← Chapters

မိစ္ဆာချီများ ... ကောင်းကင်ထက်ထိ ပေါက်ကွဲရိုက်ခတ်သွားခြင်း

Vol. 44 Ch. 616

မိစ္ဆာချီများ ... ကောင်းကင်ထက်ထိ ပေါက်ကွဲရိုက်ခတ်သွားခြင်း

Vol. 44 Ch. 616

ထစ်ချုန်းသံများ အဘက်ဘက်သို့ ရိုက်ညောင်းသွား၏။ တောင်ကောင်းကင်ကျင့်ကြံသူများ အလင်းတန်းငါးတန်းဆီ ပျံသန်းသွားနေကြစဉ် တိုက်ပွဲများ ဖြစ်ပွားလာသည်။‌ မှော်သိုင်းများ၊ နတ်ဘုရားစွမ်းရည်များ၏ အသံဗလံတို့နှင့်အတူ ဟိန်းဟောက်ကြိမ်းဝါးသံများ၊ အေးစက်စက်နှာမှုတ်သံများ ပဲ့တင်ထပ်နေ၏။ မီးတစ်ခတ်စာလေးအတွင်း အံ့ဖွယ်ရတနာငါးခုမှာ ဝေစုခွဲပြီသွားလေပြီ။

ဟန်တန်းကျစ်က ‌အပေါ်မော့ကြည့်ပြီးနောက် ပြောသည်။ "တာအိုရောင်ရင်းတို့၊ အဲ့ဒီရတနာငါးခုက တာအိုရောင်ရင်းမန်နဲ့ ကျုပ်ရဲ့ အတူတူအားထုတ်မှုကြောင့် ထွက်လာတဲ့ အဖိုးထိုက်ရတနာတွေပါ။ ခင်ဗျားတို့ အဲ့ဒီလို ပြုမူလိုက်တာ အတော်လေး မသင့်တော်ဘူးဗျ..."

တောင်ကောင်းကင်ကျင့်ကြံသူများမှာ အောက်ရှိ မန်ဟိုနှင့် ဟန်တန်းကျစ်ကို ယခုမှ သတိထားမိကြသွားကြသည်။

"စိတ်ဝင်စားရင် တာအိုရောင်ရင်းတို့။ ကျုပ်တို့ အတူတူ ဒီနေရာမှာ ဖုံးကွယ်ထားတဲ့ အဖိုးအထိုက်ဆုံး ရတနာတွေကို ထုတ်ယူလို့ရတယ်။ ထွက်လာအောင် အတူတူ လုပ်ကြတာပေါ့။ ဘယ်လိုလဲ တာအိုရောင်ရင်းတို့" ဟန်တန်းကျစ်သည် ပြုံးနေသော်လည်း သူ၏မျက်လုံးများမှာ ထူးဆန်းစွာ တောက်ပနေ၏။ သူက မန်ဟို့ကို မျက်လုံးထောင့်မှ ဂရုတစိုက် အကဲခတ်နေလေသည်။

အဘယ်ကြောင့်ဆိုသော် မပြောခင် မန်ဟိုနှင့် မတိုင်ပင်ခဲ့ခြင်းကြောင့် ဖြစ်ပြီး သူ၏ကမ်းလှမ်းမှုမှာ ရှင်းပြခဲ့သည်နှင့် ရှေ့နောက်မညီသောကြောင့်ပင်။ သိသိသာသာပင် သူလိုအပ်နေသည့်အရာမှာ မန်ဟိုတစ်ယောက်တည်း၏ အကူအညီသာမက၊ တောင်ကောင်းကင်ကျင့်ကြံသူအားလုံးနီးပါး၏ အကူအညီဖြစ်သည်။

လောလောဆယ်တွင် ဟန်တန်းကျစ်မှာ မန်ဟို့အမူအရာကို မဖတ်နိုင်ပေ။ ၎င်းကား ယခုအချိန်ထိတိုင်အောင် လုံးဝပြောင်းလဲသွားခြင်းမရှိခဲ့။ မန်ဟို ထိုသို့ပြုမူလေလေ၊ ဟန်တန်းကျစ်မှာ သူ့ကိုယ်သူ ယုံကြည်ချက်ကင်းမဲ့လာလေလေ ဖြစ်သည်။

မန်ဟိုကို သူ ရှာခဲ့သည့် အဓိကအကြောင်းရင်းမှာ မန်ဟို၏ကျင့်ကြံခြင်းအခြေခံကြောင့်ပင်။ သူတစ်ယောက်သာ မန်ဟိုကို ထိုသို့မြင်ကြခြင်းမဟုတ်။ မည်သူမှ မဝန်ခံကြသော်လည်း အများစုမှာ မန်ဟို့ကို အဖွဲ့ထဲတွင် အစွမ်းထက်ဆုံးကျင့်ကြံခြင်းအခြေခံ ပိုင်ဆိုင်ထားသူအဖြစ် သတ်မှတ်ထားကြပြီးဖြစ်သည်။

ထို့ကြောင့် မန်ဟို့ကို ဘေးတွင် ထား၍ ပြောလိုက်ခြင်းက ဟန်တန်းကျစ်၏ စကားလုံးများကို ပို၍လက်ခံချင်စဖွယ်ကောင်းသွားစေသည်။ ပညာရှင်တစ်ယောက် တစ်ခုခုကြံစည်လျှင် ထိုအကြံအစည်က မည်သို့မျှအသေးအမွှား မဖြစ်နိုင်သည်မဟုတ်ပါလော။

လေလယ်ရှိ ကျန်ကျင့်ကြံသူများ၏ မျက်လုံးများ တောက်ပသွားသော်လည်း ဘယ်သူမှ စကားမပြောပေ။ ဤလူများသည် စောစောက မန်ဟို၏ ကလိမ်ကျခြင်းခံခဲ့ရသော်လည်း ယင်းက အခြေအနေနှင့်အချိန်အခါကြောင့် ဖြစ်ခဲ့သည်။ ယခုတော့ သူတို့အတွက် စိတ်မလှုပ်ရှားမိရန်မှာ မဖြစ်နိုင်ပေ။ မှန်ပါသည်၊ အပြင်လောကတွင် ဤအဖွဲ့ရှိ မည်သူ့ကိုမဆို သူမတူအောင် ထက်မြက်သူဟု မှတ်ယူနိုင်၏။ သို့ဖြစ်၍ ဟန်တန်းကျစ်၏ စကားသုံးပုံတစ်ပုံကိုသာ ယုံကြည်ကြလေသည်။

ဖန်ယုက ရုတ်တရက် ထပြောသည်။ "အဖိုးထိုက်ရတနာပေါ်လာရင် ဘယ်လိုခွဲယူကြမှာလဲ"

"ကျုပ် တာအိုကျမ်းကျိန်မယ်။ ကျုပ်ရဲ့ ကျင့်ကြံခြင်းနှလုံးသားနဲ့ ကတိပြုမယ်။ အဖိုးထိုက်ရတနာ ဘယ်လောက်ပေါ်လာပေါ်လာ အဲ့ဒီမီးလုံးပဲ ကျုပ် လိုချင်တယ်" ဟန်တန်းကျစ်သည် သံမဏကိုပင် ဖြတ်တောက်နိုင်လောက်အောင် ခိုင်ခိုင်မာမာပြတ်ပြတ်သားသား ဆိုသည်။

"ဒါ့အပြင်" သူက တည်ကြည်လေးနက်စွာ ဆက်ပြော၏။ သူ၏စကားလုံးများက ရွှေခေါင်းလောင်းသံများသဖွယ် မြည်ဟည်းသွားလေသည်။ "ကျမ်းသစ္စာကို ဖောက်ဖျက်မိရင် ၊ စကားပြန်ရုပ်သိမ်းမိရင် ကျုပ်ရဲ့ကျင့်ကြံခြင်းလမ်းစဉ်တင် ထိခိုက်မှာမဟုတ်ဘူး။ တောင်ကောင်းကင်နယ်မြေတွေကို ပြန်ရောက်ရင် ခင်ဗျားတို့ဂိုဏ်းတွေ၊မျိုးနွယ်စုတွေအကြားမှာ ဘယ်တော့မှ အသက်အန္တရာယ်ကင်းမှ မဟုတ်ဘူး"

လေလယ်ရှိ တောင်ကောင်းကင်ကျင့်ကြံသူများမှာ အလေးအနက်တွေးရင်းး ကြည့်နေကြ၏။ ဟန်တန်းကျစ်ပြောသည်က မှန်သည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံများမှာ မယုံနိုင်လောက်အောင် မမြင့်မားသော်လည်း ကျောထောက်နောက်ခံ ဂိုဏ်းများ၊ မျိုးနွယ်စုများရှိသည်။ ယင်းကို အဓိကအင်အားအဖြစ် သတ်မှတ်နိုင်၏။ ထို့ကြောင့် ဟန်တန်းကျစ် ကတိဖျက်မည်ကို သူတို့ နည်းနည်းလေးမှ မစိုးရိမ်တော့ပေ။

လူတိုင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ အကုန်လုံးမှာ အတွေးကိုယ်စီ ရှိကြသော်လည်း မျက်နှာအမူအရာအပေါ်မူတည်၍ တစ်ဖက်လူမသိနိုင်အောင် ဖုံးကွယ်ထားကြလေသည်။ တဖြေးဖြေး မျက်လုံးအားလုံးက မန်ဟိုအပေါ် ကျရောက်လာသည်။

"ကျုပ်လည်း တာအိုကျမ်းကျိန်တယ်" သူက အေးစက်စက် ပြောသည်။

ပထမတွင် အပ်ကျသံမကြားရအောင် တိတ်တိတ်နေသော်လည်း တခဏကြာသော် မြေကြီး၏မျက်နှာပြင်ဆီသို့ ကျီမျိုးနွယ်ဝင်များ ပျံသန်းလာကြသည်။ ထို့နောက် ဖန်ယု။‌ တောင်ပိုင်းဒေသနှင့် မြောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူများ။ သူတို့အားလုံးက မျက်လုံးများ တဖျပ်ဖျပ်လက်လျက် ချဉ်းကပ်လာကြသည်။

သို့သော် တောင်ကောင်းကင်ကျင့်ကြံသူအကုန်လုံး မဟုတ်။ ရှုချင်နှင့် လူတချို့ မရှိပေ။

ဟန်တန်းကျစ်က ပြုံးပြီးနောက် အလယ်ပိုင်းဒေသအား မည်သို့ချဉ်းကပ်ရမည်လဲ စရှင်းပြသည်။ လူစုံမည်ကို စောင့်နေကြစဉ် ဟန်တန်းကျစ်က လက်နှစ်ဖက်ယှက်၍ မန်ဟို့ကို အားတုံ့အားနာဖြင့် ‌ဦးညွှတ်အရိုအသေပေးသည်။

"တာအိုရောင်ရင်းမန်" သူက ရိုးသားသောလေသံဖြင့် ပြောသည်။ "ကျုပ် စိတ်ပြောင်းသွားတာ မဟုတ်ပါဘူး။ မြင်တဲ့အတိုင်း ကျုပ်တို့အစွမ်းပဲ ကျုပ်တို့ အားကိုးနေရင် အဖိုးထိုက်ရတနာတွေ ပေါ်လာအောင် လုပ်ဖို့ ခက်ခဲမှာလေ။ တခြားသူတွေနဲ့ ပူးပေါင်းမှ အောင်မြင်နိုင်မှာ မဟုတ်လား

"ခင်ဗျား ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်" သူက နောက်တစ်ကြိမ် လေးလေးနက်နက် အရိုအသေပေးလိုက်ပြန်သည်။ ထို့နောက် ညာလက်ကို မြှောက်လိုက်ရာ နဂါး‌တစ်ကောင်ပုံစံ ကျောက်စိမ်းလည်ဆွဲတစ်ခုအား မြင်လိုက်ရ၏။

"ဒီလည်ဆွဲကို စောစောက ကျုပ်ရခဲ့တာ။ တော်တော်လေးကောင်းတဲ့ ရတနာတစ်ပါးပဲ။ ဒီကောင်နဲ့ ပင်လယ်တစ်စင်းထွေးထုတ်ပေးနိုင်တဲ့ ဧရာမနဂါးကြီးတစ်ကောင်ကို ဆင့်ခေါ်လို့ရတယ်။ တာအိုရောင်ရင်းမန်၊ တောင်းပန်တဲ့အနေနဲ့ ကျုပ် ဒါကို ခင်ဗျားဆီ ပေးချင်ပါတယ် လက်ခံပေးပါ" သူက ထိုသို့ပြောပြီး လည်ဆွဲအား မန်ဟို့ထံ ပျံသန်းသွားစေသည်။

မန်ဟိုက ပြောင်းလဲခြင်းမရှိသော မျက်နှာထားဖြင့် ပထမဆုံး လည်ဆွဲကို လှမ်းကြည့်ပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်သည်။ သံသယဝင်စရာမရှိသဖြင့် အင်္ကျီကို ပုံမှန်အတိုင်းခါရင်း လက်ခံယူလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် တာအိုရောင်ရင်း ဟန်တန်းကျစ်" သူက အေးတိအေးစက် ပြောသည်။

ဟန်တန်းကျစ်သည် မန်ဟို လည်ဆွဲအား လက်ခံလိုက်သည်ကို တည်တည်ငြိမ်ငြိမ် စောင့်ကြည့်နေ၏။ စိတ်ထဲတွင် သူ့မှာ အတန်ငယ် သံသယဝင်လေသည်။ မန်ဟို၏ ခံစားချက်မဲ့သော မျက်နှာထားက သူအတွက် စိတ်ဖြောင့်ဖြောင့်တွေးရခက်နေစေ၏။

"ဟမ့်" သူက တွေးလိုက်သည်။ "ဒီ‌ကောင်က အငယ်ပိုင်းမျိုးဆက်က ကလေးတစ်ယောက်ပါပဲ။ ဉဏ်နီဉာဏ်နက်များတယ် ထင်ရပေမယ့် သူ့ဦးနှောက်က သူ့အတိုင်းအတာနဲ့သူ ရှိမှာ။ ပြီးတော့ ငါလိုချင်တာ မီးစက်လုံးတစ်လုံးလို့ လူတိုင်းသိအောင် လုပ်ပြီးပြီ။ ဒီကောင်မန်ဟို ငါ့ကို ပြဿနာရှာနိုင်မယ်ဆိုတာ ငါ မယုံဘူးး" သူသည် အတွင်းထဲတွင် ကောက်ကျစ်စွာ ရယ်နေသော်လည်း အပြင်ပန်းတွင်တော့ နားရွက်တက်ချိတ်မတတ် ပြုံးနေလေသည်။

သူတို့နှစ်ယောက်က တင်ပျဉ်ခွေ၍ တရားထိုင်လိုက်ကြသည်။ နှစ်နာရီကြာသော် ကျန်တောင်ကောင်းကင်ကျင့်ကြံသူ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြ၏။ ဘယ်သူမှ စကားမပြောကြ။ သူတို့သည် သူတို့၏စွမ်းအားကို မြေမျက်နှာပြင်အပေါ်ရှိ နေရာတစ်နေရာအတွင်းသို့ စုပြုံထိုးစိုက်လိုက်ကြ၏။ ရလဒ်အနေဖြင့် မိုးထစ်ချုန်းသံများ ကျယ်လောင်လာပြီး မှန်ကမ္ဘာထဲတွင် ဧရာမဝဲကတော့ကြီးတစ်ခု ပေါ်လာလေသည်။

ဝဲကြီးက လျင်မြန်စွာ လည်ပြီး တွင်းနက်ကြီးပုံစံ ပြောင်းလာသည်။ ချက်ချင်းပင် မှော်ပစ္စည်းအမြောက်အမြား စုပ်ယူခံလိုက်ရ၏။ အတော်‌များများ ကွဲကြေသွားသော်လည်း အလင်းတန်းဆယ်တန်းကျော် အပြင်တွင် ပေါ်လာကာ ကောင်းကင်သို့ ထိုးတက်သွားကြလေသည်။

ရတနာအလင်းရောင်များက စူးရှတောက်ပနေ၍ လူအုပ်ကြီး၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်သည်။ သို့ရာတွင် မန်ဟိုအပါ်အဝင် လူတိုင်းမှာ မှန်ကမ္ဘာထဲသို့ အလျင်အမြန် ပြန်ကြည့်လိုက်ကြ၏။ အထဲတွင် ဝဲကြီးနှင့် တွင်းနက်ကြီး၏ ဆွဲအား ရှိနေသေးသည်။ ကံဆိုးစွာနှင့် ၎င်းမှာ မိစ္ဆာကြီးကို ခြုံရံလျက်ရှိသော မီးလုံးခုနစ်လုံးအား စုပ်ယူရန် ပြင်းအားမလုံလောက်သေးပုံပင်။

သို့သော် တွင်းနက်ကြီးနှင့် အနီးဆုံးရှိ မီးလုံးနှစ်လုံး တွန့်လိမ်ရှုံ့တွလာနေကြောင်း သိသာသည်။ ကြည့်ရသရွေ့ တွင်းနက်ကြီး၏ဆွဲအားကို တိုးမြှင့်လိုက်လျှင် အမှန်တကယ် ရွေ့လျားတော့မည့်ပုံပေါ်သည်။

"နောက်တစ်ခေါက်" ဟန်တန်းကျစ်က မီးလုံးများကို မမှိတ်မသုန်ကြည့်ရင်း လက်ဖျောက်တီးလိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့် ပေါက်ကွဲထွက်လာ၏။ စွမ်းအားထွက်ပေါ်လာစဉ် ကျန်ရှိသူများ၏ မျက်လုံးများ တောက်ပသွားပြီး သူတို့လည်း ကျင့်ကြံခြင်းအခြေခံမှစွမ်းအားများ ထုတ်‌လွှတ်လိုက်ကြသည်။

မန်ဟိုက မျက်လုံး တခဏပိတ်လိုက်၏။ သူပြန်ဖွင့်လိုက်သောအခါ သူကား ဆဋ္ဌမဝိညာဉ်ခန္ဓာသို့ ရောက်နေလေပြီ။

ဝုန်း

လူတိုင်း ထပ်မံတိုက်ခိုက်လိုက်ကြသည်။ ဤတစ်ခေါက်တွင် တုန်ခါနှုန်းများမှာ ‌မြေငလျင်များ ရိုက်ခတ်ပြီး‌ တောင်များ ကြေမွစေနိုင်သည်အထိ ပြင်းထန်၏။ မှန်ကမ္ဘာထဲတွင် ပထမတစ်ခုထက်ပင် ကြီးမားသော ဝဲက‌တော့ကြီးပေါ်လာသည်။ ထို့နောက် တွင်းနက်ကြီးက မှော်ဆန်ဆန် ပေါ်လာရာ အနီးဆုံးရှိ မီးလုံးနှစ်လုံးအား ပြင်းပြင်းထန်ထန် တွန့်လိမ်ရှုံ့တွလာစေတော့သည်။ နောက်ဆုံးတွင် ရွေ့လျားစပြုလာ၏။

မီးလုံးများ ရွေ့လျားလိုက်သည်နှင့် အရာအားလုံး မှေးမှိန်မှောင်မိုက်လာပြီး အဖိုးထိုက်ရတနာတစ်ပါး၏ ခမ်းနားထည်ဝါသောအရှိန်အဝါမှာ တွင်းနက်ကြီးအထဲသို့ စီးဝင်လာပြီးနောက် အပြင်လောကသို့ ရောက်ရှိလာသည်။ မိုးခြိမ်းသံတမျှ ကျယ်လောင်သော ထစ်ချုန်းသံကြီး ရိုက်ညောင်းသွားပြီး အရှိန်အဝါကို ခံစားလိုက်ရသည်တွင် လူတိုင်း လုံးလုံးလျားလျား အံ့ဩမှင်သက်ကုန်ကြ၏။ ဤအရှိန်အဝါ၏ ပြင်းအားမှာ အင်မိုတယ်များကိုပင် လောင်ကျွမ်းပြာချပစ်နိုင်သည်အထိ အစွမ်းထက်ပုံရသည်။

မန်ဟို့မျက်လုံးများ ကျဉ်းမြောင်းသွား၏။ မီးလုံးခုနစ်လုံးအတွင်းရှိ သစ်သားဓားများမှ ခံစားလိုက်ရသော အရှိန်အဝါမှာ သူ၏သိုလှောင်အိတ်ထဲရှိ သစ်သားဓားများထက် အဆများစွာ သာလွန်လေသည်။ သို့သော် ၎င်းတို့က တစ်လက်တည်းဖြစ်ကြောင်း ... ထင်ရှား၏။

ဟန်တန်းကျစ်၏နှုတ်မှ ဘာမှပြောစရာမလိုပေ။ တောင်ကောင်းကင်ကျင့်ကြံသူများ၏မျက်လုံးများထဲတွင် လိုချင်တပ်မက်မှုတို့ ပေါ်ပေါက်လာပြီး သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားနှင့်အတူ နတ်ဘုရားစွမ်းရည်များ၊ မှော်သိုင်းများအား နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်ကြသည်။

ဟန်တန်းကျစ်ကမူ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ မန်ဟိုတစ်ယောက်တည်းသာ ခံစားသိရှိနိုင်သော သူ၏အပေါ်ရှိ မိစ္ဆာချီသည် ရုတ်တရက် သူ့ကိုယ်အတွင်း၌ တည်ရှိသော ကျင့်ကြံသူတစ်ယောက်၏အငွေ့အသက်များကို စိုးမိုးသွား၏။ သူကား မိစ္ဆာတစ်ကောင် ဖြစ်သွားသည့်အလားပင်။

မန်ဟိုက သတ္တမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်လိုက်ရာ သူ့တွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် အပြင်အားကိုယ်ရှိသွားပြီဟု ဆိုလိုလေသည်။ သူလည်း အခြားသူများနှင့်အတူ မြေမျက်နှာပြင်အပေါ်သို့ ဆက်လက်တိုက်ခိုက်နေ၏။

တစ်နေရာလုံးမှာ အက်ရာများ ဖုံးနေတော့သည်။ ၎င်းတို့က ချက်ချင်းဆိုသလို ပြန်လည်ချိတ်ပိတ်နေကြသော်လည်း မီတာသုံးဆယ်နီးပါး ကျယ်သော ဝဲကြီးမှာ မှန်ကမ္ဘာထဲတွင် ဖြစ်ပေါ်လာခဲ့လေပြီ။

ဝဲကတော့ကြီးအနားများမှာ မီးလုံးများထဲရှိ သစ်သားဓားများကို ထိတော့မည့်ပုံရသည်။

လူတိုင်း အသက်ရှုသံများ မြန်နေကြပြီး သူတို့၏မျက်လုံးများမှာ ဝဲကတော့ကြီး လည်ပြီးရင်း လည်ရင်း တွင်းနက်ကြီးအသွင်ပြောင်းသွားသည်ကို အာရုံစူးစိုက်နေကြ၏။

တွင်းနက်ကြီး ပေါ်လာသောအခါ အံ့ဩဖွယ်ကောင်းစွာနှင့် သစ်သားဓားများရှိ‌သော မီးလုံးခုနစ်လုံးအနက်မှ သုံးလုံးမှာ တွန့်လိမ်ပြီး တုန်ခါလာသည်။ ရုတ်တရက် ၎င်းတို့ကား ... ရွေ့လျားလာလေပြီ။

ဤမြင်ကွင်းက တောင်ကောင်းကင်ကျင့်ကြံသူတို့၏ အကြည့်များအား ဓားချွန်ချွန်များသဖွယ် စူးရှသွားစေသည်။ သူတို့က ကျင့်ကြံခြင်းအခြေခံများအား လှည့်ပတ်ရင်း အဖိုးထိုက်ရတနာ ထွက်လာမည့်အချိန်ကို စောင့်နေကြ၏။ ထိုအချိန်တွင် တိုက်ပွဲစတင်လိမ့်မည်။

အချိန်များ ကုန်လွန်သွားသည်။ အသက်ဆယ်ရှိုက်ခန့်သာ ကြာသေးသော်လည်း ရှိရှိသမျှလူတိုင်း၏စိတ်ထဲတွင်တော့ ကမ္ဘေကမ္ဘာနှင့်ချီနေသည့်အလားပင်။ သူတို့ ကြည့်နေကြစဉ် မီးလုံးသုံးလုံးသည် တွင်းနက်ကြီးအနားသို့ တဖြေးဖြေး နီးကပ်လာ၏။ ၎င်းတို့မှာ ရုန်းကန်နေပုံရသော်လည်း တွင်းနက်ကြီး၏ဆွဲအားက ၎င်းတို့အား တစတစ နီးကပ်လာစေသည်။

တွင်းနက်ကြီး၏ဆွဲအားအရင်းအမြစ်မှာ တောင်ကောင်းကင်ကျင့်ကြံသူများမဟုတ်၊ မှန်အတွင်းကမ္ဘာနှင့် မှန်အပြင်ကမ္ဘာကြားရှိ အပြန်အလှန်သက်ရောက်မှုဖြစ်သည်။ ကျင့်ကြံသူများ၏ လုပ်ဆောင်မှုက ထိုသက်ရောက်မှုအား လှုံ့ဆော်ပေးရုံသာ။

တွင်းနက်ကြီးမှ ထုတ်လွှတ်နေသော ဆွဲအားမှာ အလွန်တရာ အားကောင်းလှသဖြင့် မီးလုံးသုံးလုံးကိုသာ သက်ရောက်နေ‌ခြင်းမဟုတ်ပေ။ လည်နေသော မီးလုံးများနှင့် မိစ္ဆာကြီး၏ပတ်ပတ်လည်ရှိ အရာများလည်းအပေါ်လည်း သက်ရောက်၏ ။

နီးသထက် ... နီးလာသည်။

မျက်စိတစ်မှိတ်အတွင်း မီးလုံးအတွင်းရှိ သစ်သားဓားတစ်လက်မှာ တွင်းနက်အတွင်း ဝင်ရောက်ပျောက်ကွယ်သွား၏။ လူတိုင်း တခဏ အသက်ရှူရပ်သွားသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ထိုအခိုက်အတန့်တွင် သစ်သားဓားကား သူတို့၏ခြေထောက်အောက်မှ ထွက်လာခဲ့လေပြီ။ ၎င်းသည် ပိုးခြည်တန်းသဖွယ် ကောင်းကင်သို့ ထိုးတက်သွား၏။

ကျီမျိုးနွယ်ဝင်များက အလင်းတန်းနောက်လိုက်ရန် ချက်ချင်း ပျံတက်သွားကြသည်။

ထို့နောက် သက်တံရောင်စဉ်များပမာ တောက်ပနေသော ဓားချီများဖြင့် နောက်ထပ်ဓားနှစ်လက် ထွက်လာ၏။ အအေးလှိုင်းများ ဖြာထွက်လာရာ လူတိုင်းမှာ ရေခဲရိုက်ခံနေရသည့်အလား ခံစားနေရတော့သည်။ သို့သော် သူတို့ရင်ထဲရှိ တပ်မက်မှုများမှာတော့ အေးခဲမသွား။ ဖန်ယု၊ မြောက်ပိုင်းသဲကန္တာရမှ အုပ်စုနှင့် ကျန်ကျင့်ကြံသူအားလုံး သစ်သားဓားများနောက်လိုက်ရန် လေပေါ် ပျံတက်လိုက်ကြသည်။

သူတို့ပျံတက်လိုက်သည့်အခိုက်အတန့်တွင် သစ်သားဓားသုံးလက်မှာ ပို၍ပင် အံ့ဩတုန်လှုပ်ဖွယ် စွမ်းအင်များကို ထုတ်လွှတ်စပြုလာသည်။ အကန့်အသတ်မဲ့သော လှိုင်းများ ကောင်းကင်ထက်သို့ ဖြာထွက်သွားရာ လှိုင်းအခိုးအငွေ့များအတွင်းရှိ မည်သည့်အရာမဆို ရုတ်တရက် နှေးကွေးသွားသယောင်ပင်။ ဓားများက ၎င်းတို့၏ ကိုယ်ပိုင်အချိန်နှင့်အကွာအ‌ဝေးဧရိယာအား ဖန်တီးလိုက်ပုံရသည်။

မန်ဟိုက ချက်ချင်း သစ်သားဓားသုံးလက်အနောက်လိုက်သွားပြီး ဟန်တန်းကျစ်လည်း နောက်မှလိုက်လာသည်။

သူတို့နှစ်ယောက်မှာ သစ်သားဓားများအား လုတော့မည့်ပုံပင်။ သို့သော် ဟန်တန်းကျစ်က အပေါ်တက်လာခြင်းသာ ဖြစ်၏။ သူက ချက်ချင်းဆိုသလို အောက်ပြန်ဆင်းသွားသည်။ လူတိုင်း ရတနာများအနောက် လိုက်နေကြစဉ် သူက လျှာကိုကိုက်ရင်း မြေကြီးအပေါ် ဝပ်တွားကာ သွေးတစ်ပွက် ထွေးချလိုက်သည်။ သွေးသည် မှန်ကမ္ဘာအတွင်းရှိ တွင်းနက်ကြီးထံသို့ ဆန့်တန်းသွားသော ခပ်ပါးပါး စီးကြောင်းလေးတစ်ကြောင်း ဖြစ်သွား၏။ ထို့နောက် မှန်ကမ္ဘာအတွင်းရှိ တွင်းနက်ကြီးထံမှ ထွက်ကာ တွင်းနက်ကြီးထံသို့ စုပ်ယူခံနေခဲ့ရသော မိစ္ဆာကြီး၏ခန္ဓာကိုယ်အနား ကပ်သွားသည်။

"ဘိုးဘေးစိတ်ဝိညာဉ် ၊ သင့်ရဲ့နောင်လာနောက်သား မျိုးဆက်တွေဟာ သင့်ကို အမြဲသတိရအောက်မေ့နေခဲ့တာပါ။ ဒီကနေ့ ကျွန်တော်မျိုး သင့်ရဲ့စွမ်းအားကို လောကကြီးထဲ ပြန်လည်ဆောင်ကြဉ်းပေးဖို့ ရောက်လာခဲ့ပါပြီ" သူ၏ စကားလုံးများ ဟိန်းထွက်လာစဉ် မိစ္ဆာကြီး၏မျက်လုံးများက အသက်ဝင်သွား၏။ ၎င်းသည် သွေးစီးကြောင်းကို ၎င်း၏ခန္ဓာကိုယ်အား ဝန်းရံလှည့်ပတ်၍ တင်းတင်းကြပ်ကြပ် ရစ်ပတ်စေပြီး တွင်းနက်ကြီးထံသို့ ဆွဲ‌ခေါ်ခွင့်ပေးလိုက်သည်။

အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါလာပြီး ‌‌တဂျိန်းဂျိန်း တဝုန်းဝုန်း မြည်ဟည်းနေတော့သည်။ ရုတ်တရက် ဟန်တန်းကျစ်၏အရှေ့တွင် မီတာထောင်ပေါင်းများစွာ ကျယ်သော ဧရာမဝဲကြီးတစ်ခု ပေါ်လာသည်။ ဝဲကြီးအတွင်းမှ ထူးဆန်းသော မိစ္ဆာအသံတစ်သံ ထွက်လာ၏။ ၎င်းမှာ ရယ်လိုက်၊ငိုလိုက် ဖြစ်နေသယောင်ပင်။

ရုတ်တရက် မီတာသုံးရာတိတိကြီးမားသော ခေါင်းကြီးကား..... အောက်ရှိ ကမ္ဘာကြီး၏ မှန်ကဲ့သို့ မျက်နှာပြင်မှ တိုးထွက်လာလေပြီ။

မိစ္ဆာချီများ....

ကောင်းကင်ထက်ထိ ပေါက်ကွဲရိုက်ခတ်သွား၏။

***

All Chapters