စတုတ္ထပြင်ညီ
Vol. 44 Ch. 613
"ကံကောင်းချင်တော့လည်း ကျင်းက ပိုတောင် နက်လာတယ်" မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ် တောက်ပနေလျက် တွေးလိုက်သည်။ "ကိုးရက်၊ ဆယ်ရက်လောက် ဆက်သွားနေရရင် အကောင်းဆုံးဖြစ်လိမ့်မယ်" သူ၏သိုလှောင်အိတ်ထဲတွင် ကြံရာကျပန်း မှော်ပစ္စည်းများမှတစ်ပါး တခြားထွေထွေထူးထူးမရှိပေ။
မန်ဟို့အတွက် အတော်များများမှာ အသုံးမတည့်ပေ။ စချီးဦဖွဲ့စည်းမှုအဆင့်တုန်းက ရရှိခဲ့သော်လည်း ယနေ့အထိ ချောင်ထိုးထားခံခဲ့ရသော ရတနာများပင် ရှိသည်။ သူ့မှာ မလွှင့်ရက်သောကြောင့် ... သိမ်းထားခဲ့ခြင်းဖြစ်လေသည်။
သူသည် ငယ်ငယ်တုန်းက ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေခဲ့သဖြင့် ဝိညာဉ်ကျေက်တုံးတစ်တုံးနှင့်ပင် မခွဲခွာချင်ခဲ့ပေ။ ဤမှော်ပစ္စည်းများမှာ ဝိညာဉ်ကျောက်တုံးဒါဇင်အနည်းငယ် ထိုက်တန်လေရာ မည်ကဲ့သို့ သည်အတိုင်း လွှင့်ပစ်နိုင်မည်နည်း။
၎င်းတို့ကို စွန့်ပစ်ရန် နည်းလမ်း အမြဲရှာခဲ့သော်လည်း အနက်ရောင်နယ်မြေနှင့် အနောက်ပိုင်းသဲကန္တာရမှာ မဖြစ်ထွန်းသောနေရာများဖြစ်ခဲ့လေသည်။ ထို့ကြောင့် ထိုကဲ့သို့ပစ္စည်းများ သူ၏သိုလှောင်အိတ်ထဲတွင် စုဝေးလာခဲ့၏။
အပြင်လူတစ်ယောက်သာ သူ၏သိုလှောင်အိတ်ထဲသို့ အမှတ်တမဲ့ ကြည့်လိုက်မိလျှင် လုံးလုံးလျားလျား ဆွံအသွားပေလိမ့်မည်။ အထဲမှာ တိုလီမုတ်စများ၊ ဟိုပစ္စည်း၊ သည်ပစ္စည်းများဖြင့် အမှန်တကယ် ရှုပ်ပွနေလေသည်.... အကုန်လုံးက မန်ဟို၏ပိုင်ဆိုင်မှုများ ဖြစ်သည်မဟုတ်ပါလော။ သူ့မှာ ဝိညာဉ်ကျောက်တုံး ကုန်သွားတိုင်း သိုလှောင်အိတ်ထဲ ပြန်ကြည့်ရင်း ဖြေသိမ့်နိုင်သေးလေသည်။
ယခု ရရှိထားသော အခွင့်အရေးမှာ အလွန်အမင်း ရှားပါးလွန်း၍ သူ့အား စိတ်လှုပ်ရှားနေစေတော့သည်။ ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် အံတင်းတင်းကြိတ်၍ မှော်ပစ္စည်းများ ဝယ်ရန် လှမ်းခေါ်နေကြပြီး မန်ဟိုက ဟိုဟိုသည်သည် အပြေးအလွှား လိုက်ပို့ပေးနေလေသည်။
မန်ဟိုသည် သူတို့ အာမခံစာချုပ်အား ဖောက်ဖျက်မည်ကို စိတ်မပူ။ ဤလူများမှာ ဂိုဏ်းကြီးများ၊ မျိုးနွယ်စုကြီးများ၏ တာအိုကလေးများ၊ ရွေးချယ်ခံများ မဟုတ်ပါလော။ သူတို့တွင် ဝိညာဉ်ကျောက်တုံးများ ပေါများသည့်အပြင် တာအိုကျမ်းလည်း ကျိန်ထားကြသေးသည်ဖြစ်ရာ သူ့ကို ပြန်မဆပ်ဘဲ နေရဲကြမည်မဟုတ်ပေ။
မန်ဟို့ဘေးတွင် မြောက်ပိုင်းသဲကန္တာရမှကျင့်ကြံသူတစ်ယောက် ရှိသည်။ သူသည် တလက်လက်တောက်ပနေသော ဓားသေးသေးလေးတစ်လက်ကို ဆုပ်ကိုင်ရင်း မန်ဟို့အား ရဲတွတ်နေသောမျက်လုံးများဖြင့် ကြည့်လိုက်၏။ သူက ဒေါသတကြီး ထအော်လေသည်။ "မေနိုး မန်ဟို။ ဒါ စဦးချီဖွဲ့စည်းမှုအဆင့် မှော်ပစ္စည်းကြီးဟ။ မင်း မင်း မင်း မင်း .... ဒါလေးအတွက် ငါ့ကို ဝိညာဉ်ကျောက်တုံးတစ်သိန်း တောင်းတယ်ပေါ့။ မပေးနိုင်ဘူး ဒါလေးအတွက်နဲ့တော့ မပေးနိုင်ဘူး။ မင်းက အောက်တန်းကျတဲ့ ကလိမ်ကကျစ်ကောင်"
"ဟုတ်တယ် ဒါကို ကြည့်ဦး ။ ချီအခြေတည်အဆင့်အတွက် မှော်ပစ္စည်းကြီးလေ။ မင်း ငါ့ကို ဝိညာဉ်ကျောက်တုံး နှစ်သောင်းတောင်းတော့ ငါက တစ်သိန်းတောင် ပြန်ပေးရမှာပေါ့"
"ဒီယပ်တောင်ကို ကြည့်ပါဦး။ ငါ့ချီးတဲ့မှ စုတ်ပြတ်နေတဲ့ဟာကြီး။ ဒါ အမြုတေဖြစ်တည်မှုအဆင့် မှော်ပစ္စည်းဆိုပေမယ့် ... မင်းက ဒီသောက်သုံးမကျတဲ့ ပစ္စည်းအတွက် ဝိညာဉ်ကျောက်တုံး ငါးသောင်းတောင်းတယ်။ ဒီတိုင်းသာ လာဓားပြတိုက်လိုက်ပါတော့လား"
လူအုပ်ကြီး၏ဒေါသကို တုံ့ပြန်သည့်အနေဖြင့် မန်ဟိုက မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်သည်။
"ဒီပစ္စည်းတွေက ခင်ဗျားတို့အတွက် အမှိုက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်" သူက အေးတိအေးစက် ပြောသည်။ "ကျုပ်ကတော့ ခက်ခက်ခဲခဲ စုဆောင်းထားရတာ။ အဲ့ဒါလေးတွေ စုဆောင်းနိုင်ဖို့အတွက် တစ်ခါတလေ အစာမစား၊ ရေမသောက်ဘဲတောင် နေရခဲ့တယ်
"ခင်ဗျားတို့ မလိုချင်ရင် ပြန်ပေးလေ ရတယ်။ ပြီးရင်တော့ ကျုပ်ရဲ့ အလိုမရှိဖောက်သည်စာရင်းထဲ ရောက်သွားမှာပေါ့"
အခြားသူများမှာ ဒေါသထွက်လွန်း၍ ရူးမတတ် ဖြစ်နေကြသော်လည်း အံတင်းတင်းကြိတ်ပြီး သက်ပြင်းသာ ချနိုင်တော့သည်။ ထို့နောက် သူတို့သည် မှော်ပစ္စည်းများအား နွယ်၏မျက်နှာပြင်အပေါ်သို့ ဒေါသတကြီး ဖိချကာ အောက်ဆက်ဆင်းသွားကြပေမည်။
နောက်ဆုံးတွင် ကျီမျိုးနွယ်ဝင်များပင် မန်ဟိုကို လှမ်းခေါ်ကြရတော့သည်။ မကြာမီ လူအုပ်ထဲ၌ မန်ဟို့အပေါ် အကြွေးမတင်သူဟူ၍ မရှိသလောက် ဖြစ်လာလေပြီ။ လူတိုင်းမှာ ဆက်သွားနေကြစဉ် မန်ဟို့ကို ငိုချင်ပါသော် မျက်ရည်မထွက်သော မျက်လုံးများဖြင့် ကြည့်နေကြရ၏။
သူတို့မှာ စိတ်မရှည်စွာဖြင့် နောက်တစ်ရက် ဆက်ဆင်းသွားကြရသည်။ နောက်ဆုံးတော့ အောက်တွင် အလင်းရောင်လေးတစ်ခုအား ဖျတ်ခနဲ လှမ်းမြင်လိုက်ရလေပြီ။ နောက်ဆုံးတွင်တော့ ကျင်း၏အောက်ခြေအား လှမ်းမြင်လိုက်ရပြီဖြစ်သည်။
ထိုအခိုက်အတန့်တွင် မန်ဟို့အပေါ် ဝိညာဉ်ကျောက်တုံးအမြောက်အမြား အကြွေးတင်နေကြသူများမှာ စိတ်လှုပ်တရှား အော်ဟစ်လိုက်ကြတော့သည်။ မန်ဟိုတစ်ယောက်တည်း နှမြောတသ သက်ပြင်းချနေခြင်းဖြစ်၏။
"ကျင်းက ဘာလို့ ဒီလောက် တိမ်ရတာလဲ" သူက မျက်မှောင်ကြုတ်ရင်း တွေးနေသည်။ "ဒီထက် နည်းနည်းပိုနက်ရင် ကောင်းမှာ။ အခုတော့ လေလံပွဲတောင် မကျင်းပရသေးဘူး" သူသည် ပတ်ပတ်လည်ရှိ လူတိုင်း နွယ်များနှင့်အတူ စိတ်လှုပ်တရှား ဆင်းသွားကြသည်ကို စောင့်ကြည့်နေ၏။ သူတို့အတွက် ကျင်း၏အောက်ခြေသို့ ရောက်ရန် သိပ်မကြာလိုက်ပေ။
ကျင်း၏အောက်ခြေသည် မည်သူမဆို စိတ်ကူးနိုင်သည်အထက် အဆများစွာ ကြီးမား၏။ ကျင်းကြီးမှာ တကယ်တမ်း တစ်ဖက်တွင် ဧရာမကမ္ဘာကြီးတစ်ခုရှိသော ဥမင်လိုဏ်ခေါင်းကြီးနှင့် တူလေသည်။
ကမ္ဘာမှာ အဆုံးမရှိသယောင်ပင်။ နတ်ဘုရားအာရုံဖြင့်ပင်လျှင် ၎င်း၏အနားအား မမြင်ရ။ လူတိုင်း အောက်ခြေသို့ ရောက်သော် စိတ်နှလုံးချာချာလည်လျက် ရပ်နေကြတော့သည်။
မန်ဟို၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အသက်ရှူသံများမြန်လာသည်။ သူ့ဘေးတွင် ရှုချင် ရောက်လာပြီး သူမလည်း ဘာဆိုဘာမှ မတွေးနိုင်တော့ပေ။
ဘယ်သူမှ စကားမပြောကြ။ တိတ်ဆိတ်မှုကသာ မင်းမူနေသည်။ အကုန်လုံးမှာ မြင်နေရသောအရာကြောင့် လုံးလုံးလျားလျား အံ့ဩမှင်သက်နေကြလေသည်။
ကုန်းမြေထုကြီးသည် ချောမွေ့ညီညာစွာဖြင့် အရပ်လေးမျက်နှာတစ်ခွင် ဆန့်တန်းနေ၏။ ၎င်း၏မျက်နှာပြင်မှာ ကြေးမုံတစ်ချပ်သဖွယ်ဖြစ်ပြီး စောစောက လူတိုင်းမြင်လိုက်ရသော အလင်း၏အရင်းအမြစ်ဖြစ်ချေသည်။
ကုန်းမြေထုကြီးကို မှန်တစ်ချပ်ဟု တင်စားရလျှင် တောင်ကောင်းကင်ဂြိုဟ်မှအုပ်စုကို ထိုမှန်၏အပြင်တွင် ရပ်နေသူများဟု ဖော်ပြရမည်။ ထိုမျှသာမက သူတို့ မှန်ကို ကြည့်လိုက်သောအခါ မြင်ရသည်ကား သူတို့၏ရောင်ပြန်ပုံရိပ်မဟုတ်.... ရှေးဟောင်းစစ်မြေပြင်တစ်ခု။
အံ့ဩတုန်လှုပ်ဖွယ်ကောင်းစွာနှင့် ရှေးဟောင်းကမ္ဘာတစ်ခုသည် ထိုမှန်၏အပြင်၌ တည်ရှိနေသည်။ ၎င်းမှာ ဒုတိယပြင်ညီ၏ အချိန်အပိုင်းအခြား မတိုင်ခင် တည်ရှိခဲ့သည်လား၊ သို့မဟုတ် ထို့နောက်ပိုင်းမှလား ပြောရခက်သော ရှေးဟောင်းကမ္ဘာတစ်ခုပင်။ မည်သို့ဆိုစေ သူတို့အဖွဲ့သည် ယခု အဆုံးအစမရှိသော စစ်မြေပြင်ကြီးတစ်ခုအား စိုက်ကြည့်နေကြလေပြီ။
စစ်မြေပြင်အပေါ်တွင် အကြိတ်အနယ် တိုက်ခိုက်သတ်ဖြတ်နေကြသော ကျင့်ကြံသူများအား မရေမတွက်နိုင်အောင် မြင်ရသည်။ ကောင်းကင်နှင့်မြေကြီးမှာ ရောင်စုံခြယ်နေပြီး ပေါက်ကွဲသံများက ကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်နေတော့သည်။ အက်ကြောင်းများမှာ မြေမျက်နှာပြင်တစ်လျှောက် ကွေ့ကောက်ဖြာထွက်လျက်ရှိကာ မှော်အကာအကွယ်များ၏ အလင်းများမှာလည်း အရာအားလုံးအား လွှမ်းခြုံထားနေ၏။
ကောင်းကင်တွင် ဟိုဟိုသည်သည် ပျံသန်းသွားလာနေသော စစ်ရထားများ၊ တစ်ယောက်ကိုတစ်ယောက် ကမူးရှူးထိုး တိုက်ခိုက်နေကြသော သံချပ်ကာဝတ်ကျင့်ကြံသူများဖြင့် ပြည့်နေသည်။ အဝေးတွင် ဧရာမနဂါးကြီးများအပြင် မရေမတွက်နိုင်သော မိစ္ဆာသားရဲများ ခုန်အုပ်တိုက်ခိုက်နေသည်ကို မြင်နိုင်သည်။
မြောက်မြားစွာသော အဖြစ်အပျက်များအား မြင်နိုင်လေသည်။
လူတစ်ယောက် လက်ဝှေ့ယမ်းလိုက်သည်ကို မြင်ရသည်။ မြေကြီး ကွဲအက်သွားပြီး ဧရာမမြေစိုင်ထုကြီး မြောက်တက်လာ၏။ ၎င်းက လေကိုခွင်းသွားသော ကြယ်ပျံကြီးဖြစ်သွားသည်။
လူတစ်ယောက် လက်သီးထိုးသွင်းလိုက်သည်ကို မြင်ရသည်။ ကြယ်များ ကြေမွသွားပြီး မီးတောက်များက ကမ္ဘာကြီးကို ဝါးမြိုလာ၏။
မှော်ပစ္စည်းများသန်းပေါင်းများစွာဖြင့် အဝိုင်းခံထားရသော လူတစ်ယောက်ကို မြင်ရသည်။ ၎င်းတို့က လေဆင်နှာမောင်းသဖွယ် စုစည်းကာ သွားသမျှနေရာတိုင်း သွေးတို့ လွင့်စင်ထွက်သွားစေသည်။ လေဆင်နှာမောင်ကြီး၏အရောင်ကား သွေးရောင်ဖြစ်ပေ၏။
လူတစ်ယောက် မုဒြာလက်ကွက်ဖော်နေသည်ကို မြင်ရသည်။ လက်ချောင်းတစ်ချောင်းက ကောင်းကင်သို့ ညွှန်နေပြီး မရေမတွက်နိုင်သော စာလုံးများ ရွှေရောင်တဖိတ်ဖိတ်လက်လျက် ပေါ်ပေါက်လာသည်။ ၎င်းတို့သည် အံ့ဖွယ်အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသော ရှေးဟောင်းစာလုံးများ အသွင်ပြောင်းသွားကာ အဆုံးမဲ့သတ်ဖြတ်ခြင်းသို့ ဦးတည်သွားတော့သည်။
လူတစ်ယောက် မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်ကို မြင်ရသည်။ စိတ်ဝိညာဉ်၏ခန္ဓာကိုယ်မှာ မီတာသုံးထောင်ရှည်လျားပြီး ဘေးဘီဝဲယာကို ရွံရှာစွာ ကြည့်ပြီး ဟိန်းဟောက်ရင်း ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသော မျက်နှာများရှိလေသည်။
ဤသည်မှာ မတူညီသော နှစ်ဖွဲ့အကြားက အလွန်ခမ်းနားသောစစ်ပွဲကြီးဖြစ်၏ ။
တစ်ဖက်အား ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများအနက် တစ်ဦးတစ်ယောက်ချင်းစီသည် ကောင်းကင်ဘုံကို တုန်လှုပ်စေနိုင်သော အဖျက်အစီးနတ်ဘုရားစွမ်းရည်များအသုံးပြုပြီး ဓမ္မဂါထာများနှင့် မကုန်မခမ်းနိုင်သော မှော်ပစ္စည်းများကို ဆင့်ခေါ် နိုင်ကြလေသည်။
အခြားတစ်ဖက်မှာတော့ မိစ္ဆာများပင်။ ဤသည်မှာ ကောင်းကင်နှင့်မြေကြီး၏ ဆန်းပြားသော မဟာမိစ္ဆာကြီးများဖြစ်ကြသည်။ မိုးထိတိုင် ရိုက်ခတ်နေသော လေပြင်းများက သူတို့ကို ဝန်းရံထားရာ သူတို့သွားသည့်နေရာတိုင်း၌ အနက်ရောင်မုန်တိုင်းကြီးများ ဖန်တီးနေတော့သည်....
ထို့ထက်ပိုဝေးသောနေရာတွင်ကား အံ့ဩဖွယ်ကောင်းစွာနှင့် ... ဧရာမခေါင်းတလားကြီးတစ်လုံး။ ခေါင်းတလားကြီးမှာ ကောင်းကင်ဘုံမှ ပြုတ်ကျလာခဲ့သယောင်ပင်။ မျက်စိကျိန်းမတတ် စူးရှသော ရောင်စုံအလင်းက ၎င်းကို ရစ်ပတ်နေလျက်ရှိပြီး အတွင်းတွင်ကား..... လိပ်ပြာကိုးကောင် ပျံဝဲနေသည်ကို မြင်ရ၏။
ခေါင်းတလားကြီးပတ်ဝန်းကျင်တွင် ပုံရိပ်အမြောက်အမြားအား မြင်နိုင်ပေသည်။ မည်သည့်ဖက်ကမှ ကျန်တစ်ဖက်ကို ခေါင်းတလားအနား ခြေလှမ်းလေးတစ်ဝက်ပင် မကပ်နိုင်အောင် ဟန့်တားနေကြသဖြင့် သတ်ဖြတ်မှုများမှာ ပြင်းထန်ရက်စက်နေတော့၏။
ခေါင်းတလားကား စစ်ဖြစ်ရသော အကြောင်းရင်းပင်။ ခေါင်းတလားအား သိမ်းပိုက်နိုင်ဖို့ ... ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြခြင်း ၊ ရက်ရက်စက်စက် သတ်ဖြတ်နေကြခြင်း ဖြစ်သည်။
မန်ဟိုအပါအဝင် တောင်ကောင်းကင်မှ ကျင့်ကြံသူများမှာ မှန်အတွင်းရှိ နယ်မြေများကို အံ့ဩမှင်သက်စွာ ငုံ့ကြည့်ရင်း လေလယ်တွင် ပျံဝဲနေကြ၏။ သူတို့သည် ကြောက်ခမန်းလိလိစစ်ပွဲကြီးကို ငုံ့ကြည့်ပြီး လက်ကလေးတစ်ချက် ဝှေ့ရမ်းလိုက်ရုံနှင့် တောင်များကို ဖြို၍ ပင်လယ်တို့ကို ပြောင်းပြန်လှန်ပစ်နိုင်သော ပုဂ္ဂိုလ်များ၊ နတ်ဘုရားစွမ်းရည်များဖြင့် ကြယ်တာရာများကို နင်းချေပြီး လများအား ဆွဲယူနိုင်သော ပုဂ္ဂိုလ်များကို မြင်နေကြရလေသည်။ တောင်ကောင်းကင်ကျင့်ကြံသူများ၏ နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်အံ့ဩမှုတို့ ပြည့်နှက်နေတော့သည်။
စစ်မြေပြင်အပေါ်တွင် စစ်ပွဲကြီး၏အတိုင်းအတာ မည်မျှခမ်းနားပါစေ ၊ သတ်ဖြတ်မှုများ မည်မျှ ပြင်းထန်ပါစေ မတိမ်မြှုပ်သွားသော လူသုံးယောက်ရှိသည်။ စစ်မြေပြင်ကို ငုံ့ကြည့်လိုက်သော မည်သူမဆို၏ အကြည့်မှာ ဤပုဂ္ဂိုလ်သုံးယောက်၏ ဆွဲဆောင်ခြင်းခံလိုက်ရမည်သာ ဖြစ်၏။
သူတို့သည် ... စစ်ပွဲ၏ ဩဇာအာဏာအရှိဆုံး ၊ အစွမ်းထက်ဆုံး ဘုရင်များအလား၊ မည်သူမဆို မော်ဖူးရမည့် အကိုးကွယ်ခံနေမင်းကြီးများအလားပင်။
တစ်ယောက်က တစ်ခေါင်းလုံး ဆံပင်ဖြူနေသော တာအိုဝတ်ရုံနှင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ၏ ပုံပန်းသွင်ပြင်မှာ ရှေးဆန်ပြီး သူ၏လက်နှစ်ဖက်ကို မြှောက်လိုက်သည့်အခါ လည်နေသောပုလဲနှစ်လုံးကို မြင်ရပေမည်။ တစ်လုံးသည် အနက်ရောင်၊ တစ်လုံးသည် အဖြူရောင်ဖြစ်၏။
ထိုလူ၏အနောက်တွင် မှော်ဆန်ဆန် ဆင့်ခေါ်ခံထားရပုံပေါ်သော ပုံရိပ်ယောင် ကြယ်တာရာကောင်းကင်တစ်ခုရှိ၏။ သူသည် ကောင်းကင်၏အလယ်တည့်တည့်တွင် ရပ်ကာ သူတစ်ယောက်တည်းနှင့် မိစ္ဆာမျိုးနွယ်စုအတွင်းရှိ မည်သူမဆို၏ရင်ထဲသို့ အကြောက်တရားများ ရိုက်ထည့်ပေးနိုင်စွမ်း ရှိလေသည်။
ဒုတိယပုဂ္ဂိုလ်မှာ မိစ္ဆာမျိုးနွယ်စုများအတွင်းမှ ဖြစ်သည်။ ၎င်းကား တောင်ပံလင်းနို့ကြီးတစ်ကောင်နှင့် တူသည့် မိစ္ဆာကြီးတစ်ကောင်ပင်။ ၎င်း၏မျက်လုံးများက နီစွေးနေပြီး မီးလုံးခုနစ်လုံးက ၎င်းကို လှည့်ပတ်နေသည်။ မီးလုံးတစ်လုံးစီမှာ အရောင်တစ်ရောင်စီဖြစ်ပြီး အံ့ဩဖွယ်ကောင်းစွာနှင့်.... သစ်သားတစ်လက်အား တစ်လုံးစီ၏အထဲတွင် မြင်နိုင်လေသည်။
မိစ္ဆာကြီးအား အံ့မခန်းလိလိအရှိန်အဝါတစ်ခုက ဝန်းရံထားသည်။ ၎င်းသည် ထိုနေရာတွင် ရပ်နေစဉ် မြေကြီး၊ ကောင်းကင်နှင့် သက်ရှိသတ္တဝါအားလုံးကို ဒူးတုပ်ဝပ်တွားခစားစေနိုင်သည့်အလားပင်။
မန်ဟိုမှာ ထိုနှစ်ယောက်၏ကျင့်ကြံအဆင့်ကို မသိသော်လည်း သူ၏အသက်ရှူသံများမှာ စည်းချက်မညီတော့ပေ။ သူ့အတွေး မှန်လား၊ မှားလား မသေချာသည့်တိုင် လက်ထဲတွင် ပုလဲနက်နှင့် ပုလဲဖြူနှစ်လုံး ကိုင်ထားသော ကျင့်ကြံသူအဘိုးအိုကို မြင်လျှင် ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။
သူ၏စိတ်ထဲတွင် ကျိုးပြည်မှ ပုံရိပ်တစ်ခုအား ပြန်မြင်ယောင်မိသွားသည် ..... ကျားလေးလက်ထဲရှိ ပုလဲ။
ကျားလေး၏ပုလဲနှင့် အဘိုးအိုလက်ထဲရှိ အဖြူရောင်ပုလဲမှာ ....တစ်ပုံစံတည်း တူနေသယောင်ပင်။ အဘိုးအိုကိုင်ထားသော ပုလဲကို မြင်လိုက်သည့်အချိန် ရရှိလိုက်သည့် ခံစားချက်က .... ထိုပုလဲနှစ်လုံးမှာ တစ်ခုတည်းဖြစ်ကြောင်း မန်ဟို့အား သေချာသွားစေသည်။
ထိုမျှသာမက ထိုလူပုံစံလင်းနို့ကြီးမှာ လွန်ခဲ့သောနှစ်များက သူတိုက်ခိုက်ခဲ့ဖူးသော မိစ္ဆာနှင့် အလွန်တူ၏။ ပို၍ပင် ဆက်စပ်မိသည်မှာ ၎င်းကို ဝန်းရံထားသည့် မီးလုံးခုနစ်လုံးထဲရှိ သစ်သားဓားများပင်။ ၎င်းတို့ကို မြင်လျှင်ချင်း မန်ဟို စိတ်နှလုံးတုန်ရီသွား၏။ ထိုဓားများကား ..... သူ၏ အင်မိုတယ်ဇီဝိန်ချုပ်ဓားများနှင့် တစ်ထေရာတည်းပင်။
ယခုတွင် သူ့၌ ထိုကဲ့သို့ ဓားငါးလက်ရှိသည်။ လေးလက်က မူရင်း၊ တစ်လက်က အပွားဖြစ်၏။
မန်ဟို့ကို ပို၍ပင် အသက်ရှူမြန်သွားစေသည်ကတော့ မှန်ကမ္ဘာအတွင်းရှိ တတိယပုဂ္ဂိုလ်ပင်။ ထိုပုဂ္ဂိုလ်က သူ၏စိတ်ကို ချာချာလည်သွားစေပြီး ထစ်ချုန်းသံကြီးတစ်သံဖြင့် ပြည့်နှက်သွားစေသည်။
ထိုပုဂ္ဂိုလ်သည် ရိုးရှင်းသော ပုံစံနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ဖြစ်၏။ သူက ဝတ်ဖြူစင်ကြယ်ကို ဝတ်ဆင်ထားပြီး သူ၏ရှည်လျားသော ဆံပင်များမှာ အမည်းတစ်ဝက် ၊ အဖြူတစ်ဝက်ဖြစ်လေသည်။ သူသည် ကျင့်ကြံခြင်းအခြေခံတစ်ခု၏ အရှိန်အဝါကို ထုတ်လွှတ်မနေဘဲ ချိတ်ပိတ်ခံထားရသည့်အလား လေလယ်တွင် ပျံဝဲနေ၏။ သူ၏ပတ်ပတ်လည်ရှိ လေထုမှာ လုံးဝ မလှုပ်မရှား ငြိမ်သက်နေလေသည်။
မိစ္ဆာမျိုးနွယ်စု သူ့ကို မြင်သောအခါ တုန်ရီသွားကြပြီး သူတို့၏မိစ္ဆာချီများမှာ ထိန်းချုပ်မရတော့အလား ပရမ်းပတာ ဖြစ်ကုန်ကြသည်။
ကျင့်ကြံသူများ သူ့ကို မြင်သောအခါ သူတို့၏မျက်လုံးများ၌ လေးစားကြည်ညိုမှုတို့ ပြည့်နှက်သွား၏။ သူတို့ သူ့ကို ကြည့်လိုက်သည်နှင့်တစ်ပြိုင်တည်းဆိုသလို ပြင်းထန်သောဖိအားကြီးတစ်ရပ်က သူတို့အပေါ် သက်ရောက်လာရာ သူတို့၏ကျင့်ကြံအဆင့်များကို ကျဆင်းသွားစေတော့သည်။
သူသည် ဤစစ်ပွဲတွင် မည်သည့်ဘက်ကမှ မဟုတ်ပေ။ လေလယ်တွင် ပျံဝဲနေသော သူ၏ဖြစ်တည်မှုမှာ စစ်မြေပြင်အား သုံးပိုင်းကွဲထွက်သွားစေပြီး တစ်ပိုင်းအား သူ့အပိုင်ဖြစ်သွားစေသည့်အလားပင်။
ထိုလူ၏လက်ထဲတွင် အကြွေးခွံများဖြင့် ထပ်ဆင့်ကဲ ဖုံးနေပုံရသော ငွေလှံရှည်တစ်ချောင်းကို ကိုင်ထားသည်။ လှံသည် ငွေရောင်သက်သက်သာ မဟုတ် ၊ ရံဖန်ရံခါ အကြေးခွံများက အနက်ရောင်သမ်းသွားတတ်သည်။
လှံကို မြင်မြင်ချင်း မန်ဟို၏စိတ်ထဲ၌ အသံတစ်သံ ပဲ့တင်ထပ်လာသည်။
"မိစ္ဆာလက်နက်... အဖော်မဲ့သင်္ချိုင်း"
အဖော်မဲ့သင်္ချိုင်း၏ နတ်ဆိုးမနောမှာ အပြီးတိုင် ပျောက်ကွယ်တော့ခါနီး ဖြစ်နေသော်လည်း မန်ဟို့တွင် ရှိသေးလေသည်။ ၎င်းက ဆင့်ခေါ်နေသည့်အလား တဝီဝီမြည်လာတော့၏။
ထိုအခိုက်အတန့်တွင် မန်ဟိုသည် လေလယ်တွင် ပျံဝဲနေသော သက်လတ်ပိုင်းလူမှာ မည်သူဖြစ်သည်လဲ ဖျတ်ခနဲ နားလည်လိုက်လေပြီ။ သူက ထိုလူ့ကို မမှိတ်မသုန်ကြည့်ရင်း တွေးလိုက်သည်။ "တတိယမျိုးဆက် ... မိစ္ဆာချုပ်နှောင်သူ"
***