်သော မျက်နှာထားလေးဖြင့် ပြောသည်။ "နင့်ကို ကြည့်ဦး ပစ္စည်းမျိုးစုံနဲ့။ အစ်မကြီးမှာတော့ သက်စွန့်ဆံဖျား စွန့်စားခဲ့ရတာတောင် ပစ္စည်းနှစ်ခုပဲ ရခဲ့တယ်။ ဒါတောင် နင့်အစ်မကြီးကို အခွင့်ကောင်းယူချင်သေးတယ်ပေါ့"
"ဟုတ်ပါပြီ ဒီလိုဆိုဘယ်လို ..." မန်ဟိုက အတန်ငယ် ရှက်ကိုးရှက်ကန်းဖြစ်နေသော အမူအရာဖြင့် ပြောသည်။ သို့သော် သူစကားမဆုံးခင် ဖန်ယုအနောက်တွင် ရပ်နေသော ဖန်မျိုးနွယ်စုမှ အမျိုးသားနှစ်ယောက်အနက် တစ်ယောက်က အေးတိအေးစက် ထရယ်လိုက်သည်။
"မင်းအရှက်မကွဲအောင် မျက်နှာသာပေးပေမယ့် မင်းက အရှက်မရှိ ပြုမူရဲသေးတယ်ပေါ့လေ ဟမ်။ ဒါက ဒုတိယပြင်ညီလို့ မင်း ထင်နေတုန်းပဲလား။ အခုချက်ချင်း ထွက်သွားစမ်း ခွေးမသားလေး။ မဟုတ်လို့ကတော့ တတိယပြင်ညီကနေ အသက်ရှင်ရက် ထွက်သွားနိုင်တယ်မထင်နဲ့"
ကျန်ဖန်မျိုးနွယ်ဝင်က စက်ဆုပ်ရွံရှာနေသော မျက်နှာထားဖြင့် ရှေ့တက်လာကာ ပြောသည်။ "မင်းအဆင့်မင်း မသိသေးဘူးပဲ။ ကျီမျိုးနွယ်စုတောင်မှ ဖန်မျိုးနွယ်အပိုင်ပစ္စည်းကို လုဖို့ နှစ်ခါစဉ်းစားရတာ မင်း မသိဘူးလား။ မင်းလိုကောင်ကတော့ .... မင်းမှာ ရှိတဲ့ ပစ္စည်းအားလုံးရဲ့ တစ်ဝက်ထုတ်ပြီး ပေးစမ်း။ မဟုတ်လို့ကတော့..."
ထိုလူနှစ်ယောက် စကားပြောနေစဉ် မန်ဟို့အကြည့်က သူတို့အပေါ် ကျရောက်လာသည်။
သို့သော် သူ ဒေါသပင် မထွက်ရသေးမီ ဖန်မု၏မျက်နှာတွင် ဒေါသအပြည့်လွှမ်းသွားတော့သည်။ သူမက ချာခနဲ လှည့်ကာ ရောင်ရင်းမျိုးနွယ်ဝင်နှစ်ယောက်ကို မျက်နှာမူလိုက်၏။
"နင်က သူ့ကို ထွက်သွားခိုင်းတယ်ပေါ့" သူမက ပြောသည်။ သူမသည် အံတင်းတင်းကြိတ်ရင်း ပျောက်ကွယ်သွားကာ ဖန်မျိုးနွယ်ဝင်တစ်ယောက်၏ ဘေးတည့်တည့်တွင် ပြန်ပေါ်လာ၏။ ရုတ်တရက် သူမလက်သီးကြီး ကျရောက်လာလေပြီ။
ဖန်မျိုးနွယ်ဝင်မှာ ဘာမှပင် မပြောနိုင်ခင် ဖောင်းခနဲ အသံကြားလိုက်ရပြီး ဖန်ယုကို အထိတ်တလန့်ကြည့်ရင်း ပါးစပ်မှ သွေးများ ပန်းထွက်လျက် နောက်လွင့်ထွက်သွားတော့သည်။
"ဖန်ယု ဘာလုပ်တာလဲ"
"နင်ကများ အရှက်မရှိဘူးတဲ့ဟုတ်လား" သူမမျက်လုံးများမှာ မီးဝင်းဝင်းတောက်နေလေပြီ။ ဤအခိုက်အတန့်တွင် သူမသည် ပေါက်ကွဲနေသော နဂါးကြီးတစ်ကောင်နှင့် အမှန်တကယ် တူနေတော့၏။ သူမခန္ဓာကိုယ်က ရိပ်ခနဲ ထိုလူ့အနား ထပ်ရောက်သွားပြန်သည်။ သူသည် တုန်ရီနေပြီး ပြန်တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ဖောင်းခနဲ အသံကြီးနှင့်အတူ နောက်လွင့်ထွက်သွားပြန်လေပြီ။
"နင်က သူ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့။ တတိယပြင်ညီကနေ အသက်ရှင်ရက် ထွက်မသွားစေရဘူးလို့ ပြောတယ်ပေါ့လေ။ အေး ... နင်လည်း တတိယပြင်ညီကနေ အသက်ရှင်ရက် ထွက်မသွားနိုင်အောင် ငါ လုပ်ပေးမယ်" အသတ်အဖြတ်စိတ်ဆန္ဒတို့ ဖန်ယု၏မျက်လုံးများတွင် ဖြစ်ပေါ်လာ၏။ ဖန်မျိုးနွယ် မြေကြီးအပေါ် မကျခင်မှာပင် သူမက ဖျတ်ခနဲ ပျောက်သွားပြန်ပြီး သူ၏ဘေးတည့်တည့်တွင် ပြန်ပေါ်လာသည်။ သူမလက်သီးက နောက်တစ်ဖန် ကျရောက်လာပြန်၏။ ဤသည်မှာ သာမန်လက်သီးမဟုတ်တော့၊ သူမ၏စွမ်းအားအလုံးစုံ ပါရှိသော လက်သီးဖြစ်လေသည်။
ဖောင်းခနဲ အသံကြီးက ကောင်းကင်နှင့်မြေကြီးအား တသိမ့်သိမ့် တုန်ခါသွားစေသည်။ ကြည့်နေကြသူများ ကြက်သေသေနေကြသည့်အချိန်မှာပင် ဖန်မျိုးနွယ်ဝင်၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး တစ်ကိုယ်လုံး သွေးသားအတုံးအတစ်များအဖြစ် ပေါက်ကွဲသွားတော့၏။ သူ၏အနုသုခုမရုပ်ခန္ဓာက ထွက်ပြေးသွားပြီး တစ်ချိန်တည်းမှာပင် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
" ဖန်ယု နင် တစ်မျိုးနွယ်တည်းသားကို သတ်ရဲတယ်ပေါ့။ အပြင်လူတစ်ယောက်ကြောင့်နဲ့ ငါ့ကို သတ်ရဲတယ်ပေါ့ "
"သတ်တော့ ဘာဖြစ်လဲ" ဖန်ယုက အေးတိအေးစက် နှာမှုတ်ရင်း ပြောသည်။ သူမသည် မုဒြာလက်ကွက်တစ်ကွက်ဖော်၍ ညာလက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းဆိုသလို ဧရာမလေးထောင့်ဒယ်အိုးကြီးတစ်လုံး မှော်ဆန်ဆန်ပေါ်လာသည်။ ၎င်းက ဖန်မျိုးနွယ်ကျင့်ကြံသူ၏ ထွက်ပြေးနေသော အနုသုခုမရုပ်ခန္ဓာထံသို့ ပျံထွက်သွား၏။ တစ်ခုနှင့်တစ်ခု ထိသွားသောအခါ မချိတင်ကဲ အော်သံကြီးတစ်သံ ကြားလိုက်ရပြီး အနုသုခုမရုပ်ခန္ဓာမှာ ကွဲကြေသွားတော့သည်။
တစ်ချိန်တည်းမှာပင် ထိုလူ၏ သိုလှောင်အိတ်က ဖန်ယု ဖမ်းယူနိုင်ရန် ပျံသန်းလာသည်။ သူမသည် ၎င်းအပေါ်ရှိ တံဆိပ်အမှတ်အသားကို အလျင်အမြန် ဖယ်ရှားလိုက်ပြီးနောက် မန်ဟို့ဆီ ပစ်ပေးလေ၏။
ယခုလေးတင် ဖြစ်ပျက်သွားသော မြင်ကွင်းက လူတိုင်းကို မှင်သက်နေစေတော့သည်။ အထူးသဖြင့် ကျီမျိုးနွယ်စုမှ ကျင့်ကြံသူများမှာ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်လျက် မယုံနိုင်ဖြစ်နေကြ၏။ တစ်မျိုးနွယ်တည်းသားကို သတ်ဖြတ်ခြင်းမှာ မည်သည့်မျိုးနွယ်စုတွင်မဆို ကြီးလေးသော ပြစ်မှုတစ်ခု ဖြစ်ပေသည်။
ဖန်ယု မည်သည့်အတွက်ကြောင့် စကားလေးတစ်လုံးနှစ်လုံးကို ရက်ရက်စက်စက် တုံ့ပြန်သည်လဲ သူတို့ အမှန်တကယ် နားမလည်နိုင်ပေ။
ဖန်ယုက လှည့်ပြီး ကျန်ဖန်မျိုးနွယ်ကို ကြည့်သည်။
ထိုလူမှာ တုန်ရီသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ သူ့မှာ ရင်တဒိန်းဒိန်း ခုန်နေပြီး သတိထား၍ ကပျာကယာ ပြောလိုက်သည်။ "အစ်မကြီးဖန်ယု ၊ နားလည်မှု လွဲတာပါ..."
"သူ့အဆင့်သူ မသိဘူးလို့ နင်က ပြောတယ်ပေါ့" သူမသည် အသတ်အဖြတ်စိတ်ဆန္ဒတို့ တဝင်းဝင်း တောက်ပနေသော မျက်လုံးများဖြင့် ပြော၏။ ဖန်မျိုးနွယ်ကျင့်ကြံသူမှာ ကြောက်လန့်တကြား နောက်ဆုတ်ရင်း ခေါင်းနပန်းကြီးနေတော့သည်။ သူ ခြေလှမ်းများများစားစား မဆုတ်နိုင်ခင် ဖန်ယုက သူ့အပေါ် ရောက်လာပြီး သူမလက်သီးကား ကျဆင်းလာခဲ့လေပြီ။
ဖောင်းခနဲအသံကြီး ကြားလိုက်ရ၏။ ထိုလူမှာ ပါးစပ်မှ သွေးများ ပန်းထွက်လျက် နောက်လွင့်ထွက်သွားတော့သည်။
"အစ်မကြီးဖန်ယု၊ ကျွန်တော် မှားသွားပါတယ်။ တကယ်ပါ ကျွန်တော့်အမှားပါ"
"သူ့အပိုင်ပစ္စည်းတစ်ဝက် ထုတ်ပြီး ပေးဖို့ နင်မပြောခဲ့ဘူးလား" သူမက အေးတိအေးစက် ပြောသည်။ သူမသည် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ကာ ပုံရိပ်ယောင်လေးထောင့်ဒယ်အိုးကြီးအား ထိုလူ့ဆီ ပျံထွက်သွားစေ၏။ မယုံကြည်နိုင်ဖွယ် ဖိအားကြီး၏အောက်တွင် ဖန်မျိုးနွယ်ကျင့်ကြံသူ၏မျက်နှာ ပျက်ယွင်းသွားတော့သည်။ သူက နောက်ဆုတ်လိုက်သည့်အချိန်မှာပင် သိုလှောင်အိတ်ကို ထုတ်၍ မန်ဟို့ဆီ ပစ်ပေးလိုက်သည်။
"အစ်ကိုကြီးမန် ၊ ကျွန်တော့်အပြစ်ကို ဗွေမယူပါနဲ့။ ဂျူနီယာညီလေး အမှား ဝန်ခံပါတယ်"
မန်ဟိုက မျက်မှောင်ကြုတ်လျက် သိုလှောင်အိတ်ကို ယူလိုက်သည်။ သူ ဘာစဉ်းစားနေသည်လဲ ပြောရခက်၏။
"နင်က ပါးနပ်သားပဲ" ဖန်ယုက ပြောသည်။ "ဒါကြောင့် နင် သေဒဏ်ကနေ လွတ်သွားပေမယ့် ပြစ်ဒဏ်မခံရဘူးလို့ ... မထင်နဲ့" သူမ ဖန်မျိုးနွယ်ကျင့်ကြံသူကို ကြည့်နေစဉ် လေးထောင့်ဒယ်အိုးကြီးက ကျဆင်းလာ၏။ ဝုန်းခနဲ အသံကြီး ကြားလိုက်ရပြီး ထိုလူ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားလေသည်။ သူ့မှာ မျက်နှာဖြူဆုပ်ဖြူလျော်ဖြင့် နောက်သို့ယိမ်းယိုင်သွား၏။ သူသည် ယခုတွင် အသက်အန္တရာယ်အတွက် မစိုးရိမ်ရသော်လည်း လိပ်ပြာလွင့်မတတ် ကြောက်နေသေးလေသည်။ သူက ချက်ချင်း လက်ယှက်ပြီး ဖန်ယုကို အရိုအသေပေးလိုက်သည်။
မန်ဟိုသည် သိုလှောင်အိတ်နှစ်လုံးကို ယူပြီးနောက် ဖန်ယုကို လှမ်းကြည့်၏။ သူမကလည်း သူ့ကို ပြန်ကြည့်သည်။
"အဲ့ဒါ ဘာအတွက်လဲ" သူက မေးသည်။
"နင့်ကိစ္စမဟုတ်ဘူး" ဖန်ယုက ပြန်ဖြေသည်။ သူမသည် မျက်မှောင်ကြုတ်ထားပြီး အံတင်းတင်းကြိတ်ကာ ဆက်ပြောသည်။ "ဘယ်လိုပဲဖြစ်ဖြစ် ငါ့ပစ္စည်းက ငါ့ဟာပဲ။ နင့်မပေးနိုင်ဘူး။ စိတ်ကူးကြည့်နေလည်း အလကားပဲ။ အဲ့ဒီလိုဖြစ်လာမှာ မဟုတ်ဘူး"
မန်ဟိုသည် သူမကို တခဏကြာသည်အထိ လေးလေးနက်နက် ကြည့်နေသော်လည်း ထပ်မပြောတော့ပေ။ ပတ်ဝန်းကျင်ရှိ လူတိုင်းမှာလည်း အတွေးကိုယ်စီဖြင့် တိတ်ဆိတ်နေကြသည်။
ဤအခိုက်အတန့်တွင် သူတို့ရပ်နေသောနေရာအနားရှိ ကျင်းကြီးမှ အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးတစ်သံ ထုတ်လွှတ်လိုက်သည်။ ဟိုးအနက်ပိုင်းထဲရှိ တစ်စုံတစ်ခု ဟိန်းဟောက်နေသည့်အလားပင်။ မြေကြီးတို့ တုန်ခါလာပြီး မရေမတွက်နိုင်သောနွယ်များက ကိုးရို့ကားယားပုံစံများဖြင့် တွန့်လိမ်လူးလွန့်ထွက်လာရင်း ပတ်ဝန်းကျင်ကို ဝန်းရံစပြုလာသည်။
နွယ်များမှာ မြွေများသဖွယ် ဘေးပတ်ဝန်းကျင်ကို ဝန်းရံနေကြစဉ် အလုံးပိုတုတ်လာပြီး ပိုရှည်လာကြ၏။ ပတ်ဝန်းကျင်ရှိ မိစ္ဆာချီများမှာ ကျင်းကြီးဆီသို့ ဝင်ရောက်ရင်း ကောင်းကင်ယံအထိ ထိုးတက်သွားသော ဧရာမအလင်းတိုင်ကြီးတစ်တိုင်အသွင် ပြောင်းလာသည်။
ဤအခိုက်အတန့်တွင် ဧရာမအလင်းတိုင်ကြီးအား မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ ပထမအထပ်ကောင်းကင်ဘုံအတွင်းရှိ မည်သည့်နေရာမှမဆို မြင်ရလေပြီ။ ထို့နောက် ဆင့်ခေါ်သံများက တောင်ကောင်းကင်ကျင့်ကြံသူအားလုံး၏ စိတ်နှလုံးထဲ၌ ပဲ့တင်ထပ်လာတော့သည်။
စာတစ်စောင်က အကုန်လုံးဆီသို့ ရောက်ရှိလာသည်။ ၎င်းသည် ... စတုတ္ထပြင်ညီသို့သွားရန် လမ်းကြောင်း ဖွင့်ပြီဟူ၍ ပြောနေ၏။
ယခုတွင် စတုတ္ထပြင်ညီသို့ ဝင်ရောက်ရန် ဖြစ်နိုင်သွားလေပြီ။
မန်ဟို့စိတ်မှာ တုန်လှုပ်နေပြီး သူ၏ပတ်ပတ်လည်ရှိ ကျင့်ကြံသူများမှာ အသက်ရှူသံများ မြန်လာတော့သည်။ သူတို့၏မျက်လုံးများက တဖျပ်ဖျပ် လက်နေသော်လည်း ဘယ်သူမှ ပထမဆုံး မသွားချင်ကြပေ။ အကုန်လုံးသည် စိတ်လိုက်မာန်ပါ မပြုမူဘဲ စောင့်ကြည့်နေကြ၏။
အချိန်များ ကုန်လွန်သွားပြီး အလင်းတိုင်ကြီး၏ ဆွဲဆောင်မှုကြောင့် လူများ တစတစ ရောက်လာကြသည်။ မှန်ပါသည် ၊ ဘယ်သူမှ မန်ဟို၏ငွေညစ်မှုကို မရှောင်လွှဲနိုင်ပေ။ နောက်ဆုံးတွင် ရှုချင်လည်း ရောက်လာရာ ပတ်ဝန်းကျင်တွင် တတိယပြင်ညီတွင် ရှိနေသော ကျင့်ကြံသူအများစုဖြင့် ပြည့်သွားလေပြီ။
သူတို့သည် မျက်လုံးများ တလက်လက်တောက်ပနေလျက် တစ်ယောက်ကိုတစ်ယောက် အကဲခတ်နေကြ၏။
ပထမဆုံးလှုပ်ရှားသူမှာ တောင်ပိုင်းဒေသမှ မထင်မရှား ပိန်ချုံးချုံးအဘိုးအိုတစ်ဦးဖြစ်သည်။ သူက ပျံထွက်လာပြီး နွယ်ပင်တစ်ပင်အပေါ်၌ ရပ်လိုက်၏။ ၎င်းကို ဆုပ်ကိုင်ပြီးနောက်တွင် စောင့်ကြည့်နေသူများဘက်လှည့်ကာ ပြုံးပြလေသည်။ ထို့နောက် သူသည် မှော်ယပ်တောင်တစ်ခု ထုတ်ကာ နွယ်၏မျက်နှာပြင်ထဲသို့ ဖိချလိုက်၏။
ချက်ချင်းပင် ယပ်တောင်မှာ အစိမ်းရောင် တောက်လာကာ လွင့်စင်ပျောက်ကွယ်စပြုလာသည်။ ၎င်းက နွယ်ပင်အတွင်းသို့ စုပ်ယူခံလိုက်ရသော တလက်လက်တောက်ပနေသည့် အလင်းစက်များ ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် နွယ်မှာ ရှည်ထွက်လာ၏။ ၎င်းသည် အဘိုးကြီးကို တစ်ပါတည်းခေါ်ကာ ကျင်းထဲ ထိုးဆင်းသွားတော့သည်။
ဖန်ယုက မန်ဟိုကို လှမ်းကြည့်ပြီးနောက် သူ့တစ်ယောက်တည်းကိုတင် မဟုတ်ဘဲ ၊ အကုန်လုံးအား ရည်ညွှန်းသလို ပြောလိုက်သည်။ "ဖန်မျိုးနွယ်စု သိရသလောက် လူတစ်ယောက်ဟာ စတုတ္ထပြင်ညီကို ဝင်ရောက်နိုင်ဖို့ မှော်ပစ္စည်းတွေ လိုအပ်သည်။ အပြင်လောကက မှော်ပစ္စည်းတွေက မိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ ရရှိထားတာတွေလောက် မထိရောက်ဘူး။ သူတို့ကို မိစ္ဆာနွယ်တွေဆီ ယစ်ပူဇော်လိုက်ရင် တန်ဖိုးအပေါ်မူတည်ပြီး နွယ်တွေက ထိုးဆင်းသွားလိမ့်မယ်
"နွယ်ပေါ်က ဆင်းပြီး ကိုယ့်ဘာသာကိုယ် သွားမယ်ဆိုရင်တော့ မုချသေမှာပဲ"
ထိုသို့ပြောပြီး ဖန်ယု၏ခန္ဓာကိုယ်က ဖျတ်ခနဲ နွယ်ပင်တစ်ပင်အနား ရောက်သွားသည်။ သူမသည် စောစောက အဘိုးကြီးပြုမူသွားသည့်အတိုင်း မှော်ပစ္စည်းတစ်ခုထုတ်ကာ နွယ်ထဲ ဖိချလိုက်၏။ နွယ်မှာ ရှည်ထွက်လာပြီး ကျင်းကြီးထဲ ထိုးဆင်းသွားလေသည်။
တစ်ယောက်ပြီးတစ်ယောက် ပျံသန်းသွားကြသည်။ ကျီမျိုးနွယ်ဝင်များ၊ မြောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူများ ၊ တောင်ပိုင်းဒေသမှ အုပ်စု။ တစ်ယောက်ပြီးတစ်ယောက် နွယ်တွေအပေါ် နင်းကာ ရတနာများထုတ်၍ ကျင်းထဲ ဆင်းသွားကြလေပြီ။ ဤအခြင်းအရာများ ဖြစ်ပျက်နေစဉ် မန်ဟိုက ချောင်းဟန့်လိုက်၏။ သူက အတန်ငယ် ရှက်ကိုးရှက်ကန်းဖြစ်နေသော အမူအရာဖြင့် စကားစပြောတော့သည်။
"တာအိုရောင်ရင်းတို့၊ ကျုပ် တစ်ခုလောက် ပြောပါရစေ။ ခင်ဗျားတို့အနေနဲ့ နွယ်တွေကို မှော်ပစ္စည်းတွေနဲ့ အဆက်မပြတ် ယဇ်ပူဇော်ရမှာဆိုတာတော့ ... ကျုပ်မှာ မှော်ပစ္စည်းတွေ တစ်ပုံကြီးဖြစ်နေတယ်ဗျ။ ဒါပေမဲ့ ကျုပ် ခင်ဗျားတို့ကို ချေးပေးပါ့မယ်။ တစ်ခုယူ ၊ နှစ်ခုပြန်ပေးပေါ့။ ကျုပ်က ဖောက်သည်တွေနဲ့ပတ်သက်ရင် ရိုးသားပါတယ်။ ဒီဈေးလောက် တန်တာမရှိဘူး
"ပြီးတော့ ခင်ဗျားတို့ စတုတ္ထပြင်ညီမှာ ဘယ်လောက်အံ့ဖွယ်ကောင်းတဲ့ ပစ္စည်းတွေ ရမလဲ ဘယ်သူ ပြောနိုင်မတုံး" သူက ဆက်ပြောသည်။ "ဒါကြောင့် ဆက်မသွားခင် ဒါကို စဉ်းစားသင့်တယ်နော်။ တစ်ခုဝယ် ၊ နှစ်ခုပြန်ပေး။ ဘယ်လောက်တန်လိုက်သလဲ" အခြားသူများ သူ့အသံကြားသည်နှင့်တစ်ပြိုင်နက် မျက်နှာများ တင်းမာခက်ထန်သွားကြတော့သည်။
"တစ်ခုဝယ် နှစ်ခုပြန်ပေးရမှာ တန်တယ်တဲ့လား"
"ဒီလောက်အထိ ငွေညှစ်တာမျိုး တစ်ခါမှ မကြုံဖူးပါဘူး"
"ဟာသပဲ။ လမ်းတစ်ဝက်မှာတင် စတုတ္ထပြင်ညီကို လက်လျှော့လိုက်ရရင်တောင်မှ အဲ့ဒီမကောင်းဆိုးဝါးမန်နဲ့ ဘယ်တော့မှ မပတ်သက်ဘူး"
သူတို့သည် မန်ဟို မုန်းမုန်းတီးတီးကြည့်ရင်း သူ၏ကမ်းလှမ်းချက်ကို ငြင်းဆိုကာ နွယ်များကို ကပျာကယာ ဆုပ်ကိုင်ပြီး ကျင်းထဲ ဆင်းသွားကြတော့သည်။
ရှုချင်က လက်ကလေးအုပ်၍ ပြုံးရင်း မန်ဟို့ဘေးတွင် လာရပ်၏။ မှီခိုရာဂိုဏ်းမှာတုန်းက မန်ဟိုဂြိုဟ်မွှေခဲ့သည့်အရာများကို သူမ မှတ်မိလိုက်လေသည်။ ယခု သူ့ကို ကြည့်လိုက်စဉ် သူမအပြုံးလေးမှာ ပို၍သာ ချိုမြိန်လာတော့သည်။
"သူတို့တော့ နောင်တရတော့မယ်" မန်ဟိုက အတန်ငယ် ချောင်းဟန့်လိုက်၏။ "ကျွန်တော်က တကယ် စေတနာနဲ့ ပြောတာပါ" သူသည် ရှုချင်ကို မျက်လုံးကလေး ပေကလပ် ပေကလပ်နှင့် ကြည့်လိုက်ရာ သူမအပြုံးလေးမှာ ပို၍တောက်ပလာတော့သည်။ သူမက ခေါင်းခါရင်း နွယ်တစ်ပင်ကို ဆွဲကာ ကျင်းထဲ ဆင်းသွားတော့၏။
မန်ဟိုတစ်ယောက်တည်း အပြင်မှာ ကျန်ခဲ့ခြင်းမဟုတ်။ တချို့က စတုတ္ထပြင်ညီကို မဝင်ရောက်ဘဲ လက်ရှိရောက်နေသော နေရာတွင်သာ လက်လျှော့လိုက်ကြရန် ဆုံးဖြတ်ထားကြ၏။
ဘယ်သူမှ ကျင်းထဲ မဝင်ရောက်တော့သည်ကိုမြင်သော် မန်ဟိုသည် ၎င်း၏အစပ်နားသို့ လျှောက်သွားပြီး နောက်ဆုံးတွင် အလယ်ကျသောနေရာတစ်နေရာအား ရွေးချယ်လိုက်၏။ သူက နွယ်ပင်တစ်ပင်ကို လှမ်းဆွဲပြီးနောက် မှော်ပစ္စည်းတစ်ခုထုတ်ကာ နွယ်၏မျက်နှာပြင်အပေါ် ဖိချလိုက်သည်။ နွယ်သည် ပစ္စည်းကို စုပ်ယူရင်း တောက်ပလာကာ သူ့အား ကျင်း၏အမှောင်ထုထဲသို့ ခေါ်ဆောင်သွားတော့သည်။
ကျင်းထဲ ဝင်လျှင်ချင်း အဘက်ဘက်မှ တိုးဝင်လာသော အအေးဓာတ်ကို မန်ဟို ခံစားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် ကျင်းကြီးမှာ ပိတ်ပိတ်ပိန်း မှောင်မိုက်မနေပေ။ နံရံပေါ်တွင် တလက်လက်တောက်ပနေသော အလင်းစက်များ ရှိသည့်အတွက် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မြင်ရလေသည်။
ပတ်ပတ်လည်တွင် တောင်ကောင်းကင်ကျင့်ကြံသူတစ်ယောက်စီကို သယ်ဆောင်ရင်း အောက်သို့ ထိုးဆင်းနေသော နွယ်အနည်းငယ်ကို မန်ဟို မြင်လိုက်ရ၏။
***