ဒေါသ
Vol. 002 Ch. 119
မှန်သည်... သည်တိုက်ပွဲမှာလည်း အံ့ဖွယ်များနှင့် ပြည့်နှက်နေသော တိုက်ပွဲတစ်ပွဲ ဖြစ်သည်။ ကန်ယီနိုင်ငံ၏ နံပါတ်တစ် အလှမယ်မှာ ဖန်းဟွာအဆင့်အတွင်း ပါဝင်ရန် တစ်ပေးခံထားရသူ ဖြစ်သည်။ သူမက ဟွာဂျီယူနှင့် တိုက်ခိုက်သောအခါ လူတိုင်းက သူမမှာ အလွယ်တကူ အနိုင်ရမည်ဟု ယူဆခဲ့ကြသည်။
သို့သော် အဖြစ်အပျက်များက မျှော်လင့်သည့်အတိုင်း အမြဲတမ်း ဖြစ်မလာတတ်ပေ။ ဟွာဂျီယူက သူမ၏ ထူးခြားထက်မြက်သော အရည်အချင်းအား ထုတ်ဖော်ပြသခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအားသုံး ပညာရှင်တစ်ယောက် အနေဖြင့် သူမက သဘာဝစွမ်းအင်များအားလုံးကို လိုက်လျောညီထွေစွာ သုံးကာ လင်းယွီယိုအား အနိုင်ယူပြခဲ့သည်။ သူမကား အလွန်မြန်သည်။ လင်းယွီယိုက သူမ၏တိုက်ကွက် အပြည့်အစုံကိုပင် ထုတ်ဖော်ခဲ့ရခြင်း မရှိချေ။
ဤကဲ့သို့ပင် ဖန်းဟွာအဆင့်တွင်းဝင်ရန် ဖြစ်လာသည်က လင်းယွီယို မဟုတ်ဘဲ ဟွာဂျီယူ ဖြစ်လာခဲ့သည်။
ရီဖူရှင်းက ဖန်းဟွာရင်ပြင်မှ လှပသော မိန်းမပျိုအား ကြည့်လိုက်သည်။ သူ့မျက်လုံးတွင် ကျေနပ်သော အရိပ်အယောင်များအား တွေ့ရသည်။ အသက် ဆယ့်နှစ်နှစ်အရွယ်တွင် သည်မိန်းကလေးက ချင်းကျူကျောင်းတော်ကို ရောက်ရှိလာခဲ့ပြီး သူမ၏ထိတ်လန့်ဖွယ် ဗီဇပါရမီအား ထုတ်ဖော်ပြသခဲ့သည်။ သုံးနှစ်ကြာမြင့်သောအခါ သူမက ချင်းကျူကျောင်းတော်တွင် ဒဏ္ဍာရီလာ နတ်သမီးသဖွယ် ထင်ရှား ကျော်ကြားလာခဲ့သည်။ ဒွန်ဟိုင်မြို့တော်ကို ရောက်ရှိပြီး နောက်ပိုင်းတွင်လည်း ဒွန်ဟိုင်ကျောင်းတော်ကို တက်ရောက်ခဲ့ကာ ကျောင်းတော်၏သမိုင်းတွင် အလှဆုံးသော မိန်းမပျို။ ပါရမီအထူးချွန်ဆုံးသော မိန်းကလေး တစ်ယောက်အဖြစ် ထင်ရှားသည်။ ယနေ့ သူမက ဖန်းဟွာပွဲတော်ကို တက်ရောက်ခဲ့ရာ သည်နေ့တွင်လည်း သူမ၏ထူးခြား ထက်မြက်သော ပါရမီများကြောင့် လူအများ ထိတ်လန့် အံ့အားသင့်ရသည်။
အထက်တန်းလွှာများနှင့် အားကောင်းသော တန်ခိုးရှင်များက ဟွာဂျီယူကို လေးစားစွာ ကြည့်ကြသည်။ တည်ငြိမ်မှု။ နည်းစနစ် ကျွမ်းကျင်ကျေညက်မှု။ စိတ်ဝိညာဉ်စွမ်းအင်အား ထူးခြားစွာ အသုံးချတတ်မှု။ သဘာဝစွမ်းအင်မျိုးစုံအား ကျွမ်းကျင်စွာ သုံးစွဲတတ်မှုတို့အား ပေါင်းစပ်ကာ သူမက လင်းယွီယိုအား အနိုင်ယူပြခဲ့သည်။ နှိုင်းယှဉ်ရလျှင် သည်မိန်းကလေးကား လင်းယွီယိုထက် တိုက်ခိုက်ရေး နည်းစနစ် ပိုမို ကောင်းမွန်သည်မှာ ထင်ရှားသည်။
ထက်မြက်သော ရွှေရောင် ဓားမြှောင်များက သဘာဝစွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ လေထဲကို ပျောက်ကွယ်သွားသည်။ လင်းယွီယိုက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။ ကြည့်ရသည်မှာ သူမအား ထိတ်လန့်အံ့အားသင့်မှုက ယခုမှသာလျှင် သတိဝင်လာဟန်တူသည်။ သူမက သူမထက် တန်ခိုးအဆင့်နိမ့်သော မိန်းကလေးတစ်ယောက်ကို အမှန်ပင် ရှုံးနိမ့်ခဲ့ရသည်။
“ငါရှုံးပြီ...” လင်းယွီယိုက မချိပြုံးပြုံးကာ တိုက်ပွဲစင်မြင့်မှ ဆင်းသက်သွားသည်။ အနည်းငယ်ကြာလျှင် အသက်ပြင်းပြင်းရှူလျက် မိမိကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ သည်ရှုံးနိမ့်မှုက သူမ၏အတွေးများအား ပိုမို ကြည်လင်စေသည်။ သူမကား အမြဲလိုလိုပင် လူများစွာ၏ ချီးကျူးမှု။ အလေးပေးမှုများစွာဖြင့် ကြီးပြင်းလာရသူဖြစ်သည်။ နောက်ဆုံးတွင် သူမက ရှုံးနိမ့်ဖူးခဲ့လေပြီ။ သို့သော်လည်း ဖန်းဟွာပြိုင်ပွဲကား မပြီးဆုံးသေးပေ။ သူမ၏စွမ်းရည်များအား ပြသရန် အခွင့်အရေး ကျန်ရှိနေသေးသည်။
သည်တစ်ကြိမ်ကား လူတိုင်းအတွက် လွတ်လပ်မှုရှိသည်။ စည်းမျဉ်းစည်းကမ်း မရှိပေ။ အကယ်၍ သင်က တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့လျှင်ပင် သင့်တွင် မိမိကိုယ်ကို သက်သေပြရန် အခွင့်အရေး ရှိပေသည်။
“ယွီယို... နင်က နည်းနည်း ဂရုမမူမိလို့ ဖြစ်တာ.... ဒီအရှုံးကို စိတ်ထဲမထားနဲ့...” ကောင်းကင်ထက်မှ ဝမ်ယူက လင်းယွီယိုထံ အော်ဟစ်လိုက်သည်။ သူ့အသံက ထိုနေရာမှ လူများအားလုံးကို ကြားစေလောက်အောင်ပင် ကျယ်လောင်လှသည်။ ဝမ်ယူက သူမအား ပိုးပန်းနေသည်ဖြစ်ရာ ဝမ်ယူ၏အော်ဟစ်မှုက လူအများကြား ထူးဆန်းလှသည်တော့ မဟုတ်ပေ။ လင်းယွီယိုက သူမ၏ပြိုင်ဘက်အား လျှော့တွက်မိသည်မှာ မှန်ကန်သော်လည်း သူမ ရှုံးနိမ့်ခဲ့ရသည်မှာ ပြိုင်ဘက်ကို လျှော့တွက်မိသည်ထက် ပိုမို ရှုပ်ထွေးပေသည်။
လင်းယွီယိုက မည်သို့မှ ပြန်မပြောပေ။ လင်းယွီယိုက သူ့အား လျစ်လျူရှုထားသည်ကို မြင်လျှင် သူ့အာရုံအား စင်မြင့်ပေါ်မှ ဟွာဂျီယူအား ပြောင်းလိုက်သည်။ ထိုအချိန်တွင် ဟွာဂျီယူကား စင်မြင့်ပေါ်မှ ထွက်ခွာလုနီးပါးပင်။
“နေဦး...”အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ဝမ်ယူက တိုက်ပွဲစင်မြင့်ပေါ်သို့ တက်ရောက်ရန် ဟန်ပြင်လိုက်သည်။
ဟွာဂျီယူက သူမ၏ခေါင်းအားမော့ကာ လှပသော မျက်လုံးများဖြင့် မော်ကြည့်လိုက်သည်။
လေထဲတွင်ပင် ဝမ်ယူ၏ခန္ဓာကိုယ်ကား မီးဓာတ်သဘာဝများဖြင့် ဖုံးလွှမ်းလာသည်။ သူ့အားကြည့်ရသည်မှာ အလွန်အရှိန်အဝါကြီးသော ပုံဟန်ရှိနေသည်။ သူ့ထံမှ ဖြာထွက်နေသော အပူရှိန်များက ပတ်ဝန်းကျင်အား ပြာမှုန်များ ဖြစ်သွားစေနိုင်လောက်သည်။ တဖြည်းဖြည်းဖြင့် သူက ဖန်းဟွာစင်မြင့်ပေါ်သို့ ပျံဝဲလျက် တက်ရောက်လာသည်။
လူတိုင်းက ဝမ်ယူအား ထူးဆန်းစွာ ကြည့်လိုက်ကြသည်။ သူ့ဓမ္မတန်ခိုးအဆင့်ဖြင့် သူက ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်အား တိုက်ခိုက်ရန် မသင့်ပေ။ သို့သော်လည်း သူက သူ့စွမ်းရည်များအား ပြသရန် ရည်ရွယ်ချက် ဟုတ်ဟန်မတူပေ။ သူက စင်မြင့်ပေါ်သို့ တက်ရောက်လာခြင်းမှာ သူက လင်းယွီယိုအတွက် လက်စားချေလိုရင်း ဖြစ်သည်။
အဆင့်တစ် ဓမ္မအဆင့်မှ ဝမ်ယူ။ အကယ်၍ သူက ဟွာဂျီယူအား အနိုင်ရခဲ့လျှင်ပင် သူ့အရည်အချင်းအား ကိုယ်စားပြုမည် မဟုတ်ပေ။
သူကား မိန်းကလေးတစ်ယောက်အတွက် တိုက်ခိုက်နေခြင်း ဖြစ်သည်။
လင်းယွီယိုလည်း ထိတ်လန့်သွားသည်။ သူမက ဝမ်ယူအား တစ်ချက်ကြည့်လိုက်၏။ သူမက ဝမ်ယူနှင့် ထူးခြားသော ဆက်ဆံရေး မရှိပေ။ သူ၏ခံစားချက်များအားလည်း လက်ခံခဲ့ခြင်း မရှိသေးပေ။ သို့သော်လည်း ဝမ်ယူ၏အပြုအမူများအားလည်း တားဆီးရန် ဆန္ဒမရှိပေ။
တခြားတစ်ဖက်တွင် ရီဖူရှင်းကား မျက်မှောင်ကုတ်နေသည်။ သူ့မျက်နှာအား အေးစက်သော အငွေ့အသက်များ လွှမ်းမိုးလာသည်။ သူ့အာရုံက ဟွာဂျီယူထံ ရောက်နေသည်။ သည်တစ်ကြိမ်တွင် စည်းမျဉ်းစည်းကမ်းများ မရှိသောလည်း စိန်ခေါ်မှုကိုမူ ငြင်းပယ်နိုင်ပေသည်။ ဟွာဂျီယူ၏ တန်ခိုးအဆင့်ဖြင့် သူမက တိုက်ပွဲအား ငြင်းပယ်လျှင်ပင် မည်သူကမှ အပြစ်ပြောမည် မဟုတ်ပေ။ သို့သော် ဟွာဂျီယူက ကြိုးစားကြည့်ခြင်း မရှိသေးဘဲ ငြင်းပယ်လိုဟန် မတူပေ။ သူမက တဖြည်းဖြည်း နီးကပ်လာသော လူငယ်အား ကြည့်လိုက်သည်။ သူကား မီးနတ်ဘုရားငယ်နှင့် အလားသဏ္ဌာန်တူသည်။
ဝမ်ယူက စင်မြင့်ပေါ်သို့ တဖြည်းဖြည်း ပျံဝဲလျက် ဆင်းသက်လာသည်။ သူစင်ပေါ်သို့ မရောက်မီကပင် ဟွာဂျီယူက ပူလောင်သော အငွေ့အသက်များအား ခံစားနေရသည်။ သူမ၏သက်စောင့်ဝိညာဉ် တစ်ဖန်ပေါ်လာပြန်သည်။ သဘာဝစွမ်းအင်လှိုင်းများက သူမအား လှည့်ပတ်လာနေသည်။ ထိုလူငယ်က ဓမ္မအဆင့်ဖြစ်သော်လည်း သူမက စမ်းကြည့်လို့နေသေးသည်။
နွယ်ပင်များစွာက ဝမ်ယူထံ တိုးဝင်လာနေကြသည်။ ဝမ်ယူက ခြေတစ်လှမ်းမျှ လှမ်းလိုက်ရုံမျှဖြင့် မီးလျှံများ လေထဲကို လွင့်ပျံ့သွားပြီး နွယ်ပင်များအား ပြာမှုန့်များ ဖြစ်သွားစေသည်။
ကောင်းကင်တွင် အလွန် လင်းလက်တောက်ပသော ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာက မီးလျှံအတောင်ပံ တစ်စုံဖြစ်ပြီး ထိုအတောင်ပံများက ဝမ်ယူ၏ကျောတွင် လာရောက် ပူးကပ်သည်။ အတောင်ပံခတ်ချက်တိုင်းက ပတ်ဝန်းကျင်အား လေပူများဖြင့် ပြည့်နှက်နေစေသည်။ အပူချိန်ကား အလွန်မြင့်တက်လာသည်။ ဟွာဂျီယူကား မီးလျှံနှင့်အနီးဆုံးနေရာတွင် ရှိနေရာ သူမက မီးတောက်မီးလျှံများ အလယ်သို့ ရောက်နေသလို ခံစားနေရသည်။
“ဓမ္မသိ....” လူတိုင်းက ထိုမီးလျှံ အတောင်ပံတစ်စုံကို ကြည့်ကာ ရေရွတ်မိကြသည်။ သည်အရာကား ဝမ်ယူ၏ဓမ္မအသိဖြစ်သည်။
သူက ဆက်လက် ဆင်းသက်လာကာ ဟွာဂျီယူနှင့် တဖြည်းဖြည်း နီးကပ်လာသည်။ ကြည့်ရသည်မှာ သူက တမင် လုပ်နေပုံရသည်။ လင်းယွီယိုအတွက် လက်စားချေနိုင်ရန် သူက ဟွာဂျီယူအား ခက်ခဲအောင် လုပ်လိုနေသည်။
“မြေခွေးမ... အရှုံးပေးလိုက်တော့.....” ရီဖူရှင်းက ရှေ့ကို လှမ်းထွက်လိုက်ကာ ဖန်းဟွာစင်မြင့်ပေါ်မှ ဟွာဂျီယူအား အော်ဟစ်လိုက်သည်။
ဟွာဂျီယူက ရီဖူရှင်းကို ကြည့်သည်။ သည်တိုက်ပွဲအား သူမက လုံးဝ အနိုင်မရနိုင်သည်ကို သိသည်။ ဆက်တိုက်နေခြင်းက အဓိပ္ပာယ်မရှိပေ။
ဟွာဂျီယူက သူမ၏ပါးစပ်အား ဖွင့်ဟရန် ကြံရွယ်လိုက်စဉ်မှာပင် ဝမ်ယူက သူ့အတောင်ပံများအား လှုပ်ခတ်လျက် ဟွာဂျီယူ၏အနီးသို့ အလွန်နီးကပ်စွာ ရောက်ရှိလာသည်။
“ငါအရှုံးပေးတယ်...” ဟွာဂျီယူက တည်ငြိမ်စွာ ပြောသည်။
ထိုစဉ်မှာပင် မီးဓာတ်လေလှိုင်းတစ်ခုက ဟွာဂျီယူ၏မျက်နှာအနီးမှ ဖြတ်သွားကာ သူမ၏မျက်နှာအား ဖုံးအုပ်ထားသော ပဝါအား လောင်ကျွမ်းသွားစေသည်။
သည်နည်းဖြင့် သူမ၏လှပသော မျက်နှာလေးက လူတိုင်း၏ အမြင်အာရုံထဲကို ဝင်ရောက်လာသည်။
လူတိုင်း၏အကြည့်က သူမ၏မျက်နှာလေးထံ ရောက်ရှိလာသည်။ သူမ၏အပြစ်အနာအဆာ ကင်းမဲ့ကာ လှပချောမွေ့သော မျက်နှာလေးကို ကြည့်ပြီး လူတိုင်း၏မျက်လုံးများက ဟွာဂျီယူထံမှ လွှဲဖယ်၍ မရကြတော့ပေ။ ပဝါမရှိတော့သော သူမ၏မျက်နှာကား စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲလှသည်။ မှန်သည်... သူမ၏မျက်နှာလေးကား ပြည့်စုံလှပသော အလှတရားအား ပိုင်ဆိုင်ထားသည်။
ဝမ်ယူပင်လျှင် ထိတ်လန့်သွားသည်။ သည်အဖြစ်က သူမျှော်လင့်ထားသည့်ပုံစံ မဟုတ်ပေ။ လူတိုင်းက ဟွာဂျီယူမှာ မိန်းမလှတစ်ယောက်ဟု တွေးထင်ခဲ့ကြသော်လည်း သည်မျှ လှပလွန်းမည်ဟု မထင်ခဲ့ကြပေ။ သူမကား အသက်ရှူမှားလောက်သော အလှပိုင်ရှင် ဖြစ်သည်။
လူအများအပြားက လင်းယွီယိုအား ကြည့်လိုက်ကြလျှင် ကန်ယီနိုင်ငံ၏နံပါတ်တစ် အလှမယ်မှာ ဟွာဂျီယူနှင့် နှိုင်းယှဉ်လျှင် လိုအပ်နေသေးသည်ကို မြင်ကြရသည်။ ဆိုလိုသည်မှာ သူမက လင်းယွီယိုအား အရည်အချင်းအားဖြင့် လည်းကောင်း။ လှပမှုတွင်လည်းကောင်း အနိုင်ရသည်ဟု ဆိုနိုင်သည်။
သည်လိုဆိုလျှင် လင်းယွီယိုမှာ နံပါတ်တစ် မိန်းမလှ ဖြစ်နိုင်ဦးမည်လော။
လင်းယွီယိုကလည်း ဟွာဂျီယူကို ကြည့်နေသည်။ ပထမဆုံးအကြိမ် သူမက တခြား မိန်းကလေး တစ်ယောက်ထက် နိမ့်ကျသော ခံစားချက်ကို ခံစားလိုက်ရသည်။ ဟွာဂျီယူ၏အလှမှာ ပြောစရာမရှိသည်ကို သူမပင်လျှင် စိတ်ထဲမှ ဝန်ခံရသည်။
လင်းယွီယိုက ရီဖူရှင်းနှင့် ဟွာဂျီယူတို့ ပြောစကားများအား အမှတ်မထင် ကြားမိသည်ကို ပြန်တွေးကြည့်လိုက်သည်။ ထိုအချိန်က သူမက ရီဖူရှင်းက သူ့ရည်းစားအား ပျော်ရွှင်အောင် ပြောဆိုနေခြင်းမျှသာ ဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။ ယခုမှသာလျှင် ရီဖူရှင်းက အမှန်ကို ပြောနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
မင်းသမီး ရီလင်းဇီနှင့် ဟွာကျီဇင်တို့လည်း အံ့အားသင့်ရသည်။ သူမတို့ထက် လှပသော မိန်းကလေးတစ်ဦး ထပ်မံပေါ်ထွက် လာလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားမိကြပေ။ ထို့အပြင် သူမ၏ပါရမီမှာလည်း အလွန် ကောင်းမွန်လွန်းလှသည်။
“စိတ်မကောင်းပါဘူး...” ဝမ်ယူက မောက်မာသောဟန် မရှိတော့ဘဲ ပြောသည်။ သူက ဟွာဂျီယူအား ခေါင်းညိတ်ပြသည်။
ဟွာဂျီယူက သူ့အား အေးစက်စွာ ကြည့်သည်။ သူမ၏မျက်လုံးများက တည်ငြိမ်သော်လည်း အေးစက်သော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။
“မြေခွေးမ... ပြန်လာခဲ့...” သူမအား တစ်ယောက်က လှမ်းခေါ်လိုက်သည်။ ဟွာဂျီယူက လှည့်ကြည့်လျှင် ရီဖူရှင်းကို မြင်သည်။
သူမ၏ခေါင်းအား အသာအယာညိတ်လျက် ကောင်းကင်သို့ ပျံတက်လိုက်သည်။
သိမ်းငှက်နက်ပေါ်သို့ ရောက်လျှင် ဟွာဂျီယူက ရီဖူရှင်းအနီးသို့ တိုးကပ်သွားသည်။ သူမ၏မျက်လုံးများတွင် စိတ်ပျက်မှုများ ဖုံးလွှမ်းနေသည်။ သူမက တစ်စုံတစ်ခု အမှား လုပ်မိသလို ခေါင်းအား ငုံ့ထားသည်။
“ပြဿနာမရှိဘူး...” ရီဖူရှင်းက သူမ၏ခေါင်းအား အသာအသာ ပုတ်လိုက်ကာ ပြောသည်။ ဟွာဂျီယူက ရီဖူရှင်းအား အပြစ်ကင်းသော မျက်လုံးများဖြင့် မော်ကြည့်လိုက်သည်။
သူတို့နှစ်ယောက် မည်မျှ နီးစပ်သည်ကို မြင်လျှင် များစွာသော မနာလိုဝန်တိုသော အကြည့်များက ရီဖူရှင်းထံ ရောက်လာသည်။ သည်အရာများနှင့် ထိုက်တန်ရအောင် ရီဖူရှင်းက မည်သူနည်း။
သည်ကဲ့သို့ ထူးခြားထက်မြက်သော မိန်းကလေးက သူပြောသော စကားများအားလုံးကို နားထောင်သလို ကလေးလေး တစ်ယောက်လို သူ့ထံပြုမူနေသည်။ သူမက ရီဖူရှင်းကို ကြည့်သော အကြည့်က လူတိုင်း၏နှလုံးသားအား အရည်ပျော်ကျစေသည်။
ကန်ယီနိုင်ငံတွင် များစွာသော လူငယ်ပါရမီရှင်များက နံပါတ်တစ်အလှမယ် လင်းယွီယိုအား ပိုးပန်းကြသည်။ သို့သော် တစ်ယောက်မှ မအောင်မြင်ခဲ့ကြပေ။ ယခု လင်းယွီယိုထက် လှသော မိန်းကလေးက ရီဖူရှင်း၏ ချစ်သူဖြစ်နေလေပြီ။ ထို့အပြင် သူတို့က လူအများရှေ့တွင်ပင် ချစ်သူများကဲ့သို့ ပြုမူနေကြရာ သူတို့ ရင်းနှီးမှုအဆင့်ကို သိနိုင်သည်။ လူအများအပြားက မည်သို့ ခံစားရမည်ကို တွေးကြည့်နိုင်သည်။
ပုံမှန်အားဖြင့် ရီဖူရှင်းက တခြားလူများ မည်သို့ တွေးမည်ကို ဂရုစိုက်သည် မဟုတ်ပေ။ သူသိသည်ကား သူ့ခံစားချက်များ သိပ်မကောင်းသည်ကိုပင်။ သူ အမှန်ပင် စိတ်တိုနေသည်။
ဟွာဂျီယူက လင်းယွီယိုအား တိုက်ခိုက်အနိုင်ယူခဲ့ပြီး တစ်စုံတစ်ယောက်က လင်းယွီယိုအစား ဟွာဂျီယူကို လက်စားချေသည်။ သူမ၏ ပဝါပင်လျှင် လောင်ကျွမ်းသွားခဲ့သည်။ ရီဖူရှင်း စိတ်မတိုဘဲ နေရိုးလား။
ဟွာဂျီယူအား နှစ်သိမ့်ပြီးနောက် ရီဖူရှင်းက လက်သီးများဆုပ်လျက် ရှေ့ကို လှမ်းထွက်လိုက်သည်။ သူ့အာရုံက ကောင်းကင်သို့ ပြန်ရောက်နေပြီဖြစ်သော ဝမ်ယူထံ ရောက်ရှိလာသည်။ ရီဖူရှင်း၏အကြည့်ကား ရေခဲကဲ့သို့ အေးစက်နေသည်။
“မင်းက သေချင်နေတာပဲ.....” ရီဖူရှင်းက ပြောသည်။ လေဓာတ်သဘာဝကိုပင်လျှင် အသုံးမပြုတော့ဘဲ ရီဖူရှင်းက ဖန်းဟွာစင်မြင့်ပေါ်သို့ ခုန်ဆင်းလိုက်သည်။ ဝုန်းခနဲ အသံတစ်ချက်နှင့်အတူ ဖန်းဟွာစင်မြင့်က တုန်ခါသွား၏။
“မိန်းကလေးတစ်ယောက် အတွက် ဒေါသထွက်တဲ့ နောက်တစ်ယောက်.....” လူတိုင်းက ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ ဝမ်ယူအတိုင်း လိုက်လုပ်သည်လား။ ရီဖူရှင်းတွင် ထိုသို့ လုပ်ရန် စွမ်းရည်ရှိသလော။
ရီဖူရှင်း၏အကြည့်က ကောင်းကင်မှ တစ်ယောက်ထံတွင် ရောက်ရှိနေသည်ကို သူတို့သိသည်။ သူ့မျက်လုံးများက ဓားမြှောင် အစင်းပေါင်းများစွာ ပစ်လွှတ်နေသကဲ့သို့ ဝမ်ယူထံ ရောက်ရှိနေသည်။ အေးစက်စွာဖြင့် သူက ပြောလိုက်သည်... “မင်း... ဆင်းလာခဲ့စမ်း...”
လူတိုင်း ထိတ်လန့်သွားသည်။ သည်ကောင်ကား အမှန်ပင် ရူးသွပ်နေသည်လား။ ရီဖူရှင်းကား ကြယ်ခုနစ်ပွင့် ကောင်းကင် အဆင့်မျှသာ ရှိသေးသည်။ ဝမ်ယူကား ဓမ္မအဆင့်မှ တန်ခိုးရှင်ဖြစ်သည်။ ရီဖူရှင်းက မည်မျှပင် ထက်မြက်နေပါစေ ကွာဟချက်ကား ကြီးမားလွန်းလှသည်။
ဝမ်ယူ မျက်မှောင်ကုတ်သွားသည်။ ထို့နောက် သူက ပြုံးလိုက်သည်။ သူ့အတိုင်း လိုက်လုပ်သည်လား။ ရီဖူရှင်းက ထိုသို့ လုပ်ရန် ထိုက်တန်မှု ရှိပါသလော။
ဝမ်ယူက ရှေ့ကို လျှောက်သွားလိုက်သည်။ သူ့ရှေ့ကို လူတစ်ယောက် မရောက်လာလျှင် သူက အောက်ကို ဆင်းသက်တော့မည် ဖြစ်သည်။ ထိုလူကား ချင်ကလန်မှ ပါရမီရှင် ဘေချူဖြစ်သည်။
“ငါတို့ရဲ့ ပြဿနာက အခုထိ မပြီးသေးဘူး...” ဘေချူက ပြောသည်။ အကယ်၍ ရီဖူရှင်းက ဝမ်ယူထံတွင် ရှုံးနိမ့်ခဲ့ပါက သူက ဖန်းဟွာစင်မြင့်ပေါ်ကို ထပ်မံ တက်ရောက်ရဲခြင်း မရှိတော့မည်ကို စိုးရိမ်နေသည်။ သည်လိုဆိုလျှင် သူက ရီဖူရှင်းအား လက်စားချေရန် မဖြစ်နိုင်တော့ပေ။
ရီဖူရှင်းက ဝမ်ယူကို ကြည့်လိုက်သည်။ ထို့နောက်သူက ဘေချူကို ကြည့်သည်... “ဒါဆိုလည်း တစ်ကြိမ် တစ်ယောက်ပေါ့.....”
**