ယိုးမင်ဂိုဏ်းကို အနှောက်အယှက်ပေးရတော့မယ်
Vol. 45 Ch. 629
အခန်း (၆၂၉) ယိုးမင်ဂိုဏ်းကို အနှောက်အယှက်ပေးရတော့မယ်
လူတစ်ယောက်ကို အနိုင်ယူခြင်းနှင့် လူတစ်ယောက်ကို သတ်ဖြတ်ခြင်းက ကွဲပြားသည်။ ချွင်းချက်ကိစ္စများမှလွဲပြီး လူအများစုသည် အနိုင်မတိုက်ခိုက်နိုင်လျှင် ထွက်ပြေးရန် ရွေးချယ်ကြသည်။
ရန်ကျောက်ကဲကတော့ သိုင်းသူတော်စင် ယန်ကျောက်ကျန်းကို အနိုင်ယူခဲ့သည်သာမက အသေပင်သတ်ဖြတ်ပစ်ခဲ့သည်။ ထိုသူကို ထွက်ပြေးရန်ပင် အခွင့်အရေး မပေးခဲ့ပေ။
ဤတိုက်ပွဲက ပြသခဲ့သော ရန်ကျောက်ကဲ၏စွမ်းအားက တုန်လှုပ်စရာကောင်းလှသည်။
သတင်းရရှိပြီးနောက် ဝမ်ဝမ်းမင်သည် လောင်ဖုန်းမြို့သို့ အလျှင်အမြန် ရောက်လာခဲ့၏။
အကြီးအကဲ’ဝမ်မင်းမင်’ သည် ဖြစ်ရပ်များအတွက် အံ့အားသင့်သွားသည်မှန်သော်လည်း ယိုးမင်ဂိုဏ်းမှပေးအပ်ထားသောတာဝန်များကို မေ့လျော့ခြင်း မရှိပေ။
ထို့ပြင် ဇာမဏီနယ်မြေတွင် ယခုလိုကိစ္စရပ် ဖြစ်ပေါ်လာသည်မှာလည်း သူတို့ကဲသို့ တော်လှန်ရေးသမားများအတွက် အခွင့်ကောင်းတစ်ခု ဖြစ်သည်။ တာ့ရွှမ်တိုင်းပြည်ကို ပုန်ကန်နေသော တော်လှန်ရေးသမားများအတွက် ယန်ကျောက်ကျန်း ရုတ်တရက်သေဆုံးသွားခြင်းက အံ့သြတုန်လှုပ်စရာကိစ္စဖြစ်သလို သတင်းကောင်းတစ်ခုလည်း ဖြစ်သည်။ တာ့ရွှမ်တိုင်းပြည်ဘက်တွင်လည်း သတင်းရရှိပြီးပြီးချင်း ပြန်လည်တုံ့ပြန်နိုင်ဦးမည် မဟုတ်ပေ။
ထို့ကြောင့် ဇာမဏီနယ်မြေတွင်း မငြိမ်သက်မှုများက တစ်ခဏအတွင်း ပိုမိုပြင်းထန်လာ၏။
ယိုးမင်ဂိုဏ်းကဲ့သို့ တာ့ရွှမ်တိုင်းပြည်ကို တော်လှန်နေသော အင်အားစုများအတွက် ဇာမဏီနယ်မြေတွင် တာ့ရွှမ်တိုင်းပြည် ထိန်းချုပ်မှုအင်အားနည်းပါးသွားခြင်းက ထိုနယ်မြေကို သိမ်းပိုက်ရန် အခွင့်ကောင်း ဖြစ်၏။
နောက်ပိုင်းမှာတော့ ယန်ကျောက်ကျန်း သေဆုံးခြင်းအတွက် တာ့ရွှမ်မင်းဆက်က အမျက်ဒေါသထွက်ကာ တန်ပြန်တိုက်ခိုက်မှုများလုပ်ဆောင်လာနိုင်သလို တိုက်ပွဲများလည်း ပြင်းထန်လာနိုင်သည်။ ယန်ကျောက်ကျန်း၏ သေဆုံးခြင်းက တာ့ရွှမ်တိုင်းပြည်မှ အမတ်မင်း’ဟိုင်ချန်’ ကို နှိုးဆွပေးသည့်အလား ဖြစ်နိုင်သည် မဟုတ်လား။
ဇာမဏီနယ်မြေသို့ရောက်သည်နှင့် ကျန်းချန်စုန့် အသေးစိတ်ပြောပြသောစကားများကို နားထောင်ပြီး ဝမ်ဝမ်းမင် တုန်လှုပ်သွားရသည်။
“အသက် (၃၀) တောင်မပြည့်သေးဘူး သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ဖြစ်နေပြီ... ဟုတ်လား”
ကျန်းချန်စုန့်က တံတွေးတစ်ချက်မျိုချရင်း...
“အမှန်ပါပဲ ၊ ဒီတပည့်လည်း အဲဒါကို မယုံနိုင်ပါဘူး”
ဝမ်ဝမ်းမင်က ကောင်းကင်ထက်ခေါင်းမော့ကြည့်ရင်း...
“ကျူတောပင်လယ်ဒေသရဲ့ နယ်မြေ (၇၂) ခုမှာ အသက် (၃၀)တောင် မပြည့်သေးဘဲ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် မပြောနဲ့ အမတလက်ဖွဲ့အဆင့်ရောက်တဲ့သူတောင် ခပ်ရှားရှားပဲ”
ကျန်းချန်စုန့်က...
“သူပြောတဲ့စကားအရဆိုရင်တော့ သူတို့ဂိုဏ်းက ကျူတောပင်လယ်ဒေသကမဟုတ်ဘူး ၊ ပြီးတော့ သူတို့က ကွမ်းမင်ဂိုဏ်းနဲ့ ပဋိပက္ခဖြစ်ခဲ့ကြတယ်”
ဝမ်ဝမ်းမင် မျက်မှောင်ကြုံ့ရင်း...
“ပြီးခဲ့တဲ့နှစ်ပိုင်းတစ်လျှောက် ကွမ်းမင်ဂိုဏ်းက ငါတို့လိုပဲ တာ့ရွှမ်တိုင်းပြည်ကို တော်လှန်နေတာ မဟုတ်လား ၊ ဘယ်လိုဖြစ်လို့ ကျူတောပင်လယ်ဒေသအပြင်ဘက်က စွမ်းအားစုတွေကို ရန်စဖို့ အချိန်ရသွားတာလဲ”
ကျန်းချန်စုန့်က ခြောက်ကပ်ကပ်လေသံဖြင့်...
“ကွမ်းမင်ဂိုဏ်းက တိန့်စန်း ၊ စွန်းဟောက်နဲ့ တခြားသူတွေ သတင်းမကြားဘူး ပျောက်ကွယ်နေကြတယ် ၊ အဲဒါ ဒီလူငယ်နဲ့ သူ့နောက်ကွယ်ကဂိုဏ်းနဲ့ ပတ်သက်နေပုံရတယ်”
ဝမ်ဝမ်းမင်မျက်နှာ တည်ကြည်လေးနက်သွားပြီး...
“ကွမ်းမင်ဂိုဏ်းရဲ့ ထာဝရအလင်းခန်းမက တိန့်စန်းက သိုင်းသူတော်စင် စတုတ္ထအဆင့် မဟုတ်ဘူးလား”
သူက ဆက်ပြောသည်။
“တိန့်စန်းက ထာဝရအလင်းခန်းမက ထိပ်တန်း (၅)ယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်သလို ကွမ်းမင်ဂိုဏ်းက ပင်မတိုက်ရိုက်တပည့်လည်း ဖြစ်တယ် ၊ ကွမ်းမင်ဂိုဏ်းမှာဆိုရင် သူ့အဆင့်က ထိပ်တန်း (၂၅)ယောက်မှာ ပါဝင်တယ် ၊ ဒီ ရန်ကျောက်ကဲ ပြောတဲ့စကားသာ အမှန်ဆိုရင် ရန်ကျောက်ကဲကသာ အရည်အချင်းရှိတာမဟုတ်ဘူး ၊ သူ့နောက်ကွယ်က သိုင်းဂိုဏ်းကိုလည်း လျှော့မတွက်သင့်ဘူး”
တိန့်စန်းနှင့် သိုင်းသူတော်စင် (၇)ယောက်ကို သတ်ဖြတ်ပြီးသည့်တိုင် ရန်ကျောက်ကဲက ဘာကိုမှအရေးမစိုက်ဟန်ဖြင့် ကျူတောပင်လယ်ဒေသသို့ ရောက်လာခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ရန်ကျောက်ကဲတို့သိုင်းဂိုဏ်းက ကွမ်းမင်ဂိုဏ်း၏ ခြိမ်းခြောက်မှုကို အရေးမစိုက်သည်မှာထင်ရှားသည်။ အသတ်ခံရသောသိုင်းသူတော်စင်များကို မျက်လုံးထဲထားဟန် မရှိပေ။
ကွမ်းမင်ဂိုဏ်းနှင့် ရန်ငြိုးဖွဲ့ထားသည့်တိုင် တာ့ရွှမ်တိုင်းပြည် ၊ ဇာမဏီနယ်မြေကို စောင့်ကြပ်သည့် သိုင်းသူတော်စင် စစ်သူကြီးကို သတ်ဖြတ်ပစ်ခဲ့သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ထိုလူငယ်တွင် နောက်ခံအင်အားအပြည့်အဝရှိသည်မှာ ထင်ရှား၏။
ကျန်းချန်စုန့်က တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့်...
“ယန်ကျောက်ကျန်းကို သူ တားဆီးနိုင်ရတဲ့အကြောင်းရင်းက သူ့မှာ အရမ်းထူးဆန်းတဲ့ နန်းတော်ကြီးတစ်ခု ရှိနေတယ် ၊ အဲဒါက တကယ့်ကို ထူးခြားတဲ့ရတနာပစ္စည်းပဲ ၊ ဒီလောက်ကြွယ်ဝတဲ့ အခြေခံအုတ်မြစ်မျိုးကို စုဆောင်းထားနိုင်တာ သာမန်အင်အားစုတော့ မဖြစ်နိုင်ဘူး”
ဝမ်ဝမ်းမင်က ခဏမျှစဉ်းစားနေပြီးမှ...
“သူက ကွမ်းမင်ဂိုဏ်းက အခြေအနေကို နားလည်ချင်တာ ဖြစ်နိုင်တယ် ၊ ပြီးတော့ ကျူတောပင်လယ်ဒေသမှာ မဟာမိတ်ရှာချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် ၊ ဘာပဲဖြစ်ဖြစ် အခု ငါတို့ဂိုဏ်းနဲ့ဆက်သွယ်လာတယ်ဆိုတော့ ငါတို့နဲ့ ဆက်ဆံရေးထူထောင်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ် ၊ ပြီးတော့ ငါတို့အနေနဲ့လည်း သူ့နောက်ကွယ်က သိုင်းဂိုဏ်းနဲ့ ပိုပြီး ထိတွေ့နိုင်ဖို့ လိုအပ်တယ်”
“ဒီကိစ္စက အကျိုးအမြတ်အများကြီး ရှိလာနိုင်တယ် ၊ အဲဒီလူငယ်ကို ပန်းပွင့်ငြိမ်းချမ်းနယ်မြေက ဆရာဦးလေး’ဝူ’ နဲ့တွေ့ဆုံဖို့ စီစဉ်ပေးလိုက်ပါ ၊ ငါကတော့ ဇာမဏီနယ်မြေမှာ အချိန်နည်းနည်းလောက် စောင့်ကြည့်လိုက်ဦးမယ်”
ကျန်းချန်စုန့် အံ့အားသင့်သွားပြီး...
“အကြီးအကဲ’ဝူ’ က ပန်းပွင့်ငြိမ်းချမ်းနယ်မြေကို ရောက်နေတာလား”
ဝမ်ဝမ်းမင်က စကားမဆိုဘဲ ခေါင်းညိတ်ပြသည်။
သူ့မျက်ဝန်းများက ဆုံချက်ပျောက်စွာ အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်ရင်း...
“တိန့်စန်းမှာ အလယ်ဆင့်မှော်ဝင်ပစ္စည်းမရှိပေမယ့် ကျင့်ကြံခြင်းအဆင့်တူညီရင်တောင် သူ့ကိုသတ်ဖြတ်ဖို့ဆိုတာ မလွယ်ကူဘူး ၊ ပြီးတော့ သူက ကွမ်းမင်အလင်းသိုင်းပညာနဲ့ အလင်းခန္ဓာသိုင်းပညာကိုလည်း လေ့ကျင့်ထားတယ်လေ”
ကျန်းချန်စုန့်နှင့် ယိုးမင်ဂိုဏ်းမှ အခြားသောတပည့်များအားလုံး ဤ သုံးသပ်ချက်ကို အလေးအနက်ပင် သဘောတူကြသည်။
သူတို့ဘဝသက်တမ်းတစ်ဝက်လောက်က ကွမ်းမင်ဂိုဏ်းသားများနှင့် တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် ကွမ်းမင်ဂိုဏ်း၏ သိုင်းညာကို သူတို့ထက်နားလည်နိုင်သူ မရှိပေ။
ယိုးမင်ဂိုဏ်းမှသိုင်းပညာသည်လည်း ကွမ်းမင်ဂိုဏ်းထက်မနိမ့်ကျသည့်တိုင် အလင်းခန္ဓာသိုင်းပညာကျင့်ကြံထားသူများနှင့် ရင်ဆိုင်ရလျှင် အနိုင်ယူရန် အလွန်တရာ ခက်ခဲ၏။
ဝမ်ဝမ်းမင်က အကြည့်များကို ပြန်လည်ရုတ်သိမ်းရင်း...
“ကဲ... သွားကြမယ် ၊ အဲဒီ ထက်မြက်တဲ့လူငယ်လေးနဲ့ သွားတွေ့ရအောင်”
ရန်ကျောက်ကဲအကြောင်း သတင်းကြားထားသော်လည်း ရန်ကျောက်ကဲနှင့် တကယ်တမ်းဆုံတွေ့ရတော့ ဝမ်ဝမ်းမင် စိတ်ထဲက ချီးကျူးမိသည်။
အပေါ်ယံကတော့ တည်ငြိမ်စွာပင်ဆက်ဆံပြီး ရန်ကျောက်ကဲဆီမှ သတင်းနှိုက်ရန် မျှော်လင့်မိသည်။ သို့သော် ရန်ကျောက်ကဲက ဝမ်ဝမ်းမင်ကို မည်သည့်အရိပ်အမြွက်မှ မပြောဆိုဘဲ ယဉ်ယဉ်ကျေးကျေးပင် တွေ့ဆုံနှုတ်ဆက်သည်။
ထို့ကြောင့် ဝမ်ဝမ်းမင် အနည်းငယ် စိတ်ပျက်သွားသော်လည်း ရန်ကျောက်ကဲ၏ စေတနာကိုတော့ နားလည်ခံစားနိုင်၏။
“’ရန်’ သခင်လေးက ဖြောင်မတ်တယ် ၊ ယိုးမင်ဂိုဏ်းက အကြီးအကဲရဲ့ ရုပ်အလောင်းကို မူလဌာနေကို ပြန်လည်ပို့ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း အလေးအနက် ပြောပါရစေ”
သူက ဆက်ပြောသည်။
“ဒီ ‘ဝမ်’ က ဇာမဏီနယ်မြေမှာ အချိန်တစ်ခုအထိတော့ နေရဦးမယ် ၊ တိုက်ပွဲတွေလည်းဆက်ဖြစ်နေတယ်ဆိုတော့... ‘ရန်’ သခင်လေးကို ကောင်းကောင်းဧည့်မခံနိုင်တာ ခွင့်လွှတ်ပါ ၊ ဒါပေမဲ့ ‘ရန်’ သခင်လေးကို ဂိုဏ်းရဲ့ အဓိကပလ္လင်ရှိတဲ့နေရာကို ဖိတ်ခေါ်ချင်ပါတယ် ၊ ငါတို့ ယိုးမင်ဂိုဏ်းက ကျေးဇူးတင်ကြောင်း ဖော်ပြရင်းနဲ့ အိမ်ရှင်တွေဖြစ်လို့လည်း ဧည့်ဝတ်ကျေချင်တယ်လေ ၊ ဆိုတော့... ဒီကိစ္စနဲ့ပတ်သက်ပြီး ‘ရန်’ သခင်လေး ဘယ်လိုသဘောရလဲ သိချင်ပါတယ်”
ရန်ကျောက်ကဲက ရယ်မောရင်း...
“အဲဒါ အဆင်ပြေပါတယ် ၊ ကျွန်တော်တော့ လူကြီးမင်းတို့ ယိုးမင်ဂိုဏ်းကို အနှောက်အယှက်ပေးရတော့မယ်”
ဝမ်ဝမ်းမင်က ခေါင်းခါယမ်းရင်း...
“ဒါက ကိစ္စမရှိပါဘူး ၊ ‘ရန်’ သခင်လေးက အားနာနေပြန်ပါပြီ”
“’ရန်’ သခင်လေးတို့က ချန်စုန့်တို့အုပ်စုနဲ့အတူ ပန်းပွင့်ငြိမ်းချမ်းနယ်မြေကို အရင်သွားနှင့်ပါ ၊ ငါတို့ရဲ့ အမှောင်ခန်းမ အကြီးအကဲ ‘ဝူ’ က အဲဒီဒေသမှာ ရှိနေပါတယ် ၊ သူက သခင်လေးအတွက် အစီအစဉ်တွေ ပြုလုပ်ပေးပါလိမ့်မယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဧည့်သည်က အိမ်ရှင်လမ်းညွှန်တဲ့နောက်လိုက်ရမှာပါပဲ”
စကားစမြည်ပြောဆိုပြီးနောက် လုပ်စရာရှိသည်များ ဆက်လုပ်ကြသည်။
ဝမ်ဝမ်းမင်က ဇာမဏီနယ်မြေဒေသမှကိစ္စရပ်များကို ဖြေရှင်းရန်ကျန်ရစ်ခဲ့ပြီး ရန်ကျောက်ကဲတို့အုပ်စုကတော့ ကျန်းချန်စုန့်တို့နှင့်အတူ ပန်းပွင့်ငြိမ်းချမ်းနယ်မြေသို့ ခရီးထွက်ခွာကြ၏။
“ကျန်းချန်စုန့်စကားအရဆိုရင် အကြီးအကဲ’ဝူ’ က ယိုးမင်ဂိုဏ်းရဲ့ ခန်းမ (၃)ခုထဲက အလင်းမဲ့ခန်းမရဲ့ ပထမအဆင့်ထိပ်တန်းအကြီးအကဲ ဖြစ်တယ်”
လမ်းလျှောက်လာရင်း ရန်ကျောက်ကဲက နှုတ်ခမ်းများတွန့်ကွေးလျှက် ဆိုသည်။
“သူက အကြီးအကဲ’ဝမ်’ ထက် ရာထူးအဆင့်မြင့်သလို ကျင့်ကြံခြင်းအဆင့်လည်း မြင့်မားတယ်”
အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...
“သခင်လေး... သူတို့က ‘ဝေ’ အိမ်တော်လိုပဲလား ၊ ကျွန်တော်တို့ကို ဇာမဏီနယ်မြေမှာ မဖြေရှင်းနိုင်လို့ သူတို့အကြီးအကဲတွေ စခန်းချတဲ့နေရာကို တွန်းပို့လိုက်တာလား”
ရန်ကျောက်ကဲက ရယ်မောရင်း...
“အခု ငါတို့က ယိုးမင်ဂိုဏ်းနဲ့ အဆင်ပြေနေပေမယ့် လူတွေရဲ့စိတ်ကို ခန့်မှန်းရခက်တယ် ၊ ထူးကဲယန်စည်းတံဆိပ်အသုံးပြုနိုင်ဖို့ကလည်း အချိန်တစ်နှစ်ကျော်လောက် စောင့်ရဦးမယ် ၊ ဘာပဲဖြစ်ဖြစ် မျှော်လင့်မထားတဲ့ပြဿနာတွေဖြစ်မလာဘူးဆိုရင် လက်ရှိမှာတော့ အဆင်ပြေနိုင်ပါတယ်”
အားဟူက...
“သခင်လေး အထက်ဘုံကမ္ဘာကိုရောက်လာပြီး ဒီလောက် အံ့သြစရာအစွမ်းပြလိုက်တာ... သူတို့က သခင်လေးကို အောက်ဘုံကမ္ဘာကလို့ မထင်ကြတော့ဘဲ အထက်ဘုံကမ္ဘာကလို့ပဲ ထင်နေကြပြီ ၊ ပြီးတော့ သခင်လေးနောက်ကွယ်က သိုင်းဂိုဏ်းကိုလည်း အတော်လေး အထင်ကြီးနေကြတာ”
ရန်ကျောက်ကဲက နှုတ်ခမ်းကိုတစ်ချက်ပွတ်သပ်ရင်း...
“ငါက ဇာမဏီနယ်မြေစစ်တပ်က တာ့ရွှမ်စစ်သူကြီးက ငါ့ကို လာရန်စလို့ သတ်ပစ်လိုက်တာလေ ၊ ဒါပေမဲ့ ယိုးမင်ဂိုဏ်းကလူတွေကတော့ တစ်မျိုးထင်သွားပုံပဲ”
ထိုစကားကိုကြားတော့ ဖန်းယွင်ရှန်းက ရယ်မောရင်း...
“ယိုးမင်ဂိုဏ်းကလူတွေ အထင်ကြီးသွားအောင် ရှင် တမင်သက်သက် လုပ်ပြလိုက်တာ မဟုတ်ဘူးလား”
ရန်ကျောက်ကဲက အလွန်တရာ ဖြောင့်မတ်ဟန် အမူအရာဖြင့်...
“မင်း ဘာတွေပြောနေတာလဲဗျာ... တာ့ရွှမ်တိုင်းပြည်က ဇာမဏီနယ်မြေကို ဖိနှိပ်ပြီး နှစ်ပေါင်းများစွာ အမြတ်ထုတ်နေတာ ၊ သူတို့ကို တော်လှန်ရေးသမားတိုင်းက သတ်ဖြတ်ပစ်ချင်နေကြတာပဲလေ ၊ ဒါကြောင့် ငါကလည်း သူတို့လိုအပ်မလားဆိုပြီး ကူညီပေးလိုက်တာ ၊ မင်းဆိုးမင်းညစ်ကိုဆန့်ကျင်ပြီး ငြိမ်းချမ်းရေး အရယူတဲ့နေရာမှာ တစ်တပ်တအားပါဝင်လိုက်တာပေါ့ ၊ တခြားရည်ရွယ်ချက် မရှိပါဘူး”