← Chapters

ည၏ခေါင်း

Vol. 45 Ch. 620

ည၏ခေါင်း

Vol. 45 Ch. 620

ယခုတွင် အဆတစ်သောင်း ပိုမိုများပြားသော လျှပ်စီးအလင်းစက်ကွင်းများမှာ အစစ်အမှန်စိတ်ဝိညာဉ်ည၏ ဦးနှောက်အပေါ်၌ ကခုန်စီးပြေးနေကြလေပြီ။

တစ်ချိန်တည်းမှာပင် ဦးနှောက်ကြီးကား တဆတ်ဆတ် လှုပ်ရွလာ၏။ အတွင်းထဲမှ စိတ်အစဉ်ကို တုန်လှုပ်သွားစေသော တဖျစ်ဖျစ်မြည်သံများ ပဲ့တင်ထပ်လာသည်။

သေစေနိုင်သော အန္တရာယ်အာရုံကြီးကို ခံစားလိုက်ရသဖြင့် မန်ဟို့မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ သူ၏အာရုံထဲတွင် ကြောက်မက်ဖွယ် အခိုးအငွေ့များ၊ လေတစ်ချက်လေးဟပ်လိုက်ရုံဖြင့် သူ့အား ဖျက်စီးပစ်နိုင်ပုံရသော အရှိန်အဝါတစ်ခုအား ခံစားနေရသည်။

သူ၏ဦးရေပြားတစ်လျှောက်လုံး ထုံကျင်လာပြီး သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ကြေးမုံကို သိမ်းကာ ထွက်ပေါက်သို့ တဟုန်ထိုး ပျံ့ပြေးတော့သည်။

ထွက်ပေါက်သည် တစ်ခါက ဥမင်လိုဏ်ခေါင်းကြီးနှင့် တူခဲ့သော်လည်း ည နိုးထလာသော အရှိန်အဝါကြောင့် ထူးခြားဆန်းကြယ်စွာ ပြောင်းလဲသွားခဲ့၏။ အဆိုပါဥမင်မှာ တကယ်တမ်း အစစ်အမှန်ဝိညာဉ်ည၏ အစိတ်အပိုင်းကြီးတစ်ခု ဖြစ်နေသည့်အလား တွန့်လိမ်လူးလွန့်နေလေပြီ။

မန်ဟို မျက်နှာပျက်သွားပြီး အရှိန်တင်လိုက်သည်။ သူသည် ယခုတွင် အဋ္ဌမဝိညာဉ်ခန္ဓာ၏အထွတ်အထိပ်အဆင့် ဖြစ်ပြီး လျှပ်စီးထက်ပင် မြန်သော အမြန်နှုန်းဖြင့် ဥမင်‌ဆီ ပြေးဝင်သွား၏။ မျက်စိတစ်မှိတ်အတွင်း သူကား ဥမင်ထဲ၌ တရိပ်ရိပ် ပျံသန်းနေပြီဖြစ်သည်။

ဂရားးးးး

အထက်နှင့်အောက် နှစ်ခုလုံးမှ ကြောက်ခမန်းလိလိ ‌ဟိန်းဟောက်သံကြီးတစ်သံ ပဲ့တင်ထပ်လာသည်။ မိစ္ဆာအင်မိုတယ်ဂိုဏ်းရှိ အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါလာပြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲစပြုလာ၏။

ပျက်စီးခြင်းမှာ မန်ဟို့အတွက် ရှင်းရှင်းလင်းလင်း မြင်သာလေသည်။ ပတ်ပတ်လည်ရှိ ဥမင်နံရံများမှာ တစ်ပိုင်းတစ ထိုးဖောက်မြင်နေရသော အသားမျှင်ကြီးဖြင့် ဖုံးလွှမ်းခံထားရသည့်အလားဖြစ်နေရာ သူသည် ပျက်စီးခြင်းအလုံးစုံကို မျက်ဝါးထင်ထင် မြင်နေရ၏။ မြေသားထုများ တစ်လွှာပြီးတစ်လွှာ ကျွံကျနေသည်ကို မန်ဟို တွေ့နေရလေသည်။

ဥမင်သဖွယ် လမ်းကြောင်းကြီးအား နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ ၎င်းမှာ ပြွန်ခေါင်းကြီးတစ်ခုနှင့် တူလေသည်။

၎င်းသည် အစစ်အမှန်စိတ်ဝိညာဉ်ည၏ ဦးနှောက်ဆီသို့ ဦးတည်နေသော ပြွန်ကြီးဖြစ်ပြီး သူက ထိုပြွန်ကြီး၏အလယ်တွင် အမြန်ဆုံးပျံနေလေသည်။

သူ့မှာ တဟုန်ထိုး ပျံသန်းနေရင်း ပင့်သက်ရှိုက်မိသွားသည်။ အဘယ်ကြောင့်ဆိုသော် သူ ဖြတ်သွားနေသော ပြွန်ခေါင်းကြီးမှာ တကယ်တမ်း လေပေါ် မြောက်တက်နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရ၍ပင်။

"ဒီလမ်းကြောင်းပဲ လေပေါ်မြောက်တက်နေတာမဟုတ်ဘူး။ တကယ်တော့ ဒီလမ်းကြောင်းက .... အစစ်အမှန်စိတ်ဝိညာဉ်ညရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကြီးပဲ။ ခန္ဓာကိုယ် ရွေ့လျားရင် ဒါကြီးလည်း ‌မြေထဲကနေ ထွက်လာမှာ" မန်ဟိုသည် ဖောက်ထွင်းမြင်နေရသော ဥမင်နံရံများမှတစ်ဆင့် ပြိုကျပျက်စီးနေသော မြေထုကြီးကို ကြည့်ရင်း စိတ်နှလုံးတုန်ရီသွားမိ၏ ။ ဤလမ်းကြောင်းကြီး အပေါ်သို့ ရွေ့လျားနေသည်ကိုလည်း သူ ခံစားနေရလေသည်။

အသက်ဆယ်ရှိုက်ကျော်ကြာသော် မန်ဟို့မြင်ကွင်းတစ်ခုလုံး အဖြူရောင်တောက်ပသွားသည်။ သူ ရောက်ရှိနေသော လမ်းကြီးမှာ ရုတ်တရက် မြေကြီးမှ ဝုန်းခနဲ မြောက်တက်သွားကာ ‌မိစ္ဆာအင်မိုတယ်ဂိုဏ်း၏အပေါ်ထက် လေလယ်တွင် ပျံဝဲနေလေပြီ။

ဤအခိုက်အတန့်တွင် မန်ဟိုမှာ လမ်း၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ခရီးပေါက်ခဲ့ပြီဖြစ်၍ အထွက်မှ သုံးဆယ်ရာခိုင်နှုန်းသာ ကွာဝေးတော့သည်။ လမ်းကြောင်းမှာ ယခုတွင် အပြင်းအထန် တုန်ခါနေပြီး မန်ဟို့မျက်နှာမှာ ဖြူဆုပ်နေ၏။ ဖောက်ထွင်းမြင်ရသော နံရံများမှတစ်ဆင့် အပြင်လောကကို သူမြင်လိုက်သည်.....

ပက်ကြားအက်များက မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ နယ်မြေတွေအကုန်လုံးကို ဖုံးလွှမ်းနေသည်။ ဂိုဏ်း၏ ဧရိယာအများစုမှာ လုံးလုံးလျားလျား ပြိုကျနေလေပြီ။ ‌တကယ်တမ်း ဧရာမသတ္တဝါကြီးတစ်ကောင် ထိုးထွက်လာနေသဖြင့် မြေကြီးများမှာ ကျွံ့ကျနေပုံရသည်။

တောင်ခုနစ်လုံး၏ နံရံများမှ ကျောက်တုံးကျောက်ခဲများ ‌တလိမ့်လိမ့် ပြိုကျနေကြသည်။ တောင်ခုနစ်လုံးပင်လျှင် ဤကပ်ဆိုးကြီးမှ မလွတ်မြောက်သယောင်ပင်။

ပထမဆုံးပြိုကျသွားသည်မှာ တတိယတောင်ဖြစ်သည်။

၎င်း၏ပတ်ပတ်လည်ရှိ မြေကြီးများ နစ်ဝင်ကျွံကျနေသည်နှင့်အမျှ တောင်ထိပ်ကြီးလည်း စောင်းရင်းစောင်းရင်း နစ်မြုပ်လာသည်.... သို့သော် ထိုမြင်ကွင်းကို ကြည့်နေစဉ် တတိယတောင်ထိပ်မှာ အမှန်တကယ် ပြိုကျနေခြင်းမဟုတ်ကြောင်း မန်ဟို ခံစားနေရသည်။ အံ့ဖွယ်အားတစ်ရပ်က ၎င်းအား ဘေးသို့ စောင်းသွားစေပုံပင်။

မသေချာသော်လည်း ထိုအာရုံက ပြင်းထန်အားကောင်းသည်။

ထို့နောက် တစ်ပိုင်းတစ ဖောက်ထွင်းမြင်ရသော လမ်းကြောင်းမှာ တဝုန်းဝုန်း တုန်ခါလာပြီး ... ဘယ်တော့မှ မေ့နိုင်မည်မဟုတ်သော အရာတစ်ခုကို မန်ဟို လျှပ်တပြက် မြင်လိုက်ရလေသည်။

မယုံနိုင်လောက် ကြီးမားသော ခေါင်းကြီးတစ်ခေါင်း။ အလွန်ကြီးမားလွန်း၍ အရွယ်အစားမည်မျှရှိသလဲပင် မဆိုနိုင်။ ထို့အပြင် တစ်ဝက်ကိုသာ မြင်ရသည်။

၎င်းသည် လူ့‌ခေါင်းနှင့်တူပြီး ဆံပင်မရှိသည်မှအပ နက်မှောင်နေသော အကြေးခွံများဖြင့် ဖုံးလွှမ်းနေ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ဤခေါင်းကြီးမှာ ... မိစ္ဆာအင်မိုတယ်ဂိုဏ်း၏နယ်မြေအားလုံး ဖြစ်နေသယောင်ပင်။

မန်ဟိုမှာ ခေါင်းနပန်းကြီးလာပြီး အာခေါင်တို့ ခြောက်ကပ်လာသည်။ ဤခေါင်းကြီး မည်မျှကြီးမားသည်လဲ သူ အမှန်တကယ် မဆုံးဖြတ်နိုင်။

ထို့အပြင် သူ ရောက်ရှိသည့် တစ်ပိုင်းတစဖောက်ထွင်းမြင်နေရသော ဥမင်လမ်းကြောင်းမှာ တကယ်တမ်း ခေါင်းကြီးနှင့်ချိတ်ဆက်နေသော ဧရာမဦးမှင်ကြီးတစ်ခုဖြစ်နေကြောင်း မန်ဟို မြင်လိုက်ရလေပြီ။ ၎င်းသည် အသက်ရှူဖို့ အသုံးပြုရပုံပေါ်သော ပြွန်သဖွယ် ဦးမှင်ကြီးဖြစ်ပေ၏။

မန်ဟို့စိတ်အစဉ်ကို ပို၍ပင် မယုံနိုင်ဖြစ်သွားစေသည်မှာ စောင်းပြီးပြိုကျနေသော တတိယတောင်ထိပ်သည် ... ထောင့်တစ်ခုစောင်းပြီးသောအခါ ထပ်မစောင်းတော့သလို ပြိုလည်းမကျတော့ပေ။

အဘယ်ကြောင့်ဆိုသော် ... တတိယတောင်ထိပ်မှာ မြေကြီး၏ တစ်စိတ်တစ်ပိုင်း မဟုတ်၍ပင်။ ၎င်းကား ခေါင်းကြီးနှင့် ဆက်သွယ်နေသည်။ ပို၍တိတိကျကျ ဆိုရလျှင် တတိယတောင်ထိပ်သည် အမှန်တွင် ခေါင်းကြီး၏ထိပ်မှ ထိုးထွက်နေသော ဧရာမချိုကြီးတစ်ချို ဖြစ်၏။

"ဒါက.... ဒါက .... အစစ်အမှန်စိတ်ဝိညာဉ် ည လား" မန်ဟိုက မျက်လုံးကြီးပြူးလျက် စိုက်ကြည့်ရင်း တွေးလိုက်သည်။

သူတစ်ယောက်သာ ဤအခြင်းအရာကို မြင်တွေ့နေရခြင်းမဟုတ်။ ပထမတောင်ထိပ်၏အပြင်တွင် စုဝေးနေကြသော ကျန်တောင်ကောင်းကင်ကျင့်ကြံသူများလည်း မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် စောင့်ကြည့်နေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့ရပ်နေသော နေရာမှာ စတင်ပြိုကျလာ၏။ ကြယ်တာရာကောင်းကင်ဆီသို့ ဦးတည်နေသော အထွက်လမ်းဖြစ်သည့် ဧရာမအပေါက်ကြီးတစ်ပေါက် ပေါ်လာကာ လူတိုင်း မဆိုင်းမတွ ဝင်ရောက်သွားကြလေသည်။

သူတို့ အထွက်လမ်းထဲ ပျံဝင်သွားကြစဉ် သူတို့၏ခန္ဓာကိုယ်များမှ အဖြူရောင်အလင်းများ ဖြာထွက်လာသည်။ အလင်းသည် သူတို့အား မိစ္ဆာအင်မိုတယ်ပြင်ညီမှ ခွဲခြားနေပုံရ၏။ သူတို့၏ခန္ဓာကိုယ်များမှာ တ‌ဖြေး‌ဖြေး ဖောက်ထွင်းမြင်လာရပြီး မကြာခင် ပျောက်ကွယ်သွားတော့မည့်ပုံပင်။

တစ်ချိန်တည်းမှာပင် ကြယ်ရောင်လှိုင်းများက အဘက်ဘက်မှ ဖြာဆင်းလာပြီး ကြယ်စင်မြစ်ပြင်တစ်စင်း အသွင်ပြောင်းသွားသည်။ ကြယ်မြစ်၏ပေါ်ပေါက်လာမှုက တောင်ကောင်းကင်သို့ အပြန်ခရီးစတင်ခဲ့ပြီဖြစ်ကြောင်း ညွှန်ပြနေလေသည်။ မိစ္ဆာအင်မိုတယ်ဂိုဏ်း၏ ကံကြမ္မာကောင်းအရှာခရီးမှ ပြန်ချိန် ကျရောက်လာလေပြီ။

"မန်ဟို" ရှုချင်က စိတ်ထဲတွင် ဆောက်တည်ရာမဲ့စွာ အော်ဟစ်လိုက်သည်။ ခပ်ဖျော့ဖျော့ အလင်းရောင်တို့ သူမကို လွှမ်းခြုံလာစဉ် သူမက နှုတ်ခမ်းလေးကို ဖိကိုက်ချလိုက်၏။ တဖြေးဖြေး သူမခန္ဓာကိုယ်မှာ ပျောက်ကွယ်လာသော်လည်း သူမ၏စိုးရိမ်ပူပန်နေသော မျက်ဝန်း‌လေးများမှာ မန်ဟို့ကိုသာ မမှိန်မသုန် စိုက်ကြည့်နေလေသည်။

ဖန်ယုလည်း ထိုနည်းတူ စိတ်ပူနေသည်။ သူမသည် မိစ္ဆာအင်မိုတယ်ဂိုဏ်း ပျက်စီးနေသည်ကို ကြည့်ရင်း လက်သီးသီးကျစ်ကျစ်ပါအောင် စုပ်ထား၏။ "မြန်မြန်လုပ်စမ်း မန်ဟို။ အဲ့ဒီက မြန်မြန် ထွက်လာခဲ့စမ်းပါ"

ကျန်တောင်ကောင်းကင်ကျင့်ကြံသူများမှာမူ ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ဒွိဟဖြစ်နေကြသည်။ သူတို့သည် ရှေးဟောင်းမိစ္ဆာအင်မိုတယ်ဂိုဏ်းထဲ၌ ရုတ်တရက် ပြောင်းလဲသွားသော အဖြစ်အပျက်များကြောင့် အံ့ဩမှင်သက်နေကြ၏။ တစ်ချိန်တည်းမှာပင် မန်ဟိုနှင့်ပတ်သက်ပြီး အတွေးများက အဓိပ္ပာယ်ဖော်ရခက်နေသည်။

မန်ဟို့ကို သေစေချင်သည်။ သို့မှ သူတို့ အကြွေးများ ကြေမည်။ သို့သော် စောစောက မန်ဟို၏လုပ်ရပ်ကြောင့်သာမဟုတ်လျှင် သူတို့အားလုံး အသက်ရှင်မည်မဟုတ်။ ယင်းက သူ့အပေါ် ကျေးဇူးတင်စရာဖြစ်စေသည်။

သူတို့မှာ အတွေးပေါင်းစုံဖြင့် တိတ်ဆိတ်စွာ ကြည့်နေကြသည်။

မန်ဟိုမှာတော့ ကြောက်လန့်လွန်း၍ လိပ်ပြာလွင့်ပေတော့မည်။ မော်ကွန်းတင်ရလောက်အောင် ကြီးကျယ်သော အရာတစ်ခုအား လုပ်ခဲ့မိပြီဖြစ်ကြောင်း သူ ပြောနိုင်၏။

"ငါ သုံးစားမရတဲ့ ကြေးမုံလေးတစ်ချပ်ပဲ ထုတ်လိုက်တာ မဟုတ်ဘူးလား...." သူ့မှာ အံတင်းတင်းကြိတ်ရင်း တွေးနေမိသည်။ သူသည် ဖောက်ထွင်းမြင်နေရသော လမ်းကြောင်း၏ ထွက်ပေါက်ဆီသို့ မြန်နိုင်သမျှ မြန်မြန် ပျံသန်းနေဆဲဖြစ်သည်။

သို့သော် ဤအခိုက်အတန့်တွင် ကျွံ့ကျနေသော ‌မြေကြီးများဖြင့် ဝန်းရံလျက်ရှိသည့် အစစ်အမှန်စိတ်ဝိညာဉ်ည၏ ခေါင်းကြီးက ‌ဖြည်းဖြည်းချင်း မော့လာသည်။ ပဲ့တင်ရိုက်နေသော ငိုသံတစ်သံမှာ ယခင်ထက်ပင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းစွာဖြင့် အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွား၏။

ဒုတိယတောင်ထိပ်၊ ‌စတုတ္ထတောင်ထိပ် ၊ ပထမတောင်ထိပ် ၊ ပဉ္စမတောင်ထိပ်....

အကုန်လုံး တသိမ့်သိမ့် တုန်ရင်း လေပေါ် မြောက်တက်လာသည်။ မရေမတွက်နိုင်သော ကျောက်တုံးများ ၊ ကျောက်ဆောင်များ တဝုန်းဝုန်း ပြိုကျကာလာ .... ချိုကြီးလေးခု ပေါ်လာခဲ့လေပြီ။

ဦးမှင်ကြီးက တအိအိ မို့မောက်လှုပ်ရှားလာပြီး ထွက်ပေါက်ကလည်း မန်ဟို၏ အရှေ့နားလေးတွင်သာ ရှိတော့သည်။ မန်ဟို လွတ်တော့မည့်အချိန်မှာပင် .... ‌‌ကျွံ့ကျနေသောမြေကြီးထဲမှ ‌တစ်ဝက်ကျော် ထွက်ပြူနေပြီဖြစ်သော ခေါင်းကြီး၏ပိုင်ရှင် ညက ရုတ်တရက် အသက်ရှူသွင်းလိုက်၏။

အသက်ရှူသွင်းလိုက်ခြင်းက လမ်းကြောင်းတစ်လျှောက်တွင် စုပ်အားတစ်ခု ဖြစ်တည်လာစေသည်။ မန်ဟိုမှာ သူ၏ခန္ဓာကိုယ်အား မထိန်းချုပ်နိုင်တော့ပေ။ သူ့မှာ အထဲသို့ စုပ်ယူခံနေရကြောင်း ခံစား‌လိုက်ရသဖြင့် မျက်လုံးပြူးသွားတော့သည်။

သူသည် ကြောက်လန့်တကြား ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်အဝ ထုတ်လွှတ်လိုက်၏။ သူ၏ညာလက်က ‌ဘေးကိုလှမ်းပြီး နွယ်တစ်ပင်ကို ဆုပ်ကိုင်လိုက်သည်....

နွယ်များမှာ တကယ်တမ်း အစစ်အမှန်စိတ်ဝိညာဉ်ည၏ ဦးမှင်အထဲရှိ အမွှေးများဖြစ်ကြောင်း မန်ဟို မမြင်ဘဲ နေမည်လော....

၎င်းကို ဆုပ်ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက်  သူ ရွေ့လျားနေခြင်း ရပ်သွားသည်။ သို့သော် တခဏကြာသော် နွယ်ပင်မှာ ထောက်ခနဲ ‌ပြတ်တောက်သွား၏။ မန်ဟို့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားကာ သူ့မှာ နောက်တစ်ဖန် စုပ်ယူခံလိုက်ပြန်၏။ ဤအခြင်းအရာအားလုံးမှာ အသက်ဆယ်ရှိုက်ကျော်လေးအတွင်း ဖြစ်ပျက်သွားသော်လည်း မန်ဟို့အတွက်တော့ ထာဝရကြာသည့်အလားပင်။

"ဒါက တကယ်ပဲ အစစ်အမှန်စိတ်ဝိညာဉ်ည အသက်ရှူနေတာဆိုရင် ..." သူက တွေးသည်။ "အသက်ရှူတယ်ဆိုတာ ဝင်လေနဲ့ ထွက်လေပါမှာပဲ။ ဒါက ဝင်လေဆိုရင် ထွက်လေ လာတော့မှာ သေချာတယ်။ စွန့်စားဖို့ အချိန်ကျပြီ" ထို့နောက် သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားသော စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်သွား၏ ။ ယခုတွင် စွန့်စားရုံမှတစ်ပါး တခြားလုပ်နိုင်သည့်အရာ မရှိသည်သာ။

သူသည် နွယ်များကို ဆုပ်ကိုင်ထားပြီး သူ၏လှုပ်ရှားမှုကို နှေးကွေးစေရန် ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်အဝကိုလည်း ထုတ်လွှတ်ထားဆဲဖြစ်သည်။ အသက်ဆယ်ရှိုက်ကုန်သွား၏။ သူ၏အောက်တွင် လမ်းကြီး၏အဆုံးနှင့် အစစ်အမှန်စိတ်ဝိညာဉ်ည၏ခေါင်းကြီးကို နောက်တစ်ဖန် မြင်လိုက်ရလေပြီ။ သို့သော် ဤအခိုက်တွင် ရှူသွင်းခြင်း ရပ်သွားသည်။ ထို့နောက် ဆန့်ကျင်ဘက်အရပ်မှ အလွန်တရာပြင်းထန်သော တွန်းအားကြီးတစ်ရပ် ဖြစ်တည်လာ၏ ။

မန်ဟို့မျက်လုံးများ တလက်လက် တောက်ပသွားသည်။ သူ့တစ်ကိုယ်လုံး ဝုန်းခနဲ မြည်ဟည်းသွားပြီး သွေးများ ပါးစပ်မှ ပန်းထွက်သွားသည်။ တွန်းအားကြောင့် မန်ဟို အပေါ်သို့ ထိုးတက်သွားလေပြီ။ သူ၏မျက်လုံးများမှာ ရူးသွပ်မှုတို့ဖြင့် ပြည့်နေပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှ အရှိန်ပိုတင်ပေးလိုက်၏။

ဖြစ်စဉ်တစ်ခုလုံး အသက်ဆယ်ရှိုက်ပင် မကြာလိုက်ပေ။ မန်ဟို့ခန္ဓာကိုယ်ကား ရုတ်တရက် .... ဦးမှင်အတွင်းမှ ထွက်လာခဲ့လေပြီ။

သူ ပျံထွက်လာသည့်အချိန်တွင် မိစ္ဆာအင်မိုတယ်ဂိုဏ်းမြေများအားလုံး ရစရာမရှိအောင် ပြိုကျပျက်စီးသွားခဲ့လေပြီ။ ဆဋ္ဌမတောင်ထိပ်နှင့် သတ္တမတောင်ထိပ်မှာ ပြင်းပြင်းထန်ထန် လှုပ်ခါနေသည်။ ၎င်းတို့အောက်မှ... မိစ္ဆာအင်မိုတယ်ဂိုဏ်းနယ်မြေများ၏ တစ်ဝက်ကျော်မျှ ကြီးမားသော ခေါင်းကြီးတစ်လုံး ထွက်လာသည်။

၎င်းသည် လူပုံစံရှိသော်လည်း နက်မှောင်နေသောအကြေးခွံများဖြင့် ဖုံးနေလေသည်။ ၎င်းတွင် ဧရာမချိုကြီး ခုနစ်ခုနှင့် အဆုံးတွင်  အစိမ်းရောင်အလင်းတောက်နေသော ဦးမျှင်အရှည်ကြီးတစ်ခု ရှိသည်။

၎င်း၏မျက်လုံးများမှာ တစ်ဝက်ပွင့်နေပြီး နိုးနိုးချင်း တွေဝေငေးကြောင်နေမှုအား မြင်ရပေမည်။ စကားလုံးများဖြင့် ဖော်ပြမတတ်နိုင်လောက်အောင် အံ့ဖွယ်ကောင်း‌သောစွမ်းအင်တစ်ခုသည်လည်း ၎င်း၏ခန္ဓာကိုယ်တွင် သက်ဝင်စီးဆင်းနေ၏။

ဤသည်ကား ... အစစ်အမှန် စိတ်ဝိညာဉ် ည ပင်။

၎င်းတွင် တောင်အယောင်ဖန်ဆင်းနိုင်သော ချိုကြီးခုနစ်ခုရှိပြီး ခေါင်းကြီးသည် တစ်ဝက်သာ ထွက်လာရသေးသည့်တိုင် ၎င်း၏အံ့ဖွယ်အရှိန်အဝါကား ကြည့်လိုက်မိသည့် မည်သူ့ကိုမဆို စိတ်နှလုံးတုန်လှုပ်သွားစေမည်ဖြစ်၏။

မန်ဟိုသည် အမြန်ဆုံး ပျံပြေးနေ၏ ။ သူကိုယ်တိုင်မှာ အစစ်အမှန်စိတ်ဝိညာဉ်ညနှင့်ယှဉ်လျှင် ဘာဆိုဘာမှ မဟုတ်ပေ။ ထို့အပြင် အစစ်အမှန်စိတ်ဝိညာဉ်ည နှင့် အရွယ်အစားယှဉ်နိုင်သည့်အရာဆို၍ ကျိုးပြည်ကို ကျောပေါ်တင်ထားသော မှီခိုရာဂိုဏ်းချုပ်သာ ရှိကြောင်း မတွေးမိဘဲ မနေပေ။

"ငါ့မှာ သုံးစားမရတဲ့ ကြေးမုံကိုပဲ ထုတ်လိုက်မိတာပါ ။ ဘယ်နှယ့်ကြောင့် ဒီလိုဟာကြီး နိုးထလာအောင် လှုံ့ဆော်ခဲ့မိတာတုန်း" မန်ဟို့မှာ ဇောချွေးတို့ပြန်နေရင်း တောင်ကောင်းကင်ကျင့်ကြံသူများ တည်‌ရှိရာသို့ တဟုန်ထိုးသွားနေလေသည်။။ တောင်ကောင်းကင်ကျင့်ကြံသူအားလုံးမှာတော့ အစစ်အမှန်စိတ်ဝိညာဉ်ညကို အ‌ထိတ်တလန့် ငေးကြည့်နေကြ၏ ။

သူတို့၏စိတ်ထဲတွင် မိုးခြိမ်းသံများ မြည်ဟည်းနေပြီး သူတို့မှာ စကားပင် ပြောနိုင်စွမ်းမရှိတော့ပေ။ တစ်ချိန်တည်းမှာပင် သူတို့သည် အရိပ်များသဖွယ် ပျောက်ကွယ်လုနီးပါး ဖောက်ထွင်းမြင်နေရပြီဖြစ်သည်။

မန်ဟိုမှာ ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံ သုံးရင်း အစိမ်းရောင်အခိုးအငွေ့၊ မဟူရာလအသွင်ပြောင်းကာ တတ်နိုင်သမျှ မြန်မြန်ပြေးနေသည်။ သို့သော် သူ ထွက်ပေါက်ရောက်သွားသည့်အခိုက်အတန့်တွင် အစစ်အမှန်စိတ်ဝိညာဉ်ညက ငိုသံမဟုတ်သော ပထမဆုံးအသံကို ထုတ်လွှတ်လိုက်၏။

"ည"

***

All Chapters