ည နိုးထလာပြီ
Vol. 45 Ch. 619
အသံကြီးကား ရှေးခေတ်မှ ပဲ့တင်ထပ်လာပုံရသည်။ အမှန်တွင် မန်ဟို လှမ်းကြည့်လိုက်သည့်အခါ မြင်လိုက်ရသည်မှာ မျက်လုံးပွင့်လျက်ရှိသော ခေါင်းကြီးမဟုတ်တော့ဘဲ သေနေသော မိစ္ဆာကြီးတစ်ကောင် ဖြစ်နေ၏။
စောစောက အရာအားလုံးမှာ ထင်ယောင်ထင်မှား မြင်ကွင်းကြီးအလားပင်။
သို့သော် မြေပြင်သည် တဝုန်းဝုန်း တုန်ခါဆဲ၊ လျင်မြန်စွာ ကျုံ့နေဆဲ ဖြစ်၏။ ယင်းကား ထင်ယောင်ထင်မှားမဟုတ်။ မန်ဟို မျက်စိဖြင့် တပ်အပ်မြင်နေရပြီး မှန်ကြေးမုံကုန်းမြေထုကြီးမှာ မီတာတစ်သောင်းအကျယ်သာ ရှိတော့သည်အထိ ကျုံ့သွားခဲ့သည်ကိုပင် နတ်ဘုရားအာရုံဖြင့် စစ်ဆေးတွေ့လိုက်ရလေပြီ။
သူ ယခုရပ်နေသော ရှုထောင့်မှနေ၍ မြေပြင်သည် ... ကြေးမုံအစစ်တစ်ချပ်အသွင် လျင်မြန်စွာ ပြောင်းလဲနေကြောင်း မြင်ရ၏။
စစ်မြေပြင်အပေါ်ရှိ သက်ရှိသတ္တဝါများ ၊ မှော်ပစ္စည်းများအပါအဝင် အရာအားလုံးမှာ.. ကြေးမုံနှင့်အတူ ကျုံ့ကာ အဆများစွာ သေးငယ်လာသည်။
မိစ္ဆာကြီး၏ခေါင်းသည် ထွက်မလာတော့ဘဲ ဟန်တန်းကျစ်ကို တစ်ပါတည်း ခေါ်သွားရင်း ပြန်ကျုံ့ဝင်သွားလေပြီ။ ထိတ်လန့်ကြောက်ရွံ့မှုတို့က ဟန်တန်းကျစ်၏မျက်နှာအပြည့် ဖုံးလွှမ်းနေပြီး သူ့မှာ လွတ်မြောက်အောင် နည်းလမ်းပေါင်းစုံ ကြိုးစားနေ၏။ အကုန်လုံးကား အချည်းနှီးသာ။ သူသည် ဆောက်တည်ရာမဲ့စွာဖြင့် သနားစဖွယ် အော်ဟစ်ရင်း သူ့ကိုယ်သူ ငုံ့ကြည့်လိုက်၏။ ဤအခိုက်အတန့်တွင် သူလည်း ... ကြေးမုံအထဲ နစ်ဝင်နေကြောင်း သတိပြုမိလိုက်လေပြီ။
သူ၏ခြေထောက်နှစ်ဖက် မြေပြင်ကို ထိလိုက်သောအခါ ၎င်းတို့သည် ခြေကျင်းဝတ်မြုပ်သည်အထိ မှန်ကြေးမုံမျက်နှာပြင်အထဲ နစ်ဝင်သွား၏။
"မဖြစ်ဘူး" သူက အလန့်တကြား အော်သည်။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး" သူ၏ ဟိန်းဟောက်ရင်း ရုန်းထွက်သော်လည်း အလုပ်မဖြစ်ပေ။
မန်ဟိုမှာ တုန်ရီနေ၏။ ယခုတွင် သူ့လက်ထဲရှိ ကြေးမုံမှာ အဖြူရောင်အငွေ့များ ပျံ့လွင့်လာသည့်အထိ ပူလာလေပြီ။ သူ့မှာ လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရုံမှတစ်ပါး မတတ်နိုင်ပေ။
ယခုတွင် မန်ဟိုသည် လက်ထဲရှိကြေးမုံမှ ထုတ်လွှတ်နေသော အံ့ဖွယ်ဆွဲအားကို အာရုံရလိုက်ပြီဖြစ်၏။ အဆိုပါဆွဲအားက ဟန်တန်းကျစ်ကို ပစ်မှတ်ထားခြင်းမဟုတ်၊ အောက်ရှိ မှန်ကြေးမုံကုန်းမြေတစ်ခုလုံးကို ဖြစ်သည်။
"မဟုတ်မှ ... မိစ္ဆာအင်မိုတယ်ဂိုဏ်း စတုတ္ထပြင်ညီရဲ့ ကုန်းမြေကြေးမုံကို စုပ်ယူချင်နေတာလား" ဤသို့သုံးသပ်ပြီးသောအခါ မန်ဟိုမှာ အသက်ရှူသံများ မြန်လာပြီး အာခေါင်ခြောက်လာသည်။
ထိုသို့သာ အမှန်တကယ် ဖြစ်ပျက်နေလျှင် ရှေးဟောင်းမိစ္ဆာအင်မိုတယ်ဂိုဏ်း၌ရှိသော ကံကြမ္မာကောင်းတစ်ပြုံတခေါင်းအား သူတစ်ယောက်တည်း ရရှိသွားပြီဟု ဆိုလိုသည်လော။ အဆိုပါကံကြမ္မာကောင်းမျိုးမှာ မည်သူမဆိုအတွက် စိတ်ပင်ကူးကြည့်၍မရလောက်အောင် အံ့ဖွယ်ကောင်းလိမ့်မည်။
မန်ဟိုမှာ ကြေးမုံကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး အောက်ရှိ ကျုံ့နေသော မြေထုကြီးကို ကြည့်နေစဉ် စိတ်လှုပ်ရှားလွန်း၍ ရင်တလှပ်လှပ် ခုန်နေတော့သည်။ တစ်ခါမှမကြုံဖူးလောက်အောင် ကျယ်လောင်သော ထစ်ချုန်းသံကြီးက တစ်ကမ္ဘာလုံးအား မင်းမူသွားသည်။ ဟန်တန်းကျစ်က သွေးပျက်မတတ် အော်ဟစ်လိုက်၏။ သူသည် မှန်မျက်နှာပြင်အထဲသို့ အောက်ပိုင်းတစ်ပိုင်းလုံး နစ်ဝင်နေပြီဖြစ်လေသည်။ သူ့ဘေးရှိ မိစ္ဆာခေါင်းကြီးမှာတော့ နှာခေါင်းဖုံးသည်အထိ နစ်မြှုပ်သွားခဲ့လေပြီ။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူးးးးး" ဟန်တန်းကျစ်မှာ သွပ်သွပ်ခါ ရူးသွားလေပြီ။ ကြောက်လန့်မှုအရိပ်အယောင်တို့က သူ၏မျက်နှာကို ကြီးစိုးနေ၏။ သူက မန်ဟို့ကို အော်ခေါ်ရင်း အသက်ချမ်းသာပေးရန် အသနားခံတော့သည်။
သို့သော် အလွန်တရာ ပြင်းထန်သော ထစ်ချုန်းသံကြီးကြောင့် သူ့အသံမှာ တိမ်မြုပ်သွားလေသည်။ မန်ဟိုကား သတိပင်မထားမိ။
ပတ်ဝန်းကျင်ရှိ မိစ္ဆာချီများ အလိပ်လိပ်ထလာသည်။ မြေပြင်၏ကျုံ့နေမှုမှာ ကုလားကာဖယ်လိုက်သည့်နှယ် အောက်ရှိ တစ်စုံတစ်ခုကို ဖော်ပြလိုက်၏.... မန်ဟို ငုံ့ကြည့်လိုက်သောအခါ သူ၏စိတ်အာရုံကို ချာချာလည်ထွက်သွားစေသော အရာတစ်ခုအား မြင်လိုက်ရသည်။
ထိုနေရာ၊ အောက်တွင်ကား ..... ဧရာမဦးနှောက်ကြီးတစ်ခု။
ဦးနှောက်ကြီးသည် ဟိုဟိုသည်သည် မြင်နေရသော အမည်းစက်များဖြင့် ဖြူချောချောကြီးဖြစ်ကာ အကန့်အသတ်မရှိအောင် ကြီးမားသယောင်ပင်။ တချို့နေရာများတွင် ရောင်စုံအလင်းများ ပြိုးပြိုးပြက်ပြက် လက်နေ၏။
အလင်းတစ်ခါ လက်သွားတိုင်း မှတ်ဉာဏ်များသဖွယ် ပုံရိပ်များ ပါရှိနေပုံရသည်။
မြင်ကွင်းကြီးမှာ မန်ဟို့အတွက် ဘာဆိုဘာမှ မတွေးနိုင်လောက်အောင် တုန်လှုပ်ဖွယ်ကောင်းလှသည်။ သူ၏ဝင်လေထွက်လေမှာ စည်းချက်မမှန်တော့အပြင် သူက ကျုံ့နေသောမြေပြင်ကို နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်လေသည်။ ရုတ်တရက် ဟန်တန်းကျစ်ပြောခဲ့သည်ကို သူ သတိရလိုက်၏။
"ကုန်းမြေကြေးမုံကို အစစ်အမှန်စိတ်ဝိညာဉ်ညရဲ့ ဦးနှောက်အပေါ်မှာ တင်ထားတာ" မန်ဟိုက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အဆမတန်ကြီးမားသော ဧရာမခေါင်းကြီးကို ငုံ့ကြည့်လိုက်သည်။
"ဒီနေရာက တကယ်ပဲ အစစ်အမှန်စိတ်ဝိညာဉ်ညရဲ့ ခေါင်းလား။ အဲ့ဒီလိုဆိုရင် ဟိုဥမင်လမ်းကြောင်းက ဘာကြီးလဲ" သူသည် ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်နေစဉ် တစ်ကိုယ်လုံးတုန်ရီနေပြီး ဦးရေပြားတို့ ထုံကျင်နေ၏။ မြေပြင်မှာ ကျုံ့နေဆဲဖြစ်သည်။
ယခုတွင် ၎င်းမှာ မီတာသုံးသောင်းအကျယ်ခန့်သာ ရှိတော့ပြီး အဆများစွာ ပိုမိုကြီးမားသည်မှအပ သူ ကိုင်ထားသည့် ကြေးမုံနှင့် တစ်ထေရာတည်း တူ၏။
ဟန်တန်းကျစ်မှာ မှန်မျက်နှာပြင်ထဲသို့ တစ်ကိုယ်လုံးနီးပါး မြုပ်ခါနီးလေပြီ။ သူ့မှာ မျက်နှာဖြူဆုပ်ဖြူလျော်ဖြစ်နေပြီး အော်ဟစ်ငိုယိုမနေတော့ပေ။ ထိုအစား အဆိပ်ပြင်းသော မျက်လုံးများဖြင့် မန်ဟို့ကို မုန်းမုန်းတီးတီး ကြည့်နေ၏။
မိစ္ဆာခေါင်းကြီးမှာမူ မျက်လုံးအကျော်အထိ မြုပ်နေလေပြီ။ ထူးဆန်းစွာ တောက်ပနေသော အနက်ရောင်ဆူးချွန်ကြီးသုံးခုနှင့်အတူ ၎င်း၏ခေါင်းထိပ်ပိုင်းသာ ကျန်ရှိတော့လေသည်။
တစ်လောကလုံး တုန်ခါနေသည်။
မီတာ ၃၀၀၀၀ ၊ မီတာ ၂၅၀၀၀ ၊ မီတာ ၂၀၀၀၀။
ဤအခိုက်အတန့်တွင် မန်ဟို့နဖူးမှ ချွေးတဖြိုက်ဖြိုက် စီးကျနေသည်။ သူ့မှာ ကြေးမုံကို မလွှတ်တမ်း ဆုပ်ကိုင်ရင်း တစ်ကိုယ်လုံး တုန်ရီနေလေသည်။ သူ၏ အံ့ဖွယ်အပြင်အားကိုယ်ကြောင့်သာ မဟုတ်လျှင် ကြေးမုံအား သူ့လက်ထဲမှ လွတ်မကျသွားအောင် ဟန့်တားနိုင်လောက်မည်မဟုတ်ပေ။
သို့ထိတိုင် အဋ္ဌမဝိညာဉ်ခန္ဓာတွင်ပင် မန်ဟိုမှာ ကြာကြာတောင့်ခံနိုင်စွမ်း ကင်းမဲ့နေသည်။
ဤအခိုက်အတန့်တွင် မည်သည့်နေရာကမှန်းမသိ၊ အသံတစ်သံ ကြားလိုက်ရသည်။ ၎င်းမှာ ကလေးငိုသံနှင့်တူပြီး အပြင်လောကမှ လာနေသည့်အလား ထင်ရသော်လည်း တစ်ချိန်တည်းမှာပင် အတွင်းမှ လာနေသည့်အလား သူ့ကို ဝန်းရံနေသည်။ အသံမှာ စစချင်း အတော်လေး အားနည်းသော်လည်း ကျယ်သထက် ကျယ်လာ၏။
တစ်ချိန်တည်းမှာပင် မန်ဟို၏စိတ်မှာ ထစ်ချုန်းသွား၏။ ထိုအခိုက်အတန့်တွင် အစစ်အမှန်စိတ်ဝိညာဉ်ည၏ ဦးနှောက်ပြင်အပေါ်ရှိ လျှပ်စီးအလင်းရောင်များ၏ ပြိုးပြိုးပြက်ပြက်လက်နှုန်းမှာ ရုတ်တရက် ဆယ်ဆတိုးသွားသလို ၊ ၎င်းတို့ရွေ့လျားနေသော အမြန်နှုန်းလည်း ထိုနည်းတူပင်။
နိုးထလာနေသော အရှိန်အဝါတစ်ခုက အရာခပ်သိမ်းကို လျှပ်တပြက် လွှမ်းခြုံသွားသည်။ မန်ဟို့မျက်နှာမှာ ရှုံ့မဲ့နေလေပြီ။
"ဟားဟားဟား မင်းတော့ သေပြီ" ဟန်တန်းကျစ်က အော်သည်။ "မင်းက အထွတ်အမြတ်နယ်မြေနှစ်ခုရဲ့ ချုပ်နှောင်တံဆိပ်တွေ တုန်ခါသွားအောင် လုပ်လိုက်တာကြောင့် အစစ်အမှန်စိတ်ဝိညာဉ်ညကို နှိုးမိသွားပြီ။ သူ နိုးလာရင် ကမ္ဘာပျက်ပြီပဲ" သူသည် တဟားဟား အော်ရယ်နေ၏။
ထိုစဉ် စတုတ္ထပြင်ညီ၏အပြင် ၊ မိစ္ဆာအင်မိုတယ်ဂိုဏ်းတွင် မြေငလျင်တို့ လှုပ်ခတ်နေပြီး တောင်တန်းများ လှုပ်ရမ်းနေလေသည်။ တဂျိန်းဂျိန်း ထစ်ချုန်းမြည်ဟည်းနေပြီး ဧရာမအက်ကြောင်းများက မြေမျက်နှာပြင်တစ်လျှောက် ထိုးခွဲရင်း ဖြာထွက်သွား၏။
ဧရာမအက်ကြောင်းကြီးများ၊ ဝုန်းဝုန်းဒိုင်းဒိုင်းမြည်ဟည်းသံကြီးများက မိစ္ဆာအင်မိုတယ်ဂိုဏ်းအား ကမ္ဘာပျက်နေသည့်ပမာ ဖြစ်နေစေသည်။ အဆောက်အဦးပျက်များ ပြိုကျပြီး ဖုန်များ တထောင်းထောင်းထနေရာ အရာအားလုံးကို မှုန်မွှားဝေဝါးနေစေတော့သည်။
အဝေးတွင် တောင်ကောင်းကင်ကျင့်ကြံသူများမှာ ပထမတောင်ထိပ်အလွန်ရှိ မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ထွက်ပေါက်ဆီသို့ အလန့်တကြား ပျံသန်းနေကြသည်။ သူတို့မှာ မည်သည်တို့ဖြစ်ပျက်နေသည်လဲ မသိသော်လည်း ခန့်မှန်းနိုင်လေသည်။ စတုတ္ထပြင်ညီထဲ၌ ဖြစ်ပျက်နေသော မယုံကြည်နိုင်ဖွယ်အရာကြီးက ယခုလက်ရှိအဖြစ်အပျက်များနှင့် ဆက်စပ်နေကြောင်း သိသာထင်ရှား၏။
မိုးမှောင်ကျလာပြီး ထစ်ချုန်းသံများ မိုးထိညံနေသည်။ မြေကြီးများ ပက်ကြားအက်နေစဉ် အကန့်အသတ်မဲ့သော အရှိန်အဝါတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံရန် စီးမျောထွက်လာ၏။ လေထဲတွင်ပင် အကွဲကြောင်း တစ်ကြောင်းပြီးတစ်ကြောင်း ပေါ်လာသည်။
အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက် စတုတ္ထတောင်ထိပ်အပေါ်တွင် ရပ်နေသည်။ သူသည် ဆုံးဖြတ်ရခက်နေသော အမူအရာဖြင့် ပတ်ဝန်းကျင်ရှိ အဖြစ်အပျက်အားလုံးကို လှည့်ပတ်ကြည့်နေသည်။ ရံဖန်ရံခါ သတ်ဖြတ်လိုစိတ်တို့က သူ၏စိတ်အာရုံကို စိုးမိုးသွားတတ်ပြီး ရံဖန်ရံခါ နူးညံ့နွေးထွေးသွားမှုအား မြင်တွေ့ရပေမည်။ ဤလူကား .... ခဲကျုံစစ် ဖြစ်၏။
"တခြားလူတစ်ယောက်သာ ညကို နှိုးပြီး သခင်လီရဲ့ အမွေအနှစ် ပေါ်လာအောင် လုပ်ရင်တော့ ငါ မဖြစ်မနေ သတ်ရလိမ့်မယ်။ အပြင်လူတွေအနေနဲ့ သခင်လီရဲ့ အမွေအနှစ်ကို ရယူလို့မရဘူး။ ဒါပေမဲ့ ဒီကောင်လေးကတော့ ..." ခဲကျုံစစ်သည် မန်ဟိုနှင့်တစ်ထပ်တည်းဖြစ်သွားခဲ့သော အချိန်တုန်းက ကြုံတွေ့ခဲ့ရသည့်အရာကို ပြန်တွေးကြည့်လိုက်၏။
သူ၏အဖေ ခဲယွင်ဟိုင်သည် မန်ဟို့ကို လက်ခံပြီး ထိုဘဝတွင် သားအဖဖြစ်ကြောင်း ပြောကြားခဲ့သည်။ ခဲကျုံစစ်၏မျက်ဝန်းအထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒမှာ တဖြေးဖြေး လွင့်ပျယ်သွားပြီး နူးညံ့ကြင်နာသော နွေးထွေးမှုက အစားထိုးဝင်ရောက်လာသည်။
"သူက အဲ့ဒီဘဝမှာ အဖေ့သားဆိုရင် ... ငါ့ရဲ့ ညီလေးဆိုလည်း ဟုတ်တယ်။ သခင်လီရဲ့အမွေကို ငါ မရကောင်း မရလောက်တော့ပေမယ့် သူသာ ရယူနိုင်မယ်ဆိုရင် အဲ့ဒါဟာ ကောင်းကင်ဘုံရဲ့အလိုတော်အတိုင်းပဲပေါ့" ခဲကျုံစစ်က သက်ပြင်းချလိုက်သည်။
အရာအားလုံး တုန်ခါနေပြီး ပို၍ပင်များပြားသော အကွဲကြောင်းများ မိစ္ဆာအင်မိုတယ်ဂိုဏ်းအထက် ကောင်းကင်တွင် ပေါ်လာသည်။ တဖြေးဖြေး ဇောက်ထိုးဖြစ်နေသော တောင်ကြီးသုံးလုံး၏ ထိပ်များအား မြင်လာရလေပြီ။
၎င်းတို့သည် ဆင်းသက်လာနေကြဟန်တူပြီး မယုံနိုင်ဖွယ်ဖိအားကြီးတစ်ခုအား ခံစားရနိုင်လေသည်။ မိစ္ဆာအင်မိုတယ်ဂိုဏ်းတစ်ဂိုဏ်းလုံး ပြင်းပြင်းထန်ထန် ယိမ်းထိုးလှုပ်ရမ်းနေတော့၏။ တောင်ကောင်းကင်ကျင့်ကြံသူများမှာ ပထမတောင်ထိပ်၏အလွန်ရှိ ထွက်ပေါက်သို့ ရောက်နေကြပြီဖြစ်ပြီး အတော်များများမှာ သူတို့၏မိစ္ဆာစိတ်ဝိညာဉ်အသီးသီးကို အသုံးပြုရင်း ထွက်ခွာရန် ရွေးချယ်ထားပြီးလေပြီ။
သို့သော် ယင်းက အချိန်ယူသေးသည်။ တစ်ကမ္ဘာလုံး ပိုပို၍ ပြင်းပြင်းထန်ထန် တုန်ခါလာနေစဉ် ရုတ်တရက် …. ကလေးငိုသံတစ်သံ ပျံ့လွင့်လာလေသည်။ ကလေးလေးတစ်ယောက် မြေကြီး၏ ဟိုးအနက်ရှိုင်းဆုံးထဲတွင် မျက်လုံးလေးမှိတ်လျက် အိပ်နေပုံရသည်။ သို့သော် သူ့မှာ နိုးလာသည်နှင့် တဝါးဝါး အော်ငိုနေဟန်ပင်။
အသံကို ကြားလိုက်လျှင်ချင်း ပျက်စီးနှုန်းမှာ ပိုမိုပြင်းထန်လာသည်။
ယခုတွင် ဇောက်ထိုးတောင်ကြီးသုံးလုံးမှာ တစ်ဝက်ကျော် မြင်သာလာလေပြီ။
ထိုစဉ် စတုတ္ထပြင်ညီတွင် ဧရာမမှန်မြေထုကြီးမှာ မီတာတစ်သောင်းသာ ကျယ်တော့အထိ ကျုံ့သွားခဲ့လေပြီ။ ဟန်တန်းကျစ်မှာတော့ စုံးစုံးမြုပ်လျက် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
မိစ္ဆာခေါင်းကြီးမှာမူ ထိပ်ပိုင်းရေးရေးလေးကိုသာ မြင်ရတော့ပြီး ကျန်အပိုင်းမှာ မှန်ကြေးမုံထဲသို့ ပြန်လည်နစ်မြုပ်သွားခဲ့သည်။
မန်ဟို့မျက်နှာမှာ ဖြူဖပ်နေပြီး သူ၏ခန္ဓာကိုယ်မှာ တဖြေးဖြေး ရှေ့သို့ ရွေ့လျားနေ၏။ သူ၏စိတ်ဆန္ဒအလျောက် ရွေ့လျားနေခြင်းမဟုတ်ဘဲ လက်ထဲရှိကြေးမုံ၏ ဆွဲခေါ်ခံနေရခြင်း ဖြစ်ပေသည်။
နီးသထက် နီးလာသည်။
ကုန်းမြေထုကြီးမှာ ကျုံ့သထက် ကျုံ့လာသည်။ မီတာတစ်သောင်း ၊ မီတာငါးထောင်၊ မီတာနှစ်ထောင့်ငါးရာ ... မီတာထောင့်ငါးရာ... မီတာတစ်ထောင်.... မီတာသုံးရာ။
မိစ္ဆာကြီး၏ခေါင်းကား ကြေးမုံထဲသို့ တစ်ခေါင်းလုံး ပြန်ဝင်သွားခဲ့လေပြီ။ မှန်အတွင်းကမ္ဘာထဲရှိ တည်ငြိမ်နေသောမြေပြင်များတွင် မိုးကောင်းကင်၏ သုံးပုံတစ်ပုံကို ကြီးစိုးထားသော ထိုမိစ္ဆာကြီးမှာ မန်ဟို့အား အေးတိအေးစက် မော့ကြည့်နေဆဲဖြစ်သည်။
၎င်း၏အကြည့်သည် ထာဝရတည်မြဲနေမည့်အလား ဖြစ်ပြီး မန်ဟို ၎င်းကို ကြည့်လိုက်သည်နှင့် စိတ်နှလုံးတုန်ရီသွားရ၏ ။ သို့သော် ယခုလောလောဆယ် ထိုကိစ္စအကြောင်း တွေးနေရန် အချိန်မရှိ။ သူ့မှာ မီတာသုံးရာအကျယ် မှန်ကြေးမုံမျက်နှာပြင်မှ မီတာတစ်ရာသာ ကွာဝေးတော့လေပြီ။
သူ နီးသထက်နီးလာစဉ် ၎င်းသည် ဆက်လက်ကျုံ့နေ၏။ မီတာတစ်ရာ့ငါးဆယ် ။ မီတာတစ်ရာ... မီတာသုံးဆယ်။
နှစ်ဆယ့်ငါး ၊ ဆယ့်ငါး ၊ ငါး ... သုံး။
မှန်မြေပြင်မှာ သုံးမီတာအရွယ်ရောက်သောအခါ ရုတ်တရက် ပုံ့ပျက်ရှုံ့တွလာသည်။ မန်ဟို စောင့်ကြည့်နေစဉ် ၎င်းသည် ပိုးချည်မျှင်များသဖွယ် တွန့်လိမ်ကောက်ကွေးကာ သူ၏ကြေးမုံဆီသို့ ဝင်ရောက်လာ၏။
ကြေးမုံက အမျှင်များကို နည်းနည်းချင်း စုပ်ယူနေသည်။ အသက်ရှူချိန်အနည်းငယ်သာ ကြာသေးသည်၊ မှန်ကြေးမုံမျက်နှာပြင်တစ်ခုလုံးမှာ မန်ဟို့ကြေးမုံအတွင်းသို့ စုပ်ယူခံလိုက်ရလေပြီ။
၎င်းက ကြေးမုံအတွက် အားဆေးသဖွယ် ပြုမူနေသည်။ ဝါးမြိုပြီးနောက် ကြေးမုံမှာ ပုံစံပြောင်းလာ၏။ ၎င်းမျက်နှာပြင်အပေါ်ရှိ သံချေးများအားလုံး တစမကျန် ပျောက်ကွယ်သွားသည်။
၎င်းမျက်နှာပြင်အပေါ်ရှိ ရှေးကျသော အပြောက်အမွန်း၊ အဆင်တန်ဆာများမှာ ပိုပို၍ လျှို့ဝှက်နက်နဲလာသည်။ ၎င်းတို့အတွင်း၌ အလင်းများ လှုပ်ရှားသွားနေသည်ကို မြင်ရပြီး တန်ခိုးရှင်များ၏သီချင်းသံများသဖွယ် တီးတိုးတီးတိုးအသံများအား ကြားရလေသည်။
မန်ဟိုမှာ စိတ်နှလုံးတုန်လှုပ်နေမိသည်။ သူသည် ကြေးမုံကို အနီးကပ်ကြည့်လိုက်သောအခါ ၎င်း၏မျက်နှာပြင်အပေါ်တွင် အက်ကြောင်းများစွာ မြင်လိုက်ရသည်။ အက်ကြောင်းများက တစ်ကြောင်းနှင့်တစ်ကြောင်းဆက်ကာ အကွက်ကိုးကွက် ဖော်ဆောင်ထား၏။
ယခုအချိန်တွင် ကြေးမုံ၏ ဘယ်ဘက်အပေါ်ပိုင်းတွင် အခြားအကွက်များနှင့် သီးခြားကွဲထွက်နေသော အကွက်ရှိသည်။ ၎င်းမှာ ... တကယ်တမ်း မှန်တစ်ချပ်၏မျက်နှာပြင်နှင့်တူ၏။ ၎င်းသည် မှော်ပစ္စည်းအလင်းရောင်များသဖွယ် တောက်ပနေပြီး အထဲ၌ ဖြေးညင်းစွာ လည်နေသော ဝဲတစ်ဝဲအား မြင်ရလေသည်။ ထိုဝဲတွင် ကမ္ဘာကြီး၏ မူလအစ လျှို့ဝှက်ချက်ကြီး ပါရှိနေသယောင်ပင်။
ဝဲအထဲတွင်ကား အံ့ဩဖွယ်ကောင်းစွာနှင့်... ရှေးဟောင်းစစ်မြေပြင် ရှိနေသည်။
တစ်ချိန်တည်းမှာပင် စတုတ္ထပြင်ညီမှာ မည်သည့်မြေပြင်မှ မရှိတော့ပေ။ ထိုအစား ဦးနှောက်ကြီးတစ်ခုလုံး ပေါ်လာပြီဖြစ်သည်။ ၎င်းမျက်နှာပြင်အပေါ်တွင် ယခင်ထက်ပို၍ အဆတစ်ထောင်များပြားသော လျှပ်စီးအလင်းများ ပြိုးပြိုးပြက်ပြက် ကခုန်နေသည်။ စောစောက ငိုသံထက် အဆများစွာ ကျယ်လောင်သော အံ့ဖွယ်အသံကြီးတစ်သံအား ကြားလိုက်ရ၏။
ည ကား .... နိုးထလာအောင် လှုံ့ဆော်ခံလိုက်ရလေပြီ။
***