← Chapters

သိုင်းသူတော်စင်လမ်းကြောင်း

Vol. 45 Ch. 630

သိုင်းသူတော်စင်လမ်းကြောင်း

Vol. 45 Ch. 630

အခန်း (၆၃၀) သိုင်းသူတော်စင်လမ်းကြောင်း

စကားကြီးစကားကျယ်များ စလာပြီဟု တွေးလိုက်ရင်း အားဟူက မချိုမချဉ်ပြုံးလိုက်သလို ဖန်းယွင်ရှန်းက သဘောပေါက်ဟန်ဖြင့် အားဟူကို ခေါင်းညိတ်ပြလိုက်သည်။

ဖန်းယွင်ရှန်းက ရယ်မောရင်း...

“ဟုတ်ပါတယ်... ဖြောင့်မတ်လွန်းသူကြီးရယ်...”

ထို့နောက် သူမက မျက်ခုံးများတွန့်ချိုးလိုက်ရင်း...

“တိန့်စန်းနဲ့ တခြားသူတွေအကြောင်း ယိုးမင်ဂိုဏ်းက သတင်းစုံစမ်းရင် သေချာပေါက် ရှင့်ရဲ့ နောက်ကြောင်းကိုလည်း သိနိုင်ဖို့ ကြိုးစားမှာ မဟုတ်ဘူးလား ၊ အဲဒါဆိုရင် ကျွန်မတို့က အထက်ဘုံကမ္ဘာကလူတွေမဟုတ်ဘဲ အောက်ကမ္ဘာကလာတဲ့သူတွေဆိုတာ သိသွားရင်ဘယ်လိုလုပ်မလဲ”

ရန်ကျောက်ကဲက ရယ်မောရင်း...

“တိန့်စန်းသေတာကို အတည်ပြုဖို့တောင် သူတို့ မနည်းစုံစမ်းရမှာ ... ငါ့အကြောင်းက ဝေလာဝေးပဲ”

ဖန်းယွင်ရှန်းက မျက်ခုံးတစ်ချက်ပင့်ရင်း...

“ဟုတ်တယ် ၊ သူတို့ရဲ့ သိုင်းသူတော်စင်တွေ အများကြီးအသတ်ခံရတဲ့ကိစ္စက ကွမ်းမင်ဂိုဏ်းအတွက် အရှက်ရစရာ ကိစ္စပဲ ၊ ပြီးတော့ ထူးကဲယန်စည်းတံဆိပ်နဲ့ ထူးကဲယင်သရဖူ သတင်းတွေလည်း ပေါက်ကြားမခံနိုင်ဘူးဆိုတော့ ကွမ်းမင်ဂိုဏ်းက ဒီကိစ္စတွေကို လျှို့ဝှက်ထားမှာပဲ”

“ကွမ်းမင်ဂိုဏ်းမှ ယိုးမင်ဂိုဏ်းက သူလျိုတွေထည့်ထားရင်တာင်မှ အရမ်း အဆင့်မြင့်တဲ့သူတွေ မရှိနိုင်ဘူး ၊ မဟုတ်ရင် ကွမ်းမင်ဂိုဏ်းပျက်တာ ကြာလှပေါ့”

ရန်ကျောက်ကဲက ပြုံးရင်း...

“ငါ့အကြောင်း ပေါ်သွားတော့လည်း ဘာဖြစ်လဲ ၊ ငါ့စကားတွေအကုန်လုံးက အမှန်တွေချည်းပဲလေ ၊ သူတို့ဟာသူတို့ ငါ့ကို စွတ်အထင်ကြီးပြီး ဟိုထင် ဒီထင် ထင်နေတာတော့ မတတ်နိုင်ဘူး”

အားဟူက နှုတ်ခမ်းများကို တွန့်ကွေးရင်း...

“သခင်လေး... ကျွန်တော်တို့အတွက် ပထမဆုံးလိုအပ်ချက်က စွမ်းအားမြင့်မားနေဖို့ပဲ မဟုတ်လား ၊ မဟုတ်လို့ကတော့ သူတို့က ကျွန်တော်တို့ကို အကြောင်းပြချက်တောင်မလိုဘဲ ရှင်းပစ်နိုင်တယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အမှန်ပဲ ၊ ဒါကြောင့် အဝင်တစ်ချက်ကောင်းဖို့လိုတယ် ၊ နောက်ပိုင်းကတော့ နောင်ခါလာ နောင်ခါရေးပေါ့”

သူက ဆက်ပြောသည်။

“ငါ အခု ထူးကဲယန်စည်းတံဆိပ်ရဲ့ ခွန်အားအနည်းငယ်ကိုပဲ အသုံးပြုနိုင်သေးတယ်ဆိုပေမယ့်... အဲဒီပစ္စည်းက အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုရဲ့ စွမ်းအားနဲ့ ညီမျှတယ်လေ”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“စိတ်မကောင်းစရာက အဲဒါက တစ်ကြိမ်ပဲတိုက်ခိုက်လို့ရတယ်... ၊ ပြီးတော့ အခု ကွမ်းမင်ဂိုဏ်းက ရှာဖွေနေတဲ့ ရာဟုကြယ်နဲ့ပတ်သက်တဲ့ အထွတ်ထိပ်ရတနာပစ္စည်းအတွက်လည်း ငါ စိုးရိမ်နေတယ် ၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အဲဒီပစ္စည်းနဲ့ပတ်သက်ပြီး ဘာသဲလွန်စမှ မရသေးဘူး”

ဖန်းယွင်ရှန်းက...

“ရှင့်ရဲ့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အခု ကွမ်းမင်ဂိုဏ်း ထိန်းချုပ်နယ်မြေထဲ ရောက်နေပြီလား”

ရန်ကျောက်ကဲက...

“အမှန်ပဲ...”

ဖန်းယွင်ရှန်းက စဉ်းစားရင်း...

“အင်း... ခရမ်းရောင်နေသူတော်စင် ‘ကျန်းချောင်’ တို့အုပ်စု အစွန်းရောက်ရှစ်ပါးကမ္ဘာကို နောက်တစ်ကြိမ် ဆင်းလာတုန်းက ရှင်ရယ် ၊ ဂိုဏ်းချုပ်ရယ် ၊ ထူးကဲယန်စည်းတံဆိပ်ရယ်ကိုပဲ ကမ္ဘာအလင်းတောင်ထွတ်မှာ တွေ့ခဲ့တာနော် ၊ သူတို့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနဲ့ မတွေ့ခဲ့ရဘူး”

“ပထမအကြိမ် ဆင်းလာတဲ့ တိန့်စန်းတို့အုပ်စုတစ်စုလုံးက သေကုန်ကြပြီ ၊ ဝမ်လေးနဲ့ ထန်ယုံဟောင်တို့ကလည်း အဲဒီအချိန်မတိုင်ခင်ကတည်းက အထက်ဘုံကမ္ဘာကို ကျန်းချောင်က ခေါ်သွားပြီဆိုတော့ ကွမ်းမင်ဂိုဏ်းမှာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအကြောင်းကို သိတဲ့သူ မရှိတော့ဘူး”

သူမစကားကိုကြားတော့ ရန်ကျောက်ကဲက ပြုံးရင်း...

“သေချာတာပေါ့”

သူတို့အားလုံး ကျယ်ပြောလှသော ဒေသတစ်ခွင်ဖြတ်သန်းပြီး ခရီးဆက်ခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် မီးခိုးငွေ့များလွင့်ပျံနေသော စစ်တလင်းများစွာကို တွေ့မြင်ရသည်။ စစ်ပွဲအနိုင်ရနယ်မြေများတွင် ယိုးမင်ဂိုဏ်းသာကမ အခြားသော တော်လှန်ရေးအင်အားစုများ၏ အလံများကို လွှင့်ထူထားကြ၏။

တာ့ရွှမ်တိုင်းပြည်မှ စစ်သည်တော်များနှင့် သူသေကိုယ်သေ တိုက်ခိုက်နေကြသော ကွမ်းမင်ဂိုဏ်းမှ သိုင်းသမားအချို့ကိုပင် တွေ့မြင်ရသည်။

ခရီးရှည်နှင်ခဲ့ပြီးနောက် ပန်းပွင်ငြိမ်းချမ်းနယ်မြေသို့ ရောက်လာသည်။ ဤနယ်မြေက တာ့ရွှမ်မင်းဆက် ထိန်းချုပ်မှုအောက်တွင်မရှိဘဲ ယိုးမင်ဂိုဏ်း၏ အမာခံနယ်မြေတစ်ခု ဖြစ်သည်။

ယိုးမင်ဂိုဏ်း ၊ အမှောင်ခန်းမ အကြီးအကဲ ‘နျဲ့’ စန်းက ရန်ကျောက်ကဲတို့အုပ်စုကို လာရောက်ကြိုဆိုပြီး အလင်းမဲ့ခန်းမ၏ ပထမအဆင့်အကြီးအကဲ ‘ဝူကျိရှိုး’ကိုတော့ တွေ့ဆုံရခြင်း မရှိသေးပေ။

အကြီးအကဲ’နျဲ့စန်း’ ကလည်း ထူးခြားသူတစ်ယောက်ဖြစ်ပြီး ကျူတောပင်လယ်ဒေသ ၊ တောင်ပိုင်းတွင် ယိုးမင်ဂိုဏ်း၏ကိစ္စရပ်များအား တာဝန်ယူထားရသူ ဖြစ်၏။ တာ့ရွှမ်တိုင်းပြည်ပိုင်နက်ဖြစ်သော ကျူတောပင်လယ်ဒေသ ၊ တောင်ပိုင်းတွင် ပြင်းထန်သောပုန်ကန်မှုများအုံကြွလာစေရန် ဦးဆောင်သူမှာ နျဲ့စန်း ဖြစ်သည်။

သမုဒ္ဒရာကမ္ဘာတွင် ဆုံးပါးသွားခဲ့သော လျန်ကျီးချောင်သည် နျဲ့စန်းနှင့် တစ်ဆရာတည်းမှဆင်းသက်လာသော ဂိုဏ်းတူအစ်ကို ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲက လျန်ကျီးချောင်၏ ရုပ်အလောင်းကို ယိုးမင်ဂိုဏ်းသို့ ပြန်လည်ယူဆောင်လာသည့်အခါ အထူးကျေးဇူးတင်ရှိစွာဖြင့် သူကိုယ်တိုင် ကြိုဆိုခြင်း ဖြစ်၏။

နျဲ့စန်းက ရန်ကျောက်ကဲတို့အုပ်စု နေထိုင်ရန် နေရာထိုင်ခင်းပြင်ဆင်ပေးပြီးနောက် ထွက်ခွာသွားသည်။

ထိုသူထွက်ခွာသွားတော့မှ အားဟူက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချရင်း...

“ကောင်းလိုက်တာ ၊ ဒါ သိုင်းသူ‌တော်စင် စတုတ္ထအဆင့်ကျင့်ကြံသူကို ပထမဆုံး တွေ့ဖူးတာပဲ ၊ သူ အနားကပ်လာတာနဲ့ အမွှေးတွေအကုန်ထောင်သွားသလို ခံစားရတယ်””

အားဟူမှာ ကြောက်လန့်တတ်သူတစ်ယောက် မဟုတ်သည့်တိုင် သူ့တစ်ကိုယ်လုံး ချွေးစေးများပျံလျှက်ရှိသည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူတွေ ၊ သိုင်းပညာရှင်အဆင့်ကိုရောက်စလူတွေလည်း မင်းကိုတွေ့ရင် ဒီလိုမျိုးခံစားရတာပဲ မဟုတ်လား ၊ ကျန်းချန်စုန့်တို့ပြောတာတော့ .... အလင်းမဲ့ခန်းမက ပထမအဆင့်ထိပ်တန်းအကြီးအကဲ ‘ဝူကျိရှိုး’ က ပိုပြီးတောင် ကျင့်ကြံခြင်းအဆင့် မြင့်မားသေးတယ်တဲ့ ၊ သူက သိုင်းသူတော်စင် ပဉ္စမအဆင့် ဆိုလားပဲ”

တင်ပျဉ်ခွေထိုင်နေသော ဖန်းယွင်ရှန်းက...

“မဟာကပ်ဘေးမတိုင်ခင်က မှတ်တမ်းတွေအရ သိုင်းသူတော်စင် ပဉ္စမအဆင့်ကို နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့်လို့ ခေါ်တယ် မဟုတ်လား”

ရန်ကျောက်ကဲကခေါင်းညိတ်ရင်း...

“အမှန်ပဲ ၊ သိုင်းသူတော်စင်အဆင့်မှာ အဆင့် (၁၀)ဆင့်နဲ့ အဓိကအဆင့် (၃) ဆင့်ရှိတယ် ၊ သိုင်းသူတော်စင် ပထမအဆင့်ကနေ တတိယအဆင့်ထိကို ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့် ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နှောင်းပိုင်းအဆင့်လို့ သတ်မှတ်တယ်”

“သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တွေက သူတို့ရဲ့  ကြယ်တာရာချီစွမ်းအားအနှစ်သာရကို  သန့်စင်ပြီးတဲ့နောက် အစစ်အမှန်သိုင်းကိုယ်ခွဲ ထွက်ပေါ်လာတယ် ၊ အဲဒီ အစစ်အမှန်သိုင်းကိုယ်ခွဲကို အသွေးအသားရုပ်ခန္ဓာနဲ့ ပေါင်းစပ်နိုင်ပြီဆိုရင် သိုင်းသူတော်စင်အဆင့်ကို တက်ရောက်တာပဲ ၊ သိုင်းသူတော်စင်အဆင့်ရောက်ပြီဆိုရင် နယ်ပယ်အားလုံးမှာ ကျင့်ကြံခြင်းအရှိန်အဟုန် မြင့်မားလာလိမ့်မယ်”

“ရုပ်ခန္ဓာက အစစ်အမှန်သိုင်းကိုယ်ခွဲနဲ့ ပေါင်းစပ်နိုင်ပြီဆိုရင် သိုင်းသူတော်စင်ပထမအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း ကနဦးအဆင့်ကို ရောက်သွားတယ်”

“အစစ်အမှန်သိုင်းကိုယ်ခွဲက စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်နိုင်ပြီဆိုရင်တော့ သိုင်းသူတော်စင် ဒုတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း အလယ်ဆင့်ပဲ”

“နောက်ဆုံး ရုပ်ခန္ဓာ ၊ စိတ်ဝိညာဉ်နဲ့ အစစ်အမှန်သိုင်းကိုယ်ခွဲအားလုံး တစ်သားတည်းပေါင်းစပ်သွားပြီး ခွဲခြားလို့မရတော့ဘူးဆိုရင် သိုင်းသူတော်စင် တတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့် လို့ခေါ်တယ်”

ရန်ကျောက်ကဲက ဆက်ရှင်းပြသည်။

“ဒါပေမဲ့... ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့်ကနေ နတ်ဘုရားသိမြင်ခြင်းအဆင့်ကိုတက်ဖို့ ကျင့်ကြံခြင်းတစ်ဆို့တဲ့ အဓိကပြဿနာကို ခံရလေ့ရှိတယ်”

“ရှေးဟောင်းမှတ်တမ်းတွေအရတော့... “စကြာဝဠာကိုဖြတ်ကျော်ပြီး နတ်ဘုရားဖြစ်ခြင်းကို သိမြင်တယ်” လို့ ဆိုကြတယ် ၊ ‘နတ်ဘုရားဖြစ်ခြင်းကို သိမြင်ခြင်း’ ဆိုတာက ဗုဒ္ဓဘာသာနဲ့ တခြားကိုးကွယ်ရာဘာသာတွေက နတ်ဘုရားတွေကို ပြောတာမဟုတ်သလို နတ်ဝိညာဉ်တွေ ၊ တစ္ဆေတွေကိုလည်း ရည်ညွှန်းတာ မဟုတ်ဘူး”

“ဒီနေရာမှာ ‘နတ်ဘုရားဖြစ်ခြင်းကို သိမြင်ခြင်း’ ဆိုတဲ့စကားက လူသားခန္ဓာကိုယ်မှာ များပြားစွာရှိတဲ့ သွေးကြောဆုံချက်တွေကို သိမြင်တာကို ဆိုလိုတယ် ၊ ဒီ နတ်ဘုရားသိမြင်ခြင်းအဆင့်က ခန္ဓာကိုယ်သန့်စင်တဲ့ ထိပ်ဆုံးအဆင့် ဖြစ်နိုင်တယ်”

“ပြီးတော့ လူသားခန္ဓာကိုယ်မှာ သွေးကြောဆုံချက်တွေက အကန့်အသတ်မရှိဘူး ၊ တကယ်တော့ လူသားခန္ဓာကိုယ်က အာရုံကြောတွေဟာ စကြာဝဠာထဲက ကြယ်စင်တွေလိုပဲ...”

ဟုတ်ပေ၏။ လူသားခန္ဓကိုယ်သည် ကိုယ်ပိုင်စကြာဝဠာငယ်တစ်ခုနှင့် ဆင်တူပြီး သွေးကြောဆုံချက်များက မိုးမြေတစ်ခွင်ကို အုပ်စိုးသော နတ်ဘုရားဝိညာဉ် ကြယ်စင်များနှင့် ဆင်တူသည်။

သိုင်းကျင့်ကြံသူများသည် သူတို့၏ခန္ဓကိုယ်အား စကြာဝဠာများကဲ့သို့ သန့်စင်အောင် ကျင့်ကြံသည့်အခါ ရုပ်ခန္ဓာမှ အာရုံကြောများသည် မိုးမြေအကန့်အသတ်ကို ဖြတ်ကျော်ပြီး စကြာဝဠာထဲမှ ကြယ်စင်များနှင့် ပဲ့တင်ထပ်သွားသည်။

ဤသည်မှာ...

“စကြာဝဠာကိုဖြတ်ကျော်ပြီး နတ်ဘုရားဖြစ်ခြင်းကို သိမြင်ခြင်း”

ဆိုသောစကား၏ စစ်မှန်သောအဓိပ္ပါယ် ဖြစ်၏။

သိုင်းသူတော်စင် တတိယအဆင့်ကျင့်ကြံသူ တစ်ယောက်က သွေးကြောဆုံချက်များကို ပထမအကြိမ် သန့်စင်နိုင်လျှင် သိုင်းသူတော်စင် စတုတ္ထအဆင့်ဖြစ်သော နတ်ဘုရားသိမြင်ခြင်းကနဦးအဆင့် သို့ ရောက်ရှိသွားမည် ဖြစ်သည်။

ထို့နောက်မှာတော့ နတ်ဘုရားဝိညာဉ်ဖြစ်တည်လာသည်အထိ သွေးကြောဆုံချက်များကို အဆက်မပြတ် သန့်စင်နိုင်မည်ဆိုပါက “အစစ်အမှန်နတ်ဘုရားဝိညာဉ်” ဖြစ်တည်လာပြီး အဆုံးမရှိ ပြီးပြည့်စုံသော သိုင်းစွမ်းကို ပိုင်ဆိုင်မည် ဖြစ်သည်။

သွေးကြောဆုံချက်များအားလုံးကို သန့်စင်ပြီး နတ်ဘုရားအဖြစ်အား ရရှိပြီးနောက် သိုင်းသူတော်စင်တစ်ယောက်သည် စကြာဝဠာအရံအတားများကို တွန်းလှန်နိုင်စွမ်း အတိုင်းအတာတစ်ခုအထိ ရရှိမည် ဖြစ်သည်။

ထို့ကြောင့် သိုင်းသူတော်စင် စတုတ္ထအဆင့်သို့ ရောက်ရှိသည့်အခါ မည်သည့်ရတနာပစ္စည်းအကူအညီမှ မလိုအပ်ဘဲ အထက်ဘုံကမ္ဘာသို့ လွတ်လပ်စွာ တက်ရောက်နိုင်ခြင်းပင်။

ရန်ကျောက်ကဲက...

“နတ်ဘုရားသိမြင်ခြင်းအဆင့် ပြီးတဲ့နောက်မှာ သိုင်းသူတော်စင် သတ္တမအဆင့်ဖြစ်တဲ့ အမတကူးပြောင်းခြင်း ကနဦးအဆင့်ကို တက်ရောက်နိုင်ဖို့ ကျင့်ကြံခြင်းတစ်ဆို့တာကို ခံရဦးမယ်”

“တာ့ရွှမ်တိုင်းပြည်ကို တည်ထောင်ခဲ့တဲ့ ဧကရာဇ် ‘ရွှမ်ဝမ်’ က သိုင်းသူတော်စင် ၊ အဋ္ဌမအဆင့်ဖြစ်တဲ့ အမတကူးပြောင်းခြင်း အလယ်ဆင့်ကို ရောက်နေပြီ ၊ ဒါကြောင့် သူက ကွမ်းမင်ဂိုဏ်း ၊ ယိုးမင်ဂိုဏ်းနဲ့ တခြားထိပ်တန်း အင်အားစုတွေကို ဖိနှိပ်ထားနိုင်တာပဲ ၊ အဲဒီဂိုဏ်းတွေမှာ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းမရှိသလို အမတကူးပြောင်းခြင်းအဆင့် သိုင်းဆရာသခင်တွေလည်းမရှိဘူးဆိုတော့ သူတို့က ကျူတောပင်လယ်ဒေသတစ်ခုလုံးကို အုပ်စိုးနိုင်တာပေါ့”

ရန်ကျောက်ကဲ စကားများကို နားထောင်ရင်း ဖန်းယွင်ရှန်းနှင့် အားဟူ ခေါင်းတညိတ်ညိတ် လုပ်ကြသည်။

“အကြီးအကဲ’နျဲ့စန်း’ က ကျွန်မတို့အပေါ်  ကောင်းကောင်းဆက်ဆံပေမယ့် အကြီးအကဲ’ဝူ’ ကတော့ ပေါ်မလာသေးဘူး ၊ ကျွန်မတို့ကို ယိုးမင်ဂိုဏ်းရဲ့ အဓိကပလ္လင်တည်ရှိတဲ့နေရာကို ပို့ပေးမယ်ဆိုတာကလည်း ဘာမှန်း မသိရသေးဘူး”

ဖန်းယွင်ရှန်းက ဆိုသည်။

“ကျွန်မတို့ကို ပန်းပွင့်ငြိမ်းချမ်းနယ်မြေကိုလွှတ်လိုက်တာသူတို့မှာ တခြားအကြံအစည်တစ်ခုခုများ ရှိနေနိုင်မလား”

****

T/N –

သိုင်းသူတော်စင်အဆင့် (အဆင့် (၁၀)ဆင့်နဲ့ အဓိကအဆင့် (၃) ဆင့်)

ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့်

သိုင်းသူတော်စင် ပထမအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း ကနဦးအဆင့်

သိုင်းသူတော်စင် ဒုတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း အလယ်ဆင့်

သိုင်းသူတော်စင် တတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့် နှောင်းပိုင်း

နတ်ဘုရားသိမြင်ခြင်းအဆင့်

သိုင်းသူတော်စင် စတုတ္ထအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့်

သိုင်းသူတော်စင် ပဉ္စမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့်

သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်

အမတကူးပြောင်းခြင်းအဆင့်

သိုင်းသူတော်စင် သတ္တမအဆင့် ၊ အမတကူးပြောင်းခြင်း ကနဦးအဆင့်

သိုင်းသူတော်စင် အဋ္ဌမအဆင့် ၊ အမတကူးပြောင်းခြင်း အလယ်ဆင့်

သိုင်းသူတော်စင် နဝမအဆင့် ၊ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်

(နောက်ထပ်အဆင့်တွေသိရရင် ထပ်ရေးပေးပါ့မယ် - ဘာသာပြန်သူ)

All Chapters