← Chapters

သူက ငါရဲ့ ညီလေး

Vol. 45 Ch. 621

သူက ငါရဲ့ ညီလေး

Vol. 45 Ch. 621

အစစ်အမှန်စိတ်ဝိညာဉ်ည၏ အသံကြီး ဟိန်းထွက်လာသည့်အခိုက်အတန့်မှာပင် တောင်ကောင်းကင်ကျင့်ကြံသူများမှာ ကြယ်ရောင်များ၏ ဝန်းရံခြင်းခံလိုက်ရလေပြီ။ ကြယ်ရောင်များထဲတွင် ဖုံမှုန့်များ၊ အပိုင်းအစများရောနှောနေပြီး ၎င်းတို့က အရာအားလုံးကို လွှမ်းခြုံကာ ကြယ်မြစ်တစ်စင်းအဖြစ် ဖန်ဆင်းလိုက်သည်။

ကြယ်စင်မြစ်ပြင်ကြီးမှာ အနန္တအလင်းစက်များ ပြည့်နေသော အလင်းတန်းကြီးသဖွယ်  ဆန့်ထွက်သွားကာ တောင်ကောင်းကင်ကျင့်ကြံသူအားလုံးကို တောင်ကောင်းကင်ဂြိုဟ်သို့ ပြန်လည်ပို့ဆောင်ပေးရန် အသင့်ပြင်ရင်း ရွေ့လျားလာသည်။ ဤကြယ်မြစ်ကြီးက သူတို့အား ဤနေရာသို့ သယ်ယူပို့ဆောင်ပေးခဲ့ခြင်းဖြစ်လေရာ ထိုအတိုင်း ပြန်လည်ခေါ်ဆောင်ပေးသွားမည်မှာ သဘာဝသာ မဟုတ်ပါလော။

ကြယ်မြစ်ကြီးကို မြင်လျှင်ချင်း လူတိုင်းမှာ စိတ်သက်သာရာ ရသွားတော့သည်။ အဖြစ်အပျက်များ မည်မျှလျင်မြန်စွာ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေသည်ကို ထည့်တွက်လျှင် သူတို့အနေဖြင့် အန္တရာယ်လက်တွင်းမှ တတ်နိုင်သမျှမြန်မြန် ထွက်သွားချင်ကြ၏။

လောလောဆယ်တွင် ဤနေရာမှာ ရှေးဟောင်းမိစ္ဆာအင်မိုတယ်ဂိုဏ်း၏ စတုတ္ထပြင်ညီမဟုတ်တော့ ...  ဤအချိန်အထိ မသိခဲ့ရသော ပဉ္စမပြင်ညီ ဖြစ်နေလေပြီ။

အစစ်အမှန်စိတ်ဝိညာဉ်ည နိုးထလာသော ပဉ္စမပြင်ညီ။

အစစ်အမှန်စိတ်ဝိညာဉ်ည၏ အသံပဲ့တင်ထပ်လာစဉ် ‌အရပ်မျက်နှာတစ်ခွင်ရှိ မြေပြင်နှင့်ကောင်းကင်ကြီးမှာ လိမ်ဖယ်လာပြီး သရဲပုံရိပ်များ ပေါ်လာသယောင်ပင်။ တစ်ကမ္ဘာလုံးကား ရှေးခေတ်သို့ ပြန်ရောက်သွားပုံရသည်။ မရေမတွက်နိုင်သော လူရိပ်များ တဖွားဖွား ထွက်ပေါ်လာပြီး အရာအားလုံး စိမ်းလန်းစိုပြည် စည်ပင်သိုက်မြိုက်သွားသည်။ သို့သော် တစ်ခါတရံ  အကုန်လုံး အလောင်းများပြည့်နေသော အပျက်အစီးများ ပြန်ဖြစ်သွားတတ်သည်။ တောင်ထိပ်ခုနစ်လုံးမှာလည်း ည၏ ခေါင်းပေါ်က ချိုကြီးခုနစ်ခုဖြစ်သွားလိုက်၊ တောင်ထိပ်များပြန်ဖြစ်သွားလိုက် ပြောင်းလဲနေသည်။

သရဲပုံရိပ်များသည် တစ်ကမ္ဘာလုံးတွင် ပေါ်လိုက်ပျောက်လိုက် တဖျပ်ဖျပ် လှုပ်နေ၏။ အစစ်အမှန်စိတ်ဝိညာဉ်ညကား .... မြေကြီးအတွင်းမှ ၎င်း၏ခေါင်းကြီးတစ်ခေါင်းလုံးကို ‌မော့လိုက်လေပြီ။

အစစ်အမှန်စိတ်ဝိညာဉ်ည အိပ်ပျော်နေလျှင် ကမ္ဘာလောကကြီးသည် အိပ်မက်လေးတစ်ခုသာ ဖြစ်၏။ အစစ်အမှန်စိတ်ဝိညာဉ်ည နိုးထလာခဲ့လျှင် ကောင်းကင်နှင့်မြေကြီးတွင် ကပ်ဆိုက်ပေလိမ့်မည်။

မန်ဟိုမှာ အသက်မနည်းရှူနေရပြီး တောင်ကောင်းကင်ကျင့်ကြံသူများမှာ အထိတ်တလန့် ‌ကြည့်နေကြလေသည်။ သူတို့၏ခန္ဓာကိုယ်မှာ တစ်ပိုင်းတစ ဖောက်ထွင်းမြင်နေရပြီဖြစ်သော်လည်း ‌ကြောက်လန့်တကြား နောက်ဆုတ်မိသွားကြပြီး တတ်နိုင်သမျှမြန်မြန် နေရာရွှေ့ပြောင်းနိုင်ရန် ဆုတောင်းနေကြ၏။

အသည်းအူကျွမ်းပြန်လောက်အောင် ကြောက်မက်ဖွယ်အသံကြီးကို ထုတ်လွှတ်ပြီးနောက် အစစ်အမှန်စိတ်ဝိညာဉ်ည၏ ဧရာမခေါင်းကြီးက ရုတ်တရက် ... မပီသသောအသံကြီးဖြင့် စကားပြောလာသည်။ "ငါ့ရဲ့ အဖိုးထိုက်ကြေးမုံကို ... ငါ့ဆီ ပြန်ပေး"

အသံကြီးမှာ တုံ့ပြန့်လူးလာ ပဲ့တင်ထပ်သွားရာ မန်ဟို့စိတ်ကို တုန်ရီသွားစေပြီး ‌သွေးတစ်လုပ်အန်လိုက်ရစေသည်။ တောင်ကောင်းကင်ကျင့်ကြံသူများမှာလည်း မိုးကြိုးများဖြင့် ပစ်ချခံနေရသည့်အလား စိတ်အာရုံတို့ ချာချာလည်ကုန်ကြသည်။ ည၏ အသံကြီးကား နားကွဲလုမတတ်ပင်။

တခဏကြာသော် တောင်ကောင်းကင်ကျင့်ကြံသူအားလုံး မန်ဟို့ကို လှမ်းကြည့်လိုက်ကြသည်။ တစ်ယောက်ပြီးတစ်ယောက် သူတို့၏အံ့ဩတုန်လှုပ်နေမှုကို ထုတ်ဖော်လာကြ၏။

"မန်ဟို ဘယ်ရတနာကို ယူသွားတာလဲ"

"အဲ့ဒီမိစ္ဆာသားရဲကြီးဆီက အဖိုးထိုက်ရတနာခိုးပြီး နှိုးမိသွားတာတော့ မဟုတ်ဘူးမလား"

"အဖိုးထိုက်ကြေးမုံ .... မဟုတ်မှ ... မဟုတ်မှ ... စတုတ္ထပြင်ညီမှာတုန်းက ငါတို့မြင်တဲ့ မှန်လိုချောမွတ်နေတဲ့ ‌ကုန်းမြေထုကြီးလား"

သူတို့၏အသံများ ဟိန်းထွက်နေစဉ် သူတို့၏မျက်လုံးများမှာ သေမတတ် အားကျမနာလိုမှုတို့နှင့်အတူ အံ့ဩထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်လာသည်။

"ကုန်းမြေကြေးမုံကို ထုတ်ပြီး ... ငါ့ပြန်ပေး" အစစ်အမှန်စိတ်ဝိညာဉ်ညက ပြောသည်။ ဤတစ်ခေါက်တွင် ၎င်း၏အသံကြီးမှာ ပို၍ပီသလာ၏။ ၎င်း စကားပြောနေစဉ် အလွန်တရာ များပြားလှသော မိုးကြီးများ ‌တောင်ထိပ်ခုနစ်လုံး၏ပတ်ပတ်လည်တွင် စုဝေးလာသည်။

မန်ဟို ပါးစပ်ပင် မဟနိုင်ခင် ည စကား၏ အဓိပ္ပာယ်ကို နားလည်လိုက်သဖြင့် တောင်ကောင်းကင်မှအုပ်စုမှာ ‌အသက်ရှူသံများ မြန်လာကြတော့သည်။

မရေမတွက်နိုင်သော အဖိုးထိုက်ရတနာများ ပါရှိနေသည့် စတုတ္ထပြင်ညီ၏ ကုန်းမြေကြေးမုံကြီးကား .... မန်ဟို၏ ယူဆောင်ခြင်း ခံခဲ့ရလေပြီ။

တောင်ကောင်းကင်ကျင့်ကြံသူအားလုံးနီးပါးမှာ မျက်လုံးများ ရဲတွတ်သွားကြတော့သည်။ ဖန်ယုပင်လျှင် အသက်ပင်မရှူနိုင်ဘဲ မယုံနိုင်သောမျက်နှာထားလေးဖြင့် မန်ဟို့ကို ကြည့်နေသည်။

ဝမ်လီဟိုင် ၊ ဟန်ပေ့ ၊ လီရှိချီ နှင့် ကျန်ရှိသူများအားလုံး အဆုံးစွန်အထိ စိတ်နှလုံးတုန်လှုပ်နေကြရင်း မယုံနိုင်‌ဖြစ်နေကြသည်။

ကုန်းမြေကြေးမုံကြီးအား ... မန်ဟို မည်သို့ ယူနိုင်ခဲ့လေသနည်း။

ကျီမျိုးနွယ်များ မျက်လုံးပြူးနေကြသည်။ ‌မြောက်ပိုင်းသဲကန္တာရနှင့် တောင်ပိုင်းဒေသမှ ကျင့်ကြံသူများမှာ အသက်ပင်မနည်းရှူနေကြရသည်။ လူတိုင်းမှာ ဤသတင်းကြောင့် ကြက်သေသေကုန်ကြလေပြီ။

ရှုချင်လည်း မယုံနိုင်ဖြစ်နေသည်။ သူမသည် မန်ဟို့ကို ကြည့်နေပြီး အပြုံးလေးတစ်ခုက သူမမျက်နှာလေးအပေါ်တွင် လှပစွာ ဖြစ်ထွန်းလာလေသည်။

မန်ဟိုကတော့ မျက်မှောင်ကြုတ်နေသည်။ သူသည် စကားတစ်ခွန်းမှမဆိုဘဲ အမြန်ဆုံး ပြေးနေ၏။ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းအများစုမှာ ဖောက်ထွင်းမြင်လာရပြီဖြစ်ပြီး နေရာရွှေ့ပြောင်းခြင်းစွမ်းအားကိုလည်း ပြတ်ပြတ်သားသား ခံစားနေရလေပြီ။

တစ်ချိန်တည်းမှာပင် ကြယ်မြစ်ကြီးသည် ယခုတွင် အပြည့်အ‌ဝ ပေါ်ပေါက်လာတော့ပေမည်။ ၎င်းမှာ အဆုံးမဲ့ ဆန့်တန်းနေပြီး မရေမတွက်နိုင်သော အလင်းစက်များဖြင့် ပြည့်နေ၏။ ၎င်းက မန်ဟိုအပါအဝင် တောင်ကောင်းကင်ကျင့်ကြံသူများကို ပွေ့ယူသယ်ဆောင်ရင်း ဟင်းလင်းပြင်ကို လွှမ်းခြုံသွားသည်။ ထို့နောက် ၎င်းသည် လည်လာပြီး အဝေးသို့ စတင်ရွေ့လျားလာ၏။

မန်ဟိုနှင့်အခြားသူများ ကြယ်မြစ်ကြီး၏ ပွေ့ယူခံလိုက်ရသည့်အချိန်မှာပင် အစစ်အမှန်စိတ်ဝိညာဉ်ည၏ မျက်လုံးများမှာ အလျှင်းပွင့်လာခဲ့လေပြီ။ ထိုမျက်လုံးများအထဲရှိ တွေဝေငေးကြောင်နေမှုမှာ အစအနမကျန် ဖယ်ရှားခံလိုက်ရကာ ‌အသိရှိမှုတို့ဖြင့် ပြည့်နှက်သွားသည်။ အစစ်အမှန်စိတ်ဝိညာဉ်ညကား... ယခုတွင် အပြည့်အဝ နိုးထလာခဲ့လေပြီ။

အပြည့်အဝနိုးထလာသည့်နှင့် အစစ်အမှန်စိတ်ဝိညာဉ်ညက ဟိန်းဟောက်လိုက်ရာ တစ်လောကလုံး တုန်ခါသွားပြီး ဟင်းလင်းပြင်ကြီးပင် ရွေ့လျားနေခြင်း ရပ်တန့်သွားသည်။ ကြယ်မြစ်ပင်လျှင် တုန်ခါသွားပြီး တုံ့ခနဲ ရပ်သွား၏။

မန်ဟို မျက်နှာပျက်သွားပြီး တောင်ကောင်းကင်ကျင့်ကြံသူများလည်း ထိတ်လန့်ကြောက်ရွံသွားကြသည်။

ရုတ်တရက် အောက်ရှိ မြေပြင်မှာ ဝုန်းခနဲ ကွဲထွက်သွားပြီး ဧရာမလက်ကြီးတစ်ဖက် တဖြည်းဖြည်း မြောက်တက်လာသည်။ ၎င်းသည် မည်းနက်နေပြီး အကြွေးခွံအပြည့် ဖုံးနေကာ လက်ချောင်းလေးချောင်းသာ ရှိ၏။ ၎င်း မြေကြီးမှ ထိုးထွက်လာသဖြင့် အောက်တွင် ကျင်းနက်ကြီးကျန်ခဲ့လေသည်။ လက်ကြီးမှာ တစ်ဖက်လုံး မမြင်ရအောင် အလွန်ရှည်လျားလှသည့်အပြင် လက်ဝါးကြီးမှာလည်း မိုးကောင်းကင်တစ်ပြင်လုံးကို ပိတ်ဖုံးကွယ်နိုင်လောက်အောင် ကြီးမား‌သယောင်ပင်။

လက်ကြီးက ဆန့်ထွက်လာပြီး ကြယ်မြစ်ကြီးကို ဖမ်းလိုက်၏။

"ဒီကို ပြန်လာခဲ့စမ်း" အစစ်အမှန်စိတ်ဝိညာဉ်ညက ကောင်းကင်ဘုံသို့တိုင် ရိုက်ခတ်သွားသောအသံကြီးဖြင့် ပြောသည်။ မန်ဟို၏ခန္ဓာကိုယ်မှာ သူ၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ ကြယ်မြစ်ကြီးမှ ဧရာမလက်ကြီးဆီသို့ ဆွဲထုတ်ခံလိုက်ရတော့သည်။

အံ့သြဖွယ်ကောင်းစွာနှင့်... မျက်စိတစ်မှိတ်အတွင်း သူကား လက်ကြီး၏အပေါ်တွင် ရပ်နေလေပြီ။ မန်ဟို့မျက်နှာမှာ ဖြူဆုပ်နေပြီး သူ၏မျက်လုံးများကတော့ စူးရှတောက်ပနေ၏။ ယခုတွင် မန်ဟိုမှာ ကြယ်မြစ်ကြီးအထဲမှ ဆွဲထုတ်ခံလိုက်ရပြီဖြစ်၍ ၎င်းသည် နောက်တစ်ဖန် သိမ့်ခနဲ တုန်သွားပြီး ‌ဖြေးညင်းစွာ ရွေ့လျားစပြုလာသည်။ တောင်ကောင်းကင်ကျင့်ကြံသူများကား အဝေးသို့ ပြန်လည်ရွေ့လျားနေကြလေပြီ။

"မန်ဟို" ရှုချင်မှ မျက်စိမျက်နှာပျက်နေပြီး ရုန်းထွက်သော်လည်း ကြယ်မြစ်ကြီးအထဲမှ မထွက်နိုင်ဖြစ်နေ၏။ ဖန်ယုမျက်နှာတွင်လည်း စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေသည်။ ကျန်ရှိသူများအနက် အများစုမှာ သူတစ်ပါးကံဆိုးမိုးမှောင်ကျနေသည်ကို ဝမ်းသာနေကြ၏။

"သူတော့ သေပြီ။ အဲ့ဒီမိစ္ဆာသားရဲက သေချာပေါက် သူ့ကို တမင်ခေါ်ထုတ်လိုက်တာ ။ သေချာ‌ပေါက် သေပြီပဲ"

"အဲ့ဒီသတ္တဝါကြီးရဲ့ အဖိုးထိုက်ရတနာကို ခိုးလိုက်တာမလား။ ဘယ်နည်းနဲ့မျှ သူ့ကို အလွှတ်ပေးတော့မှာ မဟုတ်ဘူး"

ကျင့်ကြံသူများသည် စောင့်ကြည့်ရင်း အဝေးသို့ တဖြေးဖြေး ရွေ့လျားသွားကြသည်။ အစစ်အမှန်စိတ်ဝိညာဉ်ညက မန်ဟိုရပ်နေသော လက်ဝါးကြီးကို ၎င်း၏အရှေ့တည့်တည့်သို့ ရောက်သည်အထိ ပြန်ရုတ်လိုက်သည်။ မန်ဟိုမှာ လက်ဝါးကြီးအပေါ်တွင် ရပ်၍ ဧရာမခေါင်းကြီးနှင့် ည၏ မျက်လုံးနှစ်လုံးကို မော့ကြည့်ရင်း မျက်နှာတွင် သွေးမရှိတော့ပေ။

မန်ဟို၏ညာလက်က သူ၏သိုလှောင်အိတ်အပေါ် ရောက်သွားပြီး အေးစက်သော အလင်းရောင်အား သူ၏မျက်လုံးများတွင် မြင်နိုင်လေသည်။ သူသည် အစစ်အမှန်စိတ်ဝိညာဉ်ညအတွက် ပြိုင်ဘက်မဟုတ်ကြောင်း သိ၏။ ၎င်း၏ဝင်လေထွက်လေလေးပင် သူ၏အသက်မီးတောက်ကို ငြိမ်းသေသွားစေနိုင်သည်။ သို့သော် သေရေးရှင်ရေးအခြေအနေမရောက်မချင်း မန်ဟိုကတော့ အစွမ်းအကုန်ထုတ်မည်သာ ဖြစ်၏။

"မင်းမှာ ငါနဲ့ ရင်းနှီးတဲ့ အရှိန်အဝါ မရှိဘူး..." အစစ်အမှန်စိတ်ဝိညာဉ်ညက မန်ဟို့ကို လှမ်းကြည့်ရင်း ပြောသည်။ သူ၏ညာလက်မှာ တဖြေးဖြေး လက်သီးဆုပ်‌လာလေပြီ။ အလွန်ကြီးမားသောဖိအားကြီးက မန်ဟို့ကို လွှမ်းခြုံလာသည်။ အရိုးအက်သံများ ကြားလိုက်ရပြီး သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ သူ၏ခန္ဓာကိုယ်မှာ တစစီ ပျက်စီးပေတော့မည်။ အတွင်းကလီစာများပင်လျှင် ပေါက်ကွဲတော့မတတ် ဖြစ်နေလေပြီ။

သို့သော် ဤအခိုက်အတန့်တွင် အဖြူရောင်ဝတ်ရုံနှင့်ပုံရိပ်တစ်ခုက လေလယ်တွင် ဖျတ်ခနဲ ပေါ်လာသည်။ သူက တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာ၏။ ပြီးခဲ့သော အခိုက်အတန့်လေးတုန်းက အဝေးတွင်ဖြစ်ခဲ့သည်။ နောက်အခိုက်အတန့်တွင်တော့ မန်ဟို့ အရှေ့တည့်တည့်သို့ ရောက်နေခဲ့လေပြီ။ သူက မန်ဟို့ကို ကျောပေး၍ ကာကွယ်ပေးထားရင်း အစစ်အမှန်စိတ်ဝိညာဉ်ညကို ရပ်ကြည့်နေသည်။

သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မီးခိုးရောင်ရင့်ရင့် ဆံပင်ရှည်ရှည်များ ရှိ၏။ သူ၏ပုံစံမှာ ဖော်ပြ၍မတတ်နိုင်လောက်အောင်ပင် ရှေးဆန်နေလျက်ရှိသည်။ ဤလူကား ... ခဲကျုံစစ်။

"မင်း သူ့ကို ထိခိုက်အောင် မလုပ်ရဘူး" ခဲကျုံစစ်က အစစ်အမှန်စိတ်ဝိညာဉ်ညကို မော့ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏အသံမှာ အံ့ဖွယ်စွမ်းအားတစ်ရပ်ဖြင့် ပြည့်နှက်နေသည်။ ‌အဆိုပါစွမ်းအားက အစစ်အမှန်စိတ်ဝိညာဉ်ညကို တန်ပြန်တိုက်ခိုက်နိုင်သည့်အလား ကောင်းကင်နှင့်မြေကြီးတွင် ရောင်စုံအလင်းများ ပြိုးပြိုးပြက်ပြက် လက်သွားစေ၏။

အစစ်အမှန်စိတ်ဝိညာဉ်ညက ခဲကျုံစစ်ကို ကြည့်သည်။ "ငါ နိုး လာ ပြီ" ၎င်းအသံကြီးက ပျင်းရိလေးတွဲနေ၏။ "အသက်တစ်ချောင်းကိုတော့ နုတ်ယူမှဖြစ်မယ်"

"သူက အဖေကိုယ်တိုင် အသိအမှတ်ပြုထားတဲ့ အဖေ့သားတစ်ယောက်ပဲ" ခဲကျုံစစ်က ခပ်တိုးတိုး ပြောသည်။ သူ့အနောက်ရှိ မန်ဟိုမှာတော့ တစ်ကိုယ်လုံးတုန်ရီသွားလေသည်။ သူ ခဲကျုံစစ်ကို ကြည့်နေစဉ် ဒုတိယပြင်ညီမှာတုန်းက သူနှင့်ခဲယွင်ဟိုင်အကြားဖြစ်တည်ခဲ့သော နွေးထွေးကြင်နာမှုတို့က ရုတ်တရက် သူ၏နှလုံးသားကို လွှမ်းခြုံသွား၏။

"အဲ့ဒါက အိပ်မက်လေးတစ်ခုပဲ" ညက အေးတိအေးစက် ပြောသည်။

"အဖေ သူ့ကို လက်ခံလိုက်မှတော့ အတုအ‌ယောင်ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးဘူး" ခဲကျုံစစ်၏မျက်လုံးများက လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပနေသည်။ "သူက... ငါ့ရဲ့ ညီလေးပဲ။ ငါ ဒီမှာရှိနေသရွေ့ မင်းတင်မကဘူး ဘယ်ဖြစ်တည်မှုမှ သူ့ကို  လက်ဖျားနဲ့တောင် ထိလို့ရမယ် မထင်နဲ့"

သူစကားပြောလိုက်စဉ် လျှို့ဝှက်နက်နဲသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။

မန်ဟိုသည် ခဲကျုံစစ်၏နောက်ကျောကို ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေ၏။ သူ၏ သိုလှောင်အိတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသော လက်မှာ ပြေလျော့သွားလေသည်။

"ကျွန် .. ကျွန်တော် ကုန်းမြေကြေးမုံကို ပြန်ပေးပါ့မယ်...." မန်ဟိုက သက်ပြင်းဖွဖွချရင်း ပြောသည်။ သို့သော် သူ့ပါးစပ်မှ စကားလုံးများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ခဲကျုံစစ်က ခေါင်းလှည့်ပြီး မန်ဟိုကို လေးလေးနက်နက် ကြည့်သည်။

ဤသည်မှာ ခဲကျုံစစ်အား မန်ဟို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူသည် ခဲယွင်ဟိုင်ကို ကြည့်နေမိသည်လားဟုပင် တွေးလိုက်မိ၏။ ရုပ်ချင်းဆင်လွန်းသဖြင့် သူ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

သို့သော် တခဏကြာ‌သော် ခဲယွင်ဟိုင်မဟုတ်ကြောင်း သဘောပေါက်လိုက်၏။

"ပေးစရာ မလိုဘူး" ခဲကျုံစစ်က ပြောသည်။ စောစောက မန်ဟိုသည် သေရမည်ကိုပင် မကြောက်ခဲ့ကြောင်း သူမြင်ခဲ့ရ၏။ သို့သော် ယခုတွင် သူကား ကုန်းမြေကြေးမုံကို ‌စိတ်ပါလက်ပါ ပေးချင်နေလေသည်။ ခဲကျုံစစ် နားလည်သွားပြီး ထိုအခြင်းအရာက သူ၏မျက်ဝန်းထဲတွင် နွေးထွေးကြင်နာမှုတို့ ပေါ်ပေါက်လာစေသည်။ "မင်း ယူသွားနိုင်မှတော့ မင်းမှာ ရေစက်ပါတယ်လို့ ဆိုလိုတာပဲ။ ဒါ့အပြင် ... ညနိုးလာတာက ကပ်ဘေးကြီးသက်သက်တင် မဟုတ်ဘူး"

ခဲကျုံစစ်က မန်ဟို့ကို ကြည့်သည်။ "ငါ့ကို ယုံလား"

မန်ဟိုက ခဲယွင်ဟိုင်နှင့် ရုပ်ချင်းလွန်စွာဆင်သော ခဲကျုံစစ်ကို ကြည့်လိုက်သည်။ သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ပြန်ဖြေ၏။ "ကျွန်တော် ယုံတယ်"

"အတိတ်တုန်းက သခင်လီက အစစ်အမှန်စိတ်ဝိညာဉ်ညကို နှိုးနိုင်တဲ့ ဘယ်သူ့ကိုမဆို ရွေးချယ်စရာနှစ်ခု ပေးဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်" ခဲကျုံစစ်သည် မန်ဟိုကို နောက်တစ်ကြိမ် အလေးအနက်ကြည့်ပြီး အစစ်အမှန်စိတ်ဝိညာဉ် ယညကို ပြန်လှည့်ကြည့်လိုက်၏။ "ည သူက ငါ့ညီလေးဖြစ်တဲ့အတွက် သူ့ရဲ့အုပ်ထိန်းသူအနေနဲ့ ငါ ဆုံးဖြတ်ချက်ချမယ်။ ဒုတိယလမ်းကို  ရွေးချယ်တယ်"

ညသည် ဝေခွဲရခက်နေသော အမူအရာဖြင့် အကြာကြီး တိတ်ဆိတ်သွား၏။ နောက်ဆုံးတွင် ၎င်း၏အကြည့်က မန်ဟို့အပေါ် ကျရောက်လာသည်။

၎င်းက ဖြေးဖြေးချင်း စတင် ရှင်းပြလေသည်။ "သခင်လီက ငါ့ကို နှိုးနိုင်တဲ့ ဘယ်သူကိုမဆို ရွေးချယ်စရာနှစ်ခုပေးဖို့ အမိန့်ထုတ်ခဲ့တယ်။ ပထမတစ်ခု ... ‌ကုန်းမြေကြေးမုံကို ငါ့ဆီပြန်ပေး၊ ငါ ဆက်အိပ်မယ်...

"ဒုတိယတစ်ခု ... ကြေးမုံကို ပြန်မပေးဘဲ သခင်လီရဲ့ အမွေကို လက်ခံဖို့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ရမယ်။ တောင်သုံးလုံးကို လျှောက်လှမ်း၊ အထွတ်အမြတ်နယ်မြေတွေကို ဖြတ်သန်း၊ လေးထပ်မြောက် ကောင်းကင်ဘုံကို တက်လှမ်းပြီး ... သခင်လီရဲ့အမွေအနှစ်ကို ရယူတာပဲ။ မအောင်မြင်ရင် ... ငါ့အိပ်မက်ထဲမှာ ဧည်သည့်တစ်ယောက်အနေနဲ့ နေရစ်ခဲ့ရမယ်"

အသံကြီး ပဲ့တင်ထပ်နေစဉ် ကြယ်မြစ်ထဲရှိ တောင်ကောင်းကင်ကျင့်ကြံသူများပင် ကြား‌နေရ၏။ အစစ်အမှန်စိတ်ဝိညာဉ်ည၏ စကားလုံးများကို ကြားသောအခါ သူတို့မှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေသည်။ အထူးသဖြင့် ကျီမျိုးနွယ်များနှင့် မြောက်ပိုင်းသဲကန္တာကမှ ကျင့်ကြံသူများပင်။ သူတို့သည် ဆထက်ထိုး ပြင်းထန်လာသော မနာလိုမှု၊ ရူးသွပ်လိုမှုတို့ဖြင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လျက် ‌အဝေးရှိ မိစ္ဆာအင်မိုတယ်ဂိုဏ်းအား မယုံနိုင်သလို ပြန်လှည့်ကြည့်လိုက်ကြသည်။

"ဒါ ... ဒါ ... ဒါ ... ဘယ်လိုကံကြမ္မာကောင်းမျိုးလဲ"

"သေစမ်း ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။ ကံဆိုးမိုးမှောင်ကျတာ မဟုတ်တော့ဘူး။ တကယ်တမ်း ကံဆိုးမိုးမှောင်ကျသင့်တာ မဟုတ်ဘူးလား။ မန်ဟိုက သုတ်သင်ခံရမှာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီလိုကံကောင်းမှုမျိုးက ပေါ်လာတာလဲ။ သခင်လီရဲ့ အမွေအနှစ်တဲ့လား။ တကယ်ကြီး ။ သခင်လီရဲ့ အမွေအနှစ်တဲ့"

"အဲ့ဒါက တစ်လောကလုံးကို ဖျက်စီးပစ်နိုင်လောက်အောင် အစွမ်းထက်တာလေ။ ဘယ်လိုလုပ်ပြီး အ‌ခြေအနေက ပြောင်းပြန်ဖြစ်သွားရတာတုန်း"

"သခင်လီရဲ့အမွေအနှစ်တဲ့လား ... ငါ လက်မခံနိုင်ဘူး"

***

All Chapters