← Chapters

ကိုးခုမြောက် အနုသုခုမရုပ်ခန္ဓာ ... မိစ္ဆာအနုသုခုမရုပ်ခန္ဓာ

Vol. 45 Ch. 626

ကိုးခုမြောက် အနုသုခုမရုပ်ခန္ဓာ ... မိစ္ဆာအနုသုခုမရုပ်ခန္ဓာ

Vol. 45 Ch. 626

အမွှေးတိုင်ကြီး မီးသေသွားလေပြီ။

‌ဘဝကူးပြောင်းတောင်ကြီးအတွင်းမှ မန်ဟိုကို အသိအမှတ်ပြုလိုက်သည့်အလား အလွန်တရာ ကျယ်လောင်သော ထစ်ချုန်းသံကြီးတစ်သံ ကြားလိုက်ရသည်။ အသံကြီးသည် အရပ်မျက်နှာတစ်ခွင်သို့ ပဲ့တင်ထပ်သွားရာ ကောင်းကင်နှင့်မြေကြီးအား တသိမ့်သိမ့် တုန်ခါလာစေတော့၏။ အမည်းရောင်အခိုးအငွေ့များ တလိပ်လိပ် ထကြွလာပြီး မီးတောက်များက အရပ်မျက်နှာတစ်ခွင် ပြန့်ကားထွက်သွားသည်။ ကောင်းကင်ထက်ရှိ အလင်းရောင်မှာ အံ့ဖွယ်အတိုင်းအတာအထိ ထွန်းလင်းတောက်ပလာ၏။

နောက်ထပ် ရောင်စဉ်တစ်မျိုးနှင့် တစ်ဝက်မှာ ထည့်ပေါင်းခံလိုက်ရလေပြီ။

ကောင်းကင်ကြီးတွင် ရောင်စဉ်ဆယ်မျိုးအတွက် နေရာရှိ၏။ ယခုတွင် မိစ္ဆာတောင်ကြီးသုံးလုံးမှာ ရောင်စဉ်ဆယ်မျိုးကြောင့် ထိန်ထိန်လင်းနေပြီဖြစ်သည်။

ကောင်းကင်ဘုံဆင့်များမှာလည်း နေမွန်းတည့်နေသည့်ပမာ လင်းလက်နေတော့သည်။ တတိယအထပ် ကောင်းကင်ဘုံ၏ အထွတ်အမြတ်နယ်မြေနှစ်ခုမှာလည်း ယခုတွင် တခမ်းတနား လင်းထိန်နေလေပြီ။ သစ်ပင်ပန်းမန်များ၊ အဆောက်အဦးများအား ရှင်းလင်းပြတ်သားစွာ မြင်နေရပြီဖြစ်သည်။

အမှန်တွင် အထွတ်အမြတ်နယ်မြေတစ်ခုအတွင်း၌ ပေါ်ထွန်းနေသော စေတီတစ်ဆူအပေါ်တွင် ဧရာမစာလုံးကြီးတစ်လုံး ရေးထွင်းထားကြောင်း မြင်ရပေမည်။

ကျီ

စာလုံးသည် ရှေးဆန်ပုံရှိ‌သော်လည်း သေမျိုးလူသားများအနေဖြင့် မြင်ရနိုင်မည်မဟုတ်ပေ။ ကျင့်ကြံသူအများစုပင်လျှင် အချိန်စွမ်းအားနှင့်ပတ်သက်ပြီး ခံစားနိုင်စွမ်းလျော့နည်းလျှင် ဘာဆိုဘာမှ မမြင်ဘဲ နေလိမ့်မည်။ သို့သော် မန်ဟို့အတွက်တော့ ထို‌ခံစားနိုင်စွမ်းသည် အထွတ်အမြတ်နယ်မြေများနှင့်ပတ်သက်လျှင် ဒုတိယသာ ဖြစ်၏။

ကျီစာလုံးသည် အထွတ်အမြတ်နယ်မြေများ နှစ်‌သောင်း‌ပေါင်းများစွာတိုင်အောင် တည်ရှိခဲ့ကြပြီးနောက်မှ ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။

ယင်းက သခင်ကျီနှင့်ပတ်သက်သော ဒဏ္ဍာရီများအရ ယုတ္တိရှိ‌လေသည်။ မူလတုန်းက ကျီမျိုးနွယ်စုတွင် အဆိုပါမျိုးရိုးမရှိခဲ့ပေ။ နဝမတောင်နှင့်ပင်လယ်၏ သခင်နေရာကို သိမ်းပိုက်ပြီးနောက်မှ ထိုနာမည်မှာ ပြောင်းလဲသွားပြီး ‌မိုးကောင်းကင်သည် လီမျိုးနွယ်စုအပေါ်သို့ ရောက်သွားခဲ့၏။

ဘဝကူးပြောင်းတောင်ကြီးဆီမှ ရှေးဆန်သောအသံကြီးတစ်သံ စကားပြောလာသည်။ အသံသည် အေးစက်နေသော်လည်း အသိစိတ်ရှိနေသည့်အလား ဖြေးညှင်းစွာ ဟိန်းထွက်လာ၏။

"တာအိုဆိုတာက ဦးတည်ချက်တစ်ခုတဲ့လား ... ရိုးသားဖြူစင်တဲ့ ကလေးတစ်ယောက်ရဲ့ စကားပေပဲ

"ငါ ဒီအဖြေကို အမှတ်ရနေမယ်" အသံကြီး စကားပြောလိုက်သည့်အချိန်မှာပင် ဘဝကူးပြောင်းတောင်ကြီး၏အရှိန်အဝါထဲတွင် ပါရှိနေသော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် မီးတောင်နှုတ်ခမ်းဝမှ ပေါ်ထွက်လာလေပြီ။ ၎င်းမှာ လွန်စွာ သိပ်သည်းနေသဖြင့် ရေတံခွန်ပမာ ပျစ်နှစ်နေသယောင်ပင်။ မန်ဟို့ဆီ တဝေါဝေါ ပြေးဝင်နေစဉ် ၎င်း၏မြောက်‌မြားလှစွာသော ပမာဏက ယခင်အခြေအနေများထက် အဆပေါင်းများစွာ သာလွန်နေ၏။

၎င်းသည် အနားရောက်လာပြီးနောက် တ‌ဝေါဝေါ အော်မြည်ရင်း မန်ဟို့ကို ဗဟိုပြုလျက် လည်နေသော ဧရာမဝဲကြီးအသွင်ပြောင်းသွားသည်။ သူက နဂါးကြီးတစ်ကောင်သဖွယ် အသက်ပြင်းပြင်းရှူသွင်းလိုက်ရာ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားမှာ သူ၏မျက်စိ ၊ နား၊ နှာခေါင်း၊ ပါးစပ်အပြင် ခန္ဓာကိုယ်၌ ရှိရှိသမျှသော မွေးညင်းပေါက်အားလုံးထဲသို့ စီးဝင်လာတော့သည်။ ၎င်းသည် သူ၏ဒန်တျန်အတွင်းတွင် စတင်စုဝေးလာ၏။

၎င်းက တာအိုမဏ္ဍိုင်များနှင့် ပေါင်းစည်းလိုက်ကာ မန်ဟို၏ကျင့်ကြံခြင်းအခြေခံကို တွန်းတင်ပေးလိုက်သော တွန်းအားတစ်ရပ် ဖြစ်ပေါ်လာစေသည်။ တာအိုမဏ္ဍိုင်များမှာ အဆုံးမရှိသောရောင်ခြည်တို့ဖြင့် တောက်ပလာ၏။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်တွင်းရှိ အနုသုခုမရုပ်ခန္ဓာများသည် သူ၏ပတ်ပတ်လည်တွင် ပျံဝဲရန်  တစ်ခုပြီးတစ်ခု ထွက်လာကြ၏။

အနုသုခုမရုပ်ခန္ဓာရှစ်ခုလုံး မန်ဟို့ကို လှည့်ပတ်နေစဉ် အံ့ဖွယ်ကောင်းစွာနှင့် ၎င်းတို့လည်း ‌ဘဝကူးပြောင်းမိစ္ဆာတောင်ကြီး၏ အရှိန်အဝါပါရှိသော ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို စုပ်ယူလာကြသည်။ အဆိုပါစွမ်းအားက မန်ဟို၏ခန္ဓာကိုယ်ထဲ စီးဝင်လာပြီး ... ကိုးခုမြောက် အနုသုခုမရုပ်ခန္ဓာဖြစ်ပေါ်လာစေမည့် ပြောင်းလဲခြင်းဖြစ်စဉ်ကို ဆက်လက်အားဖြည့်ပေးနေ၏။

ဝုန်း

တာအိုမဏ္ဍိုင်များမှ အဆုံးမဲ့အလင်းရောင်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေပေါက်ကွဲသွားကာ တဖျပ်ဖျပ် လက်နေသော ဆန်စေ့တစ်စေ့အရွယ် အမြုတေတစ်ခု ဖြစ်ပေါ်လာသည်။

စဦးပိုင်း အမြုတေဖြစ်တည်မှု

အမြုတေ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို၏ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားစုပ်ယူနှုန်းမှာ ဆယ်ဆတိုးသွားလေပြီ။ အနုသုခုမရုပ်ခန္ဓာရှစ်ခုကိုပါ ထည့်ပေါင်းလိုက်သည့်အခါ သူ့ကို ဝန်းရံလျက်ရှိသော ဝဲကြီးအား လျင်မြန်စွာ ကျုံ့လာစေရန် အသက်အရှိုက်အနည်းငယ်သာ ကြာလိုက်၏။

၎င်း ပျောက်ကွယ်သွားပြီးနောက် မန်ဟို့မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ သူသည် ရုတ်တရက် မျက်လုံးများ တဖျပ်ဖျပ်လက်လျက် မော့ကြည့်လိုက်၏။ ထိုနေရာ ၊ သူ၏ဒန်တျန်ထဲတွင် မွေးကင်းစကလေး၏လက်သီးဆုပ်အရွယ် အမြုတေတစ်ခု ရှိနေလေပြီ။

အမြုတေ၏ ကျင့်ကြံခြင်းအခြေခံသည် ချက်ချင်း ထိုးတက်လာ၏။ အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့် ၊ နှောင်းပိုင်းအဆင့်.... ‌မဟာစက်ဝန်းအထိ တစ်လျှောက်။

အမြုတေသည် ရောင်စုံအလင်းများ ဖြာထွက်နေရာ ရောနှောအမြုတေတစ်ခုနှင့် တူနေ၏။ သို့ရာတွင် အထဲတွင် ပြိုင်ဘက်ကင်းနေသာအရှိန်အဝါတစ်ခု ရှိသည် ... မန်ဟို ထိုအရှိန်အဝါအား အာရုံရလိုက်သည်နှင့်တစ်ပြိုင်နက် ပီတိဖြစ်သွားလေသည်။

...မိစ္ဆာချီ။

... မိစ္ဆာအမြုတေ။

‌‌ဘဝကူးပြောင်းတောင်ကြီးမှာ မိစ္ဆာကြီးတစ်ကောင်၏အဆီအနှစ်ဖြစ်ပေသည်။ တောင်အပေါ်ရှိ ကျွန်တစ်ယောက်သည် တာအိုဉာဏ်အလင်း ပွင့်ပြီးနောက် ကောင်းကင်ဘုံကို ပြစ်တင်မောင်းမဲနိုင်သော မိစ္ဆာကြီးသုံးကောင်အထဲမှ တစ်ကောင်ဖြစ်လာခဲ့၏။ ဤအခြင်းအရာမှ ဘဝကူးပြောင်းခြင်းတောင်ကြီး မည်မျှ တုန်လှုပ်အံ့ဩဖွယ်ကောင်းသည်လဲ မြင်ရပေမည်။

ယခုတွင် မန်ဟိုသည် ဘဝကူးပြောင်းခြင်းတောင်၏အရှိန်အဝါ ပါဝင်နေသော ကောင်းကင်နှင့်မြေကြီး၏စွမ်းအားမှာ တကယ်တမ်း မိစ္ဆာချီပင်ဖြစ်ကြောင်း တွေ့လိုက်ရလေပြီ။ သူသည် မိစ္ဆာချီကို စုပ်ယူနိုင်ခဲ့လေရာ မိစ္ဆာအမြုတေတစ်ခုကို ဖော်ဆောင်ခဲ့ပြီးပြီဖြစ်၏။

ထို့ကြောင့် သူ၏ ကိုးခုမြောက်အနုသုခုမရုပ်ခန္ဓာမှာ သေချာပေါက် ... မိစ္ဆာအနုသုခုမရုပ်ခန္ဓာ ဖြစ်လာပေလိမ့်မည်။

ကိုးခုမြောက် အနုသုခုမရုပ်ခန္ဓာ မိစ္ဆာအနုသုခုမရုပ်ခန္ဓာ ။

"ဒီကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအား နောက်တစ်လှည့်နဲ့ဆိုရင် မိစ္ဆာအနုသုခုမရုပ်ခန္ဓာကို ဖော်ဆောင်လို့ရပြီ" သူ၏မျက်လုံးများသည် ထူးဆန်းသောအလင်းရောင်တစ်ခုဖြင့် တောက်ပနေပြီး သူက ဘဝကူးပြောင်းတောင်ကြီးကို မျှော်လင့်ချက်များဖြင့် မော့ကြည့်လိုက်လေသည်။

သူသည် အမြုတေဖြစ်တည်မှု မဟာစက်ဝန်းအဆင့်တွင် မိစ္ဆာအမြုတေကို အာရုံရနေပြီဖြစ်သည်။ အနုသုခုမရုပ်ခန္ဓာတစ်ခု ဖော်ဆောင်ရန် ခြေတစ်လှမ်းသာ ကွာဝေးတော့လေပြီ။

ဘဝကူးပြောင်းတောင်ကြီးထံမှ ထစ်ချုန်းသံကြီးသည် တဖြေးဖြေး ‌တိုးညှင်းတိမ်ဝင်သွားပြီး တောင်ကြီးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ အမည်းရောင်အခိုးအငွေ့များ၊ မီးတောက်များ ကောင်းကင်ထက်သို့ လွင့်လူတက်လာ၏။ ရှေးဆန်သော အေး‌တိ‌အေးစက်‌အသံကြီးက နောက်တစ်ဖန် ဟိန်းထွက်လာသည်။

"မင်းကို နောက်ထပ်မေးခွန်းမေးစရာ မရှိတော့ဘူး

"မင်း‌ ပြောတဲ့အတိုင်း မင်းရဲ့လက်ရှိနယ်ပယ်နဲ့ ကျင့်ကြံခြင်းအခြေခံကြောင့် တာအိုဆိုတာ ဘာလဲ နားမလည်နိုင်သေးဘူးဆိုတော့ ....

"တတိယမေးခွန်းမေးနေရင်လည်း အလကားပဲဖြစ်လိမ့်မယ်။ မင်းက ငါ့နှလုံးသားကို လှုပ်ရှားစေမှာမဟုတ်သလို၊ မင်းရဲ့နှလုံးသားကိုလည်း လှုပ်ရှားစေမှာ မဟုတ်ဘူး

"ဒါကြောင့် မေးခွန်းမမေးတာက အသင့်တော်ဆုံးအပြုအမူပေပဲ

"ဒါပေမယ့် ငါ သိပ်သိချင်မိတယ်။ မင်းရဲ့ တာအိုက ဉီးတည်ချက်တစ်ခုဖြစ်ပြီး မင်းက လိုက်ရှာနေတုန်းပဲဆိုရင် .... လမ်းစရော ရှာတွေ့ပြီလား" ရှေးဆန်းသောအသံကြီးမှ မေးလိုက်သော မေးခွန်းသည် အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွား၏။

မန်ဟိုက အတန်ကြာ တိတ်ဆိတ်နေသည်။ သူ၏မျက်လုံးများတွင် လွမ်းဆွတ်တမ်းတရိပ်တို့ ဖြတ်ပြေးသွားသော်လည်း အချိန်အနည်းငယ်ကြာသော် သူသည် ဘဝကူးပြောင်းတောင်ကြီးထံသို့ လက်ယှက်၍ အရိုအသေပေးလိုက်၏။ သူ ခါးပြန်မတ်လိုက်ပြီး စကားပြောသောအခါ သူ၏အသံသည် ညင်သာပျော့ပျောင်းနေ၏။ "ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "တစ်လောကလုံး နှင်းတွေ ဝေနေတဲ့ ညတစ်ညမှာပေါ့ ကျုပ် မြင်းရထားတစ်လုံးအပေါ်မှာ လူတစ်ယောက်နဲ့ အတူတူထိုင်နေခဲ့တယ်

"အပြင်မှာ စိမ့်နေအောင် အေးပေမယ့် ရထားထဲမှာ မီးဖိုရှိတော့ သိပ်ကိုနွေးနေတာပေါ့။ ပြောရရင် ကမ္ဘာနှစ်ခုခြားနေသလိုပဲ။ အဲ့ဒီအချိန်တုန်းက ကျုပ် ကျင့်ကြံခြင်းလောကကို‌ ‌ခြေချစပဲ ရှိသေးတာ။ သေမျိုးလူသားမဟုတ်တော့ဘဲ ကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီ။ အပြင်က နှင်းတွေကို လှမ်းကြည့်ရင်း ကျုပ်ကိုယ်ကျုပ် ပြန်ကြည့်နေရသလို ခံစားခဲ့ရတယ်

"နှင်းတွေဟာ ဆောင်းတွင်းမှာပဲ တည်ရှိနိုင်တာ။ ‌သူဟာ နွေဦးကို တောင့်တပေမယ့် ၊ နွေးထွေးမှုကို တောင့်တပေမယ့် သူတို့အနားကပ်တာနဲ့ အရည်ပျော်သွားရတယ်။ ကျုပ်လည်း အတူတူပဲ။ ကျင့်ကြံခြင်းလောကထဲ လျှောက်ဝင်သွားတဲ့နောက်မှာ နောက်ပြန်လှည့်မရတော့သလို၊ တစ်ချိန်က ရခဲ့ဖူးတဲ့ တည်ငြိမ်အေးချမ်းမှုကိုလည်း မရရှိနိုင်တော့ဘူး" မှန်သည် ၊ မန်ဟိုသည် ထိုနှစ်တုန်းက ကျိုးပြည်တွင် စာသင်သားကျန့်ယုံနှင့်အတူ ရထားလုံးထဲတွင် အတူရှိခဲ့သည့်အချိန်ကို ‌ပြန်တွေးတောနေ၏။

"ကျုပ်က တစ်ခါတုန်းက စာပေသမားလေးတစ်ယောက်ထက် မပိုခဲ့ဘူး ... ကျုပ်ရဲ့ မွေးဖွားရာဇာတိမြေကနေ ထွက်လာခဲ့တုန်းက အချိန်ကို မှတ်မိပါသေးပါတယ်။ အဲ့ဒီအချိန်တွေတုန်းက မိုးတွေရွာနေခဲ့တယ်

"ကျုပ်ဘဝက နှင်း‌လိုပဲ။ ဆောင်းတွင်းမှာပဲ တည်ရှိနိုင်တယ်။ သေမျိုးကမ္ဘာရဲ့‌ နေသာတဲ့နေ့ရက်တွေကို ပြန်သွားချင်ပေမယ့် အဲ့ဒါက ကျုပ်မဟုတ်တော့ဘူးလေ ....

"ဘဝဆိုတာ မတူကွဲပြားတဲ့ အတွေ့အကြုံတွေ အပြည့်နဲ့ ခရီးတစ်ခုလိုပဲ။ မတူညီတဲ့ အတွေ့အကြုံတွေက အဲ့ဒီခရီးလမ်းကြောင်းအပေါ်မှာ မတူညီတဲ့ သဘာဝရှုခင်းတွေကို ဖန်တီးပေးတယ်လို့ ဆိုရင် ပိုမှန်ကောင်းမှန်လိမ့်မယ်။ မေးရိုက်မတတ် အေးစိမ့်လှတဲ့ လေကို ကြုံတွေ့ရရင် နှင်းဖြစ်လာတယ်။ အသျှံတညီးညီးတောက်ပနေတဲ့ နေမင်းကြီးကို ရင်ဆိုင်ရရင်တော့ မိုးရေစက်ဖြစ်လာရတယ် .....

"အဲ့ဒီလိုဘဝရဲ့ အတွေ့အကြုံတွေက ကိုယ်လူစားမျိုးဖြစ်လာမလဲ ဆုံးဖြတ်ပေးတယ်။ အဲ့ဒါက ဘဝကို အံ့ဖွယ်ကောင်းစေတဲ့ အရာပဲ..."

ခဲကျုံစစ်သည် မန်ဟိုကို ကြည့်ပြီး အတွေး‌ပေါင်းများစွာ သူ၏ ခေါင်းထဲတွင် ပလုံစီထလာသည်။ ခဲယွင်ဟိုင်အကြောင်း ၊ သူ့ဘဝအကြောင်း သူတွေးလိုက်မိ၏။ သူမြင်လိုက်ရသည်မှာ သူနှင့်ပတ်သက်ပြီး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးနှင့် ဤကမ္ဘာကြီးပင်။

"ငါ အတိတ်ကိုပဲ တသသဖြစ်ရင်း ဒီနေရာမှာ အကြာကြီး ရှိနေခဲ့ပြီးပြီ ..."

အစစ်အမှန်စိတ်ဝိညာဉ်ညက သက်ပြင်းချလိုက်သည်။ မန်ဟို၏စကားလုံးများတွင် မဟာတာအို မပါဝင်ပေ။ သို့သော် မည်သို့ပင်ဆိုစေ စကားလုံးများက သူ့ကို ရင်ထဲထိသွားစေ၏။ ဤအခိုက်အတန့်မတိုင်ခင်တုန်းက ညသည် ၎င်းထံမှ ထိုးနှက်ချက်လေးတစ်ချက်ပင် မခံနိုင်သည့် သေးဖွဲသိမ်နုပ်သော ကျင့်ကြံသူလေးအနေဖြင့် ၎င်းကို စိတ်နှလုံးလှုပ်ရှားစေနိုင်လိမ့်မည်ဟု မယုံကြည်ခဲ့ပေ။

ကျင်ရှန်းက မန်ဟိုကို ကြည့်ရင်း မန်ဟို မည်မျှထူးခြားသည်လဲ နောက်တစ်ကြိမ် ခံစားလိုက်ရပြန်သည်။ မန်ဟို့စကားများက သူမ၏ဘဝအတွေ့အကြုံများကို ပြန်တွေးမိသွားစေ၏။

"ကျုပ်အတွက် တာအိုဆိုတာ ဦးတည်ချက်တစ်ခုပဲ" မန်ဟိုက ဆက်ပြောသည်။ "အဲ့ဒီယုံကြည်ချက်က နှင်းတွေကြားထဲ ရောက်နေတဲ့ အဲ့ဒီအချိန်အတောအတွင်း ပေါက်ဖွားလာခဲ့တယ် ထင်တယ်။ သူက ... ကျုပ်ကို အဝေးကြီးဝေးတဲ့ နေရာတစ်ခုကို ဦးဆောင်ခေါ်သွားခဲ့တယ်လေ

"နှစ်တွေအများကြီးကြာတော့" သူက ဆေးလုံးမိစ္ဆာကို ပြန်တွေးရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ " အတုအယောင်ကမ္ဘာတစ်ကမ္ဘာထဲမှာ ကျုပ် ဆရာကို ဂါဝရပြုခဲ့တယ်။ အဲ့ဒီဘဝမှာ ကျုပ် သုံးကြိမ် ဂါဝရပြုခဲ့တယ်။ အပြစ်ကင်းစင်ခြင်းဂါဝရတရား၊ လှည့်လည်လျှောက်သွားခြင်း ဂါဝရတရားနဲ့ နေဝင်ဆည်းဆာရှုခြင်းဂါဝရတရား။ အဲ့ဒီအချိန်မှာ ကျုပ် ဉာဏ်အလင်းပွင့်ခဲ့တာပဲ

"အဲ့ဒီအခိုက်အတန့်တုန်းက ဘဝဆိုတာ ခရီးတစ်ခုပါလားလို့ ကျုပ် နားလည်လိုက်တယ်။ လမ်းအချိုးအကွေ့တိုင်းမှာ သဘာဝရှုခင်းအသစ်တစ်ခု မြင်ရတယ်။ ကျုပ် ခြေရာတွေဟာ လမ်းပေါ်မှာ ကျန်ရစ်ခဲ့ပြီးတော့ တိမ်သည်ဖြစ်စေ၊ နက်သည်ဖြစ်စေ အရေးမကြီးဘူး။ ဆုံးဖြတ်ချက်အားလုံးဟာ ကျုပ် ချခဲ့တာပဲမဟုတ်လား

"ကောင်းကင်နဲ့မြေကြီးဆိုတာ အသင်္ချေသော သက်ရှိသတ္တဝါတွေရဲ့ အနားယူရာ သင်္ချိုင်းမြေကြီးပဲ။ အချိန်ဟာ ခရီးသွားမျိုးဆက်ပေါင်းရာချီရဲ့ ဖြတ်သန်းသွားလာမှုကို ကိုယ်စားပြုတယ်"

ဤအခိုက်အတန့်အထိ စကားပြောပြီးနောက်တွင် မန်ဟို၏မျက်လုံးများမှာ ရုတ်တရက် စူးရှတောက်ပလာတော့သည်။ ဤအခိုက်အတန့်တွင် သူနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုက ယခင်နှင့်မတူတော့သယောင်ပင်။

"အဲ့ဒါက ကျုပ်ရွေးချယ်တဲ့ ဦးတည်ချက်ပဲ။ လမ်းက သိပ်မထင်ရှားပေမယ့် သဲလွန်စတွေတော့ မြင်ရပါသေးတယ်

"ကျုပ်တို့ရဲ့ ကမ္ဘာကြီးအပေါ်မှာ နေထိုင်ရတဲ့ အချိန်ပဲဖြစ်ဖြစ်၊ ဘဝကူးပြောင်းဝင်စားတာပဲဖြစ်ဖြစ် ၊ ဘဝဆိုတာ ခရီးပဲ။ လောကဓံပင်လယ်ဆိုတာ သဘာဝရှုခင်းလေးထက် မပိုဘူး။ အဲ့ဒါလေးပဲ။ အရေးအကြီးဆုံးအရာက ကျုပ်တို့ ဖြတ်သန်းလျှောက်လှမ်း‌သွားတဲ့ လမ်းအပေါ်မှာ ကျုပ်တို့အမှတ်အသားတွေ ချန်ထားခဲ့ဖို့ပဲ

"ကျုပ်အတွက်ကတော့ သည့်ထက်ပိုလို့တောင် ဝေးတဲ့အထိ ဆက်လျှောက်သွားချင်တယ်" မန်ဟိုက ထိုသို့ပြောပြီး အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ လက်နှစ်ဖက်ယှက်၍ ဘဝကူးပြောင်းတောင်ကြီးအား နောက်တစ်ကြိမ် လေးလေးနက်နက် အရိုအသေပေးလိုက်လေသည်။

ဘဝကူးပြောင်းတောင်ကြီးထံမှ ရယ်သံများ ပဲ့တင်ထပ်လာသည်။ ပဲ့တင်ထပ်နေသော ရယ်သံကြီးက အမည်းရောင်အခိုးအငွေ့များကို လွင့်ပျယ်သွားစေပြီး မီးတောက်များ  ငြိမ်းသေသွားစေကာ ကောင်းကင်ကြီးတွင် လှိုင်းဂယက်များ ပြည့်နှက်သွားစေသည်။

"အသင်္ချေသော သက်ရှိသတ္တဝါတွေအတွက် အနားယူရာ သင်္ချိုင်းမြေတဲ့လား။ သိပ်ကောင်းတယ်။  ခရီးသွားမျိုးဆက်ပေါင်း ရာချီတဲ့လား။ သိပ်ကောင်းတယ်။ ပြီးတော့ အဝေးကို ဆက်လျှောက် သွားချင်တယ်တဲ့လား။ အပြောကောင်းတယ်

"ကဲ မင်းက ငါ့မေးခွန်းသုံးခုကို ဖြေပြီးသွားပြီ။ ။ မင်း အဝေးရောက်အောင် လျှောက်နိုင်‌ဖို့အတွက် ငါ့ကို ကူညီခွင့်ပေးပါ" အသံကြီး တိုးညှင်းတိမ်ဝင်သွားစဉ် ဘဝကူးပြောင်းတောင်ကြီးသည် နောက်တစ်ကြိမ် ထစ်ချုန်းမြည်ဟည်းလာ၏။ ဤတစ်ခေါက်တွင် ၎င်းထံမှ ထွက်လာသော ကောင်းကင်နှင့် မြေကြီး၏စွမ်းအားသည် ယခင်ထက် အဆများစွာ သိပ်သည်း၏။ ၎င်းသည် သူ့ကို ရစ်သိုင်းလည်ပတ်ပြီးနောက် အလွန်ကြီးမားသောဝဲကြီးတစ်ခု အသွင်ပြောင်းသွားလေသည်။

ဝဲကြီးသည် လျင်မြန်စွာ လည်လာပြီးနောက် မန်ဟို၏ကိုယ်ထဲ စတင်စီးဝင်လာသည်။

သူ၏စိတ်မှာ ထစ်ချုန်းနေပြီး ဒန်တျန်ထဲရှိ ရောင်စုံမိစ္ဆာအမြုတေသည် ချက်ချင်း အက်ရာများဖြင့် ပြည့်နှက်လာ၏။ ၎င်းတို့က အသက်အရှိုက်အနည်းငယ်ကြာသည်အထိ ဆထက်တိုး ပျံ့နှံ့လာသည်။ နောက်ဆုံးတွင် အမြုတေမှာ ပျက်စီးသွားပြီး အထဲမှ ပုံရိပ်ယောင်လူသေးသေးလေး ထွက်လာလေသည်။

လူသေးသေးလေးသည် မန်ဟိုနှင့် ချွတ်စွပ်တူ၏။ ကွဲပြားသည့်အရာဆို၍ ၎င်း၏မိစ္ဆာအငွေ့အသက်မှာ ပို၍သိသာထင်ရှားခြင်းသာ။ ဤသည်မှာ မန်ဟို၏ ကိုခုမြောက် အနုသုခုမရုပ်ခန္ဓာ ၊ မိစ္ဆာအနုသုခုမရုပ်ခန္ဓာပင်။

၎င်းမှာ ပေါ်လာသည်နှင့်တစ်ပြိုင်နက် အားနည်းနေသယောင်ပင်။ ၎င်း၏မျက်လုံးများက ပိတ်ထားပြီး မဖွင့်နိုင်။ ၎င်းမှာ မန်ဟို၏ ကျန်အနုသုခုမရုပ်ခန္ဓာရှစ်ခုနှင့် ယှဉ်ပင် မယှဉ်နိုင်ပေ။ သို့သော် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများ ၎င်းအထဲ စီးဝင်လာသည်နှင့်အမျှ ၎င်းမှာ တဖြေးဖြေး သန်မာလာတော့သည်။

အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်၏ အထွတ်အထိပ်

အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်

အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်၏ အထွတ်အထိပ်

အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့်

မန်ဟို၏ဆံပင်များမှာ သူ၏ခေါင်းတစ်ဝိုက်တွင် ပျံ့လွင့်နေပြီး သူသည် လေပေါ်သို့ မြောက်တက်လာ၏။ သူ၏အနုသုခုမရုပ်ခန္ဓာရှစ်ခု သူ့ကို လှည့်လျက်ရှိစဉ် မိစ္ဆာအနုသုခုမရုပ်ခန္ဓာက အတွင်းထဲ၌ ကျန်ရစ်နေသည်။ ၎င်းကို ဝန်းရံထားသည့် ဝဲကြီးမှာလည်း လျင်မြန်စွာ ကျုံ့လာ၏။ မကြာမီ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားအလုံးစုံ မန်ဟို့ကိုယ်အတွင်းသို့ စီးဝင်နေလေပြီ။

မိစ္ဆာအနုသုခုမရုပ်ခန္ဓာက ၎င်းတို့အားလုံး တစ်စက်မကျန် စုပ်ယူပစ်လိုက်သည်။ ရုတ်တရက် အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်၏ အရှိန်အဝါ ဖြာထွက်လာသည်။ တစ်ချိန်တည်းမှာပင် ကိုးခုမြောက်အနုသုခုမရုပ်ခန္ဓာမှာ သူ၏ဒန်တျန်နယ်ပယ်မှ ပျံထွက်ကာ သူ့ကို ဝန်းရံလှည့်ပတ်လိုက်လေသည်။

၎င်းသည် ကျန်အနုသုခုမရုပ်ခန္ဓာများနှင့်အတူ မန်ဟိုကို တစ်ပတ်လှည့်လိုက်သည်။ နောက်ဆုံးတွင် တစ်ချိန်လုံးပိတ်နေသော ၎င်း၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာခဲ့လေပြီ။

၎င်း၏သူငယ်အိမ်များမှာ အစိမ်းရောင်သမ်းနေပြီး လုံးဝမိစ္ဆာဆန်၏။

ကိုးခုမြောက်အနုသုခုမရုပ်ခန္ဓာ .... မိစ္ဆာအနုသုခုမရုပ်ခန္ဓာ။

လေများက သူ၏ပတ်ပတ်လည်တွင် တဝေါဝေါ တိုက်နေပြီး ကောင်းကင်နှင့်မြေကြီးမှာ လင်းရောင်စုံတို့ဖြင့် ပြိုးပြိုးပြက်ပြက် လက်နေတော့သည်။ ဤအခိုက်အတန့်တွင် မန်ဟိုကား မိစ္ဆာအင်မိုတယ်တစ်ဂိုဏ်းလုံး၏ အာရုံစိုက်ရာ ဖြစ်လာခဲ့လေပြီ။

***

All Chapters