လူကြီးလူကောင်းတွေက ငွေမက်တယ်
Vol. 44 Ch. 612
မြေအောက်ကမ္ဘာတမျှ အေးစိမ့်နေသော လေတစ်ချက် တိုက်သွားသည်။ ၎င်း ကျီစယ်ဖြတ်သန်းသွားစဉ် လူတိုင်းမှာ ဆောင်းလယ်၌ ပိတ်မိနေသည့်အလား ရင်ထဲ စိမ့်သွားကြလေသည်။ ပို၍ပင် တုန်လှုပ်စရာကောင်းသည်မှာ အေးစိမ့်လေက ကျင့်ကြံသူများအား သေမျိုးလူသားများနှင့် မထူးခြားနားဖြစ်သွားစေခြင်းပင်။ လူတိုင်းသည် အကြောကပ်မတတ် တုန်ရီလာကြတော့၏။
သူတို့၏ အာငွေ့များမှာ ရေခဲဖြစ်ကာ အက်ကွဲကြေမွသွားသဖြင့် လူတိုင်း အတိုင်းထက်အလွန် တုန်လှုပ်သွားကြတော့သည်။
သွေးကြောများနှင့် ၎င်းတို့မှ ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းလှုပ်ရှားနေသော အနွေးဓာတ်ကြောင့်သာ မဟုတ်လျှင် သူတို့အနေဖြင့် ကျင့်ကြံအဆင့်မြင့်မားလျှင်တောင်မှ ရှေ့ဆက်ဆင်းနိုင်ကြမည်မဟုတ်ပေ။
မန်ဟိုသည် နွယ်ကို မြံမြဲစွာ ဆုပ်ကိုင်ရင်း မျက်လုံးများ တလက်လက် တောက်ပနေ၏။ ဤနွယ်များမှာ စတုတ္ထပြင်ညီသို့ ရောက်ရှိနိုင်ရာတွင် အဓိကကျသောအချက်တစ်ခုဖြစ်ကြောင်း သူ အချိန်အတော်ကြာကတည်းက သုံးသပ်မိပြီးဖြစ်လေသည်။ အတော်များများလည်း ထိုနည်းတူ သိထားပေမည်။
လူတိုင်း စတုတ္ထပြင်ညီသို့ ဝင်ရောက်ရန် မရွေးချယ်ခဲ့ကြသော်လည်း ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီသို့ ရောက်လာခဲ့သူတိုင်းမှာ တောင်ကောင်းကင်ဂြိုဟ်၏နယ်မြေများတွင် ထူးချွန်ပြောင်မြောက်သော အထင်ကရပုဂ္ဂိုလ်များ ဖြစ်ကြလေသည်။ စတုတ္ထပြင်ညီသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့သူများမှာတော့ လမ်းတစ်ဝက်မှာတင် လက်လျှော့သွားမည့်လူများ မဟုတ်ပေ။
သူတို့သည် ရတနာတစ်ခုပြီးတစ်ခုထုတ်၍ နွယ်ပင်များအား ယစ်ပူဇော်နေသဖြင့် နွယ်များမှာ တွန့်လိမ်လူးလွန့်ရင်း အမြင့်ဆုံးအရှိန်ဖြင့် ထိုးဆင်းနေကြလေသည်။
အချိန်များ နှေးကွေးစွာ ကုန်ဆုံးသွား၏။ မန်ဟိုက နောက်ဆုံးတွင် ဖြစ်သည်။ သူသည် အောက်ဆင်းလာနေစဉ် ပတ်ဝန်းကျင်ကို ဟိုဟိုသည်သည် ကြည့်ရှုလေ့လာနေလေသည်။ သူပြောနိုင်သလောက် ကျင်းကြီးမှာ အောက်ခြေမရှိသယောင်ပင်။ သူတို့မှာ အကွာအဝေးမည်မျှ ဆင်းလာခဲ့သည်လဲ မသိတော့သည့်တိုင် အဆုံးကိုလည်း မမြင်ရသေးပေ။
အေးစိမ့်လေက ပို၍ပြင်းထန်လာပြီး နွယ်များမှ လိုအပ်သော ရတနာအရေအတွက်မှာလည်း တိုးလာသယောင်ပင်။
မန်ဟိုထံမှ မလှမ်းမကမ်းတွင် လီထျန်းတောက်ရှိသည်။ သူ၏မျက်နှာမှာ တဖြည်းဖြည်း စိုးရိမ်ကြောင့်ကြမှုတို့ဖြင့် ပြည့်နှက်လာလေပြီ။ သူသည် မှော်ပစ္စည်းများအား လုံလုံလောက်လောက် ပြင်ဆင်လာခဲ့သော်လည်း ထပ်ပူဇော်ရန် လိုအပ်သော ပမာဏနှင့်ပတ်သက်ပြီး အခက်တွေ့နေ၏။ ဤအခိုက်အတန့်တွင် မှော်ပစ္စည်းအရည်အသွေးက မည်သည့်အရာဖြစ်ဖြစ် အရေးမကြီးတော့ပေ။ မည်သည့်အရာမဆို အလုပ်ဖြစ်ပေလိမ့်မည်။
သို့ထိတိုင် လီထျန်းတောက်၏ သိုလှောင်အိတ်ထဲ၌ မှော်ပစ္စည်း သိပ်များများစားစား မရှိတော့ပေ။ ကျင်း၏ အောက်ခြေကိုမမြင်ရဘဲ သည်အတိုင်းဆက်သွားလျှင် မကြာမီ သူ့အနေဖြင့် အရေးကြီးသောမှော်ပစ္စည်းများအား စတင်စတေးရပေတော့မည်။
သူ့အတွက် လက်ခံရခက်၏။ သူသည် မျက်လုံးများ၌ ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ တောက်ပနေလျက် မျက်မှောင်ကြုတ်၍ အံတင်းတင်းကြိတ်လိုက်သည်။ သူက တုံ့ခနဲ ရပ်ပြီး ပြန်တက်ရန် ပြင်လိုက်၏။ ကြည့်ရသည်မှာ စတုတ္ထပြင်ညီသို့ ဝင်ရောက်ရန် ကြိုးစားမှုကို လက်လျှော့တော့မည့်ပုံပင်။
သို့သော် သူ စတက်လိုက်သည်နှင့်တစ်ပြိုင်တည်းဆိုသလို ၊ တစ်မီတာလေးပင် မရွေ့ရသေးမီ သူ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွား၏။ သူ့ပတ်ပတ်လည်ရှိ အေးစိမ့်လေမှာ ဆယ်ဆပိုပြင်းထန်သွားလေပြီ။ မျက်စိတစ်မှိတ်အတွင်း သူ၏ဆံပင်များ၊ မျက်ခုံးများ ဆွတ်ဆွတ်ဖြူလာသည်။ ရေခဲသလင်းကျောက်များပင်လျှင် သူ၏အရေပြားအပေါ်၌ ဖြစ်ပေါ်လာလေသည်။ သိသိသာသာပင် သူကား ရေခဲရုပ်တုဘဝ ရောက်ပေတော့မည်။
သေမင်းခံတွင်းဝသို့ ကျရောက်တော့ခါနီးဆဲဆဲ လီထျန်းတောက်က အရေးကြီးသော မှော်ရတနာတစ်ခုကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ ၎င်းသည် ဆေဘာတစ်လက်နှင့် အတော်လေးတူသည့် တလက်လက်တောက်ပနေသော အပြာရောင်ဓားတစ်လက်ဖြစ်ပေ၏။ တစ်ချက်လေးကြည့်လိုက်ရုံနှင့် ၎င်းသည် သာမန်မဟုတ်သောရတနာဖြစ်ကြောင်း အတပ်ပြောနိုင်လေသည်။
လီထျန်းတောက်မှာ ခံစားနေရသော နာကျင်မှုကို မြိုသိပ်ရင်း နွယ်အပေါ် ဓားတင်ပေးလိုက်ရာ အထဲနစ်ဝင်သွားတော့၏။ လီထျန်းတောက်၏ပတ်ပတ်လည်ရှိ အအေးဓာတ် ပျောက်ကွယ်သွားပြီး သူ၏ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေပြီ။ သို့သော် သူ၏မျက်နှာအမူအရာမှာတော့ အံ့ဩတုန်လှုပ်နေဆဲသာ။
"အောက်ပဲဆင်းလို့ရတယ် အပေါ်တက်မရဘူးတဲ့လား" သူက စိတ်ထဲတွင် ငြီးငြူလိုက်လေသည်။ "ဒါမှမဟုတ် အပေါ်တက်ဖို့ဆို ပိုမြင့်မားတဲ့ တန်ကြေး ပေးရမှာလား" ပတ်ဝန်းကျင်ရှိလူတိုင်းမှာ ယခုလေးတင် ဖြစ်ပျက်သွားခဲ့သည့် ထူးဆန်းသောအဖြစ်အပျက်ကို သတိထားမိသွားကြ၍ တုန်လှုပ်ကုန်ကြသည်။ သူတို့အားလုံး အမျိုးမျိုး တွေးနေကြတော့၏။
ဤအခိုက်အတန့်တွင် လီထျန်းတောက်သည် သူ၏နွယ်မှာ အောက်သို့မရွေ့လျားတော့ဘဲ အပေါ်ပြန်တက်သွားကြောင်း မြင်လိုက်ရလေသည်။
အဆိုပါအခြင်းအရာက အခြားသူများထံမှ စကားသံများ ထွက်လာစေသည်။
"မဟုတ်နိုင်ဘူး။ ပြန်မတက်နိုင်တာမဟုတ်ဘူး။ ဒီနေရာကို ဝင်ပြီးတာနဲ့ ပြန်ထွက်ချင်ရင်တောင်မှ ရတနာတွေ ယဇ်ပူဇော်ရဦးမှာ"
"အဲ့ဒီလိုပဲ ဖြစ်ရမယ်။ စတုတ္ထပြင်ညီထဲ ဝင်ဖို့က တော်တော် မလွယ်ကူပါလား...."
မန်ဟိုသည် အခြေအနေကို ကောင်းကောင်းကြည့်နေ၏။ သူ၏မျက်လုံးများမှာ ဉာဏ်နီဉာဏ်နက်များဖြင့် တောက်ပနေပြီး သူက သိုလှောင်အိတ်ကို ပွတ်သပ်နေလေသည်။ ရုတ်တရက် ရှက်ကိုးရှက်ကန်းအပြုံးတစ်ခု သူ၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းလာ၏။ သို့သော် ဘာမှမပြောဘဲ သူ၏နွယ်ကို အောက်သို့ ဖြေးဖြေးချင်း ဆင်းသွားစေလေသည်။
လီထျန်းတောက်မှာ အတန်ကြာ ချီတုံချတုံ ဖြစ်နေ၏။ ယခု သူ့တွင် ရွေးချယ်စရာ နှစ်ခု ရှိသည်။ အပေါ်ပြန်တက်မည်လော၊ အောက်ဆင်းမည်လော။ မည်သို့ပင် ရွေးချယ်ပါစေ ၊ မှော်ပစ္စည်းအားလုံး စတေးပစ်ရမည်ဖြစ်သည်။
တခဏ မဆုံးဖြတ်နိုင်ဖြစ်နေပြီးနောက် လီထျန်းတောက်က အံတင်းတင်းကြိတ်လိုက်သည်။
"မှော်ပစ္စည်းတွေ ဖြုန်းတီးပစ်ရမယ်ဆိုမှတော့ စွန့်စားတာ အကောင်းဆုံးပဲ" သူက တွေးသည်။ "မစွန့်စားရင် ငါ သုံးခဲ့သမျှ အကုန်လုံး အလကားဖြစ်သွားမှာ။ ဒါပေမဲ့ ငါ အောင်မြင်ခဲ့ရင်တော့ စတုတ္ထပြင်ညီမှာ ပြန်ပြီးကုစားလို့ရတယ်"
ကျန်ကျင့်ကြံသူအတော်များများလည်း လီထျန်းတောက်နည်းတူ တွေးနေကြလေသည်။ သူတို့သည် စိတ်ပိုင်းဖြတ်ထားသော မျက်လုံးများဖြင့် အံတင်းတင်းကြိတ်ထားကြ၏။
သူတို့အတွက် သေလျှင် မြေကြီး၊ ရှင်လျှင် ရွှေထီးအခြေအနေပင်။ သို့သော် ယခု လက်လျှော့လိုက်ပါက ဘာမှအကျိုးအမြတ်မရမှာ သေချာသည်။ နည်းနည်းပါးပါး တောင့်ခံထားခြင်းဖြင့် အနည်းဆုံးတော့... သုံးစွဲခဲ့ရသမျှ ပြန်အဖတ်ဆယ်နိုင်မည့် အခွင့်အရေးတော့ ရပေလိမ့်မည်။
ကံကြမ္မာက ဤသို့ဖန်နေမှတော့ လောင်းကြေးထပ်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
အချိန်များ ကုန်လွန်သွားသည်။ တစ်ရက်ကြာသော် သူတို့အဖွဲ့သည် ကျင်း၏အနက်ပိုင်းထဲသို့ ရောက်နေကြပြီဖြစ်၏။ သို့သော် အောက်ခြေကို မမြင်ရသေး။ ၎င်းမှာ အမှန်တကယ် အဆုံးမရှိသည့်အလားပင်။ ဤအခိုက်အတန့်တွင် တချို့မှာ တွေ့ကရာမှော်ပစ္စည်းများဖြင့် ခရီးဆက်နေရလေပြီ။ သူတို့အနေဖြင့် ဆက်သွားချင်လျှင် မိစ္ဆာအင်မိုတယ်ဂိုဏ်း၌ ရှာတွေ့ခဲ့သော မှော်ပစ္စည်းများ သို့မဟုတ် အရေးပါသော တစ်ကိုယ်ရေသုံးမှော်ပစ္စည်းများအား မဖြစ်မနေ ထုတ်သုံးနေရ၏။
ဆုပ်လည်းဆူး ၊ စားလည်းရူးဖြစ်နေသော အခြေအနေက ကျင့်ကြံသူအတော်များများကို မျက်စိမျက်နှာပျက်နေစေတော့သည်။ သူတို့အားလုံးမှာ ဤနေရာသို့ မဝင်ရောက်ခင်တုန်းက မှော်ပစ္စည်းများ လုံလုံလောက်လောက်ရှိသည်ဟူ၍ သူတို့ကိုယ်သူတို့ ယုံကြည်ခဲ့ကြလေသည်။ သို့သော် ယခုတော့ မလောက်ကြောင်း သိလိုက်ရလေပြီ။
သူတို့နှင့်ယှဉ်လျှင် မန်ဟို့အတွက် အတော်လေး လွယ်ကူချောမွေ့နေလေသည်။ သူ၏သိုလှောင်အိတ်ထဲတွင် မှော်ပစ္စည်းတစ်ပုံတစ်ခေါင်းရှိ၏။ သူက ဘာမှမဟုတ်သည့်အတိုင်း ရတနာများအား နွယ်ပင်များထံ ယဇ်ပူဇော်ရင်း ဆက်သွားလေသည်။ မန်ဟိုက အောက်ဆင်းနေသည်သာမက ရံဖန်ရံခါ သူ၏နွယ်ပင်ကို လမ်းကြောင်းပြောင်း၍ ရှုချင်အား မှော်ပစ္စည်းများ သွားပေးတတ်သည်။
ဤအခြင်းအရာက ကျန်ရှိသူတိုင်း၏မျက်လုံးများ၌ ဒေါသမီးတို့အပြင် မနာလိုအားကျမှုတို့လည်း တောက်ပလာစေတော့သည်။
"အိုင်းရား မှော်ပစ္စည်းတွေက များလိုက်တာကွာ" မန်ဟိုက သက်ပြင်းချလိုက်သည်။ သူ၏အသံက ပဲ့တင်ထပ်သွားသဖြင့် အကုန်လုံးမှာ မုန်းလွန်း၍ လက်ယားလာတော့သည်။
"တာအိုရောင်ရင်းတို့" သူက ဆက်ကြေညာသည်။ "ခင်ဗျားတို့တစ်ယောက်ယောက် ရတနာတွေ နည်းနေရင် ခေါ်လိုက်နော်။ ကျုပ်တို့အားလုံး အေးအတူ ပူအမျှ ပေါ့ဗျာ။ ဘယ်သူသေသေ ငတေများပြီးရောဆိုတဲ့ စိတ်ထားနဲ့ ခင်ဗျားတို့ကို ကျုပ် လျစ်လျူမရှုနိုင်ပါဘူး
"ခင်ဗျားတို့ မှော်ပစ္စည်းနည်းနည်းပါးပါး ချေးချင်ရင် ကျုပ်က လက်မတွန့်ဘဲ ချေးပေးမှာပါ
"မပူနဲ့ ဈေးကလည်း သင့်တယ်။ ကိုယ့်ဖောက်သည်တွေပဲ ရိုးသားရမှာပေါ့။ တစ်ခုဝယ်၊ သုံးခုပြန်ပေး" သူ၏အသံက ကျင်းထဲတွင် ကျယ်လောင်စွာ ပဲ့တင်ရိုက်သွားလေသည်။ လူတိုင်းသာမက အရှေ့ဆုံးမှ ဦးဆောင်သွားနေသော အဘိုးကြီးပင်လျှင် ကြားလိုက်ရ၏။ သူတို့မျက်နှာများ ချက်ချင်း ရှုံ့မဲ့သွားကြတော့သည်။
ဖန်ယုက စိန်းစိန်းဝါးဝါးကလေး ပြန်ကြည့်နေသည့်တိုင် သူမမျက်နှာအပေါ်တွင် အပြုံးတစ်ခုအား မြင်နိုင်လေသည်။
ကျီမျိုးနွယ်ဝင်များမှာမူ မျက်နှာမသာမယာ ဖြစ်နေကြတော့သည်။ သူတို့သာ ထိုသို့ဖြစ်နေလျှင် အခြားသူများကိုကား ဆိုဖွယ်ရာမရှိတော့လေပြီ။ မန်ဟို့စကားကို ကြားကြသောအခါ သူတို့မှာ မုန်းလည်းမုန်းသလို၊ အားကိုးရာလည်း မဲ့နေကြတော့သည်။
"မင်း အရှက်မရှိတဲ့ ကလိမ်ကကျစ် အောက်တန်းစား" တစ်ယောက်က ထပြောသည်။ "ငါတို့မှော်ပစ္စည်းတွေ ဒီထက်ပိုပြီး နည်းလာရင်တောင်မှ မင်းဆီက အကူအညီ ဘယ်တော့မှ မယူဘူး"
"ဟုတ်တယ်" အခြားတစ်ယောက်က ပြောသည်။ "အပြင်မှာတုန်းကျ တစ်ခုဝယ် ၊ နှစ်ခုပြန်ပေးဆို။ အခုကျတော့ တစ်ခုဝယ် သုံးခုပြန်ပေးတဲ့လား။ ဒီလိုဈေးမြှင့်လိုက်တာက ဘယ်လောက်ရွံစရာကောင်းသလဲ"
"မင်းဆီက အကူအညီတောင်းမယ့်အစား အသေပဲခံမယ်"
မန်ဟိုသည် စိတ်တိုနေသောတုံ့ပြန်ချက်များကို နားထောင်ပြီး သက်ပြင်းချလိုက်၏။ "ခင်ဗျားတို့တော့ မှားနေပြီ" သူက ပြောသည်။ "ဒီမှော်ပစ္စည်းတစ်ခုစီတိုင်းက ကျုပ်အတွက် အရေးပါတဲ့ အမှတ်တရတစ်ခုစီကို ကိုယ်စားပြုတယ်။ ခင်ဗျားတို့ကို ကျုပ် ချေးပေးနေတာက မှော်ပစ္စည်းတွေမဟုတ်ဘဲ၊ ကျုပ့်ဘဝရဲ့ အချစ်စစ်တွေဗျ" သူက စိတ်ထိခိုက်သွားဟန်ဖြင့် သက်ပြင်းချလိုက်ပြန်သည်။
"ရိုးရိုးသားသားပြောရရင်" သူက ဆက်ပြောသည်။ "ကျုပ်က စေတနာနဲ့ပါ။ ကျုပ်ရဲ့ ဟော့ဒီမှော်ပစ္စည်းတွေကို ကြည့်ပါလား။ အရောင်အဝါတွေ ဘယ်လောက်တောက်ပခံ့ညားလိုက်သလဲ။ ဒါ အဆင့်မြင့်ပစ္စည်းတွေနော်
"ခင်ဗျားတို့အားလုံး စဉ်းစားကြည့်။ ကျုပ်ရဲ့ မှော်ပစ္စည်းတွေနဲ့ဆိုရင် ခင်ဗျားတို့ စတုတ္ထပြင်ညီကို ဘေးမသီရန်မခ ရောက်သွားမှာ။ အဲ့ဒီကိုရောက်တာနဲ့ မျက်စိလေးတစ်မှိတ်တည်းနဲ့ ကျုပ်ကို ကျေးဇူးပြန်ဆပ်နိုင်လောင်အောင် တန်ဖိုးရှိတဲ့အရာတွေ ရှာတွေ့မှာလေ
"လုံးဝတန်ချက်ပဲ
"အစ်ကိုအစ်မတို့ ၊ ညီလေးညီမလေးတို့။ အရှိကို အရှိအတိုင်း ကြည့်ကြနော်။ ခင်ဗျားတို့ အခုပေးရတဲ့တန်ဖိုးက ဘာမှမဟုတ်သေးဘူး။ အရေးအကြီးဆုံးက ဘာအမြတ်ထွက်မလဲဆိုတာ ကြည့်ဖို့ပဲ။ အနာမခံဘဲနဲ့ ဘယ်လိုလုပ်အသာစံနိုင်မှာလဲ ဟုတ်တယ်ဟုတ်" မန်ဟိုသည် မာယာကိုးဖြာဖြင့် လူတိုင်းအား ဆွဲဆောင်စည်းရုံးနေတော့သည်။ မှန်ပါသည် ၊ ဤသည်မှာ မှီခိုရာဂိုဏ်းတွင် ဆေးဆိုင်ဖွင့်ရင်း ရရှိခဲ့သော အရည်အချင်းဖြစ်သည်။ သို့ရာတွင် ကြားလိုက်ရသူများမှာ ဒေါသထွက်သထက်သာ ထွက်လာကြတော့၏။
ရှုချင်က လက်ကလေးအုပ်ကာ ပြုံးရင်း ဘေးတွင်ဖြစ်သည်။ မန်ဟို့ကို ကြည့်နေသော သူမမျက်ဝန်းလေးများမှာ နွေးထွေးပြီးရင်း နွေးထွေးလာလေသည်။
"တာအိုရောင်ရင်းတို့၊ ဒီလောက်မဖြစ်စလောက် ပမာဏလေးက စတုတ္ထပြင်ညီကို ဝင်ရောက်နိုင်မယ့် အခွင့်အရေးနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူးနော်" မန်ဟို၏နောက်ဆုံးစကားတွင် အဓိပ္ပာယ်အပြည့်ပါနေ၏။ သူ၏အသံကား စေတနာအပြည့်ဖြင့် ပဲ့တင်ထပ်နေတော့သည်။ အမှန်တော့ ကျင့်ကြံသူအတော်များများမှာ စိတ်လှုပ်ရှားသွားကြပြီး ရုတ်တရက် ဝေခွဲရခက်လာကြတော့၏။
လီထျန်းတောက်က အံတင်းတင်းကြိတ်လိုက်သည်။ လောလောဆယ် သူ့တွင် မှော်ပစ္စည်းလေးခုသာ ကျန်တော့သဖြင့် ထိုလေးခုထဲမှ တစ်ခုခုအား စွန့်လွှတ်ရန်မှာ သူ့အတွက် အလွန်တရာ နာကျင်စရာကောင်းနေသည်။ သူ၏မျက်နှာမှာ ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်သွားပြီး သူက ပြော၏။ "သုံးခုယူမယ်"
ဤအသံကို ကြားသော် မန်ဟို့မျက်နှာမှာ သိသိသာသာ ဝင်းပသွားတော့သည်။ သူက မှော်ပစ္စည်းတစ်ခု ကပျာကယာ ထုတ်၍ နွယ်၏မျက်နှာပြင်အပေါ်တင်ကာ လီထျန်းတောက်ရှိရာသို့ လားရာပြောင်းစေလိုက်သည်။
"အစ်ကိုလီကတော့ တကယ်ကို အတွေ့အကြုံ အမြော်အမြင်ရှိပြီး ပြောင်မြောက်တဲ့ အရည်အချင်းတွေနဲ့ ရဲရင့်လှပါပေတယ်။ ကဲ နားထောင်။ ဒါက ကျုပ်အတွက် ပထမဆုံးဈေးဦးပေါက်တာဆိုတော့ ဈေးလျှော့ပေးမယ်။ ဒီမှော်ပစ္စည်းသုံးခုကို ယူ။ ကျုပ်ကို ရှစ်ခုပဲ ပြန်ပေးဗျာ
"ဒီပစ္စည်းတွေက ဝိညာဉ်ကျောက်တုံး သုံးသောင်းတန်တယ်ဆိုတော့ အစ်ကိုလီအနေနဲ့ ကျုပ်ကို ဝိညာဉ်ကျောက်တုံး ရှစ်သောင်းပြန်ပေးရမှာပေါ့" ထိုသို့ပြောပြီး သူက သာမန်ဖြစ်ဟန်တူသော တွေ့ကရာမှော်ပစ္စည်းသုံးခုနှင့် အာမခံစာချုပ်ကို ထုတ်လိုက်သည်။ ထို့နောက် ဒုတိယပြင်ညီမှာတုန်းကအတိုင်း တာအိုကျမ်းကျိန်ခိုင်း၏။
လီထျန်းတောက်မှာ အံတင်းတင်းကြိတ်ထားလေသည်။ သူသည် လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်ပြီးနောက် ရတနာသုံးခုကို ယူကာ နွယ်၏မျက်နှာပြင်အပေါ် ဖိချလိုက်သည်။ ၎င်းက ချက်ချင်းဆိုသလို မြင့်မားသော အမြန်နှုန်းဖြင့် ထိုးဆင်းသွားရာ သူ၏စိုးရိမ်သောကများကို တခဏတော့ လျော့ပါးသွားစေလေသည်။
"မြင်လိုက်လား ကိုယ်လူတို့" မန်ဟိုက ခေါင်းကို ဝင့်ဝင့်ကြွားကြွား မော့ရင်း ပြောသည်။ "မန်ဟိုက လူကြီးလူကောင်းတစ်ယောက်လေ။ လူကြီးလူကောင်းဆိုတာ ငွေကို မြတ်နိုးတယ်။ သမာအာဇီဝနဲ့ ရှာတယ်။ ကျုပ် ဘယ်သူ့ကိုမှ အတင်းဖိအားမပေးဘဲ အကြွေးနဲ့ရောင်းပေးနေတာနော်။ အခုချက်ချင်း ပြန်ပေးစရာမလိုဘူး။ အာမခံစာချုပ်လေးရေးလိုက်တာနဲ့ ခင်ဗျားတို့ ပြဿနာတွေ ဖြေရှင်းပြီးသား ဖြစ်လိမ့်မယ်
"ဒီနေရာက ထွက်သွားပြီးတဲ့နောက်မှာမှ ပေးလို့ရတယ်နော်။ ဘယ်လောက်အပေးအယူမျှလိုက်သလဲ"
လူတိုင်းမှာ မန်ဟိုတစ်ယောက် ရှက်ကြောနှင့် ချက်ကြော မှားဖြတ်ပြီး မွေးလာခဲ့သည်လားပင် ထင်နေကြတော့သည်။ နောက်ထပ် ရက်တစ်ပိုင်းကြာသွားလေပြီ။ အောက်ခြေကား မမြင်ရသေး။ ဤအချိန်တွင် လီထျန်းတောက်မှာ မန်ဟို့အပေါ် ဝိညာဉ်ကျောက်တုံးလေးသိန်း အကြွေးတင်နေပြီဖြစ်၏။ ထိုအခိုက်အတန့်တွင် ဝမ်လီဟိုင်မှာ မအော်ခေါ်ဘဲ မနေနိုင်တော့ပေ။
"ဆယ်ခုပေး"
"ငါလည်း ဆယ်ခုယူမယ်" လီရှိချီက သွားလှလှလေးများကို တင်းတင်းစေ့ကာ ပြောသည်။
"ငါ့အတွက်လည်း ဆယ်ခု" ဟန်ပေ့က သက်ပြင်းတစ်ချက်ချကာ ဆို၏။
မန်ဟိုမှာ ချက်ချင်း တက်ကြွသွားတော့သည်။ သူသည် မှော်ပစ္စည်းများနှင့် အာမခံစာချုပ်များကို ကျွမ်းကျင်လိမ္မာစွာ ထုတ်၍ ထိုသုံးယောက် တာအိုကျမ်းကျိန်သည်ကို စောင့်ကြည့်ပြီးနောက် ပြုံးပြုံးရွှင်ရွှင်ဖြင့် မှော်ပစ္စည်းများ လှမ်းပေးလေသည်။
"ငါ့ဆီက ဝယ်ပြီးရင် စိတ်သာချ။ ပစ္စည်းအားလုံးရဲ့ အရည်အသွေးကို အာမခံတယ်။ ငါကိုယ်တိုင်လည်း မင်းတို့ဆီ လာပို့ပေးမှာ"
သုံးယောက်လုံး ဝယ်ယူထားသော မှော်ပစ္စည်းများကို ယူပြီး မန်ဟို့ကို အဖက်မလုပ်ကြပေ။ သူတို့သည် ပစ္စည်းများအား နွယ်များကို ကျွေးရင်း အောက်ဆင်းသွားကြ၏။
နောက်တစ်ရက်ကုန်သွား၏။ မကြာမီ ရတနာကုန်သွားသူများ ပိုမိုများပြားလာတော့သည်။ သူတို့မှာ ပိုင်ဆိုင်ထားသော ရတနာများကိုလည်း မစွန့်လွှတ်ချင်ရာ မန်ဟို့ကို မည်မျှမုန်းမုန်း လှမ်းခေါ်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
"တစ်ခုဝယ် ၊ ငါးခုပြန်ပေးဖြစ်သွားပြီနော် တာအိုရောင်ရင်းတို့။ ကျုပ်လည်း မှော်ပစ္စည်းတွေ နည်းလာတော့ ဈေးတက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိလို့ပါ... ပြီးတော့ ကြေညာရဦးမယ် ကျုပ်မှာ မှော်ပစ္စည်းဆယ်ခုပဲ ရှိတော့ရင် နောက်တစ်ခေါက် ဘယ်တော့မှ ထပ်ကျင်းပမှာ မဟုတ်တဲ့၊ တစ်ခါမှ မကြုံဖူးတဲ့ ... လေလံပွဲကို စတင်ရတော့မယ်" မန်ဟိုသည် သက်ပြင်းချလိုက်သော်လည်း မျက်လုံးများမှာတော့ စူးရှတောက်ပနေလေသည်။
သူ့ပါးစပ်မှ စကားလုံးများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် မကျေမနပ် စောဒကတက်သံများ ဆူညံသွားသည်။ လူတိုင်းမှာ ဒေါသထွက်နေသည့်တိုင် အံတင်းတင်းကြိတ်ပြီး မှော်ပစ္စည်းများရဖို့အတွက် တစ်ခုဝယ်၊ ငါးခုပြန်ပေးတန်ဖိုးဖြင့် ဝယ်ကြရတော့သည်။
"ဘယ်လောက်တွက်ခြေကိုက်လိုက်သလဲ" မန်ဟိုက တွေးလိုက်သည်။ "ဟားဟားဟား ရှေးဟောင်းမိစ္ဆာအင်မိုတယ်ဂိုဏ်းက ငါ့အတွက် ပွပေါက်ကြီးဖြစ်လိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ" သူသည် အာမခံစာချုပ်တစ်ထပ်ကြီး ဆုပ်ရင်း နွယ်ကို ကိုင်ထား၏။ စာချုပ်အပေါ်၌ ရေးထားသော ဂဏန်းများကို မြင်သောအခါ သူ၏မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပလာတော့သည်။ သူ၏ငွေမက်မှုမှာ အရိုးထဲထိ အမြစ်တွယ်နေပြီဖြစ်ပြီး ကျင့်ကြံခြင်းအခြေခံ မည်မျှတိုးတက်ပါစေ နည်းနည်းမျှ လျှော့ကျသွားခြင်း မရှိခဲ့ပေ။
"ငါတော့ ထောပြီ"
***