← Chapters

ကောင်းကင် ဆယ်မျိုး ၊ မန်ဟို ခုနစ်မျို

Vol. 45 Ch. 623

ကောင်းကင် ဆယ်မျိုး ၊ မန်ဟို ခုနစ်မျို

Vol. 45 Ch. 623

‌သွေးမိစ္ဆာတောင်ကြီးသည် မူလတုန်းက ‌အသက်မဲ့နေသည့်ပမာ တိတ်ဆိတ်‌နေခဲ့၏။ သို့သော် မန်ဟို အရိုအသေပြုပြီးနောက် ပလ္လင်အပေါ်ရှိ ရုပ်တုထံမှ အရှိန်အဝါတစ်ခု ဖြာထွက်လာသည်... ၎င်းသည် သွေးမိစ္ဆာတောင်တစ်‌တောင်လုံး ပြည့်နှက်သွားကာ သွေးအလင်းရောင်စဉ်တို့အား ကောင်းကင်ထက်တွင် ကွန်မြူးသွားစေ၏။ ထို့အပြင် မယုံကြည်နိုင်ဖွယ် ထစ်ချုန်းသံကြီးတစ်သံ ကြားလိုက်ရသည်။

မန်ဟိုမှာ ရင်တဒိန်းဒိန်းခုန်နေစဉ်မှာပင် သူ၏မျက်လုံးများသည် ထူးဆန်းစွာ တောက်ပစပြုလာသည်။ စောစောက သူသည် သွေးမိစ္ဆာတောင်ကြီးမှာ သွေးမျက်နှာဖုံးနှင့် တစ်ခုခုပတ်သက်နေလိမ့်မည်ဟု သံသယဝင်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ပလ္လင်ပေါ်ရှိ ရုပ်တုမှာ လွန်ခဲ့လေပြီးသော နှစ်များက သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲတွင် မန်ဟို မြင်ခဲ့ဖူးသည့် ပုဂ္ဂိုလ်နှင့် အလွန်တူနေသည်မဟုတ်ပါလော။

သို့ရာတွင် အားလုံးအထဲ အတုန်လှုပ်ဆုံးဖြစ်နေသူမှာ အစစ်အမှန်စိတ်ဝိညာဉ်ညပင်။ ၎င်းက လျှပ်စီးသဖွယ် တဖျပ်ဖျပ် လက်နေသော မျက်လုံးများ၊ မယုံနိုင်ဖြစ်‌နေသော အမူအရာဖြင့် မော့ကြည့်နေသည်။ နှင်းမြေမိစ္ဆာတောင်ကြီး၏ အသိအမှတ်ပြုခြင်းအား မန်ဟို ရရှိသွားသည်နှင့်ပင် အံ့ဩတုန်လှုပ်ဖွယ် ကောင်းနေလေပြီ။

သို့သော် ယခုတွင် သူကား သွေးမိစ္ဆာတောင်ကြီးနှင့်လည်း ဆက်စပ်မှုရှိနေကြောင်း သိသာ၏။ သွေးမိစ္ဆာတောင်ကြီး‌ဆီမှ တုံ့ပြန်မှုက အစစ်အမှန်စိတ်ဝိညာဉ်ညကို တစ်ခါမှ မတုန်လှုပ်စဖူး တုန်လှုပ်သွားစေသည်။

"နှင်းမြေမိစ္ဆာတောင်ဆီက‌ ရောင်စဉ်သုံးမျိုး။  သွေးမိစ္ဆာတောင်ဆီက ရောင်စဉ်တစ်မျိုး။ စုစုပေါင်း လေးမျိုး။ ဒီကောင်လေးက တကယ်ပဲ သခင်လီ စောင့်နေခဲ့တဲ့ သူများလား

"သူဆိုတာ မှန်ရင် ငါက ဘာကြောင့် သူနဲ့ပတ်သက်ပြီး ရင်းနှီးနေတာတစ်ခုကိုမှ အာရုံမရခဲ့တာလဲ။ သူ့မှာ ငါ မှတ်မိတဲ့ အရှိန်အဝါမရှိတာကြောင့် သခင်လီရဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးလေ။ အဲ့ဒါကြောင့် ငါ သူ့ကို ခွင့်မပြုပေးခဲ့တာ" ည၏မျက်လုံးများသည် မန်ဟိုကို ကြည့်ရင်း တလက်လက် တောက်ပလာ၏။ ၎င်းသည် မန်ဟို့တစ်ကိုယ်လုံးကို ‌နှံ့နှံ့စပ်စပ် စစ်ဆေးကြည့်ပြီးဖြစ်သော်လည်း မည်သို့ပင် ကြည့်ရှုစေကာမူ .... မန်ဟိုမှာ လျှို့ဝှက်ချက်တို့နှင့် ပြည့်နေသည်ဟု ခံစားနေရဆဲပင်။

"မင်းက အဲ့ဒီလူ ဟုတ်လား မဟုတ်ဘူးလား" ညက တွေးသည်။ "ဟုတ်ဟုတ်မဟုတ်ဟုတ် တောင်သုံးလုံးကို ကိုးကြိမ်အရိုအသေပေးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူး။ သူ အခုထိ လုံလုံလောက်လောက် အသိအမှတ်အပြုမခံရသေးဘူး။ ဒါက အစပဲ ရှိသေးတယ်

"မိစ္ဆာတောင်တစ်လုံးရဲ့ အသိအမှတ်ပြုမှုက ‌ရောင်စဉ်သုံးမျိုးကို ကွန့်မြူးစေနိုင်တယ်။  တတိယအထပ် ကောင်းကင်ဘုံကို သွားရမယ့်လမ်းက ‌မိစ္ဆာတောင်ကြီးသုံးလုံးစလုံးရဲ့ အသိအမှတ်ပြုခြင်းမပြုခြင်းအပေါ် မူတည်တယ်။ ရောင်စဉ် သုံးမျိုးကနေ ကိုးမျိုးအထိ ပေါင်းစည်းသွားမှ အဲ့ဒီလမ်းပေါ်လာမှာ

"ဒါပေမဲ့ ... ရောင်စဉ်သုံးမျိုးတည်းနဲ့ ပေါ်လာတဲ့လမ်းက သာမန်ပဲ။ အဲ့ဒီလမ်းပေါ်မှာ မအောင်မြင်ရင် ဝင်ခွင့် ရုတ်သိမ်းခံရမယ်။‌ ခြောက်မျိုးနဲ့ဖွဲ့ထားတဲ့ လမ်းကတော့ ဝင်ရောက်သူကို နှစ်ငါးရာကြာတိုင်း တစ်ကြိမ် ပြန်ကြိုးစားနိုင်တဲ့ အခွင့်အရေးသုံးခုပေးတယ်

"ရောင်စဉ်ကိုးမျိုးနဲ့ လမ်းကတော့ ... ဒဏ္ဍာရီလာမဟာစက်ဝန်းပဲ။ သူ ပေါ်လာတဲ့အခါ ‌ကောင်းကင်ဘုံကနေ ကောင်းချီးပေးတာခံရသလိုမျိုး အခွင့်အရေးကိုးခုရမယ်။ ကိုးရောင်စဉ်လမ်းကို အင်မိုတယ်အဆင့်သို့ခြေတစ်လှမ်းလို့လည်း ခေါ်တယ်။ အဲ့ဒီလူက အင်မိုတယ်ဖြစ်ပြီးသားဆိုရင် ကျင့်ကြံခြင်းအခြေခံအဆင့်က နောက်နယ်ပယ်တစ်ခုကို တက်သွားမယ်။ အင်မိုတယ်မဟုတ်ဘူးဆိုရင်တော့ အင်မိုတယ်အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်

"ဒီကောင်‌လေး ရောင်စဉ်ဘယ်နှမျိုး ဖော်ဆောင်နိုင်မလဲ ငါ ကြည့်မှဖြစ်မယ်" မန်ဟိုကို ကြည့်နေစဉ် ည၏မျက်လုံးများသည် တဖျပ်ဖျပ်လက်လျက်ရှိ၏။

ခဲကျုံစစ်၏အတွေးများမှာတော့ အစစ်အမှန်စိတ်ဝိညာဉ်ညနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး သိပ်မရှုပ်ထွေး‌ပေ။ သူသည် လေးစားနေသောအပြုံးတစ်ခုဖြင့် မန်ဟို ရောင်စဉ်များများရစေရန် စိတ်ရင်းနှင့်ဆုတောင်းပေးနေလေသည်။

မန်ဟိုက တသိမ့်သိမ့်တုန်နေသော သွေးမိစ္ဆာတောင်ကြီးကို ကြည့်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်ယှက်ပြီး ငါးကြိမ်မြောက် အရိုအသေပေးလိုက်၏။

တစ်ချိန်တည်းမှာပင် ဤသည်မှာ သွေးမိစ္ဆာတောင်ကြီးအား ဒုတိယအကြိမ် အရိုအသေပေးခြင်းလည်း ဖြစ်‌ပေသည်။

"ဂျူနီယာဟာ ရှေးကံကြမ္မာဆိုးမျိုးနွယ်စုနဲ့ ရေစက်ပါပါတယ်။ သွေးခရမ်းရောင် အနုသုခုမရုပ်ခန္ဓာကိုလည်း ဖော်ဆောင်ထားပါတယ်။ သွေးထဲမှာ အဆုံးမရှိတဲ့ ရှင်သန်ခြင်းစိတ်ဆန္ဒတစ်ခု ပါရှိနေတာကိုလည်း ဉာဏ်အလင်းရခဲ့တယ်။ ဒါကြောင့် ကျုပ် စီနီယာ မိစ္ဆာတောင်ကြီးကို အရိုအသေပေးပါရစေ" မန်ဟိုသည် ဤစကားများကို ပြောရင်း လေးလေးနက်နက် အရိုအသေပေးလိုက်၏။

ချက်ချင်းပင် သွေးမိစ္ဆာတောင်ကြီးဆီမှ ထစ်ချုန်းသံကြီးတစ်သံ ကြားလိုက်ရသည်။ သွေးရောင်အလင်းတန်းများ လေထဲသို့ ထိုးတက်လာကာ အတူတကွ လိမ်ယှက်ရင်း သွေးမိစ္ဆာပန်းတစ်ပွင့်ပုံစံ ပေါ်လာသည်။ ပန်းပွင့်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အကန့်အသတ်မရှိသော ရောင်စဉ်များ ဖြာထွက်လာ၏။ ရုတ်တရက် ရုပ်တုကြီး၏ ညာလက်တွင် သွေးရောင်မီးပွား ပေါ်လာလေသည်။

ဤသည်မှာ ငါးမျိုးမြောက် ရောင်စဉ်ဖြစ်သည်။ မိစ္ဆာတောင်နှစ်လုံး ရောင်စဉ်ငါးမျိုး။ ၎င်းက လေပေါ်ရှိ မြင်ကွင်းကြီးကို အတန်ငယ် ထင်ရှားပြတ်သားလာစေသည်။ ယခုတွင် ဟိုးအပေါ်ရှိ လေထုထဲ၌ အလွန်ကြီးမားသော ဧရာမမြေထုကြီးနှစ်ခုအား မြင်လိုက်ရလေပြီ။

ဤမြေထုကြီးများမှာ ပြိုင်ဘက်ကင်းလောက်အောင် ခံညားထည်ဝါနေ၏.... ၎င်းတို့ကား အထွတ်အမြတ်နယ်မြေနှစ်ခုပင်။

အထွတ်အမြတ်နယ်မြေများသည် တစ်ကမ္ဘာလုံးကို ငုံ့ကြည့်နေသည့်လား ဟိုးအမြင့်ဆုံးတွင် တည်ရှိနေ၏။ မိစ္ဆာအင်မိုတယ်ဂိုဏ်း သို့မဟုတ် နဝမတောင်နှင့်ပင်လယ်တစ်ခုလုံးတွင် ကျီမျိုးနွယ်စုနှင့် ဖန်မျိုးနွယ်စု အထွတ်အမြတ်နယ်မြေများသည် သခင်လီ၏နန်းတော်နှင့်ယှဉ်လျှင်ပင် ဒုတိယသာ လိုက်လေသည်။

အတိတ်တုန်းက နဝမတောင်နှင့်ပင်လယ်တစ်ဝန်း ထင်ရှားကျော်ကြားခဲ့သော ဤဧရာမအထွတ်အမြတ်နယ်မြေကြီးနှစ်ခုကား ခေတ်အဆက်ဆက် ကျော်ဖြတ်၍ ယနေ့အထိ အဓွန့်ရှည်တည့်တံ့ခဲ့၏။

ရောင်စဉ်ငါးမျိုးက ကောင်းကင်နှင့်မြေကြီးတွင် ထိန်ထိန်လင်းနေသည်။ သို့ရာတွင် ရုတ်တရက် ငါးမျိုးမြောက်ရောင်စဉ်က တဖျပ်ဖျပ် လက်လာပြန်သည်။ ထို့နောက် အစစ်အမှန်စိတ်ဝိညာဉ်ညနှင့် ခဲကျုံစစ်၏ စိတ်ကူးနိုင်စွမ်းထက်ပင် ကျော်လွန်နေသော တစ်စုံတစ်ခု ဖြစ်ပျက်သွား၏။

သွေးမိစ္ဆာတောင်ကြီးအပေါ်ရှိ ရုပ်တု၏လက်ထဲတွင် မီးပွားများ ပေါ်လာသည့်အချိန်မှာပင် ရုပ်တု၏မျက်လုံးများက ရုတ်တရက် ထူးဆန်းစွာ တောက်ပလာလေသည်။ ၎င်းက မန်ဟိုကို စိုက်ကြည့်ပြီးနောက် လက်ကို မြှောက်ကာ တစ်စုံတစ်ခုကို တောင်းခံနေသည့်အလား ဆန့်ထုတ်လိုက်သည်။

မန်ဟို စိတ်လှုပ်ရှားသွားပြီး သိုလှောင်အိတ်ထံ လက်လှမ်းလိုက်သည်။ ချက်ချင်းပင် သွေးအင်မိုတယ်မျက်နှာဖုံးက သူ၏လက်ထဲတွင် ပေါ်လာ၏။

မန်ဟို သွေးမျက်နှာဖုံးကို ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် သွေးမိစ္ဆာတောင်ပေါ်ရှိ ရုပ်တုက လက်ပြန်ရုတ်လိုက်သည်။ ရုတ်တရက် လွန်ခဲ့သော နှစ်ပေါင်းကုဋေကုဋာမှ လာပုံရသော အသံကြီးတစ်သံ ပဲ့တင်ထပ်လာ၏။

"ငါ့မျက်နှာဖုံး တပ်လိုက်"

မန်ဟို့မျက်လုံးများ တဖျပ်ဖျပ် လက်သွားပြီး သွေးမျက်နှာဖုံးကို မျက်နှာအပေါ် တင်လိုက်သည်။

ဝုန်း

အနီရောင်ထုက မန်ဟို့တစ်ကိုယ်လုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။ သူ၏ဆံပင် ၊ သူ၏ဝတ်ရုံတို့ နီရဲလာပြီး မျက်စိတစ်မှိတ်အတွင်း သူ့တစ်ကိုယ်လုံးမှာ သွေးရောင်အလင်းမျှင်များဖြင့် ဝန်းရံခံလိုက်ရလေပြီ။ ထိုမြင်ကွင်းမှာ ‌သွေးပင်လယ်ကြီးတစ်စင်း သူ၏ပတ်ပတ်လည်တွင် အုံကြွနေသကဲ့သို့ ဖြစ်၏။

ဤအခိုက်အတန့်တွင် မန်ဟိုကား သွေးအင်မိုတယ်ဝင်စားသူ ဖြစ်လာသည်။

သူ၏‌အနောက်တွင် ပုံရိပ်တစ်ခု ဖြေးဖြေးချင်း ဖြစ်တည်လာ၏။ ဧရာမပလ္လင်ကြီးအား မြင်ရပြီး ၎င်းအပေါ်တွင် မျက်နှာမမြင်ရသော အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ သူမဆံနွယ်များက ပျံ့လွင့်နေပြီး သူမမှာ အဝေးသို့ ငေးကြည့်နေသယောင်ရှိ၏။

ပုံရိပ်ပေါ်လာပြီးနောက် သွေးမိစ္ဆာတောင်အပေါ်ရှိ ရုပ်တုကြီး တုန်ရီသွားသည်။ အတွင်းထဲမှ လာနေသော ဟိန်းဟောက်သံကြီးတစ်သံ ကြားလိုက်ရပြီး မိစ္ဆာမီးတောက် ဝုန်းခနဲ တောက်လောက်လာတော့သည်။ ၎င်းသည် ကောင်းကင်ကြီးအား ပို၍ လင်းထိန်သွားစေ၏ ။

ကောင်းကင်တစ်ပြင်လုံး ရောင်စဉ်ငါးမျိုးဖြင့် ပြည့်နှက်နေပြီး ယခုတွင် ခြောက်မျိုးမြောက် စတင်ဖြစ်ပေါ်လာနေရာ ပို၍ပင် လင်းထိန်တောက်ပလာတော့သည်။ ရောင်စဉ်များအထဲတွင် အထွတ်အမြတ်နယ်မြေနှစ်ခုနှင့် ... တတိယအထပ်ကောင်းကင်ဘုံသို့ ဆန့်တန်းနေသော ပုံရိပ်ယောင်လှေကား၏တစ်ခုအား မြင်ရ၏။

ည ပင့်သက်ရှိုက်မိသွားလေပြီ။ "သူ...သူ... သူက တကယ့်ကို သွေးမိစ္ဆာနဲ့ ရေစက်ပါတာပဲ" ၎င်း၏မျက်နှာကြီးမှာ မယုံနိုင်ဖြစ်နေသည်။ မန်ဟိုက ‌နှင်းမြေမိစ္ဆာတောင်နှင့် သွေးမိစ္ဆာတောင်နှစ်လုံးစလုံးနှင့် အမှန်တကယ် ရေစက်ရှိနေလိမ့်မည်ဟု ၎င်းအတွက် ယုံရခက်နေ၏။ ဤသည်မှာ အမှန်တကယ် အံ့ဖွယ်ကံကြမ္မာကောင်းကြီးပင်။

အစစ်အမှန်စိတ်ဝိညာဉ်ညသည် မန်ဟို့ကိုကြည့်ရင်း ချာချာလည်နေတော့သည်။ "မိစ္ဆာတောင်တွေ ချုပ်နှောင်ခံထားရတာကနေ လွတ်‌မြောက်လာတယ်။ ကိုယ့်အသိစိတ်နဲ့ကိုယ် စကားပြောတယ်ဆိုတာ အတိုင်းအတာတစ်ခုအထိ ရေစက်မပါဘဲ ဖြစ်နိုင်တာမဟုတ်ဘူး။ အဲ့ဒီရေစက်မျိုးက လိုအပ်တဲ့အဆင့်ကို ‌ရောက်ရှိသွားပြီဆိုတော့ မန်ဟိုက သွေးမိစ္ဆာရဲ့ဆက်ခံသူအပြင် တခြားမဟုတ်တော့ဘူး

"သူက သွေးမိစ္ဆာနတ်ဘုရားကိုယ်ပွားကို ဖန်တီးခဲ့တယ်။ သွေးမိစ္ဆာရဲ့ အရေပြားနဲ့ လုပ်ထားတဲ့ အဖိုးထိုက်ရတနာကို ပိုင်ဆိုင်ထားတယ်။ ဒါ့အပြင် မိစ္ဆာအနုသုခုမရုပ်ခန္ဓာတစ်ခုဖြစ်နေတဲ့ အရာကိုတောင် ဖော်ဆောင်ထားသေးတယ်။ ဒီလူက ...ကျင်ကြံသူလား .. ငါနဲ့မျိုးဆက်တူ မိစ္ဆာကြီးလား

"ပြီးတော့ ခြောက်ကြိမ်မြောက်တောင် သေသေချာချာ အရိုအသေမပေးရသေးဘူး။ ‌ခြောက်မျိုးမြောက်ရောင်စဉ်က အပြည့်အဝဖြစ်ပေါ်လာဖို့ အသင့်ပြင်နေပြီ"

မန်ဟိုသည် လက်နှစ်ဖက်ယှက်၍ စုစုပေါင်းအားဖြင့် ခြောက်ကြိမ်မြောက် ၊  သွေးမိစ္ဆာတောင်ကြီးဆီသို့ သုံးကြိမ်မြောက် အရိုအသေပေးလိုက်၏ ။ "သွေးအင်မိုတယ်အမွေအနှစ်အတွက် ကျေးဇူးတရား။ ကျုပ်ကို အသက်နဲ့လဲပြီး စောင့်ရှောက်ပေးနေတဲ့ သွေးခွေးကြီးအတွက် ကျေးဇူးတရား။ ဒီကျေးဇူးတရားတွေကို ဂျူနီယာဘဝတစ်လျှောက်လုံး ဘယ်တော့မှ မမေ့ပါဘူး။ စီနီယာကြီးခင်ဗျား ၊ ကျုပ် တောင်ကြီးရဲ့အနှစ်သာရဖြစ်တဲ့ ခင်ဗျားကို အရိုအသေပေးပါရစေ"

သူအရိုအသေပေးပြီးနောက် တောင်ကြီးမှာ တဂျိန်းဂျိန်း အော်မြည်လာသည်။ သွေးမိစ္ဆာတောင်အတွင်းမှ ရှေးဆန်သောအသံကြီးတစ်သံသည် အဆုံးမဲ့ပဲ့တင်ထပ်လျက် ဖြေးညှင်းစွာ စကားပြောလာ၏။

"သဘောတူတယ်" အသံကြီးက ပြောသည်။ စကားက တစ်လုံးတည်း။ သို့သော် ထိုတစ်လုံးတည်းသော စကားအား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် မိစ္ဆာမီးက ဟုန်းခနဲ ထိုးတက်တောက်လောင်သွားလေပြီ။ ဤအခြင်းအရာက မန်ဟို့ကို သွေးမိစ္ဆာတောင်ကြီးမှ အသိအမှတ်ပြုကြောင်း ကိုယ်စားပြု၏။

တစ်ချိန်တည်းမှာပင် ရောင်စဉ်တန်းတစ်တန်း ကောင်းကင်သို့ ထိုးတက်သွားသည်။ ရောင်စဉ်များကား ခြောက်မျိုးမဟုတ်တော့ဘဲ ခုနစ်မျိုးဖြစ်သွားလေပြီ။

ကောင်းကင်တွင် ‌စုစုပေါင်း ရောင်စဉ်ဆယ်မျိုးအတွက် နေရာရှိပြီး မန်ဟိုက ခုနစ်မျိုးအား သိမ်းပိုက်ထားပြီဖြစ်သည်။

ရောင်စဉ်ခုနစ်မျိုးက အကန့်အသတ်မရှိသော ကောင်းကင်ကြီး၏ ဧရိယာအများစုကို ထွန်းလင်းနေစေသည်။ ယခုတွင် အထွတ်အမြတ်နယ်မြေနှစ်ခုမှာ ပို၍ထင်ရှားလာလေပြီ။ အထွတ်အမြတ်နယ်‌‌မြေများကို နှစ်ပေါင်းများစွာ ချိတ်ပိတ်ချုပ်နှောင်ထားခဲ့သော တားမြစ်မန္တန်များလည်း တဖြေးဖြေး မြင်သာလာသည်။ မရေမတွက်နိုင်သော နွယ်များ တွဲလောင်းကျနေသည်ကိုလည်း မြင်ရနိုင်၏။

၎င်းတို့မှာ နှစ်ပေါင်းအလွန့်အလွန် ကြာမြင့်စွာ ပိတ်လှောင်ခံခဲ့ရပြီး အကြာကြီးကြာပြီးသည့်နောက်တွင်တော့ ပြန်လည်ပေါ်လာခဲ့လေပြီ။

ည၏မျက်နှာမှာ မသာမယာဖြစ်နေပြီး ခံစားချက်များ ရှုပ်ထွေးနေသည်။ ဤပုဂ္ဂိုလ်၏ဝင်ခွင့်ကို ပြန်ရုတ်သိမ်း၍မရတော့ကြောင်း ၎င်းသိသည်။ ရောင်စဉ်ခြောက်မျိုးပေါ်လာခဲ့ပြီဆိုကတည်းက အနည်းဆုံးအခွင့်အရေးသုံးခုက သေချာသွားလေပြီ။

မန်ဟို ယခု မအောင်မြင်ခဲ့လျှင်တောင် ညအနေဖြင့် ‌ကုန်းမြေကြေးမုံကို ပြန်တောင်းဖို့အသာထား၊ သူ့ကို လက်ဖျားလေးနှင့် ထိခိုက်အောင်ပင် လုပ်နိုင်မည်မဟုတ်ပေ။

မန်ဟိုတွင် ဝင်ခွင့်ရှိနေသရွေ့ ၎င်းမှာ ဘာမှမတတ်နိုင်သည်သာ။ ၎င်းသည် မန်ဟို စိတ်တိုင်းကျ ဆက်သွားနေသည်ကို ကူကယ်ရာမဲ့စွာသာ ကြည့်နေရတော့၏။

"တောင်သုံးလုံး၊ ကိုးကြိမ်အရိုအသေပေးခြင်း။ ခြောက်ကြိမ် ပေးပြီးသွားပြီ။ နောက်ဆုံးသုံးကြိမ်က ခြောက်သွေ့မီးတောက်မိစ္ဆာတောင်ကြီးအတွက်။ အဲ့ဒါက အားလုံးအထဲ အခက်ဆုံးတောင်ပဲ။ သူ့မှာ ရောင်စဉ်ခုနစ်မျိုးရှိထားပြီးသား ဆိုရင်တောင်မှ ကိုးမျိုးလုံးရဖို့ မဖြစ်နိုင်သေးဘူး" မန်ဟို့ကို ကြည့်နေစဉ် ည၏မျက်လုံးများသည် တဖျပ်ဖျပ် လက်လျက်ရှိ၏။

ခဲကျုံစစ်လည်း အတွေးနက်နေသော မျက်ဝန်းများဖြင့် မန်ဟို့ကို ကြည့်နေသည်။

မန်ဟိုက မျက်လုံးများပိတ်ပြီး စိတ်တည်ငြိမ်စေလိုက်၏။ ထို့နောက် နောက်ဆုံးမိစ္ဆာတောင်ကြီးကို ကြည့်လိုက်သည်။ ဤသည်မှာ တောင်ထိပ်တွင် မရေမတွက်နိုင်သော အရိပ်များ အလုအယက် ဝင်ရောက်နေကြသည့် မီးကျင်းကြီးနှင့် မီးတောင်ကြီးဖြစ်လေသည်။

ထိုကျင်းကြီးမှာ ဘဝကူးပြောင်းရသော နေရာနှင့်ပင် တူသည်။ ကျင်းထဲသို့ ဝင်ရောက်ခြင်းဖြင့် ၎င်းတို့သည် လောကီအချုပ်အနှောင်များမှ လွတ်မြောက်ကာ အစစ်အမှန်ခန္ဓာကိုယ်များကို ရှာဖွေပြီးနောက် ထွက်ခွာ၍ ဘဝအသစ်ဖြင့် ပြန်လည်မွေးဖွားလာမည်ဖြစ်သည်။

သို့သော် မန်ဟို မြင်နေရသည်တော့ မီးကျင်းကြီးထဲ ခုန်ဝင်လိုက်သူတိုင်း ခြောက်သွေ့နေသောပုံရိပ်များအဖြစ် ပြန်လည်မွေးဖွားလာ‌နေခြင်းပင်။ ထိုပုံရိပ်များက တောင်ပေါ် ပြန်တက်ကာ ကျင်းထဲ ခုန်ချကျပြန်သည်။ ဤသို့ဖြင့် အဆုံးမရှိ သံသရာလည်နေ၏။

သူ့မှာ ကြည့်လေလေ၊ ဘဝကူးပြောင်းခြင်းဖြစ်ကြောင်း သဘောပေါက်လေလေ ဖြစ်သည်။

တကယ်တော့ ဤတောင်ကြီး၏ နာမည်အမှန်မှာ ဘဝကူးပြောင်းမိစ္ဆာတောင်ဟူ၍ ဖြစ်သည်။ ခြောက်သွေ့မီးတောက်ဆိုသည်မှာ ပုံပန်းသွင်ပြင်အားဖြင့် ၎င်းနှင့် လိုက်ဖက်သော်လည်း တောင်၏အဓိပ္ပာယ်နှင့်တော့ မကိုက်ညီပေ။ မှန်ပါသည် ၊ ဤတောင်ကို ဖန်ဆင်းခဲ့သော မိစ္ဆာ‌ကြီးတွင် ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအို ဆိုသော ကျင့်စဉ်တစ်ခုရှိ၏။

မန်ဟိုသည် သူ၏အရှေ့ရှိ ‌ဘဝကူးပြောင်းမိစ္ဆာတောင်ကြီးကို တိတ်ဆိတ်ကြည့်နေ၏။ သူ ယုံကြည်ချက်အရှိဆုံးမှာ နှင်းမြေမိစ္ဆာဖြစ်ပြီး ဒုတိယက သွေးမိစ္ဆာဖြစ်သည်။ ယုံကြည်ချက်မရှိသည့် တစ်ခုတည်းသောတောင်မှာတော့ ဤ ဘဝကူးပြောင်းမိစ္ဆာတောင်ကြီးပင်။

ဤတောင်ကြီးနှင့် သူ၏အကြား ရေစက်ရှိသည့်အရာဆို၍ ….  ဒုတိယပြင်ညီတွင် ရရှိခဲ့သော်လည်း မတတ်မြောက်ခဲ့သော ကျင့်စဉ် ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအိုသာ ရှိပေသည်။

မန်ဟို တွန့်ဆုတ်နေသည့်အချိန်မှာပင် ဘဝကူးပြောင်းမိစ္ဆာတောင်ကြီးက ၎င်း၏သဘောဆန္ဒအလျောက် ထစ်ချုန်းလာသည်။ မီးကျင်းကြီးထံမှ အမည်းရောင်အခိုးအငွေ့များ တဝေါဝေါ စီးမျောထွက်လာကာ အဆုံးမဲ့သော ‌မီးတောက်များနှင့် ကောင်းကင်ကို စိုးမိုးလိုက်သည်။

ထို့နောက် အတွင်းထဲမှ ရှေးဆန်ပြီး ခံစားချက်မဲ့နေသော အသံတစ်သံက စကားပြောလာ၏။

"ဘဝကူးပြောင်းမိစ္ဆာတောင်အနေနဲ့ အရိုအသေပေးတာကို မလိုအပ်ဘူး

"ဟိုးလွန်ခဲ့တဲ့ နှစ်တွေတုန်းက ဒီတောင်ပေါ်မှာ ခြောက်သွေ့နေတဲ့ကျွန်တစ်ယောက် ရှိခဲ့တယ်။ သူဟာ အသက်ရှင်နေရတာ ငရဲနဲ့တူတဲ့အတွက် လောကဓံပင်လယ်ကြီးထဲက လွတ်မြောက်ချင်လို့ ပြောခဲ့တယ်။ အဲ့ဒီလောကဓံပင်လယ်ကြီးက ဘယ်အရာကိုမဆို‌ လောင်ကျွမ်းပြာချပစ်နိုင်တဲ့ ၊ လွတ်မြောက်အောင် ထွက်ပြေးလို့မရတဲ့ မီးတောင်ကြီးနဲ့တူတယ်

"အဲ့ဒီနောက်မှာ သူက ဒီနေရာကို ခြောက်သွေ့မီးတောက်လို့ ခေါ်ခဲ့ပြီး လောကဓံပင်လယ်ကြီးကို ဖယ်ရှားသုတ်သင်ပစ်မယ်လို့ သစ္စာဆိုခဲ့တယ်။ သက်ရှိသတ္တဝါတွေအားလုံး လောကဓံရဲ့ခါးသီးမှုကို မကြုံတွေ့ရဘဲ လွတ်မြောက်စေရမယ်လို့ အခိုင်အမာဆိုခဲ့တယ်

"သင်သာ သူ့နေရာမှာဆိုရင် ဘာလုပ်မလဲ"

***

All Chapters