← Chapters

တောင်သုံးလုံးကို ကိုးကြိမ် အရိုအသေပေးလေ

Vol. 45 Ch. 622

တောင်သုံးလုံးကို ကိုးကြိမ် အရိုအသေပေးလေ

Vol. 45 Ch. 622

တောင်ကောင်းကင်ကျင့်ကြံသူများမှာ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်လျက် ကြည့်နေကြသည်။ သူတို့၏ရင်ထဲတွင် ‌တွေဝေမှုများ၊ မနာလိုမှုများ ပြည့်နှက်နေ၏။ ခံစားချက်များမှာ နောက်ဆုံးတွင် လိုချင်တပ်မက်မှုလောဘဖြစ်လာသည်။

မန်ဟို ကံကြမ္မာကောင်းနှင့် ကြုံကြိုက်သွားသည်ကို မြင်ရသည့်အတွက် ဝမ်းသာ‌ပီတိဖြစ်နေသူ နည်းပါး၏။ အများစုမှာ မုန်းတီးစက်ဆုပ်သည်အထိ မနာလိုဖြစ်နေကြသည်။

"‌ငါ့ချီးတဲ့မှပဲ။ ဘာလို့ သူဖြစ်ရတာလဲ။ ဒုတိယပြင်ညီမှာ လက်ရွေးစင်ပညာသင်။ တတိယပြင်ညီမှာကျ ငါတို့ရတနာတွေအားလုံး လုသွားတယ်။ စတုတ္ထပြင်ညီရောက်တော့ အဲ့ဒီအဖိုးထိုက်ရတနာ ကုန်းမြေကြေးမုံကို ရသွားတယ်။ အခု ပဉ္စမပြင်ညီမှာကျပြန်တော့ ... သခင်လီရဲ့အမွေအနှစ်အတွက် အရည်အချင်းပြည်မှီသွားတယ်တဲ့လား"

"ဘာလို့ အဲ့ဒီလိုဖြစ်ရတာလဲ။ သူက ဘယ်လိုအရည်အချင်းရှိလို့ ဘယ်လိုစွမ်းရည်တွေရှိလို့ အဲ့ဒီလိုကံကောင်းရတာလဲ။ ငါ လက်မခံနိုင်ဘူး"

"အားလုံးအထဲ အဆိုးဆုံးက ငါတို့တွေ သူ့အပေါ် အကြွေးတင်နေတာပဲ။ ငါဆို ဝိညာဉ်ကျောက်တုံး ၈ သိန်း အကြွေးတင်နေတယ်..."

"ငါလည်း သူ့ကို ဝိညာဉ်ကျောက်တုံး ၁၀ သိန်းပေးရမှာ။ သေစမ်း ။ ဒီတိုင်း သေသွားလိုက်ရင် ပြီးနေရောကို မသေနိုင်ဘူး"

ရှုချင် ၊ ဖန်ယု နှင့် အခြားလူနည်းစုမှအပ တောင်ကောင်းကင်မှ ကျင့်ကြံသူများမှာ မန်ဟို့ကို အရေခွံစုတ်ပစ်ချင်မတတ် မနာလိုရင်း အံတင်းတင်းကြိတ်ထားကြသည်။

"သူ နောက်ဆုံးကျရင် တောင်ကောင်းကင်ဂြိုဟ်ဆီ ပြန်လာရမှာပဲ" ကျီမင်ကောင်းက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် ရုတ်တရက် ထပြောသည်။ သူ စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် အခြားသူများ၏ မျက်လုံးများ တောက်ပလာ၏။

"ဟုတ်တယ်။ နောက်ဆုံးကျရင် သူ တောင်ကောင်းကင်ကို ပြန်ရောက်လာမှာပဲ။ ပြီးတော့ သူ ဘာပဲရခဲ့ရခဲ့ ငါတို့ ဖြစ်ခဲ့သမျှအကြောင်းစုံကို ငါတို့ဂိုဏ်းနဲ့ မျိုးနွယ်စုတွေဆီ တင်ပြရဦးမှာ"

"ကြည့်လေ သူရလိုက်တာက သခင်လီရဲ့အမွေအနှစ်ကို လက်ခံနိုင်တဲ့ အခွင့်အရေးပဲ ရှိသေးတာ။ တကယ် ရယူနိုင်မလား၊ မရယူနိုင်ဘူးလားဆိုတာ မသိနိုင်ဘူး"

တောင်ကောင်းကင်ကျင့်ကြံသူများ တစ်ယောက်နှင့်တစ်ယောက် စကားပြောနေကြစဉ် ကြယ်မြစ်ကြီးက သူတို့ကို အဝေးသို့ ‌ခေါ်ဆောင်သွားလေသည်။ တဖြေးဖြေး သူတို့မှာ အသိစိတ်ကင်းမဲ့လာကြသည်။ မကြာမီ သူတို့အားလုံးသည် လာခဲ့စဥ်တုန်းကအတိုင်း မျက်လုံးများပိတ်လျက် အိပ်ပျော်နေသောအခြေအနေသို့ ဝင်ရောက်သွား‌ကြလေပြီ။ ကြယ်မြစ်ကြီးသည် တောင်ကောင်းကင်ဂြိုဟ်သို့ ပြန်လည်စီးဆင်းနေ၏။

ထိုစဉ် မိစ္ဆာအင်မိုတယ်ဂိုဏ်းတွင် မန်ဟိုသည် အစစ်အမှန်စိတ်ဝိညာဉ်ည၏ လက်ဝါးအပေါ်တွင် ရပ်နေသည်။ လက်ဝါးကြီးက သူ့ကိုသယ်ဆောင်ရင်း ကောင်းကင်ထက်သို့ ဖြေးညင်းစွာ မြောက်တက်လာသည်။

ခဲကျုံစစ်လည်း အားပေးနေသော မျက်နှာထားဖြင့် မန်ဟိုကို ကြည့်ရင်း ည၏လက်ဝါးအပေါ်၌ ရပ်နေသည်။

"ဒါ မင်းအတွက် အခွင့်အရေးပဲ။ မင်း ဘယ်လောက် ဝေးဝေးသွားနိုင်မလဲဆိုတာကတော့ မင်းရဲ့ကံတရားအပေါ် မူတည်တယ်" သူက ထိုသို့ပြောပြီး အင်္ကျီလက်စကို ဝှေ့ယမ်းပြီး လေထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

မန်ဟို့နှလုံးသားမှာ တဒိန်းဒိန်းခုန်နေ၏။ သူသည် အဆုံးသတ်တွင် သခင်လီ၏အမွေအနှစ်ကို ရယူဖို့ ကြိုးစားနိုင်ခွင့်ရသွားလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။ ဧရာမလက်ကြီး သူ့ကို လေပေါ်သို့ မြှောက်နေစဉ် သူ၏အသက်ရှူသံများမှာ ‌‌ပရမ်းပတာဖြစ်နေတော့သည် ။ ထို့နောက်တွင် အံ့ဩဖွယ်ကောင်းစွာနှင့် သူ၏အရှေ့တွင် .. ဇောက်ထိုးတောင်ကြီးသုံးလုံးပေါ်လာသည်။

ဤတောင်ကြီးများမှာ မိစ္ဆာတောင်ကြီးသုံးလုံး ဖြစ်၏။

ဤအခိုက်အတန့်တွင် ည၏အသံကြီး ဟိန်းထွက်လာသည်။

"အမွေအနှစ်အတွက် အဆင့်(၁)က တောင်ထိပ်ခုနစ်ခုရဲ့ အသိအမှတ်ပြုခြင်းပဲ။ မင်းက အဲ့ဒီအဆင့်ကို ‌အောင်မြင်ပြီးသွားပြီ

"အဆင့် (၂)က ငါ့ကို နှိုးဖို့။ အဲ့ဒီအဆင့်ကိုလည်း ... မင်း အောင်မြင်သွားပြီ

"အဆင့် (၃)က မိစ္ဆာတောင်သုံးလုံးကို ကိုးကြိမ် ဦးညွှတ်အရိုအသေပေးဖို့ပဲ။ တောင်သုံးလုံးစလုံးရဲ့ အသိအမှတ်အပြုခံရရင်တော့ မင်း ဒုတိယအထပ် ကောင်းကင်ဘုံကို တက်လှမ်းနိုင်ပြီ

"ကျုံစစ် မျက်နှာထောက်ထားပြီး မင်းကို သတိပေးမယ် .... ဒီအဆင့်ကို ရေစက်ပါမှ ဖြတ်ကျော်နိုင်လိမ့်မယ်"

"ရေစက် ..." မန်ဟိုသည် အပေါ်ထက် လေထုထဲရှိ ဇောက်ထိုးတောင်ကြီးသုံးလုံးကို ကြည့်ရင်း တွေးလိုက်သည်။ တခဏကကြာ တိတ်ဆိတ်နေပြီးနောက် သူက မျက်လုံးများပိတ်ကာ ပြန်ဖွင့်လိုက်သည်။ ၎င်းတို့သည် စူးရှတောက်ပနေလေပြီ။

ပထမဆုံးတောင်ကြီးမှာ နှင်းမြေမိစ္ဆာတောင်ကြီးမှတစ်ပါးအခြားမဟုတ်ပေ။ ၎င်းသည် ရေခဲနေပြီး အတွင်းပိုင်း နောက်ကျိနေရာ တောင်တစ်တောင်လုံးအား ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော် တောင်ကြီးထံမှ လာနေသော အေးစိမ့်စိမ့်ဖိအားတစ်ခုကိုတော့ မန်ဟို ခံစားနေရသည်။

တောင်ကြီးသည် မီးတောက်များဖြင့်ပင် အရည်ပျော်အောင် မလုပ်နိုင်သည့်အလား၊ ကောင်းကင်နှင့်မြေကြီးတွင် အအေးဆုံးအရာကြီးအလားပင်။ ဤတောင်ကြီး၏ရှေ့မှောက်တွင် ရပ်လျှင် ကမ္ဘာပေါ်ရှိ အေးလှပါသည်ဆိုသော တခြားအရာများမှာ ၎င်းတို့ကိုယ်၎င်း အေးလှပါသည်ဟု ဆိုရဲကြတော့မည်မဟုတ်ပေ။

ရေခဲလွှာများကို အနုစိတ်ကြည့်လျှင် ကမ္ဘာလောကများပါရှိနေသည့်အလား မြင်ရပေမည်။ ၎င်းမှာ အဆုံးအစွန်အထိ ထူးခြားဆန်းကြယ်လှသည်။

တောင်ပေါ်တွင် မြင့်သွန်းနေသော ယဇ်စင်မြင့်ကြီးနှင့် ၎င်း၏အထက်ရှိ ပလ္လင်တစ်ဆူကိုလည်း မြင်ရပေမည်။ ‌ပလ္လင်အပေါ်တွင် ထိုင်နေသည်ကား ရုပ်တုကြီးတစ်ရုပ် ဖြစ်သယောင်ပင်။ ရုပ်တုကြီး၏ပုံပန်းသွင်ပြင်မှာ မထင်ရှားသော်လည်း ၎င်း၏မြှောက်ထားသော ညာလက်ထဲတွင် တစ်ချိန်က တမြေ့မြေ့ လောင်ကျွမ်းနေခဲ့ပုံရသော ရေခဲမီးတောက်တစ်ခုကို ကိုင်ထား၏။

ဤအချိန်တွင် မန်ဟိုမှာ အသက်ရှူရခက်နေပြီဖြစ်သည်။ သူ၏အကြည့်သည် နောက်တောင်တစ်လုံးဆီသို့ ရွေ့လျားသွား၏။

ဒုတိယတောင်ကြီးသည် လတ်လတ်ဆတ်ဆတ် သွေးနီနီများ လျှံကျနေသည့်အလား ကြက်သွေးရောင်အတိပင်။ မရေမတွက်နိုင်သော အသက်များ တောင်၏အတွင်းတွင် မြှုပ်နှံခံထားရသည့်အလား ဖော်ပြမတတ်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အသတ်အဖြတ်စိတ်ဆန္ဒများက ၎င်းကို ကြီးစိုးနေသည်။ သေဆုံးခဲ့ရသော လူပေါင်းများစွာ၏ သွေးတို့က ပြည့်သျှံကျလာပြီး တောင်ကြီးကို နီစွေးသွားစေပုံရသည်။

ဤတောင်အပေါ်တွင်လည်း ယဇ်စင်မြင့်ကြီးတစ်ခု ရှိနေသည်။ ယဇ်စင်မြင့်အပေါ်၌ သွေးရောင်ပလ္လင်တစ်ဆူကို မြင်ရပေမည်။ ရုပ်တုတစ်ရုပ်က ညာလက်မြှောက်လျက် ဤပလ္လင်အပေါ်တွင် ထိုင်နေ၏။

ထိုရုပ်တုကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် မန်ဟို့စိတ်နှလုံးတုန်ရီသွား၏။   ဤသည်နှင့် တစ်ထပ်တည်းတော့ မဟုတ်သော်လည်း အတိုင်းထက်အလွန် ဆင်တူသော ထိတ်လန့်တုန်လှုပ်ဖွယ်မြင်ကွင်း သူ၏စိတ်ထဲတွင် ပေါ်လာသည်။

"ဒါက..." မန်ဟို့အသက်ရှူသံများ ဟောဟဲလှိုက်လာသည်။ တခဏကြာသော် သူသည် ‌အတွေးများနှင့် ခံစားချက်များကို ထိန်းချုပ်ရင်း တတိယတောင်ကို လှမ်းကြည့်လိုက်၏။

ဤတောင်ကြီးအပေါ်တွင် မီး‌တဟုန်းဟုန်း တောက်နေသည်။ မီးတောက်များမှာ မှေးမှိန်နေသော်လည်း ဘယ်တော့မှ မငြိမ်းမည့်ပုံရသည်။ ပို၍ပင် ထူးဆန်းသည်မှာ တောင်ကြီးကို ကြည့်လျှင်ချင်း မရေမတွက်နိုင်သော မီးတောင်များ တည်ရှိနေသကဲ့သို့ ပုံရိပ်အထပ်ထပ်ပေါ်လာခြင်းပင်။ ‌မည်သည့်တောင်က အစစ်လဲ၊ မည်သည့်တောင်က အတုလဲ ပြောရခက်သည်။

နောက်ဆုံးတွင် ခြောက်သွေ့နေသောပုံရိပ်များအား မီးတောင်၏မျက်နှာပြင်အပေါ်တွင် မြင်လိုက်ရသည်။ ၎င်းတို့သည် မကောင်းဆိုးဝါးဝိညာဉ်များသဖွယ် အသံမထွက်သော ဟိန်းဟောက်သံများကို ထုတ်လွှတ်ရင်း တောင်ထိပ်သို့ ပထမဆုံးရောက်အောင် သူ့ထက်ငါ အလုအယက်တက်ပြီးနောက် တောင်ထိပ်ရှိ မီးကျင်းကြီးအထဲ ခုန်ချနေကြလေသည်။

ယဇ်စင်မြင့်မရှိ ၊ ပလ္လင်မရှိ ၊ မည်သည့်ရုပ်တုမှ မရှိ။ ‌တတိယတောင်မှာ ကျန်တောင်နှစ်လုံးနှင့် လုံးလုံးလျားလျား ကွဲပြားနေသည်။

တောင်သုံးလုံး ... ကောင်းကင်နှင့်မြေကြီး၏ မိစ္ဆာကြီးသုံးကောင်။

မှန်သည် ၊ မိစ္ဆာကြီးသုံးကောင်ကား တစ်ချိန်က သေဆုံးသွားကြပြီဖြစ်သော်လည်း သခင်လီပင်လျှင် သူတို့၏အနှစ်သာရများကို ပျောက်ကွယ်သွားအောင် လုပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် တောင်ကြီးသုံးလုံးသည် ယခင်အတိုင်း တည်ရှိနေခဲ့၏။

မန်ဟိုမှာ ‌အသက်မနည်းရှူရင်း နှင်းမြေမိစ္ဆာတောင်ကြီးကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ယှက်၍ ... လေးလေးနက်နက် ဦးညွှတ်အရိုအသေပေးလိုက်၏။

ပထမအကြိမ် အရိုအသေပေးခြင်း။

"ကျုပ်နဲ့ ဟန်ရှန်းဟာ ဆုံတွေ့ရဖို့ ရေစက်ပါခဲ့တယ် " သူက ပြောသည်။ "သူ့ရဲ့ အင်မိုတယ်ဓားနဲ့ ကြေးအရက်အိုးကိုလည်း လက်ခံရရှိခဲ့တယ်။ ဒါကြောင့် ကျုပ် အနေနဲ့ နှင်းမြေမိစ္ဆာတောင်ကြီးကို အရင်ဆုံး ဦးညွှတ်အရိုအသေ‌ပေးပါရ‌စေ" သူ၏စကားလုံးများ ဟိန်းထွက်နေစဉ် နှင်းမြေမိစ္ဆာတောင်ကြီးမှာ တသိမ့်သိမ့် တုန်ခါလာသည်။

တောင်တစ်တောင်လုံးမှ အက်သံများ ရုတ်တရက် ကြားလိုက်ရသည်။ မူလတုန်းက ရေခဲများသည် ချုပ်နှောင်စွမ်းအားဖြင့် တောင်တစ်လုံးကို ဖုံးလွှမ်းထားခဲ့၏။ သို့သော် မန်ဟို ပထမအကြိမ် အရိုအသေပေးလိုက်သောအခါ ရေခဲများမှာ အက်ကွဲလာလေသည်။ ပက်ကြားအက်များ ပိုမိုများပြားလာကာ မန်ဟို ‌ခါးပြန်မတ်လိုက်စဉ် ထစ်ချုန်းသံကြီးတစ်သံ မိုးကောင်းကင်ထက်အထိ ရိုက်ခတ်ညောင်းသွားလေ၏။

အောက်တွင် ခဲကျုံစစ်သည် ည၏ခေါင်းပေါ်ရှိ စတုတ္ထတောင်ထိပ်အပေါ်၌ ရပ်နေသည်။ ဖြစ်ပျက်နေသောအရာကို မြင်သောအခါ ထူး‌ဆန်းသောအလင်းရောင်တစ်ခု သူ၏မျက်လုံးများတွင် တောက်ပလာသည်။ ည၏မျက်လုံးများပင် ‌တဖျပ်ဖျပ် လက်လာ၏။ "ပထမအကြိမ် အရိုအသေပေးတာက ‌နှင်းမြေမိစ္ဆာတောင်မှာ ပြောင်းလဲမှုတွေ ဖြစ်သွားစေပါလား။ သူက ... အဲ့ဒီတောင်နဲ့ အမှန်တကယ် ရေစက်ပါတာပဲ။ ဒါပေမဲ့ အဲ့ဒီရေစက်က ဘယ်လောက်အားကောင်းပြီး ကျန်ခဲ့လေမလဲ။။ သူ တကယ်ပဲ ‌မိစ္ဆာမီးထွန်းပြီး တတိယအထပ်ကောင်းကင်ကို လင်းရောင်ဆောင်ကြဉ်းပေးနိုင်မလား"

မန်ဟိုသည် နှင်းမြေမိစ္ဆာတောင်ကြီးကို မော့ကြည့်ပြီးနောက် အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ သူက လက်ယှက်ပြီး အရိုအသေပေးလိုက်ပြန်သည်။

"ကျုပ်ရဲ့ မြေဓာတ်အရုပ်က ‌နှင်းမြေနဲ့ ဖော်ဆောင်ထားတာ ဖြစ်တယ်။ နောက်ဆုံးမှာ နှင်းမြေအနုသုခုမရုပ်ခန္ဓာတစ်ခုကိုလည်း ဖန်တီးနိုင်ခဲ့တယ်။ အဲ့ဒီရေစက်ကြောင့် ၊ အဲ့ဒီကျေးဇူးကြောင့် မိစ္ဆာတောင်ကြီးကို ထပ်မံအရိုအသေပေးပါရစေ"

ဒုတိယအကြိမ် အရိုအသေပေးခြင်း

ဂျိန်း

သူ၏အသံ ဟိန်းထွက်နေစဉ် နှင်းမြေမိစ္ဆာတောင်ကြီးထံမှ အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးတစ်သံ ကြားလိုက်ရသည်။   တောင်ကြီးကို ဖုံးလွှမ်းနေသော ရေခဲလွှာများအပေါ်တွင် အက်ကြောင်းများ ပို၍ပင် များပြားလာသည်။ အက်ကြောင်းများက တစ်ကြောင်းနှင့်တစ်ကြောင်းဆက်ကာ မျက်နှာကြီးတစ်ဖက်နှင့် တူလာ၏။ မျက်နှာအင်္ဂါရပ်များမှာ အတိုင်းထက်အလွန် အသက်ဝင်လေသည်။ ၎င်းတို့သည် ရှေးကျမှုတို့ ပြည့်နေသော အဘိုးကြီးတစ်ယောက်၏မျက်နှာနှင့်တူပြီး မန်ဟို့ကို ကြည့်နေ၏။

သူကား အကြည့်လေးတစ်ချက်တည်းဖြင့် မန်ဟို့အတိတ်နှင့် အနာဂတ်တို့ကို မြင်နိုင်စွမ်း ရှိသယောင်ပင်။

တစ်ချိန်တည်းမှာပင် ယစ်စင်မြင့်ထက်ရှိ ပလ္လင်အပေါ်တွင် ထိုင်နေသော ရုပ်တုနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုပြောင်းလဲသွားသည်။ ၎င်း၏ ဗလာကျင်းနေသော ညာလက်အထဲတွင် ဖျတ်ခနဲ အပြာရောင်မီးပွားများ ပေါ်လာလေ၏။ ထိုနေရာတွင် မီးတောက်တစ်ခု ဖြစ်တည်လာချင်နေပုံရသည်။

ဤအခြင်းအရာကို မြင်သောအခါ ခဲကျုံစစ်၏ မျက်လုံးများမှာ ပို၍ပင် တောက်ပလာတော့သည်။ အစစ်အမှန်စိတ်ဝိညာဉ်ညမှာမူ ဘာမှမပြောသော်လည်း ၎င်း၏မျက်ဝန်းများတွင် ထူးဆန်းသောအလင်းရောင်တစ်ခုအား မြင်နေရပြီဖြစ်သည်။

မန်ဟိုက ရေခဲလွှာအတွင်းရှိ အဘိုးကြီး၏မျက်နှာကို မော့ကြည့်လိုက်သည်။ သူသည် ခိုင်မာပြတ်သားသော မျက်ဝန်းများဖြင့် လက်နှစ်ဖက်ယှက်ပြီး နောက်တစ်ကြိမ် အရိုအသေပေးလိုက်ပြန်၏။

"ကျုပ် စီနီယာဟန်ရှန်းကို ကတိပေးခဲ့တယ်။ တစ်နေ့ ကျုပ်ရဲ့ ကျင့်ကြံခြင်းအခြေခံဟာ အစွမ်းထက်သင့်သလောက် အစွမ်းထက်လာခဲ့ရင် သူ့ကို ကယ်ဖို့ တံတားပျက်နယ်ပယ်ကို ပြန်လာခဲ့မယ်လို့ ကတိပေးခဲ့တယ်။ အဲ့ဒီကတိဟာ ကျုပ်နဲ့ စီနီယာဟန်ရှန်းအကြားက ရေစက်ပဲ။ ကျုပ်နဲ့ နှင်းမြေမိစ္ဆာတောင်ကြီးအကြားက ရေစက်လည်း ဖြစ်တယ်။ ဒီနေ့ အဲ့ဒီကတိအတိုင်း သစ္စာထပ်ဆိုမယ်

"မိစ္ဆာတောင်ကြီးခင်ဗျား ကျေးဇူးပြုပြီး သက်သေတည်ပေးပါ။ ဒီအရိုအသေ‌ပေးခြင်းက ဂျူနီယာမျိုးဆက် မန်ဟိုရဲ့ မပြောင်းလဲတဲ့ သန္နိဋ္ဌာန်အတွက် သက်သေပါ"

နှင်းမြေမိစ္ဆာတောင်ကြီးထံမှ အသံသဲ့သဲ့လေးပင် မကြားရ။ ၎င်းသည် မန်ဟို၏ တတိယအကြိမ် အရိုအသေပေးခြင်းအပေါ် မည်သို့မျှမတုံ့ပြန်သယောင်ပင်။ မန်ဟို ရင်တဒိန်းဒိန်း ခုန်လာသည်။ ဤတတိယအကြိမ် အရိုအသေပေးခြင်းနှင့်ပတ်သက်ပြီး သူသည် မလိမ့်တပါတ်လုပ်ထားသည်မဟုတ်ပါလော။

သို့သော် ရုတ်တရက် ....

"သဘောတူတယ်" ရှေးဆန်သော အသံကြီးက ပြောသည်။ ၎င်းသည် ကမ္ဘာဦးအစမှ အရင်းခံသည့်အလား  နှင်းမြေမိစ္ဆာတောင်ကြီး၏အထဲမှ ပဲ့တင်ထပ်ထွက်လာသည်။ အသံကြီးသည် ဟိန်းထွက်နေစဉ် အဆုံးမရှိနိုင်သော အအေးဓာတ်ကိုလည်း သယ်ဆောင်လာရာ ကမ္ဘာကြီးအား ပုံပျက်ဝေဝါးလာစေတော့သည်။

စကားကို အဘိုးကြီး၏မျက်နှာမှ ပြောလိုက်ခြင်းဖြစ်သည်။ သူသည် မန်ဟို့ကို တိတ်ဆိတ်စွာ ကြည့်‌နေပြီးနောက် မထင်မရှားဖြစ်လာ၏။ မျက်နှာကြီးကို ဖန်ဆင်းပေးထားသော အက်ကြောင်းများ ဖြာထွက်သွားလေပြီ။ ၎င်းတို့က တောင်ထိပ်မှ အောက်ခြေအထိ ‌တိုးလျှိုပေါက်နေသော ဧရာမချောက်နက်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။ ချောက်ကြီးသည် အမာရွတ်ကြီးတစ်ခုသဖွယ် တောင်တစ်လုံးကို ကန့်လန့်ဖြတ်လျက် ဆန့်တန်းနေ၏။

အမာရွတ်ကြီးက ယဇ်စင်မြင့်အထိ တောက်လျှောက် ဆန့်တန်းသွားပြီး ပလ္လင်ထက်ရှိ ရုပ်တုဆီသို့ ရောက်သွားသည်။ ၎င်း၏ညာလက်အပေါ်တွင် ကခုန်နေသော အပြာရောင်မီးပွားများက ရုတ်တရက် အပြာရောင်မီးတောက်တစ်ခုအသွင် ပြောင်းသွားလေပြီ။

မီးတောက်က ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရုပ်တု၏မျက်နှာကို အလင်းရောင်ပေးလိုက်သည်။ ထိုမျက်နှာကား မည်သည့်ရှုထောင့်မှကြည့်ကြည့် ဟန်ရှန်း၏မျက်နှာနှင့် ချွတ်စွပ်ပင်။

မီးတောက်သည် တဟုန်းဟုန်း လောင်မြိုက်လာပြီး အပေါ်ထက် ကောင်းကင်တွင် ရောင်စဉ်သုံးမျိုး ထွန်းလင်းတောက်ပသွားစေသည်။

တဖြေးဖြေးနှင့် မီးတောက်မှ ဟပ်နေသော အလင်းရောင်ကြောင့် ကောင်းကင်ထက်တွင် ဧရာမအရာဝတ္ထုကြီးနှစ်ခု မြင်သာလာသည်။ ၎င်းတို့သည် မိစ္ဆာတောင်ကြီးသုံးလုံးထက် ပို၍ပင် ကြီးကျယ်ခမ်းနားသောပုံစံဖြင့် အပေါ်တွင် ပျံဝဲချေ၏။

စကားလုံးများဖြင့် မဖော်ပြတတ်လောက်အောင် တုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ဤအရာဝတ္ထုနှစ်ခုကို ဝန်းရံထားသည်။

မန်ဟိုမှာ စိတ်နှလုံး တုန်ရီနေ၍ မျက်လုံးပိတ်လိုက်သည်။ သူသည် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီးနောက် မျက်လုံးပြန်ဖွင့်ကာ သွေးရောင်မိစ္ဆာတောင်ကြီးကို ကြည့်လိုက်၏။

သူက လက်ယှက်၍ သွေးမိစ္ဆာတောင်ကြီးကို ကြည့်ကာ ရုတ်တရက် ဦးညွတ်အရိုအသေပေးလိုက်၏။ "ဒီတောင်ကြီးက ရှေးကံကြမ္မာဆိုးဘုရားကျောင်းနဲ့ သက်ဆိုင်လား ၊ မသက်ဆိုင်လား မသိပေမယ့် အခုလိုအရိုအသေပေးတာက အဲ့ဒီအတွက်ပါ။ ရေစက်ဆိုတာ တည်ရှိရင် တောင်ကြီးအနေနဲ့ ဖော်ပြအသိပေးပါလို့ အနူးအညွတ် ပန်ကြားချင်ပါတယ်"

ဤသည်မှာ စုစုပေါင်းအားဖြင့် သူ၏ လေးကြိမ်မြောက် အရိုအသေပေးခြင်းဖြစ်ပြီး သွေးမိစ္ဆာတောင်ကြီးဆီသို့ ပထမဆုံးအကြိမ် အရိုအသေပေးခြင်း ဖြစ်သည်။

***

All Chapters