ယောက်ျားစစ်စစ်
Vol. 45 Ch. 627
"သဘောတူတယ်" ဘဝကူးပြောင်းတောင်ကြီးက နောက်ဆုံးစကားအား ပြောလိုက်သည်။
အသံကြီး ပဲ့တင်ထပ်လျက် ဟိန်းထွက်လာစဉ် မျက်စိကျိန်းမတတ် တောက်ပနေသော အလင်းရောင်က တောင်ကြီးကို ဝန်းရံသွားသည်။ ၎င်းသည် ကောင်းကင်သို့ ထိုးတက်သွားပြီး ရောင်စဉ်ဆယ်မျိုးပြည့်သွားစေလေ၏။ ရောင်စဉ်ကိုးမျိုးနှင့်ပင် လင်းထိန်နေခဲ့ပြီးဖြစ်ရာ….
ယခုတော့ ရောင်စဉ်များက အရာအားလုံးကို တခမ်းတနား အလင်းရောင်ပေးနေလေပြီ။
အလင်းရောင်သည် ကောင်းကင်ထက်မှ ဖြာကျကာ တစ်လောကလုံးအား လင်းထိန်သွားစေ၍ အထွတ်အမြတ်နယ်မြေနှစ်ခုမှာ ထင်ရှားပြတ်သားလာတော့သည်။
ယခုတွင် မြင့်မားသော စေတီကြီးတစ်ဆူအား တခြားအထွတ်အမြတ်တစ်ခု၏အပေါ်တွင် မြင်ရလေသည်။ ၎င်း၏အပေါ်၌ စာလုံးကြီးတစ်လုံးအား ရေးထိုးထားသည်။
ဖန်
အတိတ်တုန်းက သခင်လီတွင် အထွတ်အမြတ်နယ်မြေနှစ်ခု၏ အုပ်ချုပ်သူများဖြစ်ကြသော စစ်သူကြီးအကျော်အမော်နှစ်ဦး ရှိခဲ့၏။ နောက်ပိုင်းမျိုးဆက်များတွင် ထိုစစ်သူကြီးထဲမှ တစ်ယောက်အား ကျီဟု ခေါ်ဆိုလာကြသည်။ ကျန်တစ်ယောက်ကတော့ ဖန်အမည်ရပြီး အမြဲထာဝရ ထိုအတိုင်းတည်ရှိနေမည်သာ ဖြစ်သည်။
မန်ဟိုမှာ စိတ်နှလုံးတုန်ရီနေပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ့ကို ဝန်းရံလှည့်ပတ်လျက်ရှိသော အနုသုခုမရုပ်ခန္ဓာကိုးခုမှာ သူ၏ခန္ဓာကိုယ်ထဲသို့ တစ်ခုပြီးတစ်ခု ပြန်လည်ဝင်ရောက်၍ ဒန်တျန်ထဲတွင် တင်ပျဉ်ခွေထိုင်လိုက်ကြ၏။ ၎င်းတို့ ပြန်ရောက်လာသောအခါ မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ ထပ်မံမြင့်တက်သွားလေသည်။ ယခု သူ့တွင် နဝမဝိညာဉ်ခန္ဓာရှိသွားပြီဖြစ်ကြောင်း မန်ဟို ခံစားလိုက်ရလေပြီ။
ထိုသည်က မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ ၂၅၆ ခုနှင့် ညီမျှသော ကြောက်မက်ဖွယ် စွမ်းအား၊ အံ့ဖွယ်နယ်ပယ်တစ်ခုသို့ ရောက်ရှိနိုင်သော အပြင်အားကိုယ်စွမ်းအားဖြစ်လိမ့်မည်။
မန်ဟိုက မော့ကြည့်လိုက်သည်။ ဘဝကူးပြောင်းတောင်ကြီးကို သူမြင်လိုက်ရ၏။ ထို့နောက် မိစ္ဆာတောင်ကြီးသုံးလုံး၏အပေါ်တွင် အရောင်အဝါတောက်ပနေသော တတိယအထပ် ကောင်းကင်ဘုံကို မြင်လိုက်ရလေပြီ။
တတိယအထပ်ကောင်းကင်ဘုံမှ သက်ရောက်နေသော ကြောက်မက်ဖွယ်ဖိအားကြီးတစ်ခုကို သူ အာရုံရလိုက်သည်။ သူ၏အနုသုခုမရုပ်ခန္ဓာကိုးခုဖြင့်ပင်လျှင် သူ့အတွက် ထိပင် ထိနိုင်လောက်မည်မဟုတ်သော အရာတစ်ခုဖြစ်၏။
"စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်တောင်မှ ဝင်ရောက်နိုင်မှာ မဟုတ်ဘူး" မန်ဟိုက မျက်လုံးများ တလက်လက်တောက်ပနေလျက် တွေးလိုက်သည်။ "အဆင့်မြင့်နယ်ပယ်၊ တာအိုရှာဖွေအဆင့်ထက် မြင့်တဲ့အဆင့်မှ အခွင့်အရေးရလိမ့်မယ်"
အစစ်အမှန်စိတ်ဝိညာဉ်ည၏ ခံစားချက်များ ရှုပ်ထွေးနေသော အသံက ရုတ်တရက် ပဲ့တင်ထပ်လာသည်။ "မင်းက ရောင်စဉ်ဆယ်မျိုးကို ရရှိသွားပြီပဲ .... ငါ မထင်ထားခဲ့ဘူး
"မင်း ခြောက်မျိုးပဲ ရရင်တောင် ငါ မင်းလမ်းကို ပိတ်မှာမဟုတ်ဘူး။ အထူးသဖြင့် ကိုးခုဆို ပိုဆိုးတယ်။ ဒါပေမဲ့ မင်းက ဆယ်ခု ရခဲ့တယ်
"ကောင်းကင်မှာ ရောင်စဉ်ဆယ်မျိုးအတွက် နေရာရှိပြီးတော့ မင်းက အကုန်လုံးရသွားတယ် ...
"ရောင်စဉ်ကိုးမျိုးဆို မင်း အခွင့်အရေးကိုးခုရမယ်။ ရောင်စဉ်ဆယ်မျိုးကတော့ ... မင်းမှာ အကန့်အသတ်မဲ့တဲ့ အခွင့်အရေးတွေရှိသွားပြီလို့ ဆိုလိုတယ်။ မင်း မယူနိုင်ခင် သခင်လီရဲ့အမွေအနှစ်ကို တစ်ယောက်ယောက် မယူသွားသရွေ့ အဲ့ဒီအမွေအနှစ်က မင်းအပိုင်ပဲ
"ဒါပေမဲ့ အင်မိုတယ်အဆင့်တက်လှမ်းခြင်းမတိုင်ခင် တတိယအထပ်ကောင်းကင်ဘုံကို ဝင်ရောက်ဖို့ မကြိုးစားပါနဲ့လို့ အကြံပေးပါရစေ"
မန်ဟိုသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် မော့ကြည့်လိုက်ရာ သူ့ကို စိုက်ကြည့်နေသော အစစ်အမှန်စိတ်ဝိညာဉ်ညအား မြင်လိုက်ရသည်။
ခဲကျုံစစ်သည် တခဏ တိတ်ဆိတ်နေပြီးနောက် မန်ဟိုကို ကြည့်ပြီး အေးဆေးတည်ငြိမ်စွာ ပြော၏။ "ရောင်စဉ်ဆယ်မျိုးက အမြင့်ဆုံးပဲ။ ငါလည်း မင်းကို ဒီတစ်ခေါက် ဝင်ရောက်ဖို့ မကြိုးစားနဲ့လို့ အကြံပေးချင်တယ်။ တတိယအထပ်ကောင်းကင်ဘုံဆိုတာ အင်မိုတယ်မဟုတ်တဲ့သူတွေအတွက် နေရာမဟုတ်ဘူး။ ဒါ့အပြင် ရောင်စဉ်ဆယ်မျိုးမှာ မင်း အင်မိုတယ်မဖြစ်သရွေ့ ရယူလို့မရနိုင်တဲ့ မယုံကြည်နိုင်ဖွယ် ကံကြမ္မာကောင်းတွေ ပါတယ်"
မန်ဟိုက လက်ယှက်ပြီး ခဲကျုံစစ်ကို အရိုအသေပေးလိုက်သည်။ သူသည် ခါးပြန်မတ်ရင်း သူ့ကို ကြည့်ကာ ပြောလိုက်၏။ "ကျွန်တော် ကြိုးစားကြည့်ချင်တယ်"
ခဲကျုံစစ်က မန်ဟိုကို ကြည့်နေသည်။ မန်ဟို၏ ခိုင်မာပြတ်သားမှုကို မြင်သော် သူက ဆိတ်ဆိတ်သာ နေလိုက်ပြီး မတားတော့ပေ
အစစ်အမှန်စိတ်ဝိညာဉ်ညလည်း ထိုနည်းတူ ဘာမှမပြောပေ။
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး ကောင်းကင်ထက်သို့ လှစ်ခနဲ ပျံတက်သွားသော အလင်းတန်းတစ်တန်း ဖြစ်သွားသည်။ သူသည် ဖန်မျိုးနွယ်စုအထွတ်အမြတ်နယ်မြေသို့ ဦးတည်လျက် တတိယအထပ် ကောင်းကင်ဘုံသို့ တန်းတန်းမတ်မတ် တက်သွားလေသည်။
သူလေပေါ် ပျံတက်လိုက်သည်နှင့်တစ်ပြိုင်နက် အရာအားလုံး တုန်ခါလာသည်။ ဧရာမဖိအားကြီးတစ်ခု သက်ရောက်လာကာ မန်ဟို့ခန္ဓာကိုယ်အား လေလယ်တွင် တုံ့ခနဲ ရပ်သွားစေ၏။ သူ့ခန္ဓာကိုယ်ထဲရှိ အရိုးအားလုံးမှာ တဂျွတ်ဂျွတ် အက်သံများ ထွက်နေလေပြီ။ သူ၏တစ်ကိုယ်လုံးမှာ ဧရာမလက်ကြီးဖြင့် ဖြစ်ညစ်ခံနေရသည့်အလား၊ တစစီဖြစ်အောင် ကြိတ်ခြေခံနေရသည့်အလား ခံစားနေရ၏။
တစ်ချိန်တည်းမှာပင် ဧရာမပိုက်ကွန်ကြီးကဲ့သို့ တစ်စုံတစ်ခုက သူ့ကို ရစ်ပတ်၍ သူ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ အားနည်းလာစေသည်။
ဤအခြင်းအရာအားလုံး ဖြစ်ပျက်နေစဥ် ယခုမှ သူ့မှာ အစသာရှိသေးသည်။ သူသည် တတိယအထပ် ကောင်းကင်ဘုံမှ အလွန့်အလွန်ဝေးကွာသေး၏။
မန်ဟို၏မျက်လုံးများ တလက်လက် တောက်ပလာပြီး သူက တုံ့ဆိုင်းမနေဘဲ တတိယဝိညာဉ်ခန္ဓာသို့ တိုက်ရိုက် ဝင်ရောက်လိုက်တော့သည်။
အနုသုခုမရုပ်ခန္ဓာ သုံးခု အတူတကွ ပေါင်းစည်းသွားသည်။ သူ၏ မဟာစက်ဝန်းအဆင့်အနုသုခုမရုပ်ခန္ဓာလေးခုနှင့် ညီမျှသော ကျင့်ကြံခြင်းအခြေခံဆိုသည်မှာ ဒုတိယသာ ဖြစ်၏။ သူ၏အပြင်အားကိုယ်စွမ်းအားသာ သော့ချက်ဖြစ်လေသည်။ မန်ဟိုက ခေါင်းထောင်ပြီး တဟားဟား အော်ရယ်လိုက်သည်။
ဝုန်း
သူ့ကို လွှမ်းခြုံထားသော ဖိအားကြီး တုန်ရီသွားပြီး ကျင့်ကြံခြင်းအခြေခံကို ရစ်ပတ်နေသည့် အားကြီးလည်း အတန်ငယ် ပြေလျော့သွားသည်။ မန်ဟိုသည် နောက်တစ်ဖန် မီတာသုံးထောင်ခန့်အထိ ထိုးတက်သွားပြန်၏။
ကောင်းကင်ကြီးမှာ မီတာသုံးသောင်းမြင့်မားသည်ဖြစ်ရာ မန်ဟိုအနေဖြင့် တတိယအထပ်ကောင်းကင်ဘုံ၏ ဆယ်ရာခိုင်နှုန်းကိုသာ တက်နိုင်သေးသည်ဟု ဆိုလိုလေသည်။
မီတာသုံးထောင်အမြင့်တွင် မန်ဟိုမှာ အသက်ရှုသံများ မြန်လာသည်။ သူ၏ခန္ဓာကိုယ်မှာ ရေထဲကူးခတ်နေသည့်အလား လေးလံအားနည်းလာလေပြီ။ သူ့ကို ရစ်ပတ်နေသော အားမှာလည်း သူ၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ဖြစ်ညစ်လိုက်သည်။
"ပဉ္စမဝိညာဉ်ခန္ဓာ"
ဝုန်း
မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူသည် ယခုတွင် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၁၆) ခုနှင့် ညီမျှသော ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားပြီး သူ၏အပြင်အားကိုယ်မှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နှင့် နီးကပ်လေပြီ။ သူသည် ဖိအားကြီးမှ ရုန်းထွက်၍ နောက်တစ်ဖန် ထိုးတက်သွားပြန်၏။ မကြာမီ သူကား မီတာ ၆၀၀၀ အမှတ်သို့ ရောက်ရှိသွားခဲ့လေပြီ။
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ ဖိအားကြီးမှာ သူ့အပေါ်သို့ ရန်လိုစွာ သက်ရောက်လာသည်။ ၎င်းမှာ မန်ဟို့ကို ချက်ချင်း ကြိတ်ချေပစ်တော့မည့်အလားပင်။ သူ့မျက်နှာက ရိပ်ခနဲ ဖြစ်သွားသော်လည်း သူက တွန့်ဆုတ်မနေ။
"သတ္တမဝိညာဉ်ခန္ဓာ"
သတ္တမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်ပြီးနောက် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၆၄) ခု၏ စွမ်းအားက သူ့တွင် ပြည့်နှက်လာပြီး သူ၏အပြင်အားကိုယ်သည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်ရှိသွားလေသည်။ မန်ဟိုက နောက်ထပ် မီတာ ၃၀၀၀ ပျံတက်ရန် ဆထက်တိုး ပြင်းထန်လာနေသော ဖိအားကြီးကို ရင်ဆိုင်လိုက်သည်။ သူကား ယခုတွင် အမြင့်မီတာစုစုပေါင်း ၉၀၀၀ သို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။
ဤအခိုက်အတန့်တွင် မန်ဟိုမှာ ဟောဟဲလှိုက်နေလေပြီ။ ဤနေရာရှိ ဖိအားမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အောက် မည်သည့်ကျင့်ကြံသူကိုမဆို ချက်ချင်း ရုပ်ရောနာမ်ပါ ဖျက်စီးသုတ်သင်ပစ်နိုင်လေသည်။
မန်ဟိုအတွက်မူ အံ့ဖွယ်အပြင်အားကိုယ်သာ မရှိလျှင် သူလည်း ဇီဝန်ချုပ်သွားရပေမည်။ သူ၏မျက်နှာမှာ ယခုတွင် မြင်မကောင်းရှုမကောင်းအောင် ပျက်ယွင်းနေလေပြီ။
သို့သော် အပြုံးတစ်ခုကိုလည်း သူ၏မျက်နှာပေါ်တွင် မြင်ရနိုင်ပြီး မည်သို့မျှ လက်လျှော့မည်မဟုတ်သော ခိုင်မာပြတ်သားမှုက သူ၏မျက်လုံးများတွင် ပေါ်လာသည်။
"အဋ္ဌမဝိညာဉ်ခန္ဓာ"
ဝုန်း
ကျင့်ကြံခြင်းအခြေခံ မြင့်တက်လာနေစဉ် မန်ဟိုက ကောင်းကင်ကြီးကို ဟားတိုက်ရယ်နေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၁၂၈) ခုနှင့် ညီမျှသော စွမ်းအားအထိ မြင့်တက်လာ၏။ သူ၏ဆံပင်များမှာ တလွင့်လွင့် ပျံ့လွင့်နေပြီး သူ၏အဝတ်များလည်း တဖတ်ဖတ် လှုပ်ရှားနေသည်။ သူ၏အပြင်အားကိုယ်မှာ အဆပေါင်းများစွာ ပို၍သန်မာလာလေပြီ။ တဂျွတ်ဂျွတ် အက်သံများနှင့်အတူ သူကား အရပ်ပိုရှည်လာသည်။ သူ၏ကိုယ်အတွင်းရှိ အရိုးတိုင်း၊ အသွေးအသားတိုင်းမှာ အဆုံးမရှိသော စွမ်းအားတို့ဖြင့် ပြည့်သျှံနေ၏။
သူ၏အပြင်အားကိုယ်မှာ ယခင်ထက်များစွာပို၍ အစွမ်းထက်လာလေပြီ။
အဋ္ဌမဝိညာဉ်ခန္ဓာမှာ ပထမခွဲထွက်ခြင်းကျင့်ကြံသူများကို အန္တရာယ်ပေးနိုင်သောအရာတစ်ခုဖြစ်သည်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းမဟာစက်ဝန်းအဆင့် ခေါင်းဆောင်ကြီးဟုရန်မှာ အဋ္ဌမဝိညာဉ်ခန္ဓာသို့ ဝင်ရောက်ထားသော မန်ဟို၏ လက်သီးလေးတစ်ချက်ကို မခံနိုင်ခဲ့ပေ။
မန်ဟို့ကို ဝန်းရံနေသော ဖိအားကြီး ကြေမွသွားပြီး သူ၏ခန္ဓာကိုယ်က နောက်တစ်ဖန် ပျံတက်သွားလေသည်။ ထိုမြင်ကွင်းက ခဲကျုံစစ်ကို သိသိသာသာ စိတ်နှလုံးလှုပ်ရှားသွားစေသည်။ လေးနက်သော အရိပ်အယောင်တစ်ခု အစစ်အမှန်စိတ်ဝိညာဉ်ည၏ မျက်လုံးများတွင် ပေါ်လာ၏။
သူတို့အတွက် မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ စကားထဲ ထည့်ပြောနေစရာပင် မဟုတ်ပေ။ သို့သော် မန်ဟို၏စိတ်ဆန္ဒ၊ ခိုင်မာပြတ်သားမှုနှင့် တိကျမှုတို့က သူတို့၏စိတ်နှလုံးကို တုန်ရီသွားစေသည်။
အဝေးတွင် ကျင်ရှန်းသည် မြင်ကွင်းကို မမှိတ်မသုန် စိုက်ကြည့်နေ၏။ သူမမှာလည်း မန်ဟို၏ ဇွဲလုံ့လဝီရိယတို့ကြောင့် စိတ်လှုပ်ရှားကာ ရင်တဒိန်းဒိန်း ခုန်နေလေသည်။
မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ ဤလူများထက် အလွန်နိမ့်ကျလွန်းသော်လည်း သူကား မီတာ ၁၂၀၀၀ အမှတ်သို့ ရောက်နေခဲ့လေပြီ။ ထိုသို့ မြင့်မားသောအမှတ်က လမ်းတစ်ဝက်နီးပါးဖြစ်၏။ ဖိအားမှာ အလွန်ပြင်းထန်လှ၍ မန်ဟိုမှာ အနားကပ်သွားနေစဉ် သွေးတစ်ပွက်အန်လိုက်ရလေသည်။
သူ၏အပြင်အားကိုယ်မှာ အစွမ်းထက်သော်လည်း ဤဖိအား၏အောက်တွင် ၎င်းမှာ တဖျစ်ဖျစ် တဖျောက်ဖျောက် အော်မြည်ရင်း တွန့်လိမ်လူးလွန့်လာသည်။ မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၁၂၈) ခု၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားပင်လျှင် ဝုန်းခနဲ ရှုံးနိမ့်သွားတော့သည်။
ဤအခိုက်အတန့်တွင် သူကား အဆုံးကို ရောက်သွားသယောင်ပင်....
မန်ဟို၏မျက်လုံးများမှာ စူးရှတောက်ပနေသည်။ သည့်ထက်ပို၍ မသွားနိုင်သည်ကို လက်ခံနိုင်သော်လည်း လမ်းတစ်ဝက် မရောက်နိုင်သည်ကိုတော့ လက်မခံနိုင်ပေ။
"နဝမဝိညာဉ်ခန္ဓာ"
မီတာ ၁၂၀၀၀ အမှတ်မှ သူ၏အသံ ဟိန်းထွက်လာစဉ် သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ရီလာသည်။
သူ၏သက်တမ်းမှာ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် စုပ်ယူခံနေရသည့်အတွက် ဆံပင်ဖြူများ သူ၏ခေါင်းတွင် ပေါ်လာသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ၏ကျင့်ကြံခြင်းအခြေခံသည် .... ကြောက်စရာကောင်းလောက်အောင် ထိုးတက်သွား၏။
၁၂၈ ၊ ၁၅၁ ၊ ၁၇၈ ၊ ၁၉၃ ... ၂၀၀ အထိ။
ရှစ်ခုမြောက်အနုသုခုမရုပ်ခန္ဓာကို ရရှိခဲ့တုန်းက သူ၏ကျင့်ကြံခြင်းအခြေခံသည် မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၆၄) ခု စွမ်းအားမှ အခု (၁၀၀) စွမ်းအားအထိ ထိုးတက်သွားခဲ့၏။ ထိုစဉ်က သူ့မှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်သွားသည့်အလား ခံစားခဲ့ရသည်။
မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ အခု (၁၀၀) ၏ စွမ်းအားက စိတ်ဝိညာဉ်ခွဲထွက်ခြင်းနှင့် ညီမျှခဲ့လျှင် ယခု သူ့၌ အခု (၂၀၀) ရှိနေလေပြီ။
မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ အခု (၂၀၀) ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားသို့ ရောက်ရှိပြီးနောက် မန်ဟို၏ စွမ်းအားမှာ ပထဝီမြေကြီးအား တုန်ဟည်းစေနိုင်သော နည်းလမ်းဖြင့် ပြောင်းလဲသွားလေပြီ။ သူ၏ပတ်ဝန်းကျင်ရှိ ဖိအားမှာ နောက်တစ်ဖန် ကွဲကြေသွားပြီး မည်သည့်အရာမှ သူ့လမ်းကို မပိတ်နိုင်တော့ပေ။ ယခုတွင် သူ့ရှေ့ဆက်မတက်လာနိုင်အောင် မည်သည့်အရာမှ မဟန့်တားနိုင်ပေ။
၂၀၃ ၊ ၂၁၀ ၊ ၂၃၀ ... ၂၅၆အထိ ။
မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ (၂၅၆) ခု ၏ စွမ်းအားက ကောင်းကင်နှင့်မြေကြီးကို မှေးမှိန်မှောင်မိုက်သွားစေပြီး လေကြမ်းများ တဝေါဝေါ အော်မြည်လာစေသည်။ ထစ်ချုန်းသံများ ပဲ့တင်ထပ်နေပြီး မန်ဟို့တစ်ကိုယ်လုံးမှာ ကြယ်ပျံကြီးသဖွယ် အပေါ်သို့ ထိုးတက်သွားတော့သည်။
သူ၏အပြင်အားကိုယ်မှာလည်း မယုံကြည်နိုင်ဖွယ် တိုးတက်မှုကို ကြုံတွေ့နေရသည်။ ၎င်းသည် ပိုပို၍ကျစ်လစ်ပြီး သန်မာလာ၏။ ထိုမျှသာမက သူ၏ခန္ဓာကိုယ်အနှံ့အပြားတွင် ရှုပ်ထွေးသော အမှတ်အသားများ တဖြေးဖြေး ပေါ်ပေါက်လာသည်။
အမှတ်အသားများမှာ တလက်လက် တောက်ပနေပြီး ကောင်းကင်နှင့်မြေကြီး၏ နိယာမများ ပါရှိနေသယောင်ပင်။ ၎င်းတို့ကြောင့် သူ၏အစွမ်းမှာ အရာအားလုံးအား နောက်တစ်ကြိမ် တုန်လှုပ်သွားစေနိုင်၏။
မီတာ ၁၃၀၀၀ ၊ မီတာ ၁၃၅၀၀ ၊ မီတာ ၁၄၅၀၀ .... မီတာ ၁၅၀၀၀ အထိ တစ်လျှောက်။
မီတာ ၁၅၀၀၀ ကား အလယ်မှတ်ပင်။
မန်ဟို့တစ်ကိုယ်လုံး တုန်ရီနေပြီး သူ့ပါးစပ်မှ သွေးများ စီးကျလာသည်။ သူ၏ဆံပင်မှာ ယခုတွင် တစ်ဝက်ဖြူနေလေပြီ။ သူ၏ခန္ဓာကိုယ်မှာ အရပ်မြင့်လာပြီး ကျစ်လစ်သန်မာလာသည့်အပြင် သူ၏စွမ်းအင်မှာလည်း သိပ်သည်းလာသည်။ သူသည် မီတာ ၁၅၀၀၀ အမှတ်တွင် ပျံဝဲနေစဉ် ပါးစပ်မှ သွေးများကို မသုတ်ဘဲ ခေါင်းမော့၍ တဟားဟား ရယ်လိုက်သည်။
ထို့နောက် ခြေထောက်မြှောက်၍ နောက်တစ်ကြိမ် ရွေ့လျားသွားပြန်သည် .... သုံးမီတာတိတိ ရောက်ရှိသွား၏။
ဤအခိုက်အတန့်တွင် မန်ဟို၏ ခံ့ညားသော ဟန်ပန် ၊ အပြုအမူနှင့် အသွင်အပြင်တို့က ခဲကျုံစစ် ၊ အစစ်အမှန်စိတ်ဝိညာဉ်ညနှင့် ကျင်ရှန်းတို့အားလုံးကို တုန်လှုပ်သွားစေသည်။
မည်သည့်အချိန်တွင် ယောက်ျားတစ်ယောက်သည် ဆွဲဆောင်မှုအရှိဆုံး ဖြစ်သနည်း။
ယခုလို အခိုက်အတန့်မျိုးတွင်ပင်။
'နတ်သက်ကြွေလာသည့်နှယ် လှပပြီး ဆွဲဆောင်မှုရှိသည်' ဆိုသော အသုံးအနှုန်းရှိသည်။ ယင်းက အမျိုးသမီးများအတွက် ဖြစ်ပေသည်။ နောက်ထပ် အသုံးအနှုန်းတစ်ခုလည်း ရှိ၏။ 'ငါကလွဲပြီး ဘယ်သူလုပ်နိုင်မှာလဲ' ။ ၎င်းက ယောက်ျားစစ်စစ်ကို ကိုယ်စားပြုလေသည်။
မည်သည့်အချိန်တွင်မဆို ၊ မည်သည့်နေရာတွင် မဆို၊ လူကြားထဲတွင် ထင်းနေသော ယောက်ျားစစ်စစ် ၊ သူရဲကောင်းလို စိတ်ဆန္ဒပြင်းပြသော ယောက်ျားစစ်စစ်။ အလှဆုံးအမျိုးသမီးသဖွယ် ဆွဲဆောင်မှုရှိသော ယောက်ျားစစ်စစ်။
ယောက်ျားဖြစ်စေ ၊ မိန်းမဖြစ်စေ ထိုသို့သော ရည်မှန်းချက်ပြင်းပြမှုမျိုး၏ ညှို့ယူခြင်း ခံရမည်သာ။
ကျင်ရှန်း၏နှလုံးသားမှာ တဒိတ်ဒိတ် ခုန်နေသည်။ မန်ဟို၏ပုံရိပ်မှာ သူမ၏နှလုံးသားတွင် ဖျောက်ဖျက်မရအောင် စွဲထင်ကျန်နေသည်ကို သူမကိုယ်တိုင်ပင်လျှင် သတိမထားမိပေ။ အချစ်စိတ်တို့ ဖြစ်ပေါ်လာခြင်းမဟုတ်သော်လည်း သူမမှာ သူ့ကို မေ့နိုင်တော့မည်မဟုတ်ပေ။
"မလျှော့ပေးဘဲ ရှေ့ဆက်သွားနေတယ်" သူမက ခပ်တိုးတိုး ရေရွတ်လိုက်၏။ "အဲ့ဒါကမှ .. ယောက်ျားစစ်စစ်ပဲ" သူမသည် မန်ဟိုကို ကြည့်ပြီး ရုတ်တရက် ဤမြင်ကွင်းမှာ သူမနှလုံးသားတွင် အမှန်တကယ် ရေးထိုးခံလိုက်ပြီဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။
***