← Chapters

သူတော်စင်သုံးပါး၏ မြေ

Vol. 44 Ch. 617

သူတော်စင်သုံးပါး၏ မြေ

Vol. 44 Ch. 617

မီတာသုံးထောင်ကြီးမားသော ဧရာမခေါင်းကြီး၏အပေါ်တွင် ဆံပင်စများနှင့်အတူ မည်းနက်သော ချိုကြီးသုံးခုကိုလည်း မြင်ရနိုင်သည်။ ခေါင်းကြီးသည် ‌အသက်မဲ့နေသည့်အလား မီးခိုးရောင်သမ်းနေပြီး အတွန့်အခေါက်များက ၎င်း၏အရေပြားကို ဖုံးလွှမ်းနေလေသည်။ မျက်နှာသွင်ပြင်များက ယောက်ျားတစ်ယောက်ဟန်ရှိသော်လည်း ‌ခြင်္သေ့ကြီးတစ်ကောင်နှင့် ပို၍ပင်တူ၏။

ခေါင်းကြီးသည် ရှေးဆန်သော ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပြီး ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် အရှိန်အဝါက ဖြာထွက်သွားကာ စတုတ္ထပြင်ညီတစ်ခုလုံးအား ပြင်းပြင်းထန်ထန် တုန်ခါလာစေတော့သည်။

မီတာထောင်နှင့်ချီကျယ်သော ဧရာမဝဲကတော့ကြီးတစ်ခုသည် လှည့်ပတ်နေ၏။ တဝေါဝေါ ထစ်ချုန်းသံများအလယ်တွင် လေပြင်းမုန်တိုင်းကြီးတစ်လုံးက တစ်နေရာလုံးကို ဖြတ်တိုက်ရင်း အရာအားလုံးအား တုန်ခါနေစေတော့သည်။

ဟန်တန်းကျစ်က စိတ်လှုပ်ရှားနေဟန်ဖြင့် ခေါင်းကြီးအောက်တွင် ဝပ်တွားနေသည်။ ယခုတွင် သူ၏ပုံပန်းသွင်ပြင်မှာ ပြောင်းလဲနေပြီဖြစ်ပြီး လူနှင့်မတူတော့ပေ။ အနက်ရောင်ချိုကြီးသုံးခုက သူ၏ခေါင်းမှ ထွက်လာရာ သူ၏ပုံစံမှာ သူ့အပေါ်ရှိ ဧရာမခေါင်းကြီးနှင့် အလွန်တူနေတော့သည်။

"အသင့်ရဲ့ နောင်လာနောက်သား ကျွန်‌တော်မျိုး ဘိုးဘေးစွမ်းအားကို ကြိုဆိုပါတယ်" ဟန်တန်းကျစ်က စိတ်လှုပ်တရှား အော်သည်။ သူ၏အသံ ဟိန်းထွက်လာစဉ် သူသည် ဧရာမခေါင်းကြီးနှင့် ဆက်သွယ်မှုတစ်ခု ဖော်ဆောင်နေပုံရ၏။ အံ့ဖွယ်စွမ်းအားတစ်ရပ်က သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာလေပြီ။

သူ၏ဆံပင်များက တလွင့်လွင့် ပျံ့လွင့်နေပြီး အဝတ်စများလည်း တဖတ်ဖတ် ‌မျောလွင့်နေသည်။ သူသည် မုန်တိုင်းလယ်က သစ်ရွက်ပမာ လွင့်ထွက်သွားသင့်သော်လည်း ထိုအစား သူ၏အရှိန်အဝါအရ အမွေအနှစ်တစ်ခုအား လက်ခံနေသည့်အလားပင်။

ခေါင်းကြီးသည် မီတာသုံးရာအရွယ်ရှိဟန်တူသော်လည်း မျက်တစ်ခတ်အတွင်း ရုတ်တရက် ဖျတ်ခနဲ ကြီးမားလာသည်။ ယခုတွင် မီတာ သုံးထောင်အရွယ်ရှိသွားလေပြီ။ နောက်ထပ် အသက်တစ်ရှိုက်ကြာသော် မီတာသုံးရာ ပြန်ဖြစ်သွား၏။ သရဲသဖွယ် ပုံရိပ်များက ကမ္ဘာကြီးအား တွန့်လိန်ရှုံ့‌တွနေစေသည်။ ထစ်ချုန်းသံများ မိုးထိညံနေ၏။ ‌သစ်သားဓားများ‌နောက် လိုက်နေကြသော လေလယ်ရှိ လူအုပ်ကြီးမှာ အဖိုးထိုက်ရတနာများအား လုပင်မလုရသေးမီ ဖြစ်ပျက်နေသော မြင်ကွင်းကြီးကြောင့် ကြက်သေသေနေကြလေသည်။

လေပြင်းများက တဝေါ‌ဝေါ အော်မြည်ရင်း ‌အရာအားလုံးကို သိမ်းကျုံးတိုက်ခတ်နေ၏။ အပေါ်ရှိ လူတိုင်းမှာ ထိန်းချုပ်မရနိုင်အောင် လည်ထွက်နေသဖြင့် သူတို့၏မျက်နှာများတွင် တစ်ခါမှ မမြင်တွေ့ရဖူးသော ထိတ်လန့်တုန်လှုပ်မှုတို့ ပြည့်နှက်သွားတော့သည်။

"အဲ့ဒါ... အဲ့ဒါ ဘာကြီးလဲ"

"သေစမ်း ။ သူက မှန်ကမ္ဘာထဲက မိစ္ဆာကြီးကို လွှတ်ပေးဖို့ ကြိုးစားနေပဲ"

"အဲ့ဒါ မှန်ကမ္ဘာထဲက တန်ခိုးရှင်သုံးယောက်ထဲက တစ်ယောက်မဟုတ်လား။ ဒီလူ ဘယ်သူတုန်း"

လူတိုင်းမှာ အံ့ဩတုန်လှုပ်လျက် လွင့်ထွက်သွားကြသည်။ ရှုချင်နှင့်တကွ အလယ်ပိုင်းဒေသရှိ အဖြစ်အပျက်များတွင် မဝင်ပါခဲ့သော ကျင့်ကြံသူများမှာလည်း ဆွံ့အမှင်သက်နေကြ၏။ သူတို့လည်း သူတို့ကိုယ်သူတို့ လွင့်မထွက်သွားအောင် မကာကွယ်နိုင်ပေ။

မန်ဟိုသည် မျက်လုံးများ တဖျပ်ဖျပ် တောက်ပနေလျက် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် အပြင်အားကိုယ်၊ မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၆၄)ခု၏ ကျင့်ကြံခြင်းအခြေခံဖြင့် လေလယ်တွင် ရပ်နေ၏။ ထိုသို့သော စွမ်းအားဖြင့် သူသည် ဝဲကတော့ကြီးနှင့် လေမုန်တိုင်းထဲတွင် အတန်ငယ် မတည်ငြိမ်သော်လည်း လွင့်မထွက်သွားအောင် ထိန်းထားနိုင်၏။

သူက မြေမျက်နှာပြင်ကို ငုံ့ကြည့်ပြီး မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဟန်တန်းကျစ်တစ်ခုခု ကြံစည်နေကြောင်း ရိပ်မိခဲ့သော်လည်း အကြံအစည်က ဤမျှ အံ့ဩတုန်လှုပ်ဖွယ်ကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဤအခိုက်အတန့်တွင် နားစည်ကွဲလုမတတ် ကျယ်လောင်သော ဟိန်းဟောက်သံကြီး၊ ဧရာမဝဲကြီး၌ ပြည့်နှက်သွားသည်။ အသံလာရာကား မှန်ကမ္ဘာအတွင်းမှ ထွက်လာနေသော ဧရာမခေါင်းကြီးမှတစ်ပါး အခြားမဟုတ်ပေ။ အသံသည် မိုးခြိမ်းသံသဖွယ် တုံ့ပြန်လူးလာပဲ့တင်ထပ်နေ၏။

၎င်းက အဝေးရှိ ကျင့်ကြံသူများကိုပင် သွေးအန်လိုက်ရစေသည်။ ဟန်တန်းကျစ်က ဘာမှမဖြစ်လိုက်ဘဲ မန်ဟို့မျက်နှာကတော့ အနည်းငယ်ဖြူဆုပ်သွားသည်။ သူတို့နှစ်ယောက်မှအပ ကျန်ရှိသူတိုင်းမှာ အဆုံးမရှိသော စိတ်၏လှည့်စားမှုအတွင်း စုပ်ယူခံလိုက်ရသည့်အလား ချာချာလည် မူးနောက်ကုန်တော့သည်။

ယခုတွင် မိစ္ဆာခေါင်းကြီးမှာ ခုနစ်ဆယ်ရာခိုင်နှုန်းကျော် ထွက်လာခဲ့လေပြီ။ ၎င်း၏နှာခေါင်းအား မြင်ရပြီး မျက်နှာပုံပန်းသွင်ပြင်များ ပို၍ထင်ရှားပြတ်သားလာသည်။ ၎င်း၏မျက်နှာအပေါ်တွင် အရုပ်ဆိုးဆိုးဒဏ်ရာကြီးတစ်ချက်ရှိ၏။

မိစ္ဆာကြီးအား မြင်လိုက်သည့် မည်သူမဆို ချက်ချင်းပင် ညှို့ယူခံလိုက်ရသလို ခံစားလိုက်ရလေသည်။ သူတို့ သဘောမပေါက်ခင်မှာပင် အကြောက်တရားတို့က သူတို့၏ခန္ဓာကိုယ်ထဲ၌ စီးဆင်းနေပြီဖြစ်သည်။

မိစ္ဆာချီသည် ၎င်း၏ပင်ကိုယ်အစွမ်းတို့ဖြင့် ပတ်ဝန်းကျင်တွင် နေရာယူသွားသည်။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်နှင့်မြေကြီးရှိ ကျန်စွမ်းအားအလုံးစုံမှ ဤအစွမ်းထက်မိစ္ဆာချီ၏နှင်ထုတ်ခြင်း ခံလိုက်ရလေပြီ။

ရုတ်တရက် တစ်ကမ္ဘာလုံး ... မိစ္ဆာကမ္ဘာကြီးဖြစ်လာသည်။

ဟန်တန်းကျစ်မှာ မျှော်လင့်ချက်များဖြင့် တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ သူ၏ရုပ်ရည်မှာ လျင်မြန်စွာ ဆက်လက်ပြောင်းလဲနေ၏။ သူ၏အရှိန်အဝါမှာ တဟုန်းဟုန်း မြင့်တက်လာပြီး သူနှင့်ခေါင်းကြီး၏ဆက်သွယ်မှုမှာ ပို၍ပင်ပြည့်စုံလာသည်။

တစ်ချိန်တည်းမှာပင် မိစ္ဆာချီမဟုတ်သော ကောင်းကင်နှင့်မြေကြီး၏စွမ်းအားအလုံးစုံသည် ကမ္ဘာ၏အပေါ်ထက်သို့ အရှိန်အဟုန်ပြင်းစွာ ပျံတက်သွား၏။ ကမ္ဘာ၏အပေါ်ထက်တွင် ရှိသည်ကား ... ဤနေရာသို့ရောက်ရန် လူတိုင်းဖြတ်လာခဲ့ရသော ဥမင်လှိုဏ်ခေါင်းကြီးပင်။

စွမ်းအင်များ ဥမင်ထဲ ရောက်သွားသည်နှင့် ဂျိန်းခနဲ ထစ်ချုန်းသံကြီး ကြားလိုက်ရသည်။ အတွင်းရှိ နွယ်များမှာ မျက်တစ်ခတ်အတွင်း ညှိုးနွမ်းခြောက်သွေ့ကုန်ကြလေပြီ။ ၎င်းတို့ အစအနမကျန် ပျောက်ကွယ်သွားစဉ် နှင်ထုတ်ခံလိုက်ရသော ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများသည် အပြင်လောကသို့ တဟုန်ထိုး ထွက်သွားကြသည်။

အကယ်၍ သင်သာ ထိုဥမင်ကြီး၏အပြင်မှ ရပ်ကြည့်လျှင် ချီတန်းကြီးတစ်တန်း ကောင်းကင်သို့ ထိုးတက်သွားသည်ကို မြင်ရပေမည်။ လှိုင်းအထပ်ထပ်က အရာအားလုံးကို လွှမ်းခြုံရင်း အဘက်ဘက်သို့ ဖြာထွက်သွား၏။

ဖြစ်စဉ်မှာ စတုတ္ထပြင်ညီတွင် ယခုလေးတင်မှ စတင်ခဲ့ခြင်းဖြစ်သော်လည်း ...မှန်ကမ္ဘာအတွင်းမှ မိစ္ဆာကြီးပေါ်ထွက်လာမှုကြောင့် အရာအားလုံး မည်မျှလျင်မြန်စွာ ပြောင်းလဲနေသည်လဲ အလွယ်တကူ စိတ်ကူးကြည့်နိုင်လေသည်။

ပြောင်းလဲမှုများ ပြီးမြောက်သွားလျှင် ... အတွင်းရှိ လူများ သေလျှင်သေ သို့မဟုတ် မိစ္ဆာချီကြောင့် အသွင်ပြောင်းသွားလိမ့်မည်။ သူတို့၏ဝိညာဉ်များ အသွင်ပြောင်းသွားပြီး ကျင့်ကြံခြင်းအခြေခံများလည်း ပြောင်းလဲကုန်မည်။ ရှင်းရှင်းဆိုရလျှင် သူတို့ကား ကျင့်ကြံသူမဟုတ်တော့ဘဲ .... မိစ္ဆာဖြစ်လာရလိမ့်မည်။

မန်ဟိုသည် တောင်ကောင်းကင်မှ ကျင့်ကြံသူများကို မော့ကြည့်ရင်း မျက်နှာအမူအရာ ရိပ်ခနဲ ပြောင်းသွား၏။ ဝဲကတော့ကြီးမှာ မြန်သထက် မြန်မြန် လည်လာသဖြင့် အကုန်လုံး မူးဝေရင်း သတိလွတ်လာကြသည်။ ဖန်ယု၊ ကျီမျိုးနွယ်စု၊ မြောက်ပိုင်းသဲကန္တာရနှင့် တောင်ပိုင်းဒေသမှ ကျင့်ကြံသူများ၊ ဝမ်လီဟိုင်၊ ဟန်ပေ့၊ လီထျန်းတောက်၊ လီရှိချီနှင့် ... ရှုချင် ....။

လူတိုင်းမှာ အသိစိတ်မရှိတော့သယောင်ပင်။ သူတို့၏မျက်နှာများမှာ ရှုံ့မဲ့နေကြပြီး အံတင်းတင်းကြိတ်ထားကြ၏။ တခါတရံ အေးတိအေးစက် ထရယ်တတ်ကြပြီး တခါတရံ ငေးကြောင်ကြောင် ဖြစ်နေကြလေသည်။ အဆုံးစွန်အထိ ဆန်းကြယ်လှ၏။

မိစ္ဆာချီမှာ သူတို့၏ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် စုဝေးလာပြီး အမြင်မှားများ၊ အတွေးမှားများ ဖန်တီးနေသယောင်ပင်။

ဟန်တန်းကျစ်က မြေပြင်တွင် ဝပ်တွားထားဆဲဖြစ်သည်။ "သူတော်စင်သုံးပါး၏မြေ၊ ငါ ဟန်တန်းကျစ်အတွက် အမွေအနှစ်၊ ဘိုးဘေးစွမ်းအား ပြန်လာလော့။ ဒီနေရာမှာရှိတဲ့ လူတိုင်းက ငါ့ရဲ့ ယဇ်ကောင်‌တွေ။ သူတို့ရဲ့ ခန္ဓာကိုယ်တွေ ပြောင်းလဲပြီး စိတ်ဝိညာဉ်တွေ သဟဇာ‌တဖြစ်လော့။ မသေရင် ကျင့်ကြံသူမဟုတ်ဘဲ မိစ္ဆာတွေ ဖြစ်လော့

"ငါ့ရဲ့ မိစ္ဆာအုပ်ဖြစ်လာပြီး ကောင်းကင်ဘုံနဲ့စစ်ပြိုင်ဖို့ ဘိုးဘေးစွမ်းအားကို အသုံးပြုနေတဲ့အချိန် ငါ့ရဲ့စေခိုင်းရာအတိုင်း လိုက်နာလော့" သူ၏စကားလုံးများ ဝဲကြီးတစ်လျှောက် ပဲ့တင်ထပ်နေစဉ် သူ့တစ်ကိုယ်လုံး တုန်ရီလာသည်။

တစ်ချိန်တည်းမှာပင် မိစ္ဆာကြီး၏ခေါင်းပတ်ပတ်လည်တွင် လည်နေသော ဝဲကြီးသည် မီတာ‌တစ်သောင်းအကျယ် မကတော့။ ၎င်းကား မီတာသုံးသိန်းကျယ်သည်အထိ ပြန့်ကားလာခဲ့လေပြီ။ ဤအခိုက်အတန့်တွင် မိစ္ဆာကြီး၏ အပေါ်နှုတ်ခမ်းမှာ မြင်သာလာပြီဖြစ်သည်။

ခေါင်းကြီးမှာ ဒဏ်ရာတစ်ချက်တည်းမဟုတ်ဘဲ သုံးချက်ရှိနေကြောင်း မြင်လာရသည်။ တစ်ချက်က နှုတ်ခမ်းအပေါ်အား ပွင့်ထွက်နေစေရာ သတ္တဝါကြီးအား နှုတ်ခမ်းလေးခု ရှိသည့်ပုံပေါ်နေ‌စေသည်။

ထို့အပြင် ... ချွန်ထက်နေသော အနက်ရောင်အစွယ်များကိုလည်း မြင်ရ၏။ ဤမိစ္ဆာကြီး၏ရုပ်ရည်အား အဆုံးစွန်အထိ အကျည်းတန်လှလေသည်။

မိစ္ဆာချီလှိုင်းများ ပိုမိုရိုက်ခတ်လာရာ ထစ်ချုန်းသံများအား ပို၍ဆူညံလာစေတော့သည်။

မန်ဟို၏မျက်လုံးများ တလက်လက် တောက်ပလာသည်။ "ဒါက ရှေးဟောင်းမိစ္ဆာအင်မိုတယ်ဂိုဏ်း။ ခဲကျုံစစ် မသေသေးဘူး။ ဒီမှာ ဖြစ်ပျက်နေတာကို သူ လျစ်လျူရှုထားမှာတော့ မဟုတ်ဘူးမလား။ ပြီးတော့ ကျင်ရှန်းရော ဘယ်ရောက်နေပါလိမ့်။ သူ့‌အတွေးက နားလည်ရခက်တယ်

"... ခဲကျုံစစ် ဘာကြောင့် ပေါ်မလာသေးတာလဲ"

"အဲ့ဒါအရေးမကြီးဘူး။ ငါ သူ့အပေါ်ပဲ မျှော်လင့်ချက်ထားနေလို့ မဖြစ်ဘူး..." သူအနေဖြင့် အခြားသူများကို သိပ်ဂရုမစိုက်သော်လည်း ရှုချင်ရှိနေလေသည်။ ထို့အပြင် ဝိညာဉ်ကျောက်တုံးများလည်း အကြွေးရစရာရှိသေးသည်။ တစ်ယောက်နှစ်ယောက် သေလျှင်၊ ရသေးသည်။ အကုန်လုံးသေသွားလျှင်တော့ ... မန်ဟို လက်မခံနိုင်။

သူ၏မျက်လုံးများမှာ စူးရဲနေပြီး သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူသည် မျက်လုံးများကို တခဏပိတ်ပြီးနောက် ပြန်ဖွင့်လိုက်၏။

မျက်လုံးပြန်ဖွင့်လိုက်သည့် အခိုက်အတန့်တွင် မန်ဟိုကား ... အဋ္ဌမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်လိုက်လေပြီ။

ဝုန်း

အဋ္ဌမဝိညာဉ်ခန္ဓာတွင် သူ၏အပြင်အားကိုယ်သည် ပို၍ပင် သန်မာ၏။ သတ္တမဝိညာဉ်တွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ဖြစ်သော်လည်း အဋ္ဌမဝိညာဉ်ခန္ဓာ၌ ပို၍ပင် ကြောက်စရာကောင်းလေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၆၄) မဟုတ်ဘဲ (၁၂၈)ခု စွမ်းအားဖြင့် ပေါက်ကွဲထွက်လာ၏။

ထိုကဲ့သို့အံ့ဖွယ်စွမ်းအားမျိုးက လျှို့ဝှက်နက်နဲသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေနိုင်သည်။ မန်ဟိုသည် တဝေါဝေါ တိုက်ခတ်နေသော လေများဖြင့် အားဖြည့်ပေးထားသည့် ဝဲကြီး၏အလယ်တွင် ဖျတ်ခနဲ ပေါ်လာသည်။ ဂျလိန်း ... ဂျလိန်း ...။ ပုံသဏ္ဌာန်မဲ့ မိုးကြိုးများ သူ၏ပတ်ပတ်လည်တွင် ထွက်ပေါ်လာသည်။

သူက ညာလက်ကို လက်သီးဆုပ်၍ ကောင်းကင်ထက်ရှိ ဥမင်လမ်းကြောင်းဆီသို့ တည့်တည့် ထိုးချလိုက်သည်။ လက်သီးတွင် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအား အပြည့်အဝသာမက တောင်ဝါးမြိုမန္တန်လည်း ပါရှိလေသည်။

ဧရာမတောင်ကြီးတစ်လုံး ပေါ်လာသည်။ ၎င်းကား ... စတုတ္ထတောင်ထိပ်မှတစ်ပါး အခြားမဟုတ်။ ပုံရိပ်မှာ အတော်လေး ဝေဝါးနေသော်လည်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားသည်။ ၎င်းက လမ်းကြောင်းဆီသို့ ပြေးဝင်သွားလေပြီ။ ၎င်း လေကိုခွင်း၍ ပျံသန်းသွားစဉ် ၎င်း၏ အစိတ်အပိုင်းများမှာ လွင့်စင်ပြိုကွဲသွားသော်လည်း ဉမင်ဆီ ရောက်သည့်အခါ တစ်ဝက်တိတိ ကျန်သေးလေသည်။

တောင်ကြီးသည် ဉမင်လိုဏ်ခေါင်းဆီသို့ အမြင့်ဆုံး ရွေ့လျားသွားပြီး ၎င်းအနားရောက်သွားသည်နှင့်တစ်ပြိုင်နက် မန်ဟိုက စကားတစ်ခွန်းတည်း ရေရွတ်လိုက်၏။

"ပြိုကွဲစမ်း"

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ပုံရိပ်ယောင်တောင်ကြီးမှာ လေလယ်တွင် ရပ်သွားပြီး ပေါက်ကွဲသွား၏။ မိုးခြိမ်းသံများ အဆုံးမရှိ ထစ်ချုန်းနေသည့်အလား မြည်ဟည်းနေလေသည်။ အသံအားက ဝဲကြီး၏အော်သံထက် ကျော်လွန်ပြီး တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွားသော ကြောက်ခမန်းလိလိ အသံကြီးဖြစ်လာ၏။

အသံကြီးကြောင့် ရှုချင်အပါအဝင် ကျန်ရှိသူများအားလုံး စိတ်နှလုံးလှုပ်ရှားသွားကြ၏။ သူတို့ကို ထိန်းချုပ်နေသော အမြင်မှားပုံရိပ်ယောင်များ ယာယီပျောက်ကွယ်သွားပြီး သူတို့၏မျက်လုံးများ ကြည်လင်သွားသည်။ ထို့နောက် အံ့ဩတုန်လှုပ်မှုတို့က သူတို့၏မျက်နှာကို စိုးမိုးသွားတော့သည်။

မန်ဟိုက သူတို့ကို မော့ကြည့်ပြီး ဟိန်းဟောက်လိုက်သည်။ "ဘာလို့ မထွက်သွားကြသေးတာလဲ" သူက လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီး သူ့ထံမှ ဖြာထွက်သွားသော လေပြင်းများအား ဝဲကြီးကို ဝင်တိုက်လိုက်စေသည်။ ချက်ချင်းဆိုသလို ဝဲကြီးမှာ အားနည်းသွား၏။

ဖန်ယုက ပင့်သက်ရှိုက်သွားပြီး မန်ဟိုကို ငုံ့ကြည့်လိုက်သည်။ သူမသည် စိတ်ပူနေပုံရသော်လည်း တစ်ချိန်တည်းမှာပင် စိတ်ပိုင်းဖြတ်လိုက်၏။ သူမခန္ဓာကိုယ်က ရိပ်ခနဲ ရှုချင်အနား ရောက်သွားလေပြီ။ ရှုချင် မန်ဟိုကို ကြည့်နေသည့်အချိန်မှာပင် ဖန်ယုက သူမကို လှမ်းဆွဲလိုက်သည်။

"သွားစို့" သူမက ပြောသည်။ "နင် အပြင်မရောက်မချင်း သူ စိတ်ပူနေလိမ့်မယ်"

ရှုချင်မှာ တွန့်ဆုတ်နေသော်လည်း မရုန်းပေ။ သူမသည် မန်ဟိုကို နောက်တစ်ခေါက် ပြန်ကြည့်လိုက်ပြီး စကားများဖြင့် ဖွင့်ဟမပြောပြနိုင်သော ခံစားချက်က သူမနှလုံးသားလေးကို မွန်းကြပ်သွားစေသည်။ ပြန်လည်မွေးဖွားခြင်းဂူအပြင်မှာတုန်းက အချိန်က သူမ ပြန်တွေးမိလိုက်သည်။ ထိုစဉ်ကတိုင်း ယခုလည်း သူမမှာ ... မန်ဟို့အတွက် အကူအညီမဖြစ်ခဲ့ပေ။

တောင်ကောင်းကင်ကျင့်ကြံသူများမှာ ဖြစ်ပျက်နေသော ကြောက်စရာမြင်ကွင်းကြီးကြောင့် အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ပေ။ တစ်ယောက်ပြီးတစ်ယောက် ခေါင်းအပေါ်ရှိ ဥမင်ထံသို့ ပျံတက်သွားကြသည်။ သူတို့ လေကိုခွင်း၍ ဥမင်ထဲ ဝင်ရောက်လိုက်စဉ် မန်ဟို့အသံကို ကြားလိုက်ရ၏။

"မင်းတို့ အသက်ကို ငါ ကယ်လိုက်တဲ့အတွက် မင်းတို့ ငါ့အပေါ် အကြွေးတင်သွားပြီ။ ငါ့ကို ပြန်မဆပ်ဘဲ နေရဲရင်တော့ ငါတို့ကြား ပြီးသွားမယ်မထင်နဲ့"

လူတိုင်း ဥမင်လမ်းကြောင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားကြစဉ် နှင်ထုတ်အားက သူတို့ကို အပေါ်သို့ တွန်းပို့ပေးလိုက်လေသည်။ ထိုအခိုက်အတန့်မှာပင် မိစ္ဆာကြီး၏ခေါင်းတစ်လုံးလုံး မှန်အတွင်းမှ ထွက်လာခဲ့ပြီဖြစ်သည်။

ဘေးတွင် ဟန်တန်းကျစ်က မန်ဟိုနှင့် ဥမင်ကို ဖြတ်၍ထွက်သွားသော လူအားလုံးကို မော့ကြည့်လိုက်ကြသည်။

***

All Chapters