ချိတ်တံဆိပ်
Vol. 44 Ch. 614
ဤအခိုက်အတန့်တွင် မန်ဟိုသည် သူ၏သိုလှောင်အိတ်ထဲရှိ ကြေးမုံ .... မှီခိုရာဂိုဏ်းမှာကတည်းက သူနှင့်အတူရှိခဲ့သော ကြေးမုံ၊ သူ့ကို နှစ်ပေါင်းများစွာ အကူအညီပေးခဲ့သော အဖိုးထိုက်ရတနာကြေးမုံမှာ .... တုန်ခါစပြုလာကြောင်း သတိပြုမိလိုက်၏။
တုန်ခါနေခြင်းမှာ အမွှေးအတောင်ပါသော သတ္တဝါတစ်ကောင်ကောင်ကြောင့် မဟုတ်။ တုန်ခါနေခြင်းသည် ပြင်းထန်ပြီး အတွင်းထဲမှစ၍ ကြေးမုံတစ်ခုလုံးကို လွှမ်းခြုံလာပုံရသည်။
မန်ဟိုမှာ အံ့အားသင့်နေသော်လည်း သူ၏မျက်နှာထားကတော့ ပြောင်းလဲမသွားပေ။ မိစ္ဆာလက်နက် အဖော်မဲ့သင်္ချိုင်းကို ကြည့်နေစဉ် သူ၏အကြည့်သည် ဖျတ်ခနဲ လင်းလက်သွား၏။
သူသည် မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းနှင့် ပထမဆုံး ဆုံတွေ့ခဲ့တုန်းက နတ်ဆိုးလှံအဖြစ် ဖန်ဆင်းထားသော နတ်ဆိုးမနောကို ရရှိခဲ့လေသည်။ မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းအစစ်မှာ ရှေးဟောင်းစစ်မြေပြင်တစ်ခုအတွင်း၌ ချုပ်နှောင်ပိတ်လှောင်ခံထားရသည်ကိုလည်း သူ သိရှိခဲ့ရသည်။
မန်ဟိုသည် အဆိုပါရှေးဟောင်းစစ်မြေပြင်မှာ မိစ္ဆာအင်မိုတယ်ဂိုဏ်းနှင့် တစ်ခုခု ပတ်သက်နေမည်ကိုလည်း သိ၏။ သူ့အနေဖြင့် မိစ္ဆာအင်မိုတယ်ဂိုဏ်းသို့ ရောက်သည်နှင့် နတ်ဆိုးမနော၏တုံ့ပြန်မှုကို အသုံးချကာ အဖော်မဲ့သင်္ချိုင်းအား ရှာဖွေနိုင်ခဲ့သင့်သည်။
သို့ရာတွင် ပထမ၊ ဒုတိယ၊ တတိယပြင်ညီ၌ ဖြတ်သန်းခဲ့သော အတွေ့အကြုံများတစ်လျှောက် သူ့မှာ လျှောက်လှမ်းရန် လမ်းစလေးတစ်စကိုပင် မရှာဖွေနိုင်ခဲ့ပေ။ သို့စေကာမူ ဤနေရာ.... စတုတ္ထပြင်ညီတွင်တော့ နောက်ဆုံး လမ်းစလေးတစ်စ တွေ့လိုက်ရလေပြီ။
အဖြူတစ်ဝက်၊ အမည်းတစ်ဝက်ဆံပင်များနှင့် ဝတ်ဖြူစင်ကြယ်လူကား ... တတိယမြောက်မိစ္ဆာချုပ်နှောင်သူမှတစ်ပါး အခြားမဟုတ်ပေ။ ထို့အပြင် သူ၏လက်ထဲရှိ လှံမှာလည်း ... မိစ္ဆာလက်နက် အဖော်မဲ့သင်္ချိုင်းမှတစ်ပါး အခြားမဟုတ်။
လူတစ်ယောက် ၊ လှံတစ်ချောင်း ... ကောင်းကင်ဘုံအောက်ရှိ အရာအားလုံးကို သုံးပိုင်းခွဲရင်း လေတွင် ပျံဝဲနေသည်။
သူ၏တန်ခိုးသည် မိစ္ဆာမျိုးနွယ်များကို တုန်ရီနေစေပြီး ကျင့်ကြံသူများအပေါ်သို့ ပြင်းထန်သော ဖိအားကြီး သက်ရောက်စေ၏။ ကောင်းကင်နှင့်မြေကြီးတွင် သူသည် အတုမရှိသောတန်ခိုးရှင်တော့ မဟုတ်သော်လည်း အဆုံးစွန်အထိ ရိုသေလေးစားတန်ဖိုးထားခံရဆဲ ဖြစ်သည်။
မန်ဟိုသည် တတိယမြောက်မိစ္ဆာချုပ်နှောင်သူကို ကြည့်ရင်း စိတ်နှလုံးတုန်ရီကာ အသက်ရှူနှုန်းများ ဖောက်ပြန်နေတော့သည်။ ဤသည်ကား .... စစ်မှန်သော မိစ္ဆာချုပ်နှောင်သူတစ်ဦး ဖြစ်သည်လော။
တတိယမြောက် မိစ္ဆာချုပ်နှောင်သူ၏ တန်ခိုးကို မြင်သောအခါ မန်ဟိုသည် ရုတ်တရက် သူ၏ နဝမမြောက်မိစ္ဆာချုပ်နှောင်သူလမ်းစဉ်နှင့် ပတ်သက်ပြီး မျှော်လင့်ချက်များ ပြင်းပြလာတော့သည်။ သူသည် တစ်နေ့တွင် လေလယ်တွင်ရပ်၍ ကောင်းကင်ဘုံအောက်ရှိ အရာအားလုံးကို ပိုင်းခြားပစ်နိုင်ချင်စိတ်တို့ ဖြစ်ပေါ်လာ၏။
မှန်ကုန်းမြေထုကြီးအတွင်း၌ ဖြစ်ပျက်နေသော အရာအားလုံးမှာ မန်ဟိုကို မှင်သက်နေစေသည်သာမက အသက်ပြင်းပြင်း ရှူနေကြရသော တောင်ကောင်းကင်ဂြိုဟ်မှ ကျင့်ကြံသူများကိုလည်း ကြက်သေသေနေစေသည်။ ဤအခိုက်အတန့်တွင် ပိန်ချုံးချုံးအဘိုးကြီး၏ မျက်လုံးများ တလက်လက် တောက်ပလာသည်။ အဆိုပါအဘိုးကြီးမှာ ကျင်းထဲသို့ ပထမဆုံးဝင်ရောက်ခဲ့သော အဘိုးကြီးမှတစ်ပါး အခြားမဟုတ်ပေ။ သူသည် အသေးစားနေရာရွှေ့ပြောင်း၍ အောက်ရှိ မှန်ဆီသို့ ဦးတည်သွားတော့သည်။
လှုပ်ရှားမှုက အခြားသူများ၏အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်သည်။ မန်ဟိုသည် တဖျပ်ဖျပ်လက်နေသော မျက်လုံးများဖြင့် ထိုလူကို စောင့်ကြည့်နေ၏။
ပိန်ချုံးချုံးအဘိုးကြီးသည် မယုံနိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားသွား၏။ မျက်စိတစ်မှိတ်တစ်မှိတ်အတွင်း သူကား ဤကုန်းမြေထုကြီးအား ဖန်တီးပေးထားသော မှန်၏မျက်နှာပြင်အပေါ်သို့ ရောက်သွားခဲ့လေပြီ။ ထို့နောက် သူက ရှေ့ဆက်ရွေ့လျားသွားလိုက်ရာ ရှေးဟောင်းစစ်မြေပြင်အတွင်းသို့ ဝင်ရောက်တော့မည့်ပုံပေါ်သွားသည်။ သို့သော် အမှန်တွင် သူသည် မှန်၏မျက်နှာပြင်ကို ဖြတ်သွားနေခြင်းသာ ဖြစ်၏။
အသက်အရှိုက်အနည်းငယ်ကြာသော် သူက တုံ့ခနဲ ရပ်၍ လက်ကို မှန်မျက်နှာပြင်အပေါ်သို့ ဖိချလိုက်သည်။ မှန်မျက်နှာပြင်မှာ အသက်ဝင်သွားသည့်အလား လှိုင်းတွန့်များ ထလာ၏။ ရုတ်တရက် အဘိုးကြီးနှင့် မျက်နှာချင်းဆိုင်တွင် သက်လတ်ပိုင်းလူတစ်ယောက် ပေါ်လာသည်။ ထိုလူသည် ရှေးဟောင်းကမ္ဘာထဲတွင် တည်ရှိပြီး ချပ်ဝတ်တန်ဆာတစ်စုံ ဝတ်ဆင်ထား၏။ သူက လက်ကို မြှောက်လိုက်ရာ အထဲ၌ ကြက်သွေးရောင်ငှက်တစ်ကောင်အား မြင်ရသော မီးလုံးတစ်လုံး ပေါ်လာသည်။
မူလက မြင်နေရသမျှ အရာအားလုံးသည် မှန်အတွင်းမှာသာ တည်ရှိခြင်းဖြစ်၏။ သို့သော် အဘိုးကြီး၏ လှုံ့ဆော်မှုနှင့် မသိရသော အကြောင်းတစ်စုံတရာကြောင့် ကြက်သွေးရောင်ငှက်သည် မှန်ထဲမှ ဖျတ်ခနဲ ပျံထွက်လာလေပြီ။
၎င်းက မှန်အတွင်းမှ ပျံထွက်နိုင်အောင် ချိတ်တံဆိပ်တစ်ခုခုကို ချိုးဖျက်၍ အပြင်၌ ပေါ်လာသယောင်ပင်။
လောလောဆယ်တွင် ငှက်သည် အရွယ်အစားကျုံ့နေပြီး ၎င်း၏မီးတောက်များမှာ မှေးမှိန်အားနည်းလာ၏။ ၎င်းမှာ မှန်အတွင်းတွင် ရှိခဲ့စဉ်တုန်းကနှင့် မတူတော့ပေ။ သို့သော် အပြင်၌ ပေါ်လာသည်နှင့်တစ်ပြိုင်နက် အားကောင်းသောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
မီးငှက်သာ ပေါ်လာခြင်းမဟုတ်။ အံ့ဩတုန်လှုပ်ဖွယ်ကောင်းစွာနှင့် တခဏကြာသော် အလင်းတန်းလေးတန်းက လှိုင်းတွန့်များကို ဖြတ်၍ထွက်လာလေသည်။ ဤအလင်းတန်းများ အထဲတွင် ဓားနှစ်လက်၊ ယပ်တောင်တစ်ချောင်းနှင့် လွန်းတံတစ်တံအား မြင်ရ၏။
ပစ္စည်းလေးခုမှာ မီးငှက်၏ အနောက်နားလေးမှ ပျံထွက်လာခြင်း ဖြစ်သည်။ အဘိုးကြီးကမူ တဟားဟား ရယ်ရင်း လေပေါ်ပျံတက်၍ မီးငှက်ကို ဖမ်းရန် ၎င်းထံသို့ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။
လူတိုင်းမှာ ဖြစ်ပျက်နေသောအရာကြောင့် အံ့ဩနေကြသော်လည်း တုံ့ဆိုင်းမနေပေ။ မျက်စိတစ်မှိတ်အတွင်း လူပေါင်းများစွာသည် အလင်းတန်းလေးတန်းနှင့် ၎င်းတို့အတွင်းရှိ မှော်ပစ္စည်းများထံသို့ ဦးတည်ရင်း ပျံသန်းသွားတော့သည်။
မန်ဟိုက အသွက်ဆုံးပင်။ အဘိုးကြီး မီးငှက်ကို ဖမ်းနေသည့်အချိန်မှာပင် မန်ဟိုသည် လူတိုင်းကို ကျော်၍ အစိမ်းရောင်လွန်းတံကို ယူလိုက်နိုင်ပြီဖြစ်သည်။
၎င်းသည် ဆူးပုံစံရှိပြီး မျက်စိကန်းမတတ် တလက်လက် တောက်ပနေ၏။ ၎င်း ထုတ်လွှတ်နေသော အအေးဓာတ်မှာ မွန်းကြပ်စရာကောင်းပေသည်။ မန်ဟို ၎င်းကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ် ခဲသွားသည့်အလား ခံစားရလိုက်သည်။ သူသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် ဒုတိယဝိညာဉ်ခန္ဓာသို့ ဝင်ရောက်ပြီး လွန်းတံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၏။
သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ လှုပ်ရှားသွားပြီး ဘယ်လက်က ဆန့်ထွက်သွားသည်။ လေပြင်းတစ်ချက်က ဝေါခနဲ တိုက်ခတ်ရင်း ယပ်တောင်နောက်လိုက်နေသော ကျီမျိုးနွယ်ဝင်များနှင့် မြောက်ပိုင်းသဲကန္တာရမှကျင့်ကြံသူများအား လွင့်ထွက်သွားစေသည်။ သူတို့ ရပ်လိုက်နိုင်သည့်အချိန်မှာပင် မန်ဟိုက အနားရောက်သွားပြီး ယပ်တောင်ကို ဖမ်းလိုက်လေပြီ။
၎င်းကို ထိလိုက်သည်နှင့် စကားလုံးများဖြင့်ပင် မဖော်ပြနိုင်သော အပူလှိုင်းတို့ သူ၏ခန္ဓာကိုယ်ထဲတွင် ဖြာဆင်းသွားသည်။ သူက အေးစက်စက်နှာတစ်ချက်မှုတ်ကာ တုံ့ဆိုင်းမနေဘဲ ပဉ္စမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်လိုက်တော့သည်။
သူ၏အံ့ဖွယ်အပြင်အားကိုယ်နှင့် ကျင့်ကြံခြင်းအခြေခံက လွန်းတံနှင့် ယပ်တောင်ကို ချက်ချင်း ဖိနှိပ်ချုပ်ချယ်လိုက်သည်။ ၎င်းတို့က ရုန်းကန်သော်လည်း မန်ဟို့လက်ထဲတွင် ပျံမထွက်သွားနိုင်ပေ။ သူက ၎င်းတို့အား သိုလှောင်အိတ်ထဲသို့ အလျင်အမြန် ထည့်လိုက်၏။
တစ်ချိန်တည်းမှာပင် ဓားပျံနှစ်လက်အား အခြားသူများမှ ဖမ်းလိုက်နိုင်သည်။ ဖန်ယုက တစ်လက် ၊ ကျီမင်ကောင်းက တစ်လက် ရလိုက်သည်။ ကျန်ရှိသူများမှာတော့ အခြားသူများ ယူသွားကြသည်ကို မျက်နှာမသာမယာဖြင့်သာ ကြည့်နေနိုင်တော့သည်။ ထို့နောက် သူတို့က ပိန်ချုံးချုံးအဘိုးကြီးကို လှမ်းကြည့်လိုက်သည်။
အဘိုးကြီးမှာ နောက်ဆုံးတော့ မီးငှက်ကို သိမ်းလိုက်နိုင်၏။ သူ့ပစ္စည်းမှာ အားလုံးအထဲ အကောင်းဆုံးဖြစ်ကြောင်း မည်သူမဆို မြင်နိုင်လေသည်။ မီးငှက်သည် အဖိုးထိုက်ရတနာတစ်ပါးမဟုတ်ပါလော။ ကျန်ပစ္စည်းများမှာတော့ ထူးခြားပြောင်မြောက်သော်လည်း ၎င်းနှင့်မယှဉ်နိုင်ပေ။
အဘိုးကြီးက အသံဩကြီးဖြင့် ရယ်ပြီးနောက် တောင်ကောင်းကင်မှ အဖွဲ့ဆီ လှမ်းကြည့်သည်။ သူ့အကြည့်က မန်ဟို့အပေါ်၌ တခဏရပ်သွားပြီး ထိတ်လန့်မှုဖြင့် ပြည့်နှက်သွားသည့်အလား ထင်ရသည်။ နောက်ဆုံးတွင် သူက အခြားသူများကို ပြန်ကြည့်၏။
"တာအိုရောင်ရင်းတို့ ၊ ဒီနေရာမှာ ကံကြမ္မာကောင်းတွေ အများကြီး ရှိပါတယ်။ ကျုပ်ကို ပစ္စည်းတွေ ရသွားလို့ဆိုပြီး စိုက်ကြည့်နေစရာ အကြောင်းမရှိဘူး မဟုတ်ဘူးလား" သူက မခိုးမခန့်ရယ်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ သူသည် ညာလက်ကို မြှောက်လိုက်ပြီး လှုပ်ရှားမှုက သာမန်ကာသျှံကာဟု ထင်ရသော်လည်း ထိုအထဲတွင် သက်ဝင်လှုပ်ရှားနေသော အလင်းကွင်းများအား မြင်ရ၏။
ကျီမျိုးနွယ်စုအတွင်း၌ ကျီမင်ကောင်း၏ရာထူးသည် သေဆုံးသွားပြီဖြစ်သော ကျီမင်ဖုန်းနှင့်ယှဉ်လျှင် ဒုတိယသာ လိုက်၏။ သူက အဘိုးကြီးကို ကြည့်ပြီး ဒေါသတကြီး မာန်မဲလိုက်သည်။ "ကံကြမ္မာကောင်းတွေ ရှိကောင်းရှိနိုင်ပေမယ့် ခင်ဗျားက ကျုပ်တို့ထက် အများကြီး ပိုသိနေတဲ့ပုံပဲ"
သူ၏စကားလုံးများက ရှိရှိသမျှ လူတိုင်း၏မျက်လုံးများအား တလက်လက် တောက်ပလာစေသည်။ သိသာစွာပင် လူတိုင်းမှာ အဘိုးကြီး ကြေးမုံအတွင်းမှ ပစ္စည်းများအား မည်သို့ထုတ်ယူခဲ့သည်လဲ စိတ်ဝင်စားနေကြ၏။
အဘိုးကြီးက ရယ်ပြီးနောက် ဖြေးဖြေးချင်း ပေါ်လာသည်။ "ပြောရရင် သိပ်မခက်ပါဘူး။ ဘယ်သူမဆို ကျုပ်လုပ်သလို လုပ်နိုင်တယ်။ ဒါက လူသိပ်များများစားစား မဝင်ရောက်ခဲ့ဖူးတဲ့ စတုတ္ထပြင်ညီမဟုတ်လား။ အဲ့ဒီတော့ အပြင်လောကမှာ ဒါ ဘာနဲ့တူလဲ သိတဲ့သူ မရှိသလောက်ရှားတယ်
"ကျုပ်တို့ အောက်က မှန်လို ကုန်းမြေထုကြီးက တကယ်တော့ ချိတ်တံဆိပ်တစ်ခုပဲ။ အထဲမှာ ချိတ်ပိတ်ခံထားရတာက စစ်မြေပြင်ကြီးတစ်ခု ဒါမှမဟုတ် တစ်ကမ္ဘာလုံးတောင် ဖြစ်လောက်တယ်
"ချိတ်တံဆိပ်ထဲမှာ အချိန်ဟာ အဆုံးမရှိဘူး ။ အပြင်ကနေ သူ့ကို လှုံ့ဆော်ပြီး အပေါက်ဖွင့်နိုင်တယ်ဆိုရင် အတွင်းထဲက အဆုံးမဲ့ထာဝရအချိန်ထဲမှာ မုန်တိုင်းတစ်လုံး ဖန်တီးနိုင်ပြီ
"ပြောင်းပြန်တွင်းနက်တစ်ခု ပွင့်လာအောင် လုပ်သလိုပါပဲ။ အတွင်းထဲက ပစ္စည်းတွေကို အပြင်ရောက်အောင် စုပ်ယူလိုက်တာမျိုးပေါ့။ အဲ့ဒီလုပ်တဲ့အခါ ပစ္စည်းတွေကို အားနည်းသွားစေတာတော့ အမှန်ပဲ
"ဘယ်လိုလုပ်ရမလဲဆိုတာကတော့ အသေးစိတ်ရှင်းပြနေစရာ မလိုဘူးထင်ပါတယ်။ ကျုပ်တို့ အောက်က စစ်မြေပြင်ကြီးက ဧရာမကြီးဆိုတော့ ရရှိနိုင်တဲ့ပစ္စည်းတွေက ကိုယ့်ကံအပေါ် မူတည်မှာပဲ" ရှင်းပြပြီးသည်နှင့် အဘိုးကြီးသည် လူအုပ်ကြီးအား နောက်ဆုံးတစ်ချက်ကြည့်ကာ အမြင့်ဆုံးအရှိန်ဖြင့် အဝေးသို့ ထွက်သွားတော့သည်။
ကျန်ခဲ့သူတိုင်းမှာ တဖိတ်ဖိတ်လက်နေသော မျက်လုံးများဖြင့် မှန်ကို ငုံ့ကြည့်နေကြ၏။ သူတို့သည် အဘိုးကြီး၏ ပြောစကားနှင့်ပတ်သက်ပြီး ထင်မြင်ချက်ကိုယ်စီ ရှိကြသော်လည်း မည်သို့ဆိုစေ ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိ မှန်ကောင်းမှန်နိုင်လေသည်။
ထိုသို့ဆိုလျှင် ဤနေရာသည် .... သူတို့အားလုံးအတွက် တစ်သက်မှတစ်ခါသာ ကြုံတွေ့ရမည့် ကံကောင်းမှုကြီးဖြစ်လေပြီ။
အကုန်လုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ကျီမျိုးနွယ်များက မတူညီသော အရပ်မျက်နှာများသို့ ဦးတည်ရင်း လူစုခွဲသွားကြ၏။ မြောက်ပိုင်းသဲကန္တာရ၊ တောင်ပိုင်းဒေသနှင့် အနက်ရောင်နယ်မြေမှ ကျင့်ကြံသူများလည်း အရပ်မျက်နှာကိုယ်စီသို့ ထွက်သွားကြသည်။ မန်ဟိုက ရှုချင်ကို ကြည့်လိုက်၏။
"မ ကိုယ့်ဘာသာကိုယ် အဆင်ပြေတယ်" သူမက မဆိုစလောက်ကလေး ပြုံးကာ ဆိုသည်။ ထို့နောက် ချာခနဲ လှည့်ပြီး သူမ၏ကံကြမ္မာကောင်းကိုသူမ အရှာထွက်သွားလေပြီ။
မန်ဟိုက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ သူသည် မှန်အတွင်းရှိ ကမ္ဘာကြီးအား တခဏ ငုံ့ကြည့်လိုက်၏။ ထို့နောက် သူ၏မျက်လုံးများ တလက်လက် တောက်ပလာကာ အရပ်မျက်နှာတစ်ခုရွေးပြီး အမြန်ဆုံး ထွက်သွားတော့သည်။
သူ့တွင် ရည်ရွယ်ချက်တစ်ခုတည်းသာ ရှိသည် .... တတိယမျိုးဆက် မိစ္ဆာချုပ်နှောင်သူ။
ကျန်အရာအားလုံးမှာမူ သူ့အတွက် စိတ်ဝင်စားစရာကောင်းပါသော်လည်း မိစ္ဆာချုပ်နှောင်သူအဖွဲ့နှင့် ယှဉ်သောအခါ ဒုတိယသာဖြစ်ပေသည်။
သူသည် အမွှေးတိုင်တစ်တိုင်ဝက်ထွန်းစာကြာသည်အထိ ဆက်သွားနေ၏။ ဤနေရာ မည်မျှထူးဆန်းသည်လဲ စဉ်းစားနေသဖြင့် သူ၏မျက်ခုံးနှစ်ဖက်မှာ တွန့်ချိုးနေလေသည်။ အထူးသဖြင့် ထူးဆန်းနေသည်မှာ အစွမ်းအထက်ဆုံးပညာရှင်သုံးဦးပင်။ သူတို့သည် မှန်အတွင်းကမ္ဘာထဲရှိ လေလယ်တွင် ပျံဝဲနေပြီး မြင်နေရသော်လည်း ချဉ်းကပ်၍မရနိုင်ဖြစ်နေ၏။
မှန်ကုန်းမြေထုကြီးသည် အဆုံးအစမရှိ ၊အနားသတ်မရှိသယောင်ပင်။ သို့သော် အဝေးတစ်နေရာတွင်တော့ အဆုံးတစ်ခုရှိနေကြောင်း ခံစားရသည်။ သို့သော် မှန်ကုန်းမြေထုကြီး၏ မျက်နှာပြင်အပေါ်တွင်တော့ အမှန်တကယ် အကန့်အသတ်မရှိသယောင်ပင်။ အချိန်အကြာကြီး ပျံ့သန်းနေသည့်တိုင် တတိယမျိုးဆက်မိစ္ဆာချုပ်နှောင်သူမှာ အဝေးကြီးဝေးနေသေးပုံရသည်။
မန်ဟိုသည် ဤအကြောင်းအား တစ်ယောက်တည်း ရေရွတ်နေစဉ် ရုတ်တရက် မျက်လုံးများ လင်းခနဲ လက်သွား၏။ မလှမ်းမကမ်းရှိ မှန်ကမ္ဘာအတွင်း၌ ဖြစ်ပွားနေသော မှော်တိုက်ပွဲတစ်ပွဲအား သူ လှမ်းမြင်လိုက်ရသည်။
ကျင့်ကြံသူနှစ်ယောက်သည် မည်းနက်သောမြူများဖြင့် တိုက်ခိုက်နေကြ၏။ မှော်သိုင်းများက အဘက်ဘက်သို့ ဖြာထွက်နေပြီး မှော်ပစ္စည်းများက တစ်ခုနှင့်တစ်ခု ပြင်းပြင်းထန်ထန် ဝင်တိုက်နေကြလေသည်။ မှော်ပစ္စည်းများကို မြင်သောအခါ မန်ဟို၏မျက်လုံးများ ဝင်းပလာ၏။
ပစ္စည်းတစ်ခုက ရွှေသစ်ရွက်တစ်ရွက်ဖြစ်သည်။ ပုံမှန်ဆိုလျှင် မန်ဟိုအနေဖြင့် သိပ်အာရုံထားမည်မဟုတ်သော်လည်း ရွှေသစ်ရွက်၏မျက်နှာပြင်အပေါ်တွင် ကြာပန်းသဖွယ် ပုံစံကွက်တစ်ကွက်ကို သတိပြုမိလိုက်လေသည်။
၎င်းသည် ကြာပန်းသဖွယ် အတူတကွ ပုံစံဖော်ထားသော ဓားဆယ်လက်ပုံသဏ္ဌာန်ဖြစ်၏။
ယင်းက မန်ဟို၏ ပဒုမ္ဓာဓားဝင်္ကပါနှင့် တစ်ပုံစံတည်း တူနေသယောင်ပင်။ သူ့မှာ ၎င်းကို မြင်သည်နှင့်တစ်ပြိုင်နက် "ဟင်" ဟူ၍ အာမေဍိတ်သံမပြုဘဲ မနေနိုင်လိုက်ပေ။ သူသည် ၎င်းကို တခဏကြာသည်အထိ သေသေချာချာ ကြည့်နေပြီးနောက် ညာလက်ကို မြှောက်ကာ အောက်သို့ ထိုးချလိုက်သည်။ လက်သီးက မှန်၏မျက်နှာပြင်တစ်လျှောက် တုန်ခါသွားစေ၏။ လှိုင်းတွန့်များပေါ်လာပြီး ဝဲတစ်ဝဲအသွင်ပြောင်းသွားသည်။ သို့သော် ၎င်းတို့မှာ လျင်မြန်စွာ ပျောက်ကွယ်သွားလေပြီ။
မန်ဟိုက မပြောင်းလဲသော မျက်နှာထားဖြင့် ပဉ္စမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်လိုက်သည်။ သူသည် နောက်တစ်ဖန် ထိုးချလိုက်သဖြင့် သူ၏အပြင်အားကိုယ်မှ ဖောင်းခနဲ အသံတစ်သံ ကြားလိုက်ရသည်ည်။ ဝဲသည် တွင်းနက်ကြီးတစ်တွင်းနှင့်အတူ ချက်ချင်း ပြန်လည်ဖြစ်ပေါ်လာလေပြီ။ မှန်ကမ္ဘာထဲတွင် ပြင်းထန်သော ဆွဲအားတစ်ရပ် ပေါ်လာရာ မှော်ပစ္စည်းသုံးခုမှာ ရုတ်တရက် စုပ်ယူခံလိုက်ရတော့သည်။
ထို့နောက် ထိုပစ္စည်းသုံးခုသည် မန်ဟို့ခြေထောက်အောက်မှ ပျံထွက်လာ၏။ တစ်ခုက ပျံထွက်လာနေစဥ် အက်ကွဲပြီး ချက်ချင်း ပေါက်ကွဲသွားသည်။ ကျန်နှစ်ခုက အသိစိတ်ရှိနေသည့်အလား မတူညီသသော အရပ်မျက်နှာနှစ်ခုသို့ ခွဲထွက်သွားလေသည်။
မန်ဟိုက အသေးစားနေရာရွှေ့ပြောင်းလိုက်ပြီးနောက် အစိမ်းရောင်အခိုးအငွေ့နှင့် မဟူရာလတစ်စင်းအသွင်ပြောင်းသွားသည်။ သူသည် လေလယ်တွင် ပြန်ပေါ်လာပြီး ရွှေသစ်ရွက်ကို ဆတ်ခနဲ ဖမ်းယူလိုက်၏။ ၎င်းက တကျည်ကျည် အော်မြည်ရင်း စူးရှတောက်ပသော အလင်းရောင်တစ်ခု ထုတ်လွှတ်ကာ မန်ဟို့လက်အား နှစ်ပိုင်းဖြတ်ပစ်ရန် ကြံစည်နေပုံပင်။
မန်ဟိုက အေးစက်စက် နှာမှုတ်ပြီးနောက် ရွှေသစ်ရွက်ကို ဖမ်းရန် သူ၏အင်္ကျီလက်စကို ခါလိုက်သည်။ သူသည် လက်ချောင်း နှစ်ချောင်းဖြင့် ၎င်း၏မျက်နှာပြင်အပေါ်သို့ ဖိချရင်း ရုန်းကန်ပြီး ပျံထွက်မသွားနိုင်အောင် ဟန့်တားလိုက်၏။
သူ ၎င်းကို သိမ်းလိုက်စဥ် သူ၏မျက်ဝန်းများမှာ ပျော်ရွှင်ကျေနပ်သွားသော အရိပ်အယောင်တို့ ထင်ဟပ်နေတော့သည်။ သို့သော် သူသည် မှန်အတွင်းရှိ ကမ္ဘာကို ပြန်ငုံ့ကြည့်ပြီး စိတ်နှလုံးတုန်ရီသွား၏။
ဤအခိုက်အတန့်တွင် သူသည် ယခုလေးတင် ရရှိလိုက်သော ရွှေသစ်ရွက်၊ ပေါက်ကွဲသွားသော ပစ္စည်းနှင့် ထွက်ပြေးသွားသောပစ္စည်းတို့မှာ .... မှန်ကမ္ဘာထဲတွင် ရှိနေသေးကြောင်း သတိထားမိလိုက်၏။
"သူတို့က သရဲတွေများလား" သူက တွေးသည်။ "ဒါမှမဟုတ် ပျံ့ထွက်လာတဲ့ ပစ္စည်းတွေက အစစ်မဟုတ်တာများလား" သူသည် စောစောက မည်သည့်အတွက်ကြောင့် ကြေးမုံ တုန်ခါခဲ့သည်လဲ ပြန်စဉ်းစားရင်း မျက်မှောင်ကြုတ်နေတော့သည်။
အတန်ငယ်တွေးပြီးနောက်တွင် မန်ဟိုမှာ တဆတ်ဆတ် တုန်သွားပြီး မှန်ကမ္ဘာထဲရှိ မြေပြင်များကို ငုံ့ကြည့်လိုက်လေသည်။
***