← Chapters

တောင်နှင့်ပင်လယ်ကြေးမုံ

Vol. 45 Ch. 618

တောင်နှင့်ပင်လယ်ကြေးမုံ

Vol. 45 Ch. 618

"သူတို့တွေ သူတော်စင်သုံးပါးရဲ့မြေကနေ လွတ်အောင် ပြေးနိုင်မှာမဟုတ်ဘူး" ဟန်တန်းကျစ်က ပြောသည်။ "ဒါက ဘိုးဘေးကြီးတစ်ဦးရဲ့ နတ်ဘုရားကိုယ်ပွားတစ်ခုလေးပဲ ဆိုပေမယ့် ချိတ်ပိတ်ခံထားရတာ ဖွင့်ပေးလိုက်ရင် မိစ္ဆာအင်မိုတယ်ဂိုဏ်းအတွက် အကျိုးရှိနေဦးမှာပဲ။ မိစ္ဆာအင်မိုတယ်ဂိုဏ်းရဲ့ စိတ်ဝိညာဉ်တွေကတော့ ကူညီပေးမှာမဟုတ်သလို၊ ‌တားမြစ်မှာလည်း မဟုတ်ဘူး။ အစစ်အမှန်စိတ်ဝိညာဉ်ညတောင်မှ ဒါကြောင့် နိုးလာမှာ မဟုတ်ဘူး။ အိပ်ပျော်နေတဲ့ညမှာ အသိရှိပေမယ့် နိုးထနေတဲ့ညမှာတော့ အသိမရှိဘူး။ အဲ့ဒါကြောင့် သူက နိုးမထချင်တဲ့အတွက် နိုးထလာမဟုတ်ဘူး

"ဒီနေရာက အစစ်အမှန်ဝိညာဉ်ညရဲ့ ခန္ဓာကိုယ်၊ သူ့ရဲ့ ဦးနှောက်တည်ရှိ‌နေတဲ့ နေရာပဲ။ တောင်ကောင်းကင်ကျင့်ကြံသူတွေ ဒီကနေ မလွတ်မြောက်နိုင်သလို မိစ္ဆာအင်မိုတယ်ဂိုဏ်းကနေလည်း မထွက်ပြေးနိုင်ဘူး။ ဘိုးဘေးကြီးရဲ့ နတ်ဘုရားကိုယ်ပွား ငါနဲ့ တစ်သားတည်း ဖြစ်သွားရင် သူတို့က ငါ့ရဲ့ မိစ္ဆာကျွန်ဖြစ်လာလိမ့်မယ်

"မင်းကတော့ မန်ဟို .... မင်းဟာ ဓမ္မစောင့်ရှောက်သူအနေနဲ့ ငါနဲ့ ကိုးကွယ်ရာဘိုးဘေးကြီးကို ခစားရမယ်"

"‌ဪ ဟုတ်လား" မန်ဟိုက ဟန်တန်းကျစ်ကို အေးစက်စက် ကြည့်ရင်း ပြန်ဖြေသည်။ သူသည် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီးနောက် မြေပြင်ကို လက်ညှိုးထိုးလိုက်၏။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ မိစ္ဆာချီများကား မန်ဟို့ကို ရစ်သိုင်းလည်ပတ်လာတော့သည်။

တရွှီးရွှီး လေတိုးသံများအား ပြတ်တောင်းပြတ်တောင်း ကြားရနိုင်သည်။ မန်ဟိုကလျှပ်တပြက် မုဒြာကွက်တစ်ကွက် ဖော်လိုက်ရာ ပတ်ဝန်းကျင်ရှိ အရာအားလုံး တုန်ရီလာ၏။

ထိုအခိုက်အတန့်တွင် တစ်ကမ္ဘာလုံးရှိ မိစ္ဆာချီအားလုံးမှာ ဆွဲငင်ခံနေရသည့်အလား တဝီးဝီး လည်လာသည်။ နေရာတိုင်း ပုံပျက်ရှုံ့တွလာရာ တစ်ကမ္ဘာလုံးမှာ ကြိုးကဲ့သို့ ကျစ်ခံနေရသည့်ပမာ လိမ်ဖယ်ကွေးကောက်နေတော့သည်။

ထိုမြင်ကွင်းက ဟန်တန်းကျစ်၏မျက်နှာတွင် အံ့ဩတုန်လှုပ်မှုတို့ ပြည့်နှက်သွားစေသည်။

"မင်း.... မင်းက မိစ္ဆာချီကို ခြယ်လှယ်နိုင်တယ်လား" သူက အသံပြာကြီးဖြင့် ပြောသည်။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းက ကျင့်ကြံသူလေ၊ ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကို ကျင့်ကြံရတဲ့သူ။ မိစ္ဆာချီနဲ့ တူမှ မတူတာ။ နှစ်ခုကို ဘယ်လိုမှ ပေါင်းစည်းလို့မရဘူး။ မင်းက ဘယ်လိုလုပ်ပြီး မိစ္ဆာချီကို ကြိုးကိုင်ခြယ်လှယ်နိုင်တာလဲ" သူ့မှာ ကျင့်ကြံသူတစ်ယောက် မိစ္ဆာချီကို ခြယ်လှယ်နိုင်ခြင်းအား ပထမဆုံးတွေ့ဖူးခြင်းဖြစ်၍ မည်သည့်အရာကိုမှ မတွေးနိုင်လောက်အောင် တုန်လှုပ်နေတော့သည်။

သူစဉ်းစားရသရွေ့ ၎င်းမှာ စိတ်ကူးကြည့်မရသလို၊ ယုံလည်းမယုံနိုင်စရာပင်။ မန်ဟို၏ မိစ္ဆာချီခြယ်လှယ်နိုင်စွမ်းမှာ ထင်ယောင်ထင်မှားမဟုတ်ဘဲ အစစ်အမှန်ဖြစ်ကြောင်း ထင်ရှားသည်။ ၎င်းသည် သူနှင့် လုံးဝဆန့်ကျင်ဘက်ပင်။ တကယ်တော့ သူ၏ မိစ္ဆာချီခြယ်လှယ်နိုင်စွမ်းမှာ လှည့်စားထားခြင်းသာ ဖြစ်နေသည့်အချိန် မန်ဟိုက တစ်လောကလုံးရှိ မိစ္ဆာချီအလုံးစုံကို လှုံ့ဆော်နေလေပြီ။

ဟန်တန်းကျစ် တုန်လှုပ်မှင်သက်နေဆဲရှိစဥ် မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူနှင့် ဤကမ္ဘာကြီးအကြား တုံ့ပြန်မှုတစ်ခုကို သူ အာရုံရနေသည်။ အပြင်လောကတွင် သူ့မှာ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို မစုပ်ယူနိုင်ခဲ့ပေ။ သို့သော် ဤနေရာတွင်‌တော့ အပေါက်ကြီးတစ်ပေါက် ပွင့်သွားခဲ့ပြီး မိစ္ဆာချီအားလုံးမှာ ထိုအပေါက်ကြီးထဲသို့ အတားအဆီးမရှိ တဝေါဝေါ ဝင်ရောက်နေကြသည့်အလားပင်။

သို့ထိတိုင် သူ့ကိုယ်တွင်း၌ မည်သည့်အပြောင်းအလဲမှ ဖြစ်မသွားပေ။ သူ၏ကိုယ်ထဲတွင် ၎င်းသည် သန့်စင်သောစွမ်းအားအသွင်ပြောင်းနေ၏။ ထိုစွမ်းအားမှာ မိစ္ဆာချီလည်း မဟုတ်သလို၊ စိတ်ဝိညာဉ်စွမ်းအင်လည်း မဟုတ်။ မန်ဟိုတစ်ယောက်တည်းနှင့်သာ သက်ဆိုင်သော အနှိုင်းမဲ့စွမ်းအားတစ်ရပ် ဖြစ်သည်။

ထိုစွမ်းအားသည် သူ၏ကိုယ်ထဲ၌ စီးဆင်းလည်ပတ်နေရင်း မဖော်ပြတတ်‌လောက်အောင် သာယာဖွယ်ကောင်းသော အတွေ့အထိအား ခံစားရစေသည်။ ဟန်တန်းကျစ်နှင့် ဧရာမခေါင်းကြီးကို ငုံ့ကြည့်လိုက်စဉ် သူ၏မျက်လုံးများတွင် ထူးခြားဆန်း‌ကြယ်သော အလင်းရောင်တစ်ခု တောက်ပသွား၏။

"မိစ္ဆာ ချုပ်နှောင်ခြင်း အဋ္ဌမ မန္တန်" မန်ဟိုက တစ်လုံးချင်း ပြောလိုက်သည်။ အသံက အမိန့်ပေးနေသည့်အလား ဟိန်းထွက်သွားသည်။ စကားလုံးများသည် မိုးခြိမ်းသံများသဖွယ် ပဲ့တင်ရိုက်သွား၏။

မန်ဟို ထုတ်ပြန်လိုက်သော စကားလုံးလေးလုံး .... မိုးခြိမ်းသံကြီးသဖွယ် ကျယ်လောင်စွာ ထစ်ချုန်းသွားသည်။

စကားလုံးများ ထစ်ချုန်းမြည်ဟည်းနေစဉ် မန်ဟို့ပတ်ပတ်လည်ရှိ မိစ္ဆာချီအားလုံးသည် အတူတကွ စုစည်းလာ၏။ မျက်တစ်ခတ်အတွင်း 'ချုပ်နှောင်ခြင်း(封)' ဆိုသော ဧရာမစာလုံးကြီးကား သူ၏အရှေ့တည့်တည့်တွင် ‌ပေါ်လာခဲ့လေပြီ။

စာလုံးကြီးသည် မီတာသုံးရာတိတိ မြင့်မားပြီး မိစ္ဆာချီများကို ပိုမိုစုပ်ယူရင်း ‌မြေပြင်ဆီသို့ ထိုးဆင်းသွား၏။

ဤအခိုက်အတန့်တွင် အဋ္ဌမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်ထားသော မန်ဟိုကား .... ကိုးဆက်မြောက် မိစ္ဆာချုပ်နှောင်သူဖြစ်ချေသည်။

စာလုံးကြီး ရွေ့လျားသွားသော အမြန်နှုန်းမှာ ‌ဖော်ပြ၍မတတ်နိုင်အောင်ပင်။ ဟန်တန်းကျစ်မှာ သေစေနိုင်သောအန္တရာယ်အာရုံကြီးနှင့်အတူ သူ့အပေါ် သက်ရောက်လာသော ဧရာမဖိအားကြီးကို ခံစားလိုက်ရသဖြင့် သူ၏မျက်နှာတွင် မယုံနိုင်မှုတို့ ပြည့်နှက်သွားတော့သည်။ ရုတ်တရက်ဆိုသလို မန်ဟိုသည် သူ၏အဓိကရန်သူန်သူကြီးဖြစ်ကြောင်း ဟန်တန်းကျစ် သဘောပေါက်လိုက်လေပြီ။

သို့မဟုတ် မန်ဟိုက မိစ္ဆာအားလုံး၏ အဓိကရန်သူတော်ကြီးဖြစ်သည်ဟု ဆိုကောင်းဆိုနိုင်သည်။

ဟန်တန်းကျစ်မှာ အသက်ကို ရှိုက်၍ရှိုက်၍ ရှူနေရပြီး ရုတ်တရက် ဒဏ္ဍာရီတစ်ပုဒ်ကို သတိရလိုက်လေသည်။

"ဒဏ္ဍာရီအရ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းမှာ တာအိုကိုလည်း ကျင့်ကြံနိုင်ပြီး မိစ္ဆာတွေနဲ့လည်း ပေါင်းစည်းနိုင်တဲ့ လူတစ်ယောက် ရှိတယ်။ ဘယ်လိုနှင်ဒဏ်မျိုးမှ သူတို့အပေါ် သက်ရောက်မှုမရှိဘူး။ သူတို့က သူတို့ကိုယ်သူတို့ ... မိစ္ဆာချုပ်နှောင်သူလို့ ခေါ်ကြတယ်

" 'ချုပ်နှောင်ခြင်း (封)'ဆိုတဲ့ စကားလုံးမှာ အဓိပ္ပာယ်နှစ်မျိုးရှိတယ်။ တစ်ခုက ချုပ်ချယ်ကန့်သတ်တာ၊ တစ်ခုက ထောက်ပံကူညီတာ"

မိစ္ဆာချီများဖြင့် ဖွဲ့စည်းထားသော ချုပ်နှောင်ခြင်း(封)စာလုံးကြီး ကျဆင်းလာစဉ် ဟန်တန်းကျစ်မှာ စိတ်နှလုံးတုန်ရီနေလေသည်။ မိစ္ဆာချီအားလုံး ကူးစက်သက်ရောက်ခံနေရရာ ဟန်တန်းကျစ်အား ရှောင်တိမ်းနိုင်စွမ်း ကင်းမဲ့နေစေ၏။ သူ့မှာ တိုက်ရိုက် ပြန်တိုက်ခိုက်ရုံသာ ရှိပေသည်။

ဧရာမပေါက်ကွဲမှုကြီးက ကောင်းကင်ယံအထိ ထိုးတက်ရိုက်ခတ်သွားသည်။ ဟန်တန်းကျစ်၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း သူ့မှာ မန္တန်အလင်းများဖြင့် ဝန်းရံခံလိုက်ရလေပြီ။ အဝေးမှကြည့်လျှင် မန္တန်အလင်းရောင်မှာ ဟန်တန်းကျစ်ကို တုပ်နှောင်နေသော ပိုးချည်မျှင်များနှင့် တူလေသည်။

၎င်းက သူ၏အသက်စွမ်းအားများကို ကန့်သတ်၍ ကျင့်ကြံခြင်းအခြေခံကို ချိတ်ပိတ်ကာ သူ၏အရာအားလုံးကို ချုပ်နှောင်လိုက်သည်။ သူ့ကို ချုပ်နှောင်သည့်အပြင် ဧရာမခေါင်းကြီးကိုလည်း ချုပ်နှောင်ပစ်လိုက်သည်။

အဋ္ဌမမိစ္ဆာချုပ်‌နှောင်မန္တန်၏အလင်းရောင်က ဧရာမခေါင်းကြီးကိုလည်း နေရာလပ်မကျန် လွှမ်းခြုံနေရာ အဝေးမှကြည့်ပါက ဧရာမပိုက်ကွန်ကြီးတစ်ခု ၎င်းအား ဖုံးကွယ်နေသကဲ့သို့ မြင်ရပေမည်။

ဧရာမပိုက်ကွန်ကြီးသည် မြေပြင်နှင့်တစ်သားတည်းဖြစ်သွားပြီး ခေါင်းကြီးအား အောက်သို့ ပြင်းပြင်းထန်ထန် ပြန်ဆွဲချနေ၏။ ဟန်တန်းကျစ်၏ ပါးစပ်မှ သွေးများ စီးကျလာပြီး တစ်ကိုယ်လုံး တုန်ရီလာသည်။ သူ့မှာ မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ‌‌ရှုံ့မဲ့နေသောမျက်နှာကြီးဖြင့် မြေပြင်အပေါ် ဒူးထောက်ချလိုက်သည်။ သူသည် ဒေါသတကြီး အော်ဟစ်ဟိန်းဟောက်ပစ်ချင်သော်လည်း လည်ချောင်းမှ အသံလေးတစ်သံထွက်လာအောင်ပင် မလုပ်နိုင်ပေ။

အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်၏ ဧရာမပိုက်ကွန်ကြီးအောက်တွင် ခေါင်းကြီးမှာ တဖြေးဖြေး မှန်မြေပြင်မှ ထိုးထွက်လာနေခြင်း ရပ်သွားလေပြီ။ အမှန်တွင် ပြန်ဝင်နေသော လက္ခဏာများ ပြနေပြီဖြစ်သည်။ မန်ဟိုက လေလယ်တွင် ပျံဝဲရင်း အတန်ငယ် တုန်ရီနေ၏။ သူ၏လက်ညှိုးမှာ မြေပြင်ကို ထိုးထားဆဲ ဖြစ်သည်။ မိစ္ဆာချုပ်နှောင်သူတစ်ဦးဖြစ်လာသည့်အချိန်မှစ၍ ယခုအထိ သူ့အတွက် ဤသည်မှာ .... မိစ္ဆာတစ်ကောင်အား ပထမဆုံးအကြိမ် အမှန်တကယ် ချုပ်နှောင်ခြင်းဖြစ်လေသည်။

ပတ်ဝန်းကျင်ရှိ မိစ္ဆာချီများက သူ့ဆီ အပြေးအလွှား ဝင်ရောက်နေဆဲပင်။ သူသည် ကောင်းကင်နှင့်မြေကြီးအား တစ်ယောက်တည်း ကိုင်လှုပ်ခဲ့ပြီး မိစ္ဆာကြီးတစ်ကောင်ကို ဖိနှိပ်ရန် ၎င်း၏စွမ်းအားကို အသုံးပြုနေ၏။

ဟန်တန်းကျစ်မှာ မြေပြင်နှင့် နီးသထက် နီးအောင် ဖိချခံနေရသည့်အတွက် မျက်နှာတွင် သွေးမရှိတော့ပေ။ သူ၏မျက်လုံးများမှာ မီးဝင်းဝင်းတောက်နေပြီး အလျှော့မပေးလိုသော အရိပ်ယောင်တို့ဖြင့် ပြည့်နှက်နေသည်။ ‌ဧရာမခေါင်းကြီးမှာ ပြန်နစ်ဝင်သွားပြီး မကြာခင် ပါးစပ်တစ်ဝက်က တစ်ဖက်မှန်ကမ္ဘာထဲသို့ ပြန်ရောက်သွားလေပြီ။

သို့သော် မှန်ကမ္ဘာအထဲရှိ မိစ္ဆာကြီးက .... ရုတ်တရက် မော့ကြည့်လိုက်သည်။ ၎င်း၏အကြည့်သည် မှန်မှတစ်ဆင့် အပြင်ဘက်ကမ္ဘာသို့ ဖောက်ထွက်လာသယောင်ပင်။

ထူးဆန်းသောအရိပ်အယောင်တစ်ခု ၎င်း၏မျက်လုံးများတွင် ပေါ်လာပြီး နှုတ်ခမ်းများက တွန့်ချိုးကာ ပြုံးလိုက်သည်။

"တိုင်" ၎င်းက ပြောသည်။ ထူးဆန်းသောစကားလုံး ပဲ့တင်ထပ်သွားစဉ် ‌မှန်ကမ္ဘာအတွင်းမှ ထွက်နေသော ‌ဧရာမခေါင်းကြီးတွင်လည်း ပြောင်းလဲမှုတစ်ခု ‌ဖြစ်ပေါ်သွားသည်။ ၎င်းကို ရစ်သိုင်းလည်ပတ်နေခဲ့သော သေခြင်းအခိုးအငွေ့များမှာ ရုတ်တရက် အသက်စွမ်းအားတို့ဖြင့် ပြည့်နှက်‌‌သွားပုံရသည်။ ၎င်းသည် မျက်လုံးမဖွင့်သော်လည်း ပါးစပ်ဟလိုက်၏။

ထွက်လာ‌သော အသံသည် စောစောက ကြားခဲ့ရသော အသံနှင့် တစ်သံတည်းပင်။

"တိုင်"

အသံက အဘက်ဘက်သို့ ဖြာထွက်သွားသော တိုက်ကွက်အသွင် ပြောင်းသွားသည်။ ကောင်းကင်နှင့်မြေကြီးမှာ ဂျလိန်းဂျလိန်း ထစ်ချုန်းသွားပြီး မရေမတွက်နိုင်သော အက်ကြောင်းများ အရပ်မျက်နှာအနှံ့ တွန့်လိမ်ကောက်ကွေးခွဲဖြာကုန်၏။ ခေါင်းကြီးကို လွှမ်းခြုံထားသော အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ပိုက်ကွန်မှာ အစိတ်စိတ်အမြွှာမြွှာ အက်ကွဲလာသည်။ မျက်တောင်တစ်ခတ်အတွင်း ၎င်းမှာ ‌ပျက်စီးပျောက်ကွယ်သွားတော့၏။

ဟန်တန်းကျစ်ကို ဖိနှိပ်နေခဲ့သော အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်လည်း လုံးလုံးလျားလျား ဖျက်စီးခံလိုက်ရလေပြီ။

ကမ္ဘာလောကထဲရှိ မိစ္ဆာချီများမှာ ‌မိုးခြိမ်းသံကြီးသဖွယ် အော်မြည်လာ၏။ လေလယ်တွင် မန်ဟိုမှာ သွေးတစ်လုပ်အန်လိုက်ပြီး သူ့မျက်နှာမှာ သွေးဆုပ်ဖြူလျော်သွားလေသည်။ သူက ယိုင်တီးယိုင်တိုင်နှင့် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။

"မင်းက မိစ္ဆာချုပ်နှောင်သူပေါ့လေ" ဟန်တန်းကျစ်က ပြောသည်။ သူ၏မျက်လုံးများမှာ ထူးဆန်းစွာ တောက်ပနေပြီး သူက ခေါင်းနောက်လှန်၍ တဟားဟား အော်ရယ်ကာ လေပေါ်ပျံတက်လိုက်သည်။

"မိစ္ဆာချုပ်နှောင်သူဖြစ်တော့ရော သောက်ဂရုစိုက်စရာလား။ ငါ မင်းကို သတ်မယ်။ မင်းရဲ့သွေးကို ထုတ်။ မင်းရဲ့ ဝိညာဉ်ကို စုပ်ယူပြီး မိစ္ဆာချုပ်နှောင်အဖိုးထိုက်ရတနာ လုပ်ပစ်မယ်

"ဒါက ကောင်းကင်ဘုံရဲ့အလိုတော်အတိုင်းပဲ" ဟန်တန်းကျစ်မှာ ပျော်ရွှင်ဝမ်းမြောက်နေဟန်ဖြင့် လေပေါ် ပျံတက်လိုက်သည်။ မိစ္ဆာချီများက မန်ဟို့ဆီ ပြေးဝင်နေကြပြီး တစ်ချိန်တည်းမှာပင် ဧရာမခေါင်းကြီးကား နောက်တစ်ဖန် ထိုးထွက်လာပြီဖြစ်သည်။ ရုတ်တရက် လည်ပင်းနှင့် ပခုံးနှစ်ဖက်အား မြင်လိုက်ရ၏။

"ကောင်းကင်ဘုံရဲ့အလိုတော် ဟုတ်လား" မန်ဟိုက သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ရင်း ပြောသည်။ သူသည် ဟန်တန်းကျစ်နှင့် ထွက်မလာအောင် တား၍ရပုံမပေါ်သော ဧရာမမိစ္ဆာကြီးကို အေးတိအေးစက်ကြည့်လိုက်သည်။ "ကျုပ်တို့ကြားမှာ ရန်ငြိုးမရှိဘူး။ မိစ္ဆာစွမ်းအားကို စုပ်ယူတာပဲဖြစ်ဖြစ်၊ သူ့ကို အသက်ပြန်သွင်းတာပဲဖြစ်ဖြစ် ကျုပ်နဲ့ ဘာမှမပတ်သက်ဘူး

"ကျုပ် လိုချင်တာက ခင်ဗျားလည်း မဟုတ်သလို၊ အဲ့ဒီမိစ္ဆာလည်း မဟုတ်ဘဲ...... ဒီနေရာလုံးပဲ" ထူးဆန်းသောအလင်းတစ်ခုသည် မန်ဟို၏မျက်လုံးများ၌ တောက်ပနေ၏။ လက်ရှိအခြေ‌အနေမှာ သူဖြစ်စေချင်သည့်အတိုင်း ကွက်တိပင်။ ဘယ်သူ‌မှ မရှိတော့သည့်အတွက် ... ကြေးမုံကို ထုတ်ကြည့်ရန် ယုံကြည်ချက်ရှိသွားပြီဖြစ်သည်။

ဟန်တန်းကျစ် ချဉ်းကပ်လာသည့်အချိန်မှာပင် မန်ဟိုက ညာလက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ချက်ချင်းပင် သူ့ကို တစ်ချိန်လုံး အဖော်ပြုပေးခဲ့သော ၊ မှီခိုရာဂိုဏ်းမှာတုန်းက ရရှိခဲ့သော ‌လျှို့ဝှက်ဆန်းကြယ်ကြေးမုံကား ထွက်လာ၏။

၎င်းနှင့်ပတ်သက်ပြီး မည်သို့မျှ မထူးခြားသည့်အပြင် တချို့နေရာများတွင် သံချေးပင် တက်နေသည်။ ၎င်းမှာ သာမန်ကာသျှံကာ ကြေးမုံလေးတစ်ခုနှင့်သာ တူ၏။

"ကြေးမုံတဲ့လား" ဟန်တန်းကျစ်က ရယ်လိုက်သည်။ "အဲ့ဒါက အဖိုးထိုက်ရတနာလို့တော့ မပြောနဲ့နော်" သူသည် မန်ဟိုနှင့် ကြေးမုံကို နည်းနည်းလေးမှ ဂရုမစိုက်သည့်အလား ရပ်လိုက်၏။ သို့သော် သေရေးရှင်ရေး အခိုက်အတန့်တွင် ဤမှော်ပစ္စည်းကို မန်ဟို ထုတ်လိုက်ခြင်းက သူ့ကို စိတ်ထဲတွင်တော့ စိုးရိမ်ထိတ်လန့်နေစေသည်။

ကြေးမုံပေါ်လာသည်နှင့်တစ်ပြိုင်နက် အောက်ရှိ မှန်ကုန်းမြေထုကြီးမှာ သိမ့်ခနဲ တုန်ရီသွားသည်။ မှန်ကဲ့သို့ ကုန်းမြေထုကြီး၏ မျက်နှာပြင်အပေါ်တွင် လှိုင်းသဖွယ် ဂယက်များ ထသွားသည်။

မှန်ကမ္ဘာထဲတွင် အသက်ရှိသောအရာအားလုံး ရုတ်တရက် လှုပ်ရှားနေခြင်း ရပ်သွားကြ၏။

အထဲမှ ထွက်နေသော ခေါင်းကြီးပင်လျှင် တုံ့ခနဲ ရပ်သွားသည်။ သို့သော် ... ဤအခိုက်အတန့်တွင် မျက်ခွံများမှာ ဖွင့်ရန် ကြိုးစားနေသည့်အလား လှုပ်လာလေပြီ။

"အဲ့ဒါ ဘာလဲ" ဟန်တန်းကျစ်မှာ ပင့်သက်ရှိုက်သွားမိသည်။ သူ မန်ဟို့ကို သွားတားရန် ပြင်လိုက်စဉ် မန်ဟိုက ကြေးမုံကို အောက်ရှိ မြေပြင်ထံသို့ ရွယ်လိုက်သည်။

မှန်ကြေးမုံနှစ်ချပ်၏ ပုံရိပ်ကား တစ်ချပ်အပေါ်တွင် တစ်ချပ် ထင်ဟပ်သွားသည်။ ၎င်းတို့ကို ကြည့်နေသော မည်သူမဆို တစ်ချပ်စီ၏ အထဲတွင် ဧရာမတွင်းနက်ကြီးတစ်တွင်းစီအား မြင်ရပေမည်။ ‌တွင်းနက်ကြီးမှာ မည်သူမှ နားလည်နိုင်မည်မဟုတ်သော အရှိတရား၊ အမှန်တရားများ ပါဝင်နေသည့်အလား အဆုံးမဲ့သယောင်ပင်။

အောက်ရှိ မှန်မြေပြင်ကြီးမှာ တဝုန်းဝုန်း တုန်ခါလာသည်။ ဖြာထွက်နေသော လှိုင်းဂယက်များက သိပ်သည်းလာပြီး အရေအတွက်များလာသည်။ တစ်ချိန်တည်းမှာပင် မန်ဟိုကိုင်ထားသည့် ကြေးမုံမှာ တစ်စုံတစ်ခုကို ဆာလောင်မွတ်သပ်နေသည့်အလား .... အောက်ရှိ မှန်ကုန်းမြေထုကြီးတစ်ခုလုံးကို ဝါးမြိုချင်နေသည့်အလား ပူနွေးလာ၏။

ထို့နောက် အဆုံးကိုပင် မမြင်ရသော မှန်ကုန်းမြေထုကြီးမှာ ရုတ်တရက် ကျုံ့စပြုလာသည်။ ၎င်းသည် မိုးထိညံနေသော ထစ်ချုန်းသံကြီးနှင့်အတူ လျင်မြန်စွာ သေးလာ၏။

၎င်းသည် ကျုံ့ပြီးရင်း ကျုံ့လာနေပြီး ဟိုးအပေါ်မှ ကြည့်လျှင် အောက်ရှိ‌ မြေထုကြီးမှာ အံ့ဩဖွယ်ကောင်းစွာနှင့် .... မှန်ကြေးမုံပုံသဏ္ဌာန်ရှိကြောင်း တွေ့ရပေမည်။ ဤအခိုက်အတန့်တွင် ကြေးမုံကား လျင်မြန်သောနှုန်းဖြင့် ကျုံလာနေပြီဖြစ်သည်။

ကုန်းမြေထုကြီး ကျုံ့လာစဉ် ၎င်း၏ပုံသဏ္ဌာန်မှာ ... မန်ဟို ကိုင်ထားသောကြေးမုံနှင့် လုံးဝတစ်ထေရာတည်း ၊ တစ်ထပ်တည်းဖြစ်ကြောင်း မြင်ရပေမည်။

ဟန်တန်းကျစ် မျက်နှာပျက်သွားသည်။ မန်ဟိုထံ ပြေးဝင်ရန် ပြင်လိုက်စဉ် သူ၏ခန္ဓာကိုယ်မှာ မှန်ကုန်းမြေထုကြီးအထဲသို့ ဆွဲငင်ခံနေရလေပြီ။ သူ့မှာ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့၍ မန်ဟို့အနား မကပ်နိုင်ဖြစ်နေသည်။ ထိုအစား ဆွဲအားတစ်ရပ်က သူ့ကို အောက်ရှိ မြေပြင်ဆီသို့ ဆွဲငင်နေ၏။

တစ်ချိန်တည်းမှာပင် မှန်မြေပြင်မှ ထွက်ပြူနေသော မိစ္ဆာကြီး၏မျက်လုံးများ ရုတ်တရက် ... ပွင့်လာသည်။‌ ရှေးဆန်သောအငွေ့အသက်အပြည့်နှင့် မပီသသော အသံတစ်သံ ပဲ့တင်ထပ်လာ၏။

"မင်းမှာ ... တကယ် ... တောင်နဲ့ပင်လယ်ကြေးမုံ ရှိနေတာလား ...."

***

All Chapters