← Chapters

ကျုပ်ကတော့ ရှာဖွေနေတုန်းပဲ

Vol. 45 Ch. 625

ကျုပ်ကတော့ ရှာဖွေနေတုန်းပဲ

Vol. 45 Ch. 625

မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ စတင်လည်ပတ်လာပြီး သူ၏ဆံပင်များမှာ လေတွင် လွင့်ပျံ့နေလျက်ရှိသည်။ ပြိုင်ဘက်ကင်း အရှိန်အဝါတစ်ခုနှင့် ပြည့်နှက်နေသော ကောင်းကင်နှင့်မြေကြီး၏ သဘာဝစွမ်းအားများ မန်ဟို့ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာကြသည်။ အဆိုပါသဘာဝစွမ်းအားများသည် သူ၏မွေးညင်းပေါက်များမှတစ်ဆင့် စီးဝင်လာကာ သူနှင့်တစ်သားတည်း ပေါင်းစည်းသွားသည့်အတွက် သူ၏ကျင့်ကြံခြင်းအခြေခံမှာ   ပိုပို၍ လျင်မြန်စွာ လည်ပတ်လာတော့သည်။

မန်ဟိုမှာ သူ၏နှလုံးခုန်သံကိုသူ ပြန်ကြားနေရလေသည်။ ဒုတ်ခနဲ နှလုံးတစ်ချက် ခုန်လိုက်တိုင်း သူ၏ခန္ဓာကိုယ်တွင် ထစ်ချုန်းသံကြီးတစ်သံ ပြည့်နှက်သွား၏။ တဂျွတ်ဂျွတ် အက်သံများနှင့်အတူ သူ၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်း အရပ်ပိုရှည်လာလေပြီ။

သူသည် ပို၍ကျစ်လျစ်လာပြီး ဆွဲဆောင်မှုရှိလာကာ သူ၏ဆံပင်များမှာ တလွင့်လွင့် ပျံဝဲနေလေသည်။ သူ့ကို ဝန်းရံရစ်သိုင်းနေသော မိစ္ဆာအခိုးအငွေ့များမှာလည်း ပို၍ပင် သိပ်သည်းလာသည်။

မန်ဟို၏ကျင့်ကြံခြင်း‌အခြေခံမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ တစ်ဝက်ဝင်ရောက်နေ‌လေပြီ။ အမှန်တွင် သူသည် အဋ္ဌမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်လိုက်ပါက အစစ်အမှန်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ဟု သတ်မှတ်နိုင်၏။ ခေါင်းဆောင်ကြီးဟုရန်နှင့် တိုက်ပွဲက သူ မည်မျှအစွမ်းထက်လာခဲ့သည်လဲ အခိုင်အမာ သက်သေထူခဲ့ပြီးလေပြီ။

မန်ဟိုသာ စိတ်ရှိလျှင် မျက်လုံးလေး ခေတ္တမျှ မှိတ်ပြီး ပထမခွဲထွက်ခြင်း လုပ်ဆောင်နိုင်သည်။ အောင်မြင်ပါက နယ်မြေတစ်ခုအား ပိုင်ဆိုင်ရပေမည်။

သို့သော် နယ်မြေကိစ္စမှာ အလွန်အရေးပါလွန်း၏။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းဆိုသည်မှာ မသေမျိုးအင်မိုတယ်နှင့် သေမျိုးလူသားအကြားရှိ ပိုင်းခြားစည်းတစ်ခုဖြစ်သည့်အတွက် မန်ဟို လွယ်လင့်တကူ ဆုံးဖြတ်မည်မဟုတ်ပေ။ သူ၏အသက်စွမ်းအားမှ ဉာဏ်အလင်း၊ သူ၏ဘဝတစ်ခုလုံးမှ ဉာဏ်အလင်းကို လိုအပ်သည်။ သူအနေဖြင့် အသိအမြင်ပွင့်လင်းသွားမည့် လမ်းကြောင်းကို ရှာဖွေဖို့ လိုအပ်လေသည်။  သေမျိုးလူသားအဆင့်မှ မသေမျိုးအင်မိုတယ်အဆင့်သို့ ပထမဆုံး ‌‌တက်လှမ်းသောအခါ ယင်းက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအတွက် အချိန်အခါပင်။

ထိုအကြောင်းရင်းများအပြင် နောက်ထပ်အကြောင်းရင်းတစ်ခု ရှိသည်။ ကျင့်ကြံခြင်းအခြေခံနှင့် ပတ်သက်လျှင် မန်ဟိုသည် အလွန်ခေါင်းမာ၏။ သူက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ဝင်ရောက်ရန် အဋ္ဌမဝိညာဉ်ခန္ဓာအား အသုံးမပြုချင်ပေ။ သူ့တွင် ပြီးပြည့်စုံသောအခြေနှင့်အတူ ပြီးပြည့်စုံသောအမြုတေလည်း ရှိသည်။ သူ၏အနုသုခုမရုပ်ခန္ဓာများနှင့်ပတ်သက်၍မူ ပြီးပြည့်စုံအဆင့် ရရှိရန် သူ့နည်းလမ်းသူ အသုံးပြုခဲ့ပြီးလေပြီ။

သို့ထိတိုင် သူ၏အနုသုခုမရုပ်ခန္ဓာ ရှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်းမှာ ပြီးပြည့်စုံသည်ဟု ထင်ရသော်လည်း တကယ်တမ်း ရှစ်ခုမှာ နောက်ဆုံးအတိုင်းအတာ မဟုတ်သေးပေ။

"ငါ ကိုးခုမြောက် အနုသုခုမရုပ်ခန္ဓာကို ဖော်ဆောင်ဖို့ လိုအပ်တယ်" ထူးဆန်းသောအလင်းရောင်တစ်ခု သူ၏မျက်လုံးများတွင် တောက်ပလာပြီး သူ၏ရင်ထဲရှိ ရည်မှန်းချက်တို့ ပို၍ပင် ပြင်းပြလာတော့သည်။ သူသည် ဤကျင့်ကြံခြင်းလမ်းစဉ်ကို ‌စတင် လျှောက်ခဲ့ပြီးပြီဖြစ်၍ အထွတ်အထိပ်သို့ ရောက်ရှိအောင် အစွမ်းကုန် ကြိုးစားပေမည်။

ယခုအချိန်တွင် ဘဝကူးပြောင်းတောင်ကြီး၏အရှိန်အဝါမှ သဘာဝစွမ်းအားတို့ သူ၏ခန္ဓာကိုယ်ထဲသို့ တဝေါဝေါ ဝင်ရောက်နေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် ထပ်မတက်နိုင်သော အမှတ်တစ်နေရာသို့ ရောက်ရှိသည်အထိ ထိုးတက်သွားတော့သည်။ မန်ဟို၏စိတ်ဆန္ဒအတိုင်း ၎င်းက တည်ငြိမ်သွားပြီး သူ၏ဒန်တျန်တွင် စုစည်းစပြုလာသည်။

"‌ငါ့ရဲ့ ဓာတ်ငါးပါးအနုသုခုမရုပ်ခန္ဓာက ငါ့ရဲ့ကိုယ်ပိုင်အသိအမြင်ကနေ အရင်းခံတယ်။ ကျန်တဲ့အပြင်စွမ်းအားတွေက အရန်တွေသက်သက်ပဲ" မန်ဟို၏ ဒန်တျန်တွင် ကောင်းကင်နှင့်မြေကြီး၏ သဘာဝစွမ်းအားများမှာ တ‌ရဟော စီးဆင်းနေဆဲဖြစ်ပြီး တဖြေးဖြေး ဝဲတစ်ဝဲပုံစံပြောင်းလာသည်။

ဝဲကို ခြံရံထားသည်မှာ မန်ဟို၏အံ့ဖွယ်အနုသုခုမရုပ်ခန္ဓာရှစ်ခုဖြစ်သည်။

"ဒဏ္ဍာရီလာသိမ်းငှက်ကြီးရဲ့ လေစွမ်းအားကို ပြန်လည်မွေးဖွားခြင်းဂူထဲက ကျေးဇူးရှင် ငါ့ကို ပေးခဲ့တာ။ အစွမ်းက ငါ့ခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်းများစွာ ငုပ်လျှိုးနေခဲ့ပြီး နောက်ဆုံးမှာ ငါ့ရဲ့ခြောက်ခုမြောက်အနုသုခုမရုပ်ခန္ဓာအဖြစ် သန့်စင်ခံလိုက်ရတယ်" မန်ဟို၏မျက်လုံးများ ထူးဆန်းစွာ တောက်ပသွားသည်။ သူ အသက်ရှုလိုက်တိုင်း ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများ သူ၏ကိုယ်တွင်းသို့ ထပ်မံစီးဆင်းလာလေသည်။

"ပြစ်ဒဏ်မိုးကြိုး ... ချီအခြေတည်အဆင့်ကနေ အနုသုခုမရုပ်ခန္ဓာအဆင့်အထိ တောက်လျှောက် အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရတယ်။ ငါ့ရဲ့ကိုယ်ထဲမှာ လုံလုံလောက်လောက် စုဆောင်းပြီးတဲ့နောက်မှာ အဲ့ဒါကို ငါ့ရဲ့ ခုနစ်ခုမြောက် အနုသုခုမရုပ်ခန္ဓာအဖြစ် သန့်စင်ခဲ့တယ်" မန်ဟို့၏ကိုယ်အတွင်းမှာ မိုးကြိုးများ ထစ်ချုန်းနေသည့်အလား တဂျိန်းဂျိန်း ဆူညံနေပြီး ဒန်တျန်ထဲရှိ ဝဲကြီးမှာ မြန်သထက်မြန်မြန် လည်လာသည်။

"သိဒ္ဓိတင်အပြင်အားကိုယ်က ငါ့ကို စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကို ဝင်ရောက်စေနိုင်ခဲ့တယ်။ ချီ‌နှင့်သွေးကို စုစည်းပြီး ငါ့ရဲ့ရှစ်ခုမြောက်အနုသုခုမရုပ်ခန္ဓာကို ဖော်ဆောင်နိုင်ခဲ့တယ်" ထစ်ချုန်းသံကြီးသည် ပို၍ကျယ်လောင်လာသဖြင့် ခဲကျုံစစ်ကို မမှိတ်မသုန် ကြည့်နေမိစေပြီး အစစ်အမှန်စိတ်ဝိညာဉ်ည၏မျက်လုံးများထဲတွင် ထူးဆန်းသောအလင်းရောင်တစ်ခု ပေါ်လာစေသည်။

ကျင်ရှန်း၏မျက်နှာအပေါ်တွင်တော့ မယုံနိုင်ဖြစ်နေသောအမူအရာကို မြင်နိုင်လေသည်။

"ဒီတစ်ကြိမ်တော့ အပြင်က စွမ်းအားတစ်ခုတည်းနဲ့ပဲ ... ကိုးခုမြောက် အနုသုခုမရုပ်ခန္ဓာ ဖန်တီးမယ်

"အခု ငါ အပြင်စွမ်းအားသီးသန့်နဲ့ပဲ ကိုးခုမြောက်အနုသုခုမရုပ်ခန္ဓာ ‌ဖန်တီးချင်ရင်" မန်ဟိုက တွေးသည်။ "ပထမဆုံးလုပ်ဖို့ လိုအပ်တာက ... စဦးချီဖွဲ့စည်းမှု ၊ ချီအခြေတည်ခြင်း ၊ အမြုတေဖြစ်တည်မှုကို ရောက်ရှိပြီး နောက်ဆုံးမှာ ... အဲ့ဒါတွေကို အနုသုခုမရုပ်ခန္ဓာအဖြစ် ဖော်စပ်ဖို့ပဲ"

မန်ဟို၏ဆံပင်များမှာ လေကြမ်းကြမ်းတိုက်နေသည့်အလား ဖရိုဖရဲ ပျံ့လွင့်နေတော့သည်။ သူ၏အဝတ်အစားများမှာလည်း တဖတ်ဖတ် လှုပ်ခတ်နေသည်။ ယခုတွင် သူသည် ဝဲကြီးအသွင်ဖြင့် သူ့ကို ဝန်းရံလည်ပတ်နေသော ဘဝကူးပြောင်းတောင်ကြီး၏အရှိန်အဝါမှ ကောင်းကင်နှင့်မြေကြီး၏ သဘာဝစွမ်းအားထဲတွင် လုံးလုံးလျားလျား နစ်မြောနေတော့၏။

ဝဲကြီးမှာ မန်ဟို၏စုပ်ယူခြင်းခံနေရသည်နှင့်အမျှ ပိုပို၍ ကျုံ့လာတော့သည်။ ထိုသို့ဖြစ်ပျက်နေစဉ် သူ၏မျက်လုံးများသည် ဆထက်တိုး၍ စူးရှတောက်ပလာ၏။ သူ့ဒန်တျန်ထဲတွင် ဂျိန်းခနဲ ထစ်ချုန်းသွားသည်။ ဝဲကြီးမှာ စဦးချီဖွဲ့စည်းမှုမဟာစက်ဝန်းအဆင့်အထိ ကျုံ့သွားလေပြီ။ ထို့နောက် တာအိုမဏ္ဍိုင်များ စတင်ဖြစ်ပေါ်လာသည်။

တာအိုမဏ္ဍိုင်များက ချီအခြေတည်အဆင့်ကို ညွှန်ပြလေသည်။

ထိုမြင်ကွင်းက ခဲကျုံစစ်ကို ပို၍စိတ်ဝင်တစား ကြည့်မိသွားစေသည်။

"သူက နောက်ထပ်အနုသုခုမရုပ်ခန္ဒာတစ်ခုကို ဖော်ဆောင်ဖို့ ကြိုးစားနေတာပဲ ... မြင့်မြတ်သောဝိညာဉ်ကျမ်းစာကို ကျင့်ကြံနေတာ"

အစစ်အမှန်စိတ်ဝိညာဉ်ညမှာတော့ မန်ဟိုကို လေးလေးနက် ဆက်ကြည့်ရင်း တိတ်ဆိတ်နေသည်။

အားလုံးအထဲ အတုန်လှုပ်ဆုံးမှာတော့ ကျင်ရှန်းပင်။ သူမသည် မန်ဟို သဘာဝစွမ်းအင်များအား စုပ်ယူနေသည်ကို ကြည့်ရင်း မျက်လုံးကလေးများ ဝိုင်းစက်ပြူးကျယ်နေ၏။ သူမမှာ နာကျင်နေသော မျက်နှာထားလေးဖြင့် အံတင်းတင်းမကြိတ်မိဘဲ မနေတော့ပေ။

"အဲ့ဒါ ‌ဘဝကူးပြောင်းတောင်ကြီးရဲ့ အရှိန်အဝါပဲ။ မန်ဟိုက အနုသုခုမရုပ်ခန္ဓာတစ်ခု ဖန်တီးဖို့ ... အဲဒီအရှိန်အဝါကို တကယ် အသုံးပြုနေတာပါလား။ ငါသာ အဲ့ဒီအရှိန်အဝါကို စုပ်ယူနိုင်ခဲ့ရင် ငါ့ရဲ့မိစ္ဆာအင်မိုတယ်ခန္ဓာအတွက် မယုံနိုင်လောက်အောင် အကျိုးထူးမှာ"

ကျင်ရှန်း ရင်ထဲတွင် နာကျင်မှုတို့ ပြင်းထန်နေသည့်အချိန်မှာပင် မန်ဟို့ကို ဝန်းရံလျက် ထစ်ချုန်းအော်မြည်နေသော ဝဲကြီးတစ်ခုလုံးမှာ သူ၏စုပ်ယူခြင်းခံလိုက်သဖြင့် ပျောက်ကွယ်သွားလေပြီ။ ယခုတွင် မန်ဟို့အရပ်သည် ယခင်ထက် ခေါင်းတစ်လုံးတိတိ ပိုမြင့်သွားပြီဖြစ်၏။ သူသည် အစစ်အမှန်နှင့် အတုအယောင်အကြား တစ်လှည့်စီ ကူးသန်းနေသကဲ့သို့ ပုံရိပ်ယောင်အရှိန်အဝါတစ်ခုက သူ့ကို ရစ်သိုင်းနေလေသည်။

သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် ဘဝကူးပြောင်းတောင်ကြီးအား အရိုအသေပေးလိုက်သည်။

တောင်ကြီးအား အရိုအသေပေးစရာ မလိုသော်လည်း မည်သို့ဆိုစေ တောင်ကြီး၏ကျေးဇူးတရားအတွက် မန်ဟိုက အရိုအသေပေးလိုက်လေသည်။

သူ ပြန်မတ်လိုက်သောအခါ ဘဝကူးပြောင်းတောင်ကြီးက နောက်တစ်ကြိမ် ထစ်ချုန်းသွားပြန်သည်။ အမည်းရောင်အခိုးအငွေ့များ တငွေ့ငွေ့ လွင့်လူတက်လာပြီး ‌မီးတောက်များ တဟုန်းဟုန်း တောက်လာကာ ကောင်းကင်အပြည့် နေရာယူသွား၏။ မီးခိုးများမှာ တဖြေးဖြေး ပုံရိပ်တစ်ခု ဖြစ်လာသည်။

၎င်းသည် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးဖြစ်ပြီး မျက်နှာပုံပန်းသွင်ပြင်ကတော့ မထင်ရှားပေ။ သို့သော် သူက ရှေးဆန်ဆန်အရှိန်အဝါတစ်ခုကို အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွားစေ၏။

ထိုလူက မန်ဟို့ကို ကြည့်နေသယောင်ပင်။ တခဏကြာသော် ခံစားချက်မဲ့ပြီး‌ အေးစက်နေသော အက်ကွဲကွဲအသံကြီးတစ်သံ ကြားလိုက်ရသည်။

"တောင်ကနေ ထွက်သွားတဲ့အခါ ခြောက်သွေ့မီးတောက်က ငါ့ဆီကနေ မိစ္ဆာနှလုံးသားတစ်ခု ငှားချင်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ငါ သူ့ကို မေးခွန်းတစ်ခု မေးတယ်

"တာအိုက ဘာလဲ

"ငါ အဲ့ဒီမေးခွန်းတစ်ခုတည်းကို လူပေါင်းများစွာကို မေးခဲ့ဖူးပြီးတော့ အဖြေသုံးခုကပဲ ငါ့ကို မှတ်မှတ်ထင်ထင် ဖြစ်စေခဲ့တယ်။ တစ်ယောက်က ပြောတယ်။ တာအိုဆိုတာ လမ်းတစ်လမ်းပဲတဲ့။ တာအိုပေါင်းသုံးထောင် ရှိတဲ့အတွက် လမ်းသုံးထောင်ရှိမယ်။ အဲ့ဒီထက်မပိုသလို ၊ လျော့လည်း မလျော့ဘူး။ ခြေထောက်အောက်မှာ လမ်းရှိရှိမရှိရှိ  လူတစ်ယောက်ဟာ ရှေ့ဆက်လျှောက်နေသင့်တယ်။ အဲ့ဒီအဖြေပေးခဲ့တဲ့သူက ... သခင်လီ ဖြစ်လာခဲ့တယ်

"ဒုတိယအဖြေကတော့ တာအိုဆိုတာ မပြောင်းလဲနိုင်ဘူး ထာဝရတဲ့။ ကောင်းကင်နဲ့မြေကြီးမှာ တစ်ခုတည်းသော အမှန်တရားဖြစ်တယ်လို့ ဆိုတယ်။ တာအိုကို ကြည့်ရှုလို့ရပေမယ့် ထိတွေ့လို့မရဘူး ... နားလည်နိုင်ပေမယ့် မရှင်းပြနိုင်ဘူး။ နားလည်ရင် နားလည်တယ်။ မနားလည်ရင်တော့ ... တစ်ဘဝလုံး လိုက်ရှာနေရင်တောင်မှ ဉာဏ်အလင်းရမှာမဟုတ်ဘူး။ အဲ့ဒီစကားတွေကို ပြောခဲ့တဲ့သူက ... သခင်ကျီ ဖြစ်လာခဲ့တယ်

"တတိယ‌အဖြေကိုတော့ ခြောက်သွေ့မီးတောက် ပေးခဲ့တာ။ သူက ပြောတယ်။ တာအိုဆိုတာ နှလုံးသားဖြစ်ပြီး နှလုံးသားဟာ စွဲလမ်းမှုပဲတဲ့။ လောကဓံပင်လယ်ကို သုတ်သင်ဖယ်ရှားပစ်ချင်တဲ့ အာသီသက သူ့ကို ဝါးမြိုသွားတဲ့ စွဲလမ်းမှုဖြစ်လာတယ်။ အဲ့ဒီအစွဲက နက်ရှိုင်းသထက် နက်ရှိုင်းလာတယ်။ သူသာ လောကဓံပင်လယ်ကို အမှန်တကယ် သုတ်သင်ဖယ်ရှားနိုင်ရင်တော့ သူရဲ့တာအိုဟာ ... ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝနိယာမတစ်ခု ဖြစ်လာလိမ့်မယ်

"ထာဝရဆိုတာ အမြဲ ဒီမှာ တည်တံ့နေမှာ။ သူ သေဆုံးသွားကောင်း သေဆုံးသွားနိုင်ပေမယ့် တာအိုကတော့ ထာဝရတည်ရှိတယ်

"သူက ပြောခဲ့တယ် ။ ကမ္ဘာပေါ်မှာ တည်ရှိတဲ့ စည်းမျဉ်းတွေ ၊ နိယာမတွေအားလုံးဟာ  လမ်းအ‌ပေါ်မှာ လျှောက်လှမ်းနေကြတဲ့ အစွမ်းထက်ပညာရှင်တွေ ၊ သူတို့ရဲ့ တာအိုအသိအမြင်တွေအပေါ်မှာ အခြေခံတယ်

"ကောင်းကင်ကြီးဟာ နေ့နဲ့ညဆိုပြီး အချိန်အပိုင်းအခြားနှစ်ခု ကွဲနေရမယ်လို့ လူတစ်ယောက်ရဲ့တာအိုက ယုံကြည်ရင် ကောင်းကင်ဘုံကလည်း အဲ့ဒီလို သံသရာစက်ဝန်းတစ်ခု ဖန်တီးပေးရတယ်

"ဘဝတွေဟာ သေဆုံးနိုင်ပေမယ့် တာအိုကတော့ ထာဝရတည်မြဲတယ်။ ကွယ်လွန်သွားတဲ့အခါ ကိုယ့်ရဲ့နာမည်ကောင်း ခေတ်အဆက်ဆက် ကျန်ရစ်နေဖို့၊ တာအိုကျန်ရှိစေဖို့၊ သဘာဝနိယာမအဖြစ် ပြောင်းလဲဖို့ ၊ နောင်တမရှိရစေဖို့ ... ဘဝကို ရှင်သန်ရတယ်

"သူရဲ့အ‌ဖြေကြောင့် သူဟာ ငါ့ရဲ့ အဆင့်(၃) မိစ္ဆာနှလုံးသား သုံးခုထဲက တစ်ခုကို ယူသွားနိုင်ခဲ့တယ်

"ကဲ အခု မင်း ဖြေ။ မင်းရဲ့ယုံကြည်ချက်အရ တာအိုဆိုတာ ဘာလဲ။ မင်းမှာ အမွှေးတိုင်တစ်တိုင် ထွန်းစာ အချိန်ရမယ်။ မဖြေဘဲ နေလို့မရဘူး"

မန်ဟို ဘဝကူးပြောင်းတောင်ကြီး၏ စကားများကို နားထောင်‌နေစဉ် သူ၏နှလုံးသားထဲ၌ ကြီးမားသောလှိုင်းတံပိုးကြီးများ ထကြွနေတော့သည်။ သခင်လီ၏အဖြေကို သူ ‌သဘောတူသည်။ သခင်ကျီ၏အဖြေလည်း မှန်သည်။

မိစ္ဆာကြီးခြောက်သွေ့မီးတောက်‌ ပေးခဲ့သောအဖြေကမူ မန်ဟို့စိတ်ကို လှိုင်းထန်နေသောပင်လယ်ကြီးသဖွယ် တုန်ရီသွားစေ၏။ ထိုအဖြေလည်း မှန်ကောင်း မှန်လောက်ပေသည်။

"ဘဝကူးပြောင်းမိစ္ဆာတောင်ကြီး ဒီအဖြေတွေကို မှတ်မိနေရတဲ့အကြောင်းရင်းက အဲ့ဒီအဖြေတွေက တာအို (道) ဆိုတဲ့ စာလုံးရဲ့ အဓိပ္ပာယ်ကို အပြည့်အစုံ ရှင်းပြပေးထားလို့လား" သူသည် တိတ်ဆိတ်စွာ ရပ်နေ၏။

"တာအိုဆိုတာ ဘာလဲ" သူ့ကိုယ်သူ ပြန်မေးလိုက်သည်။ အလင်းရောင်တစ်ခု သူ၏မျက်လုံးများတွင် လက်သွားသော်လည်း အဖြေကို သူ မစဉ်းစားနိုင်ပေ။ ဤ တာအိုဆိုသော စကားလုံးကို လူပေါင်းများစွာ အသုံးပြုကြသည်ကို သူကြားခဲ့ဖူးသော်လည်း ယနေ့အထိ သူ့မှာ အဓိပ္ပာယ်ကို စမ်းတဝါးဝါးဖြစ်နေသေးသည်ဟုသာ ခံစားနေရ၏။

မန်ဟို အတွေးထဲ နစ်မြောနေသည့်အချိန်မှာပင် ဒုတိယမြောက်အမွှေးတိုင်မှာ အမည်းရောင်အခိုးအငွေ့များအကြား ပေါ်လာခဲ့လေပြီ။ မီးခိုးငွေ့များ လွင့်လူတက်လာပြီး အမွှေးတိုင်မှာ စတင်ကျွမ်းလောင်လာသည်။

အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ အမွှေးတိုင်သည် တမြေ့မြေ့ လောင်ကျွမ်းနေပြီး အချိန်များကုန်လွန်သွား၏။ သို့သော် မန်ဟိုမှာ အဖြေမပေးသေးပေ။ သူ၏မျက်လုံးများက တွေဝေငေးကြောင်နေသည်။

မကြာမီ အမွှေးတိုင်ကြီးမှာ အဆုံးနားရောက်လာသည်။ ကိုးဆယ်ရာခိုင်နှုန်းမှာ လောင်ကျွမ်းခဲ့ပြီးလေပြီ။ ခဲကျုံစစ်သည် နှမြောတသဖြစ်နေသော မျက်ဝန်းများဖြင့် မန်ဟို့ကို ကြည့်ကာ သက်ပြင်းချလိုက်၏။

အစစ်အမှန်စိတ်ဝိညာဉ်ညမှာ တိတ်ဆိတ်နေသော်လည်း စိတ်ထဲတွင်တော့ သက်ပြင်းချနေ၏။ "ဒီတော့ သူက သခင်လီစောင့်နေတဲ့ သူမဟုတ်ဘူးပေါ့..."

ကျင်ရှန်း၏ရင်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေသည်။ သူမသည် မန်ဟိုကို တစ်လှည့်၊ ‌ကုန်ခမ်းတော့မည့် အမွှေးတိုင်ကို တစ်လှည့်ကြည့်လိုက်၏။ ထို့နောက် ခေါင်းခါလိုက်သည်။

ဤအခိုက်အတန့်တွင် မန်ဟို့မျက်လုံးများ ဝင်းလဲ့တောက်ပစပြုလာသည်။ စောစောက တွေဝေငေးကြောင်မှုတို့ ပျောက်ကွယ်သွား၏။ သူသည် ‌ဘဝကူးပြောင်းတောင်ကြီးကို ကြည့်ပြီး ‌အေးအေးဆေးဆေး စကားစပြောလေသည်။

"အဖြေက ဘာလဲ ကျုပ်မသိဘူး" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ကျုပ်ရဲ့ ကျင့်ကြံခြင်းအခြေခံက တာအိုဆိုတာ ဘာလဲ နားလည်သွားအောင် ကျုပ်ကို ခွင့်မပြုသေးဘူး ....

"ကျုပ်အတွက် တာအိုဆိုတာ ရိုးရိုးကလေးပဲ။  ဆွေး‌နွေးတာ၊  စကားပြောတာ ၊ ပါးစပ်ဖွင့်တာ ၊ သူများတွေကို ပါးစပ်ဖွင့်စေတာ ။ အဲဒါတွေအားလုံးက ဖွင့်ဟပြောဆိုခြင်း၊ အဲဒါတွေအားလုံးက တာအိုပဲ။ နှလုံးသားထဲက စကားတွေကို ဖွင့်ဟပြောဆိုတာ။ ဖော်ပြချင်တဲ့အတွေးတွေကို ဖွင့်ဟပြောဆိုတာ

"ဉာဏ်အလင်းပွင့်လည်း မလိုအပ်သလို ၊ စွဲလမ်းမှုလည်း မဟုတ်ဘူး။ ခြေထောက်အောက်မှာ လမ်းတစ်လမ်း ရှိနေစရာလည်း မလိုဘူး။ အဲ့ဒါဟာ ‌မိုးကောင်းကင်ကြီးရဲ့အောက်က သက်ရှိသတ္တဝါအရာအားလုံးရဲ့ ပထမဆုံးအသံလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်

"အဲ့ဒီအသံကို ကြားရရင် အဲ့ဒါ တာအိုပဲ။ အဲ့ဒါ ဖွင့်ဟ‌ပြောဆိုနေတာပဲ" မန်ဟိုသည် အတွေးများကို အစီအစဉ်တကျ နေရာချပြီး သူ၏လက်ရှိအဆင့်နယ်ပယ်အပေါ် မူတည်၍ တာအိုကို နားလည်ခြင်းအား ဖွင့်ဟပြောဆိုနေခြင်းဖြစ်သည်။

သူပြောခဲ့သည်က မှန်လား ၊ မှားလား သူ မသိပေ။ အမှန်တွင် သူ့မှာ ထုတ်မပြောချင်ခဲ့သော်လည်း မတတ်နိုင်ပေ။ သူလုပ်နိုင်သမျှမှာ တာအိုနှင့်ပတ်သက်ပြီး နားလည်သည့်အရာအား ရှင်းပြရုံသာ ဖြစ်၏။

ဤအခိုက်အတန့်တွင် အမွှေးတိုင်မှာ အဆုံးထိ လောင်ကျွမ်းသွားခဲ့လေပြီ။ ၎င်းမှာ အပြီးတိုင် ‌ငြိမ်းသေတော့မည့်အလား တဖျပ်ဖျပ် လှုပ်နေသည်။ "တစ်ချိန်တည်းမှာပဲ" သူက ဆက်ပြောသည်။ "အဲ့ဒီအသံက ဦးတည်ချက်တစ်ခုကို ကိုယ်စားပြုတယ်"

"အဆုံးအစမရှိတဲ့ ကောင်းကင်နှင့်မြေကြီးဟာ သက်ရှိသတ္တဝါတွေအားလုံးရဲ့ နောက်ဆုံး လဲလျောင်းအနားယူရတဲ့ သင်္ချိုင်းကြီးတစ်ခုပဲ။ ဘဝဆိုတာ သဘာဝရှုခင်းတွေ ၊ လမ်းအသွယ်သွယ်နဲ့ပြည့်နေတဲ့ ခရီးတစ်ခုတူတယ်

"တစ်ခါတလေ ကိုယ့်အတွက် လမ်းတစ်လမ်းပဲ ရှိတယ်လို့ ထင်မိလိမ့်မယ်။ တစ်ခါတလေ နှလုံးသားရဲ့စွဲလမ်းမှုက လမ်းတစ်လမ်း ဖန်တီးပေးတယ်

"တာအိုကတော့ ဦးတည်ချက်တစ်ခုပဲ။ အဲ့ဒီဦးတည်ချက်က ဘဝတစ်လျှောက်လုံး လမ်းညွှန်ပြသပေးတယ်။ မရေမတွက်နိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ချရတဲ့အခါ တာအိုက  လျှောက်လှမ်းရမယ့် လမ်းတွေကို ညွှန်ကြားပေးတယ်။ အဆုံးသတ်မှာ ... ဘယ်လမ်းကို ရွေးချယ်မလဲ ရွေးချယ်နိုင်အောင် ကူညီပေးနိုင်တယ်

"တာအိုဆိုတာ လောကကြီးကို ဖြတ်သန်းရင်း ‌ရရှိခဲ့တဲ့ အသိအမြင်တွေ၊ အချိန်ရဲ့တိုက်စားမှု ၊ ဘဝရဲ့ကံကြမ္မာအပြောင်းအလဲတွေ ၊ အချိုးအကွေ့တွေကို ‌ကြုံတွေ့ရပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတာ။ ဘယ်အချိန် ၊ ဘယ်နေရာ ၊ ဘယ်ဦးတည်ချက် ဒါမှမဟုတ် ဘယ်လိုလုပ်ဆောင်ချက်နဲ့မဆို တာအိုကို ဖုံးကွယ်ထားနိုင်တယ်.....

"အဲ့ဒါက ကျုပ်ရဲ့ တာအိုအပေါ် နားလည်မှုပဲ။ သူက ဦးတည်ချက်တစ်ခုကို ညွှန်ပြပေးပြီး ကျုပ်ကို ရှေ့ဆက်သွားဖို့ အားအင်တွေပေးတယ်။ မတည်ရှိနေတာတောင် ဖြစ်‌နိုင်သလို နေရာတိုင်းမှာ တည်ရှိနေတာလည်း ဖြစ်နိုင်တယ်

"ကျုပ်ကတော့ တာအိုကို ရှာဖွေနေတုန်းပဲ ..." သူသည် ဘဝကူးပြောင်းတောင်ကြီးကို မော့ကြည့်လိုက်၏။

ဘဝကူးပြောင်းတောင်ကြီး တိတ်ဆိတ်သွားသည်။ ခဲကျုံစစ် တိတ်ဆိတ်သွားသည်။ အစစ်အမှန်စိတ်ဝိညာဉ်ည တိတ်ဆိတ်သွားသည်။

ကျင်ရှန်းလည်း တိတ်ဆိတ်သွားလေသည်။

***

All Chapters