မြင့်မားသော မျှော်လင့်ချက်များ
Vol. 45 Ch. 624
ဘဝကူးပြောင်းမိစ္ဆာတောင်ကြီးထံမှ ရှေးဆန်သောအသံကြီး ပဲ့တင်ရိုက်ခတ်နေစဉ် တောင်တစ်လုံးမှာလည်း ဂျိန်းခနဲ ထစ်ချုန်းသွားသည်။ အမည်းရောင်အခိုးအငွေ့များ လေထဲသို့ လွင့်လူတက်လာပြီး တောင်ကြီးဆီမှ ဧရာမအမွှေးတိုင်ကြီးတစ်တိုင် ပျံထွက်လာခဲ့လေပြီ။ ၎င်းက မြူများရစ်သိုင်းနေလျက် လေလယ်တွင် ထောင်နေသည်။
အမွှေးတိုင်သည် တမြေ့မြေ့ ကျွမ်းလောင်နေပြီး အငွေ့များထွက်နေ၏။ ထိုအငွေ့များက ၎င်းကို ရစ်သိုင်းနေသောမြူများနှင့် ခွဲခြားမရအောင် တစ်သားတည်းဖြစ်သွား၏။ မြူများက အငွေ့ထဲတွင် တိမ်မြုပ်နေသည်လား၊ အငွေ့များက မြူများကို မွေးဖွားပေးနေသည်လား ပြောရခက်၏။
ရှေးဆန်သောအသံကြီးက နောက်တစ်ဖန် ပဲ့တင်ထပ်သွားပြန်သည်။ "အမွှေးတိုင်ကုန်တဲ့အထိ အဖြေမပေးနိုင်ရင် ဘဝကူးပြောင်းတောင်ရဲ့ မီးဟာ ရောင်စဉ်တစ်ဝက်လေးတောင် ထုတ်လွှတ်ပေးမှာမဟုတ်ဘူး"
ထို့နောက် တစ်လောကလုံး တိတ်ဆိတ်သွားသည်။ မန်ဟိုမှာ ဘဝကူးပြောင်းတောင်ကြီးကို ကြောင်တောင်တောင်နှင့် ကြည့်နေ၏။ မီးတောင်ဝမှ အမည်းရောင်အခိုးအငွေ့များ တထောင်းထောင်း ထွက်နေပြီး မီးတောက်မီးလျှံများ ကခုန်နေသည်ကို သူမြင်နေရသည်။ တစ်ကမ္ဘာလုံးမှာ မီးခိုးများ၊ မီးတောက်များဖြင့် ဖွဲစည်းထားသည့်အလားပင်။
ကောင်းကင်တွင် ရောင်စဉ်ဆယ်မျိုးအတွက် နေရာရှိသည်။ နှင်းမြေမိစ္ဆာတောင်နှင့် သွေးမိစ္ဆာတောင်ကြီးထံမှ ခုနစ်မျိုးကို သူ ရထားသည်။ ယခုတွင် ကျန်ရှိသောသုံးနေရာမှာ မီးတောက်များ၊ မီးခိုးများဖြင့် ဖုံးလွှမ်းခံထားလေသည်။ အရာအားလုံး မှုန်မွှားဝေဝါးနေ၏...
အထူးသဖြင့် အံ့ဩဖွယ်ကောင်းသည်မှာ မှုန်မွှားဝေဝါးမှုက ကောင်းကင်ထက်ရှိ ကျန်ရောင်စဉ်ခုနစ်မျိုးအပေါ် သက်ရောက်မှုရှိနေခြင်းပင်။ တစ်ချက်ကြည့်လိုက်လျှင် အရာအားလုံးမှာ မီးခိုးများဖြင့် လွှမ်းခြုံခံထားရသည့်အလားပင်။ အထွတ်အမြတ်နယ်မြေနှစ်ခုကို မော့ကြည့်လျှင် မြူထဲက ပန်းများကို ကြည့်ဖို့ကြိုးစားနေသည့်အလား ၊ နောက်ကျိနေသော ရေထဲက လကို မြင်အောင်ကြည့်နေသည့်အလား ဖြစ်ပေသည်။
"ငါသာ သူ့နေရာမှာဆို ဘာလုပ်မလဲ" မန်ဟိုက တွေးသည်။ ဘဝကူးပြောင်းမိစ္ဆာတောင်ကြီးအား အရိုအသေပေးစရာမလိုဘဲ စိတ်နှလုံးကို ပေးအပ်ရမှာ ဖြစ်လေသည်။ ၎င်းသည် အချိန်၏တိုက်စားမှုကြောင့် မပျက်စီးသွားမည့် လူတစ်ယောက်၏အနှစ်သာရကို လိုအပ်နေ၏။
ခဲကျုံစစ်သည် အတွေးထဲ နစ်မြောနေလျက် စောင့်ကြည့်နေ၏။ တစ်ချိန်က သူလည်း မန်ဟိုနည်းတူ သတ်မှတ်ချက်များနှင့် ကိုက်ညီခဲ့သည်။ သို့သော် ဘဝကူးပြောင်းမိစ္ဆာတောင်ကြီးနှင့်ရင်ဆိုင်ရသောအခါ ရောင်စဉ်နှစ်မျိုးကိုသာ ရယူနိုင်ခဲ့လေသည်။ ထို့ကြောင့် ကောင်းကင်ကို ရောင်စဉ်ရှစ်မျိုးဖြင့်သာ ပြည့်နှက်စေခဲ့ရာ နောက်ဆုံးတွင် အထွတ်အမြတ်နယ်မြေနှစ်ခုကို သူ မတက်လှမ်းနိုင်ခဲ့ပေ။
ယခု မန်ဟို့ကို ကြည့်နေရင်း သူ့မှာ လွန်ခဲ့လေပြီးသော နှစ်များက နိုးထလာခဲ့ပြီး မိစ္ဆာအင်မိုတယ်ဂိုဏ်း ပျက်သုဉ်းသွားခဲ့သည့်အပြင် သူတစ်ယောက်တည်းသာ ကျန်တော့ကြောင်း တွေ့လိုက်ရသည့်အချိန်ကို ပြန်တွေးမိလိုက်ရ၏။
အစစ်အမှန်စိတ်ဝိညာဉ်ညမှာ သူငယ်အိမ်များကျုံ့လျက် မန်ဟို့ကို စိုက်ကြည့်နေသည်။ ဒုတိယအထပ်ကောင်းကင်ဘုံ၏ ကိုးကြိမ်အရိုအသေပေးခြင်းနှင့် တောင်သုံးလုံးတွင် ဘဝကူးပြောင်းမိစ္ဆာတောင်မှာ အခက်ဆုံးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ... ဤတောင်က ပထမဆုံး နှလုံးသား၊ ဒုတိယ တာအို နှင့် တတိယ ဘဝကူးပြောင်းခြင်းနှင့်ပတ်သက်ပြီး မေးခွန်းမေးသည့်အတွက်ပင်။
"သူ့အဖြေက ဘာများဖြစ်မလဲ" ညက တွေးသည်။ သူ၏သုံးသပ်ချက်အရ မန်ဟိုမှာ သခင်လီစောင့်နေခဲ့သောလူ မဟုတ်ပေ။ သူ့တွင် ဆက်ခံသူဖြစ်ရန် ရေစက်မပါ။ သို့သော် ဘဝကူးပြောင်းတောင်ကြီးထံမှ မေးခွန်းကို မန်ဟို မည်သို့တုံ့ပြန်မည်လဲ အလွန်သိချင်နေ၏။
ဤအခိုက်အတန့်တွင် ညနှင့် ခဲကျုံစစ်တို့နှစ်ဦးလုံး တစ်စုံတစ်ခုကို သတိပြုမိခဲ့သော်လည်း ဂရုစိုက်ဟန်မတူပေ။ အဝေးရှိ လေထဲတွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့ပြီး မန်ဟို့ကို ကြည့်နေသည်။
၎င်းသည် အတော်လေး ကလူမြူဆွယ်နေသောဟန်ပန်နှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး လက်ဖျားခါလောက်အောင် လှသည်။ မှန်သည် ... သူမကား ကျင်ရှန်းပင်။
တောင်ကောင်းကင်မှ ရောက်လာခဲ့သူတိုင်း ထွက်သွားကြပြီဖြစ်သည်။ မန်ဟိုနှင့်ကျင်ရှန်းနှစ်ယောက်တည်း ကျန်ရစ်ခဲ့၏။
ကျင်ရှန်း ထွက်မသွားရသည့် အကြောင်းရင်းကတော့ တောင်ကောင်းကင်ဂြိုဟ်သို့ ပြန်ရန် စိတ်ကူးမရှိသည့်အတွက်ပင်။
မန်ဟို ရုတ်တရက် အမွေအနှစ်ရယူခွင့် ရသွာသည့်အတွက်ကြောင့်သာမဟုတ်လျှင် သူမသည် အချိန်တော်တော်ကြာကတည်းက ထွက်သွားခဲ့ပြီဖြစ်သည်။
သူမသည် တွေဝေရှုပ်ထွေးနေသော အမူအရာဖြင့် မန်ဟိုနှင့် တတိယမိစ္ဆာတောင်ကြီးကို လှမ်းကြည့်နေ၏။
"မျိုးရိုးအဆက်ဆက် စုစည်းလာခဲ့တဲ့ စွမ်းရည်တွေနဲ့ ဂိုဏ်းတန်ခိုးရှင်ဆရာကြီးတွေရဲ့ နိမိတ်ဖတ်ခဲ့တာအရ သခင်လီရဲ့ဆက်ခံသူဟာ အရှေ့အောင်ပွဲဂြိုဟ်ကနေ ပေါ်ထွန်းလာရမှာ။ ဒီအကြောင်းသိတဲ့ ဂိုဏ်းသားတွေ တော်တော်ကို နည်းတယ်
"မန်ဟိုက တောင်ကောင်းကင်ဂြိုဟ်သားဆိုတော့ ဆက်ခံသူဖြစ်ဖို့ ကံကြမ္မာက သတ်မှတ်ပေးထားတဲ့သူ မဟုတ်ဘူး" ကျင်ရှန်းက သက်ပြင်းဖွဖွ ချလိုက်သည်။
တခဏကြာသော် မန်ဟို၏မျက်လုံးများ တလက်လက် တောက်ပလာသည်။
"ဘဝကူးပြောင်းမိစ္ဆာတောင်ကြီးမေးတဲ့ မေးခွန်းမှာ ဖြစ်နိုင်တဲ့အဖြေတွေ အများကြီးရှိတယ်" သူက တွေးသည်။ "သဘောတရားတွေအများကြီး စဉ်းစားကြည့်လို့ရတယ်။ ငါသာ ဘဝကူးပြောင်းတောင်ကြီးရဲ့ ကျွန်ဆိုရင် ငါ့အရှေ့မှာ ရွေးချယ်စရာတွေ အများကြီးရှိနေမှာပဲ" အတွေးများစွာ မန်ဟို့ခေါင်းထဲတွင် ဖြတ်ပြေးသွားသည်။ သူသည် စာပေသမားတစ်ယောက် မဟုတ်ပါလော။ နှစ်ပေါင်းရာပေါင်းရာချီကြာခဲ့ပြီ ဖြစ်သည့်တိုင် ကျိုးပြည်မှာတုန်းက ဝင်ရောက်ဖြေဆိုခဲ့သော နန်းတွင်းစာမေးပွဲများအား သူ စမ်းတဝါးဝါး မှတ်မိသေးသည်။
သူ၏မသိစိတ်မှာ မေးလိုက်သော မေးခွန်းမှ သဲလွန်စများကို ခွဲခြမ်းစိတ်ဖြာပြီးသွားလေပြီ။
အသက်ရှိုက်စာအနည်းငယ်ကြာသော် သူ၏မျက်လုံးများ စူးရှတောက်ပလာသည်။ သူသည် စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း စဉ်းစားမိသော အဖြေကို ပြောမရဖြစ်နေ၏။
ဤအခိုက်အတန့်တွင် သူ၏ပါးစပ်မှာ ချိတ်ပိတ်ခံလိုက်ရသည့်အလား ဆွံ့အသွားလေပြီ။
မန်ဟိုမှာ ဘဝကူးပြောင်းတောင်ကြီးကို ကြည့်ရင်း စိတ်နှလုံးတုန်ရီလာသည်။
ခဲကျုံစစ်သည် မန်ဟိုကို ကြည့်ပြီးနောက် ဖြည်းဖြည်းချင်း ပြောသည်။ "ဘဝကူးပြောင်းမိစ္ဆာတောင်က မေးခွန်းသုံးခုမေးပြီး မင်းပါးစပ်ကို ချိတ်ပိတ်တယ်။ မင်း နှလုံးသားနဲ့ မကိုက်ညီတဲ့ အဖြေကို ပြောလို့မရဘူး။ ဒီပထမဆုံးမေးခွန်းက မင်းနှလုံးသားကို မေးခွန်းထုတ်တာပဲ
"စိတ်နဲ့ နှလုံးသားတံခါးကို ဖွင့်ထားပါ။ မင်းစိတ်ထဲမှာ အဖြေမှန်ကို ရှာတွေ့ရင် ထုတ်ပြောနိုင်လိမ့်မယ်။ နှလုံးသားကို ရှာဖွေ ၊ မင်းရဲ့အကျင့်စရိုက်ကို ရှာဖွေ။ မင်းကိုယ်မင်းရှာဖွေပါ" ခဲကျုံစစ်၏မျက်လုံးများမှာ လေးနက်နေသည်။
မန်ဟို အတန်ကြာ တိတ်ဆိတ်သွားသည်။ အမွှေးတိုင်ကြီးကို ကြည့်လိုက်ရာ သုံးပုံတစ်ပုံ လောင်ကျွမ်းသွားပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ သူ၏မျက်လုံးများတွင် တွေဝေရှုပ်ထွေးနေသော အရိပ်အယောင်တစ်ခု ပြည့်နှက်သွားပြီး သူက မျက်လုံးပိတ်လိုက်၏ ။
တစ်လောကလုံး တိတ်ဆိတ်နေသည် ....
"ဒီတောင်ပေါ်မှာ ခြောက်သွေ့နေတဲ့ ကျွန်တစ်ယောက်ရှိတယ်။ သူက ရှင်သန်နေရတာ ငရဲပဲ" မန်ဟို တွေးသည်။ "လောကဓံပင်လယ်ကြီးကနေ လွတ်မြောက်ချင်တယ်လို့ ပြောခဲ့တယ်။ အဲ့ဒီပင်လယ်ကြီးက ဘယ်အရာကိုမဆို လောင်ကျွမ်းပြာချပစ်နိုင်တယ်။ အဲ့ဒီနောက်ပိုင်း သူဟာ ဒီနေရာကို ခြောက်သွေ့မီးတောက်လို့ ခေါ်ခဲ့ပြီး လောကဓံပင်လယ်ကြီးကို သုတ်သင်ဖယ်ရှားပစ်မယ်လို့ သစ္စာဆိုခဲ့တယ်။ သက်ရှိသတ္တဝါတွေအားလုံး လောကဓံရဲ့ ခါးသီးမှုကို မကြုံတွေ့ရဘဲ လွတ်မြောက်စေရလိမ့်မယ်လို့ အခိုင်အမာဆိုခဲ့တယ်
"အဲ့ဒါ သူရဲ့ ရွေးချယ်မှု။ အဲ့ဒီလူဟာ နဝမတောင်နဲ့ပင်လယ်ရဲ့ ထင်ပေါ်ကျော်ကြားတဲ့ ခြောက်သွေ့မီးတောက်မိစ္ဆာကလွဲပြီး တခြားမဟုတ်ဘူး
"ဒီမိစ္ဆာတောင်ကြီးတွေရဲ့ ကျန်မိစ္ဆာကြီးနှစ်ကောင် ဘယ်လိုဖြစ်ပေါ်လာခဲ့လဲ မသိပေမယ့် ဘဝကူးပြောင်းမိစ္ဆာတောင်ကြီးအတွက် ကျွန်လေးတစ်ယောက်ကတောင် မိစ္ဆာကြီးတစ်ကောင် ဖြစ်လာနိုင်ရင်တော့ ... ဒီတောင်က မိုးကောင်းကင်ကို ဖီဆန်နေတာပဲ" မန်ဟိုသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူ့စိတ်သူ တည်ငြိမ်စေလိုက်၏။
"ငါသာ သူဆိုရင် ... လောကဓံပင်လယ်ကြီးကို ရင်ဆိုင်ရတဲ့အခါ ဘာလုပ်မလဲ" မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "သူ့လိုပဲ လောကဓံပင်လယ်ကြီးကို သုတ်သင်ဖို့ သစ္စာဆိုမှာလား ... တခြားအရာကို ရွေးချယ်မှာလား" သူသည် မိစ္ဆာအင်မိုတယ်ဂိုဏ်းသို့ ရောက်နေခြင်းအား မေ့သွား၏။ အရာအားလုံးကို မေ့လျော့သွားပြီး သူ၏စိတ်နှလုံးထဲတွင် နစ်မြုပ်သွားသည်။ သူ့နှလုံးသားကို ရှာဖွေရင်း နစ်မျောနေတော့၏။
သူသည် တစ်ယောက်တည်း ရေရွတ်ရင်း သူ၏စိတ်နှလုံးသားထဲတွင် အဖြေမှန်အား ရှာဖွေနေ၏။
ရုတ်တရက် မြင်ကွင်းတစ်ခုကို သူ မြင်ယောင်လာသည်။ ထိုမြင်ကွင်းထဲတွင် သူသည် ဘဝကူးပြောင်းတောင်ကြီးအပေါ်က ကျွန်တစ်ယောက် ဖြစ်၏။ သူ့မှာ မီးကျင်းထဲ ခုန်ချရန် တောင်ထိပ်သို့ အလုအယက် တက်နေသည်။ နောက်ဆုံးတွင် အထဲခုန်ချနိုင်သွားပြီး မီးတောက်များ ၊ ချော်ရည်များ၏ ဝါးမြိုပြာချခြင်း ခံလိုက်ရသည်။
သူ၏မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါ တောင်ခြေသို့ရောက်နေပြီး ယခင်အတိုင်း တက်သွားရပြန်သည်။ ဤသို့ဖြင့် အတောမသတ်နိုင်အောင် သံသရာလည်နေ၏။
"သူ မှန်သလို မှားလည်း မှားတယ်" မန်ဟိုက တီးတိုးရေရွတ်လိုက်သည်။
"ဒါကို လောကဓံပင်လယ်လို့လည်း မြင်လို့ရသလို .. အဲ့ဒီလိုလည်း မဟုတ်ပြန်ဘူး။ အကုန်လုံးကို ခါးသီးစရာ လောကဓံလို့ မြင်ရင် ခါးသီးစရာ လောကဓံဟုတ်တယ်။ အကုန်လုံးကို ခါးသီးစရာလို့ မယုံကြည်ရင် ခါးသီးစရာမဟုတ်ဘူး
"မီးကျင်းကြီးထဲ ခုန်ချတာက သေခြင်းကို ကိုယ်စားပြုတယ်။ မီးတောင်ရဲ့ အောက်ခြေမှာ ပြန်ပေါ်လာတာက မွေးဖွားခြင်းကို ကိုယ်စားပြုတယ်။ တောင်ပေါ်တက်ရတယ် ဆိုတာ ဘဝကို ကိုယ်စားပြုတယ် ...
"ငါ ဒီနေရာကို သုတ်သင်ဖယ်ရှားဖို့ သစ္စာမဆိုဘူး။ ငါ့ကိုယ်ငါ သရဲဘောကြောင်တဲ့သူ အဖြစ်မခံနိုင်ဘူး။ ငါ့မှာရှိတာက ... ငါ ခြေချချင်တဲ့ နေရာမှာ ခြေချနိုင်တဲ့ စိတ်ပဲ။ ငါ့ကံကြမ္မာကို ငါ ကြိုးကိုင်နိုင်တယ်။ ငါ့ ဘယ်လိုပြန်မွေးဖွားလာမလဲ ထိန်းချုပ်လို့မရကောင်း မရနိုင်ပေမယ့် ငါ ဘယ်လိုပုံစံနဲ့သေမလဲဆိုတာတော့ ဆုံးဖြတ်နိုင်တယ်
"ပြီးတော့ ငါ့ရဲ့ နောက်ဆုံးပန်းတိုင်က မီးတောင်ထိပ်က ကျင်းကြီး လုံးဝ မဟုတ်ဘူး" တီးတိုးရေရွတ်နေခြင်းသာ ဖြစ်သော်လည်း မန်ဟို၏အသံမှာ မိစ္ဆာအင်မိုတယ်ဂိုဏ်းတစ်ဂိုဏ်းလုံး ပဲ့တင်ထပ်နေခြင်းဖြစ်သည်။ သူကိုယ်တိုင်ပင် ထိုအခြင်းအရာကို သတိမထားမိပေ။
သူ၏အသံပဲ့တင်ထပ်နေစဉ် မန်ဟို၏မြင်ကွင်းကား ပြောင်းလဲသွား၏။ ခြောက်သွေ့ကျွန်တစ်ဦးပုံစံဖန်ဆင်းထားသော မန်ဟိုသည် သံသရာစက်ဝန်းအတိုင်း မလိုက်နာတော့ပေ။ သူက ကျင်းကြီးအထဲ ခုန်မချတော့ဘဲ မီးတောင်၏အပြင်တွင် ရပ်နေ၏။ သူ၏ပတ်ပတ်လည်ရှိ ကျွန်များနှင့်မတူ ၊ သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏အမူအရာမှာ ငေးကြောင်ကြောင်မဟုတ်တော့ဘဲ ခံစားချက်များဖြင့် ပြည့်သျှံနေလေပြီ။
သူကား ... နိုးထလာခဲ့သည့်အလားပင်။ အဖြူအမည်းပန်းချီကားတစ်ချပ် ရုတ်တရက် ရောင်စုံခြယ်သွားသည့်အလား ဖြစ်လာသည်။
သူသည် မီးကျင်းကြီးကို ကျောပေး၍ တောင်ကြီးဆီမှ ဝေးရာသို့ လမ်းလျှောက်ထွက်သွားတော့သည်... နောက်ဆုံးတွင် အပြုံးတစ်ခု သူ၏မျက်နှာအပေါ်၌ ဖြစ်ထွန်းလာ၏။
"ရှင်သန်ခြင်းရဲ့လမ်းကြောင်းက တောင်ခြေကနေ တောင်ထိပ်အထိ သွားနေတဲ့ တစ်လမ်းပဲ ရှိတာမဟုတ်ဘူး..." သူက ပေါ့ပေါ့ပါးပါး ပြောသည်။ သူ၏စိတ်ထဲတွင် သူသည် ပိန်ချုံးခြောက်ကပ်နေသော ကျွန်တစ်ဦးပုံစံဖြင့် ဘဝကူးပြောင်းခြင်းတောင်ပေါ်မှ ဆင်းလာ၏။ သူက ပြန်လှည့်မကြည့်ဘဲ အဝေးသို့ လမ်းလျှောက်ထွက်သွားလေသည်။
သူ၏အနောက်တွင် ဘဝကူးပြောင်းတောင်အပေါ်ရှိ မရေမတွက်နိုင်သော ကျွန်များမှာ နေ့စဉ်နေ့တိုင်း လုပ်နေကျအတိုင်း ဆက်လက်လုပ်ဆောင်နေကြသည်။ သူကမူ တောင်ကြီးနှင့် ဝေးသထက် ဝေးလာခဲ့၏...
"လောကဓံပင်လယ်လို့ ယုံကြည်ရင် လောကဓံပင်လယ် ဖြစ်လိမ့်မယ်။ ဘဝခရီးလမ်းအပေါ်က သဘာဝရှုခင်းလေးတစ်ခုပဲလို့ ယုံကြည်ရင်တော့ သဘာဝရှုခင်းလေးတစ်ခုပဲ ဖြစ်လိမ့်မယ်.... လောကဓံပင်လယ်က ဘယ်တော့မှ အဆုံးမသတ်ပေမယ့် သဘာဝရှုခင်းတွေကတော့ ပေါ်ပြီး ပျောက်သွားကြတယ်
"အဲ့ဒါက ကျုပ်အဖြေပဲ"
မန်ဟို မျက်လုံးများ ဖွင့်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူသည် ပဲ့တင်ထပ်နေသော သူ့အသံကိုယ်သူ ကြားလိုက်ရ၏။
ခဲကျုံစစ်မှာ မန်ဟိုကို ကြည့်နေစဉ် စိတ်နှလုံးတုန်လှုပ်နေတော့သည်။ မန်ဟို၏အဖြေမှာ သူ ထင်ထားသည်ထက် အဆများစွာ ကျော်လွန်နေ၏။ မန်ဟိုသည် လောကဓံပင်လယ်ကို သုတ်သင်ဖယ်ရှားပြီးနောက် ပြန်လည်မွေးဖွားရန် ရွေးချယ်လိမ့်မည်ဟု သူ ထင်ခဲ့လေသည်။
"သူသာ သေရမယ့်အချိန်ထက် စောပြီး မသေခဲ့ဘူးဆိုရင်" ခဲကျုံစစ်က တွေးသည်။ "သူ့ရဲ့အနာဂတ်က ခန့်မှန်းဖို့တောင် မဖြစ်နိုင်ဘူး" သူ၏မျက်လုံးထဲရှိ အံ့ဩတုန်လှုပ်မှုမှာ တဖြေးဖြေး လေးစားမှုအသွင်ပြောင်းသွားသည်။ "သူရဲ့ကျင့်ကြံခြင်းအခြေခံက ငါ့ကို မမှီပေမယ့် သူ့နှလုံးသားက ..... အများကြီးပိုကြီးတယ်"
ပို၍ပင် အံ့အားသင့်နေသူမှာတော့ အစစ်အမှန်စိတ်ဝိညာဉ်ညပင်။ သူသည် စိတ်နှလုံးတုန်ရီလျက် မန်ဟို့ကို စိုက်ကြည့်နေ၏။ သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်ကား မန်ဟို၏စကားလုံးများပင်။ "လောကဓံပင်လယ်က ဘယ်တော့မှ အဆုံးမသတ်ပေမယ့် သဘာဝရှုခင်းတွေကတော့ ပေါ်ပြီး ပျောက်သွားကြတယ်"
"ရိုးရှင်းတဲ့ ရွေးချယ်မှုတစ်ခုလို့ ထင်ရပေမယ့်" ညက တွေးသည်။ "သေသေချာချာ ခွဲခြမ်းစိတ်ဖြာကြည့်ရင် ... သူ့ရဲ့ရည်ရွယ်ချက်က အခြားသူတွေထက် အများကြီးသာတယ်။ သူ့ရဲ့အတွင်းစိတ်က အတိုင်းအဆမရှိအောင် ကြီးမားတယ်
"သူ့အတွက် လောကဓံပင်လယ်ဆိုတာ ဘဝခရီးလမ်းပေါ်က သဘာဝရှုခင်းလေးတစ်ခုပါပဲလား။ သူ ရှေ့ဆက်ခရီးနှင်ရလေလေ ၊ သဘာဝရှုခင်းတွေ အများကြီး မြင်တွေ့ရလိမ့်မှာပဲ
"ဘဝကူးပြောင်းခြင်းက နှလုံးသားကို စမ်းသပ်တယ်။ လူတစ်ယောက်ရဲ့ အနှစ်သာရ၊ လူတစ်ယောက်ရဲ့ ပင်ကိုယ်သဘာဝ၊ လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို စစ်ဆေးတယ်။ သူ့အဖြေက မမှားနိုင်ဘူး။ ဒီလူဟာ ... ပေါ့ပေါ့ပါးပါးလေး ပြောသွားခဲ့ပေမယ့် ကောင်းကင်ဘုံကို တုန်လှုပ်စေနိုင်တယ်"
အဝေးတွင် ကျင်ရှန်းသည် အသက်မနည်းရှူနေရ၏။ မန်ဟိုသည် သာမန်လူမဟုတ်ကြောင်း အချိန်အတော်ကြာကတည်းက သူမ သုံးသပ်မိခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ယခု သူ့နှလုံးသား၏ဖြေရှင်းချက်ကို ကြားသောအခါ သူ့ကို အထင်သေးခဲ့မိကြောင်း သူမ သဘောပေါက်လိုက်၏။
"သူ့ရဲ့ ရွေးချယ်မှုက သူ့နှလုံးသားကို ကိုယ်စားပြုတယ်။ တောင်ကောင်းကင်မှာပဲဖြစ်ဖြစ် ၊ နဝမတောင်နဲ့ပင်လယ်မှာပဲ ဖြစ်ဖြစ် သူ အသက်ရှင်နေသေးရင် အခုဒီနေရာက အရာအားလုံးဟာ သူ့ရဲ့ခရီးလမ်းအပေါ်က မှတ်တိုင်လေးတစ်ခုထက် ပိုမှာမဟုတ်ပေဘူး
"သူ ရှေ့ဆက်သွားနေတဲ့အချိန် တည်ရှိသမျှအရာအားလုံး သူ အဝေးကို လျှောက်ထွက်သွားတာကို စောင့်ကြည့်နေရုံကလွဲပြီး တခြားလုပ်နိုင်မှာ မဟုတ်ဘူး..."
ယခုတွင် ဘဝကူးပြောင်းတောင်မှ မည်သည့်မီးတောက်မီးလျှံ၊ မည်သည့်မြူခိုးမြူငွေ့မှ ထွက်မလာတော့ပေ။ အမွှေးတိုင်ကြီးပင်လျှင် လောင်ကျွမ်းနေခြင်း ရပ်တန့်သွားခဲ့ပြီး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေလေပြီ။
မန်ဟိုက ဘဝကူးပြောင်းတောင်ကြီးကို ကြည့်နေပြီး တောင်ကြီးကလည်း သူ့ကို ကြည့်နေသည့်အလားပင်။
အသက်အရှိုက်အနည်းငယ်ကြာသော် အတိုင်းထက်အလွန် ကျယ်လောင်သော ထစ်ချုန်းသံကြီးက ကောင်းကင်နှင့်မြေကြီးတွင် ဆူညံသွားသည်။ မြေငလျင်တို့ လှုပ်ခတ်လာပြီး အရာအားလုံး တုန်ခါလာလေသည်။
"သင့်အား မြင့်မားသော မျှော်လင့်ချက်တို့ဖြင့် အသိအမှတ်ပြုတော်မူတယ်" ရှေးဆန်သော အသံကြီးက ခက်ထန်ထန် ပြောလိုက်၏။ မန်ဟို့ကို အသိအမှတ်ပြုလိုက်သော အသံကြီးကား အရပ်မျက်နှာတစ်ခွင့်သို့ ရှင်းလင်းပြတ်သားစွာ ပဲ့တင်ထပ်သွားလေသည်။
တစ်ချိန်တည်းမှာပင် အဆုံးမရှိသော မီးတောက်များ တဟုန်းဟုန်းတောက်လာပြီး မိုးကောင်းကင်ကို ထွန်းလင်းသွားစေ၏။ ယခင်က ရောင်စဉ်ခုနစ်ပိုင်းရှိခဲ့သော်လည်း ယခုမူ နောင်တစ်ပိုင်းထပ်တိုးလာသဖြင့် အလင်းရောင်မှာ ပိုတောက်ပလာလေပြီ။
ကောင်းကင်တစ်ခုလုံးသည် တတိယအထပ်ကောင်းကင်ဘုံနှင့် ဆက်သွယ်နေသော ရောင်စဉ်ရှစ်မျိုးဖြင့် လင်းထိန်တောက်ပနေ၏။ အထွတ်အမြတ်နယ်မြေနှစ်ခုမှာလည်း ထင်ရှားပြတ်သားလာနေသည်။
အံ့ဖွယ်သဘာဝစွမ်းအားတစ်ရပ်သည်လည်း ဘဝကူးပြောင်းတောင်ကြီးအတွင်းမှ ထွက်လာပြီး မန်ဟို့ဆီ ပြေးဝင်လာ၏။
သူ၏ခန္ဓာကိုယ်မှာ ကျင့်ကြံအဆင့်တက်လာသဖြင့် တုန်ရီစပြုလာတော့သည်။
***